ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 2)

ပထမပိုင်းက အိပ်မက် ၁၀မျိုးကို အခု တခုစီ အဖြေရှာကြည့်ကြရအောင်။

အောက်မှာပြောပြမယ့် အိပ်မက်တွေရဲ့ message တွေက အများလက်ခံယူဆထားတဲ့ အယူအဆ (Freud theory) ပေါ်မူတည်ပြီး ဖွင့်ဆိုထားတာဖြစ်ပါတယ်။ သိပ္ပံနည်းကျ 100% မှန်ကန်မည်လို့တော့ အာမ မခံနိုင်ပါခင်ဗျ။

၁။ အဆင်သင့်မဖြစ်သေးတဲ့ စာမေးပွဲတွေဖြေရတယ်လို့ မက်တတ်ကြပါတယ်။

လူတိုင်းလိုလို အဲ့လို အိပ်မက်တွေမက်ဖူးကြပြီး တယောက်နဲ့တယောက် စာမေးပွဲအမျိုးအစားမတူကြပါဘူးတဲ့။

ဥပမာ ဆယ်တန်းစာမေးပွဲဖြေဖူးတဲ့သူက ဆယ်တန်းကိုပြန်စွဲပြီး မက်ကြတယ်။

သရုပ်ဆောင်မင်းသားမင်းသမီးတွေဆို သရုပ်ဆောင်လူရွေးပွဲကိုမက်လေ့ရှိတယ်။

ဝန်ထမ်းတွေဆို အလုပ်ဝင်စာမေးပွဲ interview စတာတွေကိုမက်တတ်ပါတယ်။

မက်လိုက်တိုင်း အေးအေးဆေးဆေး စာမေးပွဲကိုမဖြေရတတ်ဘဲ စာတွေမေ့ကုန်တာ ၊ အချိန်မမှီတော့တာ ၊ interview ဆိုရင် ပြောရမယ့်စကားတွေမေ့ကုန်တာ ထစ်ကုန်တာ စတဲ့ အလွဲအချော်တွေပဲမက်လေ့ရှိပါတယ်။

ဒီလို အိပ်မက်တွေရဲ့ latent content ကတော့ သူများတွေရဲ့ အဆုံးဖြတ်ပေးတာခံရတယ်။ judge အလုပ်ခံရတယ်လို့ ခံစားရတဲ့အခါ မက်တတ်ပါတယ်တဲ့။
သူများပြောတဲ့စကားတွေက ကိုယ့်ကို မလုံဖြစ်စေတယ်၊ ကိုယ့်ကိုစောင်းပြောနေတာများလားဆိုပြီး စိတ်ခုစေတဲ့အခါမှာလဲ မက်တတ်တယ်လို့ဆိုပါတယ်။

၂။ လူကြားထဲ ကိုယ်လုံးတီးဖြစ်သွားတယ်လို့ မက်တတ်ကြပါတယ်။

ဒီလိုအိပ်မက်မျိုးက အရှက်တကွဲ တခုခုဖြစ်ရတဲ့အခါ ၊ စိတ်မလုံခြုံတဲ့အခါ မက်တတ်တယ်လို့ဆိုပါတယ်။

၃။ တစုံတယောက် လိုက်လို့ ထွက်ပြေးရတယ်။ အကောင်တကောင်ကောင် လိုက်ကိုက်လို့ ပြေးရတယ်ဆိုပြီးလဲ မက်တတ်ပါတယ်။

ဒီလိုမက်တဲ့သူတွေက ကလေးသူငယ်တွေဖြစ်လေ့ရှိပြီး physically အားနည်းသူ၊ ကြောက်ရွံ့တတ်သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ မကြံ့ခိုင်သူတွေ ၊ ကိုယ့်ကိုယ်ကို အရွယ်အစားသေးတယ်လို့ မြင်နေသူတွေမှာ မက်တာမျိုးဖြစ်ပြီး

အရွယ်ရောက်ပြီးသား လူကြီးတွေမှာ မက်ရင်တော့ စိတ်ပင်ပန်းမှု (stress)အလွန်ပိနေတဲ့ လက္ခဏာတခုပါပဲ။

၄။ အမြင့်တနေရာက ပြုတ်ကျတယ်လို့ မက်တတ်တယ်။

ဒီလိုမက်တယ်ဆိုရင် လက်ရှိအခြေအနေက သင့်ကိုအတော်လေး လွှမ်းမိုးချုပ်ကိုင်ထားတာကိုပြပြီး
သင်ကဘာကိုမှ ထိန်းကြောင်းလုပ်ကိုင်လို့မရနေတာ၊ သင့်စိတ်ကြိုက်လုပ်ခွင့်မရတာကိုပြနေပါတယ်တဲ့။

၅။ တနေရာသွားနေရင်း လမ်းပျောက်သွားတာလဲမက်တတ်ပါတယ်။

အဲ့လိုမက်ရခြင်းက တကယ့်လက်တွေ့ဘဝမှာလဲ သင်ကဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ အခြေနေကိုရောက်နေတာဖြစ်နိုင်ပြီး ဘဝမှာ လမ်းပျောက်နေတဲ့ကာလ (သို့) လိုချင်တာမရနိုင်တဲ့ကာလ ဖြစ်နေတတ်ပါတယ်တဲ့။ (so sad but true , Right? :’) )

၆။ သွားတွေကျိုးကုန်တယ်လို့ မက်တာ

ဒီအိပ်မက်မျိုးကိုမက်တဲ့အခါ မိမိခံစားချက်တွေကို လျစ်လျူရှုခံထားရတယ်လို့ ခံစားနေရမယ်။

ရန်လိုနေတဲ့ စိတ်ဆက်နေတဲ့ ခံစားချက်တွေရှိနေမယ်လိုဆိုပါတယ်။

၇။ သဘာဝဘေးရန်တခုခုနဲ့ ကြုံရတယ်လို့
မက်ရင်တော့ မိမိခံစားချက်တွေကို လက်ရှိကြုံနေရတဲ့ မိမိ ပြဿနာတွေက လွှမ်းမိုးထားပြီး ပြဿနာတွေရော ခံစားချက်တွေရော ဖြေရှင်းလို့မရဘဲ တစတစ ကြီးထွားပေါက်ကွဲကုန်တတ်တယ်လို့ ဆိုလိုပါတယ်။

၈။ လေထဲမှာ ပျံနေတယ်လို့ အိပ်မက်မက်ရင်တော့
အခြေနေတခုခုကနေ ထွက်ပေါက်အဖြစ် ပြေးထွက်လိုက်ချင်တဲ့ခံစားချက် ၊ ပြဿနာတွေကနေ လွန်မြောက်ချင်တဲ့ စိတ်ကို ပြသနေပါတယ်တဲ့။

၉။ သေကောင်းပေါင်းလဲ ဒဏ်ရာရနေတာ သေလုဆဲဆဲဖြစ်နေတာလို့ အိပ်မက်ရင်တော့ တကယ့်လက်တွေ့ဘဝမှာလဲ သေချင်နေတယ်လို့ ပြောလို့မရပါ။
ဖြစ်နိုင်တာကတော့ လက်တွေ့ဘဝမှာ တခုခုက ဆက်လက်ရှင်သန်ဖို့မဖြစ်နိုင်တော့ဘဲ တစတစပျောက်ကွယ် ထွက်ပြေးသွားတာကိုဆိုလိုပါတယ်တဲ့။

ဥပမာ ချစ်သူနဲ့ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့တာ ၊ အသက်မွေးဝမ်းကြောင်းတခုကို ဆက်လက်လုပ်ဖို့မဖြစ်နိုင်တော့တာ ၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတခုကို ဆက်အသုံးချလို့ မရတော့တဲ့အခါမျိုးမှာ မက်တတ်ပါတယ်။

၁၀။ ကားမောင်းရင်း ကားကိုထိန်းလို့မရတော့တာလဲ မက်တတ်ကြပြီး

နေ့စဥ်ဘဝမှာ stress တွေများနေတာ ၊ကြောက်ရွံ့စိတ်တွေပြည့်နေတာ ၊ မိမိစိတ်နဲ့မိမိ ဘာကိုမှထိန်းချုပ်ခွင့်မရှိတာတွေကို ပြသနေပါတယ်တဲ့။

ဒီလောက်ဆိုရင် အိပ်မက်တွေအကြောင်းနဲ့ အယူအဆတွေကို နားလည်လောက်ပြီမို့ ဒီမှာပဲ အဆုံးသတ်ပါရစေ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 1)

လူတွေဘာလို့ အိပ်မက်မက်ရတာလဲ။

အိပ်မက်မက်ခြင်းက အတိတ်ကဖြစ်ရပ်ကိုစွဲပြီးမက်ကြတာလား။

ဒါမှမဟုတ် မဖြစ်သေးတဲ့ အနာဂတ်ရဲ့ ရှေ့ပြေးနိမိတ်ပုံအနေနဲ့ အိပ်မက်မက်ကြတာလား။

အိပ်မက်ထဲက အရာတွေက ဘာအဓိပ္ပာယ်တွေရှိကြလဲ။

အမှန်ပြောရရင် သိပ္ပံပညာရှင်များအနေနဲ့ အပေါ်ကမေးခွန်းတွေကို ယနေ့တိုင် မဖြေနိုင်သေးပါဘူး။

လူတွေအိပ်ရင် ဘာလို့ အိပ်မက်မက်တာလဲ ကိုလဲ လေ့လာနေဆဲ အဖြေရှာနေဆဲပါ။

အိပ်မက်တွေနဲ့ပတ်သက်ပြီး စိတ်ပညာရှင်တွေကတော့ အယူအဆအမျိုးမျိုးရှိပါတယ်။

အိပ်မက်အယူအဆတွေထဲမှာ ဆရာကြီး Sigmund Freud ရဲ့ အယူအဆက တော်တော်လွှမ်းမိုးမှုရှိပါတယ်။

သူ့ယုံကြည်ချက်အရ လက်တွေ့ဘဝရဲ့ မပြည့်ဝသေးတဲ့ ဆန္ဒတွေ ၊ အတွေးတွေ ၊ ဖိနှိပ်ခံထားရတဲ့ ခံစားချက်တွေ ၊ ငုံလျှိုးနေတဲ့ စိတ်ကူးတွေ ထင်ဟပ်ပြီး အိပ်မက်မက်အနေနဲ့ ပေါ်ထွက်လာတာလို့ ဆိုပါတယ်။

Freud က အိပ်မက်တခုစီကို အနက်ဖွင့်တဲ့အခါ ၂ပိုင်းရှိတယ်လို့ ဆိုပါတယ်။

အိပ်မက်ထဲမှာ မြင်ရကြားရတဲ့ ပုံရိပ်တွေ ၊ အသံတွေ ၊ ပါဝင်သူတွေကို (Manifest content) လို့ဆိုပြီးအိပ်မက်ရဲ့နောက်ကွယ်က ဖွက်ထားတဲ့အဓိပ္ပာယ်ကို
(Latent content) လို့ဆိုပါတယ်။
တနည်းဆိုရသော် အိပ်မက်ကပေးချင်တဲ့ message ကို latent content လို့ပြောချင်တာပါ။

ဥပမာ – ရေခဲမုန့်ဝယ်စားဖို့ အသွား လမ်းပျောက်သွားတဲ့ အိပ်မက်ဆိုရင် ရေခဲမုန့်ဝယ်ဖို့သွားတာ၊ လမ်းပျောက်တာတွေက Manifest content ဖြစ်ပြီး လိုချင်တဲ့အရာတခုခုကို ရဖို့လုပ်တိုင်း အနှောင့်အယှက်တွေကြုံရလို့ မပြည့်ဝတဲ့သူ့ဆန္ဒကိုစွဲပြီး မက်တာများလား ဆိုတဲ့ အနက်အဓိပ္ပာယ် (message) က Latent content ပါ။

ဒီလို Freud ကယူဆတာကို လက်မခံသူကတော့
G.William Domhoff ဖြစ်ပြီးအိပ်မက်က တနေ့တာဖြစ်ခဲ့သမျှကို brain ကပြန်တွေးတဲ့ neurological ဖြစ်စဥ်သက်သက် တခုပဲ
ဒါတွေကို အဓိပ္ပာယ်လိုက်ကောက်လို့မရနိုင်ဘူးလို့ ယူဆပါသတဲ့။

သူပြောတာလဲ ငြင်းလို့မရနိုင်ပြန်ဘူး။

အကြောင်းက ၁၉၉၇ ခုနှစ်တုန်းက သိပ္ပံပညာရှင်တွေက အိပ်စက်ခြင်းနဲ့ အိပ်မက်အကြောင်း သုတေသနလုပ်တဲ့အခါ အိပ်မက်တွေကို REM sleep (Rapid Eye Movement) မှာမက်ကြောင်း သိရခဲ့ပါတယ်။

အိပ်မက်မက်တဲ့အခါ brain ရဲ့ Brain stem နဲ့ Limbic system မှာ neuronal circuit တွေပိုပြီးအလုပ်လုပ်နေတာကိုတွေ့ရပါတယ်။

Limbic system ဆိုတာ လူတွေရဲ့ မှတ်ဉာဏ်နဲ့ emotion တွေကို ထိန်းချုပ်တဲ့နေရာဖြစ်ပြီး အဆိုပါ brain နေရာတွေအလုပ်လုပ်လို့ အိပ်မက်ဆိုတာပေါ်လာတာလို့ ယူဆလာကြပြန်ပါတယ်။

နှလုံး (heart) ညှစ်လို့ နှလုံးခုန်သံ (heart sound) ဆိုတာပေါ်လာသလို Limbic system အလုပ်လုပ်လို့ အိပ်မက်မက်တာလို့ တွေးကြဟန်တူပါတယ်။

အခုအချိန်ထိ Dream တွေက ဘယ်လိုအလုပ်လုပ်တယ် ဘာရည်ရွယ်ချက်လဲဆိုတာ ဘယ်သူမှ တိတိကျကျ ခိုင်ခိုင်မာမာမပြောနိုင်သေးပါ။

စစ်တမ်းကောက်ကြည့်တဲ့အခါ လူတိုင်းလိုလိုမှာ မက်လေ့ရှိတဲ့ အိပ်မက် 10 မျိုးရှိပါသတဲ့။

အဲ့တာတွေကတော့

  1. အဆင်သင့်မဖြစ်သေးဘဲ စာမေးပွဲဝင်ဖြေရတာ
    (တော်တော်စိတ်ညစ်စရာကောင်းတဲ့ အိပ်မက်ပါ :3)
  2. လူပုံအလယ်မှာ ကိုယ်လုံးတီးဖြစ်သွားတာ
    (ဒါတော့ စာရေးသူမမက်ဖူးပါ။ မက်ဖူးလဲ ထုတ်ပြောမည်မဟုတ်ပါ။ )
  3. တယောက်ယောက်က ကိုယ့်နောက်ကိုလိုက်လို့ ခွေးပြေးဝက်ပြေး ထွက်ပြေးရတာ
    (အဲ့တာလဲ စိတ်မောလူမော အိပ်မက်ကြီးပါ)
  4. အမြင့်ကပြုတ်ကျတာ
    (ဒါလဲခဏခဏ ဖြစ်ဖူးမက်ဖူးမှာပါ)
  5. လမ်းသွားရင်း လမ်းပျောက်တာ
    (စာရေးသူဆို စာမေးပွဲသွားဖြေပြီလို့မက်ပြီဆို လမ်းကပျောက်ပါပြီ)
  6. သွားတွေကျိုးကုန်တာ
    (အဲ့တာ တော်တော်ဆိုးတဲ့ ခံစားချက်ကြီးပါ။ နိုးလာရင် သွားတွေကိုင်ကြည့်ရတာအမော)
  7. သဘာဝဘေးအန္တရာယ်တခုခုကျရောက်တာ
    (ဥပမာ ရေကြီးတာတို့ မီးလောင်တာတို့)
  8. လေထဲပျံသန်းနေတာ
    (စာရေးသူမက်ဖူးချင်တဲ့အိပ်မက်ပါ တော်တော် စိတ်ပေါ့သွားမယ်ထင်ပါတယ်)
  9. သေလုမြောပါးဖြစ်တာ (သို့) အကြီးအကျယ်ဒဏ်ရာရတာ
  10. ကားမောင်းနေရင်း ကားကိုထိန်းလို့မရတော့တာ စတဲ့ အိပ်မက်၁၀ မျိုးဖြစ်ပါတယ်။

ဒုတိယအပိုင်းမှာ ဒီအိပ်မက် ၁၀မျိုး ဘာလို့မက်တာလဲ။
ဒီအိပ်မက်တွေရဲ့ ပေးချင်တဲ့ message ကဘာတွေလဲ ဆက်ရေးသွားမှာမို့…စောင့်ဖတ်ပေးကြပါဦး။

Thanks for your time!

လင်းမူ

ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 2)

ဒုတိယပိုင်းမှာတော့ ပထမပိုင်းကမေးခွန်းတွေကို ပြန်လည်အဖြေရှာကြမှာဖြစ်ပါတယ်။

တိရစ္ဆာန်တွေကို အောင်မြင်စွာ ပုံတူပွားပြနိုင်ခဲ့တဲ့အချက်က သိပ္ပံလောကကို ဆူဆူညံညံဖြစ်သွားစေခဲ့ပါတယ်။

ဒီနည်းပညာကို စိတ်ဝင်စားလာကြပြီး တချို့သော သူဌေးတွေဟာ သူတို့ပိုင်တဲ့ မြင်းမျိုးစိတ်တွေကို clone ထားကြပါတယ်။

မြင်းကောင်းမျိုးသန့် တွေရဖို့ကိုလဲ မျိုးစပ်တဲ့နည်းတွေ Clone နည်းတွေနဲ့ ကြိုးပမ်းနေကြပါတယ်။

တခုရှိတာက ပုံတူပွားထားတဲ့ အကောင်က မူလအကောင်နဲ့ 100% တူမယ်လို့ အတိကျမပြောနိုင်ပါ။

တကယ်လဲ လက်တွေ့မှာ ခပ်ပါးပါး မတူတဲ့အချက်တွေတွေ့ရပါတယ်။

ပြိုင်ပွဲတိုင်းနိုင်တဲ့ ပြိုင်မြင်းတကောင်ကို ပုံတူပွားပြီး မွေးလာတဲ့မြင်းဟာ ပြိုင်မြင်းဖြစ်ချင်မှဖြစ်လာနိုင်သလို တကယ်သန်မာချင်မှလဲသန်မာမှာပါ။

သူ့ကိုကျွေးမွေးတဲ့အစာပုံစံ ၊ ပတ်ဝန်းကျင်ရဲ့စနစ် ၊
လေ့ကျင့်ပေးတဲ့ပုံစံ ၊ သူ့ရဲ့စိတ်နေစိတ်ထား (ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကောင်လား) စတာတွေက Clone လိုက်ရုံနဲ့ ကွက်တိတူမလာပါဘူးတဲ့။

ဒါပေမယ့်လဲ အပျော်တမ်းမွေးကြတဲ့ တိရစ္ဆာန်ချစ်သူတွေကတော့ သူတို့မွေးထားတဲ့အကောင်လေးတွေ သေသွားတဲ့အခါ သူတိုကိုပြန်မြင်ချင်တဲ့စိတ်ကြောင့် Clone နည်းပညာကို ပိုက်ဆံပေးပြီး သူတို့ DNA နဲ့ Clone ခိုင်းကြတာလဲရှိပါတယ်။

ဒါဆို မျိုးတုံးသွားတဲ့ ဒိုင်နိုဆောတွေကိုရော ပြန်အသက်သွင်းလို့ရမလား။

ဒိုင်နိုဆောတွေကို အသက်သွင်းဖို့ဆိုတာ သူတို့ရဲ့ မျိုးရိုးဗီဇ DNA ကို လုံလုံလောက်လောက်ရမှ ဖြစ်မှာပါ။

သက်ရှိတိုင်းက DNA ကို cell ထဲမှာသိမ်းထားပြီး cell သေသွားရင် DNA ကအပြင်ကိုထွက်လာပါတယ်။

ပြင်ပလောကရဲ့ ပြောင်းလဲမှုတွေ ပတ်ဝန်းကျင်ရဲ့ဘေးရန်တွေကြောင့် (ဥပမာ မိုးဒဏ် လေဒဏ်၊ နေရောင်ဒဏ်၊ အပူချိန်ပြင်းခြင်း) အနည်းနဲ့အများဆိုသလို DNA တွေက ပျက်စီးယိုယွင်းလာပါတယ်။

ဒိုင်နိုဆောတွေမျိုးတုံးသွားတာ နှစ်သန်းနဲ့ချီခဲ့ပြီမို့ သူတို့ DNA တွေကို ကျောက်ဖြစ်ရုပ်ကြွင်းတွေမှာ အကောင်းတိုင်းတွေ့ရဖို့ မလွယ်တော့ပါ။

အကြွင်းအကျန်ပဲရရင်တောင် အတော်လေး ပြောင်းလဲပျက်စီးနေလောက်ပြီဖြစ်လို့ ဒိုင်နိုဆောရုပ်တောင် ထွက်ချင်မှထွက်တော့မှာပါ။

အဲ့တာကြောင့် ဒိုင်နိုဆောအိပ်မက်ကတော့ စွန့်လွှတ်လိုက်ရပါတော့တယ်။

ဒါဆို တခြား မျိုးတုံးသွားတဲ့အကောင်တွေကိုရော မစမ်းသပ်ထားဘူးလားဆိုရင် စမ်းထားပါတယ်။

သက္ကရာဇ် 2000 ခုနှစ်မှာ ကမ္ဘာမှာနောက်ဆုံးတကောင်ပဲကျန်တဲ့ တောင်ဆိတ်ရိုင်း အမ Pyrenean ibex ဟာ စပိန်နိုင်ငံမှာ သေသွားပါတယ်။

သူ့ရဲ့ နားရွက်ကနေ tissue တချို့ကိုယူသိမ်းထားပြီး 2003 ခုနှစ်မှာ အဆိုပါ တောင်ဆိတ်မလေးရဲ့ cellular nucleus ကို တခြား ရိုးရိုးဆိတ်တွေရဲ့ မျိုးဥ (egg cell) ထဲ ထည့်ပြီးပုံတူမျိုးပွားကြည့်ခဲ့ပါတယ်။

မျိုးဥပေါင်းများစွာစမ်းသပ်ခဲ့ရာမှ တဥပဲ အလုပ်ဖြစ်ခဲ့ပြီး တောင်ဆိတ်ရိုင်းတကောင် သားပေါက်ခဲ့ပါတယ်။

ဒါပေမယ့် မွေးပြီး မကြာခင်မှာပဲ အဆုတ်ပြဿနာနဲ့ပဲ သေသွားပြန်ပါတယ်။

သိပ္ပံပညာရှင်တွေက ဆက်စမ်းဖို့မကြိုးပမ်းတော့ပါဘူးတဲ့။

သူတို့ဆက်စမ်းသပ်လို့ အောင်မြင်ပြီး တောင်ဆိတ်ရိုင်းမလေး ထပ်မွေးလာရင်တောင် သူနဲ့မိတ်လိုက်မယ့် တောင်ဆိတ်အထီးမရှိပါ။

Clone ဆိုတဲ့အတိုင်း မူလက တောင်ဆိတ်အမမို့ clone သမျှ အကောင်တွေက အမတွေပဲထွက်မှာပါ။

အထီးမရှိရင် အမတွေချည်းပဲ ဆက်လက်မျိုးပွားလို့လဲမရ ဆက်လက်ရှင်သန်ဖို့လဲမဖြစ်နိုင်…

ကပ်သတ်ပြီး အမတွေချည်းပဲ ရာနဲ့ချီပြီး clone ထားမယ်ကွာ…မျိုးမတုံးရင်ပြီးရောဆိုတော့လဲ clone နည်းပညာက အဲ့လောက်စျေးမချိုပါဘူး။

ပြီးတော့ နောက်တချက်က Clone တိုင်းရဲ့ မျိုးရိုးဗီဇက ထပ်တူနီးပါးဖြစ်နေတာက ရှင်သန်ဖို့ မလွယ်တဲ့အချက်ဖြစ်နေပါတယ်။

ဥပမာ – ဒီတောင်ဆိတ်မလေးဆို အဆုတ်မကောင်းတဲ့သဘာဝရှိနေပါတယ်။

သူ့ရဲ့ ပုံတူပွားတွေမှာလဲ အဆုတ်ပြဿနာကပါလာမှာမို့ ဘယ်လိုမှဆက်လက်ရှင်သန်လို့မရနိုင်ပါ။

သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့အခါ တကောင်နဲ့တကောင် တဦးနဲ့တဦး မျိုးရိုးမတူကြပါ။

Genetic polymorphism လို့ခေါ်ပြီး အလွန့်အလွန်အရေးကြီးပါတယ်။

ကျနော်တို့ လူသားအားလုံး မျိုးရိုးဗီဇတူနေမယ်ဆိုပါတော့
တကယ်လို့ လူတယောက်သာ ကိုဗစ်ရောဂါကူးပြီးရောဂါဒဏ် မခံနိုင်လို့ဆုံးသွားမယ်ဆိုရင် ကျန်တဲ့လူအားလုံးကလဲ တူတူသေဆုံးသွားဖို့များပါတယ်။

အားလုံးမှာပါတဲ့ မျိုးရိုးဗီဇကတူနေရင် ရောဂါဒဏ်မခံနိုင်တာချင်းလဲ တူမှာမို့ အကုန်မျိုးတုံးကုန်မှာပါ။

အခုတော့ တယောက်နဲ့တယောက် မျိုးရိုးဗီဇမတူလို့ ရောဂါပိုးကို ခံနိုင်အားလဲမတူကြဘူး။

ရောဂါဒဏ်ခံနိုင်တဲ့သူက အသက်ရှင်ကျန်ခဲ့ပြီး သူ့ကနေ နောက်ထပ်မျိုးဆက်တွေကို လက်ဆင့်ကမ်းသွားရင်း လူသားမျိုးနွယ် survive ဖြစ်သွားမှာပါ။

သဘာဝတရားရဲ့ Selection process နဲ့ Survival of the fittest သဘာဝပါပဲ။

နောက်ပိုင်းမှာ တရုတ်ပြည်မှာ မျောက်မျိုးစိတ်တချို့ကို ပုံတူပွားအောင်မြင်တာတွေရှိခဲ့ပြီး တခြားသောကြိုးပမ်းမှုတွေလဲရှိပါသေးတယ်။

De-extinction လို့ခေါ်တဲ့ မျိုးတုံးပြီးသားအကောင်တွေကို ပြန်လည်အသက်သွင်းခြင်းကိုလဲ ဆက်လက်လုပ်နေကြတုန်းပါ။

သာဓကအနေနဲ့ ice age ကာတွန်းကားထဲက အမွှေးပွဆင်မျိုး (Mammoth) တွေကို အသက်သွင်းဖို့ကြိုးစားတာတွေရှိပါတယ်။

သူတို့ဆီက အမွှေးရှည်တဲ့ မျိုးရိုးဗီဇကို ယူပြီး ရိုးရိုးဆင်တွေထဲ ထည့်ကြည့်နေတဲ့ စမ်းသပ်မှုတွေလဲ ရှိပါတယ်။

စိုက်ပျိုးရေးလောကမှာလဲ clone နည်းနဲ့ သစ်သီးဝလံပန်းမန်တွေကို ပုံတူပွားတာတွေ ၊ မျိုးစိတ်အသစ်ဖန်တီးတာတွေက အောင်မြင်နေပါတယ်။

ဒါဆို လူတွေကိုရော clone လုပ်ပြီး Super human တွေလုပ်လို့ရပြီလားလို့ မေးစရာရှိပါတယ်။

လူတွေကိုတော့ အခုချိန်ထိ ပုံတူပွားတာမတွေ့ရသေးပါဘူး။ ပွားလို့လဲမရအောင် အဲ့လိုစမ်းသပ်လို့မရအောင် ဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန် ပိတ်ပင်ထားပါတယ်။

ဒါပေမယ့် ကမ္ဘာဦးခေတ်က လူသားတို့ရဲ့ဘိုးဘေးဘီဘင် မျိုးစိတ်ဖြစ်တဲ့ Neanderthal ancestors တွေကိုတော့ ပုံတူပွားဖို့ လေ့လာနေတာတွေ၊ သူတို့ရဲ့ အရိုးတွေကနေ DNA ကိုစုဆောင်းနေတာတွေတော့ရှိပါတယ်။

လူသားတွေကို ပုံတူပွားလို့ရလာရင်ရော အပြင်မှာရှင်သန်နိုင်ပါ့မလား။

ကျင့်ဝတ်ပိုင်းရှုထောင့်အရကြည့်ရင်ရော Ethical ဖြစ်ပါ့မလား စတာတွေကို ငြင်းခုန်နေဆဲဖြစ်ကြောင်း တင်ပြရင်း…။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 1)

သင်သာ Jurassic Park ရုပ်ရှင်ကြည့်ဖူးရင် ဒိုင်နိုဆောတွေ ကမ္ဘာပေါ်ကို ပြန်ရောက်လာပြီး သောင်းကျန်းဒုက္ခပေးကြပုံကို ကောင်းကောင်းသိမှာပါ။

ရုပ်ရှင်ထဲမှာတော့ ပယင်းကျောက်ထဲမှာ ပိတ်မိနေတဲ့ ခြင်ဗိုက်ထဲက ဒိုင်နိုဆောသွေးကနေ DNA ကိုယူပြီး ဒိုင်နိုဆောတွေကို ပြန်အသက်သွင်းခဲ့ပါတယ်။

လက်တွေ့ဘဝမှာရော အဲ့လိုလုပ်လို့ရတဲ့ နည်းပညာရှိနေပြီလား။

ဒီလိုခပ်ဆင်ဆင်တူတဲ့ နည်းပညာကို genetic engineering မှာ Cloning လို့ခေါ်ပြီး တကယ့်သက်ရှိတချိူ့ကို ပုံတူပွား မွေးနိုင်ခဲ့ပါတယ်။

Clone နည်းပညာနဲ့ ပထမဆုံး ပုံတူပွားနိုင်ခဲ့တဲ့ တိရစ္ဆာန်ကတော့ Dolly လို့ခေါ်တဲ့ သိုးမလေးပဲဖြစ်ပါတယ်။

1996 ခုနှစ်မှာ စတင်ပုံတူပွား မွေးဖွားခဲ့တာဖြစ်ပြီး Scotland နိုင်ငံက ဇီဝဗေဒပညာရှင်အဖွဲ့က ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

သူတို့လုပ်ခဲ့တဲ့ ပုံတူပွားနည်းလမ်းကတော့ သိုးမလေးတကောင်ကနေ မျိုးဥကို ယူပြီး သူ့ရဲ့ nucleus ကိုထုတ်လိုက်ပါတယ်။

Nucleus ဆိုတာ cell တိုင်းမှာရှိပြီး မျိုးရိုးဗီဇပစ္စည်းတွေသိမ်းထားတဲ့နေရာပါ။

လူရဲ့ခန္ဓာကိုယ်နေရာတိုင်းက cell တွေထဲမှာ မျိုးရိုးဗီဇက ၁ စုံပါတယ်။ (Diploid) လို့ခေါ်ပါတယ်။

ဒါပေမယ့် မျိုးပွားအင်္ဂါထဲက cell တွေမှာတော့ မျိုးရိုးဗီဇ ၁ ခုပဲပါ ပါတယ်။(Haploid) လို့ခေါ်ပါတယ်။

မျိုးပွားတယ်ဆိုတာ အထီးဆီက မျိုးရိုးဗီဇ တခုနဲ့ အမဆီက မျိုးရိုးဗီဇ တခုပေါင်းကြပြီးမှ Diploid ဆိုတဲ့ သန္ဓေသားဖြစ်ရတာပါ။

အပေါ်က ပုံတူပွားတဲ့နည်းလမ်းကို ပြန်ဆက်ရရင် သိုးမရဲ့ မျိုးဥထဲမှာ မျိုးရိုးဗီဇက Haploid ပဲပါလို့ ထုတ်ပစ်လိုက်ပြီး တခြား သိုးမတကောင်ရဲ့ နို့အုံထဲက nucleus ကိုယူပြီး ပထမသိုးမရဲ့ မျိုးဥထဲပြန်ထည့်လိုက်ပါတယ်။

ဆိုလိုတာက Haploid ကိုဖယ်ပြီး Diploid nucleus ကိုထည့်လိုက်တာပါ။

အဲ့တော့ သိုးထီးဆီက Sperm မလိုဘဲ အလိုလို Diploid cell ဖြစ်သွားပြီး သက်ရှိဆက်ဖြစ်လာနိုင်သွားပါတယ်။

အဲ့နည်းကို Somatic cell nuclear transfer လို့ခေါ်ပြီး ဖန်တီးထားတဲ့ သန္ဓေသားကို electric shock နဲနဲလေး လေးပေးလိုက်ရင် cell တွေစတင်ပွားလာပါတော့တယ်။

အဲ့ သန္ဓေသားကို တတိယသိုးမတစ်ကောင်ရဲ့ သားအိမ်ထဲမှာ ထည့်ပြီး မွေးဖွားခိုင်းလိုက်ပါတယ်။

တကယ်ပဲ သိုးမလေးတကောင်မွေးလာပြီး Dolly လို့နာမည်ပေးခဲ့ကြပါတယ်။

Dolly ကို သိုးမ ၃ကောင်ဆီကိုသုံးပြီး ပုံတူပွားခဲ့တာမို့ အဖေမရှိဘဲ အမေ ၃ ကောင် ရှိနေသလိုဖြစ်သွားပါတော့တယ်။

ဒီလို ပုံတူပွားလို့ရတာတော့ ဟုတ်ပါပြီ။

တကယ်ရော အဲ့ clone ကကျန်းမာစွာရှင်သန်ပါ့မလား။

ပတ်ဝန်းကျင်ဒဏ်ကိုရောခံနိုင်ပါ့မလား။

Dolly ကတော့ အသက် ၆ နှစ်မှာ အဆုတ်ရောဂါ ရပြီးသေသွားခဲ့ပါတယ်။

အရွယ်မတိုင်ခင်မှာ စောပြီး သေသွားတာဖြစ်လို့ သိပ္ပံပညာရှင်တွေက clone တွေဟာ ကြာကြာအသက်မရှင်လောက်ဘူး (premature aging) လို့ ယူဆခဲ့ပေမယ့် နောက်ပိုင်း သိုးတွေထပ်ပြီး ပုံတူပွားကြည့်ခဲ့တဲ့အခါမှာတော့ သက်တန်းစေ့နီးပါး နေနိုင်ကြတာကိုလဲတွေ့ရပါတယ်။

ဒါဆိုရင် ဒီနည်းပညာနဲ့ တခြားလုပ်စရာတွေအများကြီးပေါ်လာပါတော့တယ်။

ဥပမာ – မျိုးတုံးသွားတဲ့ တိရစ္ဆာန်တွေကို သူတို့ DNA တွေရှာပြီး ပြန်အသက်သွင်းကြမလား။

ကမ္ဘာဦးအစက ဒိုင်နိုဆောတွေကိုပြန်တွေ့ရအောင် Clone နည်းနဲ့လုပ်ကြမလား။

မျိုးတုံးနိုင်ခြေရှိတဲ့ အကောင်တွေ မျိုးစိတ်တွေကို ကြိုပြီး ပွားထားကြမလား။

လူတွေကိုရော Clone လုပ်ပြီး Super human တွေမွေးထုတ်ကြမလား။

ရုပ်ရှင်တွေထဲကလို လူတွေကို Clone နဲ့မွေးပြီး တိုက်ပွဲဝင်ဖို့ သီးသန့်လေ့ကျင့်ပေးတဲ့ Agency တွေပေါ်လာမလား?

စတာတွေကို ဒုတိယအပိုင်းမှာ အဖြေရှာကြည့်ကြရအောင်။

ဆက်လက်စောင့်ဖတ်ပေးပါဦး။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မောင်းသူမဲ့လေယာဥ် Drone အကြောင်း သိသမျှ (Part 1)

Drone လို့အများကခေါ်ကြတဲ့ Unmanned aerial vehicles (UAV) တွေဟာ 2010 အလွန်ကာလတွေမှာ တော်တော်လေးတွင်ကျယ်ရေပန်းစားတဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။

Drone တွေပေါ်ကာစမှတော့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေအတွက်ပဲ သုံးခဲ့ကြပေမယ့် အခုခေတ်မှာတော့ စူးစမ်းလေ့လာရေး၊ စိုက်ပျိုးရေး၊ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်တွေမှာ ကူညီကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ သာမန်လူတွေအတွက် အပန်းဖြေဖို့နဲ့ စီးပွားရေးအကျိုးအမြတ်ရရှိရေးတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးချလာကြတာကိုတွေ့ရပါတယ်။

Drone တွေရဲ့သမိုင်း

မောင်းသူမဲ့လေယာဥ်တွေနဲ့ ပတ်သက်တဲ့ concept တစ်ခုကို စတင်တွေ့ရှိခဲ့တာကတော့ ၁၈၄၉ ခုနှစ် အီတလီနဲ့ သြစတီးယား (Austria) စစ်ပွဲမှာ ဖြစ်ပါတယ်။ အဲဒီ့စစ်ပွဲမှာ သြစတီးယားစစ်သားတွေဟာ ဗင်းနစ်မြို့ထဲကို ဗုံးတွေချိတ်ထားတဲ့ hydrogen နဲ့ helium မိုးပျံဗူဗောင်းကြီးတွေ လွှတ်တင်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

ပထမကမ္ဘာစစ်အတွင်း ၁၉၁၈ မှာ အမေရိကန်က မောင်းသူမဲ့ flying bomb aircraft ဆိုတာကို ထွင်ခဲ့ပေမယ့် အသုံးမပြုနိုင်ခဲ့ပါဘူး။ ၁၉၃၅ မှာတော့ ပထမဆုံး drone လို့ပြောလို့ရမယ့် “Queen bee” ကိုတော့ radio control တွေ မြန်နှုန်းမြင့် ကိရိယာတွေတပ်ဆင်ပြီး ပျံသန်းခဲ့ဖူးပါတယ်။

Drone ဆိုတဲ့ဝေါဟာရဟာ Queen bee ဆိုတာကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ UAV နည်းပညာဟာ စစ်ရေးဗျူဟာအတွက် အထောက်အကူပြုနိုင်ပေမယ့် အဲ့ဒီ့အချိန်တုန်းက သိပ်အသုံးမဝင်သလို ကုန်ကျစရိတ်လည်းများပါတယ်။ ဒါပေမယ့် ထောက်လှမ်းရေးလေယာဥ်တွေခဏခဏ ပစ်ချခံရအပြီးမှာတော့ drone တွေကို အသုံးပြုပြီး ထောက်လှမ်းရေးနဲ့ တည်ကြက်လုပ်ဖို့ သုံးလာခဲ့ကြပါတယ်။

တည်ကြက်လုပ်တယ်ဆိုတဲ့နေရာမှာ drone ဖြတ်ပျံတာကို ပစ်ချခံပြီး ရန်သူရဲ့ တည်နေရာအင်အားကို တွက်ဆတာကို ဆိုလိုတာပါ။

Drone တွေကို တကယ်တမ်း အသုံးချခဲ့တာကတော့ ၁၉၈၂ မှာ အစ္စရေးက ဆီးရီးယား ရေတပ်ကို ကိုယ့်ဘက်က အကျအဆုံး နည်းနည်းနဲ့ အနိုင်ယူခဲ့တဲ့ စစ်ဆင်ရေးမှာ ဖြစ်ပါတယ်။ အဲ့ဒီ့စစ်ဆင်ရေးမှာ အစ္စရေး drone တွေဟာ ထောက်လှမ်းရေးအတွက် ဗီဒီယိုအရင်းအမြစ်တွေ၊ ဆက်သွယ်ရေး ကြားဖြတ်တာတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဲဒီ့အချိန်ကစလို့ စစ်တပ်တွေအတွက် ထောက်လှမ်းရေး၊ မြေပြင်စူးစမ်းလေ့လာရေး၊ ဝေဟင်ဖျက်လက်နက်တည်နေရာတွေရှာဖွေရေး၊ တိုက်ပွဲတွင်းထိခိုက်ပျက်စီးမှု စုံစမ်းရေးနဲ့ လက်နက်တပ်ဆင်ရေးတွေအထိ သုံးစွဲလာခဲ့ကြပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ အမေရိကန်ကနေ အမေရိကန်-မက္ကစီကို နယ်စပ်ကို စောင့်ကြည့်ဖို့အတွက် modern drone တွေကို သုံးစွဲလာခဲ့ပြီး ၂၀၁၂ နောက်ပိုင်းမှာတော့ တစ်ကိုယ်ရေသုံးနဲ့ စီးပွားရေးသုံးတွေအတွက် drone တွေကို company တွေက စတင်အသုံးချလာခဲ့ပါတယ်။

Drone တွေရဲ့ လက်ရှိနဲ့ အနာဂတ်

နောက်ပိုင်း Drone တွေဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့အရာတွေကို ဆောင်ကြဥ်းလာပါပြီ။ စိုက်ပျိုးရေးကဏ္ဍမှာ ပိုးသတ်ဆေးဖြန်းလုပ်ငန်းတွေ၊ အပင်တွေရှင်သန်ကြီးထွားနေမှုတွေကို တိုင်းတာတဲ့နေရာမှာ အသုံးချလာပါတယ်။

စက်မှုလုပ်ငန်းနဲ့ တခြား စူးစမ်းလေ့လာရေးတွေမှာလည်း လူတွေအတွက် အန္တရာယ်များတဲ့ နေရာတွေမှာ camera အားကောင်းတဲ့ drone တွေကို သုံးလာကြပါတယ်။

Photography, Movie shooting, Vlog, အားကစားပြိုင်ပွဲတွေနဲ့ concert ပွဲကြီး တွေမှာလည်း drone တွေဟာ အသုံးများလာပြီး ဖျော်ဖြေရေးအတွက် ရှုထောင့်အသစ်တွေကို ပေးစွမ်းနိုင်လာပါတယ်။

ဒါပေမယ့် နိုင်ငံတိုင်းမှာတော့ drone အတွက် ကန့်သတ်ချက်တွေရှိနေပါတယ်။ တရုတ်နဲ့ အမေရိကန်မှာဆိုရင် ပေ ၅၀၀ အောက်က မောင်းနှင်ခိုင်းတာတွေရှိသလို စစ်တပ် လေဆိပ်နဲ့ နေရာတချို့မှာ မပျံသန်းဖို့ ကန့်သတ်ခံရပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း downtown မြို့နယ် အများစုမှာ drone ပျံသန်းတာတွေကို ကန့်သတ်ထားပြီး အထူးသဖြင့် ဘုရားစေတီတွေအပေါ် တည့်တည့်ကနေ ရိုက်ကူးတာဖြတ်ပျံတာတွေကို ကန့်သတ်တာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ Drone နည်းပညာနဲ့ ပတ်သက်ပြီး လေကြောင်းနဲ့အာကာသပညာတက္ကသိုလ် (MAEU) ရဲ့ UAV department ကနေ အရင်နှစ်ကာလတွေမှာ project တွေလုပ်ခဲ့ပြီး ထင်ရှားခဲ့တာကတော့ စိုက်ပျိုးရေးသုံး drone နည်းပညာတွေ ဖန်တီးနိုင်ခဲ့တာပါပဲ။

အနာဂတ်မှာလည်း delivery service တွေလို လုပ်ငန်းတွေအတွက် အသုံးဝင်လာမယ့် drone ပုံစံအသစ်တွေကိုလည်း တီထွင်ဖန်တီးလာဖို့မျှော်မှန်းရပါတယ်။

ဒါပေမယ့် drone နည်းပညာဟာ အသွား ၂ဖက်ပါတဲ့ ဓားလိုပါပဲ။ ကောင်းတဲ့ရည်ရွယ်ချက်အတွက်ဆိုရင် အကျိုးရှိပေမယ့် မကောင်းတဲ့သူတွေလက်ထဲကို ရောက်သွားရင်တော့ အများပြည်သူကို ဒါတွေနဲ့ ဒုက္ခပေးဖို့ ကြိုးစားလာကြပါတယ်။

Part 2 မှာ Drone မှာ ပါဝင်တဲ့အရာတွေနဲ့ drone တွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ရေးပါမယ်။

Dr. Jason

Design a site like this with WordPress.com
Get started