ဘာလို့ မျက်ခမ်းလှုပ်ရတာလဲ?

ကျနော်တို့ တခါတခါ မျက်ခမ်းသားလေးကလှုပ်လှုပ်တတ်လို့ တချို့ကလန့်တတ်ပါတယ်။

ဘာလို့လှုပ်တာလဲဆိုပြီး ဗေဒင်တွေမေးရ ၊ အတိတ်နိမိတ်ကောက်ရနဲ့ အလုပ်ရှုပ်တတ်ပါတယ်။

အပေါ်မျက်ခွံလှုပ်ရင်ဘာဖြစ်တာ
အောက်မျက်ခွံဆိုရင်ဘာဖြစ်တာ စသဖြင့်အယူတွေလဲရှိပြန်ပါတယ်။

ဒီနေ့မှာပြောပြမှာက ဆေးပညာအရ မျက်ခမ်းလှုပ်တာဘာလို့လဲဆိုတာ ရှင်းပြပါမယ်။

ဆေးပညာလိုတော့ မျက်ခမ်းလှုပ်တာကို Myokymia လို့ခေါ်ပြီး စိတ်နဲ့ထိန်းလို့မရဘဲ သူ့ဘာသာသူတချက်ချက်လှုပ်တာဖြစ်ပါတယ်။

အများအားဖြင့် တဖက်ထဲလှုပ်တတ်ပြီး အောက်မျက်ခွံက လှုပ်တာအများဆုံးကြုံရတတ်ပါတယ်။

ဘာလို့လှုပ်တာလဲ အတိအကျတော့မသိပေမယ့် အာရုံကြောစည်းချက်မမှန်ဘဲ တချက်ချက် spontaneous firing discharge တွေထုတ်လို့ဖြစ်တတ်ပါတယ်။

ဘာအကြောင်းတွေကြောင့် မျက်ခွံလှုပ်တတ်လဲဆိုတော့

၁။ စိတ်ဖိစီးမှုများခြင်း

Stress သိပ်များခြင်းက မျက်ခမ်းလှုပ်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းတခုပါ။

၂။ ပင်ပန်းနွမ်းနယ်လွန်းတာ

အလုပ်ပင်ပန်းတဲ့အခါ ၊ တနေ့ကုန်အလုပ်ရှုပ်ပြီးမောပန်းတဲ့အခါ မျက်ခွံလှုပ်တတ်ပါတယ်။

၃။ အိပ်ရေးမဝတာ

ညဖက်မအိပ်ရတာ ရက်ဆက်ဖြစ်လာရင်လဲ မျက်ခွံကစားတတ်ပါတယ်။
ကော်ဖီသောက်တာများတာ ကဖင်းဓာတ်သောက်တာများထားရင်လဲ ဖြစ်တတ်ပါတယ်။

၄။ မျက်လုံးဒဏ်ပိတာ

ကွန်ပြူတာ screen အကြာကြီးအားစိုက်ကြည့်ရတာ၊ ဖုန်းကိုအကြာကြီး သုံးတာကြောင့်လဲ မျက်ခွံတွေညောင်းပြီး လှုပ်တတ်ပါတယ်။

၅။ မျက်ရည်ခမ်းခြောက်တာ

တချို့ဆေးတွေသုံးတဲ့အခါ မျက်ရည်နည်းသွားပြီး မျက်လုံးကခြောက်လာတတ်ပါတယ်။
အသက်ကြီးလာရင်လဲ မျက်လုံးကသိပ်မစိုစွတ်တော့ဘဲခြောက်လာလို့ မျက်ခွံလေးတွေလှုပ်နိုင်ပါတယ်။အရက်အလွန်အကျွံသောက်တာ

၆။ အရက်အလွန်အကျွံသောက်တာ

အရက်ကြောင့်လဲ မျက်ခွံလှုပ်တာဖြစ်တတ်ပါတယ်။

၇။ အာဟာရချို့တဲ့တာ

Fast food တွေ junk food တွေအစားများပြီးအာဟာရဓာတ်မပြည့်ဝရင်လဲ မျက်ခမ်းလှုပ်တတ်ပါသေးတယ်။

တခြားအကြောင်းတွေကြောင့်လဲ မျက်ခမ်းလှုပ်တတ်ပြီး
ရက်နဲ့ချီကြာပြီး မပျောက်တာတို့

တခြားမျက်နှာအစိတ်အပိုင်းတွေပါလိုက်လှုပ်တာတို့

ခေါင်းတအားကိုက်တာတို့

မျက်လုံးအိမ်ပါ နာကျင်လာတာတို့ဆိုရင်တော့ မျက်စိဆရာဝန်နဲ့သွားပြသင့်ပါတယ်။

သာမန်ခဏတဖြုတ်လှုပ်တာမျိုးဆိုရင်တော့ အိပ်ရေးဝအောင်ပြန်အိပ်တာ၊ ကော်ဖီတွေ လက်ဖက်ရည်တွေ ကဖင်းတွေခဏရှောင်ထားလိုက်တာမျိုးက အသုံးဝင်ပါလိမ့်မယ်။

Stress အများကြီးမထားဘဲ စိတ်ကိုပျော်အောင်ထားတာ၊ အရက်ကိုအလွန်အကျူးမသောက်ဘဲ ခဏရပ်ထားတာ ကလဲ တကယ်ထိရောက်ပါတယ်။

မျက်လုံးအသုံးများတဲ့သူတွေဆိုရင်
ဆရာဝန်နဲ့တိုင်ပင်ပြီး မျက်စဥ်းခတ်တာမျိုး၊

မျက်လုံးအနားပေးတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ရင်လဲ မျက်ခမ်းလှုပ်တာသက်သာပါတယ်။

ဥပမာ- “20-20-20 rule” ဆိုတာလေးကိုအကျင့်လုပ်လို့ရပါတယ်။

မိနစ် ၂၀ တခါ မျက်လုံးကိုအလုပ်ပေးပြီးတိုင်း
အနည်းဆုံး ပေ ၂၀အကွာကို စက္ကန့် ၂၀နဲ့အထက် ကြည့်ပေးပြီး အနားယူလို့ရပါတယ်။

သစ်ပင်စိမ်းစိမ်းလေးတွေကို ကြည့်ပေးရင်လဲပိုသက်သာပါတယ်။

ဒီလောက်ဆိုရင် မျက်ခွံလှုပ်တာ မျက်ခမ်းလှုပ်တာနဲ့ပတ်သက်ပြီး နေထိုင်စားသောက်ဂရုစိုက်ရမယ့်နည်းလမ်းတွေသိသွားလောက်ပြီထင်ပါတယ်။

Vector

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သဘာဝတရားက ဘာလို့ နှာခေါင်း ၂ပေါက်ပေးထားတာလဲ?

ငယ်ငယ်က ဆိုရိုးစကားလေးတခုကြားဖူးမလားမသိဘူး။

“God gives us 2 eyes to observe more,
2 ears to listen more, but only 1mouth to talk less” တဲ့။

ဘုရားသခင်က မျက်စိ၂ဖက်ပေးထားလို့ များများလေ့လာကြည့်ရှုပေးပါ။နား၂ဖက်ပေးထားလို့ များများနားစွင့်ထားပါ။ ပါးစပ်တပေါက်ပဲ ထည့်ပေးထားလို့ လျှာမရှည်နဲ့အာမချောင်ပါနဲ့လို့ အဓိပ္ပာယ်ရပါတယ်။

ဘုရားသခင်ကို နောက်တခွန်းလောက်ပြန်မေးရင် ဘယ်လိုဖြေမလဲမသိဘူး။

နှာခေါင်းပေါက် ၂ဖက်ကျဘာလုပ်ဖို့လဲ….
လေများများရအောင်လား?

လေပိုရှုလို့ရအောင်ဆို အလယ်တည့်တည့်မှာ ခပ်ကြီးကြီး တပေါက်ထဲ ဖောက်ထားပေးလိုက်လို့မရဘူးလားပေါ့။

တော်တော်ကတ်သီးကတ်သပ်လုပ်တယ်မထင်ပါနဲ့ဗျ။

ဒီနေ့မှာ သဘာဝတရားကြီးက ဘာလို့များ နှာခေါင်းပေါက်ကို ၂ဖက် ထားပေးထားရတာလဲ အဖြေရှာကြည့်ရအောင်။

သိပ္ပံပညာရှင်တွေလေ့လာချက်အရ နှာခေါင်းပေါက် ၂ ဖက်က အနံ့ခံနိုင်စွမ်းချင်း မတူတာကို စသတိထားမိကြတယ်။

ညာဖက်နှာခေါင်းပေါက်က တချို့အနံ့တွေကို ပိုခံလို့ရပြီး ဘယ်ဖက် နှာခေါင်းပေါက်ကကျ တချို့ အနံ့တွေကို ပိုအနံ့ရတယ်လို့ ဆိုကြတယ်။

ဒါက ပုံမှန်လူတွေရဲ့ ၈၅% လောက်မှာဒီလို တဖက်စီအနံ့ရတာမတူပါဘူးတဲ့။

ဒါပေမယ့် သိပ်မသိသာလှလို့ ပုံမှန်သတိမထားမိကြပါဘူး။ ဘာလို့ မတူတဲ့ နှာခေါင်းပေါက်တွေက အနံ့ရတာချင်းမတူတာလဲပေါ့။

အဲ့တာနဲ့ စမ်းသပ်ချက်တခုလုပ်ကြည့်ကြတယ်။

နှာခေါင်းတဖက်စီကိုပိတ်ပြီး ကျန်တဲ့တဖက်နဲ့ အနံ့ခံခိုင်းတဲ့အခါ ညာဖက်နှာခေါင်းပေါက်က octane လို့ခေါ်တဲ့ ဓာတ်ဆီနံ့ကို ပိုအနံ့ရပြီး ဘယ်ဖက်နှာခေါင်းပေါက်ကကျ ပူရှိန်းနံ့ (peppermint) ကိုပိုအနံ့ရပါသတဲ့။

အဲ့ဒီစမ်းသပ်ချက်ကိုပဲ နောက်ထပ်နာရီအနည်းငယ်အကြာမှာ ထပ်စမ်းသပ်တော့ ပြောင်းပြန်ပြန်ဖြစ်သွားပါသတဲ့။

ဆိုလိုတာက အခုကျတော့ ညာဖက်က ပူရှိန်းနံ့ပိုရသွားပြီး ဘယ်ဖက်ကကျ ဓာတ်ဆီနံ့ပိုရပြန်ပါသတဲ့။

အနံ့တွေပိုရတဲ့အခြမ်းက တနေ့တာမှာ ပုံသေမရှိဘဲ ညာတလှည့် ဘယ်တလှည့် ပြောင်းနေပါတယ်တဲ့။

အဲ့တာကို Nasal cycle လို့ခေါ်ကြပါတယ်။

ဘာလို့ အဲ့လို တလှည့်စီအနံ့ပိုရတဲ့ဖက် ပြောင်းနေတာလဲဆိုတော့ လေပိုဝင်တဲ့ဖက်မတူကြလို့ပါတဲ့။

စာဖတ်သူတို့သတိထားမိမလားမသိဘူး။ နှာခေါင်း ၂ ပေါက်က လေဝင်တဲ့အားချင်းမတူပါဘူး။

လက်ချောင်းကို နှာခေါင်းအဝမှာ တေ့ထားပြီး မှုတ်ထုတ်ကြည့်ရင် တပေါက်နဲ့ တပေါက် လေအားမတူပါဘူး။

ပိုအားပြင်းတဲ့ဖက်ရှိပါတယ်။

တနည်းအားဖြင့် လေပိုရှုလို့ရတဲ့ဖက်နဲ့ လေသိပ်မဝင်တဲ့ဖက်ဆိုပြီး ရှိနေပါတယ်။

လေပိုဝင်တဲ့အပေါက် နဲ့ လေသိပ်မဝင်တဲ့အပေါက်ဆိုပြီး တလှည့်စီပြောင်းနေပါတယ်တဲ့။ ဘာလို့အဲ့လိုလေဝင်တာ မတူရတာလဲဆိုတော့ နှာခေါင်းပေါက်ထဲမှာ အတွန့်ခေါက်တွေရှိပါတယ်။

ဆေးပညာမှာတော့ Nasal concha (or) Nasal turbinate လို့ခေါ်ပါတယ်။

အောက်ကပုံမှာကြည့်ကြည့်ပါ။

နှာခေါင်းအဖတ်တွေလို့ပဲအလွယ်ပြောရအောင်။ နှာခေါင်းအဖတ်တွေက တခါတလေပိုကြီးလာပြီး ပိတ်မိရင် အဲ့ဖက်က လေဝင်တာနည်းသွားတတ်ပါတယ်။

ဘယ်အချိန်မှာ အဖတ်ကြီးကကြီးလာတတ်လဲဆိုတော့ သွေးပိုစီးတဲ့အခါပါ။ အမျိုးသားတွေ လိင်အင်္ဂါထဲကိုသွေးများများဝင်လာရင် erection ရသလိုပဲ နှာခေါင်းအဖတ်တွေထဲသွေးပိုဝင်ရင် ကြီးလာမယ် အဲ့အခါ နှာခေါင်းပေါက်ကို နဲနဲကျဥ်းစေလို့ လေဝင်တာနည်းမယ်။
လေဝင်တဲ့အားမတူရင်
အနံ့ရတာလဲ တဖက်နဲ့တဖက်မတူတော့ဘဲဖြစ်မယ်။ အဲ့လိုသဘောပါ။

သွေးကဘယ်အချိန်မှာပိုဝင်လဲဆိုရင် ပုံမှန်လူဆို တဖက်ဖက်ကိုစောင်းအိပ်လိုက်တဲ့အခါ သွေးတွေအောက်ကိုပိုစီးလာလို့ စောင်းအိပ်တဲ့အခြမ်းက နှာခေါင်းပေါက်က ပိုပိတ်တတ်ပါတယ်။

ကမ္ဘာ့ဆွဲအားကြောင့် အောက်ဖက်မှာ သွေးပိုစုတဲ့သဘောပါ။

တခါတလေ နှာစေးလို့ တဖက်ဖက်နှာပိတ်နေရင် ပိတ်တဲ့ဖက်ကို အပေါ်ရောက်အောင် တခြားဖက်စောင်းအိပ်လိုက်တဲ့အခါ သက်သာသွားတာ နှာပြန်ပွင့်သွားတာ ဒီသဘောတရားပါပဲ။

သွေးတွေကအောက်ဖက်နှာခေါင်းကိုစီးသွားတော့ နှာခေါင်းအဖတ်က မဖောင်းတော့ဘဲ ပြားသွားလို့ လေပိုဝင်ပြီး နှာပွင့်သွားတာပါ။

သဘာဝတရားကအဲ့လို နှာခေါင်း၂ဖက်ကို ပိတ်လိုက် ပွင့်လိုက်လုပ်ပေးထားတာ ဘာလို့လဲသေချာမသိကြပါဘူး။

ဖြစ်နိုင်တဲ့ယူဆချက်တခုက ညဖက်အိပ်တဲ့အခါ တဖက်ထဲကိုပဲ အကြာကြီးစောင်းဖိပြီးအိပ်ရင် ကြာလာရင် pressure effect နဲ့အိပ်ရာနာ (bedsore) တွေပေါက်လာတတ်ပါတယ်။

အဲ့လို တဖက်ထဲအကြာကြီးမအိပ်မိအောင် နှာခေါင်းတဖက်ကိုပိတ်ထားသလို ခံစားရတာနဲ့ တခြားတဖက်ကိုလှည့်အိပ်ဖြစ်အောင် လုပ်ပေးထားတာလို့ ယူဆကြပါတယ်။

တချို့ကလဲ လေဝင်တာမတူအောင်လုပ်ပေးထားတော့ အနံ့တွေခံတဲ့နေရာမှာ ပိုပြီးကောင်းစေတယ်လို့ယူဆပါတယ်။

နှာခေါင်းတဖက်နဲ့တဖက် အနံ့ရတာချင်းမတူလေ
အနံ့များများကို ပိုအနံ့ခံလို့ရလေ ဖြစ်တယ်လို့ ယူဆကြတာပါ။

ညဖက်မှာဆိုရင် အမှောင်ထဲမှာအနံ့ခံအားပိုကောင်းအောင် အနံ့နဲ့ခွဲလို့ရအောင် လုပ်ပေးတာလို့လဲ ဆိုကြပါသေးတယ်။

တချို့ chemical တွေက နှာခေါင်းထဲ အလွယ်တကူကပ်ပါတယ်။ (high-sorption-odorants) လွယ်လွယ်ကပ်တဲ့ chemical တွေကို လေပိုဝင်တဲ့ဖက်ကရှူရင် chemical တွေက Area များများကို ကပ်ကုန်ပါတယ်။ ဒါကြောင့် လွယ်လွယ်ကပ်တဲ့ ပူရှိန်းနံ့ဆိုရင် လေပိုဝင်တဲ့အပေါက်က အနံ့ပိုခံလို့ကောင်းပါတယ်။

တချို့ chemical ကကျ နှာခေါင်းထဲမှာ သိပ်မကပ်ပါဘူး။ (low-sorption-odorants) ဥပမာ- ဓာတ်ဆီနံ့ဆိုရင် ဖြေးဖြေးချင်း လေဝင်တဲ့အပေါက်က ပိုခံလို့ရပါတယ်တဲ့။

ဓာတ်ဆီနံ့ကို လေမြန်မြန်ရှူသွင်းတဲ့အပေါက်ဆို သိပ်မကပ်လို့ အနံ့သိပ်မရပါဘူးတဲ့။

ဒါတွေကို ပုံမှန်ဆို သိပ်သတိမပြုမိတတ်ကြပါဘူး။

သို့သော် အနံ့ပိုရတဲ့ဖက်ရှိနေတာ…
လေပိုဝင်တဲ့ဖက်ရှိနေတာကတော့…

အလကားသပ်သပ်မဟုတ်လောက်ဘူးဆိုတာ နားလည်လောက်ပြီမို့ ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အာကာသတွင်းနက်များ (Black Holes) အကြောင်း (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 3)

(Part 1 & 2 အရင်ဖတ်ပေးရင် ပိုနားလည်ပါလိမ့်မယ်)

ကြယ်တစ်ခုသေဆုံးတဲ့အခါ သူ့ရဲ့အရွယ်အစားပေါ်မူတည်ပြီး White Dwarf Star ဖြစ်ချင်ဖြစ်မယ်၊ Neutron Star ဖြစ်ချင်ဖြစ်မယ်၊ Black Hole ဖြစ်ချင်ဖြစ်မယ်။

Life cycle of stars

အခုပြောမယ့် Black Hole ကတော့ ကြယ်အကြီးစားတွေ သေဆုံးတဲ့အချိန်မှာဖြစ်တတ်ပါတယ်။ ဒါ့အပြင် Neutron Star ၂လုံး ဝင်တိုက်တဲ့အခါလည်း ဖြစ်တတ်ပါတယ်။
(ဘယ်လိုတွေ ဖြစ်လာလဲဆိုတာ အရင်အပိုင်းတွေမှာ ရေးပြီးပြီမို့ ဆက်မရေးတော့ပါဘူး)

Black Hole ဆိုတာ Gravity (ဆွဲအား) အလွန်များတဲ့အတွက် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဟင်းလင်းပြင်အချိန် (Spacetime) ကွေးညွတ်လွန်းသွားပြီး ကိုယ်ပိုင်စကြဝဠာ အသေးစားလေးတစ်ခုဖြစ်သွားတာပါ။
(မြင်အောင်ပြောရရင် ဂျုံအပြားလေးကို ကိုယ့်လက်အားနဲ့ညှစ်လိုက်တဲ့အခါ အလုံးဖြစ်သွားသလိုပါပဲ၊ ဒီလောက်တော့ မရိုးရှင်းပါဘူး)

ဒီစာမှာတော့ Event Horizon အကြောင်းအဓိက ပြောထားပါတယ်။

ဘယ်လောက်တောင် ဆွဲအားများသလဲဆိုရင် Electromagnetic Radiation တစ်ခုဖြစ်တဲ့ အလင်းတောင် သူ့ဆီကနေ လွတ်အောင်ရုန်းမထွက်နိုင်ပါဘူး။ အလင်းက Black Hole ထဲမှာပဲ တဝဲလည်လည်ဖြစ်နေပါတယ်။
ဒါကြောင့် Black Hole တွေရဲ့အတွင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သေသေချာချာမသိကြသေးပါဘူး။ (အလင်းမျက်စိထဲရောက်လာမှ မြင်နိုင်မှာမို့ အလင်းတောင် မလွတ်နိုင်တဲ့ Black Hole အတွင်းထဲက ကိစ္စတွေကို မသိနိုင်တာ အဆန်းတော့မဟုတ်ပါ)

ကြယ်တစ်လုံးဟာ လုံလောက်အောင်ကြီးမားသွားရင် သူ့ရဲ့လွတ်မြောက်အလျင် (Escape Velocity) က အလင်းအလျင်နဲ့သွားတူနိုင်တယ်။
ဒါကြောင့် အလင်းတောင် မလွတ်တော့တာပါ။

Escape Velocity က ဘာလဲဆိုတာ မြင်အောင်ပြောရရင် ကမ္ဘာကနေ အာကသထဲသွားဖို့ ဒုံးပျံတွေလိုပါတယ်။ ဒါပေမယ့် အာကာသထဲရောက်တဲ့အခါမှာတော့ အဲ့ဒီဒုံးပျံတွေကို ဖြုတ်ပြီး ဦးပိုင်းက လေယာဉ် (Space Shuttle) နဲ့သာ ခရီးဆက်ကျပါတယ်။

Space Shuttle Launch

ဒုံးပျံတွေကို ဘာလို့လိုရလဲဆိုတော့ ကမ္ဘာရဲ့ Escape Velocity ကို လွတ်အောင်အရှိန်နဲ့ တွန်းဖို့ပါ။
ကမ္ဘာက လွတ်ဖို့ အကြမ်းဖျင်း 11.19 km/s နှင့်အထက်သွားနိုင်ရင် အာကာသထဲရောက်ပါပြီ။

Escape Velocity

အလင်းအလျင် (Roughly 300,000 km/s) နဲ့ယှဉ်လိုက်ရင် ကမ္ဘာရဲ့ Escape Velocity က ကလေးသာသာပဲရှိတာမို့ ကမ္ဘာကို အာကာသကြည့်ရင် မြင်နေရပါတယ်။
Black Hole တွေကျတော့ သူတို့ရဲ့လွတ်မြောက်အလျင်က အလင်းအလျင်ဖြစ်နေပါတယ်။ ဒီတော့ အလင်း မလွတ်နိုင်တော့ပါဘူး။ ဒါကြောင့် မမြင်ရပါဘူး။

မမြင်ရဘဲ ဘယ်လိုသိလဲလို့ မေးချင်မေးလို့ရပါတယ်။
သူ့ရဲ့သက်ရောက်မှုတွေကို ကြည့်ပြီး သိနိုင်ပါတယ်။ (လေကိုမမြင်ရပေမယ့် သူ့ကြောင့် သစ်ရွက်တွေလှုပ်တာမြင်နိုင်သလိုပေါ့)

Black Hole မှာ တကယ်မြင်နိုင်တာက ဖြစ်ရပ်လိုက်ကာ (Event Horizon) ကိုပါပဲ။ ဒါဟာ Black Hole ရဲ့မျက်နှာပြင်နယ်နိမိတ်လို့ ပြောလို့ရပါတယ်။
ဒါကိုကျော်သွားရင် ဘာတွေဖြစ်မလဲဆိုတာ မသိနိုင်တော့ပါဘူး။

Black Hole ရဲ့ဗဟိုချက်မမှာတော့ Singularity (အမှတ်စက်) တစ်ခုရှိမယ်လို့ ခန့်မှန်းကြပါတယ်။ (စကြဝဠာအစကို ပြောခဲ့တဲ့ Big Bang Theory ထဲကလိုပါပဲ)

Black Hole လို့ပြောလိုက်တာနဲ့ ပတ်ဝန်းကျင်မှာရှိသမျှ အရာအကုန်လုံးကို ဝါးမြိုသွားလိမ့်မယ်လို့ထင်ကြတယ်။ တကယ်တော့ သူကထိမှ ငြိတာပါ
ကျွန်တော်တို့ရဲ့ နေလုံးကြီးနေရာမှာ Black Hole တစ်ခုဖြစ်လာလည်း ကမ္ဘာကြီးကို သူ့အထဲစုပ်ယူသွားမှာ မဟုတ်ပါဘူး။ (နေမရှိတော့ အေးခဲပြီး ကမ္ဘာပျက်သွားဖို့တော့ ရှိပါတယ်)

Black Hole in Solar System

ဖြစ်ရပ်လိုက်ကာကိုကျော်ပြီး ဘာမှမမြင်ရတဲ့အတွက် တကယ်သိချင်ရင် ကိုယ်တိုင်တွင်းထဲကို ဝင်သွားလိုက်တာ အကောင်းဆုံးပါပဲ။
ဒါပေမယ့် အသွားတစ်လမ်းပဲရှိမှာပါ။

အဲ့လိုသတ္တိရှိတဲ့၊ စူးစမ်းချင်တဲ့လူတစ်ယောက်က နည်းပညာအကူအညီနဲ့ တွင်းထဲကိုဝင်မယ်ဆိုပါစို့။
ခပ်လှမ်းလှမ်းကနေအားပေးနေမယ့် သူတွေက သူ့ကို ဘယ်လိုမြင်ရမလဲ၊ သူကရော လူတွေကို ဘယ်လိုမြင်ရမလဲဆိုတာ ပညာရှင်တွေက ပြောထားတာရှိပါတယ်။

ဒီအခါမှာ Relativity သဘောတရားတွေသိဖို့လိုပါတယ်။ (ဒီထိဖတ်လာခဲ့ပြီးပြီဆိုတော့ သိတယ်လို့ပဲယူဆလိုက်ပါမယ်)
ပရိသတ်တွေအနေနဲ့ သူရဲကောင်းကို Black Hole ထဲဝင်တဲ့အခါ Slow Motion မြင်ရမယ်လို့ဆိုပါတယ်။ အချိန်တစ်ခုရောက်သွားတဲ့အခါ မလှုပ်တော့ဘဲရပ်နေတဲ့ပုံစံဖြစ်သွားမယ်၊ ပြီးတဲ့အခါ သူရဲကောင်းက နီလာပြီး ရုတ်တရက်ပျောက်ကွယ်သွားမယ်လို့ ဆိုတယ်။

ဘယ်လိုကြီးလဲလို့ ထင်စရာရှိပါတယ်။ နှေးလွန်းမက နှေးတဲ့အခါ ရပ်သွားသလိုဖြစ်တာပါ။ နီလာတယ်ဆိုတာက ကိုယ်နဲ့ဝေးရာကို ဖယ်ခွာသွားတဲ့အခါ Red Shift ဖြစ်တဲ့သဘောပါ။ (Doppler Effect လို့ခေါ်ပါတယ်)

Doppler Effect

သူရဲကောင်းကတော့ အဲ့ဒီလိုမြင်မှာမဟုတ်ပါဘူး။ သူလည်ပြန်ကြည့်တဲ့အခါမှာ အရာရာက အရှိန်မြင့်နေမယ်လို့ဆိုပါတယ်။ ပြောချင်တာက Black Hole ရဲ့အပြင်က အချိန်တွေအရမ်းမြန်နေတာကို သူတွေ့ရမှာပါ။
သူ့အတွက် အနာဂတ်ကို အချိန်ခရီးသွားလိုက်သလိုပါပဲ။ သူသာပြန်ထွက်လာနိုင်ရင် အချိန်တွေက အနာဂတ်ကာလတစ်ခုဆီ ရောက်နေမှာပါ။ (ဒါပေမယ့် ပြန်ထွက်လာလို့ မရတော့ပါဘူး)

ဒါပေမယ့် ဒီလိုတွေပြောလို့ သူရဲကောင်းက အဲ့လောက်ကြာကြာအသက်ရှင်မယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ တွင်းထဲဝင်သွားတာနဲ့ ဖိအားအရမ်းများလာတဲ့အတွက် ဆဲလ်တွေပျက်စီးကုန်မှာပါ။ မြင်အောင်ပြောရရင် ကတော့ (Funnel) တွေမှာ အောက်နားရောက်လေ ကျဉ်းလာလေ သဘောပါပဲ။
လူတစ်ယောက်စာဖြတ်သန်းဖို့တောင် မဖြစ်နိုင်လောက်အောင် ကျဉ်းတဲ့နေရာတွေရှိနိုင်တဲ့အတွက် အကုန်ပျက်ဆီးကုန်မှာပါ။ ဆဲလ်တွေအကုန် တစ်စစီဖြစ်ပြီး လူသားစွပ်ပြုတ်လိုဖြစ်သွားနိုင်ပါတယ်။

It’s just an illustration.

Black Hole အကြောင်းပြောရင် မပါမဖြစ်ကတော့ Schwarzchild Radius ပါ။ ကျွန်တော်တို့ ကမ္ဘာကိုလည်း Black Hole ဖြစ်အောင်ပြောင်းလဲလို့ရပါတယ်။ ကမ္ဘာနဲ့ကို Schwarzchild Radius ဖြင်္စတဲ့ 1 cm ထိရောက်အောင် ကျုံ့ပစ်လိုက်ရင် အလင်းကမ္ဘာကနေ မလွတ်နိုင်တော့ပါဘူး။
နေကိုလည်း 2 miles လောက်ဖြစ်တဲ့အထိ ကျုံ့ပစ်နိုင်ရင် သူလည်း Black Hole တစ်ခုဖြစ်လာမှာပါ။

Black Hole အကြောင်းက ဆက်ပြောရင် ပြောစရာတွေ ကျန်ပါသေးတယ်။ ဒါပေမယ့် စာရှည်ပြီမို့ ဒီမှာတင်ရပ်လိုက်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လူတိုင်းဆရာဝန်ဖြစ်ကုန်ရင် ပိုမကောင်းဘူးလား?

အခုတလော Facebook ပေါ်မှာ ဆေးသောက်နည်း post တွေ၊ oxygen သုံးနည်း post တွေ ၊ ပိုးသတ်ဆေးသောက်နည်း post တွေ ပလူပျံနေတာတွေ့မိပါတယ်။

ဘယ်လိုလက္ခဏာဖြစ်ရင် ဘာဖြစ်နေပြီနော်၊ အဲ့တာဆို test kit ဝယ်ပြီး ကိုယ့်ဘာသာစစ်နော်၊ အတံလေးကိုဒီလိုဖောက် ၊ နှာခေါင်းထဲကို ဒီလိုထည့် ၊ ဒီလိုစစ်ပါလား….ဟိုလိုအဖြေထွက်လာရင် ဘယ်လိုနော် စသဖြင့် ရေးသားနေကြတာ ဒုနဲ့ဒေးဖြစ်လာပါပြီ။

ကိုဗစ်ဖြစ်ရင် ဘယ်ဆေးကို ဘယ်လိုသောက်၊ အောက်ဆီဂျင်ဘယ်လောက်ကျရင် ဘယ်ဆေးစထိုးတော့ ၊ ထပ်ကျလာရင် ဘယ်ဆေးမှနိုင်တော့မှာ၊ ဒါဆိုဘယ်လိုလုပ် စသဖြင့် “အတွေ့အကြုံလေးဝေမျှတာပါ ၊ဆရာကြီးလုပ်တာမဟုတ်ပါဘူး” ဆိုပြီး တင်သူကလဲ တင် Share သူကလဲ share ကြ Copy paste ပြီး ကူးသွားမယ်နော် မမ ဆိုပြီး credit နဲ့ ပြန်တင်ကြသူတွေကလဲ ပေါသောနေတော့ စိတ်ထဲမှာတွေးမိတယ်။

လူတိုင်းဆရာဝန်ဖြစ်သွားရင် ပိုကောင်းမလားပေါ့။

အခုလို ဆရာဝန်ရှားပါးနေတဲ့ ခေတ်မှာ ကိုဗစ်ကလဲဆိုးနေတော့ လူတိုင်း ဆေးပညာတတ်ကုန်ရင် မကောင်းဘူးလားပေါ့။

အေးဆေးပဲ…အချင်းချင်းပြန်ကုပေးကြ…ဘယ်လောက်မိုက်လိုက်မလဲပေါ့။

အဲ့သလို တွေးမိလို့ ဒီစာရေးမိတာပါ။

လူတိုင်းဆရာဝန်ဖြစ်လာခဲ့ရင် ပိုကောင်းလာမလား မသိပေမယ့်
လူတိုင်းသာ ဆရာဝန်ဖြစ်ကုန်ရင် ကျိန်းသေ ဒုက္ခပိုရောက်မယ့် ကိစ္စတွေရှိနေပါတယ်။

ပထမဆုံးတချက်ပြောရရင် ဆေးကုရတာ အဲ့သလောက်မလွယ်ကူ မရိုးရှင်းလှလို့ပါ။

English စာဖတ်တတ်ပြီး Google ခေါက်တတ်ရင် ဆေးတွေ ရောဂါတွေ မိနစ်ပိုင်းအတွင်း ရှာဖတ်လို့ရနေတာပဲ….အဲ့ထဲကအတိုင်းကုလိုက်လို့မရပါဘူးလား။

မရပါဘူးခင်ဗျ… မရပါဘူး… ဆေးတခုပေးမယ်ဆိုရင် ဘာပိုကောင်းမလဲဆိုတာချည်းပဲ သိလို့မရပါ။

ဒီဆေးကြောင့် ဘာဒုက္ခရောက်သွားနိုင်လဲ… ဆေးလွန်သွားရင် ဘယ်လိုပြန်ကုမလဲ… ဒီဆေးမရရင် ဘာဆေးပြောင်းမလဲ… ပြောင်းမယ့်ဆေးကရော ဘာဆိုးကျိုးရှိလဲ… မပြောင်းရင်ရော ပိုကောင်းမလား…
စတာတွေပါ Google မှာ လိုက်ရှာဖတ်ရတော့မှာပါ။

မြင်အောင်ပြောရရင် English to English dictionary (အင်္ဂလိပ်စာတွေကို အင်္ဂလိပ်လိုပဲ ပြန်ရှင်းတဲ့ အဘိဓာန်) လှန်ဖူးရင် သိမှာပါ။

ကိုယ်မသိတဲ့စာလုံးတခုတွေ့လို့ အဓိပ္ပာယ်ရှာပါတယ်ဆိုမှ ရှင်းပြတဲ့အထဲမှာ နောက်ထပ်စာလုံးအသစ်တွေထပ်တွေ့ပြန်ရော။

အဲ့စာလုံးအသစ်တွေမသိဘဲ အခုရှာနေတဲ့စာလုံးအကြောင်း မသိလေတော့ ရှင်းလင်းချက်ထဲက စာလုံးအသစ်တွေကို ထပ်ရှာရပြန်ရော။

ထပ်ရှာလေ စာလုံးအသစ်တွေကတိုးလာလေမို့လို့
တော်တော်အချိန်ပေးလိုက်ရပြီး သိချင်တာလဲသေချာအဖြေမထွက်တတ်ပါဘူး။

ဆေးပညာကအဲ့လိုသဘောပါပဲ။

အင်္ဂလိပ်အဘိဓာန်ထူထူကြီးတအုပ်လိုပဲ ကြိုက်တဲ့သူဝင်ဖတ်လို့ရတယ်… ဒါပေမယ့် ကျွမ်းကျင်သွားတဲ့အဆင့်ရောက်ဖို့ဆိုတာ စကားလုံးတလုံးထဲသိရုံနဲ့မရပါ။

စာလုံးပေါင်းလဲသိရမယ်။
သဒ္ဒါအသုံးလဲမှန်ရမယ်။
အသံထွက်လဲမှန်ရဦးမယ်။
ဝါစင်္က အမျိုးအစားလဲသိရပြန်သေးတယ်။
ဝါကျထဲဘယ်လိုထည့်သုံးမလဲကလဲ လေ့လာရသေးတယ်။

အကုန်သိပြီကွဆိုတော့လဲ ပြန်မေ့ကုန်တာလဲရှိသေးတယ် ဆိုတော့ ဆေးပညာက လူတိုင်းနဲ့တော့ အဆင်မပြေလှဘူးထင်ပါတယ်။

ဒီနေရာမှာပြောချင်တဲ့ဟာက
ဉာဏ်ရည်မြင့်မှဆေးပညာတတ်တာ လုံးဝမဟုတ်ပါနော်။

English စာတတ်ရင်ဖတ်လို့ရနေပြီဆိုမှ ဉာဏ်ရည်နဲ့မဆိုင်ပါ…။

ဆရာဝန်တွေကိုလဲ ဉာဏ်တအားကောင်းတဲ့ အိုင်းစတိုင်းတွေလို့မထင်ပါနဲ့။ ဆရာဝန်တွေသုံးနေတဲ့စက်တော်တော်များများက ဆရာဝန်ထွင်တာမဟုတ်ပါ။ အင်ဂျင်နီယာတွေ ၊ သိပ္ပံပညာရှင်တွေကထွင်ထားတာပါ။ သူတို့ကမှ တကယ့် genius တွေပါ။

ဆရာဝန်တွေပေးနေတဲ့ ဆေးဝါးတွေကလဲ အများစုသူတို့ဖော်စပ်ထားတာမဟုတ်ပါ။ Chemist တွေ ၊ဆေးဝါးသုတေသီတွေ ၊ ဇီဝဗေဒပညာရှင်တွေ တွေ့ရှိရှာဖွေထားတာပါ။

ဆရာဝန်တကယ်လုပ်တာက ဆေးပေးပြီး လူနာကိုကုရုံသပ်သပ်ပါ။

ဒါပေမယ့် အပေါ်မှာပြောခဲ့သလို ဆရာဝန်ရဲ့ဆေးပညာကလဲ သိပ္ပံပညာတွေစုထားသလိုပဲ အတော်ထူတဲ့ ဘုတ်အုပ်ကြီးမို့လို့ တော်ရုံ စာဖတ်တတ်ရုံနဲ့လက်တွေ့ကုဖို့မလွယ်တာပါ။

ဆရာဝန်သမားတော်တွေရဲ့အစလို့ဆိုရမယ့် သမားတော်ကြီးဟစ်ပိုကရေးတီးကတောင် သူ့ကိုဆေးပညာလာသင်ခိုင်းတဲ့သူတိုင်းကို ပြန်သင်မပေးပါ။

ငွေဘယ်လောက်ပေးပေး သင်မပေးပါ။
အဲ… ငွေမပါရင်လဲ မသင်ပေးဘူးဗျ။ ဒါကတော့ ဟုတ်တယ်လေ… သူလဲထမင်းစားရတာကိုး။ သူ့ဆီမှာ အရင်ဆုံး အလုပ်အကျွေးနှစ်နဲ့ချီလုပ်ရပါသေးတယ်။

ဒါတောင်သူကသင်ပေးမယ်လို့ နူတ်ကထုတ်မပြောသေးဘူးနော်… မင်းဘာသာ သင်ချင်လို့ ကျွန်လာခံရတာ… သင်ပေးမယ်မသေချာဘူး။

အဲ့လိုနဲ့ သူနဲ့အနီးကပ်နေရင်း သူဆီကပညာလေးတွေခိုးစုရင်း သူသင်ပေးစရာသိပ်မကျန်တော့လောက်အောင်တတ်လာတဲ့သူတွေရယ် ဘာမှတတ်မလာတဲ့သူတွေရယ် ဆိုပြီး ၂ဖွဲ့ကွဲသွားတယ်။

အဲ့တော့မှ ဒီလောက်ကြာတာတောင် ဘာမှတတ်မလာတဲ့သူတွေကတော့ bye bye ပဲ ဂျောင်းတော့။ တတ်လာတဲ့သူတွေထဲမှာမှ observation ကောင်းတဲ့သူ အနည်းစုကိုပဲ ပညာဆက်သင်ပေးတာပါ။

ဆိုတော့ ဟစ်ပိုကရေးတီး လိုချင်တာက ဉာဏ်ကောင်းတဲ့ဆရာဝန်မဟုတ်ပါ။ ဇွဲရှိပြီး observation ကောင်းတဲ့သူမျိုး၊ ပတ်ဝန်းကျင်ကို လေ့လာအားကောင်းတဲ့သူမျိုးကိုပဲဆေးပညာအမွေ လက်ဆင့်ကမ်းချင်တာပါ။

နောက်ပြီး လူတိုင်းဆရာဝန်ဖြစ်ကုန်ရင် တိုင်းပြည်အတွက် လိုတဲ့နေရာတွေမှာ လူအင်အားမရှိတော့ဘဲ တိုင်းပြည်မတိုးတက်ပါ။

အင်ဂျင်နီယာကလဲ သူ့ role နဲ့သူ၊

သင်္ဘောသားကလဲ သူ့ အစွမ်းနဲ့သူ၊

ကွန်ပြူတာပညာရှင်ကလဲ သူ့ပညာနဲ့သူ၊

နောက်ဆုံးဗျာ Gamer တောင်မှ သူ့အရည်အချင်းနဲ့သူ ဆိုတော့ ဆရာဝန်ချည်းပဲ မလိုပါဘူးဗျာ။

လူတိုင်းဆရာဝန်ဖြစ်ဖို့ကို မလိုတာပါ။

နောက်ပြီး ဆရာဝန်ဖြစ်ရင် မိသားစုကိုပိုဆေးကုပေးလို့ရတယ်ဘာညာဆိုတာလဲ လွဲနေပါတယ်။

တကယ်က မိသားစုဝင်အချင်းချင်း ဆေးမကုသင့်ပါ။ Emotional bias တွေပါနေလို့ မလိုအပ်ဘဲ အပိုတွေပိုကုမိတတ်ပါတယ်။ မိသားစုဝင်နေမကောင်းတာမြင်ရင် စိတ်ကပိုပူပြီး စိုးရိမ်စိတ်ပိုကဲလာပါတယ်။

အဲ့လိုဖြစ်လာရင် ဆေးကုတဲ့အခါ ဆုံးဖြတ်ချက်ဝေဝါးလာမယ်….လွဲမှားတာတွေ ပိုများလာမယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

တကယ်လဲ အနောက်နိုင်ငံတွေမှာ ကိုယ်ကဆရာဝန်ပင်ဖြစ်လင့်ကစား မိသားစုဝင်ကို ဆေးမကုကြဘဲ သက်ဆိုင်ရာ ဆရာဝန်ကိုသာလွှဲပေးပြီး ကုသခိုင်းရပါတယ်။ ဆရာဝန်နေမကောင်းဖြစ်ရင် ဆရာဝန်ဆီပဲသွားပြရမှာပါ။

အဲ့တော့ လူတိုင်း ဆရာဝန်ဖြစ်ရင် သိပ်မထူးတာကိုမြင်မှာပါ။ ဒီနေ့မှာ ပြောချင်တာက Facebook ပေါ်က စာတွေကို ချင့်ယုံကြပါ။ Facebook ကစာတွေဖတ်ပြီး ဆေးမကုကြပါနဲ့။

ဆေးသောက်မယ်ဆို သိထားသင့်တာက ဒီဆေးက မိမိစိတ်ကြိုက်ဝယ်သောက်လို့ရတဲ့ဆေးလား
OTC လို့အတိုခေါ်ပါတယ်။ Over the Counter ဆေးတွေပါ။
ဥပမာ ပါရာစီတမော၊ နှာစေးပျောက်ဆေး၊ အအန်ပျောက်ဆေး၊ ချောင်းဆိုးသက်သာဆေး စတာတွေပါ။

တခြားဆေးတွေ ဥပမာ ပိုးသတ်ဆေးတွေက OTC ဆေးတွေမဟုတ်ပါ။ Prescribed drug လို့ခေါ်ပြီး ဆရာဝန်ခွင့်ပြုမှသောက်ရတာပါ။ ဥပမာ အခုလိုင်းပေါ် မှာခေတ်ထနေတဲ့
Azithromycin တို့ Dexamethasone တို့ Warfarin တို့ heaprin တို့ Aspirin တို့ Tocilizumab တို့ Remdesivir ဘာညာတွေဟာ မိမိစိတ်ကြိုက်သောက်လို့ ထိုးလို့ မရပါ။

သောက်မိထိုးမိရင် ဖြစ်လာသမျှကိစ္စအဝဝကိုလဲ ကိုယ့်ဘာသာ တာဝန်ယူရမှာပါလို့ပဲ သတိပေးစကားပြောချင်ပါတယ်။

OTC ဆေးသောက်ရင်တောင်မှ ပုံသေနည်းနဲ့သောက်လို့မရပါ။ ဆေးကုတဲ့အခါ သင်္ချာလို ဒါနဲ့ဒါပေါင်းရင်ဒါထွက်မယ်အတိအကျ လုပ်လို့မရပါ။ လူတိုင်းကို ပါရာစီတမော ၅၀၀ အားတိုက်လို့မရပါ။ ကလေးဆိုဘယ်လို၊ အသည်းသမားဆိုဘယ်လို ချင့်ချိန်ရပါတယ်။

လူတိုင်းဆရာဝန်ဖြစ်ရင် ကောင်းမလားဆိုတာအဖြေမထွက်သေးရင် ဒီလိုလေး တွေးကြည့်စမ်းပါ။

သင့်အိမ်အနီးနားက အလွန်စုစပ်တဲ့အဖွားကြီးတွေ ၊ ရပ်ကွက်ထဲက အတင်းတုပ်တဲ့အဒေါ်ကြီးတွေ ၊
အိမ်လာရင် “ပိန်သွားလိုက်တာ ဘာရောဂါရှိနေလို့လဲ” က စမေးတတ်တဲ့ စောင်အမျိုးတသိုက်ရယ် အကုန်သာဆရာဝန်ဖြစ်ကုန်ရင်
သင်လည်း နေစရာနေရာကိုရှိတော့မှာမဟုတ်ဘဲ သင့်ကို တယောက်တပေါက် ဆေးဝိုင်းကုကြရင်း စောစောစီးစီး ဘုရားသခင်ထံရောက်ရှိသွားမှာပါလို့သာ ပြောပါရစေ။

“Let the professionals do their job” ပါ။

Dr. Venice

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လူတွေအတွက် အကျိုးရှိစေသော ကြယ်သေဆုံးမှုများ (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 2)

(Part 1 အရင်ဖတ်ပေးပါ)

Part 1 မှာတော့ ကျွန်တော်တို့ရဲ့နေ (အလယ်အလတ်အရွယ်အစားရှိတဲ့ ကြယ်) တစ်ခု သေဆုံးတဲ့အကြောင်းရေးပြီးပါပြီ။
အခုဆက်ရေးမှာက နေထက်အစပေါင်းများစွာကြီးတဲ့ ကြယ်တွေသေဆုံးတဲ့အကြောင်းပါ။

နေကို ကြီးလှပြီလို့ထင်ကြပေမယ့် နေထက်အဆပေါင်းများစွာ ကြီးတဲ့ကြယ်တွေ (Massive Stars) စကြဝဠာထဲမှာ အများကြီးပါပဲ။ (ဒီအကြောင်းကို ရေးမှာမဟုတ်လို့ ထားခဲ့လိုက်ပါပြီ)
ဒီကြယ်တွေဟာလည်း ဆွဲအားနဲ့တွန်းအား မျှခြေဖြစ်နေတဲ့အခါ တည်မြဲနေတတ်တယ်။ ဒါပေမယ့် သူတို့က အရမ်းကြီးမားတဲ့အတွက် သက်တမ်းတော့ သိပ်မရှည်လှဘူး။ နှစ်ပေါင်း မီလီယံ တစ်ခုအထိပဲ အသက်ရှင်နိုင်ကြတယ်။ (အသုံးအဖြုန်းကြီးတော့ မြန်မြန်မွဲသွားသလိုပါပဲ)

Sol လို့ သေးသေးလေးရေးထားတာ ကျွန်တော်တို့ရဲ့ နေလုံးကြီးပါ

သူတို့မှာရှိတဲ့ Hydrogen တွေ Helium တွေကုန်သွားတဲ့အခါ ထုံးစံအတိုင်းပဲ Gravity က အနိုင်ရသွားတယ်။ ဒီတော့ ဆွဲအားများလာတဲ့အတွက် ကြယ်က ကျစ်လျစ်သိပ်သည်းလာတယ်။
ဒီလိုအခြေအနေမျိုးတွေမှာ Periodic Table မှာရှိတဲ့၊ ပိုပြီးလေးပင်တဲ့ Elements တွေဖြစ်လာကြပါတယ်။ Carbon, Neon, Oxygen, Silicon, Iron အထိဖြစ်လာတာပါ။
ခုချိန်ထိ တွန်းအားရှိပါသေးတယ်။ ဒါကြောင့်ကြယ်ဟာ မသေဆုံးသေးပါဘူး။ (သေခါနီးနေပြီပေါ့)

Iron ထိရာက်လာတဲ့အခါ သူ့ထက်ပိုလေးတဲ့ Element တွေဖြစ်အောင် ကြယ်တွေက မလုပ်နိုင်ကြတော့ပါဘူး။ သူ့ရဲ့ Atomic Structure က Stable ဖြစ်တာကြောင့်လည်းပါပါတယ်။ ဒါကြောင့် Iron ကို Nuclear Ash လို့ခေါ်တယ်။ (လောင်ကျွမ်းခြင်းတွေရဲ့နောက်ဆုံးပိတ်မှာ ပြာတွေထွက်လာလို့ ဒီလိုတင်စားလိုက်တာပါ)
အခုတော့ ဆွဲအား (Gravity) က အပြတ်အသတ်အနိုင်ရသွားပါပြီ။

အဲ့ဒီအခါမှာ ဆွဲအားဘယ်လောက်တောင်များသလဲဆိုရင် Electron တွေဟာ Nucleus တွေနားကပ်လာပါတယ်။ ဒါ့အပြင် Nucleus တွေအချင်းချင်းကလည်း နီးကပ်လာကြတယ်။
ပြီးရင် ဒီဖြစ်စဉ်က တော်တော်မြန်ပါတယ်။ အလင်းအလျင်ရဲ့ 25% နဲ့ ဆွဲကပ်လိုက်တာပါ။ ဒါကို Implode ဖြစ်တယ်လို့ခေါ်ပါတယ်။
(Explode ဆိုတာ ပေါက်ကွဲထွက်တာဆိုရင် Implode ဆိုတာ အထဲကို ပေါက်ဝင်တယ်လို့ ပြောရမှာပါ)
ဒီလိုဖြစ်သွားတဲ့အတွက် နောက်ဆုံးမှာ ပေါက်ကွဲထွက်တာပြန်ဖြစ်လာပါတယ်။ ဒါကို Supernova Explosion လို့ခေါ်ပါတယ်။ (Implosion နောက်က Explosion လိုက်လာတာပေါ့)

Supernova Illustration

ဒီကထွက်တဲ့အလင်းက ဘယ်လောက်တောင်လင်းသလဲဆိုရင် စကြဝဠာတစ်ခုလုံးမှာ သူလောက်လင်းတဲ့ကိစ္စ နည်းနည်းပဲရှိပါတော့တယ်။ (Quasar တွေကတော့ အလင်းဆုံးလို့ ပြောကြတယ်)

Quasar Illustration

ဒါကြောင့် ကမ္ဘာကနေလှမ်းကြည့်တဲ့အခါ ပေါက်ကွဲတဲ့နေရာမှာ အလင်းလက်ဆုံးဖြစ်နေတာကို မြင်ရမှာပါ။
နောက်ဆုံးပိတ်ကျန်ခဲ့တာကို Neutron Star လို့ခေါ်ပါတယ်။ ကြယ်က အလွန့်အလွန်ကို ကြီးမားမယ်ဆိုရင် နောက်ဆုံးပိတ်ရလဒ်က အာကသတွင်းနက် (Black Hole) ဖြစ်သွားမှာပါ။ (ဒါကိုတော့ Part 3 မှာဆက်ပြောပါမယ်)

Neutron Star Anatomy

Neutron Star က ဘယ်လောက်တောင်သိပ်သည်းသလဲဆိုရင် ကမ္ဘာပေါ်မှာရှိသမျှလူတွေအကုန်လုံးရဲ့ အလေးချိန်ဟာ သူ့ရဲ့ 1 cm3 အလေးချိန်နဲ့သွားတူနေပါတယ်။
သူ့ထက်သိပ်သည်းတာ တွင်းနက် (Black Hole) တွေပဲရှိပါတော့တယ်။

Black Hole

သူ့ရဲ့ဆွဲအားက အရမ်းများတဲ့အတွက် အလင်းဖြတ်သွားရင် အလင်းကို ကွေးညွတ်စေတဲ့အတွက် ရှေ့ဘက်ကိုမြင်ရရုံတင်မကဘူး၊ နောက်ပိုင်းနည်းနည်းကိုလည်း မြင်နိုင်ပါတယ်။ (လူတစ်ယောက်ကို ရှေ့တည့်တည့်ကကြည့်တဲ့အခါ သူရှေ့ပိုင်းကိုတင် မဟုတ်ဘဲ နောက်ပိုင်းအနည်းငယ်ကို မြင်ရသလိုပါပဲ)

ဒီကြယ်ရဲ့ အလယ်အူတိုင် (Core) မှာ ဖိအားများလွန်းလို့ ဘာဖြစ်နေမလဲဆိုတာ ပညာရှင်တွေ သေချာမသိကြဘူး။ Neutron တွေ Proton တွေဟာ ပြိုကွဲသွားပြီး Quark တွေအဖြစ်နဲ့ ရှိနေနိုင်တယ်လို့ ဆိုတယ်။ (Big Bang အစပိုင်းမှာ ရှိခဲ့သလို Quark-Gluon Plasma အဖြစ်ရှိနေနိုင်တယ်လို့ ခန့်မှန်းကြတယ်)

Quark Gluon Plasma Illustration

Neutron Star ၂လုံးဟာ တစ်ခုကို တစ်ခုလှည့်ပတ်နေတတ်ကြပါတယ်။
အချိန်တစ်ခုရောက်တဲ့အခါ အချင်းချင်းဝင်တိုက်မိကြပြီး ပေါက်ကွဲကြပြန်ပါတယ်။ ဒါကို Kilonova လို့ခေါ်ပါတယ်။

Collistion of 2 Neutron Stars Illustration

ဆရာကြီးနှစ်ကောင် ချကြတဲ့ပွဲဆိုတော့ အပူချိန်တွေ၊ ဖိအားတွေ အရမ်းများသွားတဲ့အတွက် Iron ထက်လေးတဲ့ Elements တွေထွက်လာပါတယ်။
Gold, Uranium, Platinum စတာတွေက ဒီကနေလာတာပါ။
အမေ့ရဲ့ရွှေလက်ကောက်နဲ့ ကောင်မလေးတွေဝတ်တတ်တဲ့ Platinum ဆွဲကြိုးတွေဟာ တချိန်က Neutron Star ၂လုံးရန်ဖြစ်ပြီး ရလာတဲ့ပစ္စည်းတွေပါ။
ဒီလိုသာ ရန်မဖြစ်ကြဘူးဆိုရင် ကျွန်တော်တို့သုံးနေတဲ့ ကွန်ပြူတာတွေ၊ လက်ကိုင်ဖုန်းတွေထဲက Metal တွေရှိလာမှာမဟုတ်ပါဘူး။

သူတို့နှစ်ကောင်ချပြီး နောက်ဆုံးကျန်တာကတော့ အာကာသတွင်းနက် (Black Hole) ပါပဲ။

Part 1 & 2 အနှစ်ချုပ်

(Part 3 မှာ Black Hole တွေအကြောင်းဆက်ပြောမှာသွားမှာမို့ ဖတ်ပေးကြပါဦး)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started