သံသရာခရီးသွားများနှင့် ဝမ်းနည်းမှတ်တမ်း

ဘဝသံသရာကို ခရီးတခုလို့ဆိုကြရင် ကျနော်တို့အားလုံးက ခရီးသွားတွေပါပဲ။

ခရီးသွားနေကြရင်း ကြုံလာသမျှကိစ္စတွေက ပျော်စရာတွေလဲရှိသလို ဝမ်းနည်းစရာတွေလဲ မလွဲမသွေကြုံရမှာပါ။

ဝမ်းသာစရာကြုံရင် လူတွေအတွက် ရင်ဆိုင်ဖို့ မခက်ခဲပေမယ့်

ဝမ်းနည်းပူဆွေးစရာတွေကြုံလာရင်တော့ ဖြတ်ကျော်ဖို့ အတော်လေးခက်ခဲပါတယ်။

စိတ်ညစ်စရာတွေကလဲ တချိန်ချိန်တော့ လူတိုင်းကြုံရမှာပဲမို့ စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါမယ်။

လမ်းမှာချော်လဲတာ ၊ ပိုက်ဆံအိတ်ကျပျောက်တာ စတဲ့ အသေးစားစိတ်ညစ်စရာတွေရှိသလို

မိသားစုဝင်နဲ့ ခွဲခွာရတာ၊ မိဘတပါးပါး ကွယ်လွန်သွားတာ ၊ ချစ်ခင်ရတဲ့ သူတယောက်ယောက်ကို လက်လွတ်ဆုံးရှုံးရတာ စတဲ့ ကြီးမားတဲ့ စိတ်ဒုက္ခတွေကိုလဲ ကြုံကြရမှာပါ။

ဒီလိုကြုံလာရင် စိတ်ပညာအရ ဖြစ်ပေါ်လာတတ်တဲ့
ဝမ်းနည်းမှုဖြစ်စဥ် (Normal Grief stages) တွေကို သိထားပါက မိမိကိုယ်ကို ဆင်ခြင်တွေးတောမိပြီး အနည်းငယ်စိတ်သက်သာရာရအောင် နေထိုင်နိုင်မှာပါ။

ပုံမှန်လူတယောက်ရဲ့ ဝမ်းနည်းမှုအဆင့် ၅ဆင့်မှာ

ပထမအဆင့်ကတော့
Denial” (လက်မခံနိုင်ခြင်း) ဖြစ်ပါတယ်။

စိတ်ညစ်စရာ ကံဆိုးမှုကြီးကို လက်မခံနိုင်ဘဲ ငြင်းဆန်နေမိတာက ပထမဆုံးဖြစ်လေ့ရှိပါတယ်။

မိဘကွယ်လွန်သွားတာကို လက်မခံနိုင်တာ ၊ ချစ်သူက လမ်းခွဲသွားတာကို Emotional ဖြစ်ပြီး
မယုံကြည်နိုင်တာ စတာတွေဟာ Denial အဆင့်ဖြစ်ပါတယ်။

နောက်တဆင့်ကတော့ “Anger” (ဒေါသထွက်ခြင်း)အဆင့်ဖြစ်ပါတယ်။

မိမိမှာမှ ဒီလိုကံဆိုးတာကြုံရတယ် ၊ စိတ်ညစ်စရာကြုံရတယ်ဆိုပြီး ဒေါသထွက်လာတာ စိတ်ကြီးလာတာတွေဖြစ်လာတတ်ပါတယ်။

ကံတရားကို မမျှတဘူးဆိုပြီး ဒေါသထွက်ကြသလို မိမိကိုယ့်ကို (သို့) ဘေးပတ်ဝန်းကျင်ကိုပါ စိတ်ဆိုး
နာကျည်းတတ်ပါတယ်။

ဒေါသထွက်တဲ့အဆင့်ကိုကျော်လွန်သွားရင်တော့
Bargaining” (အပေးအယူလုပ်ခြင်း ၊ ညှိယူပြောင်းလဲခြင်း) အဆင့်ကိုရောက်လာပါတယ်။

ဒီအဆင့်မှာတော့ စိတ်သောကရောက်နေသူတွေက ဒီအခြေနေကို ပြန်ပြီးများကောင်းလာမလားဆိုတဲ့ စိတ်နဲ့ သူတို့အပြုအမူတွေကို ပြောင်းလဲဖို့ကြိုးစားကြပါတယ်။

“ဒီကိစ္စက ငါမကောင်းလို့ဖြစ်ရတာ ၊ ငါညံ့လို့ဖြစ်ရတာ ငါပိုကောင်းအောင်လုပ်လိုက်မယ်…ဒါဆို အခြေနေတွေ အရင်ကလိုပဲပြန်ကောင်းသွားမှာပါ”ဆိုပြီး အတင်းကောင်းအောင် ကြိုးစားတတ်တဲ့ အဆင့်ဖြစ်ပါတယ်။

နောက်တဆင့်မှာတော့ “Despair” or “Depression” (စိတ်ဓာတ်ကျခြင်း) ဖြစ်လာပြီး တဖြေးဖြေး စိတ်ညစ်စရာတွေနဲ့ စိတ်မောလူမောဖြစ်လာရပါတယ်။

စိတ်ညစ်စရာတွေကို ပိုကောင်းအောင်လုပ်လို့လဲမရ၊ ပြန်ပြင်လို့လဲမရတော့တာကို သိလိုက်ရတော့
စိတ်ပျက်လာပြီး depressed ဖြစ်လာပါတော့တယ်။

နောက်ဆုံးအဆင့်မှာတော့ စိတ်ညစ်စရာတွေ ပူဆွေးသောကတွေကို ရှောင်ပြေးလို့မရတော့ဘဲ “Acceptance” (လက်ခံလိုက်ရခြင်း) ဆိုတဲ့အခြေနေကိုရောက်လာပါတော့တယ်။

လက်ရှိအခြေအနေကို လက်ခံလိုက်ပြီး ရှေ့ဆက်ဖို့ တတ်နိုင်သမျှ ကြိုးစားတာကသာ ဒီသောကတွေကို ဖြေဖျောက်ဖို့ အကောင်းဆုံးနည်းလမ်းပဲဆိုတာ နားလည်လာရပါတယ်။

ဒီအဆင့်တွေကတော့ Normal လူတယောက်မှာ တွေ့ရတတ်တဲ့ ဝမ်းနည်းမှုဖြစ်စဥ်ပဲဖြစ်ပြီး လူတိုင်းမှာ အဆင့် ၅ဆင့်လုံး စုံအောင် တွေ့ရချင်မှတွေ့ရမှာပါ။

ဒီအစဥ်အတိုင်းလဲ တွေ့ရချင်မှတွေ့ရမှာဖြစ်ပြီး တချိန်ထဲမှာလဲ လူတယောက်က အဆင့် ၂မျိုး တပြိုင်ထဲခံစားရနိုင်ပါတယ်။

ဥပမာ – စိတ်ဓာတ်လဲကျ လက်လဲလက်မခံနိုင်ဖြစ်နေတာမျိုးပါ။

ဒီအဆင့်တွေကို ကောင်းစွာ ခံနိုင်ရည်မရှိဘဲ ရေရှည်ခံစားနေ ဝမ်းနည်းနေရင်တော့ တဖြေးဖြေး စိတ်ကျန်းမာရေးကို ထိခိုက်လာပြီး စိတ်ဝေဒနာခံစားရနိုင်ပါတယ်။

စာဖတ်သူတို့ အားလုံး ဝမ်းနည်းစရာတွေကြုံလာတဲ့အခါ ခံနိုင်ရည်ရှိစွာဖြတ်ကျော်နိုင်ကြပါစေလို့
ဆန္ဒပြုရင်း…..

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မိုးရာသီနှင့် သင့်ကျန်းမာရေး

ဒီ post လေးမှာ မိုးရာသီရောက်လာပြီမို့ သတိထားသင့်တဲ့အချက်လေးတွေကို Awareness ရအောင် ပြောပြချင်ပါတယ်။

၁။ သွေးလွန်တုပ်ကွေးရောဂါ များလာပါတယ်။

ခြင်ကိုက်လို့ ကူးစက်တဲ့ သွေးလွန်တုပ်ကွေး (Dengue fever) ရောဂါက မိုးရာသီမှာ အလွန်အဖြစ်များပါတယ်။

မိုးရေတင်ကျန်ခဲ့တဲ့ နေရာတွေမှာ ရေဝပ်ပြီး ခြင်တွေအများကြီးပေါက်လာလို့ သင်ခြင်ကိုက်ခံရဖို့ သေချာသလောက်ရှိနေပါတယ်။

ခြင်ထဲမှာမှ သွေးလွန်တုပ်ကွေးရောဂါသယ်ဆောင်လာတဲ့ခြင်က Aedes ခြင်ကျားဖြစ်ပါတယ်။

ထူးခြားချက်က မနက်ပိုင်းနဲ့ နေ့လယ်နေ့ခင်းမှာပဲ ကိုက်တတ်တဲ့ ခြင်မျိုးဖြစ်လို့ နေ့လယ်မှာ တရေးအိပ်တဲ့အခါ ခြင်ထောင်ချအိပ်ဖို့လိုပါမယ်။

ခြင်ကိုက်မခံရအောင် အိမ်ကိုအလင်းကောင်းကောင်းဝင်အောင်ထားပြီး ခြင်အောင်းနိုင်မယ့် နေရာတွေကိုရှင်းလင်းထားဖို့လိုပါမယ်။

သွေးလွန်တုပ်ကွေးရောဂါက ကလေးတွေနဲ့ လူငယ်လူရွယ်တွေမှာ ပိုအဖြစ်များပြီး သွေးလွန်တုပ်ကွေးအရင်နှစ်တွေက ဖြစ်ဖူးထားရင် ပိုသတိထားသင့်ပါတယ်။

နောက်တခေါက် သွေးလွန်တုပ်ကွေးထပ်ဖြစ်တဲ့အခါ ပြင်းထန်သွေးလွန်တုပ်ကွေးအဆင့် ရောက်သွားနိုင်လို့ တခါဖြစ်ဖူးထားလို့ ခုခံအားရှိမှာပဲလို့ တွေးပြီး ပေါ့ပေါ့ဆဆမနေသင့်ပါ။

ရုတ်တရက်ချက်ချင်းလိုလို အကောင်းကြီးကနေ ဖျားတက်လာမယ်… အပူကြီးမယ်… မျက်လုံးတွေကိုက်… ကိုယ်လက်တွေကိုက်လာမယ်… စတဲ့ လက္ခဏာတွေရှိရင် သတိထားသင့်ပါတယ်။

နီးစပ်ရာဆေးရုံဆေးခန်းကို သွားပြီး ရောဂါကိုပြသဖို့လိုပါမယ်။

သွေးလွန်တုပ်ကွေးရောဂါကို ကုသဖို့ဆေးရယ်လို့ မရှိသေးပါဘူး… အဓိကအရေးကြီးတာကတော့ ဆုံးရှုံးသွားမယ့် အရည်ဓာတ်ကို ဖြည့်တင်းဖို့ ဓာတ်ဆားရည်ကိုသာ သောက်သုံးရပါတယ်။

ခြင်ကိုက်မခံရအောင် အထူးသတိထားနေကြဖို့ပြောပါရစေ။

၂။ ကိုမြင့်နိုင်ကြီး မပြန်သေးပါဘူး။

Covid-19 ကို လူတွေ မေ့တေ့တေ့ဖြစ်ပြီး ပေါ့ဆနေကြတာကို တွေ့နေရပါတယ်။

ကိုမြင့်နိုင်ကြီးက ဆက်ရှိ ဆက်ကူးနေတုန်းပါပဲ။

လူတွေကိုမစစ်ဆေးကြလို့သာ case တွေ စာရင်းတွေမများသေးတာပါ။

ဒါပေမယ့် စစ်ရင်စစ်သလောက်ကို ပိုးတွေ့နေရလို့

လူစုလူဝေးတွေရှောင်ပါ။ (အထူးသဖြင့် ဒီကာလမှာ ATM တန်းစီရတာတွေအလွန်သတိထားကြပါ။)

မလိုအပ်ပဲ အပြင်မထွက်ပါနဲ့။

ထွက်တိုင်းလဲ mask တပ်ပါ။

Mask ပါတာနဲ့ mask တပ်တာမတူပါဘူး။

တချို့က မေးစေ့မှာတော့ သိုင်းထားတယ်….နှာခေါင်း ပါးစပ်တွေမအုပ်ထားပါ။

တချို့ကလဲ mask တပ်ပေမယ့် ပါးစပ်ကိုပဲအုပ်ထားတာ…စကားပြောတော့မယ်ဆို mask ချွတ်ပြောတာတွေက mask မတပ်ထားတာနဲ့ တူတူပါပဲ။

Mask ကို လက်နဲ့လဲ ခဏခဏမကိုင်ပါနဲ့… mask ကိုင်ပြီး မျက်လုံးတို့ နှာခေါင်းတို့ထပ်မကိုင်ပါနဲ့…..
လက်ဆေးပြီးမှသာကိုင်ကြပါ။

လက်ဆေးရင်လဲ ခဏလေးပဲ ပြီးစလွယ်မဆေးဖို့လိုပါမယ်… အနည်းဆုံး စက္ကန့် ၂၀ ဆပ်ပြာနဲ့ အမြုပ်ပါထွက်အောင် တိုက်ပြီးဆေးရပါမယ်။

စက္ကန့် ၂၀ မရေထားမိရင် စိတ်ထဲကနေ Happy birthday သီချင်းဆိုနေရင်း လက်ဆေးကြည့်ပါ။ သီချင်းပြီးလောက်တဲ့အခါ စက္ကန့် ၂၀လောက် ရှိသွားပါလိမ့်မယ်။

ကိုမြင့်နိုင်ကြီးက လက္ခဏာမျိုးစုံ ပုံစံမျိုးစုံနဲ့လာနိုင်လို့ တခြားရောဂါတွေနဲ့လဲ ရောတတ်ပါတယ်။

လက်ဆေးဖို့နဲ့ mask တပ်ဖို့ကို ပျင်းနေရင် အသက်ရှူကြပ်ပြီး ဆေးရုံရောက်တဲ့အခါမှ နောင်တရပါလိမ့်မယ်ဗျ။

၃။ မိုးအေးရင် ရေမချိုးပါနဲ့။

ဒီလိုကြားရတော့ စာဖတ်သူဝမ်းသာသွားလောက်မှာပါ။

ဟုတ်ပါတယ်…..မိုးအေးတဲ့ရက်တွေ ရေချိုးဖို့ပျင်းရင် မချိုးတာက ကျန်းမာရေးနဲ့ ပိုညီပါလိမ့်မယ်။

မိုးအေးတဲ့အခါ ခန္ဓာကိုယ်က adaptation ရအောင် နွေးထွေးအောင် သူ့ဘာသာသူပြောင်းယူရပါတယ်။

ပတ်ဝန်းကျင်ကအေးလာတဲ့အတွက် အအေးခံနိုင်အောင် body က ကြက်သီးထတာတွေ ၊ အစာအာဟာရတွေကို ပိုချေဖျက်ပြီး.အပူစွမ်းအင်ရအောင်လုပ်တာတွေနဲ့ နွေးထွေးအောင်လုပ်ပါတယ်။

အဲ့လိုအချိန်မှာ ရေချိုးတဲ့အခါ thermal injury ရပြီး အအေးဒဏ်ပိုခံရနိုင်ပါတယ်။ အေးလွန်းရင် body ရဲ့ ခုခံအားစနစ်ကလဲ အပြောင်းအလဲဖြစ်ပြီးအားနည်းသွားနိုင်ပါတယ်လို့ဆိုပါတယ်။
(ပြောင်းပြန်အနေနဲ့ ပူနွေးလာရင် body immune system ပိုအလုပ်လုပ်တတ်လို့ ဖျားလို့ ကိုယ်ပူလာတာက ခုခံအားအတွက်လှုံဆော်မှုတခုပဲလို့လဲ ယူဆကြပါတယ်။)

ဒါကြောင့် မိုးအေးရင် ရေမချိုးဘဲ နွေးနွေးနေလိုက်တာက body အတွက်ပိုကောင်းစေမှာပါ။

ရေချိုးချင်တယ်ဆိုရင်လဲ thermal injury မရအောင် ရေနွေးနဲ့ချိုးတာ၊ မြန်မြန်ချိုးပြီး ရေခြောက်အောင်သုတ်ကာ နွေးအောင်ပြန်နေတာ ရေချိူးပြီး ကော်ဖီပူပူလေးပြန်သောက်ပေးတာ
စတာတွေလဲလုပ်လို့ရပါတယ်။

မိုးအေးရင် ရေမချိုးဘဲ နွေးအောင်သာ ဂရုစိုက်ကြဖို့မှာပါရစေ။

၄။ မိုးရွာထဲသွားရင် ပိုဖျားနိုင်တယ်။

ငယ်ငယ်က မိုးရေထဲထွက်ဆော့တဲ့အခါ အိမ်ကဆူတတ်ပါတယ်။
မိုးမိပြီးဖျားမယ်တို့ မိုးရေထဲထွက်ရင် အအေးပက်မယ်တို့ ကြားဖူးမှာပါ။

ဒါတွေက ဆေးပညာရှုထောင့်ကကြည့်ရင် မှန်ရဲ့လား။

မိုးရေထဲသွားရင် ဖျားနိုင်တယ်လို့ ဆေးပညာမှာ အတပ်မဆိုထားပါဘူး။

ဒါပေမယ့် ဖျားနိုင်ချေပိုများနိုင်ပါတယ်။

အကြောင်းကတော့ မိုးရေထဲသွားရင် အပေါ်ကပြောခဲ့သလို ပတ်ဝန်းကျင်အအေးဒဏ်ကြောင့် thermal injury သဘောရနိုင်ပါတယ်။

နောက်တချက်က မိုးမရွာခင် လေတွေတိုက်တဲ့အခါ မြေပြင်ပေါ်က ရောဂါပိုးအမှုန်တွေ (droplets) တွေက လေတွေမိုးတွေနဲ့အတူ လေထုထဲကိုပြန်တက်လာနိုင်ပြီး ပတ်ဝန်းကျင်မှာ ပြန့်သွားလို့ တုပ်ကွေးဖြစ်နိုင်ချေ ဖျားနိုင်ချေပိုများလာပါတယ်တဲ့။

တချို့ယူဆတာကတော့ မိုးရေထဲမှာ မိုးခိုရင်း လူတွေစုမိပြီး အချင်းချင်းရောဂါကူးနိုင်တယ်လို့လဲပြောကြတာရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မလိုအပ်ပဲ အပြင်မထွက်ပါနဲ့။
မိုးတွင်း ထီးဆောင်ဖို့နဲ့ နွေးထွေးအောင်နေဖို့ တိုက်တွန်းပါရစေ။

၅။ မိုးအေးရင် ဆီးပိုသွားတာ ပုံမှန်ပဲလား။

မိုးအေးရင် အိမ်သာထဲကိုမထွက်ရလောက်အောင် ဆီးခဏခဏသွားတတ်ပါတယ်။

ရေလဲသိပ်မသောက်ပဲနဲ့ကို ဆီးကများနေတာပါ။

ဒါကဘာဖြစ်လို့လဲဆိုတော့ သင့်ခန္ဓာကိုယ်က အေးတဲ့ဒဏ်ကို အန်တုဖို့ မလိုတဲ့နေရာတွေကို သွေးစီးတာပိတ်လိုက်ပါတယ်။

အရေပြားကိုသွေးများများစီးနေရင် အပူဆုံးရှုံးတာများလို့ သွေးတွေကို ပေးမစီးတော့ပါ။

အဲ့တော့ အရေပြားကိုစီးနေကျသွေးတွေက body ရဲ့တခြားနေရာကိုပိုရောက်ပါတယ်။

ဥပမာ ကျောက်ကပ်ကိုသွေးပိုရောက်လာလို့ ဆီးပိုထွက်ရတာဖြစ်ပါတယ်။

နောက်တချက်က အပူစွမ်းအင်ရဖို့ body ရဲ့ ဇီဝဖြစ်စဥ် (metabolism) ကိုမြှင့်တင်လိုက်ပါတယ်။

အစာအာဟာရ glucose တွေပိုမိုလောင်ကျွမ်းကုန်ပြီး heat energy ရတဲ့အပြင် ဘေးထွက်ပစ္စည်းအနေနဲ့ water နဲ့ carbon dioxide ထွက်ပါတယ်။

အဲ့ကရတဲ့ ပိုလျှံတဲ့ရေတွေကြောင့် ရေသိပ်မသောက်ရင်တောင် ဆီးများများထွက်လာတတ်ပါတယ်။

မိုးရာသီနဲ့ ကော်ဖီဆိုတာလဲ အလွန်လိုက်ဖက်တာမို့ ကော်ဖီသောက်တာများရင်လဲ ဆီးရွှင်တတ်ပါသေးတယ်။

မိုးအေးလို့ ဆီးခဏခဏသွားတာက ပုံမှန်ပဲဖြစ်ပြီး စိုးရိမ်စရာမရှိပါဘူး။

ပေါက်သလောက်တော့ ပြန်သောက်ပေးရင်ရပါပြီ။

မိုးရာသီကို ကျန်းမာစွာ ဖြတ်ကျော်နိုင်ကြပါစေဗျာ။

Thanks for your time!

လင်းမူ

မသိခြင်းများနဲ့ နေသားကျနေသင့်သလား?

လူတိုင်းဟာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုတော့ သိချင်စိတ်ပျင်းပြကြတာချည်းပါပဲ။
ဒါကြောင့်လဲ (Celebrity တစ်ယောက်၏) သင်မသိသေးသော အချက်များ၊ လူ ၉၉% ကမှန်အောင်မဖြေနိုင်သော ပုစ္ဆာ စတဲ့ Clickbait ဆန်ဆန် Post တွေကို လူတွေစိတ်ဝင်စားကြတာဖြစ်တယ်။
ဒီလိုလုပ်လိုက်ခြင်းအားဖြင့် Information Gap ကိုဖြစ်သွားစေတယ်။
ငါမသိနေတာ ဘာများလဲ၊ ငါက မှန်တဲ့ ၁% ထဲမှာပါနေမလားစတဲ့ အတွေးတွေဝင်သွားပြီး အဲ့ဒီ Post တွေကို ဝင်ဖတ်ကြတာပဲ။
(လေ့လာကြည့်ရသလောက် ကျွန်တော်တို့စာတွေကို ခေါင်းစဉ်ပေးတဲ့အခါမှာလည်း ခုလို Information Gap ဖြစ်သွားအောင်ပေးနိုင်ရင် ဖတ်တဲ့သူများတာပဲ)

နောက်ပြီး လူတိုင်းကြုံဖူးတဲ့ကိစ္စကတော့ ဆယ်တန်းအမှတ်စာရင်းတွေကို ကြိုသိချင်တဲ့ပြဿနာပါပဲ။ မိဘတွေက ပိုဆိုးတယ်။
အဲ့ဒီအတွက်ကြောင့် အမှတ်စာရင်း (သို့) ဂုဏ်ထူးကို ကြိုကြည့်ပေးပြီး ပိုက်ဆံတောင်းတဲ့စျေးကွက်တစ်ခုပေါ်လာတာပဲ။
တကယ်ဆိုရင် ကြိုသိလည်း ဒီအမှတ်၊ ကြိုမသိလည်း ဒီအမှတ်ပါပဲ။

ဗေဒင်မေးတယ်ဆိုတာလည်း ဒီစိတ်ကိုပြေပျောက်အောင် လုပ်ဆောင်ခြင်းတစ်မျိုးသာဖြစ်တယ်။
ဆိုတော့… လူတိုင်းမှာ စပ်စုချင်တဲ့စိတ်၊ သိချင်တဲ့စိတ်အခံလေးတွေတော့ ရှိကြတယ်ပေါ့။

လူတွေတင်မဟုတ်ဘူး မျောက်တွေကလည်း စပ်စုကြတာပဲ၊ ကြိုသိချင်ကြတာပဲ။
သူတို့ရမယ့် ဆု (အစားအစာ၊ ရေ) ထဲက တစ်ချို့တစ်ဝက် အဆုံးရှုံးခံပြီးတော့ကို ကြိုသိချင်ကြတာပါ။ (စမ်းသပ်တာကို စာရှည်မှာကြောက်လို့ ထည့်မရေးတော့ပါဘူး)

ဒါပေမယ့် လူတွေက နေရာတိုင်းမှာတော့ အဲ့ဒီလိုစိတ်မျိုးရှိမနေပြန်ဘူး။
ဥပမာပြရရင် လေယာဉ်ပျံစပြီးမပျံသန်းခင် ဝန်ထမ်းတွေက ခရီးသည်တွေကို အရေးပေါ်အခြေအနေမှာ ဘယ်ပစ္စည်းကို ဘယ်လိုသုံးပါ၊ အရေးပေါ်ထွက်ပေါက်က ဘယ်နားမှာပါ စသဖြင့် အသက်မသေဖို့လိုအပ်တဲ့ Instructions တွေကို ပေးကြတယ်။
နေရာတိုင်းသိချင်တယ်လို့ထင်ရတဲ့ လူတွေက ဒါမျိုးကျတော့ သေချာနားမထောင်တတ်ကြဘူးလို့ လေ့လာမှုတွေအရဆိုတယ်။

တကယ်ဆိုရင် ဘေးကြုံလာတဲ့အခါ ကိုယ့်အသက်ကို ကယ်လိုက်နိုင်တဲ့အချက်တွေအကြောင်း ပြောနေတာကို Celebrity အကြောင်းထက်တော့ ပိုစိတ်ဝင်စားသင့်တာပေါ့။
(လေယာဉ်ပျံစီးနေကြမို့ စိတ်မဝင်စားတာဖြစ်မယ်လို့ ဆိုစရာရှိတယ်၊ ဒါပေမယ့် လေယာဉ်တစ်မျိုးနဲ့တစ်မျိုး Safety Protocols တွေမတူတာမို့ သေချာနားထောင်သင့်ပါတယ်)
ဘာလို့နားမထောင်ရသလဲဆိုတော့ အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင်… ဆိုတဲ့ သတင်းဆိုးကို ကြိုမတွေးချင်လို့ဖြစ်တယ်။

လူတစ်ယောက်မှာ တစ်ကိုယ်ရည်တစ်ကာယ လုပ်ဆောင်နိုင်စွမ်းတွေကျသွားမယ်၊ လှုပ်ရှားမှုတွေ ပုံမှန်မဟုတ်တော့ဘူး၊ စကားလည်းကောင်းကောင်းမပြောနိုင်တော့ဘူး၊ ကုသဖို့ ဆေးလည်းမပေါ်သေးဘူး၊ နောက် ၁ဝနှစ်ကနေ အနှစ် ၂၀ ကြားသေနိုင်တဲ့ရောဂါတစ်ခု ရှိဖို့ 50% chance ရှိတယ်ဆိုပါစို့။
သူ့အနေနဲ့ ဒီရောဂါရှိမရှိသိဖို့ ဆေးစစ်ကြည့်တာနဲ့ 100% သေချာသိနိုင်တယ်။
သူစစ်မယ်ထင်လား? မသေချာမရေရာတဲ့ဘဝနဲ့ ဆက်နေမလား?

ဒီရောဂါကို Hypothetical လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် မဟုတ်ပါ။ လက်တွေ့မှာတကယ်ရှိပါတယ်။
Huntington’s disease လို့ခေါ်ပါတယ်။ လွယ်လွယ်ပြောရရင် Gene တစ်ခုပျက်လို့ဖြစ်တဲ့ရောဂါပါ။
(Spoiler Alert: House M.D Series ထဲမှာပါတဲ့ Thirteen ရဲ့ ရောဂါပါ)

ဒီတော့ ဆေးစစ်ဖို့ ဒီ gene ကို သယ်ဆောင်ထားနိုင်တဲ့လူတွေကို ရွေးရတာပေ့ါ။ သူတို့ကိုမေးတော့ 40-70% လောက်က ဆေးစစ်မယ်လို့ပြောကြတယ်။
ဒါပေမယ့် တကယ်လာ အစစ်ခံတာက 10-20% ပဲရှိတယ်။
သတင်းဆိုးကို မသိချင်ကြဘူး။

ဒါကို လူကြီးတွေမှာလည်း တွေ့ရတာပဲ။
Cholesterol တက်နေမှာကြောက်တယ်၊ သွေးတိုးနေမှာကြောက်တယ်၊ ဆီးချိုတက်နေမှာကြောက်တယ်။
ဒါနဲ့ပဲ ဆေးအစစ်မခံချင်ကြတော့ဘူး။
အနာသိရင် ဆေးရှိတယ်ဆိုတာကို သိပေမယ့် အံ့သြဖို့ကောင်းတာက သတင်းဆိုးကို မကြားချင်လို့ ဆေးအစစ်မခံချင်တဲ့လူတွေ များနေတာပဲ။

ဒီတော့ ကောက်ချက်ဆွဲလို့ရတာက လူတွေသည် သူတို့စိတ်ပျော်ရွှင်ရမယ်လို့ ထင်တဲ့ကိစ္စတွေကို စိတ်ဝင်စားကြတယ်၊ သတင်းကောင်းကို ကြိုပြီးကြားလိုကြတယ်။
ဒါပေမယ့် သတင်းဆိုးကြားရမယ်လို့ ထင်ရင်တော့ သိပ်စိတ်မဝင်စားတော့ဘဲ ရှောင်ဖယ်ရှောင်ဖယ်ဖြစ်သွားတတ်တယ်။

ဒါက အမြဲတော့မမှန်နေပါဘူး။
ဘာလို့လဲဆို မကောင်းတဲ့သတင်းကိုမကြားချင်လို့ မစစ်ဆေးဘဲနေခဲ့ပေမယ့် ခန္ဓာကိုယ်မှာ တစ်ခုခု မကောင်းဘူးလို့ခံစားလာရတဲ့အခါ ဟုတ်များဟုတ်နေမလားဆိုပြီး စစ်ဆေးဖို့ကို အာရုံဝင်စားလာကြတယ်။
ဥပမာ ပုံမှန်သွေးပေါင်ချိန်မတိုင်း၊ ဆီးချိုမစစ်ခဲ့ပေမယ့် ခေါင်းမူးတယ်၊ အမြင်တွေဝါးလာတယ်လို့ ခံစားလာရရင်တော့ ဆေးခန်းကိုပြေးပြီး စစ်ဆေးတတ်ကြပါတယ်။
Huntington’s disease ရှိတဲ့သူတွေလည်း အဲ့ဒီလိုပါပဲ။ လှုပ်ရှားရတာမူမမှန်လာတဲ့အချိန်မှာတော့ တော်တော်များများက ဆေးစစ်လိုက်ကြတာပါပဲ။

ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ စိတ်ပညာရှင်တွေက Volunteer တွေကို Electric Shock ပေးပြီး စမ်းသပ်မှုတစ်ခုလုပ်ခဲ့တယ်။ (Shock ပေးရတာတော်တော်ကြိုက်တဲ့ Psychologist တွေပါ…)

Electrode တစ်ခုကို Volunteer ရဲ့ ခြေထောက်မှာတပ်ပေးထားပြီး Shock ပေးတာမျိုးပါ။
Headphone တစ်ခုကိုလည်းပေးထားပြီး Channel ၂ခုကို စိတ်ရှိတိုင်းပြောင်းနိုင်အောင် စီစဉ်ပေးထားတယ်။

တစ်ခုက Music တွေလာနေတယ် (စိတ်ပြေလက်ပျောက်ဖြစ်အောင်)၊ နောက်တစ်ခုက Information ပဲပေးတယ်၊ Shock လာခံနီးမှာ Warning ပေးတဲ့အသံတစ်ခုကြားရတယ်။ အဲ့ဒီအခါမှာ Volunteer က Shock မလာအောင် ခလုတ်တစ်ခုကို နှိပ်နိုင်တယ်။
ဒါဆိုရင် Volunteer တွေ ဘယ် Channel ကိုနားထောင်နေမလဲဆိုတာ စဉ်းစားနေစရာတောင်မလိုဘူး။ Information Channel ကိုပဲနားထောင်မှာပေါ့။

ဒါပေမယ့် ၄ယောက်မှာ ၁ယောက်က ဓာတ်အလိုက်ခံပြီးတော့ Music Channel ကိုနားထောင်နေတယ်။ (သီချင်းတော်တော်ကြိုက်ပုံရတယ်…)
အဲ့ဒီတော့ သူတို့ရဲ့ နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းတွေကို တိုင်းကြည့်တဲ့အခါ စိတ်ပြေလက်ပျောက်သီချင်းနားထောင်တဲ့ လူတွေဟာ Information Channel ကိုနားထောင်သူတွေထက် ပိုပြီးတော့ စိုးရိမ်မှုများနေတာတွေ့ရတယ်။

ဒီလောက်နဲ့မကျေနပ်သေးဘူး။ တစ်မျိုးပြောင်းပြီး စမ်းကြပြန်တယ်။
ခုချိန်မှာ Information Channel ကိုနားထောင်နေတာက Shock အရိုက်မခံရအောင် ကာကွယ်လို့ရနေလို့ပဲ ဆိုပြီးယူဆလိုက်တယ်။
ဒီတစ်ခါမှာတော့ ကြိုတော့သိမယ်၊ Shock မရအောင် ခလုတ်နှိပ်လို့မရတော့ဘူး။
(လူတိုင်း ဓာတ်လိုက်စေရမယ်ပေါ့…)

စာဖတ်သူအနေနဲ့ရော ခုချိန်မျိုးမှာ ဘယ် Channel ကိုနားထောင်နေမလဲ?
စမ်းသပ်မှုအရတော့ 45% က Information Channel ကိုဆက်ပြီးနားထောင်ကြတယ်လို့ဆိုတယ်။
ကျန်တဲ့လူတွေကတော့ စိတ်ပြေရာပြေကြောင်း Music Channel နဲ့ အာရုံလွှဲထားကြတာပေါ့။

ဒီအချိန်မှာလည်း Music နားထောင်ပြီး စိတ်ပြောင်းထားတဲ့လူတွေမှာ စိုးရိမ်စိတ်တွေ ပိုနေတယ်။
Shock လာမှာကို ကြိုသိစေတဲ့ Information Channel ကို နားထောင်တဲ့လူတွေက စိုးရိမ်စိတ် ပိုနည်းနေတယ်။

ဒါဟာဘာကိုပြသလဲဆိုရင် မကောင်းတဲ့သတင်းကို ကြိုသိခြင်းက မသိခြင်းထက်ပိုပြီး စိတ်သက်သာရာရစေတယ်ဆိုတာပဲ

ကျွန်တော်တို့ နေ့စဉ်လုပ်ကိုင်နေတဲ့ ပုံစံနဲ့တော့ ဆန့်ကျင်ဘက်လိုပဲ။
သတင်းကောင်းဆို ပိုပြီးသိလိုပေမယ့် သတင်းဆိုးဖြစ်မယ်လို့ထင်ရင် နောက်ကို ပို့ထားတတ်ကြတယ်။ ဒါဟာ အပြစ်တော့ မဟုတ်ပါဘူး။
ဒါပေမယ့် တစ်ခုခုများဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရမှာထက်စာရင် အဖြူအမဲသဲသဲကွဲကွဲသိသွားတာက ပိုကောင်းပါတယ်။
ဒီအတွက်ကြောင့် ကိုယ်သိလာရတဲ့သတင်းဟာ သတင်းဆိုးဖြစ်နေခဲ့ရင်တောင် ပြင်ဆင်ဖို့အတွက် အချိန်တစ်ခုလုံလုံလောက်လောက် ရတာပေါ့။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ရူပဗေဒထဲက ဗာနူးလီနဲ့ လက်တွေ့ဘဝထဲက ကျနော်တို့

ငယ်ငယ်က ဝတ္ထုစာအုပ်တွေထဲမှာ

” ရှေ့နားကမြစ်ကျဉ်းရှိတယ် ရေစီးသန်တယ်ကွ” ဆိုတဲ့စာသားမျိုး ခဏခဏဖတ်ဖူးပေမယ့် အမှုမဲ့အမှတ်မဲ့ပဲ သတိမထားမိခဲ့ပါ ။

ဒါဟာ ဗန်ကျူရီ effect (Venturi effect) ကြောင့်ဆိုတာ မသိခဲ့မိ…

လေကြမ်းတိုက်တဲ့ဒေသတွေမှာ အမိုးတွေလန်ကုန်တာ
ပြုတ်ထွက်ကုန်တာတွေလဲ တွေ့ဖူး ကြားဖူးမှာပါ။

ဒီလိုဖြစ်ရတာ လေကြမ်းလို့ ဖြစ်တာလို့ပဲ ပေါ့ပေါ့တွေးမိပေမယ့် ဒါဟာ တကယ်တမ်းကျ
ဗာနူးလီ နိယာမ (Bernoulli Principle) ကြောင့်
ဖြစ်လာတာပါ။

ဒါဆို What is Bernoulli Principle?

  • ရှင်းရှင်းပြောရရင် Velocity နဲ့ pressure ပြောင်းပြန်အချိူးကျတယ်ဆိုတဲ့သဘောပါပဲ။

အရှိန်မြင့်ရင် ဖိအားကျပါတယ်။

လေပြင်းတိုက်ရင် ခေါင်မိုးပေါ်မှာ ဖိအား ကျသွားပါတယ်။ အိမ်ထဲက ဖိအားက နဂိုအတိုင်းပဲ ဆိုပေမယ့် ခေါင်မိုးပေါ်နဲ့ အိမ်ထဲမှာ လေဖိအားကွာခြားသွားပါတယ် ဒီလိုနဲ့ အိမ်ခေါင်မိုးတွေ မခိုင်ရင် ပွင့်ထွက်ကုန်တာပါ…

ဒီ ဗာနူးလီ principle ပေါ်အခြေခံပြီး
Venturi effect ဆိုတာ ဖြစ်လာပြန်တယ်

ဒီ effect ရဲ့ ဆိုလိုရင်းက ကျဉ်းတဲ့နေရာတခုရှိနေရင် အဲ့ကျဉ်းတဲ့နေရာမှာ velocity မြန်လာတယ်တဲ့။

ဒါဆို ဗာနူးလီအရ အရှိန်မြန်ရင် pressure ကျတာဆိုတော့

ကျဉ်းတဲ့နေရာမှာ စီးဆင်းမှု မြန်တယ် ဖိအားကျတယ်လို့ အလွယ်ပြောနိုင်ပါတယ်…

မြစ်ကျဉ်းရင် ရေစီးသန်လို့ရပြီပေါ့။

တခါတခါ တည်းခိုခန်းမှာ ရေချိူးရင် ရေချိူးခန်းကာတဲ့ လိုက်ကာ က ရေချိူးနေတာကို လာလာရှုပ်နေတာ ကြုံဖူးပါသလား?

ဗာနူးလီကိုသတိရလိုက်ပါ …. လိုက်ကာအတွင်းက ရေပန်းကစီးနေတဲ့ရေအရှိန်ကြောင့် ဖိအားကျပြီး
လိုက်ကာ က လာလာထိနေတာပါ….

Weight လေးတဲ့ လိုက်ကာမျိူးဆိုရင်တော့ ဒီလိုမဖြစ်တတ်ပါဘူး။

ငှက်တွေ အတောင်ပံ အပေါ် အောက်မှာ လေဖြတ်သန်းမှု ကွာပါတယ်။

အတောင်အပေါ်မှာ လေအရှိန်မြန်ပြီး ဖိအားကျသွားတော့
အတောင်ပံအောက်က ဖိအားများလာလို့ အပေါ်ကိုပင့်တင်ပေးသလိုဖြစ်နေတာပါ။

ပရိတ်သတ်ကြီးတို့ရဲ့ ဗာနူးလီ ကြောင့်ပါပဲ😂

လေယာဉ်အတောင်ပံကလဲ အရင်းမှာ တုတ်ပြီး အဖျားမှာရှူးပေးထားတယ် အပေါ်ကပိုခုံးပေးထားတယ်။

အပေါ်မှာ လေစီး ပိုကြမ်းတော့ ဖိအားကျ အောက်က ဖိအားတက်တော့ ပင့်တင်သလိုဖြစ်ပြန်ပါတယ်။

Baseball ဘောလုံးမှာ stitches ချုပ်ရိုး တွေပါတာ အကြောင်းမဲ့မဟုတ်ပါ။

Friction ရှိတဲ့ မျက်နှာပြင်နဲ့ smooth surface ၂ခုကြား မှာ လေအရှိန် မတူအောင် လုပ်ပြီး ဖိအားနဲ့ လည်အောင် မွတ်နေအောင် (spinning) လုပ်ထားတာပါတဲ့။

ဒါကြောင့် baseball ကစားတဲ့အခါ မွတ်လည်နေတဲ့ဘောလုံးကို တွေ့ရမှာပါ

ရေမွှေးဘူးပုံစံတချို့မှာလဲ ဒီ ဗာနူးလီ နိယာမကိုသုံးပြီး pressure gradient နဲ့ ရေမွှေးဖြန်းလို့ရပါတယ်။

Medical disease တခုဖြစ်တဲ့ Atherosclerosis မှာ သွေးကြောကျဉ်းတဲ့ အခါ lumen ကို 100% မပိတ်ပဲနဲ့ infarct ရနိုင်ပါတယ်။

Lumen က 70 to 80% လောက်အထိ ကျဉ်းတာနဲ့
ကျဉ်းတဲ့နေရာမှာ သွေးစီးမြန် (increased velocity)
အတွင်းနံရံဖိအားကျပြီး သွေးကြောပိတ်သွားနိုင်ပါတယ်။

100% ကျဉ်းမှ infarctရနိုင်တာမဟုတ်တော့ပါ။

Aneurysm လိုကိစ္စကကျ ပြောင်းပြန်ပါ။

ကျယ်ရင် velocity နှေးသွားပါတယ် ဒါဆို pressure တက်လာပြီး ပိုပေါက်ထွက်ဖို့ လွယ်မှာပါ။

Venturi effect ကို အခြေခံပြီး Oxygen ပေးတဲ့အခါ
Venturi mask ဆိုတာရှိပါတယ်။

ပုံကိုကြည့်ရင် ပိုက်ကနေ 100% oxygen ဝင်လာပေမယ့် mask ရဲ့အဝင်မှာ ကျဉ်းထားတဲ့ နေရာ (valve) ရှိပါတယ်။

ကျဉ်းထားတဲ့အပေါက်မှာ လေဖိအားကျလို့ အပြင်က လေ (21% oxygen) ဝင်လာပြီး 100% oxygen ကို လိုသလို dilute လုပ်ပြီး ပေးလို့ရသွားပါတယ်။

ဒါက valve size အမျိူးမျိုးရှိကြောင်းပြထားတာပါ။

ပိုကျဉ်းတဲ့ valve ကိုသုံးလေ ပြင်ပလေပိုဝင်လေ ပို dilute ဖြစ်လေပါပဲ။

နောက်ဆုံးအနေနဲ့ Cardiomyopathy တခုဖြစ်တဲ့ HCM (Hypertrophic Cardiomyopathy) မှာ
Mitral regurgitation ရတတ်တာ ဖတ်ဖူးမှာပါ။

HCM ရဲ့ obstructive type မှာ interventricular septum ကြီးထူပြီး aortic outlet မှာ ကျဉ်းသွားပါလေရော။

ထုံးစံအတိုင်း ကျဉ်းရင် velocity တက်ပြီး pressureကျပြန်တော့ ဘေးနားက mitral valve leaflet တွေ ဘေးကို စုပ်ယူခံရ (ဘေးကိုကပ်သွား) ပါတယ်။ ဒီလိုနဲ့ကြာလာလေ mitral valve မလုံလေ ဖြစ်လာပါတော့တယ် Venturi effect ရဲ့ clinical application တခုဖြစ်ပါတယ်။

ဒီpostကတော့ ဒီမျှပါပဲ
အဆုံးထိရောက်လာအောင်
ဖတ်ပေးသူတိုင်းကို
ကျေးဇူးတင်ပါတယ်ဗျ။

Vector

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကွိုင်မဆောင်ရင် အသေလောင်မယ်နှင့် ညီကိုတို့ ဖတ်ဖို့

ညီကိုတို့….

ပိုက်ဆံအိတ်ထဲမှာ ရေမလျှံရင်နေ… ကွိုင်ပါဖို့တော့ လိုလိမ့်မယ်။

ချစ်ရေးချစ်ရာကိစ္စတွေက ဘာမှကြိုတင်ခန့်မှန်းထားလို့ရတာမဟုတ်လို့ ကြိုတင်ပြင်ဆင်ထားတာအကောင်းဆုံးပါပဲ။

ညီကိုက…
လိုတော့မှ ကွိုင်ပြေးဝယ်တတ်သူလား….

ကွိုင်အဟောင်းနဲ့ တသက်ဆောင်းတတ်သူလား….

ကွိုင်မပါပေမယ့် အိမ်ပိုင်ပါတယ်ဆိုတဲ့လူလား….

ဘယ်လိုပဲဖြစ်ဖြစ် ကွိုင်မဆောင်ရင်တော့ အသေလောင်တတ်ပါတယ်။

Sex ကိစ္စကို ညီကိုတို့ဆောင်ရွက်တဲ့အခါ သာယာဖို့အရေးကြီးပါတယ်။

Feeling ကောင်းဖို့ သာယာဖို့ဆိုတာ
sex မတိုင်ခင်ရော
sex နေစဥ်မှာရော
sex ပြီးသွားတဲ့အခါ အိမ်ပြန်နူတ်ဆက်တဲ့အခါမှာရော စိတ်ရှင်းရှင်းနဲ့ ပေါ့ပါးနေဖို့ နောက်ဆံမတင်းဖို့လိုပါမယ်။

ကွိုင်မဆောင်ရင်တော့ Safe sex ဖြစ်မှာမဟုတ်သလို နောက်ဆက်တွဲပြဿနာသောင်းခြောက်ထောင်နဲ့ လောင်နေရပါလိမ့်မယ်။

အဲ့တော့ ညီကိုတို့ကို “ကြာကြာဝါးမယ့်သွား ဘာစားစားအရိုးကြည့်ရှောင်” လို့မှာပါရစေ။

ချစ်မှုရေးရာဆောင်ရွက်တဲ့အခါ ညီကိုတို့ အချက်၃ချက်ကို မမေ့ပါနဲ့…

(၁) သူရောကိုယ်ရော စိတ်ကျေနပ်ရမယ်။

(၂) မလိုလားတဲ့ ကိုယ်ဝန်မရစေဖို့ရယ် (unwanted pregnancy)

(၃) “A” မကိုက်ဖို့ရယ် (AIDS and sexual infection)

အဲ့ ၃ ချက်မှာ တခုခုနဲ့ ငြိသွားရင်တော့ ညီကိုတို့ အသေလောင်နေရမှာပါ။

အဲ့တော့ ဒီ post မှာ ညီကိုတို မလောင်သင့်တာမလောင်ရအောင် ကွိုင် (condom) အကြောင်း သိသင့်တာလေးတွေ ဝေမျှလိုက်ပါမယ်။

ပထမတချက်က ကွိုင်သုံးရင် feel အောက်သလား။

တချို့ကတော့ အလွှာခြားရင် ကမ္ဘာခြားသလိုပဲလို့ပြောကြပေမယ့်

ညီကိုတို့…..အလွှာခြားတဲ့ တခဏထက် စိတ်ချရဖို့နဲ့ အပွဲပွဲနွှဲနိုင်ဖို့က ပဓာနမဟုတ်လား။

အရေးကြီးတာက ကိုယ့်ညီလေးနဲ့ size တော်မယ့် ဦးထုပ်ကိုဆောင်းဖို့လိုမယ်။

Fit ဖြစ်နေရမယ်… ချောင်မနေရဘူး… ကြပ်ထုပ်ကြီးလဲမဖြစ်ရဘူး… အရင်းထိ ဦးထုပ်ကိုဆောင်းရမယ်… ဒါဆို ok ပြီ ညီကို။

ညီကို… ကွိုင်သုံးတော့မယ်ဆို date လွန်နေပြီလား။ ပေါက်ပြဲနေတာ …ချောဆီတွေလျှံထွက်နေတာရှိမရှိစစ်ပါ။

အကုန်အဆင်ပြေပြီဆို ကွိုင်ကိုစဖောက်ပါ။

သတိထားရမှာက… ကတ်ကြေးတို့ ဓားတို့နဲ့မဖောက်ရပါဘူး… အထဲက condom ကိုထိုးမိပြီး ပေါက်ပြဲသွားမယ်။

ပါးစပ်နဲ့လဲကိုက်မဖောက်ရဘူး…ညီကို။

လက်သည်းရှည်နေလို့ဆိုပြီး လက်သည်းနဲ့လဲမထိုးဖောက်နဲ့။

လက်ချောင်းအားနဲ့ပဲ အသာအယာထိန်းဖောက်ပါ။
လက်အားရှိပါစေ… စုထားပါ ညီကို။

ကွိုင်က ချောဆီပါလို့ နဲနဲကိုင်ရခက်မယ်။

ကွိုင်ကို ဒီတိုင်း ဖြေချလိုက်ဖို့တော့ ယောင်လို့တောင်စိတ်မကူးပါနဲ့…

ကိုယ့်ညီလေးကိုအခြေနေကြည့်ပါ….

အိပ်ရာက နိုးပြီလား တချက်စစ်ပါ… မနိုးသေးရင် နှိုးလိုက်ပါဦး… (ဒီအချိန်မှာတော့ ညီလေးက အိပ်နေသေးတယ်ဆို တခုခုလွဲနေပြီ ညီကို)

ညီလေးကလဲ အသင့်ဖြစ်နေပြီဆို ညီလေးထိပ်ပေါ် ဦးထုပ်ကို အသာတင်လိုက်ပါ (အလိပ်မဖြည်ထားရဘူးနော် … ဖောက်ပြီးတဲ့အတိုင်းပဲ ထား)

ပြီးတော့မှ ဦးထုပ်ထိပ်ကို လက်တဖက်ကကိုင်ထားပြီး ညီလေးပေါ်ကနေ အလိပ်ကိုဖြည်ချလိုက်။
တလိပ်စီ တလိပ်စီဖြည်ချလိုက်ရင် အလွယ်လေး စွပ်သွားလိမ့်မယ်…။

နားလည်ရင်ပုံပြထားတယ် ကြည့်ကြည့်လိုက်ပါ။

(ဒီလိုနေရာမျိုးမှာ လက်သွက်ခြေသွက်ရှိပါစေ… တဖက်သားကစောင့်နေရတာမဖြစ်ပါစေနဲ့… တဖက်သားက ကူပါစွပ်ပေးနေရပြီဆိုရင်တော့ ညီကို့ဘဝက အတော်အခြေနေမကောင်းပါဘူး) (ညီကို့အတွက် မျက်ရည် ၂စက်)

ညီလေးကို သေချာဝတ်ပေးပြီးရင် ထိပ်ကိုတချက်ပြန်ကြည့်… လေမဝင်… လေမခိုစေနဲ့… လေခိုနေရင် ပေါက်ပြဲတတ်တယ်…

ညီလေးခေါင်းထိပ်ကို ကွိုင်ရှေ့လဲတအားမတိုးနဲ့… ထိပ်မှာနေရာနဲနဲကျန်ပါစေ… ထိပ်ကစူစူလေးလုပ်ပေးထားတာအလကားမဟုတ်ဘူး… အဲ့နေရာလေးမချန်ဘဲ အတင်းရှေ့တိုးစွပ်ထားရင် အရည်တွေလျှံထွက်ပြီး ပေကုန်မယ်။

အဆင်ပြေပြီဆို ညီကိုစိတ်ကြိုက်စခန်းသွားလို့ရပါပြီ။

ဦးထုပ်မဆောင်းခင် မိန်းမကိုယ်နဲ့ ညီလေးနဲ့မထိရတဲ့စည်းကမ်းတော့ရှိတယ်ညီကို။

တချို့ညီကိုတွေက သကြားလုံးကိုအခွံမပါဘဲ အရင်မြည်းစမ်းကြည့်သေးတယ်… လမ်းခုလတ်လောက်ရောက်မှ ကွိုင်စစွပ်တယ် အဲ့တာလဲမလုပ်သင့်ပါဘူး။

ရောဂါပိုးက လမ်းအစတွေ လမ်းခုလတ်တွေသိတာမဟုတ်ဘူး။ ထိတာနဲ့ ဝင်ဖို့အသင့်ပဲ။

ကွိုင်သုံးမယ်ဆုံးဖြတ်ထားမှတော့ အစအဆုံးလုံခြုံအောင်သုံးကြမှ အဆင်ပြေမှာပေါ့။

လမ်းခုလတ်ရောက်မှ စိတ်မပြောင်းကြနဲ့ ညီကိုတို့။

Sex တလျှောက်လုံး ဦးထုပ်မကျွတ်ရ မချွတ်ရပါဘူး။

စိတ်က ကျွတ်ထွက်သွားမလားကို အာရုံထားမနေပါနဲ့… size တူကိုက်တူဆို ရိုက်ချွတ်တောင်မကျွတ်ပါဘူး။

ညီကိုတို့ ကိစ္စပြီးမှပဲ ကွိုင်ကိုချွတ်ပါ။

ချွတ်ရင်လဲ ဇွတ်စွက် ဆိုပြီး ဆွဲမချွတ်ပါနဲ့…
အရာရာ ပညာသားပါပါစေ…

သုတ်ရည်ရှိနေတဲ့ အပေါ်နားကနေ လက်တဖက်ကထိန်းကိုင်ထားပြီး လိပ်ပြီးချွတ်ပါ။

ချွတ်ပြီးရင် ဒီတိုင်းမပစ်လိုက်ပါနဲ့။

အရည်ထွက်ကျနိုင်တဲ့ဖက်ကို တပတ် လိမ်ချည်လိုက်ပါ။
ချည်ထားလိုက်ပြီးရင်
အေးဆေးလွှင့်ပစ်လို့ရပါပြီ။

ဒါကတော့ ညီကိုတို့အတွက် ဦးထုပ်ဝတ်နည်းချွတ်နည်းသင်ခန်းစာပါ။

ပွဲမဝင်ခင် များများလေ့ကျင့်ထားရင် ပွဲခင်းထဲမှာ ညီကို့အတွက်ချည်းပါပဲ။

ရောဂါလဲမကူးဘူး……နောက်နေ့ ရာသီမလာလို့ ဖုန်းဆက်လဲမခံရဘူး……အိုခေမှာစိုပြေပြီး အပွဲပွဲနွှဲလို့ရပါပြီ။

တခုသိထားဖို့က ပိုစိတ်ချရအောင် ကွိုင် ၂ခု ၃ခု ထပ်ပြီးသုံးတာ လုပ်ဖို့မလိုဘူး။

အဝင်အထွက်အဆင်ပြေအောင် ချောဆီတွေမတရားမသုံးပါနဲ့ ညီလေးဦးထုပ်ကျွတ်ကျပါလိမ့်မယ်။

ကိုယ့်ညီလေးနဲ့ တော်မယ့် ဦးထုပ်ကြိုရှာထားပါ။

ကားထဲမှာ ကွိုင်ဆောင်ထားရင်လဲ နေရောင်နဲ့တိုက်ရိုက်မထိစေနဲ့… ခြောက်သွေ့အေးမြတဲ့နေရာမှာထား…

ပိုက်ဆံအိတ်ထဲထားမယ်ဆိုလဲ ခဏခဏထုတ်စစ် date မလွန်စေနဲ့ မပေါက်ပြဲစေနဲ့…။

ဘောင်းဘီအိတ်ကပ်ထဲထည့်ထားတာကြာရင်လဲ ပွန်းတိုက်ပြီး ချောဆီတွေခမ်းကုန်တတ်တယ်… အပြင်ကိုပေါက်ထွက်တတ်တယ်။ သတိထားဖို့ပြောပြထားတာပါ။

သုံးပြီးသားတွေ ရေဆေးပြီး ပြန်မသုံးနဲ့ ညီကို။
တော်တော်ရုပ်ပေါက်တယ်…။

ကွိုင်ဆိုတာတခါသုံးပဲ။
သေချာသုံးရင်
မလိုချင်တဲ့ ရောဂါလဲမကူးဘူး…
မိန်းကလေးကိုလဲ Ecee 2 တွေ ခိုးတိုက်စရာမလိုဘူး။ စိတ်ညစ်ပြီး ခိုးခိုးလောင်နေဖို့လဲမလိုဘူး။

ဒီလောက်ဆို စေတနာကို
နားလည်လောက်ပြီထင်ပါတယ်။

ညီကိုတို့ စိတ်မညစ်ရဘဲ ချစ်မှုရေးရာမှာ ဆရာတဆူဖြစ်ကြပါစေ။

Min Ko Gyi

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started