ကြက်တူရွေးတွေက ဘယ်လိုကောင်တွေလဲ?

ခေါင်းစဉ်ဖတ်ပြီး စာရေးတဲ့ကောင်က ရင့်လိုက်တာလို့ မထင်ပါနဲ့။ ကောင်းတဲ့အကြောင်းလေးတွေရေးမှာပါ။

ကြက်တူရွေးလေးတွေက ချစ်စရာတော်တော်ကောင်းပါတယ်။ သူတို့က အသိဉာဏ်မြင့်ပြီးတော့ ပျော်ပျော်နေတတ်ကြတဲ့ အကောင်လေးတွေပါ။
သူတို့အကြောင်းကို သို့လော…၊ သို့လော… တော့သိထားကြမှာပါ။
ခု ရှင်းရှင်းလင်းလင်း သိရအောင် ရေးလိုက်ပါတယ်။
ကြက်တူရွေးမျိုးကွဲပေါင်း ၄၀၀ လောက်ရှိတဲ့အတွက် သူတို့အကုန်လုံးကို ချုံငုံမိအောင် ပြောဖို့တော့ မလွယ်ပါဘူး။ ဒါကြောင့် စိတ်ဝင်စားလောက်မယ့် အကြောင်းတွေကိုပဲ ရွေးထုတ်ထားပါတယ်။

လူစကားကို နားလည်လို့ လိုက်ပြောတာလား၊ အသံတုအရမ်းကျွမ်းကျင်တာလား?

ကြက်တူရွေးလို့ပြောလိုက်ရင် စကားသင်ပေးလို့ရတာကို လူတွေသိကြပါတယ်။ ဒါပေမယ့် ဒီကောင်တွေ တကယ်ရောနားလည်ရဲ့လားဆိုတာ သံသယဖြစ်စရာပါ။
စားလို့သောက်လို့ ကောင်းအောင် ဖောရှောလုပ်နေတာများလား?

ကြက်တူရွေးတွေက ပတ်ဝန်းကျင်နဲ့သူတို့ အဆက်မပြတ်ရလေအောင် အသံလိုက်တုတာလို့ဆိုတယ်။ (စကားမပြောရရင် မနေနိုင်တဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေလိုပေါ့…)
စမ်းသပ်ချက်တွေအရတော့ ပစ္စည်းတွေနဲ့ စကားလုံးတွေကို တွဲဆက်မိတယ်လို့ ဆိုပါတယ်။
ဥပမာ သော့ယူပေးလို့ပြောရင် သော့ဆိုတာ ဘာမှန်းသူတို့သိကြပါတယ်။ (ယူပေးတာ မပေးတာက နောက်တစ်ပိုင်းပေါ့…)

လူအသံတင်မဟုတ်ဘူး၊ တိရစ္ဆာန်အသံတွေကိုပါ တုပနိုင်ကြတယ်။
ခွေးလိုဟောင်၊ ကြောင်လို Meow တဲ့ ကြက်တူရွေးတွေရှိပါတယ်။

https://www.youtube.com/watch?v=BRQolW8U_mk (ခွေးလိုဟောင်တဲ့ကောင်)
https://www.youtube.com/watch?v=B-eeNvUEGDk (ကြောင်လို Meow တဲ့ကောင်)

သူတို့ဟာ အချင်းချင်း ငှက်စကားနဲ့ဆက်သွယ်နိုင်ကြတယ်။ သူတို့အချင်းချင်းစကားပြောတဲ့ အသံက သီးသန့်ရှိပါတယ်။ အဓိကကတော့ တောထဲမှာနေကြတဲ့ ကြက်တူရွေးတွေမှာတွေ့ရတာပါ။
အန္တရာယ်ရှိကြောင်း အချင်းချင်းသတိပေးချင်တဲ့အခါ ဆက်သွယ်ကြပါတယ်။
လူတွေက ဖမ်းမိတဲ့အခါ စကားတွေသင်ပေးပြီး တောထဲပြန်လွှတ်လိုက်ရင် တောထဲက သူ့သူငယ်ချင်းတွေလည်း သူတတ်တဲ့စကားတွေ တတ်ကုန်တယ်လို့ ဆိုတယ်။

ဒါပေမယ့် ထူးခြားတာက သူတို့မှာ လူတွေလို အသံအိုး (Vocal Cords) မရှိပါဘူး။ လေအဝင်အထွက်ကို လည်ပင်းကကြွက်သားတွေ ကျဉ်းလိုက်၊ ကျုံ့လိုက်လုပ်ရင်း ထိန်းချုပ်တာပါ။ ဒါကြောင့် အသံတုမှာ ကျွမ်းကျင်ကြတာဖြစ်တယ်။

အသက်ဘယ်လောက်ရှည်လဲ?

ဒါကတော့ ထူးခြားပါတယ်။ ကြက်တူရွေးအသေးလေးတွေဆို ၁၅နှစ်ကနေ အနှစ် ၂၀ ထိ အသက်ရှည်ကြတယ်။
အလတ်စားလေးတွေက ၂၅နှစ်ကနေ အနှစ်၃၀ လောက်ထိ အသက်ရှည်တယ်။
အကြီးကောင်တွေကတော့ အနှစ် ၆၀ ကနေ အနှစ် ၁၀၀ လောက်ထိအသက်ရှည်ပါတယ်။ (လူလိုပါပဲ)

Size Comparison

ဉာဏ်ကောင်းလား၊ ဉာဏ်တိမ်လား?

လူသံ၊ တိရစ္ဆာန်သံတွေကို နားလည်တာတော့ ဟုတ်ပါပြီ၊ ဒီလောက်နဲ့ပြီးသွားပြီလားလို့ မေးစရာရှိပါတယ်။
ကြက်တူရွေးထဲမှာမှ Kea Parrot တွေက Problem Solving မှာ ထူးထူးခြားခြားကျွမ်းကျင်ကြပါတယ်။

Kea Parrot

https://www.youtube.com/watch?v=7W7hEUGtv4U (ဒီ Video လေးက သူတို့ဘယ်လောက်ဉာဏ်ရည်မြင့်လဲဆိုတာ စမ်းသပ်ထားတာမို့ ကြည့်သင့်ပါတယ်)

https://www.youtube.com/watch?v=BG-0Bpe0J34 (ဒါကတော့ ၄နှစ်၊ ၅နှစ်ကြား ကလေးတွေကို ကြက်တူရွေးနဲ့ ပြိုင်ပြီးစမ်းထားတာပါ)

ကြက်တူရွေးတွေက ၄နှစ်သားလောက် အသိဉာဏ်ရှိတယ်ဆိုပြီး တချို့ပညာရှင်တွေကတော့ ပြောကြပါတယ်။
သင်္ချာလည်း အခြေခံအပေါင်း၊ အနှုတ်လောက်တော့ တွက်တတ်ကြပါတယ်။ သုည ရဲ့ သဘောတရားကိုလည်း နားလည်ကြပါတယ်။

ခေါင်းမွှေးကိုကြည့်ပြီး သူတို့ခံစားချက်ကို သိနိုင်လား?

နာမည်ပေးတာ မနူးညံ့ရင် Sorry ပါ။ သူတို့ခေါင်းပေါ်က အမောက်ကို ပြောချင်တာပါ။
အဲ့ဒီအမောက် မထောင်တထောင် ဖြစ်နေရင် သူစိတ်လှုပ်ရှားနေတယ်ဆိုတာကို ပြတာပါ။

မိုင်ကုန်ထောင်ထားရင်တော့ ကြောက်လို့၊ အန္တရာယ်ရှိလို့ ဖြဲချောက်တဲ့သဘောပါ။
(ဒါက သူနိုင်လောက်တဲ့အကောင်ပေါ့)

Punk တွေရဲ့ Mohawk နဲ့တူပါတယ်

သူမနိုင်လောက်တဲ့ အကောင်နဲ့တွေ့ရင်တော့ အမွှေးလည်း အလုပ်ရှုပ်ခံပြီး ထောင်မနေပါဘူး၊ ခပ်ဝပ်ဝပ်ကလေးပဲ နေကြပါတယ်။

သူတို့မှာလည်း လူတွေလိုပဲ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းစတဲ့ ခံစားချက်တွေရှိပါတယ်။
တစ်ကောင်ချင်းဆီမှာလည်း Personality တစ်မျိုးစီရှိတယ်လို့ဆိုတယ်။ (လူဆိုရင် အမြဲတမ်း အဖတ်မလုပ်တဲ့ ကြောင်တွေ၊ လူမြင်ရင် ငမ်းငမ်းတက်နေတဲ့ ခွေးတွေနဲ့တော့ ကွဲလွဲပါတယ်)

အစာစားတာ လူလိုပဲလား?

သူတို့တွေ အစာကို ဘယ်လိုစားလဲဆိုတာ မြင်ဖူးတဲ့သူတွေရှိမှာပါ။ ခြေတစ်ဖက်နဲ့ကိုင်ပြီး ပါးစပ်ထဲကို ခြေထောက်နဲ့ခွံ့ကျွေးတာပါ။
လူတွေ လက်နဲ့စားသလိုပါပဲ။

ပြီးတော့ သူတို့က အစုံစားသတ္တဝါတွေထဲမှာ ပါပါတယ်။ အစာကျွေးတဲ့အခါ အရောင်တောက်လေ ကြိုက်လေပါပဲ။ (ဒါကြောင့် ငရုတ်သီးကို စားကြတာပါ)

သစ္စာရှိသလား?

သူတို့တွေက အဖော်တွေ့ရင် သေတဖန် သက်တဆုံး အတူတူနေသွားကြတယ်လို့ဆိုပါတယ်။ (လူတွေလို မသေမချင်း ဇာတ်လမ်းတွေမရှုတ်ပါဘူး။)
ဒါပေမယ့် တစ်ကောင်ကောင်က မြုံနေရင်တော့ လမ်းခွဲတတ်ကြတယ်။
စပြီး ပိုးပန်းရတာကတော့ အထီးတွေအလုပ်ပါ။ အမတွေက ခေါင်းခေါက်ရွေးရုံပါပဲ။

Parrot Couples Illustration

Death Metal Band တစ်ခုမှာ Vocalist လုပ်နေတဲ့ Parrot တစ်ကောင်လည်းရှိပါသေးတယ်။

ခုထည့်ပေးမယ့် Video ကတော့ AC/DC ရဲ့ Whole Lotta Rosie ကို ရသလောက် လိုက်အော်နေတဲ့ ကြက်တူရွေးတစ်ကောင်ပါ။
https://www.youtube.com/watch?v=fTm_-jtRW4g

စိတ်ပျော်ချင်ရင်တော့ Video လေးတွေကို မဖြစ်မနေကြည့်စေချင်ပါတယ်။

ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ ဖတ်ပြီး ကြက်တူရွေးအကြောင်း အနည်းငယ်တော့ သိသွားလိမ့်မယ်ထင်ပါတယ်။

SAGAN

“ငါထင်သားပဲ…” နှင့် ကြားချခြင်းများ

လူတွေ အသိအမြင်အသစ်တစ်ခုကို သိလိုက်ရတဲ့အခါ “အော်… ငါ အရင်က ထင်ခဲ့တာ လွဲခဲ့လေခြင်း” ဆိုပြီး မဖြစ်သွားကြဘူးလို့ဆိုတယ်။
အဲ့ဒီလိုဖြစ်မယ့်အစား
“ငါထင်သားပဲ၊ ဒီလိုဖြစ်တော့မယ်ဆိုတာ…”
“ငါထင်တယ်၊ မန်ယူ ရှုံးတော့မယ်ဆိုတာ…”
“ငါထင်တယ်၊ ဒီမင်းသားနဲ့ ဒီမင်းသမီး ကြိုက်နေကြတယ်ဆိုတာ…”
“ငါထင်တယ်၊ ဒီနေ့ မိုးရွာတော့မယ်ဆိုတာ…” မျိုးတွေ ပြောကြတာများတယ်။

အရင်က တကယ်သိခဲ့တာလည်း မဟုတ်ဘဲ Outcome တစ်ခုခုကို သိမှ “ငါသိတာပေါ့…” ဆိုပြီး တကယ်သိသလိုလိုနဲ့ လုပ်တတ်ကြတယ်။
(လိမ်တာလို့ ပြောချင်တာမဟုတ်ပါ၊ ဦးနှောက်က အဲ့ဒီလိုပဲ အလုပ်လုပ်တာပါ)

အထူးသဖြင့် ဖြစ်တန်စွမ်း ဆတူရှိနေတဲ့ ကိစ္စတွေမှာပေါ့။ (လုံးဝမဖြစ်နိုင်ဘူးထင်ထားတဲ့ ကိစ္စတစ်ခုက ဖြစ်သွားတယ်ဆိုရင်တော့ ငါထင်ပါတယ်… မပြောကြပါဘူး)

အောက်က စမ်းသပ်ချက်ကို ဖတ်ကြည့်ပြီး ကိုယ်သိပြီးသားလား၊ မသိရသေးဘူးလား စည်းစားကြည့်ပါ။
အသက်ကြီးတဲ့သူတွေက College မှာပညာသင်ကြတဲ့အခါ ၁၈ နှစ်အရွယ်လူငယ်တွေထက် စာပိုလိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အသိဉာဏ်တွေက တစ်ဘဝစာ ရှိနေတယ်၊ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းတယ်၊ ပိုက်ဆံအတွက်လည်း မပူရဘူး။

ဒါဟုတ်တာပေါ့။ အသက်အရွယ်နဲ့ သင်ယူနိုင်စွမ်းက ဘာမှမှမဆိုင်တာ…။ အသက်ကြီးလည်း ပညာဆိုတာ ဆက်သင်နေရတာပဲလေ။
Learning is a lifelong process” ဆိုတာတောင် ရှိသေးတာပဲ။
ဒီစမ်းသပ်ချက်က မှန်တာပေါ့။ ဒီအချက်ကို သိပြီးသားပါ။ ဟုတ်တယ်မလား။

ဆိုပေမယ့်… “ခွေးကိုအသက်ကြီးမှ လက်ပေးသင်လို့မရဘူး” လို့ ဆိုတာလည်း ရှိနေတယ်။

ဒါဆို အပေါ်က Study ကို အဘိုးကြီးတွေ College တက်လည်း နည်းပညာအခက်အခဲတွေကြောင့် ဘာမှသင်မရဘူးဆိုပြီး ပြောင်းလိုက်ရင်ရော…
မှန်တယ်ပဲ ထင်နေကြဦးမှာပဲလေ။

သေချင်တဲ့ကျား တောပြောင်းဆိုရင်လည်း မှန်တာပဲ၊ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုလည်း မှန်တာပဲ။

လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး လို့ဆိုရင် မှန်တာပေါ့။
ဒါပေမယ့် ဘဲပုံစံရှိတယ်၊ ဘဲလိုပဲရေကူးတယ်၊ ဘဲလိုအော်တယ် ဆိုရင် ဒါဟာဘဲပဲလို့ အပေါ်ယံနဲ့ ဆုံးဖြတ်လို့ရနိုင်တာလည်း မှန်နေတယ်။
ဆရာဝန်တွေကိုလည်း “Common things are common
When you see hoof prints, think horses, not zebras” လို့သင်ပေးထားတယ်။
ခွာရာတွေ့ရင် မြင်းလို့ပဲစဉ်းစားပါ၊ မြင်းကျားဆိုပြီး မစဉ်းစားပါနဲ့လို့ ဆိုလိုချင်တာပါ။ (ပြောချင်တာက ဒီရောဂါ လက္ခဏာနဲ့လာရင် တွေ့နေကြရောဂါထဲကပဲ စဉ်းစားဖို့၊ ရှားပါးတဲ့ရောဂါတွေကို လျောက်မစဉ်းစားဖို့ သင်ပေးတာပါ)

ဆိုတော့… လူတွေကို ဟိုမရောက်၊ ဒီမရောက် စကားတွေနဲ့ ကြားချပြီး ခြံစည်းရိုးခွထိုင်လို့ ရနေတယ်
အထူးသဖြင့် ၂ဖက်မျှမတွေးတတ်တဲ့သူတွေ၊ ဒါဆိုဒါပဲမြင်တတ်တဲ့ သူတွေကို ပိုပြီး လှည့်စားလို့ရတယ်။

ဒါကြောင့် Facebook ပေါ်မှာတွေ့ရတဲ့ ဗေဒင်တွေဆိုရင် လက်ရှိဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့ဟောချက်မျိုးတွေပဲ အများအားဖြင့် တွေ့ရတယ်။
ခုကာလဆို လူတွေနေ့တိုင်းသေနေကြတာပဲ၊ ဒါဆိုနောက်ရက်အတွက် ဟောချက်ထုတ်တဲ့အခါမှာ လူတွေသေနိုင်တယ်၊ ဂရုစိုက်ကြပါ၊ ဒီလိုမဖြစ်အောင် ဘာယတြာလုပ်ပါ ဆိုတာမျိုးထည့်လိုက်ရင် ဘယ်သူက ငြင်းနိုင်မလဲ။
ရာသီဥတုအကြောင်းကို ကြိုသိနိုင်နေတာပဲ၊ နက်ဖြန်မိုးရွာနိုင်တယ်၊ ထီးမမေ့ပါနဲ့ ထည့်ရေးရင် ဘယ်သူကန့်ကွက်မလဲ။

လူတွေက ဒီလိုဟောတဲ့စာတွေမြင်ရင် မှန်တဲ့ဟာကို သတိရပြီး တက်တက်စင်အောင် လွဲတာတွေကို ကျတော့ မေ့ထားတတ်ကြတယ်။
ဒါကြောင့်လည်း ဟောတဲ့သူတွေက ဘယ်တော့မှ အကြောင်းအရာတစ်ခုတည်းကို မဟောကြဘူး။ အနည်းဆုံး ၁ဝချက်လောက်တော့ ဟောတတ်ကြတယ်။ တစ်ခုမှန်ရင် ကျန်တာတွေမှားနေလည်း လူတွေက ဂရုမစိုက်ကြတော့ဘူး။

ပြီးတော့ နေ့နံ ၇ ခုပဲရှိတယ်။ မြန်မာပြည်မှာ လူက သန်းခေါင်စာရင်းအရ သန်း ၅၀ ရှိတယ်။ ဒီတော့ အကြမ်းအားဖြင့် လူ ၇ သန်းက နေ့နံ တစ်ခုဖြစ်နေတာပေါ့။
ဒါဆိုရင် နေ့နံတစ်ခုအတွက် ဟောစာတမ်းတစ်ခုမှာ အချက် ၁၀ ခုဟောတယ်ဆိုပါစို့။
လူ ၇ သန်းက ဒီအချက် ၁ဝ ချက်နဲ့ ကိုက်ညီဖို့ဘယ်လောက်လွယ်လိုက်မလဲ။
(ယုံကြည်သွားဖို့လည်း ၁ချက်မှန်ရုံနဲ့ရပြီ)

ပြီးတော့ ဘယ်လိုအချက်တွေကို ရေးထားသလဲ?
ရည်းစားက စိတ်ကောက်နိုင်တယ်တို့၊ ငွေကြေးပြဿနာရှိနိုင်တယ်တို့၊ မမျှော်လင့်ထားတဲ့ပြဿနာတွေ ဖြေရှင်းရနိုင်တယ်တို့ အရမ်း Vague ဖြစ်တဲ့ကိစ္စတွေချည်းပါပဲ။

တိုင်းပြည်ကြီးချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ ကယ်တင်လိုက်ပါတယ်ဆိုတဲ့ ကိစ္စ၊ တစ်တိုင်းပြည်လုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေတဲ့ ကိစ္စမျိုးကျတော့ ကြိုမသိခဲ့ရဘူး။

ရည်းစားက စိတ်ကောက်နိုင်တာ ဒီရက်ပိုင်းမှ မဟုတ်ပါဘူး။ အမြဲတမ်းပါပဲ။
ငွေကြေးပြဿနာတက်တာကလည်း စီးပွားရေးလုပ်နေတဲ့သူဆို အမြဲဖြစ်နေနိုင်တာပါပဲ။ အလုပ်မလုပ်သေးတဲ့သူဆိုရင်တောင် သူငယ်ချင်းက ချေးထားတဲ့ လက်ဖက်ရည်ဖိုး ပြန်မဆပ်လို့ ပြဿနာတက်တာကိုလည်း ငွေကြေးပြဿနာတက်တယ်လို့ ပြောချင်ရင်ပြောလို့ရပါတယ်။

မယုံကြည်ဖို့ပြောတာမဟုတ်ပါဘူး၊ ကိုယ်ဘာတွေဖြစ်လာနိုင်လဲဆိုတာ ကြိုသိထားတော့ မှန်မှန်မှားမှား ကြိုပြီးပြင်ဆင်ထားနိုင်တာပေါ့
ဒါကြောင့် ရည်းစားကို ပိုဂရုစိုက်မိမယ်၊ ငွေကြေးပြဿနာတက်နိုင်တယ်တွေးမိတော့ ပိုပြီး Cautious ဖြစ်မယ်၊ အလိမ်ခံရဖို့နည်းသွားမယ်။

ကိုယ့်ရဲ့ ၁နေ့တာကို ကြိုသိနေရတော့ အရာရာမှာ ယုံကြည်မှုရှိနေနိုင်တာပေါ့။ စိတ်ဓာတ်ခွန်အားပေးတဲ့နေရာမှာလည်း ဗေဒင်ယတြာက အားကောင်းတဲ့အထဲမှာပါတယ်။ ကိုယ့်ရဲ့အညံ့တွေပျောက်ပြီး ကောင်းတာတွေပဲကျန်တော့တယ်လို့ သိရတဲ့အချိန်မှာ လူတစ်ယောက်က စိတ်ပျော်ရွှင်လာမှာ မလွဲဘူး။

အဓိကပြောချင်တာက ဟိုဘက်ကလည်း ဟုတ်တယ်၊ ဒီဘက်ကလည်း မှန်တယ် ကြားကျကျပြောပြီး ၂ဖက်စလုံးက လူတွေကို သိမ်းသွင်းလို့ရတယ်ဆိုတာပါ…

လူတွေကလည်း ကိုယ်ယုံကြည်ရာ တစ်ခုကို အမြဲအစဉ်တစိုက်ယုံကြည်ခဲ့တယ်လို့ ထင်တတ်ကြတယ်
ဥပမာ အရင်က ရည်းစားမရသေးလို့ ယောက်ျားတွေမကောင်းဘူး၊ ဒါကြောင့် ရည်းစားမထားတာလို့ ပြောခဲ့ပေမယ့် ရည်းစားရသွားတဲ့အခါမှာတော့ အဲ့လိုပြောခဲ့တာကို မေ့သွားတတ်ကြတယ်။

ကိုယ့်ကိုယ်ကို ထင်တာကတော့ ငါသေချာ စဉ်းစားဆုံးဖြတ်တဲ့အတိုင်း ငါ့ဘဝကြီးက သွားနေတာပေါ့၊ ဒါပေမယ့် တကယ်တမ်း ဖြစ်နေတာက လုပ်ချင်တာလုပ်ပြီးမှ ကိုယ့်လုပ်ရပ်ကို Justify ဖြစ်အောင်ပြန်တွေးလိုက်ကြတာမျိုးပါ။ (လူတိုင်းတော့ မဟုတ်ပါ)

ပြောချင်တာက ဦးနှောက်က ကိုယ်အခုယုံကြည်နေတဲ့အရာတွေကို အရင်ကတည်းက ယုံကြည်ခဲ့တယ်ဆိုတဲ့အမြင်မျိုးဖြစ်အောင် ပုံသွင်းတတ်တယ်ဆိုတာပါ။

English စကားမှာတော့ Hindsight 20/20 ဆိုပြီးပြောကြပါတယ်။ လုပ်ခဲ့တဲ့ကိစ္စတွေကို ပြန်သုံးသပ်ကြည့်တဲ့အခါ အရင်က ဘာတွေလုပ်ခဲ့လဲ၊ ဘယ်လိုတွေမှားခဲ့လဲဆိုတာ လွယ်လွယ်နဲ့ ပြန်မြင်နိုင်ကြတယ်လို့ဆိုတယ်။ ဒါပေမယ့် ခုလိုမျိုး ဦးနှောက်ကို မယုံကြည်ရဘူးဆိုရင် Hindsight 20/20 လို့ထင်သွားရုံပဲရှိပြီး တကယ့်အမှန်ကို မြင်နိုင်မှာမဟုတ်ပါဘူး။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုမြင့်နိုင်ကြီးနှင့် အနံ့ပျောက်ခြင်းဒုက္ခ

အခုတလော ကိုမြင့်နိုင်ကြီးကတော်တော်အခြေအနေဆိုးလာပြီး ကူးစက်ခံရသူတွေ ဆက်တိုက်ကို များပြားလာနေပါတယ်။

စာဖတ်သူတို့အားလုံးလဲ နီးစပ်ရာအချင်းချင်း ကျန်းမာရေးသတိပေးကြဖို့ လိုအပ်လာပါပြီဗျ။

Mask တပ်ဖို့၊ လက်ဆေးဖို့ ၊ နေမကောင်းသလိုဖြစ်လာရင် အိမ်ထဲမှာပဲနေဖို့ ၊ လူစုလူဝေးဆီမသွားဖို့ လိုအပ်လာပါပြီ။

အိမ်နီးချင်းတိုင်းပြည်တွေမှာ Lock down ချနေတာတွေ ၊ ဆေးရုံမဆန့်တော့လို့ အိမ်မှာပဲ isolation နေခိုင်းတဲ့ သတင်းတွေအများကြီးတက်လာပါတယ်။

Covid-19 စဖြစ်ပြီဆို အစောဆုံးသတိထားမိတာက အနံ့ပျောက်တာပါ။

အနံ့ပျောက်တာတိုင်း covid 19 လားဆိုတော့
အဲ့လိုလဲမဟုတ်ပါဘူး။

တခြား viral infection တွေဖြစ်တဲ့ ရာသီတုပ်ကွေး influenza virus, parainfluenza virus တို့ ဖြစ်ရင်လဲ နှာစေးပြီး အနံ့မရတာဖြစ်တတ်ပါတယ်။

Covid 19 မှာကျတော့ နှာစေးတာသိပ်မရှိဘဲနဲ့ကို နှာခြောက်ကြီးနဲ့ အနံ့မရတော့တာမို့ တော်တော်စိတ်ညစ်စရာကောင်းပါတယ်။

ဘာလို့ အနံ့မရတော့တာလဲဆိုတော့ အနံ့အာရုံခံတဲ့ နေရာကို ပိုးကဝင်သွားပြီး ဖျက်ဆီးလိုက်လို့ပါ။

ကိုမြင့်နိုင်ကြီး ဝင်ဖို့ဆိုရင် ဝင်ပေါက်လိုပါတယ်။

ဝင်ပေါက်ရဲ့နာမည်ကတော့ ACE2 receptor နဲ့ TMPRSS2 receptor တွေဖြစ်ပါတယ်။

အဲ့ဒီ ACE2 နဲ့ TMPRSS2 ရှိတဲ့ နေရာကနေ Covid-19 ရောဂါပိုးက ဝင်လာပြီး body ထဲကိုရောက်လာပါတယ်။

အနံ့ခံတဲ့နေရာက နှာခေါင်းရဲ့ အတွင်းဖက် အပေါ်ဖက်နားမှာ ရှိပြီး
အာရုံကြောဆဲလ်တွေရယ် (neurons)
အာဟာရပေးတဲ့ဆဲလ်တွေရယ် (supporting cell)
ဆဲလ်အသစ်တွေထပ်ထွက်စေတဲ့ (stem cell) တွေ နေထိုင်ပါတယ်။

အခု ပညာရှင်တွေတွေ့ရှိချက်အရ
အနံ့ပျောက်သွားရတာက
အာရုံကြောဆဲလ်တွေ ပျက်စီးလို့မဟုတ်ဘဲ သူ့ကို support လုပ်ပေးတဲ့ ဆဲလ်တွေ သေသွားလို့ဖြစ်တာကို တွေ့ရပါတယ်။

နောက်ပြီး ဆဲလ်အသစ်ထုတ်ပေးတဲ့ stem cell တွေလဲ ထိခိုက်မှုရှိလို့ အချိန်ကြာကြာအနံ့ပျောက်နေနိုင်တယ်လို့ဆိုပါတယ်။

ဘာလို့ ဒီလိုပြောနိုင်ရတာလဲဆိုတော့
covid 19ရဲ့ ဝင်ပေါက်လို့ဆိုရမယ့် ACE2 နဲ့ TMPRSS2 တွေကို အာရုံကြောဆဲလ် neuron တွေမှာမတွေ့ရဘဲ Supporting cell တွေ stem cell တွေမှာပဲတွေ့ရလို့ဖြစ်ပါတယ်။

တချို့ကျ အနံ့ပျောက်တာ ခဏပဲ ပြန်ကောင်းတယ်။ တချို့ကျပိုကြာတယ် အဲ့လိုမတူတာလဲရှိပါတယ်။

ကာလကြာရှည်
အနံ့ပျောက်တာကို နောက်ထပ်ရှင်းပြလို့ရတာက Central olfactory dysfunction ဖြစ်လို့ပါ။

Covid-19 က နှာခေါင်းကနေ ဦးခေါင်းခွံက cribriform plate ကိုဖြတ်ပြီး ဦးနှောက်အာရုံကြော (olfactory nerve) ဆီရောက်သွားပါတယ်။

အဲ့အာရုံကြောမှာလဲ ဝင်ပေါက်မရှိလို့ ဘာမှမဖြစ်ပေမယ့် အာရုံကြောကို အစာအာဟာရပေးတဲ့ သွေးကြောမှာတော့ ACE2 receptor ရှိတာမို့ သွေးကြောယောင်ယမ်းပြီး အာရုံကြောကိုပါ
ချိနဲ့စေပါတယ်။ (pericyte inflammation)

တချို့က နှာခေါင်းကနေ အနံ့ရှူရင်မရတာပါ။
ဒါကို orthonasal olfactory dysfunction လို့ခေါ်ပါတယ်။

အောက်ကပုံမှာကြည့်ပါ။

တချို့က အစာစားရင်ကျ အနံ့ရသလိုရှိတတ်ပါတယ်။
အဲ့တာက ပါးစပ်ထဲက လာတဲ့ အနံ့ကိုခံတာပါ။
Retronasal olfaction လို့ခေါ်ပါတယ်။

တချို့မှာတော့ ဘာအနံ့မှကိုမရတော့ဘဲ အရသာပါပျောက်လာတတ်ပါတယ်။

အရသာပျောက်တာကကျ အနံ့မရလို့ တဆက်ထဲပါးစပ်ပါ ခံတွင်းပျက်သွားတဲ့သဘောပါ။

ဥပမာ- နှာစေးနှာပိတ်နေရင် ထမင်းစားရတာအရသာသေချာမရသလိုဖြစ်တာပါ။

အနံ့မရတာက ခဏပဲဆို ဘာမှ စိုးရိမ်စရာမရှိပါဘူး။
တချိန်ချိန် ပြန်ကောင်းလာမှာပါ။

သတိထားရမှာက အနံ့မရတဲ့အခါ တယောက်ထဲနေရင် ဂတ်စ်အိုးပေါက်နေတာ…. မီးလောင်နေတာ…ဟင်းအိုးတူးနေတာ… စတဲ့ အနံ့တွေမရတော့လို့ သတိထားဖို့ safety ဂရုစိုက်ဖို့တော့လိုပါမယ်။

Covid ကပျောက်သွားပြီ အနံ့မရတာကကြာနေပြီဆိုရင်တော့ olfactory training ဆိုတာလေး လေ့ကျင့်ပေးလို့ရပါတယ်။

အနံ့အာရုံကို ပြန်လေ့ကျင့်ပေးတဲ့သဘောပါ။

တရက်ကို ၂ကြိမ် မနက်တခါ ညတခါ
နှင်းဆီပန်းနံ့လေးတွေ၊ လိမ္မော်ခွံအနံ့လေးတွေ ၊
lemon အနံ့လေးတွေ ၊ ယူကလစ်အနံ့လေးတွေကို စက္ကန့် ၂၀ခန့် ရှူရင်း လေ့ကျင့်ပေးလို့ရပါတယ်။

အဲ့လိုမျိုး နှာခေါင်းအနံ့ပြန်လေ့ကျင့်တာကို ၂လ ၃လလောက်လုပ်လိုက်ရင်လဲ သိသိသာသာ ပြန်ကောင်းလာတာကို တွေ့ရပါတယ်။

Covid 19 မကူးစက်ရအောင် အိပ်ရေးဝဝအိပ် ၊အားရှိအောင်နေထိုင်ရင်း အပြင်သွားတိုင်း mask တပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အသက်ကို ဉာဏ်စောင့်ကြပါစေ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင်က အပေါင်းသွေးအုပ်စုလား အနုတ်သွေးအုပ်စုလား?

အပေါင်းသွေး အနုတ်သွေးဆိုတာဘာလဲ?

ဆေးရုံဆေးခန်းသွားပြရင် သွေးအုပ်စုအမေးခံရတဲ့အခါ Aသွေး B သွေး O သွေး ပြောရုံနဲ့မရပါဘူး။

အမြဲလိုလို အပေါင်းသွေးလား အနုတ်သွေးလားဆိုတာပါ ထည့်ထည့် အမေးခံရပါတယ်။

အဲ့ ဆရာဝန် သူနာပြုဆရာမတွေ ပြောနေတဲ့ အပေါင်းသွေးအနုတ်သွေးဆိုတာ ဘာလဲ။

အဲ့အကြောင်းမပြောခင် A,B,O သွေးအုပ်စုအကြောင်းအရင် နဲနဲပြောရအောင်။

သင့်သွေးထဲမှာ သွေးနီဥ (Red blood cell) ဆိုတာရှိတယ်။ အတိုကောက် RBC လို့ခေါ်ရအောင်။

RBC ပေါ်မှာ သကြားမှုန်လေးတွေကပ်နေသလို အမှုန့်လေးတွေရှိပါတယ်။

အဲ့အမှုန်လေးတွေကို 2 မျိုးအဓိကခွဲထားပါတယ်။

A antigen ရယ် B antigen ရယ်ဆိုပြီး
A အမှုန် B အမှုန်လို့ ခွဲလိုက်တယ်။

A အမှုန်ကပ်နေတဲ့ လူတွေကို Aသွေးအုပ်စုလို့သတ်မှတ်တယ်။ B အမှုန်ကပ်နေတဲ့ လူတွေကိုတော့ B သွေးအုပ်စုလို့ခေါ်လိုက်တယ်။

ဘာအမှုန်မှ ကပ်မနေတဲ့လူတွေလဲရှိတယ်။
သူတို့ကိုတော့ O သွေးအုပ်စု လို့ခေါ်ပါတယ်။

A အမှုန်ရော B အမှုန်ရော ၂မျိုးလုံး ရှိရင် AB သွေးအုပ်စုလို့ခေါ်ပါတယ်။

ဒီအထိက နားလည်လောက်မယ်ထင်ပါတယ်။

နဲနဲရှုပ်လာမှာက ဘာလဲဆိုတော့ အမှုန်တွေက လူတယောက်နဲ့ တယောက်မတူလို့ သွေးအုပ်စုကလဲ တယောက်နဲ့တယောက်မတူပါဘူး။

သဘာဝကိုက တူတဲ့အမှုန်ကိုတွေ့ရင် လက်ခံပြီး
မတူတဲ့အမှုန်တွေ့ရင် ပြန်ဆော်ပလော်တီးပါတယ်။

ဒါကြောင့် Aသွေးကို Aသွေးသမားကိုပဲသွင်းလို့ရတာပါ။
Bသမားကိုသွားသွင်းရင် “အမှုန်ချင်းမတူ ငါ့ရန်သူ” ဆိုပြီးအဆော်ခံရမှာပါ။

ဒါဆို ဘယ်သူက ဆော်နေတာလဲဆိုတော့ Antibody ကလုပ်နေတာပါ။

Antibody က ကိုယ်ခန္ဓာရဲ့ စစ်သားနဲ့တူပါတယ်။

မတူညီတဲ့ အရာတခုခု ဝင်လာရင် ကိုယ့်ပစ္စည်းမဟုတ်ရင် ပြန်ချပါတယ်။

A သွေးအုပ်စုသမားမှာ A အမှုန် (A antigen) တွေကပ်နေပြီး B အမှုန်ကိုမြင်ရင် ပြန်ချမယ့် B antibody (B အမှုန်ကို ပြန်တိုက်မယ့် စစ်သား) လဲရှိပါတယ်။

အလားတူပဲ Bသွေးအုပ်စုသမားတွေကကျ B အမှုန် (B antigen) ရှိပြီး A အမှုန်ရောက်လာရင် ပြန်ချမယ့် A antibody (A အမှုန်အတွက် စစ်သား) ရှိပါတယ်။

စစ်တပ်ကိုယ်စီပိုင်ဆိုင်ထားသလိုပေါ့
A သွေးအုပ်စုသမားက Bအတွက်စစ်တပ်ရှိတယ်။ B သွေးအုပ်စုသမားက A အတွက်စစ်တပ်ရှိတယ်။

ဒါဆို O သွေးသမားရော…..O သွေးက Aအမှုန်လဲမရှိ B အမှုန်လဲမရှိတော့ AရောBရောကို ရန်သူလို့တွေးပါတယ်။

အဲ့တော့ O သမားမှာ စစ်တပ် ၂ခုပိုင်ပါတယ်။ Aအတွက်ရော B အတွက်ရောပါ။

သွေးအုပ်စုမတူဘဲ မှားသွင်းမိရင် စစ်သားက အမှုန်တွေကို ပြန်ချပြီး သွေးနီဥတွေ ပျက်စီးကုန်ပါတယ်။

ပျက်စီးသွားတဲ့ သွေးနီဥတွေက ရေပိုက်မှာဂျီးတွေပိတ်သလို အဖတ်အဖတ်တွေဖြစ်လာပြီး အနည်တွေကျကာ ခဲကုန်ပါတယ်။

အောက်ကပုံမှာကြည့်ကြည့်ပါ။ အဲ့လိုဖြစ်တာကို agglutination ဖြစ်သွားတယ်လို့ခေါ်ပါတယ်။

သွေး၂မျိုးရောလိုက်လို့
အဲ့လို အနည်ဖတ်တွေပေါ်လာရင် စစ်သားနဲ့ အမှုန်နဲ့ တိုက်ပွဲဖြစ်ထားတယ်ဆိုတဲ့ လက္ခဏာပါ။

အဲ့သွေးကို သွင်းလို့မရတော့ပါ။ အုပ်စုမတူလို့ပါ။

ဒီနေရာမှာ ထူးခြားတာက AB သွေးအုပ်စုသမားကျ စစ်တပ်မရှိပါဘူး။

အဲ့တော့ ဘယ်သွေးပဲဖြစ်ဖြစ် လာသွင်းလို့ရတယ်။ ပြန်မချပါဘူး။ ဒါကြောင့် AB သမားကို ဘယ်သွေးမဆို သွင်းလို့ရပါတယ်။ (Universal recipient)

O သွေးသမားကျတော့ ဘာအမှုန်မှမပါတော့ A စစ်တပ်ကလဲ ပြန်မချဘူး။ (အမှုန်မြင်မှ ပြန်ချမှာပါ)

B စစ်တပ်ကလဲ ပြန်မချဘူး။
အဲ့တော့ O သွေးသမားကနေ ကျန်တဲ့သွေးအုပ်စု
မတူသူတွေကိုပါ သွေးလှူလို့ရပါတယ်။(Universal donar)

(မှတ်ချက်။
သွေးအုပ်စုတူတာကိုပဲ သွင်းတာကစိတ်အချရဆုံးဆိုတာ မမေ့ပါနဲ့။
AB သမားကို ကြိုက်တာသွင်းလို့ရတယ်ဆိုပေမယ့် AB ပဲသွင်းသင့်ပါတယ်။ O သွေးက ကြိုက်တဲ့သူကို လှူလို့ရတယ်ဆိုပေမယ့် O အချင်းချင်း လှူတာကသာ အကောင်းဆုံးပါ။)

အဲ့တာနဲ့ လူတွေ ABO သွေးအုပ်စုကို သိလာခဲ့တယ်။

1937 ခုနှစ်မှာ သိပ္ပံပညာရှင်တွေက စမ်းသပ်မှုတခုလုပ်ခဲ့ပါတယ်။

လူသွေးနဲ့ ယုန်သွေးနဲ့ ကို စမ်းသပ်ခန်းထဲမှာ
ရောကြည့်ပါတယ်။ ရောလိုက်တော့ ယုန်သွေးမှာ
ဘာစစ်တပ်မှမရှိလို့ ဘာမှမဖြစ်ပါဘူး။

နောက်တော့ဘာလုပ်လဲဆိုတော့ လူသွေးကိုယူပြီး ယုန်ရဲ့ ခန္ဓာကိုယ်ထဲ ထိုးကြည့်လိုက်ပါတယ်။

နောက်ရက်အနည်းငယ်ကြာတော့ ယုန်ဆီကသွေးကိုပြန်ယူပြီး လူသွေးနဲ့ ထပ်ရောကြည့်တဲ့အခါ agglutination ဆိုတဲ့ အနည်တွေကျလာပါတယ်။

ယုန်သွေးထဲမှာ စစ်တပ် (antibody) ပေါ်လာပြီဖြစ်လို့ တိုက်ပွဲတွေဖြစ်ကုန်တာကိုပြတာပါ။

နောက်တခါ ဘာထပ်စမ်းလဲဆိုတော့
Rhesus macaque ဆိုတဲ့မျောက်ရဲ့သွေးကိုထုတ်တယ်။

ပြီးတော့ နောက်ထပ် ယုန်အသစ်ထဲကို အဲ့မျောက်သွေးကိုသွင်းလိုက်တယ်။

ရက်အနည်းငယ်အကြာမှာ ယုန်ဆီက ယုန်သွေးကို ယူပြီး လူသွေးနဲ့ထပ်ရောကြည့်ပါတယ်။ ဒီတခါမှာတော့ ထူးဆန်းတဲ့ အရာဖြစ်လာပါတယ်။

လူသွေးနဲ့ရောလိုက်တဲ့အခါ လူသွေးကိုပြန်တိုက်မယ့် စစ်တပ်ပေါ်နေပါတယ်။ agglutination ဆိုတဲ့အနည်ကျခြင်း တိုက်ပွဲဖြစ်ထားပါတယ်။

ဒါဆို စဥ်းစားစရာဖြစ်လာပါပြီ။

ယုန်ကို လူသွေးသွင်းလို့ ယုန်မှာ ပြန်ချမယ့်စစ်တပ်ပေါ်တာက သဘာဝပါ။

အခုက ယုန်ကို မျောက်သွေးသွင်းထားတာ ဘာလို့လူအတွက် စစ်တပ်ပေါ်နေရတာလဲ။

လူသွေးနဲ့မျောက်သွေးနဲ့ တူညီနေတဲ့ အရာတခုရှိမယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

အဲ့အရာကို Rhesus factor (Rh) လို့နာမည်ပေးခဲ့ပြီး မျောက်နာမည်ကိုအစွဲပြုထားတာပါ။

အဲ့လိုနဲ့ လူတွေမှာ မျောက်သွေးအုပ်စု (Rh blood group) ဆိုတာရှိကြောင်း အသစ်ထပ်တွေ့လာရပါတယ်။

Rh အမှုန်ကပ်နေရင် Rh positive (အပေါင်းသွေး) လို့ခေါ်ပြီး

Rh အမှုန်မပါတဲ့ သူကို Rh negative (အနုတ်သွေး) လို့ခေါ်လိုက်ပါတယ်။

လူဖြူတွေရဲ့ 85% က အပေါင်းသွေးတွေဖြစ်ပြီး
ကျန်တဲ့ 15% ကသာ အနုတ်သွေးဖြစ်ပါတယ်။

ကျနော်တို့ အာရှလူမျိုးတွေရဲ့ 99% လောက်က အပေါင်းသွေးတွေဖြစ်ပြီး ရှားရှားပါးပါး 1% လောက်ကသာ အနုတ်သွေးဖြစ်ပါတယ်။

အပေါင်းလား အနုတ်လား ဘယ်လိုသိနိုင်မလဲဆိုတော့ သွေးအုပ်စုစစ်တဲ့အခါ တခါထဲစစ်ပေးပါတယ်။
တော်တော်များများက A လား B လား O လား AB လားပဲ သတိထားမိလို့ပါ။

ဘေးနားမှာ အပေါင်းလက္ခဏာ ဒါမှမဟုတ် အနုတ်လက္ခဏာ ရေးပေးထားပါတယ်။
ဥပမာ A+, A-, O+, O-, B+,B-, AB+, AB- စသဖြင့်ပါပါတယ်။

ဒီလောက်ဆို အပေါင်းသွေးအနုတ်သွေးအကြောင်းသိသွားလောက်ပြီထင်ပါတယ်။

ကိုယ်ကဘာသွေးလဲ Rh positive လား Rh negative လားဆိုတာ ပြန်စစ်ဆေးကြည့် ပြန်ရှာကြည့်သင့်ပါတယ်။

တချို့ကိစ္စတွေမှာ သွေးသွင်းတဲ့အခါ အပေါင်းသွေးအနုတ်သွေးကိုလဲကြည့်ရတာရှိလို့ ကိုယ်ဘာသွေးလဲသိထားရင် အကောင်းဆုံးဖြစ်ပါတယ်။

ဆေးပညာနားလည်မှပိုသိမယ့်အကြောင်းတွေကို ထည့်မရေးတော့ဘဲ ရှင်းအောင်ရေးထားတာဖြစ်ပါတယ်။ ဥပမာ Rh antigen cC,dD,eE စတာတွေပါ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Nihilism နတ္ထိဝါဒ (Part 2)

ကိုယ်ဟာ Nihilist ဖြစ်နေမလား?

ဘာစည်းမျဥ်းစည်းကမ်း ခံယူချက်ရှိမနေဘူး
ယုံကြည်ခြင်းတွေလည်း ကင်းမဲ့နေမယ်
သံယောဇဥ် အတွယ်အတာတွေ မခံစားတတ်ဘူး
အရာရာတိုင်းဟာ ဖြစ်နိုင်မလားဆိုတဲ့ ရှုထောင့်ကနေ ကြည့်တတ်နေမယ်

ဒါဆိုရင် သင်ဟာ Nihilist ဖြစ်နေပြီလို ပြောလိုရပါတယ်။ ဒါပေမယ့် True Nihilist တော့ မဖြစ်နိုင်ပါဘူး။ Nihilsim ကို ယုံကြည်နေခြင်းကိုက
Nihilist ဖြစ်စေမလားဆိုတဲ့ ဝိရောဓိကို မွေးဖွားလာပြန်ပါတယ်။

Nihilism အမျိုးအစားတွေ

ဆိုခဲ့သလိုပဲ True Nihislist မရှိတာကြောင့် Nihilist တွေက ရွေးချယ်ပြီး မယုံကြည်ရတော့ပါတယ်။ ဒါကြောင့် Nihilism ၄မျိုး ဖြစ်လာပါတယ်။

Moral Nihilism

ကိုယ်ကျင့်တရားတွေကို မယုံကြည်တာပါ။ အမှား အမှန်၊ လုပ်သင့် မလုပ်သင့်ကို မယုံကြည်ဘဲ “လုပ်ပြီးမှ ကြည့်” ဆိုတဲ့ စည်းမျဥ်းကို ကိုင်စွဲပါတယ်။ ဒီလိုလူတွေကို လူ့အဖွဲအစည်း ဗရမ်းဗတာ အနေနဲ့ သတ်မှတ်ထားလေ့ ရှိပါတယ်။ ထပ်ပြောပါမယ်၊ Nihilism ဆိုတာ မှားတယ်၊ မှန်တယ် ပြောနေတာ မဟုတ်ဘဲ အရှိတရားကို ဖော်ပြနေတာ ဖြစ်ပါတယ်။

Existential Nihilism

Existential Crisis ဆိုတာ ဒီ Nihilism ကို ချဥ်းကပ်နေတာလို ပြောရင် မှန်သလို ဖြစ်နေပါတယ်။ ဘဝကြီးဟာ အဓိပ္ပာယ်ကြီး မရှိပါဘူး၊ မွေးလာရတာ အလကားပါ စတဲ့ အယူအဆ ဖြစ်ပါတယ်။ လူတွေကြားထဲမှာ မျှော်လင့်ချက် ကုန်ရင် ပေါ်လာတတ်ပါတယ်။

Epistemological Nihilism

Epistemology ဆိုဟာ သိမှုဗေဒ (study of knowledge) ဖြစ်ပါတယ်။ လူတွေရဲ့ သိခြင်းကို လေ့လာတာ ဖြစ်ပါတယ်။ နားလည်ရ ခက်တဲ့ ဘာသာလည်း ဖြစ်ပါတယ်။ ဒီ Nihilist တွေကတော့ ကိုယ့်ရဲ့ knowledge သိမှုတွေကို မယုံကြည် ငြင်းပယ်ကြသူတွေ ဖြစ်ပါတယ်။ အစွန်းရောက် သံသယဝါဒီတွေလိုလည်း ခေါ်ကြပါသေးတယ်။

ဥပမာ – အမေရိကန်က ကာကွယ်ဆေးက ရောဂါကာကွယ်တယ်ဆိုတာကို မယုံကြည်ကြသူများ၊
ဒုတိယ ကမ္ဘာစစ်မှာ ဂျူး ခြောက်သန်းကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့ holocaust ကို မယုံကြည်သူများ၊
အမေရိကန်တွေ လကမ္ဘာပေါ် ခြေချခဲ့တာကို မယုံကြည်သူများ စသည်ဖြင့် . . .

Metaphysical Nihilism

Physics ဆိုတာ ရုပ်ကိုလေ့လာလို ရူပဗေလို သိကြပါတယ်။ Metaphysics ဆိုတာ ရုပ်လွန်ဗေဒ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာမှာ ရုပ်ဝတ္ထု လက္ခဏာတွေ ရှိတာကို မယုံကြည်တဲ့အပြင် ပစ္စည်း ပစ္စယတွေ မရှိတဲ့ ကမ္ဘာလည်း ရှိတယ်လို ယုံကြည်ကြတာ ဖြစ်ပါတယ်။

သမိုင်းထဲက Nihilistic ဖြစ်ရပ်တွေ

ရောမအင်ပါယာဟာ နတ်ဘုရားဝါဒကို ယုံကြည်ပါတယ်။ နတ်ဘုရားပေါင်း မြောက်မြားစွာက ရောမပြည်ကြီး ရောမနိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်ပေးနေတယ်လို ယုံကြည်ကြပါတယ်။ ဒါပေမယ့် ရောမပြည် ပျက်သုဥ်းချိန် ရောမအင်ပါယာ လက်အောက်က လူမျိုးတွေဟာ နတ်ဘုရားဝါဒကို မယုံကြည်တော့ဘဲ Nihilism ကို ချဥ်းကပ်မိကြပါတယ်။ ဒါပေမယ့်လည်း Christianity က အစားထိုး ဝင်ရောက်လာတာမို Nihilism က ခဏပဲ ဖြစ်လိုက်ပါတယ်။

ထိုအတူပဲ Black Death ကြောင့် ဥရောပမှာ လူပေါင်းမြောက်မြားစွာ သေကြေပြီးနောက် Nihilism ဟာ တဖန် ပြန်နိုးကြား လာပြန်ပါတယ်။ အထူးသဖြင့် ဖန်ဆင်းရှင်ဝါဒကို မေးခွန်းထုတ်ခဲ့ကြပြီး ဟိုဘက် ဒီဘက်က အပြန်အလှန် အတွေးအခေါ် တိုက်ပွဲတွေ ဖြစ်နေတာ အခုထိပါပဲ။ အကျိုးဆက်အားဖြင့် လူအခွင့်အရေးဆိုတဲ့ သဘောတရား ပေါ်ပေါက်လာပြီး မယုံကြည်ခြင်း atheism ဆိုတာကို လူ့ရဲ့ လွတ်လပ်ပိုင်ခွင့်အဖြစ် အသိအမှတ် ပြုလာရပါတယ်။

ဒီလောက်ဆိုရင် Nihilism ကို သိသင့်သလောက် သိပြီလို ယူဆပါတယ်။ ယုံကြည်သည် မယုံကြည်သည်ဖြစ်စေ ဒါဟာလူသားတစ်ယောက်ရဲ့လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဖြစ်နေပါပြီ။ ဒါပေမယ့် အချိုသော ဒဿန သဘောတရားတွေဟာ ဆွေးနွေးငြင်းခုံလို ကောင်းပေမယ့် ကျင့်သုံးတယ်လို ထုတ်ပြောမိရင် “ဟင် မင်းကဒါကြီးလား” လို အထူးအဆန်း ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် ဉာဏ်နဲ့ယှဥ် ယုံကြည်ကြပါလို အကြံပေးပါရစေ။

Philo = love ချစ်ခြင်း
sophy = wisdom အသိပညာ
Philosophy = အသိပညာကို ချစ်ခြင်းပဲ မဟုတ်ပါလား။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started