ဘဝမှာ တစ်ခါလောက် မေးသင့်တဲ့ ဒဿနမေးခွန်း ၁၀ခု

၁။ ဘဝမှာ လက်ရှိအတွက် နေသင့်လား၊ အနာဂတ်အတွက် နေသင့်လား။

ဒီမေးခွန်းကို စိုးရိမ်ပူပန်မှုတွေဆီ ချဥ်းကပ်တဲ့အခါ မေးကြည့်သင့်ပါတယ်။

တချို့က ပျော်ပျော်နေကြတယ်။ တချို့က အနာဂတ်အတွက် တွေးပူနေကြပါတယ်။

တချို့က နောင် ၄၊ ၅၊ ၁၀နှစ်အတွက် ကြိုးစားပြီး ပစ္စပ္ပုန်ကို မေ့လျော့နေကြတယ်။ တချို့က လက်ရှိအတွက်ပဲ ကြိုးစားပြီး အနာဂတ်ကို ထည့်မတွေးပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းကြတယ်။

သင့်ကိုသင် ဒီမေးခွန်းပြန်မေးခြင်းအားဖြင့် သင့်ရဲ့ နေ့စဥ်ဘဝ၊ အလုပ်အကိုင်၊ မိတ်ဆွေများနဲ့ ဆက်ဆံရေး၊ ချစ်မှုရေးရာတွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ ကျွန်ုပ်တို့မှာ လွတ်လပ်သော စိတ်ရှိလား (သို့) ကိုယ်လုပ်ချင်တာ လုပ်လို့ရလား။

လုပ်ချင်တာ လုပ်လို့ရတာပေါ့လို့ မဖြေခင် အောက်က စာလေးကို စိတ်ရှင်းရှင်းထားပြီး ဖတ်ကြည့်ပါဦး။

မျက်နှာပြင်ခြောက်ခုပါတဲ့ အံစာတုံးကို ခေါက်ချလိုက်ရင် အဲ့ ၆ခုထဲက တစ်ခုခုပဲ ထွက်လာမှာပါပဲ။ ဘယ်ဂဏန်းပြီးရင် နောက်ဘယ်ဂဏန်းထွက်လာမယ်ဆိုတာကို ရှုပ်ထွေးတဲ့ algorithm တွေ သုံးပြီး ဖြစ်တန်စွမ်းအရ ခန့်မှန်းလို့ရနေပါတယ်။

ရူပဗေဒ ပညာရှင်တွေကလည်း Atom ထဲက Electron တွေရဲ့ရွေ့လျားမှုတွေဟာ ဖြစ်တန်စွမ်းကို သုံးပြီး ခန့်မှန်းလို့ ရတယ်လို့ ပြောထားတာ ရှိပါတယ်။

ဒါဆိုရင် အက်တမ်တွေ မော်လီကြူးတွေနဲ့ ဦးနှောက်ထဲမှာ သိစိတ်ဆိုတဲ့အရာက ရှိနေတာဆိုတော့ ကျွန်ုပ်တို့ တကယ်ပဲ လုပ်ချင်တာ လုပ်နေတာလား။ ခန့်မှန်းလို့ ရနေတာများလား။

၃။ အကြွင်းမဲ့အမှန်တရားဆိုတာ ရှိနိုင်သလား။

အကြွင်းမဲ့ အမှန်တရားဆိုတာ ဘယ်အချိန် ဘယ်နေရာမှာမဆို မှန်ကန်နေတာကို ပြောတာပါ။

ဥပမာ လူသတ်တာက မှားတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ဟစ်တလာတို့ စတာလင်တို့ လူသန်းပေါင်းများစွာ မသေဆုံးစေခင် သူတို့ကို ကြိုသတ်လိုက်ရင်ကော မှန်နိုင်မလား။ လုံးဝ မမှန်ပါဘူး။ အဲ့တာကြောင့် အကြွင်းမဲ့ အမှန်တရား ရှိလားဆိုတာကို မမေးခင် စဥ္းစားဖို့တော့ လိုနေပါပြီ။

၄။ သိစိတ် (Consciousness) ဆိုတာ ဘာလဲ။

လူလိုပဲ မျိုးစုံ ကြံစည်တွေးတောနိုင်တဲ့ စက်ရုပ်တစ်ခုအကြောင်း စဥ်းစားကြည့်ပါ။ သင်္ချာလည်း တွက်နိုင်မယ်။ လူတွေအိပ်သလိုလည်း သူ့ဘာသာသူ အားပြန်သွင်းနိုင်မယ်။ စိတ်ကူးတွေလည်း ယဥ်တတ်မယ်။ လူတွေကော စက်ရုပ်အချင်းချင်းကော ဆက်သွယ်နိုင်မယ် ဆိုပါစို့။ အဲ့စက်ရုပ်ကို သိစိတ် ရှိတယ် ပြောနိုင်မလား။

အဲ့စက်ရုပ်နဲ့ လူနဲ့ ကြားက ကွာခြားချက်က ဘာဖြစ်မလဲ။ အသားနဲ့ သတ္တုနဲ့ ကွာတာတစ်ခုတည််းတော့ မဟုတ်တော့ပါဘူး။

၅။ မနက်နိုးလာတာနဲ့ သင် ပထမဆုံး တွေးမိတာ ဘာဖြစ်မလဲ။

မနက်ဆိုတာ တစ်နေ့တာရဲ့ ဒုက္ခ သုက္ခတွေ မစရသေးတာမို့ စိတ်က အကြည်လင်ဆုံးလို့ ပြောကြပါတယ်။ ဒါကြောင့် မနက်နိုးနိုးချင်း ပထမဆုံးတွေးမိတဲ့ အရာက သင့်ဘဝမှာ အရေးအကြီးဆုံး အရေးအပါဆုံး အရာတွေပါ။ ဒါကြောင့် ဒီအရာတွေကို သတိကပ်ခြင်းဖြင့် ဘဝမှာ ဦးစားပေးရမယ့်အရာတွေ မှန်ကန်လာနိုင်ပါတယ်။

၆။ သင်ရဲ့ စံတန်ဖိုးတွေကဘာလဲ။ တကယ်ရော စစ်မှန်စွာ လိုက်နာနေရဲ့လား။

အခု ဒီမေးခွန်းကို မြင်တာနဲ့ပဲ ကမန်းကတန်း တွေးကြည့်လိုက်ပါလား။ ငါ့ရဲ့ စံတန်ဖိုးတွေက ဘာလဲ။

ရည်းစား ချောချောလေးလား။
တရားမျှတမှုလား။
ကိုယ်ပိုင်လွတ်လပ်ခွင့်လား။
ကျန်းမာရေးလား။
ဥစ္စာဓနလား။

ပြီးရင် နောက်တစ်ခု ထပ်မေးပါ။ ငါတကယ်လိုချင်တာကော ဟုတ်ရဲ့လား။ ဘယ်လောက်ထိ အဲ့အတွက် စစ်စစ်မှန်မှန် အားထုတ်နေပါသလဲ။

၇။ ဘဝကို ကိုယ်တိုင် တည်ဆောက်ခွင့်ရရင် ဘယ်လိုတည်ဆောက်မှာလဲ။

မေးခွန်းက တွေးကြည့်ရင် သိပ်ကို လွယ်နေမလားပဲ။ စျေးကြီးတဲ့ကား၊ များပြား ရှည်လျားတဲ့ ဘွဲ့တွေ၊ သိန်းထောင်ချီ တိုက်ခန်း၊ ကိုယ့်ကို သစ္စာရှိစွာ ချစ်မြတ်နိုးနေမယ့် ချစ်သူ စသဖြင့် အမျိုးမျိုး ရှိကြပါလိမ့်မယ်။

ဒါပေမယ့် ဒါတွေအားလုံးရပြီးရင်ကော ???

ဘာဆက်လိုချင်နေမှာလဲ။

၈။ တစ်ယောက်ယောက်ကို အကြံတစ်ခုပဲ ပေးရမယ်ဆိုရင် ဘာပေးမှာပါလဲ။

ဒီမေးခွန်းက ဘဝမှာ မိတ်ဆွေ သူငယ်ချင်းတွေ ကိုယ့်ဆီ ရင်လာဖွင့် အကြံဥာဏ် တောင်းတဲ့အခါ ပေးချင်တာတွေ စွတ်ပြုံမပေးမိဖို့ ရည်ရွယ်ပါတယ်။

ဘဝမှာ အရေးကြီးတာတွေ သိပ်များနေတဲ့အခါ သင်ပေးချင်တဲ့ အကြံကို ရှုထောင့်ပေါင်းစုံက ချဥ်းကပ်ပြနေလို့မရပါဘူး။

ကိုယ်ကျင့်တရားလား။
ချစ်ခြင်းမေတ္တာလား။
ပျော်ရွှင်မှုလား။

တခါတလေ တစ်ခုခုကို ရွေးလိုက်တာက ကျန်နှစ်ခုကို စတေးလိုက်ရတာ ဖြစ်နိုင်ပါသေးတယ်။

ပညာရှိရှိ ပေးကြပါ။

၉။ ဘဝမှာ ပျော်နေရင် ရပြီလား။

ပျော်ရွှင်မှုဆိုတာကို ပြုံးတာ၊ ရယ်တာ၊ ပွေ့ဖက်တာ၊ ခုန်ပေါက်တာ စတာတွေနဲ့ ပြသကြပါတယ်။ လိုချင်တာ ရရင်လည်း ​ပျော်ကြတာပါပဲ။

လူ့သက်တမ်း ၁၀၀ လို့ သတ်မှတ်ရင် အသက် ၂၀ အထိ နေပြီးတဲ့အခါ ဘယ်အရာက ကိုယ့်ကို ပျော်ရွှင်စေတာလဲ။ ပျော်ရွှင်ဖို့ ကိုယ်ဘာတွေ ဆက်လုပ်ရမလဲ ဆိုတာတွေကို သိအောင် ကြိုးစားသင့်ပါပြီ။

ပျော်နေရင်ရော ရပြီလားဆိုတာလည်း အချိန်ရရင် တွေးကြည့်ပါဦး။

၁၀။ လူတစ်ယောက်ဟာ ဘယ်လောက်ထိ လွတ်လပ်သင့်ပါသလဲ။

ကိုယ့်လွတ်လပ်ခွင့်ဆိုပြီး တစ်ဖက်သားကို ပုတ်ခတ် ပြောဆို နေတာတွေ သင်မြင်ဖူးပါသလား။ ကိုယ်တိုင်ရော ဒါငါ့လွတ်လပ်ခွင့်ပဲ လုပ်ချင်တာတွေ လုပ်နေမိလား။

အလုံးစုံ လွတ်လပ်ခွင့်ဟာ လူမှုရေးဝါစဥ် Social Order ကို ပျက်ယွင်းစေမယ်လို့ ယူဆကြပါတယ်။ သူ့ဆန့်ကျင်ဖက် လွတ်လပ်ခွင့် မရှိပြန်ရင်လည်း ဘာလုပ်လုပ် စောင့်ကြည့်ခံနေရတော့မှာပဲ။

ဒါကြောင့် ဒီအစွန်းနှစ်ဖက်ကြားမှာ ချိုမြိန်တဲ့ နေရာလေးတစ်ခု ရှိနေတာပါ။ သင့်ကိုသင် ဘယ်လောက်ထိ လွတ်လပ်ခွင့် ပေးထားသင့်လဲ။

ဖတ်ပေးလို့ ကျေးဇူးပါ။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 1)

အိပ်မက်အကြောင်းပြောကြရရင် လူတွေက တော်တော် စိတ်ဝင်စားကြပါတယ်။

အိပ်မက်တွေကလဲ တော်တော်ထူးဆန်းပြီး အခုထိကို သိပ္ပံနည်းအရ အဖြေရှာမရသေးတဲ့ ပုစ္ဆာတပုဒ်ပါပဲ။

ပိုထူးဆန်းတာက Lucid dreamer လို့ခေါ်တဲ့ အိပ်မက်မက်နေတာကို သိနေပြီး မိမိလိုသလို အိပ်မက်ကိုထိန်းချုပ်ခံစားနိုင်ကြတာပါ။

တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ပျော်စရာကောင်းလောက်တဲ့ကိစ္စမို့ လူတိုင်းလိုလို Lucid dreaming မက်ဖူးချင်ကြပါတယ်။

နာမည်ကြီးဇာတ်ကား inception ထဲမှာဆို Lucid dream ကို ဆေးနဲ့ induce လုပ်ပြီး အိပ်မက်ထဲမှာ လိုသလိုလှုပ်ရှားကြတာကို မြင်ဖူးကြမှာပါ။

သမိုင်းကြောင်းကိုပြန်ပြောရရင် ဟိုးခေတ်ကထဲက အာရှတိုက်မှာ Lucid dream ဆိုတဲ့ အယူအဆရှိခဲ့တယ်လို့ဆိုပါတယ်။

ဟိန္ဒူရှေးဟောင်းကျမ်းဂန်တွေမှာလဲ ပါသလို ဗုဒ္ဓဘာသာဆိုရင် တိဘက်ဘုန်းကြီးတွေရဲ့ကျမ်းစာတွေ ကျင့်စဥ်တွေထဲမှာလဲ ပါဝင်နေတယ်လို့ဆိုပါတယ်။

အနောက်တိုင်းမှာတော့ အိပ်မက်ကိုသိနေခြင်း၊ လိုသလိုထိန်းချုပ်လို့ရခြင်းဆိုတဲ့ အယူအဆကို ဂရိတွေးခေါ်ပညာရှင် အရဇ္စတိုတယ် (Aristotle) ကစတင် ပြောဆိုခဲ့တယ်လို့ ဖတ်ရပါတယ်။

တချို့ကလဲ ဒီလို အိပ်မက်ကိုထိန်းချုပ်လို့ရတာကို အယုံအကြည်မရှိဘဲ
“ဒီကောင်တွေ အလကား အထင်ကြီးအောင်ပြောနေတာ” လို့ တွေးခဲ့ကြပါတယ်။

ပိုဆိုးတာက Lucid dreaming မက်တဲ့သူတွေကို အောက်လမ်းအတတ် အကြားအမြင်အတတ်တွေနဲ့ ပတ်သက်နေတယ်လို့ ယုံမှားကာ စုန်းကဝေတွေလို့ ယူဆပြီး နှိမ်နင်းခံရတာတွေတောင် ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်း သိပ္ပံခေတ်ရောက်ပြန်တော့လဲ သိပ္ပံပညာရှင်တွေတချို့က ယုံတယ်။ တချို့က မယုံကြပြန်ပါဘူး။

တကယ် သူအိပ်မက်ကို ထိန်းလို့ရနေသလား…မရဘဲ ဂျင်းထည့်နေတာလားဆိုတာ စမ်းသပ်ရတာလဲ မလွယ်လှပါဘူး။

သူများအိပ်မက်ထဲလဲ ဝင်ကြည့်လို့မရ…
“ဟေ့ကောင် lucid dream မက်နေပြီဆို ငါ့ကိုပြန်ပြော”ဆိုပြီးလဲ ပြောခိုင်းလို့မရတော့ တော်တော်ခွကျတဲ့ကိစ္စဖြစ်နေပါတယ်။

နောက်တော့ သိပ္ပံပညာရှင်တွေက အိပ်စက်တဲ့အကြောင်းကို ပိုသိလာတယ်။

Sleep မှာ အဆင့် ၅ ဆင့်ရှိပြီး
မျက်စိမလှုပ်ရင် Non Rapid Eye Movement (NREM) လို့ခေါ်ပြီး မျက်စိလှုပ်ရင် Rapid Eye Movement (REM) လို့ခေါ်လိုက်တယ်။

အိပ်မက်မက်တယ်ဆိုတာ REM sleep မှာပဲ မက်တယ်ဆိုတာသိလာတယ်။

အဲ့တော့ သူတို့စမ်းသပ်မှုတခုလုပ်ကြတယ်။

Lucid dream မက်တတ်တဲ့သူတွေကိုခေါ်လိုက်တယ်။

ခေါ်ပြီး သူတို့ကိုပြောထားတယ်။

အိပ်မက်မက်ရင် ဘယ်ဘက်လက်သီးကိုဆုပ်လိုက်
ဖြန့်လိုက် ၂ ကြိမ်လုပ်ပြ။

ပြီးရင် အိပ်မက်ကိုထိန်းချုပ်လို့ရပြီဆိုရင် ညာဖက်ကို လက်သီးဆုပ်လိုက်ဖြန့်လိုက် ၁ကြိမ်လုပ်ပြလို့ မှာထားလိုက်တယ်။

ပြီးတော့ သူတို့ခေါင်းကို စက်တွေနဲ့ကဆက်သွယ်ထားပြီး အချိန်ပြည့် စောင့်ကြည့်နေတယ်။

သူတို့ကို အိပ်ခိုင်းလိုက်ပြီး အခြေအနေကို လေ့လာတဲ့အခါ……..

ဟုတ်ကဲ့… ဘာလက်သီးမှလဲ မဆုပ်ပြပါဘူး။ ဘာမှလဲ မဖြန့်ပြပါဘူး။

သိပ္ပံပညာရှင်တွေကလဲ ခေါင်းစားသွားပါတယ်။
ဘာမှလဲမဖြစ်ဘူးဆိုပြီး ကဲကဲ… ဟိုကောင်တွေ ထထဆိုပြီး အိပ်နေတဲ့သူတွေပြန်နှိုးကြတာပေါ့။

ပြီးတော့ ပြန်မေးရော…မင်းတို့ အိပ်မက်မမက်ကြဘူးလားဘာညာမေးတော့ Lucid dreamer တွေကသူတို့အိပ်မက်ထဲလဲရောက်တယ် အချက်လဲပြပါတယ်တဲ့။

တခုပဲ အိပ်နေတုန်းဆိုတော့ ခြေလက်တွေကလှုပ်မရလို့ လှုပ်လို့ရတဲ့ မျက်လုံးနဲ့ အချက်ပြထားပါတယ်တဲ့။

အဲ့တော့မှ သိပ္ပံပညာရှင်တွေက ကမန်းကတမ်း မှတ်တမ်းတင်ထားတာတွေ ပြန်စစ်ဆေးလိုက်တော့ အဟုတ်ပဲ…သူတို့ မျက်လုံးတွေကို ဘယ်ဖက်ကို ၂ကြိမ် ရွှေ့ပြထားတယ်။

နောက်နည်းနည်းကြာတော့ ညာဖက်ကို တစ်ကြိမ်ထောင့်ကပ်ပြီး အချက်ပြထားခဲ့ပါတယ်။

ပိုသေချာအောင်ဆိုပြီး Brain မှတ်တမ်းတွေကိုပြန်စစ်တဲ့အခါမှာလဲ သူတို့မျက်လုံးအချက်ပြတဲ့အချိန်မှာ သူတို့လက်ကို ထိန်းချုပ်တဲ့နေရာတွေမှာ brain ကပိုအလုပ်လုပ်နေတာကိုပြပါတယ်။

ဆိုလိုတာက အိပ်မက်ထဲမှာ လက်သီးလဲဆုပ်ပြတယ် ဒါပေမယ့် အပြင်မှာတော့ လှုပ်တာကိုမမြင်ရဘူး။
Brain ထဲမှာတော့ လက်လှုပ်ဖို့ ခိုင်းလိုက်တာကို မြင်ရတာပါ။
(ဆေးပညာထဲကစကားနဲ့ပြောရရင် upper motor neuron ကခိုင်းပေမယ့် lower motor neuron pathway ကိုမရောက်လို့ တကယ်လိုက်မလှုပ်တဲ့သဘောပါ။)

ဒီစမ်းသပ်ချက်ကနေစပြီး Lucid dream ဆိုတာတကယ်ဖြစ်နိုင်ကြောင်း လက်ခံခဲ့ကြပြီး Lucid dream လုပ်နိုင်တဲ့သူတွေကို လိုက်ရှာကြပါတယ်။

နောက်ပြီး သာမန်လူတွေကလဲ Lucid dream မျိုးမက်ဖူးချင်လာကြပါတော့တယ်။

နောက်တပိုင်းမှာ Lucid dream ကိုဘယ်လို လေ့ကျင့်လို့ရလဲဆိုတာ ဆက်ရေးသွားမှာမို့လို့ ဆက်စောင့်ဖတ်ပေးကြပါဦး။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အမျိုးအချင်းချင်း မိဘမောင်နှမအချင်းချင်း သွေးမလှူသင့်ဘူးဆိုတာ တကယ်လား?

ဒီစာကိုရေးရတာ စာဖတ်သူတွေသေချာမသိကြဘူးထင်လို့ ရေးလိုက်တာပါ။

အထင်အမြင်မလွဲဘဲ အဆုံးထိသေချာဖတ်ကြည့်ကြဖို့ ကြိုပြောပါရစေ။

စာဖတ်သူတို့ ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။

အရေးပေါ်သွေးလိုတဲ့အခါ မိဘမောင်နှမအမျိုးအချင်းချင်းဆီက သွေးကို မသွင်းသင့်ပါဘူးလို့ တချို့ဆရာဝန်တွေဖြစ်ဖြစ် အရပ်ထဲမှာဖြစ်ဖြစ် ပြောတတ်ကြပါတယ်။

အဲ့တာတကယ် ဟုတ်လား မဟုတ်ဘူးလားကို ဆေးပညာရှုထောင့်ကနေ တင်ပြသွားပါမယ်။

ပထမဆုံးအနေနဲ့ မိမိနဲ့ သွေးချင်းနီးတဲ့ ဆွေမျိုးတွေကို First degree relatives လို့ခေါ်ကြောင်း သိရပါမယ်။

မိမိရဲ့ အဖေအမေအရင်းရယ်၊ မောင်နှမ ညီအကို အရင်းအချာ တွေကို first degree relative လို့ခေါ်ပါတယ်။

အဒေါ်တွေ ဦးလေးတွေ မောင်နှမဝမ်းကွဲတွေကတော့ second degree relatives တွေပါ။

သွေးမလှူသင့်တာက first degree relative သွေးသားအရင်းအချာအချင်းချင်းပါ။

ဥပမာ သားသမီးက မိဘကို မလှူသင့်သလို မောင်နှမညီကိုအချင်းချင်းလဲ (ဖြစ်နိုင်ရင်) (အထူးသဖြင့် အရေးပေါ် ) မလှူသင့်ပါဘူး။

“ဟာ…ဘာလို့လဲပေါ့… ကိုယ့်အချင်းချင်းသွေးက ပိုသန့်တာပေါ့….ရောဂါပိုးလဲ စိတ်ချရသလို
ကုသိုလ်လည်းရမယ့် ကိစ္စကို” လို့ ဝိုင်းမပြောကြသေးခင် ဆေးပညာအရ လေ့လာကြည့်ရအောင်။

သွေးလှူတယ်ဆိုရင်
သွေးထဲမှာပစ္စည်း ၄မျိုးပါနေပါတယ်။

သွေးနီဥ (Red blood cell)
သွေးဖြူဥ (White blood cell)
သွေးဥမွှား (Platelets)
သွေးရည်ကြည် (Plasma) ဆိုပြီး ၄မျိုးလုံး လှူလိုက်တဲ့သဘောပါ။

အဲ့ထဲမှာ သွေးလိုတဲ့သူက သွေးနီဥကို အဓိကလိုတာပါ။ ကျန်တာသိပ်မလိုပါဘူး။

သွေးနီဥရရင် အသက်ဆက်ရှင်နိုင်ပါပြီ။

ဒါပေမယ့် သိပ်မလိုတဲ့ အရာတွေပါ ပါနေပါတယ်။

အဲ့ထဲမှာ သွေးဖြူဥတွေက စစ်သားတွေပါ။
ဒုက္ခပေးတာလဲ အဲ့ဒီ သွေးဖြူဥတွေပါပဲ။

ဘယ်လိုဖြစ်တာလဲရှင်းပြပါ့မယ်။

သွေးသွင်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲကို တခြားသူရဲ့ပစ္စည်းတခုဝင်လာတာပါ။ foreign body လို့သုံးပါတယ်။ သူစိမ်းရဲ့ သွေးရောက်လာတာမို့ body က စစ်သားနဲ့ ပြန်ချပါတယ်။

မိမိရဲ့ စစ်သားဆိုတာ မိမိကိုယ်ပိုင်သွေးဖြူဥကို ဆိုလိုပါတယ်။

ပြန်ချတဲ့အခါ သွေးအမျိုးအစားတူရင်တော့ ဝင်လာတဲ့ သွေးနီဥကိုမချဘဲ သွေးဖြူဥကိုသာချပါတယ်။

အဲ့တော့ သွေးအလှူရှင်ရဲ့ သွေးဖြူဥတွေကသေသွားပါတယ်။

Donar ရဲ့ သွေးဖြူဥကို သွေးသွင်းခံရတဲ့သူ (Recipient) ရဲ့ သွေးဖြူဥက ပြန်ချတာပါ။

ဆိုတော့ ဒီလိုဆို ဘာပြဿနာမှမရှိပါဘူး။ ဘာအန္တရာယ်မှလဲမပေးပါဘူး။

သွေးနီဥကိုလဲ မထိခိုက်လို့ လူနာလဲ လိုအပ်တဲ့သွေးကိုရသွားပါတယ်။

ဒါပေမယ့် တခါတခါကျရင် (Donar) သွေးအလှူရှင်ရဲ့ သွေးဖြူဥတွေက ပြန်ချမခံရဘဲ အသက်ရှင်လွတ်မြောက်သွားပြီး ဆက်တိုက်ပွားများပါတော့တယ်။

ပွားရင်းနဲ့ စစ်တပ်တခုစာလောက်ရလာပြီဆို သွေးသွင်းခံရတဲ့သူကို ပြန်တိုက်ခိုက်ပါတော့တယ်။

အဲ့လိုဖြစ်တာကို Transfusion associated Graft Vs Host disease (TAGVHD) လို့ခေါ်ပြီး သေဖို့ရာခိုင်နှုန်း ၉၀ နဲ့အထက်ရှိပါတယ်။

ဘာလို့ donar ရဲ့ သွေးဖြူဥတွေကို သွေးသွင်းခံရတဲ့လူရဲ့ သွေးဖြူဥကပြန်မချတာလဲဆိုတော့ ၂ ခုဖြစ်နိုင်နိုင်ပါတယ်။

ပထမအခြေအနေတခုက
သွေးသွင်းခံရတဲ့လူနာက ခုခံအားကျဆင်းနေလို့ စစ်သားတွေမရှိလို့ ပြန်မချနိုင်တာ။

နောက်အခြေအနေတခုက သွေးသွင်းခံရတဲ့သူရဲ့ သွေးဖြူဥတွေနဲ့ သွေးအလှူရှင်ရဲ့သွေးဖြူဥတွေက ဆွေမျိုးတွေဖြစ်လို့ ပုံစံတူနေတာပါ။

ပုံစံသွားတူနေတော့ “လူဆိုးကောင်၊ ပြန်ချရမယ့်ကောင်” လို့ မမြင်တော့ဘဲ အသာတကြည်လွှတ်ပေးမိလိုက်ရာမှ ဝင်လာတဲ့သွေးဖြူဥတွေက လူစုပြီး ပြန်ပုန်ကန်တာပါ။

ဒါက ရှားပါးတဲ့ဖြစ်စဥ်တခုဆိုပေမယ့်
ပုံမှန်လူတွေမှာ မိဘမောင်နှမအရင်းအချာ အချင်းချင်း သွေးသွင်းမိတဲ့အခါ မျိုးရိုးဗီဇကို share ထားကြတော့
သွေးဖြူဥတွေက ဆင်တူနေပါတယ်။

၁၀၀% အပြည့်အဝပုံစံတူနေရင် ကိစ္စမရှိပေမယ့် တဝက်တပျက် သွားတူနေရင် ပြဿနာရှိပါတယ်။

အသေးစိတ်နဲနဲပြောရရင် ပုံစံဆင်တူတယ်ဆိုတာ HLA လို့ခေါ်တဲ့ Human Leucocyte Antigen ဆိုတဲ့ဟာ ဆင်တူတာပါ။
(HLA အကြောင်းကိုတော့ ဆေးစာသင်နေတာမဟုတ်လို့ ချန်ထားခဲ့ပါမယ်။)

အောက်ကပုံကိုတချက်ကြည့်ကြည့်ပါ။

ဘယ်လိုဖြစ်နေလဲဆိုတော့ Donar ရဲ့ သွေးဖြူဥကို Recipient ဖက်က ကြည့်တဲ့အခါ ပုံစံတူနေလို့ ပြန်မချပါဘူး

ဒါပေမယ့် Recipient ရဲ့ သွေးဖြူဥကို Donar ဖက်က ပြန်ကြည့်ရင် တစ်ဝက်ပဲသူနဲ့တူပြီး နောက်တစ်ဝက်က မတူနေပါဘူး။

အဲ့တော့ ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး ပြန်ချလို့ TAGVHD ဖြစ်လာတာပါ။

သွေးသွင်းပြီး ချက်ချင်းတော့ လက္ခဏာမပြပါ။
သွေးဖြူဥတွေက လူအင်အားစုနေတဲ့အတွက် သွေးသွင်းအပြီး ၈ရက်ကနေ ၁၀ရက်လောက်မှာ အနီကွက်တွေထွက်လာမယ်။
ဖျားလာမယ်။
ဝမ်းလျှောလာမယ်။
နောက်ဆုံး အသည်းနဲ့ ရိုးတွင်းခြင်ဆီကို ထိခိုက်ပြီးသေဆုံးတတ်ပါတယ်။

ဒီလို TAGVHD ဖြစ်တာ တော်တော်ရှားပါတယ်
ဖြစ်ခဲ့ရင်လဲ ကုသလို့မလွယ်ဘဲ ချက်ချင်းအသက်ဆုံးရှုံးတတ်ပါတယ်။

ဒါကြောင့် First degree relative အချင်းချင်း အရေးပေါ် သွေးမလှူသင့်တာပါ။

ဒီနေရာမှာ ကြိုပြီး စကားခံထားပါရစေ။
အရေးပေါ်ဆိုတဲ့သဘောက ချက်ချင်းသွေးလိုလို့
သွေးကိုချက်ချင်းထုတ် လူနာကို ချက်ချင်းသွင်းရတာကိုပြောတာပါ။

အဲ့လိုမဟုတ်ဘဲ သွေးကိုထုတ်ပြီး ဓာတ်ရောင်ခြည်ပြတဲ့စက်နဲ့ Gamma radiation or X ray နဲ့ဖြတ်ပြီး သွေးဖြူဥတွေကို သတ်ပစ်လို့ရပါတယ်။

အဲ့လိုသတ်ပစ်ပြီး သန့်စင်သွားတဲ့ သွေးကိုသွင်းရင်တော့ ဘာအန္တရာယ်မှမရှိတော့ပါဘူး။

ဒါကြောင့် ချက်ချင်း အရေးပေါ် တိုက်ရိုက်ဆို တန်းမသွင်းသင့်ဘဲ သူများဆီကသာ အရင်အလှူခံသင့်ပါတယ်

အေးအေးဆေးဆေး ကြိုတင်ပြင်ဆင်ပြီးမှ
ခွဲစိတ်တဲ့ဟာမျိုးဆို လိုအပ်တဲ့သွေးကိုကြိုထုတ်ထားပြီး ဓာတ်ရောင်ခြည်ကြိုပြထားလိုက်ရင် မိဘမောင်နှမအချင်းချင်းလဲ စိတ်ချစွာ သွေးလှူလို့ရပါတယ်။

ဒါဆို မေးစရာရှိတာက Gamma radiation တွေ X ray တွေက သွေးနီဥတွေကိုရော မသေစေဘူးလားပေါ့။

သွေးနီဥတွေကို ပုံမှန်ဆို မထိခိုက်ပါဘူး… Oxygen လဲကောင်းကောင်းသယ်ပေးနိုင်ပါတယ်။

ဒါပေမယ့် သွေးနီဥရဲ့ နံရံက cell membrane ကိုတော့ အနည်းနဲ့အများထိခိုက်သွားလို့ သွေးနီဥထဲကနေ potassium တွေ စိမ့်ထွက်လာပါတယ်။

ဓာတ်ရောင်ခြည်ပြပြီးရင် ၂၈ရက်အတွင်း အဲ့သွေးကို သွင်းသင့်ပါတယ်။
သိမ်းထားတာကြာလေ potassium တွေများလာလေဖြစ်လို့ လူနာမှာ potassium ဆိပ်သင့်တတ်ပါတယ်။

အချုပ်အနေနဲ့ ပြန်ပြောပြရရင်

– သွေးကိုမလိုအပ်ဘဲ လုံးဝမသွင်းပါနဲ့။
– လိုအပ်လို့ သွင်းရမယ်ဆို သွေးအုပ်စု တူမတူအရင်စစ်ရပါမယ်။

  • သွေးအမျိုးအစားတူရင်တောင် စိတ်ချရတဲ့
    သူစိမ်းဆီက သွေးကို အရင်ဦးစားပေးသွင်းသင့်ပါတယ်
  • မိဘမောင်နှမအချင်းချင်း သွေးသွင်းတိုင်း ဖြစ်တယ်လို့ မဆိုလိုပါ။ ရှားတော့ရှားပါတယ်။
    ဖြစ်ချင်မှလဲဖြစ်မှာပါ။
    ဒါပေမယ့်ဖြစ်လာခဲ့ရင် သေဖို့များပါတယ်။
    ဒါကို သတိပြုမိစေချင်တာပါ။

ဒါကြောင့် သွေးရင်းချာဆီကသွေးဆို
ဘယ်တော့မှ တိုက်ရိုက်မသွင်းသင့်ပါဘူး။
ဓာတ်ရောင်ခြည်ပြဖို့ လိုပါမယ်။

စိတ်ချရတဲ့ (ရောဂါပိုးမရှိတဲ့) သူစိမ်း ရဲ့သွေး (သို့) Blood bank ကလာတဲ့ သွေးကိုပဲဦးစားပေးသွင်းသင့်ပါတယ်။ လုံးဝမရှိဘူး… ဘယ်သူမှလှူမယ့်သူမရှိရင်တော့ သွင်းရတော့မှာပါ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 2)

Moral Paradox နဲ့ ပတ်သက်လာရင် ရထားပြသနာက နာမည်ကြီးပါတယ်။ ရထားတစ်စင်းဟာ ရထားလမ်းပေါ်မှာ အရှိန်နဲ့ မောင်းနေလာပါတယ်။ လမ်းပေါ်မှာ လူ၅ယောက်ကို ကြိုးနဲ့ တုပ်ထားပါတယ်။ သင့်မှာ ရထားကို လမ်းလွှဲနိုင်တဲ့ ခလုတ်ရှိပါတယ်။ ဒါပေမယ့် ရထားကို လမ်းလွှဲရင်လည်း နောက်လမ်းမှာ လူတစ်ယောက်က ကြိုးနဲ့ တုပ်လျက်သား ဖြစ်နေပါတယ်။ ဆိုလိုချင်တာ လူ၁ယောက်နဲ့ ၅ယောက်ကို ရွေးရမှာပါပဲ။ သင်သာဆိုရင် ဘာကိုရွေးမှာပါလဲ။

နောက်တစ်ခုကလည်း ဒီရထား ပြသနာပါပဲ။ ဒီတစ်ခါကျတော့ ရထားဟာ ဂုံးကျော်တံတားအောက်က ဖြတ်လာနေတာ ဖြစ်ပြီး ရထားလမ်းမှာ ခုနက အတိုင်းပဲ လူ၅ယောက်ကို ကြိုးနဲ့ တုတ်ထားပါဦးမယ်။ သင်က တံတားပေါ်ကနေ ကျောက်တုံးကို ရထားပေါ် ပစ်ချလိုက်ရင် ရထားကို ရပ်လို့ရပေမယ့် တံတားပေါ်မှာ သင်နဲ့ ကျောက်တုံး အလေးချိန် ရှိတဲ့ လူဝကြီးပဲ ရှိပါတယ်။ သင် ရထားကို လွှတ်ပေးလိုက်မှာလား၊ လူဝကို စတေးခံပြီး ရထားကို ရပ်စေမှာလား။

နောက် Moral Paradox က သည်းခံခြင်း paradox လို့ သိထားကြပါတယ်။ Paradox က ဘာပြောလဲဆိုရင် “သည်းခံခြင်းက သည်းမခံခြင်းကို သည်းခံသင့်လား”တဲ့။

“သည်းခံခြင်းက သည်းမခံခြင်းကို သည်းခံနေတဲ့အခါ နောက်ဆုံးက သည်းမခံတတ်တဲ့သူတွေ အနိုင်ရပြီး သည်းခံနေတဲ့သူတွေ ပျက်စီးသွားတာနဲ့ ကြုံရနိုင်ပါတယ်”တဲ့။

အဲ့ဒါကြောင့် သည်းခံခြင်းဆိုတဲ့ ကိုယ်ကျင့်တရားက သည်းမခံခြင်းကိုတော့ သည်းမခံသင့်ဘူးလို့ ပြောကြပါတယ်။ ရှင်းရှင်းပြောရရင် နေရာတိုင်း လူတိုင်းကို သည်းခံလို့ မရဘူးလို့ ပြောချင်တာပါပဲ။ ဆိုလိုချင်တာ နေရာတိုင်းမှာ ကိုယ်ကျင့်တရားနဲ့ ညီလို့မရဘူးလို့ ပြောတာပါပဲ။

နောက်အခု လက်တွေ့ဘဝမှာ ကြုံနေရတဲ့ Body Shaming ပြသနာပါ။ Body Shaming ဟာ Morality နဲ့ ကိုက်ညီပါရဲ့လား။ ကိုယ်ကျင့်တရားနဲ့ မညီဘူးလို့တော့ အများစု ပြောဖို့ မျှော်လင့်ပါတယ်။

ဒါပေမယ့် လက်တွေ့လောကမှာ shame ချင်လို့ကို shame တာဆိုပြီး body shaming လုပ်နေသူတွေကို တွေ့နေရတာပါပဲ။ Shame သင့်တဲ့လူကို shame တယ်ဆိုပြီးလည်း shame နေကြတာပါပဲ။ ဒါဖြင့်ရင် Morality ဆိုတာ လုပ်ရပ်ကိုကြည့်ပြီး ပြောတာလား၊ လူပေါ်ကြည့်ပြောတာလား။

စိတ်ပါရင် ဒါကိုယ်ကျင့်တရားနဲ့ ညီပြီး မပါရင် မညီဘူးလို့ ပြောနေကြတာလား။ အဖြေက စာဖတ်သူတွေ ကိုယ်တိုင် ကိုယ့်ဆီမှာ ကိုယ်ပြန်ရှာကြည့်ရမှာ ဖြစ်ပါတယ်။

Moral Paradox နဲ့ ပတ်သက်ရင် ဆရာမ ဂျူးရဲ့ အဝါရောင်ရထားဆိုတဲ့ ဝတ္ထုတိုဟာ ပထမ ရထားပြသနာကို အခြေခံရေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတွေ အချိန်ရရင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒါဆိုရင် ကိုယ်ကျင့်တရားက ကျဆုံးနေပြီလား။ စာအုပ်ထဲမှာပဲ ရှိနေပြီး လက်တွေ့မှာ ကိုယ်ကျင့်တရားက သုံးစားမရတော့ဘူးလားဆိုတ​ဲ့ မေးခွန်းတွေ ​ရှိလာပါတယ်။

အဲ့လို မဟုတ်ပါဘူးတဲ့။ Consequentialism ဆိုတဲ့ ရလဒ်ကြည့်ဝါဒဆိုတာ ရှိပါသေးတယ်။ ရှုပ်သွားမလား မသိဘူး။ Philosophy ဆိုတာ အဲ့လိုပါပဲ။ ရှင်းနေတာကို ရှုပ်အောင် လုပ်တဲ့ ဘာသာလို့တောင် ပြောလို့ရပါတယ်။

ရလဒ်ကြည့်ဝါဒကိုတော့ စာရှည်မှာစိုးလို့ အကျဥ်းပဲ ပြောပါတော့မယ်။ သူ့နာမည်အတိုင်းပဲ လုပ်ရပ်တိုင်းအတွက် လုပ်နည်းလုပ်ဟန်နဲ့ လုပ်ရပ်ကို အဓိကမထားဘဲ ဘာဖြစ်လာမလဲဆိုတဲ့ ရလဒ်ကိုပဲ အဓိက ကြည့်တာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် မတရား စီးပွားရှာဖွေသူတွေ၊ ငွေမျက်နှာ တစ်ခုပဲ ကြည့်သူတွေဟာ Consequentialism ကို လိုက်နာသူတွေပါပဲ။ အဆိုးဘက်တော့ ရောက်နေပါတယ်။ ထို့အတူပဲ လူသတ်သမားကို သေဒဏ်ပေးတာ၊ သူခိုးဆီက ပြန်ခိုးတာ၊ လူလိမ်ကို ပြန်လိမ်တာတွေဟာ သေဒဏ်ပေးခြင်း၊ ခိုးခြင်း၊ လိမ်ခြင်းစတဲ့ လုပ်ရပ်ပေါ် မကြည့်ဘဲ ရလာတဲ့ ရလဒ်ကိုကြည့်ပြီး လုပ်ကိုင်ကြတာ ဖြစ်နေလို့ပါ။

နောင်များ အလျဥ်းသင့်ရင် Consequentialism ကို သေချာရေးပါဦးမယ်။ အခုတော့ Moral Paradox နဲ့ ခေါင်းမူးနေပြီမို့လို့ စာကို ရပ်ပါဦးမယ်။ Happy Reading !!!

Lucifer

Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 1)

Paradox နဲ့ ပတ်သက်ပြီး ယနေ့ခေတ် လူငယ်တွေ မစိမ်းလောက်ပါဘူး။ Grandfather paradox လို့ ခေါ်တဲ့ အချိန်ခရီးသွားတာနဲ့ ပတ်သက်ပြီး အဖိုးဝိရောဓိလို့ သိကြပါတယ်။ အကျဥ်းပြောရရင် အတိတ်ကိုသွား၊ အဖိုးကို သတ်လိုက်ရင် အဖိုးသေ၊ အဖေမရှိ၊ ကိုယ်လည်းမရှိရင် ကိုယ်လည်း မရှိနိုင်၊ မရှိရင် အတိတ်ကို သွားလို့မရ ဆိုတဲ့ ရှေ့နောက်မညီညွတ်မှုကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ ဆိုရရင် ဝိရောဓိဆိုတာ ရှေ့နောက်မညီညွတ်ခြင်းလို့ နားလည်ထားလို့ ရပါတယ်။

Morality လို့ ခေါ်တဲ့ ကိုယ်ကျင့်တရားကတော့ အတော် ကျယ်ပြန့်ပါတယ်။ လူမျိုး နိုင်ငံ ယဥ်ကျေးမှု မတူညီတာနဲ့အမျှ ကိုယ်ကျင့်တရားတွေကလည်း မတူနိုင်ဘူးလို့ ယေဘုယျ ယူဆလို့ရပါတယ်။

လူ့သမိုင်းမှာ ကိုယ်ကျင့်တရားဆိုတာ သက်ကြီး ဝါကြီးတွေကနေ တဆင့် ငယ်ရွယ်သူတွေကို လက်ဆင့်ကမ်း ခဲ့ကြတာပါ။ မလိမ်ညာနဲ့၊ ရိုးရိုးသားသားနေ၊ မျှတမှုကို မြတ်နိုး၊ မခိုးဝှက်နဲ့၊ ဥပဒေကို လိုက်နာ၊ စည်းကမ်းနဲ့ အညီ နေထိုင်၊ သပ်သပ်ရပ်ရပ်နေ စသဖြင့် လူကြီးတွေက ဆုံးမကြတာပါ။ ဒီဘက်အရှေ့ အာရှဘက်မှာတော့ ကိုယ်ကျင့်တရားဆိုတာ လူကြီးတွေ သွန်သင်တာထက်ကို ပိုပါတယ်။

ဘာသာတရားရဲ့ အဆုံးအမတွေ၊ ကျင့်ဝတ်တွေ၊ ယဥ်ကျေးမှု ထုံးတမ်းဓလေ့အထိကို စုပေါင်းထားပါတယ်။ ဒါကြောင့် လူတစ်ယောက်ကို ကိုယ်ကျင့်တရား ကောင်းတယ်လို့ ပြောလိုက်ဖို့က ဘယ်အချက်တွေကို ကြည့်ပြီးဆုံးဖြတ်မှာလဲဆိုတာ ဒဿနစာပေတွေမှာ ငြင်းခုန်စရာတွေ ဖြစ်လာပါတယ်။

သဘောတရားကြီး ပြောနေရရင် ပျင်းဖို့ကောင်းလို့ ဥပမာတွေနဲ့ ရှင်းပြချင်ပါတယ်။ ဆိုကြပါစို့၊ ခိုးဝှက် ဓားပြတိုက်တယ်ဆိုတာ ကိုယ်ကျင့်တရားအရ မလုပ်သင့်ဘူးလို့ လူတိုင်း လက်ခံကြပါတယ်။ ဒါပေမယ့် သူခိုးဆီက ပြန်ခိုးရင်ကော၊ ဓားပြကို ဓားပြ ပြန်တိုက်ရင်ကော ???

ဒါဟာ ကိုယ်ကျင့်တရား ဝိရောဓိပါပဲ။ ခိုးတာကို Morally ကိုယ်က လက်မခံပေမယ့် သူခိုးဆီက မခိုးသင့်လား၊ ခိုးသင့်လားမှာ တွေဝေရပါတယ်။ ကိုယ်တိုင် လုပ်ရမယ်ဆိုရင် Dilemma ဖြစ်တယ်လို့ ပြောကြပါတယ်။

ဒီနေရာမှာ အချို့က ငြင်းခုန်ကြပါတယ်။ သူခိုးဆီက ပြန်ခိုးပြီး ခိုးထားတဲ့ပစ္စည်းကို သူ့အကျိုးအတွက် မသုံးရင် ဒါလုပ်သင့်တယ်လို့ လက်ခံကြပါတယ်။ ဥပမာ Jesse James ကို ကြည့်ပါ။ Robin Hood ကို ကြည့်ပါ။ အဲ့ခေတ်အခါက သူတို့ ၂ဦးဟာ လူချမ်းသာတွေဆီက ရွှေငွေ ဓားပြတွေကို လုယူပြီး ဆင်းရဲသားတွေကို ပြန်လည်ဝေငှ ပေးလို့ လူအများက ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

နောက် ဥပမာတစ်ခုကို ဆက်ကြည့်ရအောင်ပါ။ လူသတ်သမား တစ်ယောက်ကို သတ်သင့်ပါသလားဆိုတဲ့ နောက်ထပ် Moral Paradox ပါ။ လူအများစုက လူသတ်တာကို Morally လက်မခံကြပေမယ့် လူသတ်သမားကိုတော့ သတ်သင့်တယ်လို့ ယူဆကြပါတယ်။ တချို့က လူသတ်သမားဟာ လူသတ်ပြီးပြီမို့ အသတ်ခံထိုက်တယ်ဆိုတဲ့ Hamurabi Code ကို မှီးပြီး ပြောကြပါသေးတယ်။

ဒါပေမယ့် လူသတ်သမားကို သတ်ရင်ကော လူသတ်သမား ဖြစ်လာနိုင်လားဆိုတဲ့ မေးခွန်းကလည်း Moral dilemma ရစေပါတယ်။ လူအများစုက လူသတ်သမားကို သတ်တာ လက်ခံပေမယ့် တကယ်ကိုယ်တိုင် မသတ်ကြပါဘူး။ ငါက လူသတ်သမားမှ မဟုတ်တာ ဆိုတဲ့ အကြောင်းပြချက် ပေးပါသေးတယ်။

ဒါကြောင့်ပဲ ကြိုးဆွဲသတ်တာ၊ လျှပ်စစ်ခုန်နဲ့ သေဒဏ်ပေးတာ၊ အာဏာပါးကွက်သားကို သတ်ခိုင်းတာ စတဲ့ တခြားလူကို လွှဲပြီး လုပ်ခိုင်းပါတယ်။

တချို့ကလည်း Morally Justified ဖြစ်အောင် အပြစ်ရှိသူကို အပြစ်ပေးတာ တရားတယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲကြပါတယ်။ ဒါကြောင့် ဝိရောဓိတွေဆိုတာ အဖြေရယ်လို့ သတ်သတ်မှတ်မှတ် မရှိပဲနဲ့ ဆွေးနွေးငြင်းခုံစရာအနေနဲ့ပဲ ရှိနေရတာ ဖြစ်ပါတယ်။

Part 2 မှာ စာပေထဲက Moral Paradox တွေ အကြောင်းကို ဆက်ရေးသွားမှာ ဖြစ်ပါတယ်။ Happy Reading !!

Lucifer

Design a site like this with WordPress.com
Get started