သင်ဟာ တကယ်ပဲ သူများနဲ့မတူဘူးလား?

Facebook ပေါ်မှာ တစ်ခါက “တို့က သူများနဲ့မတူဘူး” ဆိုတာကို ဝိုင်း Share ကြ၊ Comment မှာလည်း ထောက်ခံကြဆိုတော့ Unique ဖြစ်တဲ့လူတွေ တော်တော်များပါလားလို့ ထင်လိုက်မိတယ်။
Biology အရပြောမယ်ဆို လူတွေရဲ့ DNA က 99.9% တူတူပဲလို့ဆိုတယ်။ ကျန်ခဲ့ 0.1% ကြောင့် လူအမျိုးမျိုး၊ စိတ်အထွေထွေဖြစ်လာကြတာပါ။
ပြီးတော့ လက်ဗွေရာ (Finger Print) ၊ သွား (Dental Record) တွေကလည်း အချင်းချင်း မတူညီဘဲ Unique ဖြစ်တယ်လို့ဆိုပါတယ်။
ဒါဆို မျိုးရိုးဗီဇ (Genetic) အရတော့ လူတစ်ယောက်ချင်းဆီက ထူးခြားတယ်လို့ ဆိုရမှာပေါ့။

စိတ်တွေကရော တစ်ယောက်တစ်မျိုးပဲလား။ တစ်ယောက်နဲ့တစ်ယောက် တကယ်မတူကြဘူးလား။

ဒီအတွက် အကောင်းဆုံး ဥပမာကတော့ Apple ကွန်ပြူတာတွေ စျေးကွက်ထဲစရောက်ခါစက IBM ကို မယှဉ်နိုင်ဘူး။ ဒါနဲ့ Marketing Campaign တစ်ခုလုပ်လိုက်တယ်။
Edison, Eistein, Gandhi တို့ပုံတွေသုံးပြီး “Think Different” လို့ ကြော်ငြာလိုက်တာပဲ။
လူတွေက Apple Product တွေပြေးဝယ်ကြတာပေါ့။ ခုခေတ်မှာတော့ ကျွန်တော်တို့ဆီမှာ အပါအဝင် လူတော်တော်များများက Apple မှ Apple ဖြစ်နေကြပါပြီ။
လူတိုင်းသာ သူတို့ကြော်ငြာထဲကလို “Think Different” ဖြစ်ရင် Apple ဒီလောက်အောင်မြင်လာစရာကို မရှိပါဘူး။

ကျွန်တော်တို့တွေ သူများနဲ့မတူချင်ကြပေမယ့် သူများတွေဘာတွေးနေလဲ၊ ဘာလုပ်နေလဲဆိုတာတော့ စိတ်ဝင်စားကြတယ်။ ဒါကြောင့်ပဲ Peer Pressure ဆိုတာ ရှိနေတာပေါ့။
ဥပမာ ကိုယ့်ပတ်ဝန်းကျင်မှာ အများစုက ဒီသီချင်းကိုနားထောင်နေကြရင် ကိုယ်လဲနားထောင်မှ လူရာဝင်မယ်ဆိုတဲ့ စိတ်မျိုးရှိတတ်ကြတယ်။
လူတော်တော်များများက ဒီပစ္စည်းကိုသုံးနေရင် ကိုယ်လည်းသုံးရမယ်ဆိုတဲ့ အတွေးမျိုးဝင်နေတတ်တယ်။ (ဒါကတော့ သူဌေးတွေအတွက်ပြောတာပါ…)

ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေရဲ့လုပ်ရပ်တွေ၊ ဟန်ပန်တွေက လူတွေအပေါ်မှာ လွှမ်းမိုးမှုရှိတယ်။
ဥပမာ ကျော်ဟိန်းက ဇာတ်လမ်းတစ်ခုထဲမှာ (နာမည်မေ့နေ) ဆေးလိပ်သောက်ပြတော့ လူငယ်တွေကြားထဲမှာ ဆေးလိပ်သောက်တာ ခေတ်စားလာတာမျိုးပေါ့။
အဆိုတော်တွေကိုလည်း ဒီလိုပါပဲ။ Nirvana က Kurt Cobain ရဲ့ပုံစံမျိုးကို လူငယ်တွေ သဘောကျကြတော့ သူ့ပုံစံလိုက်နေကြသလိုပေါ့။ (Suicide လုပ်တာကလွဲလို့…)

သူများတွေဘာလုပ်လဲ လိုက်ကြည့်နေပြီး ကိုယ့်ကိုယ်ကို Unique ဖြစ်တယ်ပြောကြတာက ဆန့်ကျင်ဘက် ၂ခုလိုဖြစ်နေတယ်။

အဲ့ဒါကို Psychologists တွေက စမ်းသပ်ထားပါတယ်။
စမ်းသပ်ခံမယ့် Volunteer တွေကို တစ်မနက်လုံး ဘာမှမစားခိုင်းဘဲ Lab မှာကျွေးမယ်ဆိုပြီး ခေါ်လိုက်တယ်။ အငတ်ငတ်အပြတ်ပြတ် ဗိုက်ဟောင်းလောင်းနဲ့ရောက်လာကြတာပေါ့။
သူတို့ကို အစားအစာ အမျိုး ၈၀ လောက်ကို Rate လုပ်ခိုင်းလိုက်တယ်။ စမ်းသပ်မှုပြီးရင် ဒီ အမျိုး ၈၀ ထဲက ကိုယ်ကြိုက်တာ ၁မျိုးကို ကျွေးမယ်လို့ ပြောထားတယ်။

ဒါပေမယ့် သူတို့ မရွေးခင် ရှေ့လူတွေဘာရွေးသွားလဲဆိုတာ ပြလိုက်တယ်။ (တကယ်တော့ လိမ်တာပါ၊ သူမကြိုက်ဖူးလို့ ဖြေခဲ့တဲ့အထဲက စားစရာတစ်ခုကို ရွေးပြီးပြတာ)
အကုန်ပြီးသွားတဲ့အခါကျတော့ ရှေ့လူတွေရဲ့ရွေးချယ်မှုက သူ့ရဲ့ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိလားဆိုတာ တည့်ပဲ မေးလိုက်တယ်။
တော်တော်များများက မရှိဘူး၊ ကိုယ်ကြိုက်တာကိုယ်ရွေးစားတာပဲ လို့ဖြေတာပေါ့။
ဒါပေမယ့် ၅ပုံ၁ပုံလောက်ကတော့ သူတို့လုံးဝမကြိုက်ဘူးလို့ ပြောထားတဲ့ အစာကို ရွေးသွားကြတယ်။
ဒီလိုစမ်းသပ်တာက ကြိုက်ခြင်း၊ မကြိုက်ခြင်း Personal Preference နဲ့ဆိုင်နေတယ်ဆိုတော့ ၅ပုံ၄ပုံကို လှည့်စားလို့မရခဲ့ဘူး။

Illustration and Painting

ဒါနဲ့နောက်တစ်မျိုးစမ်းကြတာပေါ့။
ဒီတစ်ခါတော့ Volunteer တွေကို ဝမ်းနည်းစရာကောင်းတဲ့ Documentary တစ်ခုပြတာပါ။
ပြီးသွားတဲ့အခါ Documentary ထဲမှာပါတဲ့အကြောင်းတွေကို အသေးစိတ် Quiz ပြန်မေးတာပေါ့။ (ဥပမာ အင်္ကျီအရောင်၊ လူအရေအတွက်)

ရက်နည်းနည်းကြာတော့ နောက်တစ်ခါထပ်ခေါ်ပြီး Quiz ကိုဖြေခိုင်းပြန်တယ်။
ဒီတစ်ခါမှာတော့ မဖြေခင် တခြားလူတွေဘာဖြေသွားလဲဆိုတာကို ပြထားတယ်။ (အဖြေတွေကို လိမ်ထားတာပါပဲ)
သူပထမတစ်ခေါက် ဖြေသွားတဲ့အဖြေနဲ့ ဆန့်ကျင်ဘက်ကို အကုန်လုံးကဖြေထားကြောင်း ပြတဲ့အခါ ၇၀% လောက်က သူတို့အဖြေကို ပြင်လိုက်ကြပါတယ်။
မေးခွန်းအကုန်ဖြေပြီးတဲ့အခါမှာ စမ်းသပ်တဲ့သူက အဖြေတွေက လိမ်ထားတာပါ၊ သူ့ရဲ့အဖြေတွေမှာ ဒီအဖြေတုတွေရဲ့ လွှမ်းမိုးမှုရှိနေလားလို့ မေးတယ်။
တစ်ဝက်လောက်က မရှိဘူးလို့ ယတိပြတ်ငြင်းကြတယ်။

ကျွန်တော် အရင်တစ်ခါက ရေးထားတဲ့ “ယုံကြည်ခြင်းများကိုချေဖျက်ခြင်း” ဖတ်ဖူးတဲ့သူဆိုရင်တော့ လူတွေက ကိုယ်ယုံချင်တာကိုပဲဆက်ပြီး ယုံကြတာမဟုတ်ဘူးလားလို့ ထောက်စရာရှိပါတယ်။

https://ouo.io/4t5Tt5 (ဖတ်ချင်ရင် ဖတ်နိုင်အောင် link ပေးလိုက်ပါတယ်)

ဟုတ်ပါတယ်… ဒါပေမယ့် ခုဖြစ်နေတာက လူအကုန်လုံးက ကိုယ့်အဖြေနဲ့ဆန့်ကျင်ဘက်ကို ဖြေထားလို့ပါ။ ဒီထဲက တစ်ယောက်ယောက်ကများ ကိုယ်နဂိုသိတဲ့အဖြေနဲ့ တူအောင်ဖြေထားရင် အခြားလူတွေ ဘာဖြေထားဖြေထား ဂရုမစိုက်ကြတော့ပါဘူး

ဒီတော့… လူတွေက ထူးခြားတယ်၊ တခြားသူနဲ့မတူဘူးလို့ ဆိုနေကြပေမယ့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကိုခံနေရတာပဲ။
လွှမ်းမိုးခံရမှာပေါ့၊ ဒါက အသက်ရှင်ဖို့အတွက် အရေးပါတာကို လို့ပြောရမှာပါ။

ပင်ကွင်းတွေနဲ့ ဥပမာပြပြီး နိဂုံးချုပ်လိုက်ချင်ပါတယ်။ ရေထဲကို ငါးရှာဖို့ သွားချင်ပေမယ့် သူတို့ကိုစားမယ့် ပင်လယ်ဖျံတွေကို ကြောက်ရပါတယ်။ ဒီတော့ ဒိုင်ဗင်ထိုးမဆင်းခင် အုပ်စုလိုက် အငူလေးပေါ်မှာ တိုင်ပတ်နေတတ်တယ်။

အဲ့ဒီအခါမှာ သူရဲကောင်းတစ်ယောက်က ဒိုင်ပင်ထိုးဆင်းသွားတယ်ဆိုရင် အကုန်လုံးက အခြေအနေအကဲခတ်ခွင့်ရသွားပြီ။ ဒီကောင်သေရင် အန္တရာယ်ရှိတယ်ပေါ့။ ဒီကောင်မသေတာသေချာမှ အကုန်လုံး ဒိုင်ဗင်ထိုးဆင်းကြတော့တယ်။
တစ်ခါတစ်ခါလည်း သူရဲကောင်းက အစမ်းသပ်ခံအဖြစ် တွန်းချခြင်းခံရပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုယ့်ကို ဘယ်အရာက Trigger ဖြစ်စေလဲ?

နိဒါန်းတွေသိပ်ပြောမနေတော့ဘဲ ရေးလိုက်ပါတယ်။

သပိတ်လွယ်ငှက် (Robin) အထီးတွေဟာ သူတို့ပိုင်နက်ထဲကို တခြားအထီးတစ်ကောင်ဝင်လာရင် ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်ကြတယ်။
ဝင်လာတဲ့အထီးရဲ့ ရင်ဘတ်ကအမွှေးအရောင်က တိုက်ခိုက်ရမယ်လို့ သိစေတာပါ။ (လိမ္မော်ရောင် ရင်ဘတ်မွှေးမြင်လိုက်ရုံနဲ့ Triggered ဖြစ်ပြီး ဒေါသူပုန်ထတာပေါ့…)

အမွှေးမြင်ရင် မနေနနိုင်တဲ့ Robin

ဒီတော့ ပညာရှင်တွေက သူ့ကို ရင်ဘတ်အမွှေးပဲ သွားပြလိုက်တယ်။ အကောင်အထည်မရှိပေမယ့် အဲ့ဒီအမွှေးကို တိုက်ခိုက်တာပဲ။
ဒါနဲ့တမျိုးပြောင်းစမ်းကြပြန်တယ်။
အမွှေးလိမ္မော်ရောင်မဟုတ်တဲ့ Robin ငှက်ပုံစံအရုပ်လေးကို သွားချပေးထားရင်တော့ ဘာမှမလုပ်ဘူး။
ဒီအမွှေးကိုမြင်ရင် သူ ဒေါသထွက်တာသေချာသွားတယ်။

တိရစ္ဆာန်တွေမှာ အလိုအလျောက်တုံ့ပြန်မှု (Reflex) တွေရှိကြတယ်။
သူတို့ဦးနှောက်ကသေးတော့ လူတွေလို အသေးစိတ်မစဉ်းစားနိုင်ဘဲ ဒါမြင်ရင် ဒါလုပ်၊ ဟိုဟာမြင်ရင် ဒါမလုပ်နဲ့ ဆိုတာမျိုး Instruction သီးသန့်ရှိကြတယ်။
ရှေ့မှာ ရေးခဲ့ဖူးသလိုပဲ အန္တရာယ်ကြုံလာရင် တိရစ္ဆာန်တွေက ပြေးမလား၊ ပြန်ချမလား (Fight or flight) ရွေးကြပေမယ့် လူတွေကတော့ ဒီ ၂ခုထဲကတင်မဟုတ်ဘဲ စဉ်းစားတုံ့ပြန်နိုင်တယ်။

လူတွေမှာလည်း သပိတ်လွယ်ငှက်လိုပဲ Reflex တွေရှိတယ်။ တိမ်မြုပ်နေတော့ သတိမထားမိကြဘူး။
ပညာရှင်တွေက အမွှေးလေးပြပြီး Robin ကိုဒေါသထွက်အောင်လုပ်နိုင်ရင် လူတွေကိုလည်း သူတို့ကို Trigger ဖြစ်စေတဲ့အရာတွေကိုပြပြီး ထိန်းချုပ်လို့ရတာပေါ့။

လူတိုင်းမှာ စျေးကြီးရင် Quality ကောင်းမှာပဲဆိုတဲ့ အတွေးရှိကြတယ်။ အရမ်းကောင်းတာကို မဝယ်နိုင်ရင်သာနေမယ်၊ ကိုယ်တတ်နိုင်တဲ့အမျိုးအစားထဲမှာတော့ နည်းနည်းစျေးပိုကြီးတာကို ရွေးဝယ်တတ်ကြတယ်။ (ကျွန်တော့မှာလည်း အဲ့ဒီလိုအတွေးမျိုးရှိတယ်)

ဒီအချက်ကို သိတဲ့သူက လူတွေကို လှည့်စားကြတာပေါ့။
ဥပမာ ကိုယ်က ၁သောင်းတန်တဲ့ပစ္စည်းတစ်ခုကို ရောင်းချင်တယ်။ ၁သောင်းခွဲကနေ Discount ချပြီး ၁သောင်းနဲ့ရောင်းနေပါတယ်လို့ ကြော်ငြာလိုက်တာနဲ့ ဒီအတိုင်းရောင်းနေတာနဲ့ ဘယ်ဟာပိုရောင်းရမယ်ထင်လဲ။


ဒါတွေကို ခဏခဏတွေ့နေရတာပါပဲ။ ကျွန်တော်လိုချင်တဲ့ ပစ္စည်းတစ်ခုကို မဝယ်ခင် သူ့ရဲ့စျေးကို မှတ်ထားဖူးတယ်။ နောက်တစ်ခေါက်မှာ ဝယ်မယ်လို့ ဆုံးဖြတ်ပြီး ကြည့်လိုက်တဲ့အခါ နဂိုစျေးက Discount စျေးဆိုပြီး ဖြစ်နေတယ်။
လိမ်ရောင်းတာကြီးမှန်း သိနေတာတောင် ငါဝယ်လိုက်တဲ့ဟာက Quality ပိုကောင်းတာလည်း ဖြစ်နိုင်တယ်ဆိုပြီး ဖြေတွေးတွေးမိသေးတယ်။

နောက်တစ်ဆင့်တက်လို့ရသေးတာက ဒီလိုမျိုး Discount ချပါတယ်လို့လုပ်ပြီး ပစ္စည်းလက်ကျန်ဘယ်နှခုပဲ ရှိပါတော့တယ်လို့ ရေးထားတာမျိုးပါ။
လူတွေက ရှားပါးသွားရင် ပိုပြီး တန်ဖိုးထားတတ်ကြတာကိုး
ဒီပစ္စည်းကို အရင်က ဝယ်ဖို့စိတ်မဝင်စားခဲ့ရင်တောင်မှ ခုချိန်မှာတော့ တန်တော့တန်သား၊ လက်ကျန်လည်း နည်းနေပြီဆိုတော့ အရင်ဦးအောင်ဝယ်လိုက်မှထင်တယ်လို့ တွေးမိတတ်ကြတယ်။

ဒါနဲ့ ခပ်ဆင်ဆင် ဥပမာကတော့ ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်ကို လိုက်တဲ့အခါမှာ တွေ့ရတတ်တယ်။
အစပိုင်းမှာ ချေချေမိုးမိုး အလုပ်ခံရတယ် ဆိုပါစို့။ ကြာတော့ ကောင်လေးလည်း စိတ်မရှည်တော့ဘဲ စကားသွားမပြောတော့ဘူးပေါ့။
အဲ့ဒီအခါမှာ ကောင်မလေးစိတ်ထဲ အမြဲတမ်းပေါပေါများများရနေတဲ့ Message တွေက ခုချိန်မှာ ရုတ်တရက် ရှားပါးသွားတာပေါ့။

အဲ့ဒီအခါဘာလုပ်ကြလဲ? သူတို့လုံးဝပြန်မကြိုက်ဖူး တွေးထားခဲ့ရင်တောင် အနည်းငယ်တော့ စိတ်ပါလာတတ်ကြတယ်။
စကားသွားပြန်စရင် စမယ်၊ လမ်းတွေ့ရင် အရင်ဆုံးနှုတ်ဆက်ရင်ဆက်မယ်။
(အဲ့လိုတွေလုပ်လို့ ပြန်ကြိုက်မှာ သေချာတယ်လို့ပြောချင်တာ မဟုတ်ပါ…)
ဒါတွေကို သိသွားကြတော့ တချို့တွေဆို အတင်းဝင်လုံးပြီးတာနဲ့ တစ်ပတ်လောက် အဆက်အသွယ်ဖြတ်တာမျိုး Strategy ကျကျနည်းတွေသုံးပြီး ကောင်မလေးတွေကို လိုက်တတ်ကြတယ်။

လူတွေက နှိုင်းရတန်ဖိုးတွေကိုပဲ နားလည်ကြတယ်။ ပကတိတန်ဖိုးတွေကို သိပ်နားမလည်ကြဘူး။
ဥပမာပြောရရင် ရေပူ၊ ရေအေးနဲ့ ရေရိုးရိုး ခွက် ၃ခွက်ချထားတဲ့အခါ ရေပူထဲကို လက်နှစ်ပြီး ရိုးရိုးရေထဲကို ပြောင်းလိုက်တဲ့အခါ အေးတယ်လို့ခံစားရတာပဲ။
အမှန်တကယ်အေးတာ မဟုတ်နေဘူး။

ရုပ်ချောတဲ့မင်းသား၊ မင်းသမီးတွေပါတဲ့ဇာတ်လမ်းကို ကြည့်ပြီးတဲ့အခါ အပြင်လောကမှာရှိတဲ့ သာမန်လူတွေကို ဆွဲဆောင်မှုမရှိဘူးလို့ ထင်တတ်ကြတယ်။ တကယ်တော့ သာမန်မဟုတ်နေတာက အရမ်းချောနေတဲ့ မင်းသား၊ မင်းသမီးတွေပါ။

ပွဲစားတွေလည်း လူတွေရဲ့ နှိုင်းယှဉ်တတ်တဲ့အသိကို အလွဲသုံးစားလုပ်ကြတယ်။
ဥပမာ သူရောင်းချင်တဲ့ ကားဆီကို စစချင်းခေါ်မသွားဘဲ မကောင်းတဲ့၊ မကြိုက်လောက်တဲ့ကားတွေကို အရင်လိုက်ပြတာမျိုးပေ့ါ။
အဲ့လိုမျိုး ၃ စီးလောက်ပြပြီးတဲ့အခါမှာ ဝယ်တဲ့သူရဲ့မျှော်လင့်ချက်က သိပ်မရှိတော့ဘူး။ အဲ့ဒီအချိန်မှာ သူကြိုက်လောက်တဲ့၊ ကိုယ်တကယ်ရောင်းချင်တဲ့ကားကို ထုတ်ပြလိုက်တော့ ဝယ်သွားတတ်ကြတယ်။

ပြီးတော့ လူတွေရဲ့ပိုက်ဆံသုံးတဲ့ပုံစံကလည်း နှိုင်းယှဉ်ပြီးတော့သွားတတ်တယ်။ (အထူးသဖြင့် သူဌေးတွေပေါ့)
ကိုယ်က စျေးကြီးတဲ့ပစ္စည်းတစ်ခုကို ဝယ်လိုက်တဲ့အခါ သူ့လောက်စျေးမကြီးတဲ့ ပစ္စည်းနောက်တစ်ခု ထပ်ဝယ်ဖို့ မတွန့်ဆုတ်ကြတော့ဘူး။
ဒါကြောင့် သူဌေးတွေ Shopping ထွက်လေ့ရှိတဲ့ စတိုးဆိုင်တွေမှာ ပစ္စည်းပြရင် စျေးအကြီးဆုံးက စပြဖို့ ဝန်ထမ်းတွေကို ပြောထားတတ်တယ်လို့ ဆိုတယ်။

ဒီလို နှိုင်းယှဉ်တတ်တာကိုပြဖို့ အကောင်းဆုံး ဥပမာတစ်ခုရှိပါတယ်။ Facebook မှာတော့ ဟိုးအရင်က ဒါနဲ့ခပ်ဆင်ဆင်အရေးအသားတစ်ခုကို တစ်ခါတွေ့ဖူးပါတယ်။
ဒီစာနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။

အဖေနဲ့အမေ… သမီးစာရေးလိုက်ပါတယ်။ စာကိုမဖတ်ခင် တစ်နေရာရာမှာ အရင်ထိုင်လိုက်ပါဦး။
သမီး အခုတော့ ကျန်းမာနေပါပြီ။ အဆောင်မီးလောင်တဲ့အခါ အဆောင်ပြတင်းပေါက်ကနေ ခုန်ချလိုက်လို့ ခေါင်းကွဲသွားတာလဲ အနာကျက်နေပါပြီ။
ကံကောင်းချင်တော့ သမီးခုန်ချတာကို မြင်တဲ့ ကောင်လေးတစ်ယောက်က မီးသတ်ကိုရော၊ အရေးပေါ်ကားကိုပါ လှမ်းခေါ်ပေးတယ်။
ပြီးတော့ ဆေးရုံကိုလည်း အမြဲလာပြီး သတင်းမေးတယ်။ ဆေးရုံကဆင်းတော့ သမီးအဆောင်က မီးလောင်သွားလို့ နေစရာမရှိတဲ့အခါ သူ့တိုက်ခန်းမှာပဲ နေခိုင်းတယ်လေ။
ခုတော့ သမီးတို့ ချစ်နေကြပါပြီ။ မကြာခင်လက်ထပ်ဖို့လည်း ပြင်ထားပါတယ်။
Date တော့မရွေးရသေးပေမယ့် ကိုယ်ဝန်လမစေ့ခင်တော့ ဖြစ်ဖို့များပါတယ်။
မြေးချီချင်တဲ့ အမေတို့၊ အဖေတို့ ဝမ်းသာကြတယ်မလား။
ခုချက်ချင်း ထပြီးလက်ထက်လိုက်ချင်ပေမယ့် သမီးကောင်လေးမှာ B ပိုးရှိနေတယ်။ သူ့ဆီကနေ သမီးလည်း ကူးသွားတယ်။ ဒါကြောင့်လက်ထပ်ဖို့ အခက်အခဲဖြစ်နေတာ…။

ဒီလောက်ဆို သမီးဘာတွေဖြစ်နေလဲဆိုတာ အမေတို့ သိလောက်ပြီပေါ့။
အဲ့ဒါဆိုရင် ပြောချင်တာက သမီး အဆောင်လည်းမီးမလောင်ဘူး၊ ဆေးရုံလည်းမရောက်ဘူး၊ ကောင်လေးလည်းရှိမနေဘူး၊ ဗိုက်လည်းကြီးမနေပါဘူး။
ဒါပေမယ့် သမီး သင်္ချာကျလို့ အမေတို့တော့ မြို့တက်လာပြီး ပါချုပ်နဲ့တွေ့ရလိမ့်မယ်။

ကိုယ်သာသူ့မိဘနေရာမှာဆို အလုံးကြီးကျသွားပြီး စာမေးပွဲကျတာ တော်သေးတာပေါ့လို့ ဖြစ်သွားမှာပါ။

ဒါကြောင့် ကိုယ့်ကို ဘယ်အရာတွေက Trigger ဖြစ်စေလဲဆိုတာ သေချာသိထားသင့်ပါတယ်။ တဖက်လူက ဒါကို Manipulate လုပ်ဖို့ကြိုးစားလာတဲ့အခါ ကိုယ်က သိနေသင့်ပါတယ်။ အဲ့ဒီလို အသိလေး တစ်ခုရှိသွားရင် ပြောသမျှကို မျက်စိမှိတ်ပြီး ယုံတော့မှာမဟုတ်လို့ အကျိုးများနိုင်ပါတယ်။

SAGAN

ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?

ဗုဒ္ဓရဲ့တရားတွေနဲ့ Science အကြောင်းရေးလာတာ ၄ပိုင်းရှိပါပြီ။
ဒါကြောင့် ထွေထွေထူးထူး နိဒါန်းချီမနေတော့ပါဘူး။ စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးဖို့ပဲ ပြောချင်ပါတယ်။

ဗုဒ္ဓက ကမ္ဘာမြေတည်နေပုံကို ဟောခဲ့ပါတယ်။
“မြေထုနှင့်ရေထုကို လေထုကြီးက ပင့်မ သယ်ဆောင်ထားသည်။ ဤလေထုကြီး၏အောက်တွင် အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီးတည်ရှိသည်။
ဤကမ္ဘာသည် အထက်ကောင်းကင်၊ အောက်ကောင်းကင် ၂ခုအကြားတွင် တည်ရှိနေသည်။ လေထုကသယ်ဆောင်ထားသောကြောင့် လေ၏သဘာဝအတိုင်း ရွေ့လျားမှုရှိနေမည်။
လ စသော အခြားဂြိုလ်များကဲ့သို့ အာကာသတွင်းမှာ တွဲလွဲတည်ရှိနေသည်။ ဤကမ္ဘာမြေအောက်တွင် မီးဟုန်းဟုန်းတောက်လောင်နေသော သံမြေများ၊ ကျိုက်ကျိုက်ဆူပွက်နေသော ရေများ ရှိသည်။”

Science နဲ့မချိတ်ခင် ဒီစာကို အရင်ရှင်းရမှာပါ။
မြေထုနှင့်ရေထုကို လေထုက ပင့်ထားတယ်ဆိုတာ ဘယ်လိုကြီးလဲလို့ မေးစရာရှိပါတယ်။ တကယ်ဆို ပြောင်းပြန်ဖြစ်သင့်တာမဟုတ်ဘူးလား။

လေထုရဲ့အောက်မှာ အဆုံးမရှိတဲ့ကောင်းကင်ကြီး ရှိတယ်လို့ဆိုပါသေးတယ်။ ဒါကတော့ အာကသ (Space) ကိုပြောချင်တာပါ။
ဒီတော့ ဒီစာကိုမြင်ကြည့်ရရင် မြေထုနဲ့ရေထု၊ သူ့အောက်က လေထု၊ သူ့ အောက်မှာ အာကသ ပေါ့။
ဆိုတော့… ကမ္ဘာကြီးကို ပြောင်းပြန်ကြည့်ပြီး ပြောနေသလိုပါပဲ။

ဒါပေမယ့် ကမ္ဘာလုံးကြီးကို အပြင်ကနေကြည့်တဲ့အခါမှာ အာကသက အောက်မှာလို့ ပြောလို့ရသလို၊ အပေါ်မှာလို့လည်း ပြောလို့ရတယ်။
လေထုကိုလည်း ဒီအတိုင်းပဲပြောနိုင်တယ်။

As Above, So Below

အထက်ကောင်းကင်၊ အောက်ကောင်းကင်ဆိုတာကတော့ ကမ္ဘာရဲ့ပတ်ပတ်လည်မှာ အာကာသဟင်းလင်းပြင်ပဲရှိတာကို ဆိုချင်တာပါ။
ကမ္ဘာလည်နေတာကိုလည်း လေကပင့်ထားလို့ လည်တဲ့သဘောမျိုးပြောပါတယ်။
ကျန်တာတွေကတော့ အထွေအထူးရှင်းမပြတော့ပါဘူး။ ဖတ်ရုံနဲ့နားလည်ကြမှာပါ။

Science ကလက်ခံတဲ့ ကမ္ဘာကြီးဟာလည်း ခုလိုမျိုး ခပ်ဆင်ဆင်ပါပဲ။
ဆိုတော့… ကမ္ဘာကြီးဘယ်လိုစဖြစ်လာလဲပြောချင်ပါတယ်။

ကြယ်တွေသေသွားတဲ့အခါ Supernova ပေါက်ကွဲမှုဖြစ်ပြီး သူတို့မှာရှိသမျှ Elements တွေအကုန်လုံး တစ်စစီကွဲထွက်လာပါတယ်။ အဲ့ဒီအပိုင်းအစလေးတွေက Gas Cloud တွေဖြစ်သွားတာပါ။
(မြင်အောင်ပြောရရင် အဆောက်အအုံကြီးတစ်ခုကို တစ်စဆီဖြစ်အောင်ဖြိုချလိုက်တဲ့အခါ ဘိလပ်မြေမှုန့်၊ အုတ်မှုန့်၊ သဲမှုန့်တွေ ပြန့်ကျဲသွားသလိုပေါ့)

Supernova illustration

ဘုရားဟောတဲ့လေဆိုတာ Oxygen မဟုတ်ဘဲ Gas Cloud တွေလို့မြင်ကြည့်နိုင်ပါတယ်။ (ပါဠိကနေဘာသာပြန်တဲ့အခါ ဘာသာပြန်တဲ့သူအပေါ် များစွာမူတည်တဲ့အတွက် အတိအကျယူဖို့ခက်ခဲပါတယ်)

အဲ့ဒီ Gas Cloud တွေကပဲ Gravity ကြောင့်စုဝေးသွားပြီး ဂြိုလ်တွေကြယ်တွေပြန်ဖြစ်ကြတာပါ။
(မြင်အောင်ပြောရရင် အိမ်မှာတံမြက်စည်းလှဲတဲ့အခါ ကြမ်းပေါ်က ဖုန်လေးတွေကို သူ့ချည်းပဲဆိုမမြင်သာပေမယ့် လှဲရင်းလှဲရင်း စုသွားတဲ့အခါမှာ ထုထည်တစ်ခုဖြစ်သွားတာမျိုးပါ)

ဂြိုလ်တွေဖြစ်လာအောင် တံမြက်စည်းလိုမျိုး လုပ်ပေးတာက Gravity ပါပဲ။
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးလည်း ဒီလိုပဲဖြစ်လာတာပေါ့။

Gas cloud fused to form a planet.

ဒီလို Gas Cloud တွေစုဝေးသွားရာကနေပြီး ကမ္ဘာလည်ပတ်မှုဖြစ်လာတာပါ။ ဆိုတော့… လေက သယ်ထားရလို့ ကမ္ဘာလည်နေရတယ်ဆိုတာလည်း မမှားပါဘူး။

အစိုင်အခဲစဖြစ်လာတော့ ကမ္ဘာကြီးက မီးခဲကြီးလိုပါပဲ။ ဘာလို့လဲဆိုရင် ကြယ်တွေ Supernova ပေါက်ကွဲမှုကနေ ဓာတ်ရောင်ခြည် (radiation) တွေအများကြီးထွက်ပါတယ်။
ပြီးတော့ အဲ့ဒီအချိန်မှာ ဥက္ကာခဲတွေကလည်း ကမ္ဘာပေါ်ကို ကျရောက်ပေါက်ကွဲနေကြပါတယ်။
ဘယ်လောက်တောင် ပူသလဲဆို အဲ့ဒီအချိန်မှာ ကမ္ဘာဆီကို အလည်လာရင် အရာရာက ချော်ရည်ပူတွေဖြစ်နေတာမို့ ခြေချစရာနေရာတောင် ရှိမှာမဟုတ်ပါဘူး။

အရည်တွေရဲ့ထုံးစံအတိုင်းပဲ လေးတဲ့ကောင်ကအနည်ကျသွားပြီး သူ့ထက်ပေါ့တဲ့ကောင်က အပေါ်ရောက်လာတာကြောင့် ကမ္ဘာမှာ အလွှာတွေအထပ်ထပ်ဖြစ်နေတာပါ။

Layers of Earth

အဲ့ဒါကြောင့် ကမ္ဘာရဲ့အလယ်မှာ Iron Core ဖြစ်သွားပြီး ကမ္ဘာရဲ့ ဝန်ရိုးစွန်း ၂ခုမှာ သံလိုက်စက်ကွင်းတွေ ပေါ်လာခဲ့တယ်။
ဒီသံလိုက်စက်ကွင်းကြောင့် ဓာတ်ရောင်ခြည်တွေရဲ့ ဒဏ်ကနေ သက်သာရာရသွားတယ်။ (ဒါသာမရှိရင် သက်ရှိတွေဖြစ်လာမှာတောင် မဟုတ်ပါဘူး)

Magnetic Fied of the Earth Illustration

အဲ့ဒီအချိန်မှာ ကမ္ဘာကို ဥက္ကာပျံတွေ ဝင်တိုက်တာတွေ နည်းလာတယ်။
ဒီလိုနဲ့ ကမ္ဘာကြီးက တဖြည်းဖြည်းအေးလာတယ်။

ချော်ရည်တွေအေးသွားတော့ ကျောက်ခဲတွေ၊ မြေကြီးတွေဖြစ်ကုန်တာပေါ့။
အစပိုင်းတုန်းကတော့ မြေကြီးတွေက တစုတစည်းတည်းရှိခဲ့ကြတာပါ။ Supercontinent or Pangaea လို့ခေါ်တယ်။

ခုခေတ်မှာလို တိုက်ကြီး ငါးတိုက်ဆိုပြီး ကြားထဲမှာ ရေတွေခြားနေခဲ့တာမဟုတ်ဘူး။ တိုက်ကြီးတွေက ခေတ်ကာလကြာညောင်းလာတာနဲ့အမျှ အချင်းချင်းကွဲသွားကြတယ်။ ဒါကို Continental Drift လို့ခေါ်တယ်။ (အကြောင်းရင်းကို စာရှည်မှာကြောက်လို့ ထည့်မရေးတော့ပါ)

ရေတွေကရော ဘယ်ကဖြစ်လာသလဲ။
ပညာရှင်တွေ ယူဆကြတာကတော့ ရေတွေက ဥက္ကာခဲတွေဆီကနေပါလာတယ်လို့ဆိုတယ်။

Meteor containing water

အစောပိုင်းကာလတွေမှာတော့ ချော်ရည်တွေထဲမှာရောက်နေတာပေါ့။
ရေသံသရာလည်တဲ့အကြောင်းကို ငယ်ငယ်ကသင်ဖူးတာမှတ်မိကြဦးမှာပါ။
ပူတော့ အငွေ့ပျံတယ်၊ အေးတဲ့နေရာမှာ ငွေ့ရည်ပြန်ဖွဲ့တယ်၊ တိမ်တွေဖြစ်သွားတယ်၊ မိုးအဖြစ်နဲ့ပြန်ရွာချတယ်။
ဒီလိုနဲ့ပဲ ကမ္ဘာကြီး ပိုပိုအေးလာတယ်။ ကြာလာတော့ သမုဒ္ဒရာကြီးဖြစ်လာတယ်။

Water Cycle

Photosynthesis လုပ်နိုင်တဲ့ စိမ်းပြာရေညှိလေးတွေ ဖြစ်လာတဲ့အခါမှာတော့ သူတို့ကြောင့် သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Oxygen ကိုစပြီး ရလာတယ်။

Cyanobacteria

ဒီလိုနဲ့ သူတို့ကနေ ရေနေသတ္တဝါတွေဖြစ်လာတယ်၊ သူတို့တွေ ကုန်းပေါ်တက်လာတဲ့အခါ ကုန်းနေရေနေသတ္တဝါတွေဖြစ်လာတယ်၊ နောက်ဆုံးမှာတော့ လူအပါအဝင် မြေပေါ်မှာနေတဲ့ ကုန်းနေသတ္တဝါတွေဖြစ်လာကြတယ်။

ဒီလိုနဲ့ သက်ရှိတွေ အများအပြား ကမ္ဘာမှာ ဖြစ်လာခဲ့တာပါ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင် ကိုယ့်အကြောင်းကိုယ် ဘယ်လောက်သိပြီလို့ထင်ပါသလဲ။

ဒီ post ကို မဖတ်ခင် Id, Ego နဲ့ Superego အကြောင်းရေးထားတဲ့ post ကိုအရင်သွားဖတ်သင့်ပါတယ်။
အောက်မှာ link တခါထဲထည့်ပေးလိုက်ပါတယ်။

သင့်ပခုံးထက်မှာ အမြဲရှိနေတဲ့ Angel တပါး နဲ့ Devil တကောင်အကြောင်း
https://ouo.io/BVg03o

သင့် ကိုယ်သင် မေးခွန်းတခွန်းပြန်မေးကြည့်ရအောင်။

သင့်အကြောင်း သင်ဘယ်လောက်သိထားလဲ။

သေချာတာတခုကတော့ ဘယ်သူမှ ရာနှုန်းပြည့် ကိုယ့်ကိုယ်ကို မသိကြပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အသိစိတ်မှာ အဆင့် ၃ဆင့်ရှိနေလို့ပါ။

1. Conscious mind (သိစိတ်)
2. Preconscious or subconscious mind (တိမ်မြုပ်နေသော စိတ်)
3. Unconscious mind (မသိစိတ်) ဆိုပြီး ၃ဆင့်ရှိနေပါတယ်။

ကျနော်တို့ တကယ်သိရတာက Conscious mind ဆိုတဲ့ အပေါ်ယံ အပိုင်းလေးပါပဲ။

Subconscious နဲ့ Unconscious mind တွေက ရေခဲကျောက်ဆောင်ရဲ့ အောက်ခြေမှာ နစ်မြုပ်နေပါသတဲ့။

ဒါကို ice-berg metaphor လို့ခေါ်ပြီး psychologist ဆရာကြီး Sigmund Freud ကပဲစတင် တင်စားပြခဲ့တာပါ။

ပုံမှာပြထားတဲ့အတိုင်း ကျနော်တို့အားလုံးရဲ့ နေ့စဥ်လှုပ်ရှားသွားလာပြောဆို သိမြင်နေတာတွေက ရေခဲကျောက်ဆောင်ရဲ့ ထိပ်ကလေးလောက်ပဲရှိပါတယ်။

ကိုယ့်ကိုယ်ကို မသိလောက်တဲ့ Dark side တွေ၊ hidden personality တွေက ဟိုးရေခဲအောက်ခြေမှာ နစ်မြုပ်နေတာပါ။

Preconscious or Subconscious mind ကတော့ ရေအောက်အရမ်းမရောက်သေးဘဲ ခပ်တိမ်တိမ်မှာ ရှိနေတဲ့ အပိုင်းပါ။

Preconscious mind ထဲမှာဘာတွေရှိနေလဲဆိုတော့ ခပ်ငယ်ငယ် ကလေးဘဝက အကြောင်းအရာလေးတွေ ၊ ငယ်သူငယ်ချင်းအကြောင်းတွေ ၊ ငယ်ငယ်က ကျောင်းတက်ရတဲ့ကိစ္စတွေ ၊ ဖုန်းနံပါတ်အဟောင်းတွေ စတာတွေ သိမ်းထားပါတယ်တဲ့။

အတိတ်ကဖြစ်ရပ်တွေကို Preconscious mind ထဲမှာ သိမ်းထားတတ်တာမို့ အိပ်မွေ့ချကုထုံး (Hypnosis) နဲ့ အဲ့ဒီအရာတွေကို ပြန်ဖော်ထုတ်လို့ရပါတယ်။

ဒါပေမယ့် သိပ်ကိုအောက်နက်နက်မှာရောက်နေတဲ့ မသိစိတ် (unconscious mind)ကိုတော့ ရောက်ဖို့ခက်ခဲလှပါတယ်။

မသိစိတ်ပါ ဆိုကထဲက မိမိကိုယ်တိုင်တောင် သတိမထားမိ မသိနိုင်တဲ့နေရာတခုပါ။

မသိစိတ်ထဲမှာ ဘာတွေရှိနေနိုင်သလဲဆိုတော့

ကျနော်တို့ရဲ့ ကြောက်စိတ်တွေ (Fear)

ပြင်းပြတဲ့ ဆန္ဒအာသီသတွေ (immoral urges)

ရှက်စရာကောင်းတဲ့ အတွေ့အကြုံ ခံစားချက်တွေ (shamful experience)

လိုချင်တပ်မက်လောဘစိတ်တွေ (irrational wishes)

တကိုယ်ကောင်းဆန်တဲ့ အတွေးတွေ လိုအင်တွေ (selfish needs)

ညစ်ပတ်ရိုင်းစိုင်းတဲ့ လိင်စိတ်ဆန္ဒတွေ (unacceptable sexual desires) တွေကို မြှုပ်နှံ သိမ်းဆည်းထားပါသတဲ့။

ခပ်ရှင်းရှင်းပြောရရင် လူတွေရဲ့ Dark side ဆိုတာမျိုးကို unconscious mind ထဲမှာတွေ့ရမှာပါ။

ဒီ အဆင့် ၃ဆင့်ကို ကျနော်အရင်ကပြောခဲ့တဲ့ Id, Ego, Superego တို့နဲ့ ပြန်ချိတ်ကြည့်ရအောင်။

Id ကတော့ စိတ်ဆန္ဒလောဘတွေကို ကိုယ်စားပြုလို့ Unconscious mind ထဲမှာ Id ကိုတွေ့ရမှာပါ။

Ego ကတော့ ကျနော်တို့ ကိုယ်တိုင်ပဲဖြစ်ပြီး အများအားဖြင့် Conscious mind နဲ့ Preconscious mind ထဲမှာ တွေ့ရတတ်ပါတယ်။

Superego ကိုတော့ Preconscious mind ထဲမှာ အဓိကတွေ့ရနိုင်ပြီး တခါတခါ unconscious ထဲရောက်လိုက် conscious ထဲရောက်လိုက်ဖြစ်နေတတ်ပါတယ်။

ဒါဆို ကျနော်တို့စိတ်တွေကို ကျနော်တို့တောင် သေချာ ပြည့်ပြည့်ဝဝ မသိနိုင်သေးတာ သတိထားမိလောက်ပါပြီ။

သူတပါးနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ တခါတခါ “မင်းငါ့အကြောင်းမသိပါဘူးကွာ…” ဆိုပြီး ပြောရင်း စကားနိုင်လု ရန်ဖြစ်မိတဲ့အခါ…

သူများတွေ ငါ့စိတ်ကိုလဲ ကိုယ်ချင်းမစာကြဘူး… နားမလည်ပေးကြဘူး လျစ်လျူရှုခံရတယ်လို့ တွေးမိတဲ့အခါ….

ကိုယ်တောင် ကိုယ့်စိတ်အကြောင်း သိဖို့မလွယ်တာမို့ သူများတွေ ကိုယ့်အကြောင်းကိုမသိလို့ နားမလည်လို့ ဆိုပြီး သူများကိုချည်း အပြစ်တင်မစောဘဲ
ခွင့်လွှတ်ပေးတတ်ဖို့ အရေးကြီးပါတယ်။

ပေါင်းသင်းဆက်ဆံရေး ပိုမိုတိုးတက်ပြီး စိတ်ရဲ့ဆန်းကြယ်ပုံကို ပိုမိုသဘောပေါက်လာကြပါစေဗျာ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 2)

ပထမတပိုင်းမှာ Porphyria cutanea tarda နဲ့ Vampire နဲ့ ဆင်တူကြောင်းပြောခဲ့ပြီးပါပြီ။

နောက်ပိုင်းဆေးပညာမှာတော့ ဒီအယူအဆကို လက်မခံကြပြန်ပါဘူး။

ဥပမာ – Porphyria က တော်တော်လေး ရှားပါးတဲ့ရောဂါတခုမို့ Vampire တွေလို အုပ်စုလိုက်ဖြစ်ရအောင် မပေါများလှပါဘူး။

Porphyria က တံတွေးကနေ မကူးစက်တာမို့
သူများကို ကိုက်လိုက်ရင် အကိုက်ခံရတဲ့သူက vampire ဘဝပြောင်းသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

နောက်တချက်က သွေးသောက်ရင် ပိုသက်သာတယ်ဆိုတဲ့အချက်က ဆေးပညာအရ နဲနဲလွဲနေပါတယ်။

သွေးထဲမှာ Heme ပါလို့ Heme က လက္ခဏာတွေကိုသက်သာစေတာက အမှန်ပါ။

ဒါပေမယ့် ပါးစပ်ကသောက်လိုက်ရင် အူထဲရောက်သွားတဲ့ အခါ Heme ကို သွေးထဲအလုံးလိုက်မပို့ပေးပါဘူး။

Heme ကို Iron (သံဓာတ်) အဖြစ် ချေဖျက်ပြီး body က သုံးတာမို့ သွေးစုပ်ရင် Heme မရနိုင်ပါဘူး။

ဒီရောဂါကို ကုသဖို့ Heme (ဆေးကတော့ Hemin ပါ) ကို ဆေးအနေနဲ့ပေးရင်တောင် Intravenous injection/ infusion ပဲပေးမှ Heme ကို body ကရတာပါ။

ဆိုတော့ ဒီအချက်တွေက Porphyria ဟာ Vampire မှာတွေ့ရတယ်ဆိုတာကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပြန်ပါတယ်။

နောက်ထပ် ဖြစ်နိုင်တဲ့ ဆက်စပ်မှုတခုကတော့ Vampire တွေကို လင်းနို့တွေနဲ့ တွဲတွေ့ရလို့ Vampire ဆိုတာ တကယ်တော့ Rabies ရောဂါ (ခွေးရူးရောဂါ) ဖြစ်တာလဲဖြစ်နိုင်တယ်လို့ ယူဆကြပြန်ပါတယ်။

Rabies ဆိုတဲ့ ခွေးရူးရောဂါက လင်းနို့ကနေလဲ ကူးစက်နိုင်ပြီး လူ့စိတ်ကို ရိုင်းစိုင်းစေတတ် aggressive ဖြစ်တတ်ပါတယ်။

Rabies ရောဂါပိုးက တံတွေးကနေကူးပါတယ်။

ဒါကြောင့် Vampire အကိုက်ခံရရင် Vampire ပြောင်းသွားတယ်ဆိုတာ ခွေးရူးရောဂါပိုးကူးခံလိုက်ရတာလို့လဲ ယူဆကြပါတယ်။

Vampire မှာနောက်ထပ်ထူးခြားတာတခုက ကြက်သွန်ဖြူကြောက်တာပါ။

ကြက်သွန်ဖြူကြောက်တဲ့ရောဂါကို Alliumphobia လို့ခေါ်ပြီး Vampire တွေကြောက်တယ်လို့ လူသိများပါတယ်။

တချို့ကလဲ Porphyria ရောဂါသမားတွေက sulphur ပါတဲ့ဆေးတွေသောက်ရင် ရောဂါပိုဆိုးတတ်တာတွေ့ရပြီး ကြက်သွန်ဖြူက sulphur တွေပါလို့ vampire တွေကြောက်တာလို့ ယူဆကြပါတယ်။

ဒါတွေက ယူဆချက်အဆင့်သာရှိပြီး Vampire ဆိုတာ တကယ့်လက်တွေ့မှာလဲ တကယ်ရှိချင်မှရှိမှာပါ။

Vampire တွေက တခုခုဆို မြင်သမျှ တွေ့သမျှကိုရေတွက်နေတတ်ပါတယ်တဲ့…ဒါကို ဆေးပညာမှာ Arithmomania လို့ခေါ်ပါတယ်။

Vampire အလိုက်ခံရရင် သဲဖြစ်ဖြစ် ဆန်ဖြစ်ဖြစ် အစေ့အဆန်တွေကို ကျဲချလိုက်တဲ့အခါ ဆက်မလိုက်နိုင်တော့ဘဲ Vampire တွေက တစေ့စီ ရေတွက်နေပါတယ်တဲ့။

ဒါကလဲ ဒဏ္ဍာရီဆန်ဆန် ပြောကြတာတွေပါ။

တကယ့် Arithmomania ဝေဒနာရှင်တွေကတော့ OCD လို့ခေါ်တဲ့ Obsessive compulsive disorder သမားတွေဖြစ်ကြပါတယ်။

သူတို့ကတော့ လှေကားထစ်တွေရေတွက်တာ ၊ ဖြတ်သွားတဲ့လူတွေကို တယောက်စီရေတွက်တာ စသဖြင့် မရေတွက်ရရင် မနေနိုင်ကြသူတွေဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Vampire နဲ့ လက်တွေ့ဘဝထဲက ရောဂါတွေနဲ့ ချိတ်ဆက်မိလောက်ပြီလို့ထင်ပါတယ်။

ဆေးပညာမထွန်းကားသေးတဲ့ ကာလမှာ ရောဂါဖြစ်လာတဲ့အခါ ထူးဆန်းနေကြပြီး ဘီလူးတို့ ၊ သွေးစုပ်ဖုတ်ကောင်တို့ ၊စုန်းမတို့ စသဖြင့် လူတွေက နာမည်ပေးလိုက်ကြ ပယ်ထားတတ်ကြပါတယ်။

ယနေ့ခေတ်မှာတော့ တချို့တွေက ထင်သလို ကြောက်စရာမဟုတ်ဘဲ သနားစရာ ရောဂါသည်များစိတ်ဝေဒနာရှင်များ ဖြစ်နေကြတာကို သိလာရပါပြီ။

Thanks for your time!

လင်းမူ

Design a site like this with WordPress.com
Get started