သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 1)

Vampire လို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေက ရုပ်ရှင်တွေထဲမှာရော စာအုပ်တွေထဲမှာပါ အတော်လေးရေပန်းစားခဲ့ပါတယ်။

နိုင်ငံခြားရုပ်ရှင်တွေ series တွေမှာလဲ Vampire အကြောင်းကို ခမ်းခမ်းနားနား ရိုက်ပြကြတာ၊ ဇာတ်လမ်းတွေချဲ့ထွင်ပြီး လူစိတ်ဝင်စားအောင်ရိုက်ပြကြတာ မနည်းမနောပါပဲ။

ဒီ Vampire တွေက တကယ်ပဲရှိနိုင်သလား။

သာမန်လူကနေ ဒီလိုဘဝကိုပြောင်းသွားတာလား။
ဆေးပညာမှာရော သွေးစုပ်ဖုတ်ကောင်ပြောင်းသွားနိုင်တဲ့ရောဂါ ရှိသလား။

ဟုတ်ကဲ့…Vampire နဲ့အတော်လေးဆင်တူတဲ့ရောဂါတွေ ဆေးပညာမှာရှိပါတယ်။

Vampire ရဲ့ လူသိများတဲ့ အချက်တွေက

၁။ လူတွေရဲ့ သွေးကိုစုပ်တယ်။

၂။ လူမရှိရင် တိရစ္ဆာန်တွေကိုရှာပြီး သွေးစုပ်ကြတယ်။

၃။ လူတွေနဲ့ ဝေးရာအရပ်မှာနေပြီး လင်းနို့တွေနဲ့ အနေနီးတယ်။

၄။ နေရောင်ကို အလွန်ကြောက်ပြီး နေရောင်ထိရင် အရေပြားတွေလောင်ကုန်တယ်။

၅။ ကြောက်စရာရုပ်သွင်ပြင်ရှိပြီး အစွယ်တွေထွက်နေတယ်။

၆။ ကြက်သွန်ဖြူကိုကြောက်တယ်။

၇။ Vampire အနောက်ကလိုက်ရင် သဲလက်ဆုပ်ဖြစ်ဖြစ် ဆန်လက်တဆုပ်ဖြစ်ဖြစ် ကျဲလိုက်ရင် ဆက်မလိုက်တော့ဘဲ အဲ့သဲတွေ ဆန်တွေကို တစေ့ချင်းရေတွက်နေလေ့ရှိတယ်။

၈။ Vampire အကိုက်ခံရရင် မကြာခင် Vampire ဘဝကိုပြောင်းသွားတယ်။

ဒီအချက်တွေက လူသိများတဲ့ Vampire အကြောင်းတွေပဲဖြစ်ပါတယ်။

ဒီထဲက တချို့အချက်တွေက ဆေးပညာထဲက ရောဂါတွေနဲ့ ဆင်တူနေလို့ Vampire ဆိုတာ တကယ်တမ်းတော့ ရောဂါဝေဒနာခံစားနေရတဲ့ သာမန်လူနာတွေလို့ ယူဆလာကြပါတယ်။

တကယ့်လူနာတွေမဟုတ်ရင်တောင် ဒီလိုလက္ခဏာရှိတဲ့လူနာတွေကို စာရေးဆရာတွေက မြင်ပြီး သူတို့စိတ်ကူးနဲ့ ပေါင်းစပ်ကာ ကြောက်စရာကောင်းတဲ့ Vampire အဖြစ်တီထွင်ရေးသားလိုက်ကြတာလဲဖြစ်နိုင်ပါသေးတယ်။

ဒါဆို အဲ့ရောဂါတွေကို စပြီး ဖတ်ကြည့်လိုက်ရအောင်။

ပထမဆုံး ဖြစ်နိုင်တဲ့ရောဂါကတော့ Porphyria လို့ခေါ်တဲ့ ရောဂါပါ။

Porphyria ဆိုတာ body ထဲမှာ Porphyrin ဓာတ်တွေစုပုံနေတဲ့ရောဂါပါ။

Porphyrin ဓာတ်က Heme ဆိုတဲ့ ရောင်ခြယ်ပစ္စည်းထုတ်တဲ့နေရာမှာသုံးတဲ့အရာဖြစ်ပါတယ်။

သွေးတွေနီနေရတာ Heme ဆိုတဲ့အနီရောင်ပါလို့ဖြစ်ပြီး Heme ဖြစ်ဖို့ porphyrin ကကုန်ကြမ်းပစ္စည်းဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ Heme ထုတ်လုပ်တဲ့ enzyme တခုခုချို့ယွင်းသွားရင် ကုန်ချော Heme မထွက်တော့ဘဲ ကုန်ကြမ်းဖြစ်တဲ့ Porphyrin တွေစုပုံလာပါတယ်။

စုပုံလာတဲ့ Porphyrin တွေက အရေပြားမှာ
သွားပြီးအနည်ကျတဲ့အခါ ဒီလိုလူနာတွေက နေရာင်နဲ့ထိလို့မရပါဘူး။

နေရာင်ခံလိုက်တာနဲ့ Porphyrin တွေက နေရောင်ကိုစုပ်ယူပြီး ဓာတ်ပြုတဲ့အတွက် အရေပြားမှာ လောင်ကျွမ်းသလိုဖြစ်ကာ အရေကြည်ဖုတွေထလာပါတယ်။

အရေပြားတွေက မီးလောင်သလိုဖြစ်ပြီး ခံရလဲခက် အရေကြည်ဖုတွေနဲ့ ရုပ်ဆိုးလာပါတယ်။

တိတိကျကျပြောရရင် PTC လို့ခေါ်ပါတယ်။ (Porphyria Cutanea Tarda)

ဒါ့အပြင် များပြားစုပုံနေတဲ့ Porphyrin တွေက ဆီးထဲမှာလဲ ပါလာတတ်ပြီး ဆီးအရောင်နီကြင့်ကြင့်ကြီးတွေဖြစ်လာပါတော့တယ်။

ဒီရောဂါသမားတွေက နေရောင်ကိုလဲကြောက်တယ်….ဆီးကလဲ သွေးရောင်လို အနီရင့်တွေ ပေါက်တဲ့အခါ Vampire နဲ့တော်တော်လေးဆင်တူပါတယ်။

ဒါ့အပြင် ထူးခြားတာတခုက သွေးသောက်ရင် သူတို့လက္ခဏာတွေက ပိုသက်သာတတ်ပါတယ်တဲ့။

အကြောင်းရင်းကို နဲနဲချုံ့ပြီးရှင်းပြရရင်

Heme ကိုထုတ်တဲ့ enzyme တွေထဲမှာ rate limiting enzyme တခုဖြစ်တဲ့ delta ALA synthase ဆိုတဲ့ကောင်ကို final product ဖြစ်တဲ့ Heme ကပြန်ပိတ်နိုင်လို့ပါပဲ။ (Feedback inhibition by heme)

ဒါကြောင့်
သွေးကိုသောက်ရင် သွေးထဲက Heme ကိုပြန်ရလို့ Vampire တွေ ခံစားရတာ သက်သာသွားတယ်လို့ ဆိုပါတယ်။

နားရှုပ်သွားရင် အလွယ်ပဲပြန်မှတ်ရအောင်။

သွေးသောက်ရင် သူတို့ခံစားနေရတဲ့ ဝေဒနာ သက်သာနိုင်တယ်လို့ သိလာတဲ့အတွက် သွေးကိုအငမ်းမရ လိုက်ရှာသောက်တတ်ကြပါသတဲ့။

နေရောင်ထိတဲ့အခါ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ကြောက်ဖို့ကောင်းလာတယ်။

ဒါကြောင့် ဒီလိုရောဂါရှင်တွေက အရင်ခေတ်က
ဘာဖြစ်မှန်းမသိကြဘဲ ရုပ်ဆိုးလာလို့ ရှက်ပြီး လူတွေနဲ့ဝေးဝေးနေရာကနေ ရွာပြင်ကတောအုပ်ထဲမှာ သွေးစုပ်ဖုတ်ကောင်တွေရှိတယ်ဆိုပြီး သတင်းတွေထွက်လာတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တချို့အခြေနေအရမ်းဆိုးတဲ့ extreme case တွေဆိုရင် သွားဖုံး (Gum atrophy) တွေပါပျက်စီးကုန်လို့ သွားတွေကပိုထင်ရှား ပြူထွက်လာတာကို အစွယ်တွေရှိတယ်လို့ ထင်မှတ်မှားကြတာဖြစ်နိုင်ပါတယ်။

လူတွေက ဒီလိုရောဂါသည်တွေကို Vampire လက္ခဏာတွေနဲ့ တူလို့ သွေးစုပ်ဖုပ်ကောင်လို့ သမုတ်ကြရင်း နာမည်ကြီးလာတာဖြစ်နိုင်ပါတယ်။

Porphyria ရောဂါက အမျိုးကွဲပေါင်း ၈ မျိုးလောက်ရှိပြီး တချို့က မွေးရာပါ မျိုးရိုးအရဖြစ်တာဖြစ်၍ တချို့က သူ့ဘာသာအလိုလိုဖြစ်ကြတာပါ။

Vampire နဲ့အတူဆုံး Porphyria ရောဂါအမျိုးအစားကတော့ PTC လို့ခေါ်တဲ့ Porphyria Cutanea Tarda ဖြစ်ပါတယ်။

စကားချပ်။
ဒီရောဂါက vampire နဲ့ဆင်တယ်လို့ ဟိုးအရင်က ယူဆခဲ့ကြတာဖြစ်ပြီး နောက်ပိုင်း ဆေးပညာမှာ ဒီအယူအဆက မဖြစ်နိုင်ဘူးလို့ ပြန်လည်ချေပထားတာတွေ ရှိပါတယ်။
စာရေးသူအနေနဲ့လဲ ဒီလိုမဖြစ်နိုင်တဲ့အချက်တွေကိုပါ ဆက်လက်တင်ပြသွားပါမယ်။

(ဒီစာကိုရေးရခြင်းမှာ Porphyria ဝေဒနာရှင်များကို စော်ကားလိုခြင်း မဟုတ်ရဘဲ စိတ်ဝင်စားစရာကောင်းသော ဆက်နွယ်မှုတခုကို ဗဟုသုတအနေနဲ့ တင်ပြခြင်းဖြစ်ကြောင်း နားလည်ပေးစေလိုပါသည်။)

အပိုင်း ၂ ကိုဆက်လက် ဖတ်ရူပေးပါဦးဗျ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင်ကြားဖူးလောက်မည်မဟုတ်သော ထူးထူးဆန်းဆန်း Phobia ၁၀ မျိုး

လူတမျိုး စိတ်တကိုယ်ဆိုကြသလို တယောက်နဲ့တယောက်အကြိုက်ချင်း မတူနိုင်ပါ။

ကြောက်တတ်ပုံချင်းလဲတူမည် မဟုတ်ပါ။

တခုခုကို စွဲစွဲလမ်းလမ်း ကြောက်ရွံခြင်းကို Phobia ဟုခေါ်ပြီး တချို့လူတွေက တစုံတခုကို အလွန်အကြူး ကြောက်လန့်တတ်ကြပါတယ်။

တခုခုကို ကြောက်တတ်တိုင်း Phobia လို့မခေါ်ပါ။
အချိန်ကာလ ၆လကျော်အောင် ကြောက်နေ လန့်နေပြီး နေ့စဥ်ဘဝကိုအနှောင့်အယှက်ဖြစ်လောက်အောင် လွန်ကဲလာမှသာ Phobia လို့ခေါ်ပါတယ်။

ဒီနေ့မှာတော့ ထူးဆန်းတဲ့ Phobia 10 မျိုးကို ပြောပြပေးပါမယ်။

သင့်မှာရော ဘယ်လို Phobia တွေရှိနေမလဲ….
ဖတ်ကြည့်ကြည့်ပါဦး။
(အောက်တွင် ပုံများပါဝင်သဖြင့် အမှန်တကယ် Phobia တခုခုရှိပါက မကြည့်သင့်ကြောင်း ကြိုတင်သတိပေးပါရစေ)

Alliumphobia

ဒါက ကြက်သွန်ဖြူကိုကြောက်တဲ့ရောဂါပါတဲ့။
ကြက်သွန်ဖြူကိုမကြိုက်ရုံတင်မဟုတ်ဘဲ မြင်တာနဲ့ တုန်နေအောင်ကြောက်တာမျိုး ၊ အနံ့ရတာနဲ့ အသက်မရူလောက်အောင် လန့်တာမျိုးဖြစ်တတ်ပါတယ်တဲ့။
တချို့ကလဲ ဒီလိုကြက်သွန်ဖြူကိုကြောက်တတ်တာ Vampire အနွယ်ဝင်တွေမို့လို့ ကြောက်တာလို့လဲ မှတ်ချက်ပြုကြပါတယ်။

Sesquipedalophobia

အပေါ်ကနာမည်ကိုဖတ်ရင်း စိတ်ညစ်ပြီး ကြောက်စိတ်ဖြစ်လာတယ်ဆို သင့်မှာလဲ ဒီလိုကြောက်တာရှိနိုင်ပါတယ်။

ဒါကတော့ စာလုံးပေါင်းအရှည်ကြီးတွေဖတ်ရတာကို ကြောက်တတ်တာပါတဲ့။

နောက်ထပ် နာမည်တမျိုးလဲရှိပါသေးတယ်။
အဲ့တာကတော့ Hippopotomonstrosesquippedaliophobia ဖြစ်ပါတယ်။ (လခွမ်း နည်းတဲ့စာလုံးပေါင်းကြီးလားလို့)

Dictionary ထဲမှာပါတဲ့ အရှည်ဆုံးစာလုံးပေါင်းတွေထဲက တခုဖြစ်ပြီး “စာလုံးပေါင်းအရှည်ကြီးတွေကိုကြောက်ခြင်း”လို့ အဓိပ္ပာယ်ရပါတယ်တဲ့။
ကြောက်လဲကြောက်ချင်စရာပါပဲ။
(စာလုံးအရှည်ကြီးကြောက်တဲ့ရောဂါကို စာလုံးအရှည်ကြီးနာမည်ပေး Nice)Arithmophobia

Arithmophobia

ဒါကတော့ ကိန်းဂဏန်းတွေကိုကြောက်တဲ့ရောဂါပါတဲ့။
ရေတွက်ရတာကို ကြောက်ကြသလို ကိန်းဂဏန်းတွေများတာကို တွေ့ရင်လဲကြောက်ကြပါတယ်တဲ့။

Plutophobia

ဒါကတော့ အဆန်းကြီး ပိုက်ဆံကြောက်ရောဂါပါတဲ့။
ပိုက်ဆံတွေရလာမှာ ချမ်းသာလာမှာကိုကြောက်တာဖြစ်ပြီး ဘာလို့ကြောက်တာလဲဆိုရင် အများစုက ရှိပြီးသား ပိုက်ဆံကုန်သွားမှာ၊ သုံးလိုက်မိမှာကိုစိုးရိမ်ရာက ဖြစ်လာတာပါတဲ့။

Bibliophobia

ဒါကကျတော့ စာအုပ်ဖတ်ရတာကိုကြောက်တာပါတဲ့။ စာအရှည်ကြီးဖတ်ရတာ (ဥပမာ facebook က ဆရာကြီးများရေးတဲ့စာ) ကို လဲကြောက်ပြီး လူကြားထဲ အသံထွက်ဖတ်ရမှာကိုလဲ ကြောက်ကြသူတွေဖြစ်ပါတယ်။ တချို့ကလဲ သမိုင်းဖတ်စာအုပ်တို့ ၊ ပြဌာန်းစာအုပ် textbook ချည်းပဲ သီးသန့်ကွက်ကြောက်ကြတာလဲရှိပါတယ်။

Omphalophobia

ထူးထူးဆန်းဆန်း ချက်ပေါက် (belly button) ကို မြင်ရင် ကြောက်ကြသူတွေပါတဲ့။
မိမိဗိုက်က ချက်ကိုပါကြောက်လို့ မထိမကိုင်ကြဘဲ သူများရှေ့မှာ ချက်ပေါ်သွားမှာကိုလဲ စိုးကြောက်ကြပါသတဲ့။ တချို့ကျတော့ သူများချက်ကိုမြင်ရတာ ကြောက်ကြပြန်ပါတယ်တဲ့။

Nostophobia

အိမ်ပြန်ရမှာကြောက်ကြသူတွေကို Nostophobia လို့ခေါ်ကြပါတယ်။ ဒီလိုလူတွေဟာ Domestic violence (အိမ်တွင်းအကြမ်းဖက်မှု)တွေ ၊ Family တွေရဲ့ abuse တွေ အရှက်ခွဲနှိပ်စက်တာတွေကို ခံရပါများပြီး အိမ်မှာနေရတာ ၊ အိမ်ကိုပြန်လာရတာ မလုံခြုံတော့ဘဲ ကြောက်လာကြတာပါ။

Caligynephobia

ဒါက ကောင်မလေးချောချောလှလှလေးတွေမြင်ရင် ကြောက်တဲ့ရောဂါပါတဲ့။
တချို့သူတွေက ကောင်မလေးလှလှတယောက်အနားမှာရှိနေရင် အလွန်စိတ်လှုပ်ရှားမတည်မငြိမ်ဖြစ်တာ ၊ရင်ဘတ်တွေအောင့်တာ၊ ခြေလက်တွေပါထုံထိုင်းလာပြီး နောက်ဆုံး သတိလစ် ပစ်လဲသွားတဲ့အထိပါဖြစ်တတ်ပါတယ်တဲ့။
ဒီ phobia ရှိတဲ့ ဘရားသားတွေများ ဒီစာဖတ်နေတဲ့ထဲပါလာကြမလား။

Chaetophobia

ဒါကတော့ ဆံပင်ကြောက်တဲ့ ရောဂါလို့ဆိုရပါမယ်။
သူများဆံပင် ဖြစ်ဖြစ် ကိုယ်ဆံပင်ဖြစ်ဖြစ် ဆံပင်မွှေးတွေ့ရင်ကိုကြောက်နေတတ်ပြီး ကြမ်းပြင်မှာ ဆံပင်မွှေးကျနေတာမြင်ရင်ကို ဆက်လမ်းမလျှောက်ရဲဘဲ တုံ့ဆိုင်းသွားတဲ့အထိကို ကြောက်ကြလန့်ကြတာပါ။

Siderophobia

နောက်ဆုံးတခုကတော့ ကြယ်တွေကိုကြောက်တဲ့ရောဂါဖြစ်ပြီး ကောင်းကင်ကို ညဖက်ထွက်မကြည့်ရဲဘဲ ကြယ်တွေကို မမြင်ချင်သူတွေပါ။
အခန်းလိုက်ကာတွေကို ညဖက်ဆို ပိတ်ထားတတ်ကြပြီး ကြယ်မြင်ရင်ကို ကြောက်ကြပါတယ်တဲ့။

ကဲ သင်ရော…ဘယ်လို Phobia တွေရှိကြလဲ။
ကျွန်တော်တို့ရဲ့ telegram မှာလဲ ဝင်ရောက်ဆွေးနွေးလို့ရသလို အောက်က comment မှာလဲ ဝင်ရောက်မေးမြန်းနိုင်ပါတယ်။

Vector

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

စကြဝဠာက အကျယ်ကြီးဆိုရင် ဂြိုလ်သားတွေဘယ်မှာလဲ?

ကျွန်တော်တို့လေ့လာနိုင်တဲ့ စကြဝဠာကြီး (Observable Universe) က အလင်းနှစ် ၉၃ billion တောင်ရှိပါတယ်။
ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) လိုမျိုး ကြယ်စုကြီးတွေသည် စကြဝဠာတစ်ခုလုံးမှာ ၁၀၀ billion လောက်ရှိတယ်လို့ဆိုပါတယ်။
ဒီတော့ ဂြိုလ်တွေလည်း အရမ်းကိုပေါတာပေါ့။ Trillion နဲ့ချီပြီးတော့ကို ရှိတယ်လို့ဆိုပါတယ်။
သက်ရှိတွေသာတကယ်ရှိမယ်ဆိုရင် ခုချိန်မှာ ကျွန်တော်တို့တွေ သူတို့ကို တွေ့မနေရသင့်ဘူးလား။

Local Group Illustration

စကြဝဠာတစ်ခုလုံးကို ပြောဖို့ကခက်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ Milky Way Galaxy ထဲမှာပဲ ပြောကြတာပေါ့။
ဒီထဲမှာ ကြယ်ပေါင်း ၄၀၀ billion လောက်ရှိတယ်လို့ဆိုတယ်။ အဲ့ဒီအထဲမှာမှ ကျွန်တော်တို့ရဲ့နေလိုမျိုး ကြယ်ပေါင်း ၂၀ billion လောက်ရှိတယ်။ ဒီကြယ်တွေရဲ့ ၅ပုံ၁ပုံမှာ ကမ္ဘာအရွယ်အစားရှိတဲ့၊ အသက်ရှင်ဖို့ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ဂြိုလ်တွေပတ်လည် ဝိုင်းနေတယ်။

ဒီထဲက 0.1% မှာပဲသက်ရှိတွေ ရှိမယ်ဆိုရင် Milky Way မှာ ဂြိုလ်ပေါင်း ၁သန်းက သက်ရှိတွေကို လက်ခံနိုင်မှာပါ။
(ဂဏန်းတွေနဲ့ထည့်ပြောနေရတာက စကြဝဠာထဲမှာ အခြားသက်ရှိတွေဖြစ်ဖို့ Chance ဘယ်လောက်များလဲဆိုတာ မြင်အောင်လို့ပါ)
ဒါတွေကို Drake’s Equation နဲ့တွက်ချက်ထားတာပါ။
အဲ့ဒီသက်ရှိတွေထဲမှာ မျိုးစိတ်တစ်ခုခုက အာကသထဲကို ခြေမဆန့်နိုင်ကြဘူးလား ဆိုတာ မေးခွန်းထုတ်စရာပါပဲ။

Milky Way Galaxy

ဒီအတွက် Kardashev Scale ကို ပြောရမှာပါ။ Type ၃မျိုးခွဲထားပါတယ်။

Type 1 civilization တွေက သူတို့ရဲ့ဂြိုလ်ပေါ်မှာရှိတဲ့ စွမ်းအင်ရနိုင်တဲ့နေရာမှန်သမျှကနေ စွမ်းအင်ကို ရအောင်ထုတ်ယူနိုင်ပါတယ်။
ဥပမာ ကျွန်တော်တို့ ရေအားလျှပ်စစ်၊ လေအားလျှပ်စစ် နဲ့ Solar energy တွေကို ရအောင်သုံးနိုင်သလိုပေါ့။
ဒီအတွက် အသုံးပြုရမယ့် Energy Value တစ်ခုရှိပါတယ်။ လူတွေက Type 1 civilization ရဲ့ criteria ထဲကို မဝင်သေးပါဘူး။
နောက်နှစ်ပေါင်း ၂၀၀ လောက်ဆိုဝင်လောက်တယ်လို့ ဆိုပါတယ်။

Type 1 Civilization Illustration

Type 2 civilization တွေက သူတို့ရဲ့မိခင်ကြယ်ရဲ့ စွမ်းအင်တွေကို အကုန်ယူသုံးနိုင်ပါတယ်။ (ကမ္ဘာအနေနဲ့ ပြောမယ်ဆို နေက စက္ကန့်အမျှ ထွက်နေတဲ့ စွမ်းအင်တွေအကုန်လုံးကို ယူသုံးနိုင်တာပါ၊ ခုချိန်မှာ ကမ္ဘာကို ရောက်တာ နေစွမ်းအင်ရဲ့ ၁ billion ပုံမှ ၁ပုံပဲရှိပါတယ်)

ဘယ်လိုယူသုံးကြမလဲဆိုတာအထိ ပညာရှင်တွေက တွေးဆထားပါတယ်။
နေရဲ့အဝန်းအဝိုင်းတစ်ခုလုံးကို ကာမိတဲ့ Dyson Sphere ကြီးနဲ့ Energy ကိုအကုန်ယူမယ်လို့ဆိုပါတယ်။

Dyson Sphere

Type 3 civilization ကတော့ သူတို့ရဲ့ Galaxy တစ်ခုလုံးကို ထိန်းချုပ်နိုင်ပါပြီ။ အဲ့ဒီမှာရှိသမျှ စွမ်းအင်တွေကိုလည်း ထုတ်ယူသုံးစွဲနိုင်ပါတယ်။
ဒီလောက်ထိ အဆင့်မြင့်သွားရင်တော့ ကျွန်တော်တို့နဲ့ နည်းပညာကွာခြားလွန်းသွားပြီမို့ သူတို့ကို တန်ခိုးရှင်တွေလို့ ထင်မိကြမှာပါ။

Kardashev Scale

ဒီတော့ ဂြိုလ်သားတွေတကယ်ရှိရင် ဒီ ၃မျိုးထဲက အဆင့်တစ်မျိုးမျိုးမှာတော့ ရှိနေမှာပါ။
ဒါပေမယ့် ခုချိန်ထိ သက်ရှိတွေကို မတွေ့ရသေးပါဘူး။

ဘာလို့မတွေ့ရသလဲဆိုတာကို Fermi Paradox နဲ့ ရှင်းပြလို့ရပါတယ်။
Physicist Enrico Fermi ကတော့ “Where is everybody?” ဆိုပြီး မေးခဲ့ဖူးပါတယ်။

သက်ရှိတွေဖြစ်လာဖို့ အတားအဆီးတွေ (Filters) အများကြီးကို ဖြတ်ကျော်ရတယ်လို့ သူကဆိုပါတယ်။
ပထမတစ်ချက်ဖြစ်နိုင်တာက ဒီအတားအဆီးတွေကို လူသားတွေက ဖြတ်ကျော်ခဲ့ပြီးပြီ၊ ဒါပေမယ့် အခြားဂြိုလ်ပေါ်က သက်ရှိတွေက ဒီအဆင့်ကို မကျော်နိုင်ခဲ့ကြဘူး။
(လူသားတွေ တော်တော်ကံကောင်းပါလားဆိုတဲ့ အကောင်းမြင်တဲ့ အမြင်ပေါ့)

ဒုတိယအချက်ဖြစ်နိုင်တာက အတားအဆီးတွေ (Filters) က နည်းပညာတိုးတက်လာတာနဲ့အမျှ ရှိလာမှာပဲ။
နည်းပညာအရမ်းတိုးတက်လာတဲ့ တစ်ချိန်မှာ အဲ့ဒီနည်းပညာကြောင့်ပဲ သက်ရှိတွေမျိုးသုဉ်းသွားနိုင်တယ်။
ဥပမာ Nuclear War ဖြစ်ရင် လူတွေမျိုးသုဉ်းသွားနိုင်သလိုပေါ့။
တစ်ချိန်ချိန်မှာ မလွဲမသွေ ကမ္ဘာကြီးပျက်ပြီး သတ္တဝါတွေအကုန်သေသွားနိုင်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ဖို့ကျန်သေးတယ်လို့ ဆိုတယ်။ ဒါကတော့ အဆိုးမြင်စိတ်နဲ့ ကြည့်လိုက်တာပေါ့။

Nuclear War

နောက်တစ်ချက်ဖြစ်နိုင်တာက Type 3 civilization တစ်ခုက သူပိုင်တဲ့ Galaxy မှာ ဖြစ်ပျက်သမျှကို စောင့်ကြည့်နေပြီး တိုးတက်မယ့်အရိပ်အရောင်ပြရင် လာပြီးဖျက်စီးပစ်တာပါ။
(ဒီအချက်ကိုတော့ Cixin Liu ရဲ့ Death’s End မှာ ရေးထားတာဖတ်ဖူးပါတယ်)

နောက်ဆုံးတစ်ခုဖြစ်နိုင်တာကတော့ စကြဝဠာထဲမှာ ကျွန်တော်တို့ဟာ တကယ်ပဲ အထီးကျန်နေတာပါ

ဒီထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက Type 3 civilization တစ်ခုက ကျွန်တော်တို့ဆီလာပြီး ဖျက်ဆီးတာပါ။ (Hypothetical situation အနေနဲ့ စိတ်ဝင်စားစရာကောင်းတာကို ပြောချင်တာပါ…)
ခေါင်းစဉ်အတိုင်းသာဆို အပေါ်က အထိပဲ ရေးဖို့လိုတာပါ။ ဒါပေမယ့် ထည့်ရေးလိုက်ချင်ပါတယ်။

လူတွေ အနေနဲ့တွေးကြည့်ရင်တော့ ဘာလို့များ သူများရဲ့ဂြိုလ်ကို ဖျက်ဆီးမလဲပေါ့။
ဒါပေမယ့် မြင်အောင်ပြောရရင် ကျွန်တော်တို့လည်း အိမ်မှာသူ့ဘာသာ နေနေနဲ့ ပင့်ကူအိမ်တွေကို ရှင်းနေတာပါပဲ။
ငါဒီလိုလုပ်လိုက်လို့ ပင့်ကူတော့ စိတ်ညစ်သွားမှာပဲဆိုပြီး တွေးကြလို့လား။
Type 3 civilization တွေလည်း ဒီလိုပဲပေါ့။ သူတို့လိုချင်တာတစ်ခုရအောင် ကမ္ဘာတစ်ခုလုံးကို မီးလောင်တိုက်သွင်းရင်လည်း သွင်းမှာပေါ့။

ပညာရှင်တွေက ကမ္ဘာကြီးကို လွယ်လွယ်ကူကူနဲ့ ဖျက်ဆီးလို့ရမယ့် နည်းလမ်းကိုလည်း ရှာထားပါသေးတယ်။ (လူတွေသာ Type 3 civilization ဖြစ်သွားရင်တော့ အခြားဂြိုလ်တွေ မလွယ်ကြောပါပဲ…)

Nano technology နဲ့လုပ်ထားတဲ့ Probe တစ်ခုပဲလိုပါတယ်။
ဒီ Probe က သူ့ရှေ့မှာရှိသမျှ အရာအကုန်လုံးကို Molecule တွေဖြစ်အောင် ဖျက်ဆီးနိုင်ပြီး ကိုယ်လိုချင်တဲ့အရာဖြစ်အောင် ပြန်တည်ဆောက်နိုင်ကြပါတယ်။
ပြီးတော့ သူ့ဘာသာလည်း နောက်တစ်ခုဖြစ်အောင် “ပွား” နိုင်ပါတယ်။
(ဒီနည်းကို Arthur C. Clark ရဲ့ 2010 Space Odyssey မှာရေးထားတာဖတ်ဖူးပါတယ်)

ဒါပေမယ့် Type 3 civilization တွေက ခုလိုမျိုး ရန်လိုချင်မှလည်း လိုမယ်လို့ ပြောကြပြန်တယ်။
ကြယ်တစ်ခုရဲ့ Energy ကို Matrioshka Brain (Dyson Sphere တွေပေါင်းထားတဲ့ Structure) နဲ့ အကုန်ရအောင်ယူလိုက်ရင် မျိုးစိတ်တစ်ခုလုံးက သူတို့ရဲ့သိစိတ်ကို Computer ပေါ်မှာ Upload လုပ်ပြီး Simulation တွေထဲမှာပဲ နေသွားလို့ရတယ်။

Matrioshka Brain
Life Inside Simulation

ဒါဆိုရင် သေတယ်ဆိုတာလည်း မရှိတော့ဘူး၊ စိတ်ညစ်တယ်ဆိုတာလည်း မရှိတော့ဘူး၊ ကွန်ပြူတာထဲမှာပဲ ကိုယ်လုပ်ချင်တာလုပ်ပြီး ပျော်သလောက်နေသွားနိုင်ပြီပေါ့။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ခံစားချက်များကို ကြိုးကိုင်ခြင်း

COVID-19 မြန်မာပြည်မှာဖြစ်တဲ့အခါ Lockdown ချဖို့သတင်းသဲ့သဲ့ကြားတော့ လူတွေ Market တွေကိုသွားပြီး ပစ္စည်းတွေရသလောက် ပြေးဝယ်ကြတာမှတ်မိဦးမှာပါ။
City Mart ထဲဝင်ဖို့ လူတန်းရှည်ကြီးစောင့်ရတာ ကျွန်တော့အနေနဲ့ ဘဝမှာ ပထမဆုံးကြုံဖူးတာပဲ။
အဲ့ဒီလို မဝယ်ဖို့တားလည်း မရပါဘူး။ Facebook ပေါ်မှာ အကြောက်တရားက အရမ်းကြီးသွားပြီကို…။

၁၉၈၃ ခုနှစ်တုန်းက ပါလစ္စတိုင်းကောင်မလေးတစ်ယောက် စာသင်ခန်းထဲမှာ ချောင်းတွေဆိုး၊ အသက်ရှုတွေကြပ်ဖြစ်လာတယ်။
အတန်းထဲကလူတွေလည်း သိပ်မကြာဘူး၊ သူ့လိုရောဂါလက္ခဏာတွေပြလာတယ်။
စုစုပေါင်း လူ ၉၀၀ ကျော် ဒီလိုလက္ခဏာတွေပြလာခဲ့တယ်။ အဲ့ဒီအထဲမှာ အစ္စရေးစစ်သားတွေလည်းပါလာတယ်။
ဒီလိုနဲ့ ပါလစ္စတိုင်းတွေက အစ္စရေးတွေကို Chemical လက်နက်သုံးတယ်လို့ စွတ်စွဲတယ်၊ အစ္စရေးကလည်း လံကြုတ်တွေဆိုပြီး ပြန်ပြောတယ်။
တကယ်လည်း စစ်ဆေးကြည့်လိုက်ရော ဘာရောဂါမှ ရှိမနေကြဘူး။
လက္ခဏာတွေက Psychosomatic လို့ဆိုတယ်။ စိတ်ကြောင့် ဖြစ်လာတာပေါ့။ ဒါကို Mass Hysteria လို့လည်း ခေါ်ကြတယ်။

ဒီလိုဖြစ်ဖို့ ရေခံမြေခံတွေကလည်း ရှိနေတာကိုး။
အစ္စရေးနဲ့ပါလစ္စတိုင်းက အချင်းချင်းယုံကြည်မှုမရှိကြတော့ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ တစ်ဖက်ဖက်ကို လက်ညှိုးစထိုးကြတော့တာပဲ။

စိတ်ဝင်စားစရာကောင်းတာက ကောင်မလေးတစ်ယောက် ချောင်းဆိုးပြလိုက်ရုံနဲ့ လူ ၉၀၀ လောက် ချောင်းလိုက်ဆိုးတယ်ဆိုတာပဲ။
Facebook ပေါ်မှာရော ချောင်းဆိုးပြတဲ့ကောင်မလေးတစ်ယောက်ကြောင့် ဘယ်နှယောက်များ ဒုက္ခရောက်ပြီးပြီလဲ?

ဒါကို အကြောက်တရားနဲ့ ဆက်စပ်ပြီး ရှင်းနိုင်ပါတယ်။
ကြောက်ရင်ဘယ်လိုတွေ တုံ့ပြန်လဲဆိုတာ အရင်ကတစ်ခါရေးဖူးပါတယ်။
ပုံမှန် response ကတော့ Fight or flight ပေါ့။
ပြန်ချရင်ချ၊ မချနိုင်ရင်ပြေး…။ ဘာမှသိပ်စဉ်းစားနေစရာမလိုဘူး။

ကြောက်တဲ့အခါမှာ မကောင်းတဲ့သတင်းတွေကို ပိုနားဝင်လွယ်ပါတယ်။ (ဥပမာ COVID ကိုအရမ်းကြောက်ခဲ့ကြတဲ့ကာလတစ်ခုတုန်းက တစ်ယောက် Positive တွေ့ရင်ကိုပဲ ဘယ်သူမှ အပြင်မထွက်ရဲတော့ဘဲ အိမ်ထဲမှာ ဝပ်နေခဲ့ကြသလိုပေါ့)
ဒီနေရာမှာ Media တွေရဲ့ Role က တော်တော်အရေးပါပါတယ်။
ဘာမှမဟုတ်တာ တစ်ခုကို ပုံကြီးချဲ့ပြီး လူတွေကြောက်အောင်လုပ်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေအများကြီး ဖြစ်လာတာပေါ့။

မကောင်းတဲ့သတင်းတွေချည်း တစ်ရက်လုံးကြားနေရတဲ့အခါ တစ်လောကလုံး မကောင်းတော့ဘူးဆိုတဲ့ အသိမျိုးကို ဖြစ်သွားစေပါတယ်။
အထူးသဖြင့် Facebook ပေါ်မှာ အချိန်ကုန်ကြတဲ့ လူတန်းစားတွေပေါ့။
ဒီတော့ Facebook ပေါ်မှာ လူတွေရဲ့စိတ်ခံစားချက်ကို ကြိုးကိုင်ဖို့ (Manipulate) အတွက် တော်တော်လွယ်ကူနေပါတယ်။

အဲ့လိုအလုပ်ခံရတော့ ဘာဖြစ်သလဲ၊ တစ်ရက်ကြောက်သွားပြီး နောက်ရက်ကြရင် ပုံမှန်ပြန်ဖြစ်သွားတာပဲလေလို့ ပြောချင်မှာပေါ့။

ကြောက်သွားတဲ့အခါ၊ စိုးရိမ်သွားတဲ့အခါ လူတွေက Risk သိပ်မယူရဲတော့ဘူး။ ထိန်းထိန်းသိမ်းသိမ်းပဲ လုပ်ကြတော့တယ်။
ဥပမာ ကိုယ့်မှာစုထားတဲ့ငွေနဲ့ ကားတစ်စီးကိုဝယ်မယ်ဆိုပါစို့။
ကားကိုကြိုက်တယ်၊ စျေးလည်းသင့်တယ်၊ ဒါပေမယ့် ပွဲစားကို သိပ်မယုံဘူး။
အဲ့ဒီအချိန်မှာ ဒီကားက ပတ်တီးရိုက်ထားတာကြီး၊ ကီလိုတွေလည်း လျှော့ထားတယ် လို့ သတင်းသဲ့သဲ့ကြားတဲ့အခါ ကားကိုဝယ်ဖို့ တွန့်ဆုတ်သွားတတ်တယ်။
ဖြစ်သင့်တာကတော့ အဲ့ဒီလိုဟုတ်၊ မဟုတ် ကိုယ့်ဘာသာ လိုက်စုံစမ်းသင့်တာပေါ့။ ဒါပေမယ့် သေချာတာတစ်ခုက ကားကို ချက်ချင်းဝယ်ဖြစ်မှာ မဟုတ်တော့ဘူး။

ကြောက်အောင်လုပ်တဲ့အခါ လူတိုင်းက ဒီလိုတုံ့ပြန်တာတော့ မဟုတ်ဘူး။
တချို့တွေက Risk ယူပြီး လုပ်စရာရှိတာကို ဆက်လုပ်သွားကြတယ်။
ဘောလုံးပွဲကြည့်ရင် ဒါကို တွေ့ရတတ်ပါတယ်။
အသင်းငယ်နည်းပြတွေအနေနဲ့ အသင်းကြီးတွေနဲ့ကန်ရင် ရှုံးဖို့ Chance များတယ်ဆိုတာ သိကြတယ်။
ဒီတော့ နိုင်အောင် Risk ယူပြီးကစားမလား၊ ထိန်းထိန်းသိမ်းသိမ်းပဲ သရေကျအောင် ကစားမလား ရွေးရတယ်။
Risk ယူပြီး မထင်ထားတဲ့ကစားကွက်နဲ့ နိုင်သွားတဲ့သာဓကတွေလည်း ရှိပါတယ်။ (ခွက်ခွက်လန်အောင် ရှုံးတာတွေလည်း ရှိတာပေါ့)

ဒီတော့ Stress တစ်ခုအပေါ် လူတွေရဲ့ တုံ့ပြန်ပုံခြင်းမတူကြဘူး။
ဒါဟာ ဘာလို့လဲဆိုတာ Psychologist တွေစမ်းသပ်ထားပါတယ်။

အရမ်းပြိုင်ဆိုင်မှုပြင်းထန်တဲ့တက္ကသိုလ်တစ်ခုက ကျောင်းသားတွေကို Volunteer ခေါ်လိုက်တယ်။
စမ်းသပ်မှုမလုပ်ခင် သူတို့ရဲ့ IQ ကိုစစ်လိုက်တယ်။ အကြမ်းဖျင်း IQ 120 လောက်ရှိကြတယ်။ (IQ 100 က ပုံမှန်ပါ)
ဒီလိုနဲ့နောက်တစ်ခါ သူတို့ကို ထပ်ခေါ်ပြီး IQ Test ထပ်ဖြေခိုင်းပြန်တယ်။ ဒီတစ်ခါမှာတော့ သူတို့ ဖြေနေတုန်းမှာပဲ သူတို့ရဲ့အဆင့်ကို Real time ပြလိုက်တယ်။ (ကွန်ပြူတာနဲ့ဖြေခိုင်းပြီး တစ်ခါတည်းပြတာပါ…)
ပြောချင်တာက ကိုယ် ၁ပုဒ်ဖြေလိုက်လို့ မှန်သွားရင် အဆင့်တက်သွားပြီး မှားရင်တော့ အဆင့်တစ်ခု ချက်ချင်းကြသွားသလိုပေါ့။

အစပိုင်းမှာတော့ လူတိုင်းရဲ့ Score တွေ ပြုတ်ကျကုန်တာပေါ့။ Stress က အရမ်းများတာကိုး။
ဒါပေမယ့် တချို့ကတာ့ တဖြည်းဖြည်းနဲ့ အဖြေတွေမှန်လာပြီး Final score က ပထမဖြေခဲ့တုန်းကထက်တောင် မျာသွားတယ်။
အကြောက်လွန်သွားတဲ့လူတွေကတော့ အမှတ်တွေထိုးကျကုန်တာပေါ့။

အဲ့လိုဖြေနေတဲ့အချိန်မှာ သူတို့ဦးနှောက်တွေကို scan လုပ်နေတာပါ။
အဆင့်တွေကိုစပြီး ပြလိုက်တဲ့အချိန်မှာ အကုန်လုံးရဲ့ Amygdala တွေ စပြီးလှုပ်ရှားလာပါတယ်။ (ဦးနှောက်ရဲ့ကြောက်စေတဲ့အစိတ်အပိုင်းလို့ အလွယ်ပြောလို့ရပါတယ်၊ ဆိုလိုချင်တာက သူတို့ ကြောက်နေကြပြီ)
အဖြေမှန်လာတဲ့သူတွေမှာကျတော့ Amygdala လှုပ်ရှားမှုက တဖြည်းဖြည်းနဲ့ပြန်လျော့သွားပြီး Frontal Lobes လှုပ်ရှားမှုက ပိုများလာပါတယ်။ (ဦးနှောက်မှာရှိတဲ့ စိတ်ကိုထိန်းချုပ်နိုင်တဲ့နေရာလို့ ခပ်လွယ်လွယ်မှတ်နိုင်ပါတယ်)

Amygdala

ဒါကိုကြည့်ရင် အဖြေမှန်လာတဲ့သူတွေသည် သူတို့ရဲ့ကြောက်စိတ်ကို ထိန်းချုပ်နိုင်လိုက်ကြတယ်။
အစပိုင်းမှာခြောက်လို့ကြောက်ခဲ့ပေမယ့် ကိုယ်လုပ်သင့်တာကို ဆက်လုပ်သွားနိုင်ကြတယ်။

လူနဲ့ တိရစ္ဆာန်တွေ မတူတာလည်း ဒီအချက်ပါပဲ။ လူက အကြောက်တရားရဲ့သားကောင် မဖြစ်အောင် Logic ကျကျတွေးတောနိုင်တယ်။
တိရစ္တာန်တွေကတော့ ပြေးမလား၊ ပြန်ချမလားထဲကပဲ ရွေးတတ်ကြတယ်။

လူတွေက ကိုယ်ကံကောင်းနေတယ်ထင်ရင် Risk ယူတတ်ကြတယ်။
ထီဆိုတာ ပေါက်ဖို့အင်မတန်ခဲယဉ်းတယ်ဆိုတာ လူတိုင်းသိကြပေမယ့် ထိုးနေကြတာပါပဲ။
ညကအိပ်မက်ကောင်းလို့၊ ဒီနေ့ မိုးရွာမယ်ထင်ပေမယ့် နေသာလို့၊ ကားသွားတဲ့လမ်းတလျောက် မီးနီမမိလို့ စသဖြင့် ကိုယ်ကံကောင်းနေတယ်လို့ ထင်တဲ့အခါ ကံစမ်းတတ်ကြတယ်။

ဒီစာကိုရေးရတဲ့ရည်ရွယ်ချက်က ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာ ပတ်ဝန်းကျင်အခြေအနေတွေက အများကြီး အကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာ တွေးမိသွားစေချင်တာပါ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဗုဒ္ဓရဲ့အနန္တစကြဝဠာဆိုတာ Physics မှာတကယ်ရှိလား?

ဒီလိုခေါင်းစဉ်မျိုးရေးရင် ဖတ်တဲ့သူများတဲ့အတွက် နောက်တစ်ပုဒ်ထပ်ရေးလိုက်တာပါ။
စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးပါ။ အတွေးတစ်ခုရသွားမယ်လို့ မျှော်လင့်ပါတယ်။

ဗုဒ္ဓက “တပည့်တို့… ဤငါတို့ မဟာလောကဓာတ်အပြင် တစ်ဆူတစ်ဆူသော၊ တစ်ပါးသောဘုရားတို့၏ ပိုင်ဆိုင်ရာ၊ အုပ်စိုးရာ၊ အာဏာနှံ့ရာ တိုင်းနိုင်ငံကြီးတွေဖြစ်သော မဟာလောကဓာတ်ကြီးတွေသည်ကား အရပ်ရှစ်မျက်နှာတို့၌ အင်္သေချေအနန္တများပြားစွာရှိကုန်၏။ လောကဓာတ်အဆုံးမရှိ။ ဤအဆုံးမရှိများပြားသော မဟာလောကဓာတ်တွေ အကုန်လုံးကိုကား အနန္တလောကဓာတ်ဟု မှတ်ရမည်” လို့ ဟောကြားခဲ့ပါတယ်။ (ခပ်တိုတိုပြောရရင် စကြဝဠာအနန္တရှိတယ်လို့ ဆိုလိုချင်တာပါ)

Physics မှာလည်း ဒီလိုအယူအဆရှိပါတယ်။
သီအိုရီအရ စကြဝဠာအမျိုးအစားတွေကို ခွဲခြားထားပါတယ်။
Cosmologist Max Tegmark က စကြာဝဠာ Level ၄ခု ရှိတယ်လို့ ဆိုပါတယ်။

Level 1: An Extension of our universe
ဒီစကြဝဠာတွေဟာ ကျွန်တော်တို့ရှိနေတဲ့စကြဝဠာနဲ့ ဆက်နွယ်နေပါတယ်။
ဒါကြောင့် Physical Law တွေ၊ Physical Constatnt တွေက တူတူပဲဖြစ်နေမှာပါ။ (ဆိုလိုချင်တာက အလင်းအလျှင် ၁စက္ကန့်ကို ၁၈၆၀၀၀ မိုင်ဆိုတာ ခုပြောနေတဲ့ Universe တွေမှာလည်း တူတူဖြစ်နေပါတယ်၊ မရှင်းရင် ဆက်ဖတ်ပေးပါ၊ အောက်ရောက်ရင်ရှင်းသွားပါလိမ့်မယ်)

ဒီ Level 1 စကြဝဠာတွေက ကျွန်တော်တို့စကြဝဠာနဲ့ အလွန်ဝေးတဲ့အတွက် သူတို့ကို တွေ့နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
ကျွန်တော်တို့ပြောပြောနေတဲ့ စကြဝဠာဆိုတာ လေ့လာလို့ရနိုင်သော စကြဝဠာ (Observable Universe) ကိုပြောချင်တာပါ။ ဒီစကြဝဠာရဲ့အလွန်မှာ ဘာရှိမလဲမသိကြပါဘူး။ (အလင်းအလျှင် ရှိသလောက်ပဲ ကျွန်တော်တို့ဆီကို Information ကရောက်တာမို့ပါ)

ဒီစက်ဝိုင်းရဲ့အလွန်မှာ ဘာရှိလဲမသိနိုင်ပါဘူး

မြင်အောင်ပြောရရင် အိမ်ထဲမှာနေတဲ့သူတစ်ယောက်က အိမ်တစ်လုံးလုံးကို ခြုံငုံပြီး မမြင်နိုင်ဘဲ မီးထွန်းထားတဲ့အခန်းကိုပဲမြင်ရမှာပါ။ မှောင်နေတဲ့အခန်းတွေ ရှိနေသေးတာသိပေမယ့် မမြင်နိုင်ပါဘူး။

Level 2: Universes with different physical constants
နာမည်အတိုင်းပဲ ဒီစကြဝဠာတွေဟာ ကျွန်တော်တို့နေထိုင်တဲ့စကြဝဠာနဲ့ Physical constants တွေမတူကြပါဘူး။
(အလင်းအလျှင်ဟာ သူ့ဆီမှာ ကျွန်တော်တို့ထက် သိသိသာသာပိုမြန်ချင်မြန်နေမယ်၊ နှေးချင်နှေးနေမယ်၊ ကျွန်တော်တို့သိသမျှ Physical constant တန်ဖိုးတွေ သူတို့ဆီမှာ သုံးမရပါဘူး)

မြင်အောင်ပြောရရင် ငါးတစ်ကောင်အတွက် ကမ္ဘာကြီးဆိုတာ ရေတွေပဲရှိတာလို့ထင်မှာပါ။ ဒါကြောင့် သူသာ တိုင်းတာတတ်တဲ့အသိဉာဏ်ရှိမယ်ဆိုရင် ကမ္ဘာကြီးက ဘယ်လောက်ကြည်လင်ရမယ်၊ သူဘယ်လောက် အမြန်နှုန်းနဲ့ကူးခတ်လို့ရရမယ်ဆိုပြီး တွက်ချက်မိမှာပါ။
ရေခဲပြင်တွေရှိတဲ့ဒေသကို သူရောက်သွားရင်တော့ သူ့ရဲ့တွက်ချက်မှုကိန်းသေတွေဟာ မှန်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒီစကြဝဠာတွေ ဘယ်လိုဖြစ်လာမလဲဆိုရင် Big Bang Theory (Cosmic Inflation) အကြောင်းပြန်ပြောရမှာပါ။
အမှတ်စက်တစ်ခု (Singularity) ဘဝကနေစခဲ့တဲ့ စကြဝဠာကြီးဟာ ခုချိန်ထိ ဆက်လန့်ပြန့်ကားနေဆဲပါပဲ။
ဒါပေမယ့် အချို့နေရာတွေမှာ မပြန့်ကားတော့ဘဲ စုဝေးသွားပြီး Gas Bubble တွေလိုဖြစ်သွားတယ်လို့ ဆိုပါတယ်။
(ပြန့်တဲ့နေရာကပြန့်၊ စုတဲ့နေရာကစုဖြစ်သွားတာပေါ့… အဲ့ဒီအစုလေးတွေက Universe တစ်ခုထပ်ဖြစ်လာတာပါ)

Level 2 ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ Theory တစ်ခုက Lee Smolin ရဲ့ Cosmological Natural Selection ပါပဲ။
သူ့ရဲ့အဆိုအရ တွင်းနက် (Black Hole) တွေက စကြဝဠာအသစ်တွေဖန်တီးပေးနေတယ်လို့ ဆိုတယ်။ အဲ့ဒီကနေ ကြယ်တွေဖြစ်လာမယ်၊ ပြီးတော့ အသက်ရှင်ဖို့လိုအပ်တဲ့ Oxygen တွေဖြစ်လာမယ်၊ သက်ရှိတွေဖြစ်လာမယ်။
(ဂရုပြုစေချင်တာက ဒါတွေဖြစ်ပျက်နေတာသည် တွင်းနက်တစ်ခုထဲမှာပါ)

Singularity inside the black hole giving rise to another universe.

Level 3: Many Worlds Interpretation of Quantum Mechanics
ရွေးချယ်မှုတစ်ခုလုပ်လိုက်တိုင်း စကြဝဠာကြီး ၂ခုကွဲထွက်သွားတာကို ပြောတာပါ။ (ဇာတ်လမ်းတွေထဲကလိုဆိုရင်တော့ Timeline ၂ခုကွဲသွားတာနဲ့ သွားတူမယ်)
ရေးပြီးသားမို့ ထပ်မရေးတော့ပါဘူး။ သေချာသိချင်ရင် Quantum Mechanics Part 4 မှာ သွားဖတ်ပေးပါ။

https://ouo.io/UNkgaM

Level 4: Ultimate Ensemble
ဒီ Level မှာတော့ အပေါ်မှာပြောခဲ့တဲ့ စကြဝဠာတွေအကုန်လုံး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Each bubble is a universe.

ဆိုတော့… Level တွေခွဲလိုက်တာတော့ ဟုတ်ပါပြီ။ တကယ်ရှိ၊ မရှိဘယ်လိုသိနိုင်မလဲလို့ မေးစရာရှိပါတယ်။
သင်္ချာနဲ့တွက်ချက်ပြီး ဒီလိုမျိုး အနန္တစကြဝဠာတွေရှိနိုင်တယ်လို့ ဆိုပေမယ့် လက်တွေ့မှာ တိုင်းတာဖို့ကတော့ မဖြစ်နိုင်သလောက်ကို ခက်ခဲပါတယ်။

ဥပမာပြရရင် ကမ္ဘာကြီးပြားတယ်လို့ အရင်ခေတ်ကဆိုခဲ့သလိုပါပဲ။ ကမ္ဘာကကြီးလွန်းနေပြီး လူတွေကသေးလွန်းနေတော့ အဝန်းအဝိုင်းဆိုတဲ့ သဘောတရားကို မခံစားနိုင်ကြတော့ဘူးပေါ့။
ဒါပေမယ့် ကမ်းခြေကနေ သင်္ဘောတွေကို ထိုင်ကြည့်နေဖူးရင် ကမ္ဘာကြီးလုံးကြောင်းသိနိုင်ပါတယ်။
သင်္ဘောတွေက တဖြည်းဖြည်းနဲ့ မြင်ကွင်းကနေပျောက်သွားတာ…။ ကမ္ဘာကြီးသာ ပြားနေခဲ့ရင် အားကောင်းတဲ့ မှန်ပြောင်းတစ်ခုနဲ့ကြည့်တဲ့အခါ သင်္ဘောကို အမြဲမြင်နေနိုင်မှာပါ။

ခုက အဲ့ဒီလို ဆက်စပ်ပြီးတောင် သိဖို့မလွယ်ကူပါဘူး။
အကြောင်းရင်းကတော့ စကြဝဠာက အလွန့်အလွန်ကို ကြီးမားလို့ပါ။ (အလင်းနှစ် ၉၃ billion နီးပါးကြီးပါတယ်၊ ကမ္ဘာကို အလင်းတစ်ပတ်ပတ်ဖို့ 0.13 second ပဲကြာပါတယ်)

သိပ္ပံပညာမှာ အယူအဆတစ်ခုကို မှန်ကြောင်း၊ မှားကြောင်း စမ်းသပ်ချက်တွေနဲ့ သက်သေပြရပါတယ်။
ဒါပေမယ့် အနန္တစကြဝဠာရှိ၊ မရှိဆိုတာကို ပညာရှင်တွေကတော့ သက်သေမပြနိုင်ပါဘူး။ အဲ့ဒီအတွက် မှားတယ်လို့လည်း ဆိုလို့မရပြန်ပါဘူး။

တချို့ပညာရှင်တွေကတော့ တခြားဖြစ်တန်စွမ်းတွေကိုပါ ခန့်မှန်းနိုင်တဲ့အတွက် ဒီ သီအိုရီကို ပစ်ပယ်လို့မရဘူးဆိုပြီး ပြောကြပါတယ်။
ဒါကြောင့် Multiverse Theory ကို ပညာရှင်တွေကြားမှာ အတွေးအခေါ်အယူအဆ (Philosophical Notion) တစ်ခုအဖြစ်သာ ယူဆထားပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started