Bitcoin အကြောင်း (Part 3)

(Part 1 နဲ့ Part 2 ကိုအရင်ဖတ်ပေးပါ)

Part 2 မှာ ဘယ်စာအုပ်ကို ယုံရမလဲဆိုတဲ့ ပြဿနာရှိလာတယ်ဆိုတာ ပြောခဲ့ပါပြီ။ ခုအပိုင်းဟာ ရှုပ်ထွေးမှာဖြစ်တဲ့အတွက် သေချာဖတ်ပေးစေလိုပါတယ်။

ယုံကြည်မှုပြဿနာကို ဖြေရှင်းဖို့အတွက် စာအုပ်တစ်အုပ်ချင်းစီက Data တွေကို Block တွေခွဲလိုက်ပါတယ်။ (တစ်လလုံးစာ စာရင်းမတွက်ဘဲ တစ်ရက်စာ တစ်ရက် စာရင်းတွက်သလိုပေါ့)

Block တစ်ခုချင်းစီဟာ မှန်ကန်မှုရှိကြောင်း Proof of Work လိုပါတယ်။ (ဒါမှသာ နောက်ရက် စာရင်းနဲ့ပေါင်းပြီး လကုန်တဲ့အခါ လချုပ်စာရင်းလုပ်လို့ရမှာပါ)

Proof of Work ဆိုတာလည်း နံပါတ် ၁ခုပါပဲ။
ကိုယ့် Block ထဲက Data တွေနဲ့ Proof of Work နံပါတ်နဲ့ ပေါင်းပြီး Algorithm တစ်ခု (SHA256 algorithm) Run လိုက်တဲ့အခါ ထိပ်မှာ Zero အများကြီးနဲ့ ဂဏန်းတစ်ခုရလာတယ်။ (Zero အလုံး ၃၀ နဲ့စတဲ့ဂဏန်းတစ်ခုဆိုကြပါစို့)
အဲ့ဒါကို Hash လို့ခေါ်ပါတယ်။

Block တစ်ခုရဲ့ Hash က နောက် Block တစ်ခုရဲ့ Hash အပေါ်မှာလွှမ်းမိုးနိုင်ပါတယ်

ရှင်းအောင်ပြောရရင် တစ်နေ့စာ စာရင်းတွက်တာကို Block လို့မြင်လိုက်ပါ။
ဒုတိယနေ့မှာ ပထမနေ့စာရင်းကိုပါ ထည့်ပေါင်းမယ့်အတွက် ပထမနေ့စာရင်းက မှန်ကန်နေဖို့လိုပါတယ်။
အဲ့ဒီအတွက် ပထမနေ့စာရင်းဟာ မှန်ကန်ကြောင်းပြပေးတာက Proof of Work ပါပဲ။
Hash ဆိုတာကတော့ ပထမနေ့စာရင်းနဲ့ ဒုတိယနေ့စာရင်းကို ကွန်ပြူတာနည်းအရချိတ်ဆက်ပေးတဲ့ဟာလို့ မြင်ကြည့်ပါ။
သူက စာအုပ်တစ်အုပ်လုံးကို ချိတ်ဆက်ပေးထားတာပါ။
ပထမနေ့စာရင်းကို လိမ်ချင်လို့ ပြောင်းလိုက်တဲ့အခါ ပထမနေ့နဲ့ဒုတိယနေ့ ချိတ်ထားတဲ့ Hash ပြောင်းသွားမှာဖြစ်ပြီး လကုန်တဲ့အထိချိတ်ထားတဲ့ Hash နံပါတ်တွေ အကုန်ပြောင်းကုန်မှာပါ။
အဲ့ဒီအခါမှာ အပေါ်မှာပြောခဲ့တဲ့ Zero အလုံး ၃၀ နဲ့စတဲ့ Hash ရအောင် Block ၁ခုချင်းအတွက် ပြန်ရှာရပါလိမ့်မယ်။ (နားမလည်ရင် Number 1 ပုံကိုပြန်ကြည့်ပါ)

အပေါ်ကပြောတာကို နားလည်ရင် Bitcoin Mining အကြောင်းကို ဆက်ပြောပါမယ်။
စာအုပ်ထဲမှာမှတ်ထားတယ်လို့ ပြောခဲ့ပေမယ့် တကယ့်တကယ်မှာ Block Chain တွေပဲရှိတာပါ။
ဆိုတော့… Block အသစ်တွေ ဖန်တီးပေးဖို့လိုလာတယ်။
A, B, C, D ၄ယောက် သူတို့အချင်းချင်းငွေပေး ငွေယူလုပ်နေကြတဲ့ဟာကို
ကိုယ့်စီမှာလည်း ပေါ်တယ်။
အဲ့ဒီ အချက်အလက်ကို စုပြီး Block တစ်ခုလုပ်လိုက်တယ်။ အဲ့ဒီ Block မှာ Zero အလုံး ၃၀ နဲ့စတဲ့ဂဏန်း (Hash) ကို ရှာလိုက်တယ်။ တွေ့သွားတဲ့အခါ ရှာတွေ့တဲ့သူက အဲ့ဒီဂဏန်းကို ကြေညာလိုက်တယ်။
ပြောရရင် စာအုပ်ထဲမှာ ဆက်ပြီးမှတ်ဖို့ စာရွက်ကုန်သွားလို့ စာရွက်တွေထပ်ဖြည့်ပေးတဲ့လူလိုပါပဲ။

အဲ့ဒီလူကို သူ့ရဲ့အကျိုးပြုမှုအတွက် တန်ရာတန်ကြေးပေးတဲ့အနေနဲ့ Block Reward တစ်ခု (Cryptocurrency) ပေးပါတယ်။
ထူးခြားတာက အဲ့ဒီပေးတဲ့ပိုက်ဆံက ဘယ်သူ့ဆီကမှလာတာမဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့်မို့ Signature လည်းမရှိပါဘူး။
အဲ့ဒီအတွက်ကြောင့် Block တစ်ခုအသစ်ဖြစ်လာတိုင်း ငွေလည်းတိုးလာပါတယ်
ဒါကို Mining လုပ်တယ်လို့ခေါ်တာပါ။

Miner တွေက သူများတွေသုံးဖို့အတွက် Block အသစ်ရှာပေးတဲ့သူတွေပါပဲ
Miner တွေအတွက် Block အသစ်ရှာရတာဟာ ထီထိုးရသလိုပါပဲ။
Zero အလုံး ၃၀ နဲ့စတဲ့ဂဏန်းကို ခန့်မှန်းပြီး ရအောင်ရှာရတာဖြစ်တဲ့အတွက် ကံနဲ့လည်းဆိုင်ပါတယ်။

အလုပ်မရှုပ်ချင်လို့ Cryptocurrency ကို အသုံးပြုလိုတဲ့လူတစ်ယောက်အနေနဲ့ ကိုယ့်စီကို ရောက်လာတဲ့ အဝင်အထွက်စာရင်းက မှန်လား၊ မှားလားခေါင်းစားနေစရာမလိုတော့ဘဲ Block အသစ်တစ်ခုဖြစ်လာတာကို စောင့်လိုက်ယုံပါပဲ။

ဆိုတော့… Block အသစ် ကြေညာတာ ၂ခုဖြစ်နေတယ်ဆိုပါစို့။
ဘာကို ယုံရမလဲဆိုရင် Computational Work (တွက်ချက်မှု) အများဆုံးလုပ်ထားတဲ့ (Block Chain) ရှည်တဲ့ Block ကိုယုံသင့်ပါတယ်။ (Part 2 မှာပြောခဲ့တဲ့အတိုင်းပါပဲ)

ဒါကြောင့် ကိုယ့်စီကို စရောက်လာတဲ့ Block အသစ်တစ်ခုကိုမယုံသင့်သေးပါဘူး။
သူ့နောက်မှာ Block တွေများများပါလာမှ ကြားထဲက Block တစ်ခုဟာ မှန်ကန်ကြောင်း ယုံသင့်ပါတယ်။

ဒါဟာ ဗဟိုထိန်းချုပ်မှုမရှိတဲ့ငွေကြေးတစ်ခုဖြစ်လာပါပြီ။
ယုံကြည်မှုရအောင် အာမခံပေးမယ့် အလယ်လူ (အစိုးရ၊ ဘဏ်) ကို ဖြုတ်လိုက်တဲ့သဘောပါ။

Miner များလေလေ Block များလေလေဖြစ်တာမို့ Bitcoin က သူ့ရဲ့ Hash မှာပါဖို့လိုအပ်တဲ့ Zero အလုံးရေကို တဖြည်းဖြည်းနဲ့တိုးတိုးလာပါတယ်။
ဒါကြောင့် Bitcoin မှာ Block အသစ်တစ်ခုဖြစ်ဖို့ ၁၀ မိနစ်ကြာပါတယ်။
(တခြား Cryptocurrency တွေနဲ့ယှဉ်ရင် တော်တော်ကြာပါတယ်)

Bitcoin မှာတကယ်လည်ပတ်နေတဲ့ငွေတွေက Block Reward ကနေလာတာပါ။
အစောပိုင်းကာလတွေတုန်းက Block တစ်ခုကို 50 Bitcoin ရခဲ့ပေမယ့် နောက်ပိုင်းမှာ (၄နှစ်တစ်ခါ) ရမယ့် Bitcoin က တစ်ဝက်လျော့သွားပါတယ်။

2021 မှာတော့ Block တစ်ခုလုပ်ရင် 6.25 Bitcoin ပဲရပါတော့တယ်။
အဲ့လိုလျော့လျော့သွားတဲ့အတွက် စျေးကွက်ထဲမှာ Bitcoin ပေါင်း 21,000,000 ထက်ပိုမရှိနိုင်တော့ပါဘူး။

စာတစ်ခုလုံးရဲ့အနှစ်ချုပ်

Miner တွေအနေနဲ့ တဖြည်းဖြည်းရတာနည်းလာပေမယ့် လုံးဝမရတော့တဲ့အထိလည်း မဖြစ်နိုင်ပါဘူး။
Block အသစ်လုပ်လို့ရတဲ့ Bitcoin နည်းနေရင်တောင် သူတို့လုပ်လိုက်တဲ့ Block မှာ ပါချင်တဲ့လူတွေက Tip သဘောမျိုးပေးကြပါတယ်။

Bitcoin Block ၁ခုကို Transaction ပေါင်း ၂၄၀၀ ပဲခွင့်ပြုတဲ့အတွက် အဲ့ဒီထက်ပိုသွားရင်၊ ကိုယ်ကနောက်ကျနေရင် နောက် Block တစ်ခုကိုစောင့်ရမှာပါ။
အဲ့ဒီတော့ Bitcoin သုံးတဲ့လူတွေက နောက်အသစ်ဖြစ်လာမယ့် Block မှာသူတို့ရဲ့ Transaction ကိုထည့်ပေးအောင် Miner တွေကို Tip သဘောမျိုးနဲ့ Bitcoin အနည်းငယ်ကို ပေးကြတယ်။

ကျွန်တော်ဒီစာကို ရေးနေတဲ့အချိန်မှာတော့ 1 Bitcoin ကို $33,029.52 စျေးပေါက်ပါတယ်။ 1$ ကို 1600 ကျပ်နဲ့တွက်လိုက်ရင် 1 Bitcoin ကို သိန်း ၅၂၀ ကျော်တန်ပါတယ်။

Bitcoin ဝယ်သင့်လားဆိုတာကိုတော့ ကျွန်တော့အနေနဲ့ဘာမှ မပြောလိုပါဘူး။
သူဟာ စျေးမငြိမ်ဘဲ အတက်အကျ ကြမ်းတဲ့အတွက် အရမ်းမြတ်သွားနိုင်သလို ခွက်ခွက်လန်အောင်လည်း ရှုံးသွားနိုင်ပါတယ်Risk ရော Reward ရောများပါတယ်။
အချိန်တိုတိုနဲ့သူဋ္ဌေးဖြစ်နိုင်သလို ခွေးလည်းဖြစ်သွားနိုင်ပါတယ်။

Bitcoin စျေးကွက်က ဘယ်လောက်တောင် မငြိမ်သလဲဆို Elon Musk က သူ့ရဲ့ Twitter ပေါ်မှာ Cryptocurrency ကိုသူမကြိုက်တော့ဘူးလို့ တင်လိုက်တာနဲ့ စျေးတွေပြုတ်ကျကုန်တာပါပဲ။
သူက ဘာလို့မကြိုက်ရသလဲဆို Bitcoin Mining လုပ်တဲ့အခါမှာ သုံးရတဲ့ Energy ကအရမ်းများပြီး ပတ်ဝန်းကျင်အတွက် မကောင်းဘူးလို့သိနေလို့ပါ။

ပြီးတော့ ထီထိုးရသလိုဖြစ်တဲ့အတွက်ကြောင့် လူတိုင်း Mining လုပ်ပေမယ့် တစ်ယောက်ကပဲကံထူးရှင်ဖြစ်တာပါ။ Energy တွေအလဟသတ်ကုန်သွားသလိုပဲဆိုပြီး လေ့လာမှုတွေက ဆိုပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Bitcoin အကြောင်း (Part 2)

(Part 1 ကိုအရင်ဖတ်ပေးပါ)

ဒီလောက်ဆို ယုံကြည်လို့ရပြီလားလို့ မေးစရာရှိပါတယ်။
A က အသုံးအဖြုန်းကြီးတဲ့အတွက် သူပေးရမယ့် ပိုက်ဆံတွေမပေးဘဲ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။
အဲ့ဒီအတွက်ကြောင့် စာအုပ်ထဲမှာ စရေးမယ်ဆိုရင် ဘုံပိုင်ငွေထဲကို ပိုက်ဆံပမာဏတစ်ခုအရင်ထည့်ရပါတယ်
(ဘဏ်တွေဆီက ပိုက်ဆံချေးမယ်ဆိုရင် ကိုယ်ကပြန်ဆပ်နိုင်ကြောင်း အထောက်အထားတစ်ခုခုပြရသလိုပေါ့)

အဲ့ဒီတော့ သူငယ်ချင်း ၄ယောက် ၁သောင်းစီထည့်ထားကြတယ်ဆိုပါစို့။
ဒါဆိုရင် သူတို့ငွေထည့်ထားတဲ့အတွက် မပေးဘဲထွက်ပြေးဖို့ခက်သွားမှာပေါ့

ပြီးတော့ သူတို့တစ်ယောက်ချင်းစီကို စာအုပ်ထဲမှာ ရှိတဲ့ငွေထက် ပိုပြီး အသုံးမခံဘူး
ဥပမာ A က စာအုပ်ထဲမှာ ၁သောင်းခွဲပိုင်ထားရင် အဲ့ဒီထက်ပိုမသုံးနိုင်အောင် တားထားတာမျိုးပေါ့။

အဲ့ဒီတော့… ဒီစာအုပ်ထဲမှာပဲ တစ်သက်လုံး ငွေပေးလိုက်၊ ယူလိုက်လုပ်နေကြရင် ပိုက်ဆံ (Dollar, Euro, ကျပ်) ဆိုတာ ဘယ်လိုတော့မလဲ။
Cryptocurrency ဆိုတာ ဒီသဘောပါပဲ။
Dollar နဲ့ ကျပ်ငွေကို လဲသလိုပဲ သူ့ကိုလဲ Dollar နဲ့လဲလို့ရပါတယ်။ (စျေးကွက်အပေါ်လိုက်ပြီး စျေးတွေကတော့ ပြောင်းနေတာပေါ့)

အစောပိုင်းတုန်းက Website တစ်ခုမှာ စာအုပ်ကိုတင်ထားမယ်လို့ လွယ်လွယ်နဲ့နားလည်အောင် ပြောခဲ့ပါတယ်။
သေချာစဉ်းစားကြည့်ရင် အဲ့ဒီ Website ကိုပိုင်တဲ့လူကိုရော ယုံရပါမလား။ သူက သူလုပ်ချင်တာလျောက်လုပ်လို့ ရနေတယ်။
အဲ့ဒီအတွက် လူတိုင်းကို စာအုပ်တစ်အုပ်စီပေးထားလိုက်တယ်
A က B ကို ၁သောင်းပေးတယ်ဆိုရင် A နဲ့ B ရဲ့စာအုပ်မှာတင်မဟုတ်ဘဲ C နဲ့ D ရဲ့ စာအုပ်မှာပါ မှတ်တမ်းတင်လိုက်တယ်။

ဆိုတော့… ကိုယ်က ဒီအရောင်းအဝယ်မှာ ထဲထဲဝင်ဝင် ပါနေတယ်လို့မြင်ကြည့်ပါ။
A က ကိုယ့်ကို ၁ သောင်းပေးတယ်လို့ ကိုယ့်စာအုပ်ထဲမှာ လာပေါ်တယ်။
ပိုက်ဆံကို မျက်မြင်တွေ့ရတာမဟုတ်တဲ့အတွက် ငါတကယ်မှရတာဟုတ်ရဲ့လား၊ A က လိမ်ပြီး ပို့လိုက်တာဖြစ်နေမလား စသဖြင့် အတွေးဝင်တတ်တယ်။
(ကျွန်တော်တို့ ငွေကိုကိုင်ပြီးမသုံးတော့ဘဲ Digital currency စသုံးတဲ့အချိန်မှာ ဖြစ်တဲ့ခံစားချက်မျိုးပေါ့)

A က ကိုယ့်ကို ၁သောင်းပေးလိုက်ပြီဆိုတာ သူတို့စာအုပ်ထဲမှာရော ပေါ်လာလားလို့ B တို့ C တို့ကိုပါ လိုက်မေးပြီး Confirm ရမယ့်ပုံဖြစ်နေတယ်။
B ကလည်း သူ့ရဲ့စာအုပ်မှာ သူရောင်းထား၊ ဝယ်ထားတာတွေကို မှတ်တမ်းတင်ထားမှာပဲ။
လူတိုင်းသုံးသမျှ ကိုယ့်စာအုပ်ထဲမှာ မှတ်တမ်းလာဝင်နေမှာဆိုတော့ စစ်ဆေးဖို့အခက်အခဲရှိလာတယ်။

အဲ့ဒီတော့ ဘယ်စာအုပ်ကို ယုံရမလဲဆိုတဲ့ ပြဿနာရှိလာတယ်။
(တကယ် ရှုပ်ထွေးတဲ့အပိုင်းကို ရောက်လာပါပြီ)
Computational Work အများဆုံးလုပ်ထားတဲ့စာအုပ်ကို ယုံပါလို့တော့ ပြောကြတယ်။
လွယ်လွယ်ပြောရရင် တွက်ချက်မှုများများလုပ်ထားလေလေ၊ အတုလုပ်ဖို့ခက်လေလေပါပဲ။

Part 3 မှာဂိတ်ဆုံးပါပြီ။ ဆက်ဖတ်ပေးကြပါဦး။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Bitcoin အကြောင်း (Part 1)

(Public Key Cryptography အကြောင်းမဖတ်ရသေးဘဲ ဒါကို မဖတ်သင့်ပါဘူး၊
အဲ့ဒီ Article မှာရေးထားတဲ့အချက်တွေထဲက အနည်းအကျဉ်းပဲ ဒီမှာပြန်ရှင်းပြတော့မှာပါ)

Bitcoin က Digital Currency (လေလှိုင်းပေါ်ကငွေကြေး) တစ်ခု ဆိုတာတော့ လူတိုင်းသိကြမှာပါ။
ဒါပေမယ့် ထူးခြားတာက သူ့ကိုထိန်းချုပ်တဲ့ အစိုးရမရှိသလို၊ ဘဏ်တွေမှာလည်း Account သွားဖွင့်စရာမလိုပါဘူး
အဲ့ဒါဆို ဘယ်သူက တီထွင်ထားတာလဲဆိုတာမေးစရာ ရှိလာပါတယ်။ (စိတ်ချရရဲ့လားပေါ့)
ဆိုတော့… ဘယ်သူတီထွင်ထားလဲဆိုတာကို သေသေချာချာမသိကြပါဘူး။

ဗဟိုထိန်းချုပ်မှု

Cryptography နည်းကိုသုံးထားတဲ့အတွက် Cryptocurrency လို့ခေါ်ပါတယ်။
Cryptography ဆိုတာ ကိုယ့်ရဲ့ information တွေကို မသက်ဆိုင်တဲ့လူတစ်ယောက် ကြားဝင်ရယူမသွားနိုင်ဘဲ ကိုယ်ရည်ရွယ်တဲ့လူဆီကို တိုက်ရိုက်ရောက်အောင် ကာကွယ်ပေးထားတဲ့နည်းပါ။
(သေချာသိချင်ရင် “အင်တာနက်ပေါ်မှာ လျှို့ဝှက်ဆက်သွယ်ခြင်းနည်းနာများ” ဆိုတာကိုတင်ပေးထားပါတယ်၊ ဖတ်ကြည့်ပေးပါ)

https://ouo.io/ouheba (Part 1)

https://ouo.io/H09gObh (Part 2)

Bitcoin တစ်မျိုးတည်းမဟုတ်ဘဲ အခြား Cryptocurrency တွေလည်း အများကြီးရှိပါတယ်။

Cryptocurrency သုံးမယ်ဆိုရင် သူဘယ်လိုအလုပ်လုပ်လဲသိစရာ မလိုပါဘူး။
ဒီအတိုင်းသုံးလို့ရပါတယ်။

ကျွန်တော်တို့ ATM card တွေသုံးတဲ့အခါ သူတို့ဘယ်လိုအလုပ်လုပ်နေလဲ သိစရာမလိုသလိုပါပဲ။
(ဒါပေမယ့် အစိုးရက ထိန်းချုပ်ထားလို့ Trust ရှိတဲ့အတွက် မသိချင်ရင် မသိလို့ရပါတယ်)
Cryptocurrency မှာ ထိန်းချုပ်ထားတဲ့လူမရှိတော့ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိထားသင့်ပါတယ်။
ဒါမှ ယုံလို့ရမရ ကိုယ့်ဘာသာတွက်ဆနိုင်မှာပါ။

ဥပမာနဲ့ပြောချင်ပါတယ်။
သူငယ်ချင်း ၄ ယောက်ရှိတယ်။ A, B, C, D ဆိုပါစို့။
အမြဲအတူတူ သွားကြလာကြ၊ စားကြသောက်ကြဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပေးစရာအကြွေးတွေရှိကြတယ်။
A က B ကိုပေးစရာရှိတယ်၊ B က C အပေါ်မှာ အကြွေးတင်နေတယ်၊ C က D ဆီကချေးထားတာ ပြန်ဆပ်ရဦးမယ်၊ D ကလည်း A ပေါ်မှာ အကြွေးကျန်ရှိတယ်။
အချင်းချင်း Cash နဲ့ပေးနေရင် ခရီးမတွင်ဘူး။ အလုပ်လည်းရှုပ်တယ်။

အဲ့ဒီတော့ ဘာလုပ်သလဲဆို စာအုပ်တစ်အုပ်ထဲမှာ ပေးစရာရှိတာတွေကို ချရေးလိုက်တာပေါ့။
A က B ကို ၁ သောင်းပေးတယ်၊ B က C ကို ၅ ထောင်ပေးတယ်… စသဖြင့်ပေါ့။ (တကယ်မပေးသေးဘူး၊ ပေးဖို့ရည်ရွယ်ထားတာကို ချရေးထားတာပါ)

အဲ့ဒီစာအုပ်ကို ၄ ယောက်လုံး ဘယ်သူမှ ကိုင်မထားသင့်ဘူး။ (ယုံကြည်မှုအရပေါ့)
စာအုပ်ကို ဘယ်မှာထားမလဲဆိုတော့ Internet ပေါ်က Website တစ်ခုမှာ တင်ထားလိုက်တာ အန္တရာယ်ကင်းတာပေါ့။
အဲ့ဒီအတွက် လူတိုင်း ဝင်ပြီး ကြည့်လို့ရတယ်။

လူတိုင်းလည်း ဝင်ပါလို့ရတယ်။
ရှေ့က သူငယ်ချင်း ၄ယောက်ရဲ့ အသိ E နဲ့ F က ဝင်ပါချင်တယ်ဆိုပါတော့။ ဘယ်လိုပါမလဲဆိုရင် သူတို့အချင်းချင်းပေးရမယ့်ငွေကို စာအုပ်ထဲမှာ ရေးလိုက်ရုံပါပဲ။
E က F ကို ၁ သောင်းပေးတယ်… ဆိုတာမျိုးပေါ့။

လကုန်တဲ့အခါ စာရင်းပြန်တွက်ပြီး ကိုယ်သုံးထားတာက ရမှာထက်ပိုနေရင် ငွေပေးရတယ်။
ရမှာကပိုနေရင်တော့ ငွေပြန်ရမှာပေါ့။ (ဘယ်ကရမလဲဆိုရင် သုံးတာက ရမှာထက်ပိုနေတဲ့သူရဲ့ ပိုက်ဆံကို ရမှာပါ။)

ဒါပေမယ့် ပြဿနာရှိနေတာက လူတိုင်းသူတို့ရေးချင်တာရေးလို့ရနေတာပဲ
ဥပမာ A က B ကို ၁သောင်းပေးရမယ့်အစား B က A ကို၁သောင်းပေးတယ်လို့ A က လိမ်ရေးလိုက်ရင် ဇာတ်လမ်းစရှုပ်ပြီ…

ဒီနေရာမှာ Digital Signature ဆိုတာ အရေးပါလာပါတယ်။ (Digital Signature အကြောင်းကိုလည်း ဖတ်ဖို့ တင်ပေးထားပါတယ်)
A က B ကို ၁သောင်းပေးတယ်ဆိုရင် A ရဲ့ Digital Signature ပါရမယ်

Illustration of Digital Signature

Digital Signature ဆိုတာ ကွန်ပြူတာကနားလည်တဲ့ 0,1 တွေပါပဲ။
ဆိုတော့… စာလုံးတွေတောင် CTRL+C နဲ့ copy ကူးနေကြတာ သူ့ကိုရော copy ကူးလို့မရနိုင်ဘူးလား။

သူ့မှာ Public Key (ကိုယ်နဲ့ဆက်သွယ်ချင်တဲ့သူကသိ) နဲ့ Private Key (ကိုယ်တစ်ယောက်တည်းသိ) ၂မျိုးရှိပါတယ်။
Digital Signature က ကိုယ်ရေးတဲ့ Message နဲ့ ကိုယ်တစ်ယောက်ပဲသိတဲ့ Private Key ပေါ်မူတည်ပြီး တစ်ခါနဲ့တစ်ခါ မတူပါဘူး။
ဥပမာ A က B ကို ၁သောင်းပေးတယ်ဆိုရင် A ရဲ့ Signature က တစ်မျိုးဖြစ်မယ်၊
A က B ကို ၅ထောင်ပေးတယ်ဆိုရင် A ရဲ့ Signature က တစ်မျိုးဖြစ်မယ်။
ဆိုတော့… တစ်ခါရေးရင် Signature တစ်မျိုးပြောင်းနေတဲ့အတွက် လွယ်လွယ်နဲ့ Copy လိမ်လို့မရပါဘူး။

အဲ့ဒါတော့ ဟုတ်ပါပြီ၊ A ရဲ့ Signature ဟုတ်ကြောင်း တစ်ဖက်လူက ဘယ်လိုစစ်ဆေး (Verify) လုပ်မလဲဆိုတာ မေးစရာရှိလာပါတယ်။
ဒီအတွက် A ရဲ့ Public Key ကိုသုံးပါတယ်
Public Key က A ရဲ့ကိုယ်ပိုင် Private Key ကိုသုံးပြီး ရလာတဲ့ Signature ဟုတ်မဟုတ် ပြန်ပြီးချိန်ကိုက်နိုင်ပါတယ်။

လွယ်လွယ်ပြောရရင် Private Key ကိုမသိဘဲ ကိုယ့်ရဲ့ Signature ကို တစ်ဖက်လူလုံးဝမသိနိုင်ပါဘူး။ (မှန်းဆဖို့ဘယ်လောက်ခက်လဲဆိုရင် ကိုယ်တစ်ခါရေးလိုက်တိုင်း ဖြစ်နိုင်တဲ့ Signature အရေအတွက်သည် 2256 ရှိပါတယ်)

ဒီမှာ ဟာကွက်ကြီး (Loophole) တစ်ခုရှိနေပါတယ်
ကိုယ်ရေးတဲ့စာနဲ့ကိုယ့်ရဲ့ Private Key ကြောင့် ကိုယ့်ရဲ့ Signature တစ်ခုရလာတာတော့ ဟုတ်ပါပြီ။

တစ်ဖက်လူက အဲဲ့ဒီ စာကို နောက်တစ်ခါ Copy ကူးပြီး စာအုပ်ထဲမှာ ရေးလို့မရဘူးလား။
ဥပမာ A က B ကို ၁သောင်းပေးတယ် (Signature of A) ကို နောက်တစ်ခါ Copy ကူးပြီး စာအုပ်ထဲမှာ ထပ်ရေးတာကိုပြောတာပါ။
အဲ့ဒါဆိုရင် A ရဲ့ Signature ကို B က ခန့်မှန်းစရာမလိုတော့ဘဲ ၁သောင်းအချောင်ရပြီပေါ့… လို့ထင်စရာရှိပါတယ်။

ဒါပေမယ့် (ခပ်လွယ်လွယ်ပြောရရင်) အဲ့လို ပုံစံတူ Message တွေဖြစ်လာရင် ID တွေကွဲအောင်လုပ်ထားပါတယ်။ အဲ့ဒီအတွက် Signature လည်း ပုံစံပြောင်းသွားပါတယ်။
B က ၁သောင်းလိုချင်လို့ Copy, Paste လုပ်လည်း A ရဲ့ Signature က စာအုပ်ထဲမှာ သွားတူနေလို့ Valid ဖြစ်မှာမဟုတ်ပါဘူး။ (Signature ၂ခုတူနေစရာ အကြောင်းကိုမရှိလို့ပါ)

စာကတော်တော်ရှည်နေပြီမို့ Part 2 မှာဆက်ဖတ်ပေးပါ။
ခုထိလိုရင်းမရောက်သေးပါဘူး။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင့်ပခုံးထက်မှာ အမြဲရှိနေတဲ့ Angel တပါး နဲ့ Devil တကောင်အကြောင်း

သင်သိပါသလား။

သင့်ပခုံးပေါ်မှာ သင့်ကိုကောင်းတာတွေလုပ်ဖို့အကြံပေးနေတဲ့ နတ်သားတပါးနဲ့ သင့်ကိုစိတ်အလိုလိုက်ဖို့ အမြဲအတို့အထောင်လုပ်ပေးနေတဲ့ မိစ္ဆာတကောင် ရှိနေပါတယ်။

သူတို့ကို သင်မမြင်ရပေမယ့် ရှိနေမှန်း သင်ခံစားမိမှာပါ။

သင်ဟာ တခါတခါ အကျိုးရှိတာ ကောင်းတာလေးတွေလုပ်နေမိတတ်ပြီး တခါတခါမှာတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်ပျော်ရာ နေလိုက်မိတတ်တယ်။ စားချင်ရာစားလိုက်မိတတ်တယ်။ ကဲချင်ရာ ကဲလိုက်မိတတ်ပါတယ်။

ဒီလိုဖြစ်ရတာက သင့်ကိုလွှမ်းမိုးနေတဲ့ အဲ့ငတိလေး ၂ကောင်ကြောင့်ပါ။

ဒီအကြောင်းကို စပြီးတင်ပြခဲ့တဲ့သူကတော့ Psychology လောကရဲ့ ဘိုးအေကြီး
Psychoanalysis ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ စိတ်ရောဂါပညာရဲ့ ဦးဆောင်သူလို့လဲ တင်စားကြတဲ့ Sigmund Freud ပဲဖြစ်ပါတယ်။

Freud လို့အများကသိကြတဲ့ ဤပုဂ္ဂိုလ်ကြီးရဲ့ theory ကို Freudian Theory လို့ခေါ်ကြတယ်။

သူ့ရဲ့ theory တွေထဲက တခုအကြောင်းကို ဒီနေရာမှာရှင်းပြပါ့မယ်။

ကလေးတယောက်က မွေးဖွားလာတဲ့အခါ “Id” ဆိုတာ ပါလာပါတယ်တဲ့။
(Id ဆိုတာ identity တို့ Identification တို့ကိုပြောတာမဟုတ်ပါ)

Id ဆိုတာ ကလေးရဲ့ လိုချင်တဲ့စိတ် ၊ လောဘစိတ် ၊ သာယာတဲ့စိတ် စတဲ့ ကလေးရဲ့ လိုအင်ဆန္ဒကိုဆိုလိုပါတယ်။

ကလေးက မွေးလာရင် စကားမပြောတတ်ဘူး။ စာမရေးတတ်ဘူး။
ခံစားချက်တွေကို မထုတ်ပြောတတ်ဘူး။

ဒါပေမယ့် လိုချင်တာရှိရင် ငိုမယ်။
ဗိုက်ဆာရင် ငိုမယ်။ အသားနာရင် ငိုမယ်။
အီအီးပါချလဲ ငိုမယ်။ အချီခံချင်လဲ ငိုမယ်။

ဘာလာလာ ငိုတာနဲ့ပဲ တုံ့ပြန်ဆက်သွယ်ပါတယ်။

Id ကအဲ့ဒီ လောဘစိတ် အလိုဆန္ဒတွေကိုဖြစ်စေပြီး
လိုတာမရရင် ငိုစေသတည်းလို့ ကလေးကိုမြှောက်ပေးပါတယ်။

(ဒီနေရာမှာ သိပ်မရှင်းရင် အောက်ရောက်ရင် ရှင်းသွားမှာပါ။ ဆက်ဖတ်ပေးပါဦး)

အသက်လေးနဲနဲရလာတော့ ကလေးမှာ နောက်တခုထပ်ပေါ်လာတယ်။

သူများတွေကို ကလေးကကြည့်ပြီး နားလည်လာတာတခုရှိလာတယ်။

“သြော်…..ငါ့မှာပဲ လောဘရှိတာမဟုတ်ဘူးပဲ…..သူများတွေလဲ သူတို့လိုချင်တာတွေ ….သူတို့လောဘတွေ ရှိတာပဲဟ”…..ဆိုပြီး ကလေးကသိလာရော။

အမှန်ကိုမြင်လာတယ်ဆိုပါတော့…..သူများတွေနဲ့ ယှဥ်ပြီးမြင်လာတယ်။

အရင်က Id ကမြှောက်ပေးတိုင်း ငိုတတ်တဲ့ကလေးက အခုတော့ နဲနဲတွေးလာတယ်….. ငါငိုတိုင်း မုန့်စားရပါ့မလား…..သူများတွေလဲစားချင်မှာပဲဆိုပြီး တွေးလာတတ်တယ်။ သိပ်မငိုဖြစ်တော့ဘူး။

အဲ့လို Id ကိုနဲနဲ ထိန်းပြီး reality ကိုမြင်လာတာကို Ego ပေါ်လာတယ်လို့ခေါ်ပါတယ်။

(English စာနဲ့ Ego ကို အတ္တစိတ်၊ အတ္တကြီးခြင်း လို့ဘာသာမပြန်ပါနဲ့။ ပိုရှုပ်ကုန်ပါမယ်။ Ego ကို Ego လို့ပဲမှတ်ရအောင်)

အခုဆိုရင် ကလေးမှာ စိတ်အလိုကိုမြှောက်ပေးပြီး လုပ်ချင်တာလုပ်ဖို့ပြောတဲ့ Id ရယ် ၊
လက်တွေ့ဘဝ အရှိတရား ကိုသိလာတဲ့ Ego ရယ်ရှိနေပါပြီ။

ထပ်ပြီးကလေးက ကြီးပြင်းလာရင် Superego ဆိုတာထပ်ပေါ်လာပါတယ်။

Superego ကတော့ လူမှုစည်းကမ်းတွေ ၊ တရားဥပဒေနဲ့ ကျင့်ဝတ်သိက္ခာတွေကို နားလည်လိုက်နာစေတာပါ။

ကလေးက စည်းကမ်းကိုသိလာတယ်။ လူ့ကျင့်ဝတ်အရ မှန်မမှန်ဆိုတာ နားလည်လာတယ်။ လုပ်သင့်တယ် တရားတယ်။ မလုပ်သင့်ဘူး။ မတရားဘူးဆိုတာသိလာတယ်။

အဲ့လိုဖြစ်လာရင် Superego ပေါ်လာတာပါ။

Id ရယ် Ego ရယ် Superego ရယ်က ဘာနဲ့တူလဲဆိုတော့ ကာတွန်းကားတွေထဲက ပခုံးမှာပေါ်ပေါ်လာတဲ့ Angel တပါးရယ် ၊ Devil တကောင်ရယ်၊ သင်ကိုယ်တိုင်ရယ်နဲ့ ဆင်ပါတယ်။

Id က Devil ဖြစ်ပြီး သင့်ကို လုပ်ချင်တာလုပ်ဖို့ ၊ သင်ပျော်တာလုပ်ဖို့ လောဘဆန္ဒတွေကို မြှောက်ပေးတဲ့ကောင်ပါ။

Superego က Angel နဲ့တူပြီး “မောင်မင်း…ဒါကတော့ ကျင့်ဝတ်နဲ့မညီဘူး၊ ဒီလိုလုပ်တာ စည်းကမ်းဖောက်ဖျက်ရာ ကျတယ်။ မလုပ်သင့်တာ မလုပ်ပါနဲ့ကွာ”

“စိတ်ထိန်း သားကြီး စိတ်ထိန်း….” စသဖြင့် ကောင်းကျိုးတွေကိုတိုက်တွန်းတဲ့သူပါ။

Ego ကတော့ လက်တွေ့ဘဝထဲက သင်ကိုယ်တိုင်ဖြစ်ပြီး Id ပြောတဲ့စကားနဲ့ Superego ပြောတဲ့စကားတွေကို ချင့်ချိန်ပြီး မျှမျှတတ လုပ်ကိုင်ပေးရပါတယ်။

Superego နဲ့ Id ကို သင် (Ego) က ထိန်းညှိပေးရတာပါ။

ဥပမာ – စာမေးပွဲနီးနေတဲ့အခါ
Id ကသင့်ကို
“စာမေးပွဲပဲ Throw လိုက်ပါကွာ….one subject one night ပဲချမယ်။ အခုတော့ ကာရာအိုကေသွားဆိုမယ်” လို့ ဆွယ်မှာပါ။

Superego ကတော့ သင့်ကို
“သားကြီး…မင်း crush လေးက မင်းကိုစာမေးပွဲအောင်မှ စဥ်းစားပေးမယ်ဆို။ လိမ်မာပါတယ်ကွာ….No pain, No gain… ထိုင်ရာမထဘဲ စာဖတ်ရအောင်” လို့ တရားချမှာပါ။

သင်ကိုယ်တိုင် (Ego) က ခေါင်းစားပါပြီ။
Id ပြောတာလဲလုပ်ချင်တယ်….Superego ပြောတလဲမှန်တယ်…..သင်ဆုံးဖြတ်ရတော့မှာပါ။

နောက်ဆုံး Ego ကလက်တွေ့ကျကျချင့်ချိန်ပြီး
ကဲ… Superego ပြောသလို စာလဲကျက်မယ်… စာကျက်ပြီးရင် Id ပြောသလို သီချင်းဆိုမယ်… ကာရာအိုကေဆိုင်တော့မသွားတော့ဘူး… အိမ်မှာပဲဆိုမယ်” စသဖြင့် မျှမျှတတ ဆုံးဖြတ်ပေးရပါတယ်။

ဒါမှပဲ သာမန်လူတယောက်လို အတ္တ နဲ့ ပရ မျှတစွာ ပုံမှန် နေနိုင်မှာပါ။

Ego က Id ပြောတာပဲ လိုက်လုပ်နေရင် စိတ်အလိုလိုက်သလိုဖြစ်ပြီး ဒုက္ခရောက်ကုန်မှာပါ။
ဥပမာ – မုဒိန်းမှုတွေဖြစ်ကြတာက Id ကိုမထိန်းနိုင်လို့လို့ ဆိုကြပါတယ်။

Ego က Superego ပြောတာပဲလက်ခံနေရင်လဲ ဘဝမှာ နေရတာ ပျော်စရာမကောင်းဘဲ ကျင့်ဝတ်သိက္ခာ သံမဏိစည်းကမ်းတွေနဲ့ ကျဥ်းကျပ်စရာကြီးဖြစ်ကာ စာအုပ်ကြီးသမား ဖြစ်နေမှာပါ။

သို့သော် စိတ်ဆိုတာ မကောင်းမှုပဲမွေ့လျော်တတ်တဲ့ အစားထဲကဆိုတော့ Id ကတခါတခါ အားကြီးလာပါတယ်။
အဲ့လိုဖြစ်လာရင် Ego က ခေါင်းမဆောင်ရဘဲ Id ကလူကိုဦးဆောင်လာပါတော့တယ်။

Id ခိုင်းသမျှ လိုက်လုပ်ရပါတော့တယ်။

Ego က Id ပြောတာကိုလက်လဲလက်ခံတယ်… Id ပြောတာကို လိုက်လဲလုပ်နေရတယ်ဆို Ego-syntonic ဖြစ်တယ်လို့ခေါ်ပြီး OCPD (Obsessive Compulsive Personality disorder) မှာတွေ့ရပါတယ်။

မကောင်းတဲ့အစွဲကို Ego ကလုပ်နေရပေမယ့် နှစ်မျို့နေပါတယ်။

Id ပြောတာကို Ego ကလက်မခံချင်ဘူး ဒါပေမယ့် မလွန်ဆန်နိုင်ဘဲ လိုက်လုပ်နေရရင် Ego-dystonic လို့သုံးပြီး OCD (Obsessive compulsive disorder) မှာတွေ့ရပါတယ်။

ဒီလောက်ဆို Id, Ego, Superego အကြောင်းရှင်းလောက်ပြီထင်ပါတယ်။

နောက်အပိုင်းတွေမှာ Ego က သုံးတဲ့ Defence mechanism တွေနဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များကိုချိတ်ဆက်ကာ ဆက်လက်ရေးသားသွားပါဦးမယ်။

စာဖတ်သူအားလုံး Id နဲ့ Superego မျှတကြပါစေ။

Thanks for your time!

လင်းမူ

ဓားရှည်ရှည်နဲ့ ကျမ်းကြေကြေ ဘာရွေးမလဲ ညီကိုတို့

ညီကိုတို့ရေ….

ညီကိုတို့တွေက တစ်နေ့တစ်နေ့ ဂျပန်သိုင်းကား အမေရိကန်သိုင်းကားတွေကြည့်ပြီး အဲ့သိုင်းကားတွေထဲက မင်းသားကိုင်တဲ့ ဓားရှည်ရှည်ခိုင်ခိုင် ကောင်းကောင်းတွေကို ကြည့်ပြီး အားကျနေကြမှာပဲ။

အဲ့လိုအားကျပြီးတဲ့သကာလ ကိုယ့်ရဲ့ ဓားကို ကြည့်ပြီး သိမ်ငယ်ကောင်း သိမ်ငယ်မယ်။ ဓားကို ရှည်အောင် ကောင်းအောင် ဆိုပြီး နည်းမျိုးစုံ သုံးမယ် ပန်းပဲဖိုဆီ သွားကြမယ်။

ပန်းပဲဖိုက တော်ရင်တော့ တစ်မျိုးပေါ့။ အဲ့ ပန်းပဲဖိုက ဂျင်းဆိုလို့ကတော့ ညီကိုတို့ရှိပြီးသား ဓားတွေက ရှည်ပါရဲ့ ကြီးပါရဲ့ အရွယ်အစားမမှန် အသွားမထက် ကြာရင် ပျက်ဆီးပုပ်ပွပြီး ဓားတစ်ချောင်းလုံး ပစ်ရတဲ့အထိ ဖြစ်သွားမယ်ဆိုတာလေးလည်း သတိရှိကြဖို့ပါ။

တကယ်တော့ ညီကိုတို့ သတိမထားမိတာ မေ့နေတာက ဓားရှည်ရှည်ကိုင်ထားလည်း သိုင်းမတတ်ရင် ကားယားကားယားနဲ့ အလကားပါပဲ ရန်သူကိုလည်း နိုင်မှာမဟုတ်ပါဘူး။ အရေးကြီးတာက သိုင်းကျမ်းကြေညက်ဖို့ပါလို့ ပြောပါရစေ။

သိုင်းကျမ်းကျွမ်းရင် ညီကိုတို့ဓားက ဓားမြှောင်လေးဖြစ်ပါစေအုံးတော့။ ရန်သူကို ပွဲစကတည်းက ဖြိုထားနိုင်ပါတယ်။ ရန်သူကို ဓားမသုံးဘဲ လက်ချည်းဗလာနဲ့တင် အားလျော့စေတဲ့ နည်းလမ်းလေးတွေလည်း အများကြီးပါ။

ဓားနဲ့ အနိုင်ယူရတာမဟုတ်ဘဲ သိုင်းကျမ်းနဲ့ အနိုင်ယူရတာဖြစ်ပါတယ်။ ဓားအကြီးအသေး အရှည်အတိုဆိုတာ ပကာသနပါဗျာ။

ညီကိုတို့ မတွေးမမှားဘဲ သိုင်းကျမ်းတွေလေ့လာပြီး ရန်သူတိုင်းကို အနိုင်ယူ နှိမ်နင်းနိုင်တဲ့ သိုင်းဆရာ ဂုရုကြီးတွေ ဖြစ်ကြပါစေကြောင်း စေတနာဖြင့်…

Dr. Jason

Design a site like this with WordPress.com
Get started