အရေးပေါ်တားဆေး Emergency Contraception ဆိုတာ ဘာလဲ

72 နာရီဆေးလို့ လူသိများတဲ့ အရေးပေါ်တားဆေးကို မြန်မာနိုင်ငံမှာ အများစုက Ecee2 , Lydia စတဲ့ brand နာမည်တွေနဲ့ အသိများလေ့ရှိပါတယ်။ တခြားသော brand အမျိုးအစားနဲ့ ဆေးတွေလည်း ရှိပေမဲ့ ဒါတွေက လူသိအများဆုံး ဆေးတွေပါ။

ဒီဆေးတွေမှာ ဘယ်ဆေးက ကောင်းလဲလို့မေးရင် ‌လိင်ဆက်ဆံပြီး စောစောသောက်တဲ့ဆေးက အကောင်းဆုံးပါ။ အထူးသဖြင့် လိင်ဆက်ဆံပြီး 24 နာရီအတွင်းသောက်ရင် ကိုယ်ဝန်မရအောင် 95-98% လောက် ကာကွယ်နိုင်ပါတယ်၊ နောက်ကျလေလေ တားဆေးကာကွယ်နိုင်စွမ်းကျလာပြီးတော့ 72 နာရီအတွင်းသောက်ရင် 80-85% လောက်ပဲ ကာကွယ်နိုင်ပါတယ်

အတိုချုပ်ပြောရရင်တော့ စောစောသောက်လေ ပိုစွမ်းလေ ဖြစ်ပြီး နောက်ကျလေလေ အာနိသင်ကျလေပါ။

ဆေးကို ဘယ်လိုသောက်ရမလဲမေးရင် တချို့ဆေးတွေက ဆေးတစ်လုံးထဲ လာတယ် ၊ ‌တချို့က ဆေး ၂လုံး ပါတတ်ပါတယ်။

တစ်လုံးတည်းပါတဲ့ ဆေးဆိုရင်တော့ တစ်လုံးတည်းကို ခုနကပြောထားတဲ့အချိန်အတွင်းသောက်ပါ။

၂လုံးပါတဲ့ ဆေးကဒ်ဆိုရင် တစ်လုံးကို အခုသောက် ၊ နောက် တစ်လုံးကို နောက် 12နာရီခြားသောက်လို့ရသလို နှစ်လုံးစလုံး တပြိုင်နက်တည်းလည်း သောက်နိုင်ပါတယ် ။

တစ်ခုရှိတာက ဆေးသောက်ပြီးရင် အန်တတ်တာမို့ ဆေးအလုံးလိုက် ပြန်အန်ထွက်ရင်တော့ ဆေးအသစ် အမြန်ဆုံး ပြန်သောက်ရပါမယ်။

အရေးပေါ်တားဆေးဆိုတဲ့အတိုင်း အရေးပေါ်အခြေအနေမှ သောက်သင့်ပါတယ်။ မကြာခဏ သောက်နေရင် တားဆေးအာနိသင်ကျလာပြီးတော့ ကိုယ်ဝန်ကို မကာကွယ်နိုင်တာမျိုး ဖြစ်တတ်သလို နောက်ပိုင်း မီးယပ်ရောဂါတွေ ဖြစ်လာနိင်ချေလည်း ရှိပါတယ်။

မဖြစ်မနေ လိုအပ်ရင် အမြန်သောက် ၊ မလိုအပ်ရင်တော့ မသောက်သင့်ပါ။ ဘယ်လောက်ကြာမှ တခါဆိုရင်တော့ ၂လ ၃လလောက်ကြာမှ တခါသောက်တာကတော့ ပိုကောင်းပါတယ်

ဆေးကြောင့် ဓမ္မတာမမှန်တာ ဖြစ်တတ်သလို ဆေးသောက်ပြီး ရက်ပိုင်းအတွင်း သွေးဆင်းတတ်တာ ၊ ဓမ္မတာမမှန်တာ လာရမဲ့ ဓမ္မတာနောက်ကျတာတွေကတော့ အဖြစ်များလေ့ ရှိပါတယ်။

ဒါ့ကြောင့် အတိုချုပ်အ‌နေနဲ့ အရေးပေါ်တားဆေးကို မလိုရင် မသောက်နဲ့ ၊ သောက်ရရင်လည်း အမြန်ဆုံးသောက်ပါ။

အောင်ကျော်မြင့်

လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 1)

ခေါင်းစဉ်ကြည့်ပြီး လိမ်နေတာဖြစ်မယ်လို့ တွေးမိရင်တော့ လိမ်တာမဟုတ်ဘဲ တကယ်ပါလို့ ဦးစွာပထမ ပြောထားပါရစေ။

ဒါပေမယ့် စာဖတ်သူအတွေးမလွန်ခင် ဒါလေးတစ်ခုတော့ ကြိုပြောချင်ပါတယ်။
ရောဂါဆိုမှတော့ မကောင်းတာလေးတွေလည်း ပါတာပေါ့။ ဒါပေမယ့် ကောင်းတဲ့အချက်တွေလည်း တပါတည်း ရှိနေတာကိုပြောချင်တာပါ။
(ဒါကြောင့် quote, unquote ထည့်ထားတာပါ)

ပြောတဲ့အခါမှာ ရောဂါအကြောင်း အကျဉ်းပဲပြောပါမယ်။
ရောဂါလက္ခဏာတွေ၊ စစ်ဆေးတဲ့နည်းတွေ၊ ကုသတဲ့နည်းတွေကတော့ ဆေးကျောင်းသားတွေကို စာသင်နေတာမဟုတ်လို့ မပြောတော့ပါဘူး။
ဒီလောက်ဆိုရင် ဆက်ပြောလို့ရပြီထင်ပါတယ်။

Hyperthymesia

ဒီရောဂါရှိတဲ့သူတွေက ကိုယ်ဖတ်ဖူးသမျှ၊ ကြည့်ဖူးသမျှ၊ ကြုံဖူးသမျှ အရာတွေအကုန်လုံးကို အသေးစိတ်မှတ်မိနေတာပါ။
သူတို့ဟာ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတစ်ခုလုံးမှာ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်ပြန်ပြောနိုင်ကြပါတယ်။
ဒီရောဂါရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူ ၇ရက်သမီးဘဝက ပန်းရောင်စောင်လေးနဲ့ အိပ်ခဲ့ဖူးတယ်ဆိုတာထိပါ မှတ်မိနေတာပါ။
သူဖတ်ဖူးတဲ့ Harry Potter စာအုပ်တွေထဲက စာကြောင်းတွေကို တစ်လုံးမကျန်ပြန်ရွတ်နိုင်ပါတယ်။

အားကျမစောပါနဲ့ဦး။ သူတို့ရဲ့ Superpower ကပဲ သူတို့ရဲ့အားနည်းချက်ဖြစ်နေတာပါ။
ဘာမှမမေ့ဘူးဆိုတာ မကောင်းတဲ့မှတ်ဉာဏ်တွေပါ ပါနေတာပါ။
ကျွန်တော်တို့ သာမန်လူမှတ်ဉာဏ်ဆိုရင် အချိန်တစ်ခုရောက်တဲ့အခါ မေ့မေ့ပျောက်ပျောက်ဖြစ်ချင်ဖြစ်မယ်၊ ဝါးတားတားလေးပဲဖြစ်ချင်ဖြစ်မယ်။
သူတို့ကတော့ ငယ်ငယ်က Traumatic Experience တွေကို ကျွန်တော်တို့လို မေ့နိုင်မှာမဟုတ်ပါဘူး။
ဒီရောဂါကို ခံစားရတဲ့လူဟာ 2021 ထိသိရသလောက် လူ ၆၀ ပဲရှိပါတယ်။

Congenital Insensitivity to Pain with Anhidrosis (CIPA)

ဒီရောဂါရှိတဲ့သူတွေက နာကျင်မှုကို မွေးကတည်းက မခံစားဖူးကြပါဘူး။
Anhidrosis ဆိုတာတော့ ချွေးမထွက်တာကို ဆေးပညာအရ ပြောချင်တာပါ။
ချွေးမထွက်တော့ ခန္ဓာကိုယ် အပူချိန်မထိန်းနိုင်ဘဲ ကလေးဘဝကတည်းက ခဏခဏ တက်တတ်တယ်။

ဒီရောဂါ ဘာလို့ဖြစ်တာလဲဆိုတော့ မျိုးရိုးဗီဇ (Genetic) ကြောင့်ပါပဲ။ ဒါကြောင့် ရှားပါးရောဂါထဲမှာ ပါပါတယ်။
မနာကျင်ဘူးဆိုတာ ရုပ်ပိုင်းဆိုင်ရာ (Physical) ကိုပြောတာပါ။ သူတို့စိတ်ကိုတော့ နာကျင်အောင် လုပ်ချင်ရင် လုပ်လို့ရပါတယ်…။

တွေးကြည့်ရင် နာကျင်မှုတွေ မခံစားရတော့ဘူးဆိုတော့ သိပ်ကောင်းတာပေါ့လို့ တွေးစရာရှိတယ်။ ဒါပေမယ့် လူတွေက နာကျင်မှုကို သိမှ အန္တရာယ်ကို သိနိုင်တာပါ။
ဥပမာ ထိခိုက်မိတဲ့အခါ နည်းနည်းနာသွားရင် လက်လေးနဲ့ပွတ်ပြီး ပြီးသွားပေမယ့် အရမ်းနာသွားတဲ့အခါ စိုးရိမ်စိတ်ကလေးတော့ ဝင်သွားတတ်တယ်။ မခံမရပ်နိုင်အောင် နာရင်တော့ ဆေးရုံ၊ ဆေးခန်းကို ပြေးကြတာပေါ့။
လုံးဝမနာတဲ့လူတစ်ယောက်က အရိုးကျိုးသွားလည်း အပြုံးမပျက်ပဲရှိမှာပါ။
(ဒီအကြောင်းကို House M.D series ထဲမှာ တစ်ခါကြည့်ဖူးတယ်)

Savant Syndrome

ဒီရောဂါကိုတော့ The Good Doctor series ကြောင့် တော်တော်များများ သိနေကြမယ်လို့ထင်ပါတယ်။ Forest Gump ဇာတ်လမ်းထဲက Jim ဟာလည်း Savant ပါပဲ။
သူတို့ဟာ Social skill ညံ့ပေမယ့် အနုပညာ၊ သင်္ချာ၊ မှတ်ဉာဏ် စတာတွေမှာ သာမန်လူတွေထက် သာလွန်တဲ့ အရည်အချင်းတွေရှိနေပါတယ်။
သူတို့ဟာ ရာဂဏန်းတွေအထိ စိတ်နဲ့မြှောက်နိုင်ပြီး ပြက္ခဒိန်ကိုလည်း ထောင်စုနှစ်တစ်ခုထိ မှန်အောင်ပြောနိုင်ကြပါတယ်။
ဥပမာ ၂၀၃၀ ခုနှစ် မေလ ၉ ရက်နေ့ဟာ ဘာနေ့ကျမလဲဆိုရင် သူတို့ပြောနိုင်ပါတယ်။

လူတွေကတော့ သူတို့ကို Genius တွေလို့ သတ်မှတ်ကြပါတယ်။
ဒါပေမယ့် သူတို့မှာလည်း အားနည်းချက်တွေနဲ့ပါ။ တစ်ယောက်တည်း ရပ်တည်ဖို့ မလွယ်ပါဘူး။
ဒီရောဂါကိုတော့ လူ ၁သန်းမှာ တစ်ယောက် တွေ့ရတတ်တယ်လို့ဆိုပါတယ်။
ဒါပေမယ့် Genius လို့သတ်မှတ်ရလောက်တဲ့ Savant က အယောက် ၁၀၀ လောက်ပဲရှိတယ်လို့ Wikipedia ကဆိုပါတယ်။

Urbach-Wiethe disease

ဒီရောဂါနာမည်တပ်ထားပေမယ့် သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ဦးနှောက်ထိခိုက်သွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပြောချင်တာပါ။
လူတွေမှာ ကြောက်ရွံ့ခြင်းကိုဖြစ်ပေါ်စေတဲ့ Amygdala နှစ်ဖက်လုံး ပျက်ဆီးသွားတဲ့အတွက် ဒီအမျိုးသမီးက လုံးဝ မကြောက်တတ်တော့ပါဘူး။

ပညာရှင်တွေကတော့ ထုံးစံအတိုင်း စမ်းသပ်ကြတာပေါ့။
ပင့်ကူကြီးတွေ၊ မြွေတွေကိုင်ခိုင်းထားတယ်၊ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးထဲမှာ သူ့ကိုသွားထားတယ်၊ သရဲကားတွေပြတယ်။
ဒါပေမယ့် သူ့မှာ ဒီအရာတွေကို စိတ်ဝင်စားတာက လွဲလို့ ကြောက်စိတ်ဆိုတာဖြစ်မလာဘူးလို့ ဆိုတယ်။

ပြီးတော့ သူ့မှာ Personal Space လည်းမရှိဘူး။
Personal Space သဘောတရားက လူတွေ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။
ဥပမာပြရရင် တချို့က တခြားလူတွေ ကိုယ့်နား ဘယ်လောက်ကပ်ကပ် စိတ်မဆိုးပေမယ့် တချို့ကတော့ လက်တလှမ်းအကွာလောက်မှာပဲ နေရင်နေ၊ အဲ့ထက်တိုးလာရင် စိတ်ရှုပ်တတ်ကြတယ်။
ဒီအမျိုးသမီးမှာ ဒီသဘောတရားမရှိဘူး။
သူမသိတဲ့သူနဲ့ နှာခေါင်းချင်းထိပြီး မျက်လုံးချင်းဆိုင်ကြည့်ဆိုလည်း သူက အေးဆေးပဲ။

ဒီအမျိုးသမီးက အမေရိကန်သူပါ။ သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြတဲ့အခါမှာ Traumatic ဖြစ်လွန်းလို့ ပညာရှင်တွေက သူအသက်ရှင်နေတာကို ယုံတောင်မယုံနိုင်ကြဘူးဆိုပါတယ်။

Part 2 မှာ ဆက်ပြီး ဖတ်ပေးပါဦး။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင်ဟာ အားနာတတ်သူတစ်ယောက်လား?

လူတွေဟာ ကိုယ့်အပေါ်မှာ ကျေးဇူးရှိတယ်လို့ ခံစားရရင် တုံ့ပြန်ဖို့ဝန်မလေးကြဘူး။
ကိုယ်တတ်နိုင်သလောက် ပြန်ပေးချင်၊ ကျွေးချင်ကြတယ်။

တခြားလူအပေါ်မှာ အားနာတတ်တယ်၊ ကျေးဇူးကြွေးတင်နေတယ်လို့ ခံစားရတာက လူတွေရဲ့ လူမှုရေးဘဝကို တိုးတက်စေတယ်လို့ ပညာရှင်တွေကဆိုတယ်။
ပြောချင်တာက ကိုယ်က တစ်ခုပေးလိုက်လို့ ဆုံးရှုံးသွားတယ်ဆိုပြီး ယူဆလို့မရတော့ဘူး
ကျေးဇူးတုံ့ပြန်ခြင်းဆိုတဲ့ စိတ်အခံရှိကြတဲ့အတွက် ကိုယ်က သူ့အပေါ်မှာ ကျေးဇူးရှိသွားတဲ့ သဘောမျိုး သက်ရောက်သွားတယ်။
ကိုယ်က နှောင်ကြိုးတွေမပါဘဲ ကူညီခဲ့ရင်တောင် ငါ့အပေါ်မှာ သူ့ ကျေးဇူးရှိတယ်ဆိုတဲ့အသိမျိုး တဖက်လူဆီမှာ ဝင်သွားစေတယ်။

ဒီသဘောကို မြင်သာအောင်ပြရရင် ခုချိန်မှာ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို သူတို့နိုင်သလောက်ကူညီပေးနေတာကို ပြရမှာပါ။
တချိန်က သူတို့တွေ ဆန်ပြတ်လတ်နေတဲ့ကာလတစ်ခုမှာ ဝန်ကြီးချုပ်ဦးနုက ဆန်အိတ်တွေ ပို့ပေးခဲ့ဖူးတယ်လို့ ဆိုတယ်။
ဒါဟာ ကျေးဇူးတုံ့ပြန်နည်းတစ်မျိုးလို့ တွက်လို့ရတယ်။ (ဒါက အကောင်းမြင်တဲ့အမြင်ပါ၊ အဆိုးမြင်ပြီးပြောရရင်တော့ အကျိုးလိုလို့ ညောင်ရေလောင်းနေတာပေါ့)

ဒီလောက်နဲ့ မယုံနိုင်သေးရင် နောက်ဥပမာတစ်ခုပြပါမယ်။
၁၉၈၀ ကျော်လောက်က မက္ကဆီကိုနိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီး တစ်နိုင်ငံလုံး ဒုက္ခရောက်ကြတယ်။ အဲ့ဒီအချိန်မှာ အငတ်ဘေးကြုံနေတဲ့ အီသီယိုးပီးယားနိုင်ငံက ကူညီဖို့ ဒေါ်လာ ၅၀၀၀ မ တည်တယ်။
အကြောင်းရင်းကတော့ ၁၉၃၅ တုန်းက အီတလီတွေ အီသီယိုးပီးယားကို လာပြီး ကျူးကျော်ခဲ့တုန်းက မက္ကဆီကိုက စစ်ကူပို့ပြီး ကူတိုက်ပေးခဲ့လို့ လို့ဆိုတယ်။

ဒါကြောင့် ကျေးဇူးတုံ့ပြန်ခြင်းက နိုင်ငံကြီးတွေကြားထဲမှာတောင် အချိန်ကာလတွေ ကြာနေပေမယ့် ရှိနေတတ်တယ်။

နိုင်ငံကြီးတွေကတော့ ဟုတ်ပါပြီ။ လူတစ်ယောက်ချင်းဆီမှာရော…
တန်ရာတန်ကြေးပေးလိုက်တယ်တို့၊ သူ့အပေါ်မှာ အကြွေးတင်မခံနိုင်ဘူးတို့ ဆိုတာ ဒီသဘောပါပဲ
လူမှန်ရင်တော့ ကျေးဇူးတုံ့ပြန်ရမယ်ဆိုတဲ့ အသိမျိုးရှိတတ်ပါတယ်။

ဒါကို စမ်းသပ်ထားတာတွေ ရှိပါတယ်။ Regan Study လို့ခေါ်တယ်။
Volunteer တစ်ယောက်ကို စမ်းသပ်ခံဖို့ ခေါ်လိုက်ပါတယ်။ ရောက်လာတဲ့အခါမှာ သူ့ကို အစမ်းသပ်ခံနောက်တစ်ယောက်နဲ့ ပေးတွေ့လိုက်ပါတယ်။ (ဒါက သရုပ်ဆောင်ပါ)
သရုပ်ဆောင်တဲ့သူက မိတ်ဆက်စကား နည်းနည်းပြောပြီး အပြင်ခဏသွားဦးမယ်ဆိုပြီး ထွက်လာတယ်။ သူပြန်လာတဲ့အခါ Coke ၁ဗူးကိုသောက်လာတယ်၊ လက်ထဲမှာလည်း နောက်တစ်ဗူးကို အစမ်းသပ်ခံအတွက် ယူလာပါတယ်။

သူတို့ကို စမ်းသပ်တဲ့ကိစ္စလည်းပြီးသွားရော သရုပ်ဆောင်က သူသည် ကားကံစမ်းမဲတွေ ရောင်းနေတာပါ၊ တစ်စောင်မှ ၂၅ ဆင့် ပဲရှိတယ်၊ များများရောင်းပေးနိုင်ရင် ဆုတစ်ခုရမှာမို့ ဝယ်သွားပါဦးလို့ ဆိုတယ်။ အဲ့ဒီတော့ ဝယ်သွားကြတာပေါ့။

ပိုပြီး သေချာသွားအောင်လို့ Volunteer တွေ သရုပ်ဆောင်ကို ဘယ်လောက်သဘောကျလဲဆိုတာ ကြိုပြီး Rate လုပ်ခိုင်းထားတယ်။ သူတို့သဘောကျတဲ့နှုန်းများလေလေ၊ ကံစမ်းမဲတွေကို ပိုဝယ်လေလေပဲ။
ဒါပေမယ့် Coke တိုက်လိုက်တဲ့အခါမှာ သဘောမကျဘူးလို့ Rate လုပ်ထားတာလူကတောင် ကံစမ်းမဲတော်တော်များများကို ဝယ်သွားကြတယ်။
သူ Coke တိုက်ထားတဲ့သူတွေက မတိုက်ထားတဲ့သူတွေထက် ၂ဆ ပိုဝယ်ကြတယ်။
Coke တစ်ဗူးက ဘယ်လောက်မှ မတန်ပေမယ့် တဖက်လူမှာ ကျေးဇူးတရားကို ခံစားသွားမိစေတယ်။

အစမ်းသပ်ခံရဲ့နေရာကနေ သေချာစဉ်းစားကြည့်ရင် Coke ကို သူလက်မခံလည်း ရတာပဲ၊ ကံစမ်းမဲတွေကိုလည်း ဘယ်သူကမှ အတင်းဝယ်ခိုင်းနေတာ မဟုတ်ဘူး။
ဒါပေမယ့် အားနာတဲ့စိတ်နဲ့ပဲ အဆင့်ဆင့် ဖြစ်သွားတာပါ။

အားနာခြင်းရဲ့နောက်ကွယ်

ဒါကိုသိပြီး လုပ်စားနေကြတဲ့သူတွေ အများကြီးပါပဲ။
လမ်းသွားရင်း တွေ့ဖူးကြမှာပါ။ တန်ကြေးမရှိတဲ့ပစ္စည်းတစ်ခုကို လက်ဆောင်ပေးပြီး သူတို့ရောင်းချင်တဲ့ပစ္စည်းကို ထိုးရောင်းကြတာပေါ့။
မုန့်ဆိုင်တွေလည်း ဒီလိုပါပဲ။ သူတို့မုန့်ကို အမြည်းကျွေးပြီး ဝယ်သွားကြပါဦးလို့ ဆွယ်ကြတယ်။ ဒါက သူတို့မုန့်ရဲ့ Quality ကို ပြရာရောက်သလို၊ တဖက်လူအပေါ်မှာလည်း သူတို့ကျွေးတာစားလိုက်ပြီဆိုတော့ သူတို့ရောင်းတာ ဝယ်သွားလိုက်ရမလားဆိုတဲ့ အတွေးကို ဖြစ်စေတယ်။ အားနာသွားစေတယ်။

နောက်တစ်နည်းကတော့ ပစ္စည်းကို အချိန်ကာလတစ်ခုအထိ အလကားပေးသုံးတာမျိုးပါ။ (မြန်မာပြည်မှာ ဒီလို Service မျိုးရှိ၊ မရှိ ကျွန်တော်သေချာမသိပါဘူး)
သူတို့ဆီမှာတော့ Shampoo, Conditioner စတဲ့ Product တွေကို အိမ်တိုင်ရာရောက် အစမ်းပေးသုံးတဲ့ service တွေရှိတယ်။
အရောင်းကိုယ်စားလှယ်က ကိုယ့်အိမ်ထိလာပြီး ဒီ Product ကို စမ်းသုံးကြည့်ပေးပါ၊ နောက် ၂ရက်လောက်ကြာရင် ပစ္စည်းတွေကို ပြန်လာယူမယ်၊ အဲ့ဒီအချိန်ကျ Product ကို မကြိုက်ဘူးဆိုရင် လုံးဝ ဝယ်စရာမလိုဘူးဆိုပြီး ပြောတယ်။ ဘယ်သူက ဒီလိုပြောတာကို ငြင်းမှာလဲ။
၂ရက်ပြည့်လို့ ပစ္စည်းကို ပြန်လာယူတဲ့အခါမှာ တော်တော်များများက Product တစ်ခုကို ဝယ်လိုက်ကြတယ်။ အားနာတဲ့စိတ်က လူတိုင်းမှာ ရှိတတ်ကြတာကို။

လူတွေ ဒီလို အားနာတတ်တာကို နောက်တစ်နည်းနဲ့ အမြတ်ထုတ်ကြပါသေးတယ်။
ဥပမာနဲ့ပြောချင်ပါတယ်။
တက္ကသိုလ်တွေမှာ အသင်းအဖွဲ့တွေနဲ့ လှုပ်ရှားမှုတွေ ရှိတာ မဆန်းပါဘူး။ အဲ့ဒီအခါမှာ အဖွဲ့ဝင်တွေက ပွဲတစ်ခုကို ဘယ်လိုစီစဉ်ကြမလဲဆိုတဲ့ idea တွေ ကိုယ်စီရှိတတ်ကြတယ်။
ကိုယ့် idea ကိုသုံးစေချင်တဲ့အခါမှာ မဖြစ်နိုင်တဲ့ idea အကြီးကြီးတစ်ခုကို အရင်ချပြလိုက်တယ်။ ဒါကို ငြင်းမယ်ဆိုတာ သိပြီးသားပေါ့။
ငြင်းပြီးတဲ့အခါမှာ ကိုယ်တကယ်သုံးချင်တဲ့ idea တစ်ခုကို ချပြလိုက်တယ်။
အထူးသဖြင့် ကိုယ် လက်ခံအောင်ပြောရမယ့်သူက တစ်ယောက်တည်းဆိုရင် ပိုအဆင်ပြေတယ်။
ကိုယ့်ရဲ့ ပထမ idea ကို ငြင်းထားတော့ ဒုတိယ idea ကို ငြင်းရမှာ အားနာနေတတ်တယ်။

ဒါဟာ တော်တော်ကို ထိရောက်တဲ့ နည်းပါ။
ဒီလိုလုပ်တာက မရိုးသားဘူးဆိုတာမှန်ပေမယ့် ဒါကိုမသိတဲ့လူအတွက်တော့ အားတုံ့အားနာဖြစ်ပြီး ကျေးဇူးတရားကို တုံ့ပြန်ရမယ်ဆိုတဲ့ အသိမျိုးဖြစ်နေမှာပါ။

အမြဲတမ်း အားနာနေတာက မကောင်းပါဘူး။ ပြောသင့်တဲ့ကိစ္စပြောသင့်တဲ့ အချိန်မှာ ပြောရဲဖို့လိုပါတယ်။
အားနာတတ်တာကို အားနည်းချက် တစ်ခုအနေနဲ့ မြင်တဲ့သူတွေကတော့ ဒီအချက်ကို Exploit လုပ်မှာပါပဲ။
လေ့လာမှုတွေအရ လူတွေက ငိုတတ်တဲ့သူဆို ပိုပြီးအနိုင်ကျင့်ချင်ကြသလို၊ အားနာတတ်တဲ့သူဆိုလည်း ပိုပြီး ချနင်းချင်ကြပါတယ်

ဒီလိုပြောလိုက်လို့ လုံးဝအားမနာတတ်တာကို ကောင်းတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ လူတွေကြားထဲနေရင် လူလိုကျင့်ကြံရမှာမို့ အားနာစိတ်ကတော့ အနည်းအကျဥ်း ရှိသင့်ပါတယ်။ တစ်ဖက်လူကို လုံးဝ အားမနာတတ်တာလည်း ဂုဏ်ယူရမယ့်ကိစ္စမဟုတ်ပါဘူး။

အပေါ်မှာ ပြောခဲ့တဲ့ဥပမာတစ်ခုနဲ့ ပြန်သုံးသပ်ပြချင်ပါတယ်။
Coke ၁ဗူးကိုယ့်ကို လာပေးတဲ့အချိန်မှာ နောက်ဆက်တွဲတွေကိုကြောက်ပြီး မယူဘဲထားမလား? (အရာရာကို သံသယမျက်စိနဲ့ကြည့်တဲ့သဘောပေါ့)
ဒါဆို သူ့ဆီက မယူထားတော့ အားနာစရာမလိုတော့ဘူး။ ဒါပေမယ့် စေတနာသန့်သန့်နဲ့ ပေးတာဆို ကိုယ်က သူ့စေတနာကို စော်ကားလိုက်တာပဲ။
ကျွန်တော်တို့ရဲ့ Society ကလည်း စေတနာစော်ကားတဲ့သူ၊ ကျေးဇူးမသိတတ်တဲ့ဆို လူရာမသွင်းတတ်ကြဘူး။

ဒီတော့… သူ့ရဲ့ Motive ကိုမသိတဲ့အတွက် ပေးရင်ယူလိုက်သင့်တယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းရဲ့ တန်ရာတန်ကြေးကိုသာ ကိုယ်ကပြန်ပေးဖို့ရှိကြောင်း စိတ်ပိုင်းဖြတ်ထားသင့်တယ်။ (ဥပမာ Coke ပေးပြီး ကံစမ်းမဲရောင်းရင် Coke ဖိုးလောက်ပဲပြန်ဝယ်တာမျိုးပေ့ါ)
ဒါကတော့ သူ့ဆီက Coke ၁ဗူး မသောက်ချင်ဘဲ ဝယ်သောက်လိုက်ရတဲ့သဘောဖြစ်သွားတယ်။
Society မှာ အများစုက ဒီလိုလူမျိုးတွေကို
သဘောကျကြတယ်

နောက်တစ်မျိုးကတော့ Coke ပေးတာ စေတနာသန့်သန့်နဲ့လို့ အတင်းယူဆလိုက်တယ်။ အဲ့ဒါကြောင့် ဘာမှပြန်ပေးစရာမလိုဘူးဆိုတဲ့ သူတွေပေါ့။ ဒါလည်း လက်ခံသင့်တဲ့ အမြင်ပါပဲ။ ဒါပေမယ့် Society မှာတော့ ဒီလိုလူတွေက အပေါ်ယုံကြည့်ပြီး ဆုံးဖြတ်ရင် အမုန်းခံရနိုင်တယ်

ကိုယ့်ကို လှည့်စားဖို့အကြံနဲ့ လာတဲ့လူတွေပြောတာကို လိုက်ပြီး မခံစားမိဖို့ အရေးကြီးတယ်။

လူတိုင်းက မကောင်းမှာသေချာတယ် ဆိုပြီး ကြိုတင်ယူဆထားတဲ့ အတွေးမျိုးတော့ မဝင်သွားစေချင်ပါဘူး။
ဒီစာကိုဖတ်ပြီး တခြားလူတွေရဲ့ အပြုအမူတွေနောက်က နှောင်ကြိုးတွေအကြောင်းကို တွေးမိသွားရင် ကျေနပ်ပါပြီ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Drone အကြောင်း သိသမျှ (Part 2)

ဒီတစ်ခေါက်မှာတော့ drone အခြေခံ သဘောတရား၊ drone တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။

Drone တစ်ခုဟာ သဘောတရား ၃ မျိုးနဲ့ အလုပ်တွေကိုလုပ်ဆောင်ပါတယ်။

(၁) Fixed wing အမျိုးအစားတွေမှာ Bernoulli’s principle ကို အသုံးချပြီး တည်ဆောက်ထားတဲ့ တောင်ပံတွေနဲ့ လေထဲမှာ ပျံဝဲနိုင်အောင် လုပ်ဆောင်ပါတယ်။

Bernoulli’s principle အရ လေထုကို pressure နည်းအောင်လုပ်ခြင်းအားဖြင့် speed များအောင် စွမ်းဆောင်နိုင်ပါတယ်။ လေယာဥ် တောင်ပံတွေရဲ့ တည်ဆောက်ပုံမှာ တောင်ပံရှေ့ပိုင်း (leading edge) နဲ့ အနောက်ပိုင်း (trailing edge) ဆိုပြီးရှိပါတယ်။

တောင်ပံတွေရဲ့ အပေါ်ပိုင်းကို ခုံးထားခြင်းဖြင့် လေဟာ leading edge ကို တိုးဝင် တောင်ပံအပေါ်ပိုင်းမှာ မြန်မြန်ဆန်ဆန်နဲ့ ဖြတ်သွားမှာ ဖြစ်ပြီး trailing edge မှာ တောင်ပံအပေါ်ပိုင်းနဲ့ တောင်ပံအောက်ပိုင်းက လာတဲ့ လေကို ပြန်ပေါင်းဆုံစေပါတယ်။

တောင်ပံအပေါ်ပိုင်းမှာ လေရဲ့ speed က များတာကြောင့် စောနက principle အရ pressure နိမ့်သွားပါတယ်။ Pressure များရာက pressure နည်းရာကို ရွေ့လျားလေ့ရှိတဲ့ သဘောအရ လေထုက တောင်ပံကို ပင့်တင်ထားသလို ဖြစ်လာပါတယ်။ ဒီလိုနည်းအားဖြင့် လေယာဥ်တွေနဲ့ drone တွေကို လေထဲမှာ ရှိနေအောင် ပျံသန်းနိုင်အောင်လုပ်ကြပါတယ်။

(၂) Multi-rotor လို့ခေါ်တဲ့ drone တွေမှာမြင်ရလေ့ရှိတဲ့ ဒလက်မော်တာတွေကို အသုံးပြုပြီး အထက်အောက် အတက်အဆင်းလုပ်နိုင်အောင် ပြင်ဆင်ထားပါတယ်။ ဒလက်မော်တာတွေက လေကိုတွန်းကန်လေလေ လေထုက ဒလက်မော်တာတွေကို ပြန်တွန်းကန်လေလေ ဖြစ်ပါတယ်။

အဲ့တာကြောင့် ဒလက်မော်တာတွေ လည်အားများလေလေ ပိုမြင့်မြင့် တက်နိုင်လေ ဖြစ်ပါတယ်။ ဒလက်မော်တာတွေဟာ drone ရဲ့ balance ကိုလည်း တူညီတဲ့ speed နဲ့လည်ပြီး ထိန်းညှိပေးရပါတယ်။

ပုံမှာပြထားတဲ့အတိုင်း M1 နဲ့ M4 နဲ့က နာရီလက်တံအတိုင်း လည်ပြီး M2 နဲ့ M3 နဲ့ နာရီလက်တံပြောင်းပြန်လည်ပါတယ်။ ဒီလိုနည်းနဲ့ အထက်အောက် ဘယ်ညာကို ရွေ့လျားပါတယ်။

(၃) VTOL (vertical takeoff and landing) ကတော့ အပေါ်က သဘောတရား ၁နဲ့၂ ကို ပေါင်းစပ်ပြီး အလုပ်လုပ်ပါတယ်။ သဘောတရား ၂ အတိုင်း အတက်အဆင်းလုပ်ပြီး သဘောတရား ၁ အတိုင်း လေထုထဲမှာ ရွေ့လျားပါတယ်။

အခြေခံ Drone တစ်ခုမှာ ပါဝင်လေ့ရှိတဲ့အစိတ်အပိုင်းတွေကတော့
(၁) Propeller လို့ခေါ်တဲ့ ဒလက် နဲ့ ဒလက်ကိုလည်စေတဲ့ motor (အရေအတွက်ကတော့ အမျိုးအစားအလိုက် ကွာပါတယ်)
(၂) Power Supply အတွက် Battery
(၃) Radio transmission အတွက် အဝေးထိန်းခလုပ်
(၄) Radio wave ကို လက်ခံမယ့် Recevier Antenna
(၅) Camera ကလာတဲ့ ရုပ်သံမှတ်တမ်းတွေကို wifi, 4G စတာတွေနဲ့ ထိန်းချုပ်သူရဲ့ ဖုန်းနဲ့ ကွန်ပြူတာထဲကို record လုပ်ပါတယ်
(၆) GPS နဲ့ တခြား sensor တွေ LED မီးတွေလည်း ပါပါတယ်။

အမျိုးအစားအပေါ်လိုက်ပြီးတော့ ထပ်တိုးတဲ့ ပစ္စည်းနဲ့ အရေအတွက်တွေကတော့ ကွာခြားကြမှာဖြစ်ပါတယ်။

Drone တွေကို ပေါ့ပါးနေအောင် light weight material တွေအသုံးပြုတည်ဆောက်ရပြီးတော့ ဆင်းသက်ရလွယ်ကူစေဖို့ ထောက်တိုင်တွေလည်း တပ်ဆင်ပေးထားပါတယ်။

Drone တွေရဲ့အားနည်းချက်ကတော့ power supply နဲ့ သွားနိုင်တဲ့ range အကန့်အသတ်ရှိတာပဲဖြစ်ပါတယ်။ အမျိုးအစားအပေါ်မူတည်ပြီး ပျံသန်းချိန်နဲ့ သွားနိုင်တဲ့အကွာအဝေး နဲ့ကတော့ ကွာခြားမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် ကောင်းတာတစ်ခုကတော့ battery က ကုန်တော့မယ်လို့ အချက်ပြရင်ဖြစ်ဖြစ် သွားနိုင်တဲ့အကွာအဝေးထက် ပိုသွားမိရင်ပဲဖြစ်ဖြစ် ထိန်းချုပ်တဲ့သူဆီကို သူ့အလိုလို ပြန်လာနိုင်အောင် လုပ်ထားတဲ့ system ရှိပါတယ်။

ဆိုတော့ကာ သင့်ပတ်ဝန်းကျင်မှာ သင့်ကို ဒုက္ခပေးမယ့် Drone တွေရှိရင် သင်ဘာလုပ်မလဲ။ ဘာတွေလုပ်လို့ရမလဲ။ အဲ့တာတွေကို သိချင်ရင်တော့ ကျွန်တော် part 3 မှာ ဆက်လက်ပြောပြပေးသွားမှာဖြစ်ပါတယ်။

Dr. Jason

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)

ညီကိုတို့ နှမတို့…

လူငယ်သဘာဝ ချစ်ကြိုက်ကြပြီဆိုရင် ချစ်ခြင်းမေတ္တာတွေယိုဖိတ်ပြီး စည်းကျော်ဘောင်ကျော်အဆင့်ကို ရောက်လာတတ်ကြပါတယ်။

ချစ်သူရည်းစားဘဝကို သန့်သန့်ရှင်းရှင်း စောင့်ထိန်းသွားကြတဲ့ ညီကိုတွေ နှမတွေရှိသလို “သဒ္ဒါလွန်တော့ တဏာကျွန်” ဆိုပြီး ထိတွေ့သာယာမှုနောက် လိုက်မိကြသူတွေ၊ နယ်ကျွံမိသူတွေလဲ ရှိကြမှာ ကိုကြီးနားလည်ပါတယ်။

ချစ်လို့ဖြစ်ကြတဲ့ သာယာမိလို့ဖြစ်ကြတဲ့ ဒီကိစ္စတွေကို မှန်တယ် မှားတယ် မဆိုချင်ပါဘူး။

ချစ်မိကြတာလဲ ရှက်စရာမဟုတ်သလို
အတူနေမိသွားတာကလဲ (ဒီခေတ်ကြီးထဲမှာ) ရှက်စရာမဟုတ်တော့ပါ။

မိမိဆန္ဒ ပဓာနပဲမို့ မိမိချစ်သူနဲ့ မိမိကြည်ဖြူရင် အသက်လဲပြည့်ရင် ဒါဟာ ဓမ္မတာပါပဲ။

အသက်မပြည့်သေးဘဲနဲ့တော့ (၁၈နှစ်ကိုဆိုလိုသည်) ဒီလိုကိစ္စတွေတော့ မဖြစ်သင့်ဘူးလို့ ဆိုပါရစေ။
ဒါက ယောကျာ်းမှန်ရင် သတိထားသင့်တဲ့ ရှောင်သင့်တဲ့ကိစ္စပဲ။ ညီကိုတို့…။

အတူနေတဲ့အခါ စိတ်တူကိုယ်တူ ကြည်ဖြူဖို့လိုတယ်။

ရောဂါမရဖို့ နဲ့ ကိုယ်ဝန်မရဖို့လဲလိုတယ်။

တာဝန်မယူနိုင်သေးခင်မှာ တာဝန်တွေမပိဖို့တော့ လိုလိမ့်မယ် ညီကိုတို့ နှမတို့။

အတူနေတာကရှက်စရာမဟုတ်ပေမယ့် မလိုချင်ဘဲ ဗိုက်တလုံးရလာတာ ရောဂါကူးကုန်တာတွေကတော့ အတော် ဉာဏ်တိမ်တဲ့အဖြစ် ၊ ရှက်စရာကောင်းတဲ့အဖြစ်ပါပဲ။

ဒီလို ကိုယ်ဝန်မရဖို့နဲ့ ရောဂါမကူးဖို့ ကွိုင်ဆောင်ဖို့ (condom) သုံးဖို့ လိုကိုလိုပါတယ်။

ကွမ်းယာဆိုင်တို့၊ ABC ဆိုင်တို့မှာ Condom သွားဝယ်ဖို့ကို မရှက်စမ်းပါနဲ့။

တာဝန်သိလို့ သွားဝယ်ရဲတာ ၊ ကိုယ့်ချစ်သူကို ဂရုစိုက်လို့ သွားဝယ်ရဲတာဆိုတာကို သတိပြုမိပါစေ။

ကိုယ်ဝန်ရလာတော့မှ ဖျက်ချဖို့ အရပ်လက်သည်ဆီသွားတာကမှ ရှက်စရာပါ။
တော်တော်လဲ သောက်ဖြစ်မရှိတဲ့ အဆင့်နိမ့်တဲ့အလုပ်ပါ။

စားပြီးနားမလည်တဲ့ အလုပ်တွေ မလုပ်မိပါစေနဲ့ ညီကိုတို့။

မတော်တဆ condom မသုံးမိဘူး… သွားဝယ်လို့မရလိုက်ဘူး… ကွိုင်သုံးပေမယ့် သေချာမသုံးမိလို့ ပေါက်သွားတယ် … ပြဲသွားတယ်…
ဒီလိုဖြစ်လာရင်တော့ တိုင်စပြီးပတ်ပါပြီ။

အရေးပေါ်တားဆေးဆိုတာ သောက်ဖို့လိုလာပါပြီ။

မှတ်ထားဖို့က အရေးပေါ်တားဆေးဆိုတာ မဖြစ်မနေမှသောက်ရတာပါ။
ကိုယ်ဝန်ကိုပဲတားပေးတာပါ။

ရောဂါကိုမကာကွယ်ပါ။
“A” ကိုက်မှာကို လုံးဝ(လုံးဝ) မကာကွယ်ပါ။

အရေးပေါ်တားဆေးအကြောင်း သိထားရင် တခါမှားသွားတဲ့ အခါ ခြေချော်လက်ချော်ဖြစ်တဲ့အခါ ပြန်ပြင်လို့ရအောင် တိုက်ရတာပါ။

အတူနေပြီးတိုင်း ပဲကြီးလှော်ဝါးသလို အမြဲတိုက်နေရင်တော့ ညီကိုက တဖက်သားကို တန်ဖိုးမထားရကျလွန်းပါတယ်။
ငါ့နှမတွေကို စော်ကားရာကျပါတယ်။

ဒါဆို အရေးပေါ်တားဆေးအကြောင်း သိသင့်တာတွေ စပြောပြမယ်နော်။

၁။ အတူနေပြီးတာနဲ့ ချက်ချင်း စောနိုင်သမျှစောစောသောက်ပါ။

အရေးပေါ်တားဆေးကို Morning After Pill လို့လဲခေါ်တယ်။

နာမည်အတိုင်း နောက်တနေ့မနက်မှ အေးဆေးသောက်မယ် ဆိုပြီး အချိန်မဆွဲပါနဲ့။ လူဆိုတာမေ့တတ်တယ်။

ဒီဆေးက စောစောသောက်နိုင်မှ အစွမ်းရှိတယ်။

၂၄နာရီအတွင်း သောက်တာ အကောင်းဆုံးနဲ့ စိတ်အချရဆုံးပဲ။

အလွန်ဆုံး sex ဖြစ်ပြီး ၇၂ နာရီအတွင်း (၃ရက်အတွင်း) ဝင်အောင် သောက်ကိုသောက်ရမယ်။

ဆေးသောက်တာနောက်ကျလေလေ ကိုယ်ဝန်ရနိုင်ခြေများလေလေပဲ။

ဆေးကို ဆိုင်မှာ

Ecee 2 တို့
Postinor တို့
Pill 72 တို့
Lydia (လေဒီယာ) တို့
Amor တို့
ဆိုပြီး အလွယ်မေးဝယ်လို့ရတယ်။

တချို့ဆေးတွေက တလုံးပဲပါလို့ တလုံးပဲသောက်ရတာ ကိစ္စမရှိဘူး။ ဥပမာ – လေဒီယာ ဆို တလုံးပဲသောက်စရာလိုတယ်။

Ecee 2 ဆိုရင် ၂ လုံးပါတယ်။
တလုံးကို ချက်ချင်းသောက်ပါ။

နောက်တလုံးကို ၁၂နာရီအကြာမှာ ထပ်သောက်ပါ။

၂လုံးလုံးသောက်မှ ကိုယ်ဝန်ကိုကာကွယ်တာပါ။

တလုံးပဲသောက်မိပြီး နောက်တလုံးကိုမေ့သွားလို့မရပါ။

သောက်ပြီးရင် တခါတခါ ပျို့တတ်တယ် အန်တတ်တယ် ငါ့နှမတို့။

အန်လိုက်ပြီဆို ဆေးက အန်တဲ့အထဲပါသွားမှာမို့လို့ အာနိသင်မရှိဖြစ်မယ်။

အဲ့တော့ ဆေးသောက်ပြီးလို့ ၂နာရီအတွင်း ပြန်အန်ရင် အသစ်တလုံးပြန်သောက်ရပါမယ်။

ဆေးသောက်ပြီး တော်တော်ကြာမှ အန်တာ (၂နာရီလဲကျော်သွားပြီဆို) ပြန်သောက်ဖို့မလိုဘူး။

ကိုယ်က နဂိုထဲက တခုခုဆို ပျို့တတ်အန်တတ်ရင် အအန်ပျောက်ဆေးကို နာရီဝက်ကြိုသောက်

ပြီးမှ တားဆေးသောက်လဲရတယ်။

ကဲ ကျန်တာတွေကို နောက်တပိုင်းမှာ ဆက်ပြောပြသွားမယ်နော်… အားလုံးပဲ ဆက်စောင့်ဖတ်ပေးကြပါဦး။

Min Ko Gyi

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started