Coffee သောက်ရမလား မသောက်သင့်ဘူးလား (သို့) Caffeine ဓာတ်နှင့်ကျန်းမာရေး

ကျနော် ငယ်ငယ်တုန်းက Health digest တို့လို စာစောင်တွေဖတ်ကြည့်ရင် သတင်းတွေမှာ တစ်ခုက coffee သောက်တာကောင်းပါတယ်လို့ သုတေသနတစ်ခုက သက်သေပြကြောင်းဆိုတဲ့ သတင်းတစ်ခုရယ်၊ coffee သောက်တာ မကောင်းဘူးဆိုတဲ့ သုတေသန သတင်းတစ်ခုရယ် အဲ့လို သတင်း၂ခု ပြိုင်တူဖတ်ခဲ့ရဖူးပါတယ်။

စိတ်ထဲမှာတော့ ဒီလူတွေက ဘာလဲပေါ့။ တစ်ဖွဲ့ကကောင်းတယ် ပြောပြီး နောက်တစ်ဖွဲ့က မကောင်းဘူးပြောတယ်။ ၂ခုလုံးကလည်း သုတေသနစာတမ်းတွေ ဆိုတော့ ဘယ်ဟာကို ယုံရမှန်းမသိဖြစ်ခဲ့ပါတယ်။ (ဘယ်လို သုတေသန စာတမ်းမျိုးကို ယုံသင့်လဲဆိုတာကိုတော့ ကျနော် နောက်မှ သပ်သပ်အကျယ်တဝင့်ရေးပါ့မယ်)

အခုတစ်ခေါက်ရေးမယ့်အကြောင်းအရာကတော့ Coffee သောက်ခြင်းနဲ့ coffee မှာပါတဲ့ caffeine ဓာတ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ရေးမှာဖြစ်ပါတယ်။

Caffeine ဓာတ်အကြောင်း

Caffeine ဓာတ်ကို coffee ကပဲရတယ်လို့ တချို့က ထင်ကြပါတယ်။ တကယ်တော့ caffeine ဓာတ်ဟာ coffee မှာ အများဆုံး ပါဝင်ပေမယ့် တခြား နေရာတွေမှာလည်း ပါပါတယ်။

ဥပမာအားဖြင့် ကိုယ်ကို active ဖြစ်အောင် သောက်တဲ့ ဆေးဝါးတွေ၊ ကျွဲရိုင်းတို့လို energy drink တွေ အချိုရည်တွေမှာလည်း ပါပါတယ်။ Coffee အမျိုးအစားအပေါ်မှာ မူတည်ပြီး ပါဝင်မှုနှုန်းလည်း ကွာပါတယ်။ အသေးစိတ်ကိုတော့ အောက်ကပုံမှာ ရှုစားနိုင်ပါတယ်။

Coffee သောက်တဲ့အခါ ပါဝင်တဲ့ caffeine ဓာတ်ကို အစာအိမ်နဲ့အူလမ်းကြောင်းက အကုန်အစင် စုပ်ယူနိုင်ဖို့အတွက် ၄၅ မိနစ်ကနေ ၁ နာရီအထိကြာတတ်ပါတယ်

ခန္ဓာကိုယ်ထဲကို စုပ်ယူပြီးတဲ့အခါ ရရှိတဲ့ caffeine ဓာတ်ရဲ့တစ်ဝက်ကို အသုံးချဖို့အတွက် အချိန် ၂ နာရီခွဲကနေ ၄ နာရီခွဲအထိ ကြာတတ်ပါတယ်။ ဆေးလိပ်သောက်တတ်တဲ့သူမှာတော့ caffeine ဓာတ်ကုန်တာ ပိုမှန်ပြီး သန္ဓေတားဆေးသောက်တဲ့သူမှာတော့ caffeine ဓာတ်ကုန်တာ ပိုကြာတတ်ပါတယ်။

Coffee ကိုအများစုက လန်းဆန်းတက်ကြွဖို့နဲ့ အာရုံစူးစိုက်မှုအားကောင်းစေဖို့ သောက်လေ့ရှိပေမယ့် အကျိုးအပြစ်မသိတဲ့အခါ အတိုင်းအဆမရှိဘဲ သောက်ဖြစ်ကြတာများပါတယ်။

Coffee သို့မဟုတ် caffeine ဓာတ် မှီဝဲခြင်းရဲ့ကောင်းကျိုးများ

(၁) ကျနော်တို့ ဦးနှောက်ကလပ်စည်း (brain cell) တွေမှာ adenosine လို့ခေါ်တဲ့ အာရုံကြောဆက်သွယ်ရေးဓာတုပစ္စည်း (neurotransmitter) ကို နေ့စဥ် ထုတ်လွှတ်ပါတယ်။ ဒီ Adenosine ဟာ ပင်ပန်းနွမ်းနယ်မှုကို အဓိကဖြစ်စေပါတယ်။ Caffeine ဓာတ်ဟာ ဒီ adenosine တွေကို ထွက်မလာအောင် တားဆီးပေးပါတယ်။ Caffeine မှာ သက်စောင့်ဓာတ်လို့ခေါ်တဲ့ antioxdiant တွေပါဝင်လို့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

(၂) Coffee သောက်ခြင်း caffeine ဓာတ်မှီဝဲခြင်းကြောင့် အာရုံကြောစနစ်ကိုပိုမိုအားကောင်းစေပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေမလုပ်ခင်မှာ coffee တစ်ခွက်သောက်ထားခြင်းဖြင့် ကြံခိုင်မှုပိုကောင်းစေပြီး မောပန်းနွမ်းနွယ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

(၃) Coffee ဟာ သွေးတိုးနေတာကိုလည်း သက်သာစေနိုင်ပါတယ်။ Polyphenols ဆိုတဲ့ဓာတ်ဟာ သွေးပေါင်ချိန် တိုးအောင် လုပ်ဆောင်တဲ့ adrenaline ဟော်မုန်းကို ခံနိုင်ရည်ရှိအောင်လုပ်ပေးတဲ့အတွက် သွေးတိုးရောဂါကို သက်သာစေပါတယ်။

(၄) Coffee ကို လိုအပ်တဲ့ ပမာဏအတိုင်း ချင့်ချိန် သောက်သုံးခြင်းအားဖြင့် စိတ်ကိုလည်း ပျော်ရွှင်စေသလို စိတ်ပူပန်တာ စိတ်ဓာတ်ကျတာတွေကိုလည်း သက်သာစေတဲ့အတွက် စိတ်ရဲ့ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

Coffee သို့မဟုတ် caffeine ဓာတ် ကိုအလွန်အကျွံ မှီဝဲခြင်း ဆိုးကျိုးများ

(၁) ည အိပ်မပျော်တာဖြစ်တတ်ပါတယ်။ caffeine ဓာတ်ဟာ လူကို တက်ကြွနေအောင် လုပ်ဆောင်ပေးတဲ့အတွက် coffee သောက်လို့ မျက်လုံးကြောင်တယ်ဆိုတဲ့ကိစ္စတွေ ဖြစ်တတ်ပါတယ်။ coffee သောက်ပြီး အိပ်မရတာမျိုးမဖြစ်ရအောင် coffee ဒါမှမဟုတ် caffeine ဓာတ်ပါတဲ့ အစားအစာတွေကို မအိပ်ခင် ည ၆ နာရီခြားပြီး စားသောက်သင့်ပါတယ်။ တချို့ကျတော့ coffee သောက်မှ အိပ်ပျော်တယ်ဆိုသူတွေရှိပါတယ်။ သိပ္ပံနည်းကျ အချက်အလက် ရှာမတွေ့ပေမယ့် လိုအပ်တဲ့ caffeine ဓာတ်ကို ရသွားတဲ့အခါ စိတ်ကျေနပ်မှု ရရှိသွားတဲ့အတွက် စိတ်ကြည်လင်ပြီး အိပ်ပျော်တယ်လို့ ယူဆလို့ရနိုင်ပါတယ်။

(၂) Caffeine ဓာတ်ဟာ ကိုယ်တွင်း calcium ဓာတ်ကို လျော့နည်းစေပါတယ်။ caffeine ဓာတ်ဟာ calcium ဓာတ်ကို စုပ်ယူသွားတဲ့အတွက် calcium ဓာတ်မရတဲ့အခါ အရိုးမှာ အာဟာရဓာတ်မရတာ အရိုးပွတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ coffee သောက်တဲ့အခါ နွားနို့ သို့မဟုတ် နို့မှုန့်ကို လက်ဖက်ရည်ဇွန်း ၂ဇွန်း စာ ခတ်ပြီး ဖျော်စပ်သောက်သုံးခြင်းဖြင့် calcium ဓာတ်ကို ပြန်ဖြည့်လို့ရပါတယ်။

(၃) Coffee အလွန်အကျွံသောက်တာကြောင့် စိတ်ဖိစီးမှုနဲ့ ရင်တုန်မှုကို တိုးစေပါတယ်။ caffeine ဓာတ်ဟာ နှလုံးကြွက်သားတွေကို အားပေးတာကြောင့် ရင်တုန်တာကို ဖြစ်စေနိုင်ပါတယ်။

အဲ့တာဆို coffee ကို ဘယ်လောက်သောက်ရမလဲ။ ဘယ်လောက်ဆို များလဲမေးစရာရှိပါတယ်။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ အပေါ်မှာရော နေရာဒေသအပေါ်မှာရော ကွဲပြားခြားနားမှုတွေရှိပါတယ်။ ဘယ်လောက်ပမာဏဟာ လိုတာထက်ပိုတယ်လို့ပြောဖို့ရာ ခက်ပါတယ်။

ဒါပေမယ့် European Food Safety Authority အဖွဲ့ကတော့ တစ်နေ့ကို 400 mg လောက်ပဲ caffeine ဓာတ်မှီဝဲ သင့်တယ်လို့ဆိုပါတယ်။ Coffee အနေနဲ့ဆိုရင်တော့ ၂ခွက်ကနေ ၄ခွက်အထိပဲ သောက်သင့်တယ်လို့ဆိုပါတယ်။ ခွက်ဆိုတာ ရိုးရိုး coffee ပန်းကန်လုံးကိုပြောတာနော်။ ဒီကဆရာသမားများက ဂျားခွက်ကြီးတွေကို တစ်ခွက်လို့ယူဆနေမှာစိုးလို့ :’)
ကိုယ်ဝန်ဆောင်သည်တွေမှာကတော့ ပမာဏတစ်ဝက်တိတိလျှော့ချသောက်သုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ caffeine ဓာတ်ကို ခန္ဓာကိုယ်ထဲက အသုံးပြုစွန့်ထုတ်ဖို့ ပိုကြာတတ်လို့ဖြစ်ပါတယ်။

အဲဲ့ဒီတော့ coffee သောက်တာကိုစွဲတတ်ပါသလားမေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ တကယ်စွဲပါတယ်။ မသောက်ရမနေနိုင်တာမျိုးတွေရှိပါတယ်။ ဒါပေမယ့် မူးယစ်ဆေးစွဲသလိုတော့လည်း မဖြစ်မနေစွဲလမ်းတာမျိုးတော့ မဟုတ်ပါဘူး။ Coffee စွဲနေလို့ဖြတ်ရင်တော့ အစပိုင်းမှာ ​စိတ်မကြည်လင်တာ၊ ခေါင်းကိုက်တာ၊ မူးတာ၊ မအီမသာဖြစ်တာမျိုးတော့ ၉ ရက် ၁၀ ရက်လောက်ခံရတတ်ပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင်တော့ Coffee သောက်တာ ကောင်းတယ် မကောင်းဘူးဆိုတာက လူတစ်ယောက်ချင်းအပေါ်မှာ မူတည်ပါတယ်။ ကိုယ် လိုအပ်တဲ့ပမာဏကို သောက်သုံးခြင်းဖြင့် ကျန်းမာတဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ကြည်လင် တက်ကြွမှုကို ရနိုင်ပါတယ်။ အလွန်အကြူးသောက်ရင်တော့ ကျန်းမာရေးအတွက်မကောင်းပါဘူး။ တန်ဆေးလွန်ဘေးဆိုသလိုပေါ့ဗျာ။

Bonus fact အနေနဲ့ တစ်ခုလောက်ပြောချင်ပါတယ်။ အရင်က coffee နဲ့ jelly ရောသောက်ရင် သေတတ်တယ်လို့ ပြောစကားရှိကြပါတယ်။ အခုတော့ အပြင်မှာ coffee အရသာ caffeine ဓာတ်ပါတဲ့ jelly တွေ ပေါ်နေပါပြီ။ ဆိုတော့ coffee နဲ့ jelly တွဲမစားသင့်ဘူးဆိုတာ တကယ်လား ဂျင်းလားဆိုတာ သိကြလောက်မယ်လို့မျှော်လင့်ပါတယ်။ မယုံဘူးဆိုရင်တော့ take your own risk ပါလို့ 😜

Ref: foodunfolded

Dr. Jason

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် ပျောက်ကွယ်ခြင်း

ပင်လယ်ဂဏန်း (Lobster) တွေဟာ နေဖို့ နေရာတစ်ခုအတွက် တိုက်ပွဲဝင်ကြရတယ်။
သူတို့နေရာကောင်းတစ်ခုကို ရထားရင် လိုချင်တဲ့သူတွေများတဲ့အတွက် အချင်းချင်းရန်ဖြစ်နေကြတာများတယ်။
နေရာကောင်းဆိုတာ ဘာလဲဆိုတော့ စားကျက်နဲ့နီးလေကောင်းလေပေါ့၊ ဂဏန်းမလေးတွေနဲ့ နီးလေကောင်းလေပေါ့၊ ကိုယ့်ကိုစားမယ့် သတ္တဝါတွေ ရန်က ကာကွယ်နိုင်လေကောင်းလေပေါ့။
ဒီတော့ နေရာကောင်းရဖို့က သူတို့အတွက် အဓိက အရေးကြီးဆုံးပဲ။

ကိုယ်က လိုချင်တဲ့သူတွေများတဲ့ နေရာတစ်ခုကို ရထားပြီးဆိုရင် စိန်လာခေါ်တဲ့ အထီးတွေရှိတယ်။
တချို့ကလည်း သွေးတိုးလာစမ်းကြတာပေါ့။

ဒီတော့ နေရာကောင်းကိုရထားတဲ့ ကောင်က စိန်လာခေါ်တဲ့ကောင်ကို ပညာပြရတာပေါ့။
ပထမအဆင့်အနေနဲ့ လက်မကြီးကို ထောင်ပြပြီး ညှပ်ပြတယ်၊ ရှေ့တိုးနောက်ဆုတ်နဲ့ ဟန်ရေးပြတယ်။ (လက်ဝှေ့သမားတွေလိုပေါ့)
တချိန်တည်းမှာပဲ စိတ်လာခေါ်တဲ့ကောင်ကို အရည်တစ်ခုနဲ့ လှမ်းပြီးပန်းလိုက်တယ်။

ဒီအရည်ထဲကနေ သူ့ရဲ့အရွယ်အစား၊ လိင်၊ ကျန်းမာရေးကောင်းမကောင်း၊ ခံစားချက် စတာတွေကို တဖက်ကောင်က သိနိုင်တယ်။
ငါက ကျန်းမာတယ်၊ အကောင်လဲကြီးတယ်၊ လတ်တလော Mood ကတော့ တင်းနေတယ်၊ မင်းမနာချင်ရင် လစ်လိုက်တော့ ဆိုတဲ့သဘောပါပဲ။
တဖက်ကကောင်က ခပ်သေးသေးပဲရှိတယ်၊ လာတဲ့ရည်ရွယ်ချက်ကလည်း သွေးတိုးစမ်းရုံလောက်ပဲဆို ဒီအဆင့်မှာတင်ပြတ်တယ်။
အနာမခံဘဲ ပြန်လှည့်သွားတာပေါ့။

တဖက်ကကောင်က အရွယ်အစားလည်း အတူတူလောက်ပဲ၊ Mood ကလည်း ဒေါသထွက်နေတာပဲဆိုရင်တော့ ချကြပါလေရော။
ဒါပေမယ့် ဟန်ရေးပြရုံပဲ။ အကဲစမ်းကြတာပေါ့။
တစ်ကောင်က ပြေးညှပ်ရင် တစ်ကောင်က နောက်ဆုတ်၊ နောက်ဆုတ်တဲ့ကောင်က တစ်ခါ ပြေးညှပ်တော့ ရှေ့တိုးတဲ့ကောင်က နောက်ပြန်ဆုတ်… ဒီလိုနဲ့ အချိန်တစ်ခု ကြာတဲ့အခါမှာ စိန်ခေါ်တဲ့ကောင်က သိလာတယ်။
မနိုင်လောက်ဘူးထင်ရင် အနာခံဘူး၊ လှည့်ပြေးတာပေါ့။
ဒီလောက် ခက်ခက်ခဲခဲ မချရမယ့် နောက်ကောင်တစ်ကောင်ကို ထပ်ရှာတာပေါ့။

ဒီလိုမျိုး ရှေ့တိုး၊ နောက်ဆုတ်ကာလမှာ နှစ်ကောင်လုံး မကြောက်သွားကြဘူးဆိုရင်တော့ တကယ်ဆော်ကြပြီ။
အဓိကက မှောက်လျက်လဲအောင် လှန်နိုင်ရင် ဆရာကြီးပဲ။ (Smackdown ပွဲတွေလိုပေါ့…)
လဲသွားရင် မသတ်ဘူး၊ လဲသွားတဲ့ကောင်ကလည်း ကြောက်ပြီး လှည့်ပြေးတာများတယ်။

တကယ်လို့ ၂ကောင်လုံးက အချင်းချင်းမလှဲနိုင်ဘူးဆိုရင်တော့ တစ်ဆင့်တက်ပြီး အသေဆော်ကြပြီ။
ကျိုးကျိုးကန်းကန်းတွေ ဖြစ်လာပြီ၊ သေတာလည်း ဖြစ်သွားနိုင်တယ်။

အသေဆော်တဲ့အချိန်မှာ မသေဘဲကျန်ခဲ့ပြီး ရှုံးသွားတဲ့ကောင်တွေက နောက်တစ်ခါ ဒီကောင့်ကို ထပ်ပြီးစိန်မခေါ်ရဲတော့ဘူး။
ဒါကို Dominant ဖြစ်တဲ့ ၂ကောင်ချတဲ့အခါမှာလည်း တွေ့ရတယ်။ ပြောချင်တာက ပွဲတိုင်းနိုင်ခဲ့တဲ့ Champion ၂ကောင် အချင်းချင်းချတဲ့အခါမှာ တစ်ကောင်က ရှုံးသွားရင် အဲ့ကောင်က ထပ်မချရဲတော့ဘူး။

ထူးခြားတာက ရှုံးသွားတဲ့ကောင်က သူအရင်က နိုင်ခဲ့တဲ့ကောင်တွေကိုပါ မချရဲတော့ဘူး။
ပညာရှင်တွေက လေ့လာလိုက်တော့ သူ့ရဲ့ဦးနှောက်က ပျက်သွားတယ်လို့ဆိုတယ်။ ပြောချင်တာက Dominant ဖြစ်တယ်ကွ ဆိုပြီး လက်မထောင်ခဲ့တဲ့ ဦးနှောက်က လက်အောက်ငယ်သားတစ်ယောက်ရဲ့ ဦးနှောက်လိုမျိုး ပြောင်းလဲသွားတယ်လို့ ဆိုတယ်။

ပြောချင်တာက ခုမှလာမှာပါ။ (ခုချိန်ထိ ဘာကိုဦးတည်ပြီးရေးနေမှန်း မသိဘဲ ဖတ်လာပေးတာ ကျေးဇူးပါ)
လူတွေမှာလည်း ဒီသဘောတွေရှိနေပါတယ်။
ငယ်ငယ်က အနိုင်ကျင့် (Bully) ခံရတဲ့ကလေးတွေ၊ စစ်ပွဲကပြန်လာတဲ့စစ်သားတွေ၊ Rape အလုပ်ခံရတဲ့ အမျိုးသမီးတွေ မှာ Post-Traumatic Stress Disorder (PTSD) ခံစားကြရတယ်။ (PTSD ဆိုတာ စိတ်ရောဂါတစ်ခုပါ)
ပြောချင်တာက ကိုယ့်စိတ်ကို လက်အောက်ငယ်သား တစ်ယောက်လို ဖြစ်အောင်၊ သေးသိမ်အောင် ချိုးနှိမ်လိုက်တဲ့အခါမှာ “ငါ” ဆိုတဲ့အသိပျောက်သွားတာမျိုးပါ

လူတွေသတိမထားမိဘဲ ပြောနေကြတာတစ်ခုရှိတယ်။
“ငယ်ငယ်က စာသင်ဖူးတဲ့ ဆရာကို လမ်းမှာပြန်တွေ့တယ်၊ ငါတော့ အရမ်းကြောက်သွားတာပဲ၊ ဆရာက အသက် ၇၀ လောက်ရောက်နေပေမယ့် ငယ်ငယ်ကလိုပဲ သူ့ကို ကြောက်တဲ့စိတ်က မကုန်သေးဘူးကွာ” လို့ ၄၀၊ ၅၀ အရွယ်ယောက်ျားကြီးတွေ ပြောတာ ကြားဖူးကြမှာပါ။
ဒါလည်း စိတ်ဒဏ်ရာတစ်မျိုးပါပဲ။

ကိုယ့်ရဲ့အသိမှာတော့ ပညာသင်ပေးနေတဲ့ဆရာ၊ အနန္တောအနန္တဂိုဏ်းဝင် ဆရာဆိုတော့ သူလုပ်တာမှန်သမျှ မှန်တယ်လို့ တွေးထားကြတာပေါ့။ အရှက်ကွဲအောင် ရိုက်လည်း ကောင်းစေချင်လို့ဆိုပြီး ကိုယ့်ဘာသာဖြေသိမ့်လိုက်တာပေါ့။ ဒါဟာ PTSD အဆင့်ထိမဖြစ်ပေမယ့် ဒီဆရာကို ပြန်တွေ့တဲ့အခါ ငယ်ငယ်ကကြောက်စိတ်ပြန်ဝင်လာတာပဲ။ ချစ်ကြောက်ရိုသေ ဆိုပြီးတော့တောင်ပြောကြသေးတယ်။

ကိုယ့်ကို အရှက်ခွဲဖူးတဲ့လူ၊ အနိုင်ကျင့်ဖူးတဲ့လူကို ပြန်တွေ့တဲ့အခါမှာ ပင်လယ်ဂဏန်းတွေလိုပဲ ကျွန်တော်တို့တွေ လက်အောက်ငယ်သားတစ်ယောက်လို ဖြစ်သွားတတ်ကြတယ်

ဒီလိုပဲ… ငယ်ငယ်က စဉ်ပေါ်မှာ သီချင်းတက်ဆိုတုန်း ဝိုင်းရယ်ခံလိုက်ရလို့ အဆိုဝါသနာကို စွန့်လွှတ်ခဲ့တဲ့သူတွေရှိသလို ကောင်မလေးတစ်ယောက်က လူသိရှင်ကြား ခါးခါးသီးသီးငြင်းခဲ့လို့ နောက်တစ်ယောက်ကို ဆက်မလိုက်ရဲတော့တဲ့ သူတွေလည်း ရှိတယ်။
ခဲမှန်ဖူးတဲ့လူတွေဟာ နောက်တစ်ခါ ထပ်ပြီး အကဲစမ်းဖို့ ကြောက်သွားတတ်ကြတယ်

လူတွေကတော့ ပင်လယ်ဂဏန်းလို ဦးနှောက်မသေးလို့ ဒီလိုမျိုး Fixed Pattern ထဲကနေ ရုန်းထွက်သွားနိုင်ကြတယ်။
စိတ်ကို ပြန်ပြင်ရတာပေါ့။
ဥပမာ Bully အလုပ်ခံရတဲ့သူဆိုရင် ဒီကောင်က သူ့ရဲ့ Insecurity တွေကို ငါ့ကို Bully လုပ်ရင်းနဲ့ ဖြေဖျောက်နေတာပဲလို့ တွေးလိုက်တာမျိုး၊
Rape အလုပ်ခံရတဲ့အမျိုးသမီးဆိုရင် ငါ့ရဲ့ ဖြစ်တည်ခြင်းတန်ဖိုးက ဒီကိစ္စနဲ့ဘာမှမဆိုင်ဘူးလို့ ပြန်တွေးတာမျိုးပေါ့။

ကိုယ့်ရဲ့ဖြစ်တည်မှုဟာ သူများတွေက သတ်မှတ်ထားတာ မဟုတ်တဲ့အတွက်ကြောင့် ကိုယ်လုပ်ချင်တာကို မကြောက်တန်းလုပ်နိုင်ဖို့ အရေးကြီးပါတယ်။
အဲ့ဒီလိုလုပ်နေတဲ့ကာလမှာလည်း အလှောင်ရယ်ခံရတာတွေ၊ Trauma ရသွားနိုင်တဲ့ အခြေအနေမျိုးတွေ ကြုံလာရမှာပါပဲ။
အဲ့ဒီအခါ ပင်လယ်ဂဏန်းတွေလို ခပ်ရှောင်ရှောင်ပဲနေလိုက်တော့မလား၊ ခါးကော့ ခေါင်းမော့ပြီး ရင်ဆိုင်မလား ဆိုတာကတော့ ကိုယ့်အပေါ်ဘဲ မူတည်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဗုဒ္ဓဟောတဲ့ ပျော်ရွှင်ခြင်းအတုယောင်တွေနဲ့ အနောက်တိုင်း စိတ်ပညာ စမ်းသပ်ချက်အဖြေများ

ဗုဒ္ဓဝါဒကို Physics နဲ့ချိတ်ဆက်ရေးတဲ့အခါ ဖတ်တဲ့လူများတဲ့အတွက် ဝမ်းသာမိပါတယ်။
ခုတော့ ဘာဆက်ရေးရမလဲ စဉ်းစားမရသေးလို့ ဒီခေါင်းစဉ်ကို ရေးလိုက်တာပါ။ ဒါက ငြင်းခုန်စရာသိပ်မရှိတဲ့ Topic မို့ အရင်လို “စိတ်ရှင်းရှင်းနဲ့ဖတ်ပါ” မပြောတော့ပါဘူး။ (မပြောတော့ဘူးဆိုပြီး ခုပဲ ပြောလိုက်ပါပြီ…)
အတွေးတစ်ခုတော့ ရသွားမယ်လို့ မျှော်လင့်ပါတယ်။

အင်္ဂုတ္တရနိကာယမှာတော့ ဒီလိုရေးထားပါတယ်။
“အို… ရဟန်းတို့၊ မြတ်စွာဘုရားတို့ ပွင့်ထွန်းလာလျှင်ဖြစ်စေ၊ မပွင့်ထွန်းလာလျှင်ဖြစ်စေ ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် အနိစ္စ (မတည်မြဲခြင်း)၊ ဒုက္ခ (ဆင်းရဲခြင်း)၊ အနတ္တ (အတ္တမရှိခြင်း) သဘောတရားအနေဖြင့်၊ သဘာဝနိယာမအနေဖြင့် တည်ရှိနေမည်သာတည်း။ ဤအမှန်သဘောကို မြတ်စွာဘုရားသည် သိမြင်တော်မူပြီးနောက် ထိုသဘောကို ဟောကြားတော်မူ၏၊ သင်ပြတော်မူ၏၊ မှန်ကန်ကြောင်း အတည်ပြုပေးတော်မူ၏။ ဤသို့ဖြင့် သင်္ခါရတရားတို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ထင်ရှားစေတော်မူ၏”

အနှစ်ချုပ်လိုက်တော့ အရာရာမတည်မြဲဘူး၊ ဘဝဟာ ဒုက္ခ ဆိုတာပါပဲ။
ဒီ Topic က ဘုန်းကြီးတွေဟောတဲ့ တရားတွေတိုင်းမှာ တွေ့နေရလို့ မြန်မာပြည်က လူတိုင်းရင်းနှီးပြီးသားဖြစ်မှာပါ။
ဒါပေမယ့် လူငယ်တွေအနေနဲ့တော့ ဒီသဘောကို သေသေချာချာ သဘောမပေါက်တတ်ကြပါဘူး။ (ကျွန်တော်အပါအဝင်ပေါ့)

အာရုံ ၅ပါး ပျော်ရွှင်မှုနောက်ကိုလိုက်တဲ့အခါ သောက်လေသောက်လေ ငတ်မပြေဆိုတဲ့ ဆားငန်ရည်လိုပဲ။
ဒီလိုတပ်မက်ခြင်းသံသရာက မဆုံးနိုင်တော့တဲ့အတွက် ဒုက္ခ (ဆင်းရဲခြင်း) ဖြစ်ရတယ်လို့ ဆိုတယ်။

ဒီတော့… ကိုယ်ကြိုက်တဲ့လူနဲ့အိပ်ချင်တာ၊ ကိုယ်ကြိုက်တဲ့မုန့်ကိုစားချင်တာ၊ ကိုယ်ကြိုက်တဲ့ဇာတ်လမ်းကို ကြည့်ချင်တာ၊ ကြိုက်တဲ့သီချင်းကို နားထောင်ချင်တာဟာ ဒုက္ခကို ဖြစ်စေသလားလို့ မေးစရာရှိလာတာပေါ့။
ဒုက္ခဆိုတာ ဆင်းရဲခြင်းဆိုတဲ့ အဓိပ္ပါယ်သာမက စိတ်ကျေနပ်မှုမရခြင်း၊ ပြည့်စုံတယ်လို့ မခံစားရခြင်း ဆိုပြီး ထပ်ထည့်ပေးရမှာပါ

ဒါကို မြင်သာအောင် Science ဘက်က ပြောချင်ပါတယ်။
Evolution နဲ့စလိုက်ချင်ပါတယ်။ သဘာဝတရားကြီးက ဒီလိုမျိုးဖြစ်အောင် “ဖန်ဆင်း” ထားတာပါ။ (မြင်သာအောင် ပြောလိုက်တာပါ၊ ဖန်ဆင်းတယ်ပြောလို့ သဘာဝတရားဆိုတာ ဖန်ဆင်းရှင်ပဲလို့ ပြောချင်တာမဟုတ်ပါ၊ သူက သက်မဲ့ဆိုတာ နားလည်စေချင်ပါတယ်)
သတ္တဝါတွေ မျိုးပွားချင်အောင် သူတို့လိင်ဆက်ဆံတဲ့အခါမှာ ပျော်ရွှင်ခြင်းဆိုတာ ဖြစ်လာအောင် လုပ်ပေးထားရပါတယ်။ ဒီအလုပ်ကို လုပ်ရင် ပျော်ရွှင်ရမယ်ဆိုတာကို သိနေတဲ့အခါ လုပ်မှာပါပဲ။
အစာစားတာလည်း ဒီလိုပါပဲ။ ကိုယ်နှစ်သက်တဲ့ အစာစားမိတဲ့အခါ ပျော်ရွှင်ခြင်းကိုဖြစ်စေလို့ အသက်ရှင်ဖို့အတွက် အစာစားပါဆိုပြီး ထွေထွေထူးထူး တိုက်တွန်းနေစရာမလိုတော့ဘူး။

ပြီးတော့… ပျော်ရွှင်ခြင်းက ကြာကြာခံလို့မရပါဘူး
တစ်ခါပဲ လိင်ဆက်ဆံပြီး တစ်သက်လုံးပျော်ရွှင်နေတယ်ဆိုရင် မျိုးဆက်တွေ ဆက်လက်ပြန့်ပွားနေရမယ်ဆိုတဲ့ သဘာဝတရားကြီးရဲ့ ရည်ရွယ်ချက်ပျက်သွားမှာပေါ့။
တစ်ခါစားပြီး တစ်သက်လုံးပျော်နေပြီဆိုရင် ထပ်မစားတော့ဘဲ ငတ်ပြီး ပျော်ပျော်ကြီးနဲ့ သေကုန်ကြမှာပေါ့။

နောက်ဆုံးတစ်ချက်က သတ္တဝါတွေအနေနဲ့ ဒါလုပ်ရင် ပျော်မှာပဲဆိုတာကိုသာ အာရုံစိုက်စေပြီး အပျော်ဆိုတာ ကြာကြာမခံပါလားဆိုတဲ့အချက်ကို မေ့ပျောက်နေစေတာပါ
ဒီ ၃ချက်ကို ခြုံငုံလိုက်ရင် ဗုဒ္ဓပြောတာကို အနည်းငယ်နားလည်သွားမယ်တော့ ထင်ပါတယ်။

ဒီတော့… လူသည်လည်း သတ္တဝါတစ်ကောင်ပဲမို့ ပျော်ရွှင်ခြင်းနောက်ကို တစိုက်မတ်မတ်လိုက်တတ်တာ မစမ်းပါဘူး။ ဒါပေမယ့် ဘဝမှာ ရာထူးတိုးရင် ပျော်မှာပဲဆိုပေမယ့် နောက်မှာပါလာမယ့် ခေါင်းရှုတ်ရမယ့်ကိစ္စတွေကို မမြင်ကြဘူး။
မုန့်စားလိုက်ရင် ပျော်မှာပဲဆိုပေမယ့် စားပြီးတဲ့အခါနောက်တစ်ခုထပ်စားချင်မှာကို မတွေးမိကြဘူး။ (ထပ်စားချင်ရင် ထပ်စားမှာပေါ့… မဟုတ်ဘူးလား၊ ဗိုက်ပြည့်တဲ့အခါ ရပ်သွားမှာပေါ့…)

ဒီလိုပျော်ရွှင်မှုကို ဖြစ်စေတာ Dopamine Hormone ကြောင့်ဆိုပြီး ပညာရှင်တွေကတော့ ပြောကြတယ်။
အဲ့ဒီတော့ မျောက်တွေနဲ့စမ်းသပ်လိုက်တာပေါ့။

စမ်းသပ်တာကတော့ မျောက်တွေကို ခေါ်လာပြီး အချိုရည်တိုက်တာပါ။ တစ်ချိန်တည်းမှာပဲ မျောက်တွေရဲ့ Dopamine ထွက်တဲ့ အာရုံကြောဆဲလ်တွေကို Monitor လုပ်နေတာပေါ့။
အချိုရည်လျှာပေါ်ကျလာတော့ ဒီဆဲလ်တွေ Activate ဖြစ်လာတာပေါ့။ (ပြောချင်တာက Dopamine ထွက်လာပြီ၊ ပျော်ရွှင်မှုရှိလာပြီ)

နောက်တစ်ခါကျတော့ မီးလင်းတာနဲ့ အချိုရည်ကျတာနဲ့ တွဲမိအောင် မျောက်တွေကို သင်ပေးထားလိုက်တယ်။ (ဒါကို တော်တော်များများက ခွေးကို ခေါင်းလောင်းတီးပြီး အစာကျွေးတာနဲ့ တူတာကို သိကြမှာပါ၊ Pavlov ရဲ့ Classical Conditioning လို့ခေါ်ပါတယ်)
ဒီတော့ မျောက်က မီးလင်းတာကို မျှော်နေတာပေါ့။ အဲ့ဒီအခါမှာ မီးလင်းလာတာနဲ့ Dopamine ကထွက်နှင့်နေပြီ၊ အချိုရည်မလာသေးဘူးနော်…။
အချိုရည်တကယ်လည်း ကျလာရော မျောက်မှာ Dopamine တွေပိုထွက်လာမယ်ထင်လား၊ လျော့ထွက်လာမယ်ထင်လား။ (ဒါက ဒီ Topic ရဲ့ အဓိက ပြောချင်တဲ့အချက်မို့ ဆက်မဖတ်ခင် စဉ်းစားကြည့်ပါ)

အချိုရည်တကယ်ကျလာတဲ့အခါမှာတော့ အချိုရည်ကို မျှော်နေတဲ့အချိန်ထက် Dopamine ထွက်တာ နည်းသွားပါတယ်။
ဒီတော့ ပျော်ရမှာကို စောင့်မျှော်နေတာက တကယ်ပျော်ရတာထက် ပျော်ရွှင်မှုကို ပိုဖြစ်စေတာပေါ့…။

ဒီအချက်ကို Buffet သွားစားတာနဲ့ ဥပမာပေးချင်ပါတယ်။ (မဆဲကြပါနဲ့ဦး၊ အခုသွားစားတာ မဟုတ်ဘူး၊ အရင်က စားတာကိုပြောတာပါ…)
မစားခင်တော့ ငါဘယ်လိုတွယ်ပစ်မယ်၊ ဗိုက်မပြည့်အောင် ဘယ်လိုလုပ်မယ်၊ ပေးရတာနဲ့ တန်အောင်စားမယ်ဆိုပြီး Strategy ကျကျ စဉ်းစားထားတာပေါ့။
တကယ်စားတဲ့အချိန်မှာ ပျော်စရာကောင်းတာက အစပိုင်းပါပဲ။ အလယ်လောက်ရောက်လာတဲ့အခါ ဗိုက်နည်းနည်းပြည့်လာတော့ ဗိုက်ချောင်အောင် ခဏပြန်စောင့်ရတယ်၊ စိတ်ထဲမှာလည်း ငါ တန်အောင် ဆက်စားရဦးမယ်… ဆိုတဲ့အသိကရှိနေတယ်။
အဆုံးနားမှာတော့ ဗိုက်ကပြည့်ကယ်နေပြီ၊ ခုနက စားချင်လှပါပြီဆိုတဲ့ BBQ တွေ၊ Hotpot တွေကို လှည့်တောင်မကြည့်ချင်တော့ဘူး၊ အအေးတွေလည်း မသောက်ချင်တော့ဘူး။
ဘာလုပ်ချင်လဲဆိုတော့ အဲ့ဒီဆိုင်ထဲမှာပဲ ကုတင်တစ်လုံးနဲ့ လှဲအိပ်ပစ်လိုက်ချင်တယ်။
အဲ့ဒီတော့ သေချာပြန်စဉ်းစားကြည့်တဲ့အခါ မစားရခင်အချိန်နဲ့ စပြီး စားတဲ့အချိန်က ပျော်စရာအကောင်းဆုံးပဲ။
(ငါတို့ကတော့ နင့်လောက်မငတ်လို့ စ၊ လယ်၊ ဆုံး တပြုံးပြုံးပါပဲ ဆိုရင်တော့ မပြောတတ်ဘူးဗျာ…)

လူတွေက စောင့်မျှော်နေရတဲ့အချိန်မှာတောင် ဒီလောက်ပျော်နေရရင် တကယ့်လက်တွေ့လုပ်လိုက်ရတဲ့အခါ ဒီထက်ပိုပျော်ရမယ်ဆိုပြီး ထင်ကြတယ်။ ဒါကြောင့်လည်း ရှေ့ဆက်တိုးကြတာပေါ့။
သဘာဝတရားကြီးကတော့ သူ့ရဲ့တာဝန်ကျေသွားပြီလေ။ နောက်ဆက်တွဲ ပျော်ခြင်း၊ မပျော်ခြင်းဆိုတာ သူ့ကိစ္စမှ မဟုတ်တော့တာ။

ဒီတော့ တစ်နည်းနဲ့စမ်းကြည့်လို့ရတယ်။ ကိုယ်အရမ်းစားချင်တဲ့မုန့်တစ်ခုကို မစားခင် ကိုယ့်စိတ်ပျော်ရွှင်နေတာဟာ တကယ်မဟုတ်ဘူး… ငါ့ကို သဘာဝတရားကြီးက လှည့်စားနေတာ… ဒါဟာ အတုယောင်ကြီးပဲ ဆိုပြီး တွေးကြည့်လိုက်။
ပြီးရင် အဲ့ဒီစိတ်နဲ့ စားချင်တဲ့မုန့်ကို ကိုင်လိုက်၊ စားချင်စိတ်ရှိသေးရင် စားလိုက်၊ အရင်ကလောက် အရသာရှိသေးလား? အရင်ကလောက်တော့ အရသာမရှိတော့ဘူးထင်တယ်။ (ဒါကိုတော့ ဘာလုပ်လုပ် သတိလေးကပ်လို့ လူကြီးတွေက ပြောတတ်တယ်)

ဒီတော့ ဒီစာကို ဖတ်ပြီး ပျော်စရာတွေမှာ မပျော်ရတော့ဘူးလားလို့ မေးစရာရှိတယ်။ ငါစားချင်ရင် ဆက်စားမှာပေါ့၊ ငါအိပ်ချင်တဲ့လူနဲ့ အိပ်မှာပေါ့လို့ ပြောချင်မှာပါ။
ဒါဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေပါပဲ
ဒီအတိုင်း လုပ်ကိုလုပ်ရမယ်၊ အကြောင်းရင်းက “ဗုဒ္ဓက ဒီလိုဟောခဲ့လို့ကွ” ဆိုရင် ဗုဒ္ဓကို မယုံတဲ့သူတွေအတွက် ဒီစာက ဆေးခါးကြီးတစ်ခွက်ဖြစ်သွားမှာပါ။

ခုချိန်မှာတော့ စားချင်တာတွေ စားရလို့ အစွမ်းကုန်ပျော်နေသေးရင်၊ အိပ်ချင်တဲ့သူနဲ့ အိပ်ရလို့ အစွမ်းကုန်ပျော်နေသေးရင် ဒီစာက စာဖတ်သူအတွက် မဟုတ်နိုင်ပါဘူး။
ပျော်ရွှင်မှုကိုရှာရင်း ပျော်သင့်သလောက် မပျော်ဘူးလို့ ခံစားလာရတဲ့အခါ ဒီစာလေးကို သတိရပေးပါ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မင်းဂွတ်သီးကို သကြားနဲ့တွဲစားရင်သေတတ်တာဟုတ်လား အဖြေရှာကြခြင်း

ဒီတခါလဲ အများလက်ခံထားတဲ့ common belief လေးတခုအကြောင်း ဆွေးနွေးကြည့်ချင်ပါတယ်။

ဟိုတနေ့က အိမ်မှာ မင်းဂွတ်သီးစားကြတော့ အမြဲကြားနေကျစကားကို ထပ်ကြားရပြန်ပါတယ်။

“ဟိုကောင်လေး မင်းဂွတ်သီးစားပြီး သကြားမစားနဲ့နော်”
“နိဗ္ဗာန်ကိုရက်တိုတိုနဲ့ရောက်နေဦးမယ်”တဲ့။

အဲ့တာနဲ့ လူကစဥ်းစားမိပြန်ရော
တခြားအသီးတွေလဲ သကြားနဲ့တွဲစားနေတာပဲ…

ဘာလို့ ဒီမင်းဂွတ်သီးကျမှ သကြားနဲ့တွဲစားရင်သေတတ်တာလဲဆိုပြီး ရှာဖွေကြည့်မိပါလေရော…

လူကတော့ သိပ်မယုံချင်ဘူး။

Fruit ဆိုမှတော့ အသီးထဲမှာကိုယ်က သကြားဓာတ်ကပါပြီးသားပဲ အနည်းဆုံး Polysaccharide တို့ Sucrose တို့ Fructose တို့တော့ ပါမှာပဲ။

အိမ်သုံးသကြားဆိုတာလဲ ကြံကရတဲ့ Sucrose ပဲဆိုတော့ တွဲစားလို့ရမှာပါပေါ့။

အဲ့တာနဲ့ ရှာဖတ်မိတော့ ဒီမှာတင်မဟုတ်ဘူး၊ အာရှတိုက်ရဲ့နေရာတော်တော်များများမှာကိုက အဲ့လိုယုံကြတာဗျ။

အထူးသဖြင့် ကမ္ဘောဒီးယားမှာဆို ပညာတတ်တွေကအစ ဒါကိုယုံကြသတဲ့။

ဘာလို့ယုံတာလဲ အကြောင်းပြချက်မေးတော့ မဖြေနိုင်ပေမယ့် လူကြီးတွေပြောထားလို့ဆိုတာကြောင့် တွဲမစားကြတာပါ။

ဒါဆို တွဲစားပြီး အစာဆိပ်သင့်ပြီးသေသွားတဲ့သူမြင်ဖူးလားဆိုတော့လဲ မမြင်ဖူးကြပါဘူး။

ကဲ…ဒါဆို မင်း စမ်းစားပြလေ..ရော့…အင့်ဆိုပြီး စာရေးသူကိုလာပြောရင်လဲ အဲ့လိုတမင် သပ်သပ်ကြီးတော့ စမ်းကြည့်မိမှာမဟုတ်ပါဘူး။
(ဟဲဟဲ အဲ့သလို အဲ့သလို)

ဒါပေမယ့် Youtube မှာရော website တချို့မှာပါ တွဲစားပြထားတဲ့ video တွေရှိတယ်ဗျ။

ဒီတခုဆိုရင် ဦးလေးကြီးတယောက်က စားပြထားတာပေါ့။

အောက်မှာ ဝင်ကြည့်ကြည့်ပါ။ video အတိုလေးပါ။

https://m.youtube.com/watch?v=TC9JnIdtKsY

တချို့ကလဲ အဲ့ video က ၂ပိုင်းရိုက်ပြီးမှ ပြန်ဆက်ပြထားတာ တကယ်တမ်းစားတဲ့အခါ သကြားမပါတော့ဘူးဆိုပြီး comment မှာဝိုင်းပြောထားတာ ရှိတယ်ဗျ။

တချို့ဆိုဘာပြောထားလဲဆို
အဲ့ video တင်ပြီး သူသေသွားပြီတဲ့…ဒါနောက်ဆုံးတင်တဲ့ video ဆိုပြီးပါ ပြောကြတာပါ။

ကဲ….ခက်တော့ခက်နေပြီ။

အဲ့တာနဲ့ နောက်ထပ် video တခုထပ်တွေ့ထားပါတယ်။

ဒါကတော့ ဘိုလူမျိုး သံဃာတပါးက ဗမာလိုပြောပြီး တွဲစားလို့ရကြောင်း ရှင်းပြကာ ဘုန်းဘုန်းကိုယ်တိုင် ဘုဥ်းပေးပြထားတာပါ။

ဘုန်းကြီးကတော့ video အတုရိုက်ပြီး မလိမ်ညာလောက်ဘူးလို့ တွေးမိပါတယ်။

(Video အနောက်ပိုင်းမှာတော့ ဘုန်းဘုန်းက သားသတ်လွတ်စားဖို့ ပြောထားတာတွေပါနေမှာပါ။ ဒီအကြောင်းကတော့ ဒီမှာပြောတာနဲ့ မဆိုင်လို့ video အရှေ့ပိုင်းကိုပဲ ကြည့်ပေးရင်ရပါပြီ။)

https://m.youtube.com/watch?v=7J_B65s88Ug

ကဲ….ဒီလောက်ဆို မင်းဂွတ်သီးနဲ့သကြားကိစ္စကို
စာဖတ်သူတို့ အမှန်ကိုသိလောက်ပါပြီ။

ဒါပေမယ့် အမှန်ကိုသိတာကသိတာပါ။

မင်းဂွတ်သီးနဲ့ သကြားနဲ့ တွဲစားကြပါဟေ့လို့ ကျနော်ရေးလိုခြင်းမဟုတ်ပါ။

တွဲစားပါလို့လဲ မတိုက်တွန်းသလို….မစားရဘူးလို့လဲ မပြောပါဘူး။

ကျနော်ကိုယ်တိုင်လဲ တမင်ကြီးကို တွဲမစားပါဘူး။

လူကြီးတွေစကားက ဘာသိပ္ပံနည်းမှမကျဘူး။
ယုံမနေနဲ့ မှားနေတယ်လို့ ပြောလို့မရပါဘူး။

ဒီမှာ အဓိကပြောချင်တာက လူတွေရဲ့စိတ်နဲ့ ယုံကြည်မှုတခုက အသက်ရှင်သန်ဖို့အရမ်းအရေးကြီးတယ်ဆိုတာ ပြောပြချင်တာပါ။

လူကြီးတွေက တွဲမစားဖို့ပြောထားတယ်ဆိုတာကို ယုံကြည်ပြီး လက်ဆင့်ကမ်းကြတဲ့ common belief တွေက တကယ်တော့ သိပ်ဆိုးရွားတဲ့ကိစ္စမဟုတ်ပါဘူး။

အဲ့လို လူကြီးသူမတွေ အတွေ့ကြုံရှိတဲ့သူတွေရဲ့ စကားကို ယုံခဲ့လို့သာ လူသားတွေအခုထိ အသက်ရှင်နေကြတာလို့ မနုဿပညာရှင် (Anthropologist) တချို့က ဆိုပါတယ်။

လူကြီးသူမတွေရဲ့ စကားတွေက
သိပ္ပံနည်းကျမှန်ချင်မှ မှန်မယ်။

ဒါပေမယ့် survival value တော့ရှိခဲ့ပါတယ်။

သိပ္ပံပညာဆိုတာမပေါ်သေးခင်ကတည်းက လက်ဆင့်ကမ်းခဲ့တဲ့ ဘိုးဘေးတွေရဲ့စကားတွေက ရှိခဲ့တာမို့
လူသားတွေရဲ့ psychology မှာကိုက
ယုံကြည်မှုအတိုင်းအတာတခု ရှိကိုရှိပြီးသားပါ။

ဥပမာ ပုံပြင်တခုပြောပြပါမယ်။ ကြားဖူးလောက်မှာပါ။

ပင်လယ်ထဲမှာ မုန်တိုင်းကြမ်းနေတဲ့အချိန်မှာ
လှေတစီးပေါ်မှာ သင်ရောက်နေတယ် ဆိုပါတော့။

သင်နဲ့အတူ….
ပင်လယ်နဲ့အဏ္ဏဝါဗေဒမှာ ဘွဲ့တွေအများကြီးရထားတဲ့ သိပ္ပံပညာရှင်တဦးပါမယ်။

လှေနဲ့သင်္ဘောတည်ဆောက်ပြုပြင်ရေး အင်ဂျင်နီယာတယောက်ပါမယ်။

နောက်ဆုံးတယောက်ကတော့ ဘာအတန်းပညာမှမတတ်တဲ့ အဘိုးကြီးတယောက်ပါမယ်။

ဒါပေမယ့် အဲ့အဘိုးကြီးက နှစ်ပေါင်းများစွာ ရေလမ်းခရီးကို သွားလာလှော်ခတ်ပြီး အသက်မွေးနေတဲ့ ဒေသခံအဘိုးကြီးဖြစ်နေတယ်။

ကဲ….သင့်လှေရဲ့ လှော်တက်ကိုဘယ်သူ့ဆီအပ်ပြီး မုန်တိုင်းကိုဖြတ်ကျော်ကြမလဲ။

မင်းဂွတ်သီးကိုရော သကြားနဲ့တွဲစားမလား။

နောက်ဆုံးတော့ သင့်ရဲ့ ယုံကြည်မှုကသာ သင့်ရဲ့အဖြေပါပဲ။

Thanks for your time!

လင်းမူ

Credit အနေနဲ့ အောက်ကဆောင်းပါးထဲက အချက်အလက်တချို့ကို စာချောအောင်ရေးထားသည်များ ပါဝင်ပါသည်။

http://behdongkhmer.blogspot.com/2015/03/a-sweet-delicious-death.html

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Science Nuts များ သခွားသီးပြဿနာအဖြေရှာကြခြင်း (မြွေကျော်သီးတွေ ဘာလို့ခါး?)

ဟိုရက်ကပဲ စာဖတ်သူတယောက်က comment
လာမန့်ပြီး မေးခွန်းတခု မေးထားတယ်ဗျ။

သခွားသီးပေါ် မြွေတက်ရင် ခါးတယ်ဆိုတာ ဟုတ်လားပေါ့။

သူမေးတော့မှပဲ အိမ်ကအမေပြောတာ သတိရမိတယ်။ မြွေဖြတ်သွားလို့ မြွေလျှပ်ပြေးသွားလို့ သခွားသီးတွေခါးကုန်ပြီ လို့ ခဏခဏကြားဖူးတယ်။

ဒီလိုပဲ…ခပ်ပေါ့ပေါ့နေလိုက်မိတာ…

အခုတော့ စာဖတ်သူတွေမေးတော့မှ “ဟုတ်သားပဲ အဲ့တာဘာလို့လဲမသိဘူး” ဆိုပြီး စာရေးသူတယောက် ရှာဖွေဖတ်ရှုမိပါတော့တယ်။

ကဲ …သခွားသီးပြဿနာကို ဖြေရှင်းကြည့်ရအောင်လား။

သခွားသီးကို cucumber လို့ခေါ်ပြီး melon တို့ squash တို့စတဲ့ ဘူးဖရုံ၊ ဖရဲသီး တွေနဲ့ အမျိုးအရင်းကြီးဖြစ်ပါတယ်တဲ့။

သခွားသီးက အမျိုးအစား အများကြီးရှိတယ်ဗျ။
ကျနော် တွေ့သလောက် အမျိုး ၃၀ – ၄၀ လောက်ရှိပြီး တချို့ဟာတွေကပဲ စားလို့ကောင်းတာပါ။

သခွားသီးအမျိုးအစားပေါ်မူတည်ပြီး ခါးတဲ့အမျိုး မခါးတဲ့အမျိုးဆိုပြီး ရှိတယ်တဲ့။

ကျနော်တို့ စားနေတာက မခါးတဲ့အမျိုးပါ။
ဒါပေမယ့် သူလဲ ခါးလာတတ်ပါတယ်တဲ့။ ဘယ်လိုဖြစ်ရင် ခါးတတ်လဲပေါ့။

သခွားသီးကို ခါးစေတဲ့ဓာတ်ကို cucurbitacin လို့ခေါ်ပါတယ်။

အဲ့ cucurbitacin ဆိုတဲ့ဓာတ်က ပုံမှန်ဆိုရင် အသီးမှာမရှိဘဲ သခွားပင်ရဲ့ အရွက်နဲ့ ပင်စည်အကိုင်းအခက်တွေမှာပဲ ရှိတာပါ

အရွက်နဲ့ အကိုင်းအခက်တွေမှာ Cucurbitacin ဆိုတဲ့အခါးဓာတ်ရှိတဲ့အတွက် သခွားပင်ကို ပိုးကောင်တွေ တိရစ္ဆာန်တွေ လာမစားအောင် ကာကွယ်တဲ့သဘောပါ။

ပိုးကောင်တွေ တိရစ္ဆာန်တွေပေါများတဲ့နေရာမှာဆိုရင် အဲ့သခွားပင်က cucurbitacin အခါးဓာတ်ကို ပိုထုတ်လေဖြစ်ပါတယ်။

ဒီအချက်က စိတ်ဝင်စားစရာပါ။

ဘယ်အကောင်တွေပေါတဲ့ နေရာမှာဆိုရင် ပိုခါးတတ်လဲဆိုတော့ အများအားဖြင့် အပင်စားအကောင်လေးတွေပါ။

မြွေက သခွားပင်တော့ မစားပါဘူး။ အဲ့တော့ မြွေနဲ့ သခွားသီးခါးတာနဲ့က မဆိုင်လောက်ပါဘူး။

သို့သော် ဖြစ်နိုင်တဲ့ယူဆချက်တခုကတော့ (ကျနော့်အတွေးပါ)

သခွားပင်ကိုစားတတ်တဲ့အကောင်ထဲမှာ Vole လို့ခေါ်တဲ့ လယ်ကြွက်လို့ပဲခေါ်မလား ကြွက်လိုမျိုး တွင်းအောင်းအကောင်တွေ ပါပါတယ်

အဲ့တော့ လယ်ကြွက်ပေါတဲ့နေရာမှာ သခွားပင်က ပိုခါးတတ်ပြီး ကြွက်ရှိရင် မြွေဆိုတာလာမှာဖြစ်လို့
မြွေကြောင့် ခါးတာလို့ ထင်မြင်မိတာဖြစ်နိုင်ပါတယ်

ဒါကို ဆေးပညာမှာတော့ epiphenomenon လို့ခေါ်တယ်ဗျ။ (psychology အယူအဆနဲ့ နဲနဲကွာနိုင်)

ဥပမာပြရရင် မနက်စောစောထရင် အလုပ်ပိုပြီးတယ်လို့ဆိုကြတယ်။ ဒါပေမယ့် မနက်စောစောထလိုက်လို့ အလုပ်ပိုပြီးတာမဟုတ်ဘဲ စောစောထတဲ့လူမှာ motivation ပိုရှိနေတာ
ကြောင့် အလုပ်ပိုလုပ်ဖြစ်လို့ အလုပ်ပြီးတာပါ။

နောက်ဥပမာတခုကကျ
ပိုးသတ်ဆေးသောက်ရင် ရင်သားကင်ဆာပိုဖြစ်တယ်ဆိုတဲ့ ဥပမာပါ။

တကယ်တမ်းက ပိုးဝင်ရင် ယောင်ယမ်းမှုဖြစ်ပြီး ရင်သားကင်ဆာပိုဖြစ်တတ်တာပါ။

ပိုးဝင်တော့ လူတွေက ပိုးသတ်ဆေးသောက်မိတယ်။ နောက်တော့ ပိုးဝင်တာကိုမေ့သွားပြီး
ပိုးသတ်ဆေးသောက်မိတာကိုပဲ သတိထားမိတော့ ဆေးကြောင့် ရင်သားကင်ဆာဖြစ်တာလို့ထင်သွားပါတယ်။

(စကားချပ်။ အပေါ်က ရင်သားကင်ဆာကိစ္စက ဥပမာပေးတာပါ…တကယ့်ဆေးပညာအရ ပြောနေတာမဟုတ်ပါ။)

အဲ့လိုပဲ ကြွက်ကြောင့် သခွားပင်ပိုခါးတယ်… ကြွက်ကြောင့် မြွေလာတယ်။

ဒါပေမယ့် လူတွေရောက်လာတော့ ကြွက်ကပြေးပြီ or အစားခံလိုက်ရပြီဆိုတော့ မြွေပဲတွေ့တယ်။

အဲ့တာနဲ့ပဲ မြွေကြောင့် ခါးတယ်ထင်ကြတာလို့ ကျနော်တွေးမိပါတယ်။

စိုက်ပျိုးရေးသိပ္ပံက ကျွမ်းကျင်သူတွေကတော့ သခွားသီးခါးတာက

၁။ သခွားပင်က ရေကောင်းကောင်းမရလို့
၂။ နေသိပ်ပူလွန်းလို့
၃။ အာဟာရချို့တဲ့လို့
၄။ အပင်တွေပြည့်ကြပ်ပြီး အာဟာရကိုလုနေရလို့
၅။ stress တခုခုရှိလို့
(အံမယ် လူတွေလိုပဲ သခွားသီးကလဲ stress နဲ့ပဲ…
ဥပမာ ပိုးမွှားကျတာတို့
Cold stress ဆိုတဲ့ အပူအအေးမမျှတတာ)

စတာတွေကြောင့် ခါးတာလို့ ဆိုပါတယ်။

သခွားတပင်က ခါးတဲ့အသီးသီးပြီဆို နောက်ပိုင်းလဲဆက်ခါးတော့မှာမို့ အပင်ကိုနုတ်ပစ်လိုက်ရတတ်ပါတယ်တဲ့။

သခွားသီးမှာ cucurbitacin များလွန်းရင်း သိပ်ခါးလွန်းရင် မစားသင့်ပါဘူးတဲ့။ လူကို ပျို့အန်စေတတ်ပါတယ်တဲ့။

ကဲ….ဘာကြောင့်ပဲခါးခါး အခါးသက်သာအောင်ဘယ်လိုလုပ်ကြမလဲ။

အခါးဓာတ်က အကိုင်းကနေ အသီးထဲကိုကူးလာတာမို့ အကိုင်းနဲ့ဆက်နေတဲ့ အရင်းဖက်က ပိုခါးပါတယ်။

အဲ့တာကြောင့် အရင်းကို လက်တလုံး ၂လုံးလောက်ဖြတ်ပြီးမှ စားလဲရပါတယ်

နောက်ပြီး အခွံနဲ့ အခွံနားကပ်တဲ့အသားကလဲ ခါးတတ်တာမို့ အခွံခွာစားတာ နဲ့ အလယ်သားကိုပဲ လှီးစားလို့ရပါတယ်။

တလုံးလုံးခါးနေရင်တော့ မနှမြောနေပဲ လွှင့်လိုက်သင့်ပါတယ်တဲ့။ ဟင်းထည့်ချက်ရင် အဲ့ဟင်းပါ ခါးတူးသွားတတ်လို့ပါတဲ့။

ဆားနဲ့နယ်လိုက်ရင်လဲ ခါးတာသက်သာသလို သကြားသုတ်ရင်လဲ မခါးတော့ပါဘူးတဲ့ (မှန်လိုက်တာ အခုမှပဲသိတော့တယ်။)

နောက်ဆုံးအနေနဲ့ တချို့ခါးတာတွေက သခွားသီးကမခါးဘဲ စားတဲ့သူကိုက အခါးဆန်းဆန်းတင့် (sensitive) တဲ့သူဖြစ်ရင် ပိုခါးတတ်ပါတယ်တဲ့။

လူတယောက်နဲ့တယောက်မှာ အခါးဓာတ်ကိုအရသာခံတဲ့ taste bud တွေအရေအတွက်မတူလို့ လျှာမတူရင် ခါးတာကိုခံစားတာလဲမတူတတ်ပါဘူး။

အဲ့တော့ သင်တယောက်ပဲခါးနေပြီး ကျန်တဲ့အိမ်သားတွေက သိပ်မခါးဘူးဆိုရင် သင်ကိုယ်ကအခါးအရသာကို ပိုခံစားတတ်တဲ့သူဖြစ်လောက်မှာပါ။

ဒီလောက်ဆိုရင် သခွားသီးပြဿနာကို ချင့်ချိန်စဥ်းစားနိုင်လောက်ပြီထင်ပါတယ်ဗျ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started