ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ဘယ်လိုအဆုံးသတ်သွားမလဲ? (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 1)

ဒီ Topic ကိုရေးခိုင်းတဲ့သူများလို့ ရေးလိုက်ပါတယ်။ စိတ်ဝင်စားစရာတော့ တော်တော်ကောင်းပါတယ်။ နားလည်ရအလွယ်ဆုံးဖြစ်အောင် အတတ်နိုင်ဆုံးရေးထားပါတယ်။

ကြယ်တွေဘယ်လို သေဆုံးကြလဲ မသိခင် သူတို့တွေ ဘယ်လိုတည်မြဲနေကြလဲ အရင်သိဖို့လိုပါတယ်။
ကျွန်တော်တို့ရဲ့ နေနဲ့ဥပမာ ပေးပြီး ပြောချင်ပါတယ်။
နေက အစိုင်အခဲမရှိတဲ့ ဓာတ်ငွေ့လုံးကြီးဆိုတာ သိကြမှာပါ။ ဓာတ်ငွေ့လုံးကြီးက ဘယ်လောက်တောင် ကြီးလဲဆိုရင် သူ့အထဲကို ကမ္ဘာအလုံးပေါင်း ၁သန်းကျော်လောက်ထည့်လို့ရပါတယ်။

Sun and Solar System Planets full size comparison

ဒီဓာတ်ငွေ့လုံးကြီး ဘယ်လိုတည်မြဲနေလဲဆိုတော့ ဆွဲအားနဲ့တွန်းအားမျှခြေမှာ ရှိနေလို့ပါ။
ဆွဲအားကတော့ Gravity ပါ။ သူ့ကြောင့် နေမှာရှိတဲ့ လောင်ကျွမ်းနေတဲ့ ချော်ရည် (Hot Plasma) တွေဟာ တဖြည်းဖြည်းနဲ့ အလယ်အူတိုင်နားကို ရောက်လာပါတယ်။ (ဆွဲအားဆိုတော့ ဆွဲချတာပေါ့…)

အောက်ရောက်လေလေ ဖိသိပ်ခံရလေလေဖြစ်လို့ Hydrogen တွေကနေ Helium တွေဖြစ်ကုန်ပါတယ်။
အဲ့လိုဖြစ်တဲ့အခါ စွမ်းအင် (Energy) ထွက်ပါတယ်။ အဲ့ဒီစွမ်းအင်က Gravity ကို တွန်းပြီး အပြင်ထွက်ဖို့ ကြိုးစားပါတယ်။ (သူက တွန်းအားပါ)
ဒီနှစ်ခု မျှခြေမှာရှိနေရင် ဓာတ်ငွေ့လုံးကြီး တည်မြဲနေတာပေါ့။

ဒါပေမယ့် တွန်းအားက စွမ်းအင်ထွက်လာမှ ဖြစ်လာပါ။ ဒီတော့ စွမ်းအင်ထွက်အောင် Hydrogen တွေနေ Helium ဖြစ်လာဖို့လိုပါတယ်။ Hydrogen တွေက နေမှာ အပေါများဆုံးများပဲ။ (နေရဲ့ 91% က Hydrogen ပဲလို့ဆိုတယ်)
ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ Hydrogen တွေကုန်ခမ်းလာမှာပါ။ အဲ့ဒီအခါမှာ ဆွဲအား (Gravity) က တွန်းအားထက်ပိုသွားပါပြီ။

အရမ်းဖိသိပ်ခံရတဲ့အခါ Helium တွေအချင်းချင်းပေါင်းနိုင်သွားပါတယ်။ (အရင်က Hydrogen ကိုပဲ ပေါင်းအောင်လုပ်နိုင်တာပါ)
အဲ့ဒီအခါမှာ Carbon တွေ၊ Oxygen တွေအထိဖြစ်လာပြီး နေက အကြီးကြီးဖြစ်လာပါတယ်။ Red Giant Star လို့ခေါ်ပါတယ်။

Red Giant Star

အဲ့ဒီအခါမှာ နေက ဘယ်လောက်ထိကြီးလာမလဲဆိုတော့ သူနဲ့အနီးဆုံး Mercury နဲ့ Venus ထိကို ရောက်လာမှာပါ။ တွက်ချက်မှုတွေအရတော့ အဲ့ဒီလိုဖြစ်လာရင် ကမ္ဘာမှာ ဆက်နေဖို့ မဖြစ်နိုင်တော့ပါဘူး။
အပူရှိန်ပြင်းလွန်းလို့ လေထုနဲ့ ရေထုက ရှိတော့မှာမဟုတ်ပါဘူး။
ကမ္ဘာဆိုတာ မီးမြှိုက်ထားတဲ့ ကျောက်ခဲကြီးလိုပဲ ကျန်ခဲ့မှာပါ။
ကမ္ဘာကြီးဒီလိုအဆုံးသတ်မှာကို တွေးပြီး စိတ်မပူကြပါနဲ့။ ဒါကနောက် နှစ်ပေါင်း ၅ ဘီလီယံလောက်မှ ဖြစ်လာမှာပါ။ (အခု ကမ္ဘာ့သက်တမ်းက နှစ်ပေါင်း ၄.၅ ဘီလီယံရှိပါပြီ)

Solar System comparison

ကမ္ဘာလောက်မမြန်ပေမယ့် အင်္ဂါဂြိုလ် (Mars) လည်း အချိန်တစ်ခုကြာတဲ့အခါမှာ ပူလာမှာပါပဲ။ ဒါကြောင့် ခုချိန်မှာ အင်္ဂါဂြိုလ်မှာ သွားနေဖို့ ပြင်နေကြတာလည်း အဖြေတစ်ခုတော့ ဟုတ်မနေပါဘူး။
ကြာသပတေးဂြိုလ် (Jupiter) နဲ့ စနေဂြိုလ် (Saturn) မှာတော့ နေလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဒါက ယာယီအဖြေတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ Red Giant Star တွေက မတည်မြဲပါဘူး။ နှစ်ပေါင်း ၁ ဘီလီယံလောက်ပဲ ခံပါတယ်။
အဲ့ဒီအချိန်အတွင်းမှာ အခြားနေရာ တစ်ခုမှာနေဖို့ ပြင်ဆင်ထားပြီးသားဖြစ်သင့်ပါပြီ။ မဟုတ်ရင်တော့ ဒါဟာ လူသားတွေရဲ့အဆုံးသတ်ဖြစ်သွားပါလိမ့်မယ်။

Red Giant ဖြစ်ပြီး နှစ်ပေါင်း ၁ ဘီလီယံလောက်ကြာတဲ့အခါမှာ နေရဲ့အပေါ်ယံအလွှာကြီးက ဆက်ပြီးမတည်မြဲတော့ပါဘူး။ ဒီတော့ တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်။
သေဆုံးခါနီးကြယ် (နေ) ကို ကမ္ဘာကနေ လှမ်းကြည့်လိုက်ရင် ခုလိုမျိုး လုံးလုံးဝိုင်းဝိုင်းလေး မြင်ရမှာမဟုတ်ပါဘူး။ အောက်ပါပုံအတိုင်း မြင်တွေ့ရမှာပါ။ ဒါကို Planetary Nebula လို့ခေါ်ပါတယ်။

Planetary Nebula Illustration

အဲ့ဒီကနေမှ နောက်ဆုံးကျန်ခဲ့တာကို White Dwarf Star လို့ခေါ်လိုက်ပါတယ်။
သေးသေးကျစ်ကျစ်၊ လင်းလင်းလက်လက် အရာကလေးတစ်ခုကျန်ခဲ့တာကို ပြောတာပါ။
ဒါက Medium-Sized Star တစ်ခုဖြစ်တဲ့ နေရဲ့ နိဂုံးပါပဲ။

White Dwarf Star Illustration
Size of White Dward compared to Earth

ဟုတ်ရော ဟုတ်ရဲ့လားလို့ တွေးမိနိုင်ပါတယ်။ ဒါပေမယ့် ခုလိုမျိုးပုံစံတူဖြစ်ရပ်မျိုးကို ကမ္ဘာကနေ အလင်းနှစ် ၄၀၀ ဝေးတဲ့နေရာမှာ ပညာရှင်တွေ ရှာတွေ့ပြီးပါပြီ။
အဲ့ဒီနေရာမှာ White Dwarf Star တစ်ခုနဲ့ သူ့ကို လှည့်ပတ်နေသေးတဲ့ ဂြိုလ်တွေကိုပါ တပါတည်း တွေ့ခဲ့ကြတာပါ။
ဒီကြယ်လေးဟာ သူမသေဆုံးခင် အချိန်တစ်ခုအထိ ကျွန်တော်တို့ရဲ့နေလိုပဲ ထွန်းလင်းပေးခဲ့မှာပါ။
ဒါဟာ ကျွန်တော်တို့ Solar System ရဲ့အနာဂတ်ပါပဲ။

နေက Red Giant Star ဖြစ်လာမယ့် တချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) ဟာ Andromeda Galaxy နဲ့ဝင်တိုက်ကြမှာပါ။
အဲ့ဒီအချိန်အထိ ကမ္ဘာမှာလူတွေကျန်နေသေးရင် ကောင်းကင်ကို ကြည့်တဲ့အခါ Andromeda Galaxy က တဖြည်းဖြည်းနဲ့ ပိုပိုလင်းလာမှာပါ။ (ခုချိန်မှာတော့ သေချာမမြင်ရပါဘူး)
အဲ့ဒီအချိန်မှာတော့ “ကြယ်တွေစုံတဲ့ည” တကယ်ဖြစ်ပါပြီ။

Andromeda Galaxy in Night Sky (Present)

Galaxy ၂ခုဝင်တိုက်တယ်ဆိုလို့ ငယ်ငယ်က ရန်ဖြစ်တဲ့အခါ ဆရာမတွေက ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနှစ်လုံးကို ကိုင်ပြီး ဂွက်ကနဲ ဆောင့်ထည့်လိုက်သလို မမြင်ကြပါနဲ့။
Galaxy တွေထဲမှာ ကြယ်တွေက ခပ်ဝေးဝေးမှာပဲ ရှိနေကြတဲ့အတွက် ကြယ် ၂လုံးဝင်တိုက်ဖို့ Chance ကတော့ နည်းပါတယ်။
ဒါပေမယ့် Gas Cloud တွေဝင်တိုက်မိကြပြီး ကြယ်အသစ်တွေတော့ ဖြစ်လာကြမှာပါ။
နောက်ဆုံးမှာတော့ ဒီ Galaxy ၂ခုပေါင်းပြီး Galaxy အကြီးကြီးတစ်ခုဖြစ်လာမှာပါ။

Collision of Milky Way Galaxy & Andromeda Galaxy Illustration

ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်း (Solar System) ကရော…?
ခုချိန်မှာတော့ Solar System က Milky Way Galaxy ရဲ့ဗဟိုချက်မနဲ့ အလင်းနှစ် ၂၅၀၀၀ ကွာဝေးပါတယ်။ ဒါပေမယ့် Galaxy ၂ခုဝင်တိုက်ကြတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ အိမ်လိပ်စာ ပြောင်းသွားမှာပါ။ တချို့ပညာရှင်တွေကတော့ Galaxy အသစ်ရဲ့အလယ်ဗဟိုကနေ အလင်းနှစ် ၁သိန်းလောက် ဝေးတဲ့နေရာကို ရောက်သွားမယ်လို့ဆိုတယ်။

အဲ့ဒီအချိန်ထိ လူတွေ အသက်ရှင်နေကြသေးရင်တော့ ကမ္ဘာမှာနေဖို့လည်း နေကြောင့် မဖြစ်နိုင်တော့ဘူး၊ တခြားနေရာရှာဖို့လည်း Galaxy ၂ခု ဝင်တိုက်တဲ့အတွက်ကြောင့် ကောင်းကင်မှာ ကြယ်အသစ်တွေဖြစ်ကုန်ပြီ။
ဒီမတိုင်ခင်တော့ ဘယ်လိုဖြေရှင်းကြမလဲ၊ ဘယ်နားသွားနေကြမလဲ သိလာကောင်းပါရဲ့။ နည်းပညာလည်း ခုထက်တိုးတက်လာကောင်းပါရဲ့။
Nuclear War နဲ့ အချင်းချင်း မျိုးဖြုတ်ပြီး မသေခဲ့ကြရင်တော့ အနာဂတ်မှာ လူသားတွေဆက်လက်တည်မြဲဖို့ ပြင်ဆင်ကြရဦးမှာပါ။

Part 1 မှာပြောခဲ့တာကတော့ ဘောင်ခတ်ထားတဲ့အထဲက အကြောင်းပါ။

(Part 2 မှာတော့ Black Hole တွေအကြောင်းပြောမှာမို့ ဆက်ဖတ်ပေးကြပါဦး)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အာကာသထဲ ဘယ်လိုချီးပါ သေးပေါက်ကြလဲ? (Part 4)

အပိုင်း ၃ မှာ လေစုပ်အားကိုအခြေခံပြီး အိမ်သာဆောက်တာကို အကြမ်းဖျင်းပြောပြခဲ့ပါတယ်။

အိမ်သာအပြင် ကိုယ်လက်သန့်စင်ခန်း (ရေချိုးခန်း) ကိုပါ တွဲလျက်တည်ဆောက်ခဲ့ပါတယ်။

သေးပေါက်ဖို့အတွက်က ကတော့ပုံစံခွက်လေး (Funnel)လုပ်ပေးထားပြီး ပိုက်နဲ့ဆက်ကာ လေစုပ်အားနဲ့ စုပ်ယူပေးပါတယ်။

ကတော့ခွက်တွေကတော့ size စုံရှိပြီး အာကာသယာဥ်မှူးတယောက်စီမှာ ကိုယ်ပိုင်ကတော့ခွက်လေးတွေရှိကြပါတယ်။

ဒီကိစ္စမှာလဲ size အကြီးဆုံး ကတော့ခွက်ကိုပဲ ရွေးယူကြပြန်ပါသတဲ့။

အမျိုးသားတွေကတော့ ကတော့ထဲပေါက်ထည့်လို့ရပေမယ့် အမျိုးသမီးတွေကတော့ အနည်းငယ်အခက်တွေ့နိုင်ပါတယ်။

ဘာလို့ဆို ကတော့ပုံခွက်က အမြဲလေအားနဲ့စုပ်နေမယ့်သဘောဖြစ်နေတော့ ထိုင်ပေါက်တဲ့အခါ လေစုပ်အားအရမ်းမပြင်းအောင် လေထွက်ပေါက်ပြန်ဖောက်ပေးထားတယ်လို့ ဆိုပါတယ်။

အမျိုးသမီးသုံးခွက်နဲ့ အမျိုးသားသုံးခွက် ပုံစံမတူဘူးလို့ထင်ပါတယ်။

အီအီးပါတာကတော့ ဘိုထိုင်အိမ်သာပုံစံကိုမှ လေစုပ်အားထည့်ထားပြီး အောက်မှာ အိတ်နဲ့ဆက်ထားတာမို့ အထုပ်ကလေးတထုပ်စီဖြစ်နေမှာပါ။

အထုပ်ထဲမှာ ပိုးသတ်ဆေးရည်တခါထဲပါပြီးသားဖြစ်လို့ အနံ့မထွက် ပိုးမပေါက်တော့ပါဘူး။

တခုပဲထူးခြားတာက အိမ်သာပေါ်ထိုင်မယ်ဆို ပေါင်ကိုကြိုးနဲ့ ချည်ထိန်းထားရပါတယ်တဲ့။ ဆွဲငင်အားနည်းတဲ့ဒုက္ခပေါ့။

အဲ့တာမှ နေရာထိုင်ခင်းက ငြိမ်သွားပြီး လိုရာကို စွန့်လို့ရမှာပါ။

အရင်ခေတ်ကတော့ ရှုရှုးတွေကို အာကာသထဲ လွှင့်ပစ်ခဲ့ဖူးပေမယ့် အခုခေတ်မှာတော့ အဲ့လိုစည်းကမ်းမဲ့တာတွေမလုပ်တော့ပါ။

အီအီးထုပ်တွေကို စုပြီး ကမ္ဘာပေါ်ကိုပဲပြန်သယ်လာပါတယ်။

ရှုရှုးကိုကျ သောက်ရေသုံးရေ ပြန်ဖြစ်အောင် လုပ်လိုက်ပါတယ်တဲ့။

ဟုတ်ပါတယ်။ တကယ်ပဲ ဆီးတွေကိုစုပြီး ရေပြန်လုပ်တာပါ။

ဆီးတင်မကပါဘူး…
အာကာသစခန်းမှာရှိတဲ့ ရေငွေ့ဓာတ်တွေ
ချွေးတွေ
ရေချိုးပြီးလို့ ထွက်လာတဲ့ရေဆိုးတွေ
အသက်ရှုလို့ထွက်လာတဲ့ အာငွေ့တွေကအစ
အကုန်စုဆောင်းပြီး သောက်ရေ သုံးရေအဖြစ်ပြန်သုံးပါတယ်။

အဓိကကတော့ ရေကိုမဖြုန်းတီးရအောင်ရယ် waste တွေကို ပြန်သုံးတာက ရေကိုခေါက်တုံ့ခေါက်ပြန် ကမ္ဘာကနေသယ်တာထက် ပိုသက်သာလို့ဖြစ်ပါတယ်။

ဆီးတွေကို သောက်လို့ရတဲ့ရေဖြစ်အောင် ဘယ်လိုပြောင်းလဲ အကြမ်းဖျင်းပြောပြပါမယ်။

သူက ရေဆိုးရေညစ်တွေကို Centrifuge လို့ခေါ်တဲ့ တအားလည်ပတ်တဲ့ဗန်းပေါ်တင်ပြီး လှည့်ပစ်လိုက်တာပါ။

အဲ့လိုတအားလည်သွားတော့ molecules တွေ particles တွေက သူ့အလေးချိန်နဲ့သူ တူရာသွားစုကုန်ပါတယ်။

ရေနဲ့ အညစ်အကြေးကို အဲ့လိုခွဲခြားပစ်လိုက်တယ်။

နောက်ပြီး အထူးပြုလုပ်ထားတဲ့ ရေသန့်စက်ထဲမှာ စကာအဆင့်ဆင့်ပေးဖြတ်ပြီးစစ်ယူတယ်။

နောက်ဆုံး heat treatment အပူပေးပိုးသတ်တာရယ်၊ radiation treatment ဓာတ်ရောင်ခြည်နဲ့ပိုးသတ်တာရယ် အဲ့လိုတွေလုပ်ပြီးတော့မှ

သန့်စင်တဲ့ရေကိုပြန်ရလာတာပါ။

တော်တော်လေးမိုက်ပြီး ရှိသမျှ water resource ကိုပြန် recycle လုပ်နိုင်တဲ့ နည်းပါ။

နောက်ဆုံးအပိုင်းမှာ ပြောချင်တာလေးတခုက အာကာသထဲမှာ အိမ်သာကို ဒေါ်လာပေါင်းများစွာအကုန်ခံပြီး တည်ဆောက်ရသလို အပေါ်ကပြောခဲ့တဲ့ ရေဆိုးရေညစ်တွေကို ပြန်သုံးနိုင်တဲ့ နည်းစနစ်တွေက တော်တော်ကို လန်းပါတယ်။

ဒီလောက် ကောင်းနေတဲ့ အဆင်မြင့်အိမ်သာကို ပိုကောင်းသထက်ကောင်းအောင် အမြဲ update version တွေ NASA ကစဥ်းစားတီထွင်လျက်ပါ။

နောက်ပိုင်းဆို အမျိုးသမီးအာကာသယာဥ်မှူးတွေများလာတော့ သူတို့အတွက် လစဥ်ဓမ္မတာလာရင် သုံးလို့ရတဲ့အပိုင်းတွေပါတဲ့ အိမ်သာတွေပါရှိလာပါပြီ။

ဒါတောင်မှ ဒီအညစ်အကြေးစွန့်တဲ့ကိစ္စက အပြီးသတ်မဟုတ်သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းကဆိုရင် “Space poop challenge” ဆိုပြီး ပြည်သူတွေကို NASA က open challenge တခုခေါ်ခဲ့ပါသေးတယ်။

NASA ကလိုချင်တဲ့ design ကိုထွင်ပေးနိုင်ရင် ဒေါ်လာ ၃သောင်းတိတိချီးမြှင့်မှာဖြစ်ပါတယ်။

သူတို့လိုချင်တာက အိမ်သာမရှိတဲ့အခြေအနေမှာ နာရီပေါင်း ၁၄၄ နာရီကြာအောင် ဝတ်ထားလို့ရမယ့်၊
ဆီးဝမ်းမစင်နဲ့ ရာသီသွေးစတာတွေကို ထိန်းပေးနိုင်မယ့် အညစ်အကြေးစွန့် ပစ္စည်း (သို့) ဝတ်စုံ design ပါ။

၂၀၁၇မှာတော့ winner 3 ဦး ပေါ်ထွက်ခဲ့ပြီး အောက်ကပုံမှာ သူတို့အကြောင်းနဲ့ ဆုရ design ကိုဖော်ပြထားပါတယ်။

၂၀၂၀တုန်းကလဲ လပေါ်မှာအိမ်သာအသစ်တလုံးလိုလို့ “Lunar Loo Challenge” ဆိုပြီးခေါ်ခဲ့ပါသေးတယ်။

နောက်ပိုင်းမှာရော ဘယ်လို အိမ်သာ design တွေထပ်ပေါ်လာဦးမလဲ…စောင့်ကြည့်ရမှာပါ။

အနိုင်ရသူက Dollar ၂ သောင်းရမှာပါ။ ဒါလဲ အနိုင်ရသူပေါ်ထွက်ခဲ့ပြီးပါပြီ။

Lunar Loo Challenge တတိယဆုရ

စာဖတ်သူတွေလဲ ဒီလောက်ဆိုရင် ကျေနပ်လောက်ပြီလို့ထင်ပါတယ်။

အပိုင်း ၄ပိုင်းလုံး အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အာကာသထဲ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 3)

ဒီတခါ အီအီးကိစ္စပြောပြပါဦးမယ်။

အာကာသထဲမှာ အိမ်သာမရှိတဲ့ပြဿနာက ရက်ရှည်ခရီးသွားဖို့ကြံတဲ့အခါ ဒုက္ခကောင်းကောင်းပေးပါတော့တယ်။

လပေါ်ကို ပထမဆုံးခြေချသူလို့ အများကသိကြတဲ့ အာကာသယာဥ်မှူး Neil Armstrong ခေတ်က အာကာသထဲ အီးပါဖို့အိမ်သာမရှိလို့ တပိုင်တနိုင်
အီးထည့်ဖို့ အိတ်လေးတွေသယ်သွားရပါတယ်တဲ့။

အီးအိတ်ကတော့ ပုံစံကမိုက်သားဗျ။
အောက်ကပုံမှာပြထားပါတယ်။

ဗိုက်နာလာရင် အဲ့အိတ်ကလေးကို နေရာမရွေ့အောင် တင်ပါးမှာ တိတ်ကလေးနဲ့ကပ်ထားပြီး ပါရပါတယ်တဲ့။

အပြောသာလွယ်တာဗျ… Gravity မရှိလေတော့ ပါသမျှအီးတုံးတွေက အောက်ကိုတန်းတန်းကျဖို့ခက်ပါတယ်။

လေထဲမှာ ပေါလောမပေါ်နေရင်တောင် အနည်းဆုံး အိတ်ထဲကို သေချာမဝင်ဘဲ ဟိုကပ် ဒီကပ်နဲ့ အိတ်အထဲကိုမရောက်ပါဘူး။

အဲ့တော့ အိတ်မှာ လက်ချောင်းထည့်နှိုက်လို့ရတဲ့ နေရာအပေါက်လေးလုပ်ပေးထားပြီး လိုသလိုပေါ့ဗျာ…ကိစ္စကိုလက်နဲ့ထိထိမိမိကိုင်တွယ် ဖြေရှင်းကြလေသတည်းပေါ့ဗျာ။

ပုံမှာ လက်ချောင်းထည့်တဲ့နေရာလေးရယ် position ရယ်သေချာမြင်ရမှာပါ။

လက်ဗလာနဲ့ အီးကိုကိုင်တာမဟုတ်ဘဲ လက်ချောင်းပုံစံအိတ်ကလေးလုပ်ပေးထားတာပါ။ စနစ်တော့ကျပါတယ်။

အီအီးပါပြီးသွားရင် အဲ့အိတ်ထဲကို ပိုးသတ်ဆေးရည်လောင်းထည့်ပြီး မစင်နံ့မထွက်အောင် ပိုးသတ်ရပါတယ်။

နောက်တော့သေချာပိတ်သိမ်းပြီး တနေရာမှာစုသိမ်းထားကြတယ်။

တချို့ကိုတော့ ကမ္ဘာမြေပေါ်ပြန်သယ်လာကြပါတယ်တဲ့။

အမိမြေပေါ်ရောက်မှ စည်ပင်သာယာလက်ထဲအပ်တာပေါ့။

တချို့ကျတော့လဲ အီအီးခဏခဏမပါရအောင် အစားကို ဗိုက်ပွတာမစားဘဲ ပရိုတင်းမျာများပါတာ fiber သိပ်မပါတဲ့ ဝမ်းချုပ်စာတွေ စားပြီး အီအီးမပါရအောင်လုပ်ကြပါသတဲ့။

ဘာလို့ ခဏခဏ အီအီးမပါချင်တာလဲဆိုတော့ အီးတခါပါရင် အနည်းဆုံး ၄၅မိနစ်လောက်အချိန်ပေးပြီး ဖြေရှင်းနေရပါတယ်တဲ့။

အဲ့တော့ အာကာသထဲလျှောက်ကြည့်ရမယ့်အချိန်မှာ အီအီးကုံးနေရတာနဲ့ တိုင်ပတ်နေရရင် မတန်လှပါဘူး။

အဲ့တော့ ဝမ်းချုပ်အောင် ဝမ်းမပွအောင် အစားအစာကိုရွေးချယ်စားရပါတယ်။

ရှုရှုးတွေကိုကျတော့ တချို့ဟာတွေကို ကျန်းမာရေးပြန်စစ်ဖို့ လိုသလောက်ပဲ ကမ္ဘာပေါ် ပြန်သယ်လာပြီး ကျန်တာတွေကို အာကာသထဲ ဝဲပလိုက်ပါတယ်တဲ့။

ဂြိုဟ်သားတွေကတော့ ရေအမှတ်နဲ့သောက်မိကုန်ကြမှာမြင်ယောင်ပါသေးတယ်။

ဒါကအရင်ခေတ်က အထာပါ။

နောက်ပိုင်းမှာတော့ တကယ် NASAက အိမ်သာဆောက်ပါပြီ။

မဆောက်လို့လဲမရတော့ပါဘူး…ဘာလို့ဆို…အာကာသထဲမှာကြာကြာနေလို့ရအောင်
အာကာသစခန်းဖွင့်တော့မှာမို့ပါ။

ISS လို့ခေါ်တဲ့ International Space Station ကြီးဆောက်တဲ့အခါ အိမ်သာထည့်သွင်းတည်ဆောက်ကြပါတော့တယ်။

အိမ်သာကိုလဲတည်ဆောက်ရင်း တဖက်မှာအာကာသယာဥ်မှူးတွေကိုလဲ ဆွဲငင်အားမရှိ(နည်းပါး)တဲ့နေရာမှာ အိမ်သာတက်နည်း သင်ပေးရ လေ့ကျင့်ကြရပါတယ်။

အိမ်သာမှာ အီအီးပါဖို့ ကမုတ်ခွက်အပေါက်က ကျဥ်းလေတော့ အပေါက်တည့်အောင် ပါတတ်ဖို့၊ တင်ပါးနေရာယူတတ်ဖို့ သင်ယူရပါတယ်။

အိမ်သာပုံစံကို အကြမ်းဖျင်းအောက်ကပုံမှာကြည့်ကြည့်ပါ။

အဓိကလိုအပ်နေတဲ့အချက်က ဆွဲငင်အားမရှိလို့ အညစ်အကြေးတွေက အောက်ကိုမကျဘဲ လေထဲမှာပဲရှိနေတာပါ။

အဲ့တော့ ဆွဲငင်အားအစား ဘာကိုဖန်တီးလိုက်သလဲဆိုတော့ Airflow suction method ကိုဖန်တီးပြီး လေစုပ်အားနဲ့ အညစ်အကြေးတွေကို စုပ်သွားပါမယ်။

အဲ့လိုရေးထားတာကို ကျနော်ဖတ်မိတော့ နည်းနည်းကြောင်သွားပါတယ်။

အာကာသထဲမှာလေမှမရှိတာ….ဘယ်ကလေကိုစုပ်ပြီး ဘယ်လိုသုံးမှာလဲပေါ့။

ဥပမာဗျာ… စာဖတ်သူက ဖုန်စုပ်စက်ကို အာကာသထဲယူသွားပြီး သုံးရင် ဖုန်စုပ်စက်အလုပ်လုပ်မယ်ထင်ပါသလား။

သေချာပါတယ်။ အလုပ်မလုပ်ပါ။ စက်သာလည်နေမယ်။ ဘာလေမှမရှိလို့ စုပ်အားမရှိပါ။

လေစုပ်အားဆိုတာ air pressure difference ရှိမှ ဖိအားမတူလို့ suction effect ပေါ်လာတာပါ။

အဲ့တော့ အခု အိမ်သာကျ လေလဲမရှိဘဲ
ဘယ်လိုပါလိမ့်ပေါ့။

ဖြစ်နိုင်တာတခုကတော့ အိမ်သာရှိနေတဲ့နေရာက အာကာသဟင်းလင်းပြင်ကြီးထဲမဟုတ်ဘဲ အာကာသစခန်းထဲမှာပါ။

ဆိုတော့ အာကာသစခန်းထဲမှာ အသက်ရှူဖို့နဲ့ gravity အားနဲနဲရှိအောင် ဖန်တီးထားပြီး လေထု oxygen ကိုလဲရှိအောင်လုပ်ထားလို့ဖြစ်ပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် လေစုပ်အားနဲ့ ရှုရှုးတွေ အီအီးတွေကို စုပ်ချသွားပြီး သိမ်းတဲ့အိတ်ထဲတန်းပို့ ပိုးသတ်ဘာညာဆက်လုပ်ပါလိမ့်မယ်။

နောက်ဆုံးအပိုင်းမှာတော့ အိမ်သာအကြောင်းကျန်တာနည်းနည်းရယ် အိမ်သာမလိုအောင် နောက်ထပ်တီထွင်မှုနည်းသစ်တွေရယ်ဆက်ပါလာဦးမှာမို့ စောင့်ဖတ်ပေးကြပါဦးဗျို့။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

One Subject, One Night နှင့် စာမေးပွဲဖြေခဲ့ခြင်းများ

လူတိုင်း စာမေးပွဲဖြေဖူးတာမို့ ဒီအကြောင်းကို ထွေထွေထူးထူးရှင်းပြနေစရာ မလိုပါဘူး။ တက္ကသိုလ်ရောက်လာတော့ လုပ်စရာ Activity တွေများလွန်းပါတယ်။
စာမေးပွဲဆိုတာလည်း နှစ်လတစ်ခါလောက် ဖြေနေရတာပါပဲ၊ Tutorial ဆိုတာလည်း ခဏခဏပါပဲ။
သတိရမိသလောက်တော့ ကိစ္စတစ်ခုလုပ်မယ်ကြံလိုက်တိုင်း စာမေးပွဲနဲ့ နီးနေလိုက်၊ Tutorial နဲ့ကပ်နေလိုက်ဖြစ်နေတာပါပဲ။

နေ့တိုင်းစာလုပ်ဖြစ်ဖို့ဆိုတာလည်း ခက်ခဲပါတယ်။
အချိန်ပိုနေရင်တောင် စာလုပ်ဖို့နဲ့ ရုပ်ရှင်ကြည့်ဖို့၊ သီချင်းနားထောင်ဖို့ ယှဉ်လာရင် ဘာကိုရွေးကြလဲ ကိုယ့်ဘာသာသိကြမှာပါ။
ဒီတော့ အများအားဖြင့် စာမေးပွဲနားနီးမှ ကပ်တွန်းကြတာပေါ့။
ထူးခြားတာက အဲ့ဒီအချိန်ရောက်လာရင် လူက ဘာကျက်ကျက်၊ ဘာမှတ်မှတ် မှတ်မိလွယ်နေတာပါ။ (စာမေးပွဲခန်းထဲဝင်ခါနီးအချိန်ဆိုရင် မှတ်မိအလွယ်ဆုံးပါပဲ…)

Exams are coming.

ဆိုတော့… ခုရေးမယ့်အကြောင်းက အနားနီးမှ ကပ်တွန်းတာ ကောင်းလားဆိုတာ ဆွေးနွေးချင်တာပါ။ စာမေးပွဲခန်းထဲဝင်ခါနီး ဉာဏ်အလင်းပွင့်နေတဲ့တာကို ပြောချင်တာ မဟုတ်ပါဘူး။

ကိုယ်က Research Paper ၃ခုကို ၃ပတ်အတွင်း အပြီးတင်ရမယ်ဆိုပါစို့။
၁ပတ်ကို ၁ခုတင်လို့ရတယ်၊ တစ်ခုစီကို ၃ပတ်အတွင်း ကိုယ်ကြိုက်တဲ့အချိန်မှာ ကြိုက်သလိုရွေးပြီး တင်လို့ရတယ်၊ ၃ခုလုံးကို နောက်ဆုံးအပတ်မှ တင်လို့ရတယ်ဆိုရင် ဘယ်ဟာကို ရွေးမလဲ။
အသင့်တော်ဆုံးကတော့ ၃ခုလုံးကို နောက်ဆုံးအပတ်မှ တင်လိုက်တာပါ။ ဒါဆို ၃ခုလုံးကို Perfect ဖြစ်အောင်ပြင်ဆင်ဖို့ အချိန်ရတယ်လေ။ ဟုတ်တယ်မလား။

စမ်းသပ်မှုတစ်ခုကို ပြောပြချင်ပါတယ်။
ကျောင်းသားတွေကို ခေါ်ပြီး ၃ဖွဲ့ခွဲလိုက်တယ်။ အပေါ်ကလိုပဲ ကိုယ်နှစ်သက်ရာ Deadline တစ်ခုစီကို ရွေးခိုင်းလိုက်တယ်။ ဘယ်အဖွဲ့အမှတ်အကောင်းဆုံးရတယ်လို့ထင်လဲ။

၁ပတ်ကို ၁ပုဒ်တင်ရတဲ့အဖွဲ့က အမှတ်အကောင်းဆုံးရတာပါ။ နောက်ဆုံးပိတ်မှ ၃ပုဒ်လုံးတင်တဲ့အဖွဲ့က အမှတ်အနည်းဆုံးပါပဲ။
နောက်ဆုံးပိတ်မှ ၃ပုဒ်လုံးတင်တဲ့သူတွေကတော့ “လေ” နေချိန်များပါတယ်။ ငါလုပ်နိုင်ပါတယ်…၊ အနားနီးမှ ကပ်တွန်းလိုက်ရင် မီပါတယ်… ဆိုတာမျိုး၊ ကိုယ့်လုပ်နိုင်စွမ်းကို ပိုတွက်တာမျိုး ဖြစ်တတ်တယ်။
၁ပတ် ၁ပုဒ်တင်တဲ့အဖွဲ့မှာ “လေ” နေချိန်သိပ်မရှိပါဘူး။ သူတို့ကလည်း ဒီလိုဖြစ်တတ်ကြောင်းသိလို့ ဒီလို Deadline ကို ရွေးတာပါ။
သူတို့အတွက် စိတ်ရှုတ်ထွေးစရာသိပ်မရှိပါဘူး။ အချိန်စာရင်းအတိုင်းလိုက်လုပ်ရုံပါပဲ။ (ပင်ပန်းတာတော့ ပိုမှာပါ)

Download ဆွဲထားပြီး နားမထောင်ဖြစ်တဲ့ သီချင်းတွေ၊ Netflix ထဲမှာ နောက်မှကြည့်မယ်ဆိုပြီး Save ထားတဲ့ဇာတ်လမ်းတွေ ဘယ်လောက်များနေပြီလဲ။ (ကျွန်တော့မှာတော့ တော်တော်များနေပြီ)
ပညာရှင်တွေကတော့ ကိုယ့်ရဲ့ Collection ကသာ တိုးလာမယ်၊ ကိုယ်ကတော့ ဒီဇာတ်လမ်းတွေ၊ သီချင်းတွေကို နားထောင်ဖြစ်ဖို့ Chance ကနည်းတယ်လို့ ဆိုတယ်။

ဒါကိုလည်း စမ်းသပ်ကြည့်ထားတာလည်း ရှိပါတယ်။
လူတွေကို သူတို့ကြည့်ဖို့ ဇာတ်လမ်း ၃ပုဒ်ရွေးခိုင်းတယ်။ အဲ့ဒီထဲက ၁ပုဒ်ကို ခုချက်ချင်းကြည့်ရမယ်၊ နောက်တစ်ခုကို နက်ဖြန်၊ နောက်တစ်ခုကို သန်ဘက်ခါမှာကြည့်ရမယ်ပေါ့။
ဇာတ်လမ်းတွေကို ၂မျိုးခွဲထားတယ်။ အပျော်ကြည့်တဲ့ကားနဲ့ လေးနက်တဲ့ကားပေါ့။ လူတွေကတော့ ၂မျိုးလုံးကို ရွေးကြတယ်။

ဒါပေမယ့် ဘယ်ဇာတ်ကားကို ခုချက်ချင်းကြည့်မလဲလို့ မေးတော့ တော်တော်များများက အပျော်ကြည့်တဲ့ကားမျိုးကိုပဲ ရွေးကြတယ်။ အဲ့ထဲမှာလည်း တော်တော်များများရွေးကြတာက Comedy တွေပဲ။ (ကျွန်တော်လည်း အဲ့ဒီလိုပဲ၊ အားရင် Comedy ပဲ ကြည့်တာ)

ဒါနဲ့ ဇာတ်ကား ၃ကားလုံးကို ခုချက်ချင်းအပြီးကြည့်ရမယ်လို့ ပြောလိုက်တဲ့အခါ လေးနက်တဲ့ကားတွေကို သိပ်မရွေးကြတော့ဘူးလို့ ဆိုတယ်။
ဒီတော့ လူတွေက ခုချက်ချင်းလုပ်ရမယ့် ခက်ခဲတဲ့ အလုပ်တွေကိုဆို မလုပ်ချင်ကြဘူးဆိုတာပဲ။

ကိုယ့်က ဝိတ်ချနေတယ်ဆိုပါစို့။ ခုချိန်မှာ အသီးနဲ့ မာလရှမ်းကော ဘယ်ဟာစားမလဲလို့ မေးရင် ဘာဖြေမလဲ။ အသီးပဲစားမှာပေါ့လို့ ဖြေမှာပါ၊ ဟုတ်တယ်မလား။
နောက်တစ်ပတ်နေလို့ ပန်းသီးတစ်လုံးနဲ့ မာလရှမ်းကောတစ်ပွဲ ၂ခုထဲက ၁ခုကို အလကားကျွေးရင် ဘယ်ဟာကို ရွေးမလဲ။ တော်တော်များများကတော့ မာလရှမ်းကောပဲ ရွေးကြမှာပါ။ ပန်းသီးကို နောက်မှ စားတာပေါ့ လို့ ပြောကြမှာပါ။

အပေါ်မှာ ပြောခဲ့တာတွေ အကုန်လုံးကို Present Bias လို့ခေါ်ပါတယ်။
ကိုယ်အခုလိုချင်နေတာ၊ စားချင်နေတာကို နောက်တစ်ချိန်မှာ လိုချင်နေမှာ၊ စားချင်နေမှာ မဟုတ်ဘူးလို့ ကိုယ့်ဘာသာထင်မိခြင်းပါပဲ

ခုချိန်မှာ မာလရှမ်းကောစားချင်ပေမယ့် နောက်ရက်ကျရင် ပန်းသီးပြန်စားလို့ရတာပဲ၊ ခုချိန်မှာ စာမေးပွဲအတွက် စာဖတ်မှာထက် နောက်ရက်မှာ ဖတ်ချင်စိတ်ပေါ်လာမှာပဲ စသဖြင့် ထင်မိခြင်းပါ။
ကိုယ့်ရဲ့ လက်ရှိအတွေးအခေါ်နဲ့ နောက်တစ်ချိန်ဖြစ်လာမယ့် အတွေးအခေါ်နဲ့ မတူလောက်တော့ဘူးလို့ လွဲမှားပြီး ထင်မိခြင်းပါ။

ဒါကြောင့်လည်း Facebook မှာ “New Year, New Me” လို့ 1st January မှာတင်ခဲ့ပြီး နှစ်လယ်လောက်ရောက်လာတဲ့အခါ နှစ်ကတော့ တဝက်ကုန်သွားပြီ၊ ဘာမှအရာမထင်လိုက်ဘူး…တို့၊ နှစ်တဝက်ကို အောင်မြင်စွာဖြုန်းတီးလိုက်ပါပြီ… တို့ မြင်ရတာဖြစ်တယ်။

နောက်တစ်မျိုးကတော့ သိပ်မသိသာပါဘူး။ ခုလုပ်ရမယ့် အလုပ်ကို နောက်မှလုပ်မယ်ဆိုတာခြင်းတူပေမယ့် သူကတော့ နည်းနည်းကွဲပါတယ်။
ဒီလူတွေကို Motivation စားသုံးသူတွေလို့ ကျွန်တော်က ခေါ်ချင်ပါတယ်။

ကိစ္စတစ်ခုကို ပြင်ဆင်တဲ့ Phase က မတက်တဲ့သူတွေပါ၊ သူတို့ကိုကြည့်လိုက်ရင် အမြဲ တစ်ခုခုလုပ်နေတာပဲမို့ အလုပ်တွင်မယ်ထင်ရပေမယ့် အဲ့ဒီလိုဖြစ်မလာပါဘူး။
ဥပမာ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်မယ်ဆိုပြီး သင်တန်းတွေတက် ပြင်ဆင်နေပေမယ့် တကယ်လက်တွေ့ဘာမှ မလုပ်ကြတဲ့သူတွေ၊ Motivation ရမယ့် စာတွေ၊ ဟောပြောပွဲတွေနောက် လိုက်ပေမယ့် ဘာမှဟုတ်တိပတ်တိ မလုပ်တဲ့သူတွေပေါ့။ ကြာလာတော့ Motivation တွေပဲ စွဲလမ်းနေမိပြီး ခရီးမတွင်တတ်ပါဘူး။

ကျွန်တော်စာရေးတဲ့အခါမှာလည်း Idea ကို ခေါင်းထဲမှာ 100% ရုပ်လုံးပေါ်လာမှ ရေးမယ်ဆိုရင် စာတစ်ပုဒ်တောင် ရေးဖြစ်မှာမဟုတ်ပါဘူး။
စိတ်ထဲထင်တာ ချရေးပြီး ပြန် Edit လိုက်တာပါပဲ။

ဆိုတော့… လုပ်သင့်တဲ့ကိစ္စကို ထလုပ်ပစ်လိုက်တာက နောက်မှလုပ်မယ်ဆိုတာကို Counter ပြန်လုပ်နိုင်တာပေါ့။ ဒါပေမယ့် ဒီလောက်လွယ်မနေလို့ပဲ လူတွေခက်ခဲနေတာပေါ့။
ဒါကြောင့် နည်းလမ်းတွေကို တီထွင်လာကြတယ်။

စာမေးပွဲနီးရင် Facebook Log Out လုပ်သွားတဲ့သူတွေ၊ အစားလျော့စားဖို့အတွက် ဝယ်ထားတဲ့ Junk Food တွေကို လွှင့်ပစ်တဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ရအောင်ထိန်းချုပ်နေတာပါ။
မနက်မှာ မထမခြင်း အသံဆိုးကြီးနဲ့ အော်နေတဲ့ Alarm တွေ၊ Internet ကို ညမှာ သုံးမရအောင်ဖျက်ပစ်တဲ့ App တွေ ကလည်း ဒီသဘောပါပဲ။

ဒီတော့ ကိုယ်က ကပ်တွန်းတတ်တဲ့အကျင့်ရှိနေရင် ရှိနေကြောင်း သေချာသိနေဖို့လိုပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ငါလုပ်ရင်… ရပါတယ်ကွာ လို့တွေးနေမိရင်တော့ ပြင်ဆင်ဖို့နဲ့ ဝေးနေဦးမှာပါ။
ကိုယ့်အကြောင်းကိုယ် သေချာသိမှ နောက်တစ်ခါအတွက် ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

နည်းနည်းလေးတွေက များများကြီး အထောက်အပံ့ဖြစ်နေသလား?

ဒီအချက်က တော်တော်စဉ်းစားရ ကြပ်တာပါ။
ကိုယ်က အကျိုးတစ်ခုလိုလို့ အလုပ်တစ်ခုကို လုပ်နေပေမယ့် အဲ့ဒီအကျိုးကို ကိုယ်လုပ်နေတဲ့အလုပ်က အထောက်အပံ့ဖြစ်နေလား၊ မဖြစ်နေဘူးလားဆိုတာ သိဖို့ (တချို့တွေအတွက်) ခက်ခဲနိုင်ပါတယ်။

ဥပမာ နွေဦးတော်လှန်ရေးအတွက် လူအမျိုးမျိုး၊ လူတန်းစားပေါင်းစုံဟာ နေရာစုံက ပါဝင်နေကြတယ်။
ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် Contribute လုပ်တာခြင်း မတူကြဘူး။ တချို့က များများလုပ်၊ တချို့က နည်းနည်းလုပ်၊ တချို့က လုံးဝ Contribute မလုပ်ကြဘူး။
ကိုယ်ဘယ်အထဲပါနေလဲဆိုတာ သိနိုင်ဖို့ (တချို့အတွက်) ခက်ခဲနိုင်ပါတယ်။

Pareto Distribution အရတော့ 80% သော အကျိုးတရားတွေဖြစ်လာတာဟာ 20% သော အကြောင်းတရားတွေကြောင့်ပါလို့ ဆိုတယ်။ ဒါကို 80/20 Rule လို့လည်းခေါ်တယ်။
သူက ဒါကို ဘယ်လိုအတွေးပေါက်သွားလဲဆိုတော့ သူ့ခြံထဲက ပဲပင်တွေရဲ့ 20% က စုစုပေါင်း ပဲအလုံးရေရဲ့ 80% ကိုထုတ်ပေးတာကို သိသွားရာက စတယ်။ (ထိုးထွင်းဉာဏ် တော်တော်ကောင်းတဲ့ ပုဂ္ဂိုလ်ပါ…)
ဒီတော့ အခြားအကြောင်းအရာတွေမှာလည်း 80/20 Rule ကိုလိုက်နာတယ်လို့ သူက တွေးမိခဲ့တယ်။

လူနည်းစုကပဲ အရာရာကို ချုပ်ကိုင်ထားတယ်။
ဥပမာ ၁နှစ်မှာ စာရေးဆရာ ၁သောင်းက စာအုပ်ကိုယ်စီထွက်တယ်ဆိုရင် ကုန်အောင်ရောင်းရတာက လက်တစ်စုပ်ပဲရှိတဲ့ စာရေးဆရာတွေပါပဲ။
အချမ်းသာဆုံး စာရင်းဝင် ၈၅ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေပေါင်းတဲ့အခါ အောက်ခြေလူတန်းစား ၃ ဘီလီယံခွဲရဲ့ ပိုင်ဆိုင်မှုနဲ့သွားတူနေတယ်။

Classical Music ရေးခဲ့တဲ့လူတွေ အများကြီးပါပဲ။ အဲ့ဒီ အထဲကမှ Bach, Mozart, Beethoven နဲ့ Tchaikovsky ရဲ့ Music တွေကိုပဲ ခေတ်ပေါ်သံစုံတီးဝိုင်းတွေမှာ တီးကြတယ်လို့ဆိုတယ်။
သူတို့ရေးခဲ့တဲ့ သီချင်းတွေထဲအများကြီးရှိပေမယ့် အဲ့ဒီထဲက နာမည်ကြီး Hit ဖြစ်နေတာတွေကိုသာ ထပ်ခါတလဲလဲ တီးနေကြတယ်။

မြို့ပြ (Cities) နည်းနည်းလေးတွေမှာပဲ လူအများစုက စုဝေးနေကြတယ်။
ကိုယ့်မှာ အင်္ကျီပေါင်း ၁၀၀ လောက်ရှိပေမယ့် ကိုယ်ကြိုက်တဲ့ ဆယ်ထည်လောက်ကိုပဲ ထပ်ခါတလဲလဲ ပြန်ဝတ်တတ်တယ်။
သီချင်းတွေ အများကြီးဒေါင်းထားပေမယ့် ကိုယ်အကြိုက်ဆုံး Album တွေကိုသာ နားထောင်တတ်ကြတယ်။
Customer တွေရဲ့ 20% ကပဲ Company တစ်ခုရဲ့ 80% ရောင်းအားကိုဖြစ်စေတယ်။
Websites တွေရဲ့ 20% ကပဲ 80% traffic ရှိနေတယ်။ (Porn Site တွေထင်တယ်…)
ယာဉ်မောင်းတွေရဲ့ 20% က ယာဉ်မတော်တဆမှုရဲ့ 80% ကိုဖြစ်စေတယ်။
အနည်းစုကပဲ အများကြီး Contribute လုပ်နေတာကို ပြောချင်တာပါ။

ဒီတော့ နွေဦးတော်လှန်ရေးမှာ ဖြစ်မြောက်လာတဲ့ အကျိုးတရားရဲ့ 80% ဟာ 20% သောအကြောင်းတရားတွေ (လူတွေ) ကြောင့်ဖြစ်လာတာလို့ ပြောလို့ရတာပေါ့။
ဒီလိုပြောလိုက်လို့ ငါလုပ်နေတာအရာမထင်ဘူးလို့ မတွေးကြပါနဲ့ဦး။
Pareto Distribution ကို လူတွေက လွဲမှားပြီး ယူဆတတ်ကြပါတယ်။

သူ့ကို စီးပွားရေးလုပ်ငန်းတွေမှာ အဓိက သုံးဖို့ ရည်ရွယ်ပါတယ်။ Productivity ကို ပြောချင်တဲ့သဘောပါ။
ဥပမာ Company ကို ပိုအောင်မြင်စေနိုင်တဲ့ 20% သော အကြောင်းကိုသိရင် အဲ့ဒီအကြောင်းကို ပိုပြီး Focus လုပ်စေချင်တာပါ။

ကျောင်းသားတစ်ယောက်က ဘယ်သင်ခန်းစာကို လေ့လာလိုက်ရင် စာမေးပွဲအတွက် အကျိုးအများဆုံးဖြစ်မလဲဆိုတာ သိတဲ့အခါ အဲ့ဒီသင်ခန်းစာကို ဖိပြီး လေ့လာစေချင်တာပါ။
ဒီလိုပြောလိုက်လို့ ကျန်တဲ့အခန်းတွေကို မလေ့လာသင့်တော့ဘူး ပြောတာမဟုတ်ပါ။ အမှတ် ၁၀၀ ရချင်ရင်တော့ လေ့လာရဦးမှာပါ။

နွေဦးတော်လှန်ရေးမှာလည်း လူတိုင်းအားနဲ့တွန်းမှ 100% အောင်မြင်မှာမို့ လူတိုင်းရဲ့ တွန်းအားက အရေးပါပါတယ်။

အရာရာကို 80/20 Rule အရကြည့်ရင် ဟုတ်ကောင်းဟုတ်နေနိုင်ပေမယ့် ဒါက အတိအကျမှန်ကန်နေတာတော့ မဟုတ်ပါဘူး။
ဒီ Rule အရဆို 20% သောလူတွေက ကျန်တဲ့ 80% ထက်ပိုအရေးကြီးတယ်လို့ ဆိုသလိုဖြစ်နေတယ်။

80% က 20% လောက် အလုပ်မလုပ်ကြဘူးဆိုတဲ့ အမြင်ကို ရတယ်။
ဒီတော့ Pareto Distribution က လူတိုင်း Equally Contribute လုပ်မယ်ဆိုတဲ့ ဆိုရှယ်လစ်စနစ်နဲ့ သွားပြီး ဆန့်ကျင်နေပါတယ်။

ဒီသဘော ဘယ်လိုဖြစ်လာလဲဆိုတာ ငွေကြေးနဲ့ ဥပမာပြချင်ပါတယ်။
ဟိုတစ်နေ့က ရေးခဲ့တဲ့ ပင်လယ်ဂဏန်းတွေ အကြောင်းမှတ်မိကြဦးမှာပါ။

https://ouo.io/DkMqWo (မမှတ်မိရင် ပြန်ဖတ်လို့ရအောင် Link ထည့်ပေးထားပါတယ်)

အချင်းချင်းချကြတဲ့အခါ နိုင်တဲ့ကောင်ကို ရှုံးတဲ့ကောင်က မော်မကြည့်ရဲတော့ဘူး။
ဒီတော့… နိုင်တဲ့ကောင်က နေရာကောင်းကို ရသွားပြီ။ အစာကောင်းကောင်းလည်းစားရမယ်၊ အမတွေကလည်း ဒီကောင့်ကို ပိုသဘောကျကြမယ်။
စဉ်းစားကြည့်ရင် ဒီကောင်ပိုပြီး အားကြီးလာဖို့ပဲရှိတယ်။

ရှုံးသွားတဲ့ကောင်နေရာက စဉ်းစားကြည့်။ နေရာကောင်းမရတော့ အစာလည်း ငတ်တလှည့် ပြတ်တလှည့်ဖြစ်မယ်၊ အမတွေကလည်း ဖုတ်လေတဲ့ငပိရှိတယ်တောင် မထင်ဘူး။
ဆိုတော့… အားကြီးတဲ့ကောင်ကို ယှဉ်ချဖို့က အချိန်ကြာလာတာနဲ့အမျှ ခက်ခဲလာတယ်။

လူတွေဟာလည်း ကိုယ့်ရဲ့အဆင့်အတန်းကို မသိစိတ်ကနေ သတ်မှတ်ထားတတ်ကြတယ်လို့ ဆိုတယ်။
ကိုယ်က အရမ်းအောင်မြင်နေတဲ့အခါမှာ ကိုယ့်ကိုယ်ကို နံပါတ် ၁ ပဲလို့ သတ်မှတ်ထားတာပေါ့။
အဲ့ဒီအတွက်ကြောင့် အစားအသောက်ကောင်းကောင်းစားရမယ် (အောင်မြင်လို့ ငွေရှာနိုင်) ၊ နာမည်ကြီးတော့ မိန်းကလေးတွေကလည်း စိတ်ဝင်စားမယ်။
(စိတ်ကြောင့် ဒါတွေ ဖြစ်လာတာလို့ ပြောချင်တာမဟုတ်ပါ၊ အောင်မြင်လို့ ဒါတွေဖြစ်လာတာပါ)
ကိုယ်က အရမ်းအောင်မြင်တဲ့မိန်းမဆိုရင် ကိုယ့်ကိုသဘောကျတဲ့ ယောက်ျားတွေကို ခေါင်းခေါက်ရွေးလို့ရတယ်။ အခြားမိန်းမတွေကြားမှာလည်း ကိုယ်က ဆရာကြီးပဲပေါ့။

ကိုယ်က အောက်ဆုံးမှာပဲဆိုရင် နေစရာနေရာကောင်းကောင်းမရှိဘူး၊ အစားကောင်းတာ မစားရဘူး၊ ဒီတော့ ကျန်းမာရေးလည်း သိပ်မကောင်းတတ်ဘူး။
ငယ်ငယ်ရွယ်ရွယ်နဲ့ရောဂါပေါင်းစုံရပြီး သေနိုင်တယ်။ (ငွေကြေးမတတ်နိုင်လို့)
ပိုက်ဆံလေး နည်းနည်းရှိလာရင် ဆေးသုံးမယ်၊ Quality မကောင်းတဲ့အရက်တွေ သေအောင်သောက်မယ်။
ပြောချင်တာက သူတို့အတွက် ပျော်စရာရှားပါးလွန်းတဲ့ဘဝမှာ ကိုယ်တတ်နိုင်သလောက်လေး ပျော်စရာရှာတဲ့သဘောပါ။

ပြောချင်တာက ချမ်းသာတဲ့သူတွေက ပိုပိုချမ်းသာလာကြပြီး ဆင်းရဲတဲ့သူတွေက ပိုပိုဆင်းရဲလာကြတယ်ဆိုတာပါ။
ဒီတော့ 80/20 Rule အရဝင်သွားတာပေါ့။

ကိုယ့်ဘဝမှာ အရေးမကြီးတာတွေကို အချိန်ပေးတဲ့အခါ အရေးကြီးတာတွေ လွတ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီစာဖတ်ပြီး ကိုယ့်အတွက်အရေးကြီးဆုံး အရာတွေကို အလေးပေးနိုင်ကြပါစေခင်ဗျာ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started