အများနဲ့တစ်ယောက် ယှဉ်လာရင် ဘယ်သူပြောတာ ယုံသင့်လဲ?

ကျွန်တော်တို့တွေ ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာမျိုး အခက်ကြုံဖူးကြမှာပါ။
ကိုယ်စိတ်ထဲထင်တဲ့အတိုင်း ဖြေရှင်းတတ်တဲ့သူတွေရှိသလို၊ တခြားသူတွေ ဘယ်လိုဖြေရှင်းနေလဲဆိုတာ စနည်းနာပြီး နည်းလမ်းရှာတတ်တဲ့ သူတွေရှိပါတယ်။

သေချာမလေ့လာဘဲ ကိုယ်လုပ်ချင်တာလုပ်လိုက်တဲ့အခါ စိတ်ရှုပ်ရတာ သက်သာသွားပေမယ့် အလျော်အစားတော့များပါတယ်။ အထူးသဖြင့် ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တဲ့အခါ ဒုက္ခပိုများသွားနိုင်ပါတယ်။
ဒါကြောင့် လူအများစုကတော့ ပြဿနာကို သူများတွေ ဘယ်လိုဖြေရှင်းလဲဆိုတာ လေ့လာတတ်ကြပါတယ်။

အဲ့ဒီမှာ ပြဿနာနောက်တစ်ခု ထပ်တက်ပါတယ်။
ကိုယ်မသိနားမလည်တဲ့ကိစ္စတစ်ခုမှာ အကြံဉာဏ်တောင်းမယ်ဆိုရင် လူအများစုက ဒါကိုလုပ်လို့ပြောပြီး အနည်းစုက ဟိုဟာကိုလုပ်လို့ ပြောရင် ဘယ်ဟာကို ယုံယုံကြည်ကြည်နဲ့လုပ်ရမလဲ ဆိုတာပါ။
တော်တော်များများကတော့ လူအများစု ပြောတာပဲ လုပ်မှာပေါ့လို့ ဖြေကြမှာပါ။

ဒါပေမယ့် မြန်မာစကားပုံမှာ အများညီရင် ဤကိုကျွဲဖတ်ဆိုတာရှိတယ်။
ဆိုတော့… လူအများက လက်ခံတိုင်း ဒီအမြင်တစ်ခုက အမှန်ဖြစ်သွားရောလား၊ လူနည်းစုတွေ ပြောတာရော အမှန်မဖြစ်နေနိုင်ဘူးလား

ဒီအမြင် ဘယ်ကစသလဲဆိုတော့ England မှာ ၁၉၀၀ ခုနှစ် ကျော်လောက်က သားငါးစျေးတစ်ခုမှာ လူတွေစုပြီး နွားတစ်ကောင်ရဲ့အလေးချိန်ကို ခန့်မှန်းတာကနေစတယ်လို့ ဆိုတယ်။
လူ ၈၀၀ လောက်က သူတို့ထင်တဲ့ အလေးချိန်ကို ချရေးကြတာပေါ့၊ ပြီးတော့ အကုန်လုံးကို ပျမ်းမျှယူလိုက်တယ်။
နွားကို တကယ်သတ်ပြီး ချိန်လိုက်တဲ့အချိန်မှာ ပျမ်းမျှအလေးချိန်နဲ့ အတော်လေးကို နီးနီးစပ်စပ်ရတယ်။
အဲ့ဒီတော့ တစ်ယောက်တစ်ပေါက်ပြောရင် လွဲနိုင်ပေမယ့် အများစုပေါင်းဆုံးဖြတ်ပြီး ကြားချလိုက်တဲ့အခါမှာ အမှန်နဲ့ အနီးစပ်ဆုံးအဖြေတစ်ခု ရနိုင်တယ်ဆိုပြီး ဖြစ်လာတယ်။

ဒီလိုဆိုရင်… အုပ်စုလိုက်ဆုံးဖြတ်တာက တစ်ယောက်တည်းဆုံးဖြတ်တာထက် အမှန်တကယ်ပဲ ပိုကောင်းနေလား?

ဒါကို မပြောခင် အုပ်စုလိုက်ဆုံးဖြတ်တဲ့အခါမှာ တစ်ယောက်စီက လွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်ရှိရမယ်လို့ အရင်ပြောလိုပါတယ်။ ဆိုလိုချင်တာက တစ်ယောက်ရဲ့ဆုံးဖြတ်ချက်က အခြားတစ်ယောက်ဆီမှာ လွှမ်းမိုးမှုရှိမနေဖို့လိုပါတယ်

ဥပမာပြရရင် ကိုယ်က လုပ်ငန်းရှင်တစ်ယောက်ဆိုပါစို့။
ဝန်ထမ်းအသစ်တစ်ယောက်ကို သူ့ Skill နဲ့အညီ လစာဘယ်လောက်ပေးသင့်လဲဆိုတာ ကိုယ့်ရဲ့အဖွဲ့နဲ့တိုင်ပင်ကြည့်တယ်။
“ငါကတော့ ၅သိန်းလောက်ပေးသင့်တယ်ထင်တယ်” ဆိုပြီး စဖွင့်လိုက်ရင် ဘာဖြစ်သွားမလဲ။
ကိုယ်တိုင်ပင်ဖို့ခေါ်ထားတဲ့လူတွေက Boss က ၅သိန်းဆိုတော့ ငါတို့လည်း ၅သိန်းပေါ့ ဆိုပြီး မဆန့်ကျင်ရဲတဲ့ သဘောမျိုးဖြစ်လာနိုင်တယ်။
ဒီလိုဆိုရင် အဖွဲ့နဲ့ဆုံးဖြတ်တာ ပိုမှန်တယ်ဆိုတဲ့အမြင်ဟာ မှားသွားပြီပေါ့။

တကယ်သာ အများသဘောတူတာ အမှန်လို့ လူတိုင်းက ယူဆခဲ့ရင် Harry Potter ဝတ္ထုကို ကျွန်တော်တို့ ဖတ်ခွင့်ရလိုက်မှာတောင်မဟုတ်ပါဘူး။
Harry Potter & The Sorcerer’s Stone ကို ထုတ်လုပ်ရေး ၁၂ ခုက ပယ်ခဲ့တာပါ။
ထုတ်လုပ်ရေးတစ်ခုကတော့ ဒီဝတ္ထုကို လက်ခံလိုက်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ ၈နှစ်သမီးလေးက ဒီစာအုပ်ရဲ့ အစကို ဖတ်မိပြီး အရမ်းကောင်းတယ်ပြောလို့ပါတဲ့။

ကိုယ်သာ သူ့နေရာမှာဆို ဘယ်အမြင်နဲ့ ရှေ့ဆက်မလဲ။
ကိုယ်လို ဝါရင့်၊ သဘာရင့် ထုတ်လုပ်ရေး ၁၂ ခုက တက်ညီလက်ညီ ပယ်ထားတယ်ဆိုတဲ့ အမြင်နဲ့ ရွေးမလား၊ ၈နှစ်ကလေးမတစ်ယောက်က သိပ်ကောင်းတာပဲဆိုတဲ့ အမြင်ကို လက်ခံမလား။
တော်တော်များများကတော့ အများညီညီညွတ်ညွတ်လက်ခံထားတဲ့ အမြင်ကို ရွေးလိုက်မှာပါ။

ကျွန်တော်တို့ရဲ့ အမြင်တွေအပေါ်ကို သူများတွေရဲ့အမြင်တွေ၊ ပတ်ဝန်းကျင် အခြေအနေတွေက လွှမ်းမိုးမှုတွေရှိနေတာပါပဲ။
နွားရဲ့အလေးချိန်ခန့်မှန်းတုန်းက ဒီနွားဘေးမှာ နွားပိန်လေးတစ်ကောင်ထားထားရင် လူတွေက နဂိုရှိတာထက်ပိုပြီး လေးတယ်လို့ ထင်ကြမှာပဲလေ။

လူအများက လက်ခံတိုင်းသာ မှန်တယ်လို့ ယူဆခဲ့ရင် မိန်းမတွေ ပညာသင်ခွင့်ရမှာမဟုတ်သလို၊ ကမ္ဘာကြီးလည်း ပြားနေဦးမှာပါ၊ LGBTQI ဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး။

ဒီတော့ လူများတိုင်းပွဲမစည်ဘူးဆိုရင် ဘယ်သူပြောတာကို အလေးပေးပြီး စဉ်းစားသင့်သလဲ ဆိုတာမေးစရာရှိလာတယ်။
ပညာရှင်တွေပြောတာကို အလေးပေးသင့်တာပေါ့လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီလိုဖြစ်မနေပါဘူး။

ဥပမာ သွေးတိုးလူနာတစ်ယောက်က သွေးပေါင်ချိန်ပုံမှန်ဖြစ်သွားပြီမို့ ဆေးဖြတ်ချင်တယ်ဆိုပြီး လာပြောတယ်ဆိုပါစို့။
ဆရာဝန်က သွေးတိုးကျဆေးကို အမြဲသောက်ရမယ်၊ သွေးပေါင်ပုံမှန်ဖြစ်နေလည်း ဆက်သောက်ရမယ် ပြောလိုက်တယ်။
Facebook ပေါ်မှာလည်း သူက ဘယ်လိုလုပ်ရမလဲဆိုပြီး အကြံတောင်းထားသေးတယ်။ (ထုံးစံအတိုင်းပေါ့…)
အဲ့ဒီမှာ တစ်ယောက်က ဆေးဖြတ်လို့ရတယ်၊ သူ့ဦးလေးလည်း ဆေးဖြတ်လိုက်တာ ဘာမှမဖြစ်ဘူး ပြောတယ်။
နောက်တစ်ယောက်ကလည်း ဆေးတွေဆက်သောက်နေရင် သွေးပေါင်တွေ ပြုတ်ကျကုန်လိမ့်မယ်၊ မြန်မြန်ဖြတ်ဆိုပြီးပြောတယ်။

အဲ့လိုမျိုး ဆေးဖြတ်ဖို့ တွန်းအားပေးတဲ့ Comment တွေမြင်သွားရင် လူနာအနေနဲ့ စဉ်းစားပြီပေါ့။ ဘယ်သူ့စကားကို ယုံရမလဲ?
ဆရာဝန်က ပညာရှင်ပေမယ့် ၁ယောက်တည်းပဲလေ၊ Facebook ပေါ်မှာ ဆေးဖြတ်ခိုင်းတဲ့လူတွေက ၁၀ ယောက်လောက်ရှိတယ်။
သင်္ချာလိုတွက်လိုက်ရင်တော့ ဆေးဖြတ်မယ်ကွာလို့ ဆုံးဖြတ်မိသွားနိုင်တယ်။

ဆုံးဖြတ်ချက်တွေကို ဒီလိုနည်းနဲ့ ချနေတာဟာ မကောင်းဘူး။
Facebook Group တွေလို လူတကာရေးချင်ရာ ရေးလို့ရနေတဲ့ နေရာမျိုးမှာ အကြံဉာဏ်တောင်းတာမျိုးထက် သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်တွေဦးစီးတဲ့ Page တွေမှာ မေးမြန်းသင့်တယ်။

လူအများစုသဘောတူတိုင်း မှန်တာမဟုတ်ဘူးဆိုတာ ၅လအတွင်း ရိုဟင်ဂျာတွေအပေါ်ကို မြင်ကြတဲ့ အမြင် ဆန့်ကျင်ဘက် ဖြစ်သွားတာက သက်သေပါပဲ။

ဒါကြောင့် ဆုံးဖြတ်ချက်ချမယ်ဆိုရင် Popular Opinion နောက်ကို မလိုက်မိဖို့လိုပါတယ်။ ဒီလိုပြောလိုက်လို့ လူအများသဘောတူလက်ခံတဲ့ စံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်မှာ နေသင့်တယ်လို့ အတွေးမမှားသင့်ပါ။
ကိုယ်တိုင် သေသေချာချာ လေ့လာဆန်းစစ်ပြီးမှ ဆုံးဖြတ်ချက်တစ်ခုကို ချသင့်ပါတယ်။

ဒီလို သေချာဆုံးဖြတ်တာတောင်မှ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာတယ်ဆိုရင် ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ ကိုယ့်ကြောင့်ပဲဆိုပြီး စိတ်ဖြေသာတာပေ့ါ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 3)

Lucid dream မက်အောင် နောက်ထပ်လေ့ကျင့်လို့ရတဲ့ နည်းလမ်းကတော့
MILD လို့အတိုကောက် ခေါ်တဲ့ Mnemonic induction of lucid dreams ဆိုတဲ့နည်းပါ။

ဒီနည်းကကျ စိတ်ကိုလေ့ကျင့်ပေးသလိုပါပဲ။
မိမိကိုယ်ကို အိပ်ခါနီး သတိပေးရပါတယ်။

“ငါအိပ်ပျော်သွားလို့ အိပ်မက်မက်တဲ့အခါ ငါသိနေမယ် မှတ်မိနေမယ်” စသဖြင့် ကိုယ့်ဘာသာ သတိပေးရင်း အိပ်သွားတာပါ။
(သိုင်းမချခင် အီးရားးးးဆိုပြီး ကီသွင်းသလိုပေါ့)

တရေးနိုးလာရင်လဲ ပြန်မအိပ်ခင် အဲ့လိုသတိလေးသွင်းရင်း ပြန်အိပ်သွားရင် dream ထဲရောက်တဲ့အခါ သတိရသွားဖို့ chance ပိုများတယ်လို့ဆိုပါတယ်။

တတိယနည်းကတော့ Wake back to bed (WBTB) လို့ခေါ်ပါတယ်။

သိပ္ပံပညာရှင်တွေတွေ့ရှိချက်အရ အိပ်မက်တွေက REM sleep မှာပဲမက်ပြီး ညနက်လာလေလေ မိုးလင်းခါနီးလာလေလေ REM sleep ကပိုပိုကြာလာတယ်လို့ဆိုပါတယ်။

ဆိုလိုတာက မိုးလင်းခါနီး မနက် ၃-၄ နာရီလောက်ဆို အိပ်မက်တွေကပိုကြာကြာမက်တယ်ပေါ့။

ဒီအချက်ကိုအခြေခံပြီး ဘာလုပ်လို့ရလဲဆိုတော့ မနက်အစောကြီး ၃နာရီလောက် alarm ပေးထားပြီး တရေးနိုးအောင်လုပ်လိုက်တယ်။ ပြီးတော့မှ အပေါ်က ပြောထားတဲ့ MILD method နဲ့ “ငါအိပ်မက်ထဲသွားတော့မယ်…ငါအိပ်မက်ထဲရောက်တော့မယ်” စသဖြင့် သတိပေးရင်း ပြန်အိပ်လိုက်တာပါ။

အဲ့လိုဆို မိုးလင်းခါနီး အိပ်မက်မက်တဲ့အခါ lucid dream ပိုမက်တယ်လို့ လေ့လာတွေ့ရှိချက်တွေကဆိုပါတယ်။

(ဒါကြောင့် တချို့ lucid dreamer တွေက တရေးနိုးပြီး ပြန်အိပ်ရင် lucid dream လိုလို ထပ်မက်လို့ရနေတာပါ။)

တချို့ကလဲ တရားထိုင်တဲ့အကျင့် (Meditation) နဲ့လဲ စိတ်ကိုကျင့်လို့ရတယ်လို့ဆိုပါတယ်။

အနောက်တိုင်းမှာတော့ Lucid dream ရအောင် စက်ပစ္စည်းတွေနဲ့ လုပ်ကြတာရှိပါတယ်။

ဒါကလဲ သိပ္ပံတွေ့ရှိချက်တခုကို အခြေခံထားတာပါ။

လူတွေအိပ်ရင်ဖြစ်ဖြစ် နိုးနေရင်ဖြစ်ဖြစ် brain ကို EEG ဆိုတဲ့စက်နဲ့တိုင်းရင် wave လေးတွေမြင်ရပါတယ်။

EEG ဆိုတာအောက်ကပုံလိုမျိုး တိုင်းတဲ့စက်ပါ။

ပုံမှန် မိုးလင်းလို့အလုပ်လုပ်နေရင် beta wave ထွက်ပါတယ်။

မျက်လုံးလေးခဏပိတ်ပြီး အနားယူလိုက်ရင် alpha wave ဖြစ်သွားပါတယ်။

အဲ့လိုပဲ lucid dream မက်တဲ့သူမှာဆို တအားမြန်တဲ့ Gamma wave ဆိုတာထွက်တယ်လို့ တွေ့ရှိတယ်။

အဲ့တော့ အဲ့လို gamma wave ရအောင် အပြင်ကနေ လှုပ်စစ်အပျော့စားနဲ့ လှုံဆော်ပေးရင် lucid dream ရနိုင်တယ်ဆိုပြီး လျှပ်စစ်ဦးထုပ်တွေ၊ မျက်မှန်တွေ ထွင်ပါတော့တယ်။

အဲ့ဦးထုပ်တွေဆောင်း ၊ မျက်မှန်တွေတပ်ပြီး အိပ်ရပါတယ်။ (တော်တော်လေး ကြောင်တဲ့အလုပ်ပါ…လွတ်လွတ်လပ်လပ်ကို မအိပ်ရဘူး)

အိပ်ပျော်သွားရင် REM Sleep ရောက်မရောက်
ဦးထုပ်ကစစ်ဆေးနေတယ်။ မျက်မှန်ဆိုလဲ မျက်လုံးလှုပ်နေပြီလား စစ်ဆေးတယ်။

REM sleep ထဲရောက်ပြီလို့ စက်ကသိရင် ဒီကောင်အိပ်မက်မက်နေပြီဆိုပြီး အပြင်ကနေ လျှပ်စစ်ခပ်ပျော့ပျော့ပေးလိုက်တယ်။

အဲ့လိုဆို brain က နဲနဲနိုးသွားပြီး (အရမ်းကြီးလဲနိုးလာလို့မရဘူး အဲ့ဦးထုပ်တွေ မျက်မှန်တွေနဲ့ တခါပြန်အိပ်နေရမယ်) dream ထဲရောက်နေတာသတိထားမိသွားမယ်ပေါ့

“ခင်ဗျားတို့လိုချင်တဲ့ lucid dreamကြီးရပါပြီပေါ့” ဆိုပြီး ကြော်ငြာထားပါတယ်။

ဒါတွေက တကယ်ရောဖြစ်နိုင်ရဲ့လား Gimmick (ဂျင်း) တွေလားဆိုတာတော့ စာရေးသူလဲမစမ်းဖူးလို့ မသိပါ။

သုတေသနတွေကတော့ ရတယ်ဘာညာရေးပေမယ့် စမ်းထားတဲ့သူကြည့်လိုက်တော့ ၅ယောက်လောက်နဲ့ပဲစမ်းထားတာမို့ ဘာမှယုံလို့မရပါဘူး။

ဝယ်စမ်းချင်ရင်လဲ စျေးကမသေးလှပါဘူး။ US dollar 200 တန်ကနေ ထောင်ဂဏန်းထိရှိတာမို့ (…ဟဲဟဲ ) ကိုယ့်ဘာသာပဲ လေ့ကျင့်ယူတာကမှ ဟုတ်တုတ်တုတ်ရှိဦးမယ်။

တချို့ customer တွေပြောတာတော့ စစချင်းစမ်းတဲ့အခါတော့ သိပ်မရပေမယ့် ကြာလာရင် ပိုရလာတယ်လို့ဆိုတယ်။

လုပ်ယူထားတဲ့ first experience ကတော့ lucid dream မက်ပေမယ့် ငါအောင်မြင်ပြီကွဆိုပြီး အရမ်းပျော်သွားလို့ excited ဖြစ်ကာ ပြန်နိုးလာပါသတဲ့။

နောက်ပိုင်းတော့ lucid dream တွေပိုမက်တယ်လို့ဆိုကြပေမယ့် (စျေးကြီးပေးဝယ်ထားမိလို့ မမက်လဲ ဟန်ပါပါနဲ့ ဂျင်းပြန်ထည့်နေတာလဲဖြစ်နိုင်) ကိုယ်တိုင်စမ်းကြည့်မှပဲ သိမှာပါ။

တချို့ဟာလေးတွေကတော့ အနံ့မွှေးမွှေးလေးထည့်ထားတဲ့ ဖယောင်းတိုင်တို့ ၊ ပန်းရနံ့တို့ ၊ မီးအိမ်တို့စသဖြင့် ရနံ့မွှေးမွှေးနဲ့ အိပ်စက်တဲ့အခါ lucid dream ရတယ်ဘာညာလဲရှိပါတယ်။

ကဲ….ဒီလောက်ဆိုရင် ၃ ပိုင်းခွဲပြီးရေးခဲ့တဲ့ lucid dream အကြောင်း အတော်လေးသိလောက်ပြီလို့ထင်ပါတယ်။

Lucid dream ကိုစမ်းကြည့်လေ့ကျင့်ကြည့်လို့
ရသလို တကယ့် lucid dreamer များကတော့ သူများနဲ့မတူ တမူထူးခြားတဲ့သူတွေဖြစ်ကြောင်း ပြောရင်း အဆုံးသတ်လိုက်ပါပြီဗျ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

နယူတန်မှ အိုင်းစတိုင်းသို့ (Gravity ပြဿနာဖြေရှင်းခန်း)

ဒီနှစ်ယောက်လုံး ဘယ်သူလဲဆိုတာ သိကြမှာပါ။ Physics မှာ သူတို့ Equation တွေကို ကျက်ပြီး ပုစ္ဆာတွေတွက်ခဲ့ရဖူးတာကိုး။
ဒါပေမယ့် ဘာရည်ရွယ်ချက်တွေရှိလဲ၊ ဒီ Equation တွေကို ဘယ်နေရာတွေမှာ သုံးလို့ရလဲ မသိခဲ့ပါဘူး။
ဒီလောက်ခမ်းနားလိမ့်မယ်လို့လည်း အတွေးမရှိခဲ့မိဘူး။
အခု ဒီလူတွေကပေးခဲ့တဲ့ သင်ခန်းစာတွေကို ပြန်လေ့လာကြည့်ကြတာပေါ့။ (ဆယ်တန်း Physics တွေပြန်ပြောမယ်ထင်ပြီး မဖတ်ဘဲမနေပါနဲ့ဦး… အဲ့ဒါတွေ ပြန်မထည့်ထားပါဘူး)

Newton & Einstein

နယူတန်က ၁၆၀၀ ခုနှစ်အကျော်နားက ပုဂ္ဂိုလ်တစ်ယောက်ပါ။ သူ့ကို ဘာသာရေးနဲ့ပတ်သက်ရင် အကဲဆတ်လွန်းတဲ့ ကာလတွေမှာ မွေးခဲ့တာပေါ့။
သူက Gravity (မြေဆွဲအား) အကြောင်းကို စပြီးဖော်ထုတ်ခဲ့တာပါ။ စာအုပ်တွေမှာပြောကြတာတော့ သူသစ်ပင်အောက်မှာ ထိုင်နေတုန်း ပန်းသီကြွေကြလို့ မြေဆွဲအားရှိကြောင်း တွေးမိသွားတယ်လို့ဆိုတယ်။
သေချာတွက်ချက်ပြီးတဲ့အခါမှာ သူ့ခေတ်သူ့အခါအတွက် တော်တော်ကြီးကို ရဲရင့်တဲ့ အဆိုတစ်ခု တင်သွင်းလိုက်တယ်။

ပစ္စည်းတွေကို မြေကြီးပေါ်ရောက်အောင်လုပ်နေတဲ့ အားနဲ့ လက ကမ္ဘာကို လှည့်ပတ်အောင်လုပ်ပေးနေတဲ့ အားနဲ့အတူတူပဲတဲ့။

ဆိုတော့… ဘုရားသခင်က ကမ္ဘာကြီးကိုဖန်ဆင်းတယ်၊ ဘုရားသခင်ကပဲ ဂြိုလ်တွေကိုလည်ပတ်နေစေတယ် စတဲ့ မသိတာမှန်သမျှ ဘုရားသခင်လုပ်တာလို့ ပုံချတတ်တဲ့ခေတ်မှာ သူ့ရဲ့အဆိုက Groundbreaking ပေါ့။
ခုခေတ် ပညာရှင်တွေက ဘယ်လိုပြောကြလဲဆိုရင် နေ့စဉ်ဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ မြင့်မြတ်တယ်၊ အံ့ဖွယ်ဖြစ်တယ် (Divine) ဆိုတဲ့ ကောင်းကင်ကြီးနဲ့ကြားမှာ တံတားထိုးပေးလိုက်တာပဲလို့ ဆိုတယ်။

သူ့ Equation ကိုတော့ ထည့်မရေးတော့ပါဘူး။ (သင်္ချာမြင်ရင် မကြိုက်တဲ့သူက လန့်တတ်လို့ပါ…)
ဒီ Equation ကိုသုံးပြီး လပေါ်ကို ၁၉၆၉ မှာ လူတွေရောက်ခဲ့တာပါ

ဒါပေမယ့် နယူတန်က Gravity Equation သာထုတ်လိုက်နိုင်တာ၊ Gravity ဘယ်လိုအလုပ်လုပ်မှန်း သူမသိခဲ့ဘူး။ အဲ့ဒီခေတ်က ပညာရှင်တွေလည်း မသိကြဘူး။
(ဘယ်လိုကြီးလဲလို့ တွေးမိသွားနိုင်ပါတယ်၊ သင်္ချာအရတွက်ထုတ်နိုင်လိုက်ပေမယ့် ဘယ်လိုအလုပ်လုပ်လဲ မြင်အောင် မတွေးနိုင်သေးတာပါ)

Solar System (According to Newton)

ဒီလိုနဲ့ နှစ် ၂၅၀ ကျော်ကြာတဲ့အခါမှာ အိုင်းစတိုင်းအလှည့်ရောက်လာတယ်။
အသက် ၂၆ နှစ်မှာပဲ အလင်းရဲ့အလျင်ဟာ စကြဝဠာကိန်းသေ (Universal Constant) ဖြစ်တယ်ဆိုတာကို သူသိလိုက်တယ်။ (စကြဝဠာကိန်းသေဆိုတာ စကြဝဠာရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် မပြောင်းလဲဘဲ ဒီတန်ဖိုးပဲရှိနေတာကို ပြောတာပါ)
အကြမ်းအားဖြင့် အလင်းက ၁စက္ကန့်ကို ၁၈၆၀၀၀ မိုင်ထက်ပိုမသွားနိုင်သလို၊ လျော့လည်းမသွားနိုင်ဘူး
အဲ့ဒီတွေ့ရှိချက်ကို ထုတ်ပြန်လိုက်တဲ့အခါမှာတော့ နယူတန်ရဲ့ Gravity နဲဲ့သွားငြိတော့တယ်…။

နယူတန်က ဥပမာတစ်ခုပေးပြီး Gravity ကိုရှင်းပြခဲ့တယ်။
ကျွန်တော်တို့ရဲ့ Solar System (နေနဲ့ ဂြိုလ် ၈ လုံး) ကိုမြင်ကြည့်ပါ။
အကြောင်းတစ်ခုခုကြောင့် နေလုံးကြီး ရုတ်တရက်ပျောက်သွားရင် သူ့ကို ဦးတည်လှည့်ပတ်နေတဲ့ ဂြိုလ် ၈ လုံးလည်း အာကသဲကို ချက်ချင်း လွင့်ပျံထွက်သွားမယ်လို့ ဆိုတယ်။

ဒါပေမယ့် ကမ္ဘာနဲ့နေ မိုင်ပေါင်း ၉၃ သန်းဝေးတယ်။ နေရဲ့အလင်း ကမ္ဘာကိုရောက်ဖို့ ၈မိနစ် ၂၀ စက္ကန့်ကြာတယ်ဆိုတာကို အိုင်းစတိုင်းက သိတယ်။ (အလင်းအလျင်က ဒီထက် ပိုမြန်မြန်သွားမရတော့ဘူး)
ဒါဆိုရင် Gravity က အလင်းအလျင်ထက်မြန်နေလို့ နေမရှိတော့တာနဲ့ ချက်ချင်းပဲ ဂြိုလ်တွေက လွင့်ကုန်တာလား ဆိုတာ အိုင်းစတိုင်းစပြီး ခေါင်းစားလာရတယ်။

၁၀ နှစ်လောက် ခေါင်းစားပြီးတဲ့အခါမှာတော့ ဒီကိစ္စအတွက်အဖြေကို သူရလာတယ်။
Gravity ကို နယူတန်မြင်သလို သူမမြင်တော့ဘူး၊ ပုံစံအသစ်နဲ့ မြင်လိုက်တယ်။
ဒါကို ဟင်းလင်းပြင်အချိန် (Space-Time) လို့ခေါ်တယ်။

Spacetime Illustration (ဇကာကွက်တွေက Spacetime ပါပဲ)

ဒီပုံတွေကို သာမန်လူတွေတောင် မြင်ဖူးနေမှာပါ။
သူ့ရဲ့ ယူဆချက်အရ ဟင်းလင်းပြင်အချိန်ဆိုတာ ကျွန်တော်တို့သိတဲ့ အလျား၊ အနံ၊ အမြင့် (3 Dimensions) ရယ် အချိန်ရယ်ပေါင်းထားတာပါ
အဲ့ဒီ ၄ခုကို ပေါင်းပေးထားတာကတော့ Gravity ပါ။ အဲ့လိုပေါင်းပေးပြီး ပြင်ညီစာရွက်တစ်ခုလို ဖြစ်နေစေတာပေါ့။

လေးပင်တဲ့ပစ္စည်းတစ်ခုကို တင်းနေတဲ့ပိတ်စတစ်ခုပေါ်တင်လိုက်ရင် ပိတ်စချိုင့်သွားတာကို မြင်ကြည့်ပါ။ ပိတ်စက ဟင်းလင်းပြင်အချိန်ပါပဲ။
အဲ့လို ပိတ်စချိုင့်သွားတဲ့ အနားကို ပုရွက်ဆိတ်တစ်ကောင်ဝင်လာရင် ချိုင့်နေတယ်ဆိုပြီး ခံစားရမှာပါ။ ဒါဟာ Gravity ပါပဲ။

မြင်အောင်ပြောရရင် လကလည်း ကမ္ဘာရဲ့ အချိုင့်ထဲမှာ ဝင်နေလို့ ကမ္ဘာကို ပတ်နေတာပါ။ ကမ္ဘာလည်း နေရဲ့အချိုင့်ထဲမှာ ဝင်နေလို့ နေကိုပတ်နေတာပါ။
နေကလည်း နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) ရဲ့အလယ်ဗဟိုက မဟာတွင်းနက်ကြီး (Supermassive Black Hole) ရဲ့အချိုင့်ထဲဝင်နေလို့ သူ့ကိုဦးတည်လည်ပတ်နေတာပါ။

အိုင်းစတိုင်းသီအိုရီအရဆိုရင် Gravity ဆိုတာ အားမဟုတ်ပါဘူး။ ဟင်းလင်းပြင်အချိန် (ပိတ်စ) ကွေးသွားလို့ (ချိုင့်သွားလို့) သူ့ဘေးက ဂြိုလ်တွေ (ပုရွက်ဆိတ်တစ်ကောင်) ခံစားလိုက်ရတဲ့ ခံစားချက်တစ်ခုပါ။

ဆိုတော့… အိုင်းစတိုင်းရဲ့ ဟင်းလင်းပြင်အချိန်ကို နယူတန်ဥပမာ ပြခဲ့တာနဲ့ ပြန်ပြကြည့်ချင်ပါတယ်။
နေလုံးကြီး ရုတ်တရက်ပျောက်ကွယ်သွားတယ်ဆိုပါစို့။ သူ့ကိုပတ်နေတဲ့ ဂြိုလ်ကြီး ၈လုံးက ချက်ချင်းပဲ အာကသထဲကို လွင့်စင်ထွက်သွားမှာ မဟုတ်တော့ပါဘူး။
ရေကန်ထဲကို ခဲလုံးပစ်ချလိုက်တဲ့အခါ လှိုင်းတွေဖြစ်လာသလိုပဲ အဲ့ဒီလှိုင်းတွေ ကမ္ဘာဆီကို ရောက်မှ ကမ္ဘာကို သူ့ရဲ့ပတ်လမ်းကနေ တွန်းထုတ်သွားမှာပါ။

တွက်ချက်ကြည့်တဲ့အခါမှာ အဲ့ဒီလှိုင်းတွေက အလင်းရဲ့အလျင်အတိုင်းပဲရွေ့တာဆိုတော့ အိုင်းစတိုင်းရဲ့သီအိုရီက မှန်နေတာပေါ့။

နယူတန်ရဲ့သီအိုရီမမှားခဲ့ပေမယ့် Gravity ဘာလဲ ဆိုတာကို အိုင်းစတိုင်းအလှည့်ရောက်မှ သေချာသိလိုက်ကြရတာပါ။
အိုင်းစတိုင်းကတော့ ဒါကို General Theory of Relativity လို့ခေါ်တယ်။
Time Dilation, Length Contraction အယူအဆတွေကလည်း ဒီကနေပဲစခဲ့တာပါ။
အာကသထဲမှာ တွင်းနက် (Black Holes) တွေရှိမှန်းလည်း သူ့ရဲ့တွက်ချက်မှုတွေအရသိရတာပါ။

Black Hole Anatomy Illustration

တွင်းနက်တွေရှိတာကို သိခဲ့တာ နှစ် ၁၀၀ လောက်ရှိပေမယ့် ၂၀၁၉ မှာမှ တွင်းနက်ရဲ့ဓာတ်ပုံကို ပထမဦးဆုံး ရိုက်ကူးနိုင်ခဲ့ပါတယ်။ (မြင်မှယုံမယ်ဆိုတာ သိပ္ပံမှာ လက်တွေ့မကျတော့ပါဘူး)

Real Photo of Blach Hole

ခုလောက်ဆိုရင် Gravity ပြဿနာဖြေရှင်းခန်းကို ကျေနပ်ကြမယ်ထင်ပါတယ်။ ၂၁ ရာစုမှာ အိုင်းစတိုင်းလို ပုဂ္ဂိုလ်မျိုး နောက်တစ်ယောက် ထပ်ရှိလာနိုင်ပါစေလို့လည်း မျှော်လင့်မိပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 2)

Lucid dreaming ကို သိပ္ပံပညာရှင်တွေကလက်ခံကြပေမယ့် ဘာလို့ lucid dream ဖြစ်ရတာလဲဆိုတာ သေချာမသိကြသေးပါဘူး။

Lucid dream တွေက ဘယ်လိုအသုံးဝင်သလဲ….ဘာတွေပိုထူးခြားလဲဆိုတာ လေ့လာနေဆဲပါ။

ကျန်းမာရေးအတွက်ရော ပိုကောင်းစေသလား ပိုဆိုးစေသလားကိုလဲ အခုထိ ငြင်းခုန်အဖြေရှာနေကြတုန်းဖြစ်ပါတယ်။

လေ့လာမှုတခုကဖော်ပြချက်အရ
အရွယ်ရောက်ပြီးသားသူတွေရဲ့ ၅၅% က ဘဝမှာ တကြိမ်တခါတော့ lucid dream မက်ဖူးပါလိမ့်မယ်တဲ့။

၂၃% လောက်ကတော့ တလတခါလောက်ကို lucid dream မက်တတ်ကြပါတယ်တဲ့။

သိပ်တော့မရှားလှပေမယ့် ပေါတော့မပေါလှပါဘူး။ တချို့ကလဲ မက်ဖူးသလိုရှိပေမယ့် သိပ်မမှတ်မိကြတာလဲဖြစ်နိုင်ပါတယ်။

ကဲ… ဟုတ်ပြီ Lucid dream ထဲမှာ
ဘာတွေလုပ်လို့ရလဲဆိုတော့….

တချို့က အိပ်မက်ဆိုး nighmare တွေမက်လို့နိုးလာရင်ပြန်အိပ်ပြီး အိပ်မက်ဆိုးကို happy ending ဖြစ်အောင်လုပ်လို့ရပါတယ်တဲ့။

အဲ့တော့ အိပ်မက်ဆိုးတွေကို ကုသလို့ရတဲ့နည်းတမျိုးဖြစ်လာပါတော့တယ်။

တချို့တွေကကျ အိပ်မက်ထဲမှာ တခုခုကိုလေ့ကျင့်နေလို့ရပါတယ်တဲ့။

ဥပမာ – သိပ္ပံပညာရှင်တွေစမ်းထားတာတခုက Lucid dream မက်နေတဲ့သူကို အပြင်ကနေ နည်းလမ်းတခုနဲ့အချက်ပြပြီး အပေါင်းအနုတ်လုပ်ခိုင်းတာပါ။ သင်္ချာတွက်ခိုင်းတဲ့သဘောပေါ့။

တချို့ အားကစားသမားတွေကျတော့လဲ သူတို့ရဲ့အားကစားကို Lucid dream ထဲမှာ လေ့ကျင့်ကြပြီး တကယ့်ပြိုင်ပွဲအစစ်လို ဖန်တီးကာ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်တတ်ပါတယ်တဲ့။

တကယ့်တကယ်ပြိုင်ပွဲပြိုင်ရတဲ့အခါ အတွေ့အကြုံကများနေပြီမို့ ကြောက်စိတ်နည်းသွားပါတယ်တဲ့။

တော်တော်တော့ ဆန်းကြယ်တဲ့ကိစ္စပါ။

တချို့ကျတော့ ကိုယ်အလည်သွားချင်တဲ့နိုင်ငံတွေကို lucid dream ထဲမှာ သွားလည်ကြပါသတဲ့။

အဲ့တာလဲတွေးကြည့်ရင် တော်တော်ထူးဆန်းတာပါ။ ကိုယ်မရောက်ဖူးတဲ့နေရာကို Brain ကကြိုသိမြင်နေတယ်ဆိုတာ နေရာဒေသကိုတော့ တနေရာရာမှာမြင်ဖူးထားရမယ်ထင်ပါတယ်။

Lucid dream မက်တယ်ဆိုတိုင်း ပုံစံမတူကြပါဘူးတဲ့။

တချို့က အိပ်မက်မက်နေတယ်ဆိုတာ သိရုံပဲသိလိုက်ပြီး ထိန်းလို့မရခင် ပြန်ပြန်နိုးသွားပါတယ်တဲ့။

Lucid dreamer တိုင်း အိပ်မက်ကို ထိန်းချုပ်လို့ရချင်မှရတာပါ။

အိပ်မက်ကို သူမက်နေတဲ့အတိုင်းလေးပဲ ခံစားစီးမြောပါသွားကြတာများပါတယ်တဲ့။

လိုသလိုထိန်းချုပ်နိုင်တယ်ဆိုရင်တော့ စာဖတ်သူက တော်တော်ရှားပါးတဲ့ Lucid dreamer တယောက်ပါပဲ။

တချို့ကျတော့လဲ ပြန်နိုးလာပြီးမှ အိပ်မက်ကိုစာရွက်ပေါ်မှာ ချရေးရပါတယ်။
ချရေးထားတဲ့ အိပ်မက်အကြောင်းကိုဖတ်ရင်း ပြန်အိပ်ရပါတယ်။
အဲ့လိုလုပ်မှ မက်ချင်တဲ့အိပ်မက်ကိုပြန်မက်ကြတာပါတဲ့။

Lucid dream အကြောင်းကတော့ ပြောလို့ကိုကုန်မှာမဟုတ်လို့ ခဏရပ်ထားပြီး

Lucid dream ကိုလေ့ကျင့်ယူလို့ရလား လုပ်ယူလို့ရလားဆိုတဲ့အပိုင်းကိုသွားရအောင်။

Inception ဇာတ်ကားထဲမှာတော့ ဆေးတမျိုးကိုသုံးပြီးမှ lucid dream ကိုဖန်တီးကြတာ မြင်ဖူးမှာပါ။

ရုပ်ရှင်ထဲမှာ သုံးတဲ့ဆေးနာမည်ကတော့ “Somnacin” လို့ခေါ်ပြီး သွေးကြောထဲကို တိုက်ရိုက် သွင်းရတာမျိုးပါ။
သုံးတဲ့စက်ကိုတော့ Portable automated somnacin Intravenous device လို့ခေါ်ပါတယ်။

လက်တွေ့ဘဝမှာတော့ အဲ့ဆေးက တကယ်မရှိပါဘူး။
ဒါပေမယ့် ဆင်တူတဲ့ ဆေးတမျိုးတော့ရှိပါတယ်။

အဲ့ဆေးကို Galantamine လို့ခေါ်ပြီး အဘိုးအဘွားတွေအသက်ကြီးလို့အတိတ်မေ့တဲ့ရောဂါ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) မှာသုံးတာပါ။

ဒါပေမယ့် အဲ့ဆေးကို သောက်သုံးရင် Lucid dream တွေမက်တယ်လို့ complain လုပ်ရာကနေ နာမည်ကြီးလာတာပါ။ တကယ်လဲ Lucid dream မက်နိုင်ခြေများလာတာက ဆေးရဲ့ side effect တခုဖြစ်ပါတယ်။

ဆေးနဲ့မဟုတ်ဘဲ တခြားလေ့ကျင့်လို့ရတဲ့ နည်းတွေရှိပါသေးတယ်။ အဲ့တာတွေကို နည်းနည်းစီပြောပြသွားပါမယ်။

ပထမနည်းလမ်းတခုကတော့
Reality testing လို့ခေါ်ပါတယ်။

ကိုယ့်ရဲ့တနေ့တာမှာ အားတဲ့အခါတိုင်း မိမိကိုယ်ကို
“ဒါအိပ်မက်လား လက်တွေ့လား” ပြန်ပြန် ဆန်းစစ်တဲ့အကျင့်မွေးရမှာပါ။

မိမိကိုယ့်ကိုယ် ထပ်ခါထပ်ခါ
မေးခွန်းတွေမေးကြည့်နေလို့ရပါတယ်။

“ငါအိပ်မက်မက်နေတာလားပေါ့” ပြီးရင် ပတ်ဝန်းကျင်မှာ တခုခုလွဲနေတာများရှိလား စစ်ဆေးကြည့်ပါ။ တခုခုလွဲနေတာတွေ့ရင် သင်အိပ်မက်ထဲရောက်နေတာဖြစ်နိုင်ပါတယ်။

အဲ့လို ဆန်းစစ်တဲ့ အကျင့်ဖြစ်အောင်မွေးထားရင် ညဖက်အိပ်လို့ အိပ်မက်ထဲရောက်ရင်လဲ အကျင့်ပါပြီး စစ်ကြည့်မိရင်း အိပ်မက်မက်နေတာကို ရိပ်မိသွားပါလိမ့်မယ်။

ဥပမာ inception ရုပ်ရှင်ထဲမှာဆို မင်းသား Leonardo က ဂျင်ကလေးကိုလှည့်ကြည့်ပြီး ဂျင်လည်တာရပ်သွားလား မရပ်ဘူးလားကို ကြည့်ရင်း အိပ်မက်လား လက်တွေ့ဘဝလား ဆုံးဖြတ်သလိုပေါ့။

ဂျင်ကအချိန်တန်လို့ရပ်သွားရင် လက်တွေ့ဘဝပေါ့။

မရပ်တမ်းလည်နေရင်တော့ အိပ်မက်ထဲရောက်နေပါပြီဗျာ။

အဲ့နည်းကို ဒီလို စမ်းကြည့်လို့ရပါတယ်။

စာရွက်ပေါ်မှာ စာတချို့ ချရေးထားပြီး ပြန်ပြန်ဖတ်ကြည့်တယ်

ဥပမာ – Science nuts လို့ရေးထားပြီး ခဏခဏဖတ်တဲ့အကျင့်လုပ်တယ်။

ဖတ်ရင်းနဲ့ ဖတ်ရင်းနဲ့ တချိန်ကျတော့ Ncience Suts လို့ပြောင်းလာတယ်။

ဒါမှမဟုတ် Nuts science လို့များပြောင်းလာတယ်ဆိုရင်တော့ မိတ်ဆွေ အိပ်မက်ထဲရောက်နေပါပြီဗျာ။

နောက်တခု စမ်းကြည့်လို့ရတာက ပါးစပ်ပိတ်ပြီး လေမှုတ်ကြည့်တာပါ

လက်တွေ့ဘဝထဲမှာဆို ဘာလေမှမထွက်ပါဘူး။

သင်ပါးစပ်ပိတ်ပြီး လေမှုတ်နေရင်းနဲ့ လေထွက်လာတယ်။ ပူဖောင်းတလုံးပါ လိုက်ကြီးလာတယ်ဆို မိတ်ဆွေ မက်ချင်တဲ့ Lucid dream ထဲရောက်နေပြီဆိုတာ သတိရလိုက်ပါ။

စာကရေးဖို့ကျန်သေးတာမို့ နောက်တပိုင်းခွဲလိုက်ပါမယ်။ နောက်ဆုံးအပိုင်း (Part 3) မှာ နောက်ထပ်လေ့ကျင့်နည်းတွေ ထပ်ပြောသွားပါဦးမယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုယ့်ဦးနှောက်က ပြောတာတွေကို ယုံသင့်သလား?

မဟုတ်တာတွေ လျောက်ရေးပြန်ပြီကွာလို့ အထင်မစောကြပါနဲ့ဦး။
လူတွေက နှလုံးသားနဲ့ ဦးနှောက်ကို နှိုင်းယှဉ်ပြီး ပြောတတ်ကြတယ်။ ကိစ္စတစ်ခုကို ဆုံးဖြတ်တာတဲ့အခါ နှလုံးသားရဲ့ခေါ်ဆောင်ရာနောက် လိုက်မလား၊ ဦးနှောက်နဲ့ ချင့်ချိန်ပြီး သွားမလားပေါ့လေ။ (နှလုံးသားဆိုလို့ အချစ်ရေးကိုပဲ ပြောချင်တာမဟုတ်ပါ၊ Gut Feeling သဘောကို ပြောချင်တာပါ)
နှလုံးသား အရသွားရင်တော့ အထောက်အထားမရှိဘဲနဲ့ စမ်းတဝါးဝါးမို့ အမှားတွေများနိုင်တယ်လို့ ပြောကြတာပေါ့။
ဦးနှောက်နဲ့ဆို အထောက်အထားတွေအရ ချင့်ချိန်ပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်နိုင်တော့ အမှားနည်းတယ်ပေါ့လေ။

ဒီတော့ ဦးနှောက်ကို ယုံလို့ရလားဆိုတာ တစ်ချက်ပြန် စဉ်းစားစရာဖြစ်လာတယ်။
တွေးနေ၊ ရေးနေနိုင်တာ ဦးနှောက်ကြောင့်လေ၊ ဦးနှောက်ကို မယုံရင် ခုရေးတဲ့စာကိုရော မယုံဘူးလားလို့ မေးစရာရှိလာတာပေါ့။
ဒီကိစ္စက ခပ်ရှုပ်ရှုပ်ပါပဲ။ သဘောပေါက်ဖို့ ဆက်ဖတ်ပေးပါဦး။

ကျွန်တော်တို့တွေ ပတ်ဝန်းကျင်နဲ့ အာရုံငါးပါးအရ ဆက်သွယ်ကြတာပေါ့လေ။ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ ၅ခုပေါ့။

လူတွေမကြားနိုင်တဲ့ အသံတွေရှိနေတယ်။ လူတွေက 20 Hz to 20 kHz ကြားပဲကြားနိုင်တယ်။ အဲ့ဒီအပေါ်နဲ့အောက်က အသံတွေဆို မကြားနိုင်ဘူး။ မကြားရလို့ မရှိဘူးလို့ပြောမရဘူး၊ ခွေးတွေ လင်းနို့တွေဆို လူတွေထက်ပိုကြားနိုင်တယ်။

အမြင်ကို ပြောမယ်ဆိုလည်း လူတွေက 2 Dimension ပဲမြင်ရတာ၊ ဒါကို ဦးနှောက်က လံကြုတ်လုပ်ပြီး 3D ရုပ်လုံးကြွလိုပေါ်အောင် လုပ်ပေးထားတာလို့ ဆိုတယ်။
(မဟုတ်ရင် အရာရာကို ပြားပြားကြီးပဲ မြင်နေရမှာပါ၊ အဲ့ဒီအခါမှာ ငါကတော့ စပျစ်သီးဟဲ့၊ ငါကတော့ ပန်းသီးဟဲ့၊ ငါကတော့ ကျွဲကောသီးဟဲ့ ဆိုပြီး နှိုင်းယှဉ်ဖို့ မလွယ်ကူတော့ပါဘူး…)

ဒါ့အပြင် လူတွေရဲ့ မြင်လွှာမှာ Blindspot ဆိုတာ ရှိနေတယ်။ (အလင်းအဲ့ဒီအပေါ်ကျလည်း ရုပ်ပုံမပေါ်ဘူး)
အဲ့ဒီနေရာက ဘယ်လောက်ကြီးလဲဆို ကျွန်တော်တို့ မြင်ကွင်းရဲ့ 2% လောက်ရှိတယ်။
ခုဒီစာကို ဖတ်နေတာပဲ၊ အမြင်က အပြည့်ပဲလေလို့ ထင်စရာ ရှိတယ်။

စမ်းသပ်လို့ရမယ့် နည်းတစ်ခုရှိပါတယ်။
လက်နှစ်ဖက်စလုံးကို လက်မထောင်ပြီး ဆန့်လိုက်ပါ။ လက်မနှစ်ခုကို ပူးထားလိုက်ပါ။ ဘယ်မျက်စိကို ပိတ်လိုက်ပါ။ ညာမျက်စိနဲ့ ဘယ်လက်မထိပ်ကို ကြည့်ထားပါ။ အဲ့ဒီအချိန်မှာ ညာလက်မကို ရေပြင်ညီမျဉ်းအတိုင်း ညာဘက်ကို ဖြေးဖြေးချင်း ရွှေ့လိုက်ပါ။ (ဘယ်လက်မကိုပဲ စိုက်ကြည့်နေဖို့လိုပါတယ်၊ မဟုတ်ရင် စမ်းသပ်မှုလွဲသွားပါပြီ)
တစ်နေရာရောက်တဲ့အခါမှာ ညာလက်မထိပ်ကို မမြင်ရတော့ဘဲ ရုတ်တရက် ကိုယ်ပျောက်သွားသလိုဖြစ်တာကို တွေ့ရမှာပါ။ အဲ့လိုနဲ့ ညာဘက်ကို ဆက်ရွေ့တဲ့အခါမှာ လက်မထိပ်ကို ပြန်မြင်ရပါတယ်။ (လင်းတဲ့နေရာကို နောက်ခံထားရင် ပိုသိသာပါတယ်)
ဘယ်ဘက်ကိုလည်း ဒီလိုပဲ စမ်းလို့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ Blindspot ပါပဲ။ (မရလည်း မရဘူးလို့ မပြောခင် စာကို သေချာဖတ်ပြီးစမ်းပါ၊ ကျွန်တော် ၃ယောက်ကို စမ်းပြီးပါပြီ)

တကယ်ဆိုရင် အဲ့ဒီနေရာမှာ ရုပ်ပုံမပေါ်ဘဲ မဲမဲကြီးဖြစ်နေသင့်တာပါ။ ဒါပေမယ့် ဦးနှောက်က အဲ့ဒီလိုအဖြစ်မခံဘဲ ပုံရိပ်ကို လိုက်ဖြည့်ပေးပါတယ်
ပြီးတော့ လူတွေမြင်နိုင်တဲ့ လှိုင်းအလျားဟာ အကြမ်းအားဖြင့် 380nm ကနေ 750nm ထိပဲရှိပါတယ်။ ဒါရဲ့အပေါ်တွေ၊ အောက်တွေဆို မမြင်ရပါဘူး။

ဒီတော့ ဦးနှောက်က အရှိကိုအရှိအတိုင်းမပြဘဲ လူကို တစ်ပတ်ရိုက်နေတာပေါ့။
လူတစ်ကိုယ် စိတ်တစ်မျိုးလို့ပြောလေ့ရှိကြတယ်။ ဒါပေမယ့် လူမှာ ဦးနှောက်က ၂ခြမ်း ရှိပါတယ်။ ဒီ ၂ခြမ်းက လုပ်တဲ့ လုပ်ငန်းတွေက မတူကြပါဘူး။
ဥပမာ ဘာသာစကားဆိုရင် ဘယ်ဘက်ဦးနှောက်က ကိုင်တွယ်တာများပါတယ်။ ဂီတဆိုရင် ညာဘက်ဦးနှောက်နဲ့ပိုဆိုင်တယ်။

Left & RIght Brain Comparison

သူတို့ကို တံတားထိုး ဆက်သွယ်ပေးထားတဲ့ ပစ္စည်းကို Corpus Callosum လို့ခေါ်တယ်။
အဲ့ဒီကောင်ကို ဖြတ်လိုက်ရင် ဦးနှောက် ၂ခုကြားဆက်သွယ်မှုမရှိတော့ပါဘူး။

အဲ့ဒီလို လူတွေကို Split Brain လို့ခေါ်တယ်။
ဦးနှောက်ထဲက ပစ္စည်းကို ဖြတ်တောက်လိုက်တဲ့အတွက် သေပြီလို့ မထင်ပါနဲ့၊ အဲ့လိုနဲ့ အသက်ရှင်နေတဲ့သူတွေ အများကြီးပါ။ အပြင်ပန်းကြည့်ရင် သာမန်လူလိုပါပဲ။
ဦးနှောက်က ဘယ်လောက်လံကြုတ်လုပ်တတ်သလဲဆိုတာ ဒီလူတွေမှာတော့ ကွက်ကွက်ကွင်းကွင်းကို ပေါ်လာတာပါပဲ။

Psychologist တွေကတော့ အမျိုးမျိုး စမ်းသပ်ကြတာပေါ့။
ဘယ်ဘက်မျက်စိအတွက် “သော့” ဆိုတဲ့စာကို ပြတယ်၊ ညာဘက်အတွက် “လက်စွပ်” ဆိုတဲ့စာကို ပြတယ်။
ပြီးတော့ ညာလက်နဲ့ သော့၊ လက်စွပ်၊ နာရီ၊ ခွက် စတာတွေကို ရွေးခိုင်းတယ်။
(ညာလက်ကို ဘယ်ဦးနှောက်က ထိန်းချုပ်လို့ ဒီလိုရွေးခိုင်းရတာပါ)
Split Brain သမားက သော့ကိုပဲရွေးသွားတယ်။
(ဘယ်မျက်စိနဲ့မြင်တဲ့သော့ကို ဘယ်ဦးနှောက်က ထိန်းချုပ်တဲ့ ညာလက်နဲ့ရွေးလိုက်တာပါ)
သာမန်လူတွေဆို ၂ခုလုံးကိုမြင်ပြီး ၂ခုလုံးကို ရွေးနိုင်ပါတယ်။

Split Brain တွေကို ဘာလို့ဒီလိုရွေးရတာလဲလို့ မေးတဲ့အခါမှာ ဦးနှောက်ရဲ့ လံကြုတ်ဇာတ်လမ်းတွေ ပေါ်လာပါတယ်။

ဘာမြင်လဲလို့မေးတဲ့အခါမှာ မြင်နေရပါလျက်နဲ့ မမြင်ဘူးဖြေတယ် (လိမ်တာမဟုတ်ပါ)၊ ဒါပေမယ့် မြင်ရတာကို ကိုင်ပြလို့ပြောတဲ့အခါ ကိုင်ပြနိုင်တယ်။
တတိယပုံမှာတော့ စကားပြောတဲ့ ဘယ်ဦးနှောက်နဲ့ အမြင်နဲ့ တစ်ထပ်တည်းကျလို့ မှန်အောင်ပြောနိုင်တယ်။

မရှင်းသေးရင် နောက်တစ်ခုထပ်ပြောပါမယ်။
Split Brain သမားကို ညာဘက်မျက်စိရှေ့မှာ “လမ်းလျှောက်ပါ” ဆိုတဲ့ စာပြလိုက်တယ်။ ဒီလူက မတ်တပ်ထရပ်တယ်။
ဒါပေမယ့် စမ်းသပ်သူက ဘာလို့ရပ်တာလဲလို့ မေးတဲ့အခါမှာ အအေးသောက်ချင်လို့၊ အိမ်သာသွားချင်လို့ဆိုပြီး လံကြုတ်အဖြေတွေရတယ်။
သူ့ရဲ့ညာဦးနှောက်က မြင်တဲ့ဟာကို ဘယ်ဦးနှောက်က မသိပေမယ့် ကြည့်ကောင်းမယ့် အဖြေ ၁ခုရှာပေးလိုက်တယ်။ (လိမ်တာမဟုတ်ပါဘူး၊ တကယ်ကို ပြောတဲ့အတိုင်းယုံနေတာပါ)

Split Brain တစ်ယောက်ဆိုရင် သူ့ရဲ့ ဘယ်ဦးနှောက်က ဘုရားသခင်ကို ယုံကြည်ပြီး ညာဦးနှောက်က ဘာသာမဲ့ဖြစ်နေတယ်လို့ဆိုတယ်။

Split Brain သမားတွေမှာတော့ ဟုတ်ပါပြီ။ သာမန်လူတွေမှာရော လို့မေးစရာရှိမှာပါ။
သာမန်လူတွေက သူတို့လောက် မသိသာပေမယ့် နေ့စဉ်ဒီလိုကိစ္စတွေ ဖြစ်နေတာပါပဲ။
ဘယ်ဦးနှောက်နဲ့ ညာဦးနှောက်ကြားမှာ ဆက်သွယ်မှုတစ်ခုရှိနေလို့သာ ခုလို သိသိသာသာမဖြစ်တာပါ။

လူတွေက ကိစ္စတစ်ခုကို လုပ်တဲ့အခါ ဘာလို့ဒီလိုလုပ်ရလဲလို့ မေးလိုက်ရင် အကြောင်းပြချက် ၁ခု ပေးတတ်ကြတယ်။
အဲ့ဒီအကြောင်းပြချက်တွေကရော Split Brain သမားတွေလို ဦးနှောက်ကလံကြုတ်နေတာ မဖြစ်နိုင်ဘူးလား။

ကျွန်တော်တို့မှတ်မိတဲ့ အတိတ်တွေက တကယ်ဖြစ်ခဲ့တဲ့အတိုင်း မဟုတ်ဘူးလို့ဆိုကြတယ်။ အချိန်ကာလကြာလာတာနဲ့အမျှ ကိုယ့်ရဲ့လက်ရှိအမြင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဦးနှောက်က လိုက်ပြောင်းလဲပေးနေတာလို့ ဆိုတယ်

ကျွန်တော်တို့တွေ အရောင်တွေ၊ အရသာတွေကို ပြောတဲ့အခါ အတိအကျမပြောနိုင်ကြဘူး။
အနီရောင်ကို တစ်ခါမှ မမြင်ဖူးတဲ့လူကို အနီရောင်ဆိုတာဘာလဲ ဘယ်လိုပြောမလဲ။ အနီရောင်ဆိုတာကို Visual Aid တွေမပါဘဲ ထပ်ပြီး ရှင်းပြလို့မရနိုင်တော့ဘူး။
ဒါတွေကို Qualia လို့ခေါ်တယ်။

Physics မှာ ထပ်မံခွဲစိတ်လို့မရတော့ဘူးဆိုတဲ့ Fundamental Particles တွေရှိသလို အာရုံငါးပါးမှာလည်း Qualia တွေရှိတယ်။
အနီရောင်ဟာ အနီမို့ နီတယ်လို့ ပြောတာပေါ့သိနေလို့ သိတယ်လို့ ပြောတာပေါ့
ဒီထက်ရှင်းအောင် ထပ်ပြောလို့မရတော့ဘူး။

ကျွန်တော်တို့ရဲ့ အာရုံသိက အဲ့ဒီအောက်ကို ဆက်ပြီးမဆင်းတော့ဘူး။
ဒါကြောင့် တချို့ Psychologist တွေက ကိုယ့်စိတ်ထဲမှာ ငါဒါကိုဘာလို့လုပ်ရလဲဆိုတဲ့ အကြောင်းပြချက်ကို ကိုယ့်ဘာသာပြန်ရှင်းပြနေရင် ဆားခတ်ပြီးယုံပါလို့ပြောကြတယ်
ဘာလို့လဲဆိုတော့ ဦးနှောက်က လံကြုတ်လုပ်တဲ့နေရာမှာ ဆရာကြိးမို့ပါ

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started