ဦးနှောက်က စိတ်ရောဂါသမားတွေဆီမှာ ပြောနေတဲ့ ပုံပြင်များအကြောင်း

ဦးနှောက်ဟာ ပုံပြင်တွေပြောတဲ့နေရာမှာ ကျွမ်းကျင်ကြောင်းအရင်က ရေးခဲ့ဖူးပါတယ်။ အခုပြောပြချင်တာက ပုံပြင်အပြောကောင်းလွန်းလို့ စိတ်ရောဂါတွေ ဖြစ်ကုန်တဲ့အကြောင်းပါ။

၁၈၇၀ ခုနှစ်က ဆရာဝန်တစ်ယောက်ဟာ စကားမပြောနိုင်တဲ့လူနာတွေကို လေ့လာနေတယ်။ စကားမပြောနိုင်ဘူးဆိုလို့ “အ” နေတယ် မထင်ပါနဲ့။ ဆေးပညာအရတော့ ဒါကို Aphasia လို့ခေါ်ပါတယ်။ ဦးနှောက်ကြောင့် ခဏတဖြုတ် စကားတွေနားမလည်တော့လို့ ပြန်မပြောနိုင်တာမျိုးပါ။ လေဖြတ်တဲ့လူနာအချို့ကို ကြည့်ရင်သိနိုင်ပါတယ်။

ဒါပေမယ့် ဒီဆရာဝန်လေ့လာနေတာ လေဖြတ်တဲ့လူနာတွေ မဟုတ်ပါဘူး။ အကြောင်းတစုံတရာမရှိဘဲ စကားမပြောကြတော့တဲ့သူတွေပါ။ သူက ဒါကို Negotiation Delirium လို့ခေါ်ပါတယ်။
သူ့ရဲ့အဆိုအရ လူတစ်ယောက်ရဲ့ဦးနှောက်ကို ထိခိုက်မိတဲ့အခါ သူဟာ သေသွားပြီလို့ ယုံကြည်သွားစေတယ်လို့ ပြောပါတယ်။ ဘယ်လိုပဲ ရှင်းပြရှင်းပြ လုံးဝလက်မခံတော့ပါဘူး။ ခုချိန်မှာတော့ ဒီရောဂါကို ခံစားနေရတဲ့ Case ပေါင်း ၁၀၀ ကျော်မှတ်တမ်းတင်ထားပါတယ်။ ဒါကို Cotard’s delusion လို့ပြောင်းလဲခေါ်ဝေါ်လိုက်ကြပါပြီ။ Walking Corpse Syndrome လို့လည်း ပြောတတ်ကြပါတယ်။ (လမ်းလျှောက်နေတဲ့ အလောင်းကောင်ကြီးဆိုပါတော့…)

ဒီရောဂါဖြစ်လာရင် ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်တဲ့အခါ “ငါဟာ ငါမဟုတ်… ငါ့နှလုံးခုန်သံဟာ ငါ့ဟာမဟုတ်… ငါ့ခန္ဓာကိုယ်ကြီးက ပုပ်ပွနေပြီ…” စသဖြင့် ထင်တတ်ပါတယ်။ အရမ်းဆိုးဝါးတဲ့ Case တွေဆိုရင် ကိုယ့်ကိုကိုယ် တစ္ဆေဖြစ်သွားပြီလို့ ထင်ပြီး အစာမစားတော့ပါဘူး။ အဲ့လိုကြောင့် သေသွားတဲ့ လူနာတွေလည်း ရှိပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ဦးနှောက်ကို ထိခိုက်မိလို့ပါ။ ပိုရှင်းအောင် ပြောရရင် ဖြစ်ပျက်နေတာတွေကို မစဉ်းစားနိုင်တော့တဲ့အတွက် ဦးနှောက်က ပုံပြင်ပြောတာပါ။ ကိုယ့်ရုပ်ကိုယ်မှန်ထဲကြည့်တဲ့အခါ ဒါဟာ “ငါ” ဆိုတဲ့ ရင်းနှီးမှုမျိုး သူ့မှာ ကျွန်တော်တို့လို မခံစားရပါဘူး။ ဒါ့အပြင် ကိုယ့်မိသားစုအပေါ် ရင်းနှီးတဲ့ခံစားချက်မျိုး မရတော့သလို ကိုယ့်ရည်းစားကိုလည်း ချစ်တဲ့စိတ်မပေါ်တော့ပါဘူး။ သူ့စိတ်ထဲမှာ အရာရာကို ခံစားချက်တွေနဲ့ တွဲမမှတ်မိတော့ပါဘူး။

ဒီတော့ ဦးနှောက်က ပုံပြင်တစ်ပုဒ်ကိုရှာလိုက်ပါတယ်။ အဲ့ဒါကတော့ ပတ်ဝန်းကျင်က လူတွေဟာ လူယောင်ဆောင်ထားတဲ့ ဂြိုလ်သားတွေဖြစ်ရမယ်၊ လူပုံစံစက်ရုပ်တွေ ဖြစ်ရမယ်၊ ရုပ်ချင်းတူတဲ့ ဟန်ဆောင်လူတွေဖြစ်ရမယ်လို့ တွေးလိုက်တာပါ။ ဒါက သူများတွေအပေါ်ခံစားချက် မရှိတော့တဲ့အခါ ဖြစ်တာပေါ့။
ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ပြီး ရင်းနှီးတယ်လို့ မခံစားရတော့တဲ့အခါမှာတော့ ငါက သေပြီးပြီ… ငါက အတုယောင်ကြီးပဲ… ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။

လူတိုင်းမှာလည်း ဒီလိုအတွေးတွေရှိပါတယ်။ ဒီလူနာတွေမှာကတော့ တစ်ဖက်အစွန်းကို ရောက်သွားတာပေါ့။ အဲ့တော့ လွဲနေတယ်ဆိုတာ မြင်လွယ်တယ်။ သူတို့ဦးနှောက်ထိခိုက်သွားတယ်ဆိုတာကို ဦးနှောက်က မသိဘူး။ ဒီအတွက် ကြုံနေရတဲ့အတွေ့အကြုံကို အဓိပ္ပါယ်ရှိအောင် ပုံပြင်တစ်ပုဒ် ဖန်တီးလိုက်တာပေါ့။

ဒီလိုမျိုးကိစ္စကို အခြားစိတ်ရောဂါတစ်ခုမှာလည်း တွေ့ရပါသေးတယ်။ ကိုယ့်မှာ ရောဂါရှိတာကို လက်မခံနိုင်တာပါ။ ဆေးပညာအရတော့ Anosognosia လို့ခေါ်တယ်။ ဒီလူနာတွေဟာ သူတို့ဖြစ်နေတဲ့ရောဂါတွေကို မျက်မြင်ကိုယ်တွေ့မြင်နေရပါလျက်နဲ့ မယုံကြည်ကြပါဘူး။ လူနာတစ်ယောက်ဆိုရင် လက်တစ်ဖက်အကြောသေနေတာတောင်မှ သူအကြောသေနေတယ်လို့ လက်မခံပါဘူး။ ဆရာဝန်တွေက “အဲ့ဒါဆိုရင် လက်က ဘာလို့လှုပ်မရတာလဲ” လို့မေးတော့ “ဒါဟာ သူ့အမေရဲ့လက်ပါ… သူ့အမေက သူ့ကိုစနောက်ချင်လို့ စားပွဲအောက်မှာ ပုန်းနေတာ” လို့ ပြန်ပြောပါတယ်။

ဒါ့အပြင် သတိမေ့ရောဂါရှိတဲ့ လူအချို့မှာလည်း ဒါကိုတွေ့ရပါတယ်။ Memento ကြည့်ဖူးရင် သိမှာပါ။ မှတ်ဉာဏ်အသစ်တွေဟာ အချိန်တစ်ခုရောက်ရင် ပျက်သွားပြီး ဘာကိုမှသူမမှတ်မိတော့ပါဘူး။ ဆေးပညာမှာတော့ Anterograde Amnesia လို့ခေါ်ပါတယ်။ လက်တွေ့ဘဝထဲက လူနာတစ်ယောက်ကတော့ ၁၀ မိနစ်တစ်ခါလောက် မှတ်ဉာဏ်က Reset ဖြစ်တတ်ပါတယ်။ အဲ့တော့ သူသတိတစ်ခါမေ့သွားတိုင်း ဆေးရုံပေါ်ရောက်နေကြောင်း အသစ်ပြန်ပြီး သတိရနေတာပေါ့။ ဒါပေမယ့် “ဆေးရုံပေါ်ဘာလို့ ရောက်နေလဲ သိလား” လို့မေးတဲ့အခါ “သူက ဆေးရုံမှာ အလုပ်လုပ်တာပါ” လို့ တခါတခါပြောတတ်သလို “လူနာသတင်းလာမေးတာ” လို့လည်း ပြောတတ်ပါတယ်။

အကြောင်းတစုံတရာကြောင့် (ဥပမာ လေဖြတ်တာ၊ မတော်တဆဖြစ်တာ) မျက်စိမမြင်တော့တဲ့လူနာတစ်ယောက်ဟာ သူမျက်စိမမြင်တော့တာကို လုံးဝလက်မခံပါဘူး။ ဆရာဝန်တွေက စမ်းသပ်ပြီးတဲ့အခါ မမြင်ရတော့ကြောင်း ပြောတာကို လက်မခံတာမျိုးမဟုတ်ပါဘူး။ သူမမြင်ရတာကို သူကိုယ်တိုင်ထုတ်မပြောတာပါ။ မပြောတော့ ဆရာဝန်တွေလည်း မသိပါဘူး။
တခါတခါမှာ ဒီလူနာတွေက မြင်ရသလိုပဲ ခပ်တည်တည်နဲ့ လမ်းထလျှောက်နေတယ်လို့ ပြောပါတယ်။ အဲ့တော့ ဟိုဟာနဲ့ဝင်တိုက်၊ ဒီဟာနဲ့ဝင်တိုက်ဖြစ်ကုန်တာပေါ့။
ဘယ်လောက်ထိတောင် ကိုယ့်ဘာသာလိမ်သလဲဆိုရင် သူ့နားမှာမရှိတဲ့လူတွေ၊ ပစ္စည်းတွေကို မြင်ရတဲ့အတိုင်း လက်ညှိုးထိုးပြီး စကားတွေပြောနေ၊ ညွှန်ပြနေတတ်တယ်။ ဆေးပညာအရ ဒီရောဂါကို Anton-Babinski Syndrome လို့ခေါ်ပါတယ်။

ဒါက အပေါ်ယံပဲရှိပါသေးတယ်။ နာမည်တွေမျိုးစုံတပ်ထားလို့ ရောဂါအမျိုးမျိုးဖြစ်နေပေမယ့် အရင်းစစ်လိုက်တော့ ဦးနှောက်က ပုံပြင်တွေပြောနေတာပါပဲ။

ဦးနှောက်က လူကို သိပ်ပြီး စိတ်အရှုပ်မခံစေပါဘူး။ အဓိပ္ပါယ်မရှိဘူးလို့ ခံစားနေရတယ်ဆိုရင် အဓိပ္ပါယ်ရှိသွားအောင် လုပ်ပေးနိုင်ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ ဦးနှောက်ဟာ တည်ငြိမ်ခြင်းကို သဘောကျပါတယ်။ ဖြစ်ချင်သလိုဖြစ်နေတဲ့ လောကကြီးကို မကြိုက်ပါဘူး။ ဒီတော့ အရာရာကို သူနားလည်သလို အမျိုးအစားတွေခွဲထားတတ်ပါတယ်။

ဦးနှောက်မှာ ဘယ်ဘက်အခြမ်းက ပုံပြင်တွေ ပြောတာလို့ ပညာရှင်တွေက ဆိုပါတယ်။ ညာဦးနှောက်က ဒါကို ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ပြန်ငြင်းခုန်ပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ ရောဂါတွေမှာ ညာဦးနှောက်က ပြန်မငြင်းနိုင်ပါဘူး။ ဒီတော့ ဘယ်ဦးနှောက်ပြောသမျှကို (ဘယ်လောက်ပဲ အဓိပ္ပါယ်မရှိမရှိ) လက်ခံလိုက်ပါတယ်။

ဥပမာ “လက်က အကြောသေနေတယ်နော်” လို့ တွေးမိတဲ့အခါ ဘယ်ဦးနှောက်က “စိတ်မပူနဲ့ ဘာမှမဖြစ်ဘူး… ဒါက မင်းအမေရဲ့လက်ကြီး… မင်းကို စနေတာ” လို့ ပြန်ပြောနိုင်ပါတယ်။ သာမန်လူမှာဆိုရင်တော့ ဒါကို Counter လုပ်ဖို့ ညာဦးနှောက်က “အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့… မင်းလက်က တကယ်အကြောသေနေတာ” လို့ ပြန်ပြောနိုင်ပါတယ်။
ဦးနှောက်ထိခိုက်ထားတဲ့လူတွေမှာတော့ ဒီလို တန်ပြန်တာမျိုး မလုပ်နိုင်ပါဘူး။

ကိုယ်မကြုံဖူးတဲ့ ထူးထူးဆန်းဆန်းကိစ္စတစ်ခုကို ကြုံရတဲ့အခါ ဘယ်လိုကြောင့်လဲဆိုတာ အဖြေရှာတတ်ကြပါတယ်။ “ဒီနှစ်စပါးအထွက်နှုန်း တော်တော်ညံ့တယ်။ ရာသီဥတုကလည်း မကောင်းဘူး။ နတ်ဘုရားတွေ စိတ်ဆိုးနေတာဖြစ်ရမယ်။ ဒါကြောင့် ယစ်ပူဇော်ကြမယ်…” လို့ အရင်ခေတ်က တွေးခဲ့ကြပါတယ်။
အခုခေတ်မှာ ဒါမျိုးလာပြောရင် လက်မခံမယ့်သူများသွားပါပြီ။ ဒီအဆိုကို လက်ခံခြင်း၊ လက်မခံခြင်းဟာ ညာဦးနှောက်က ဆုံးဖြတ်နေတာပါ။

ဒါဆိုရင် ဘာလို့ စပါးထွက်နှုန်းနည်းနေရတာလဲ။ သိပ္ပံနည်းကျ အဖြေရှာကြည့်ပြီး ကိုယ်လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်တွေ့ရင် ညာဦးနှောက်က မီးစိမ်းပြလိုက်ပါတယ်။
ဒီလိုမဟုတ်ဘဲ ခုခေတ်မှာ “နတ်ဘုရားတွေစိတ်ဆိုးနေတာဖြစ်မယ်…” ဆိုတာကို ညာဦးနှောက်က မီးစိမ်းပြနေသေးတယ်ဆိုလည်း ယစ်ပူဇော်တာကို ဆက်လုပ်မှာပေါ့။

အဓိကကတော့ လက်တွေ့မှန်ဖို့မလိုဘဲ ညာဦးနှောက်လက်ခံတဲ့ ဖြေရှင်းချက်တစ်ခု ရသွားရင် ကျေနပ်သွားတာပါပဲ။ ဒါကြောင့်ပဲ တော်တော်များများက သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြတာပါ။ Pseudoscience တွေကို သဘောကျကြတာလည်း ဒါနဲ့ပြေးမလွတ်ပါဘူး။
ကိုယ့်ရဲ့ညာဘက်ဦးနှောက်က သူသိသလောက်နဲ့ လောကကြီးကို ကြိုးစားပြီးနားလည်အောင် လုပ်နေပါတယ်။

ဒီတော့ ကိုယ့်ဘာသာ မေးခွန်းပြန်မေးရပါမယ်။ ငါလက်တွေ့ဘဝမှာ တကယ်မှန်ကန်တဲ့အမြင်ကို လိုချင်တာလား? ဒါဆိုရင်တော့ အရာရာကို မေးခွန်းထုတ်တတ်ရပါလိမ့်မယ်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပညာရှင်တွေ ပြောတာကို လေ့လာရပါလိမ့်မယ်။ Skeptic တစ်ယောက်ဖြစ်ဖို့ လိုပါလိမ့်မယ်။
ဒီလိုမှမဟုတ်ဘဲ ဘယ်ဦးနှောက်ပြောသမျှကို သိပ်မငြင်းဆန်နိုင်ဘူးဆိုရင်တော့ အမှန်တရားနဲ့ ဝေးကွာနေကြဦးမှာပါ။
ကိုယ့်ရဲ့ ညာဦးနှောက်ကို ပိုပြီး Critical ဖြစ်လာအောင် ပျိုးထောင်သင့်ပါတယ်ခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကလေးဘဝမှာ အကြောက်တရားမွေးဖွားလာပုံ စမ်းသပ်ချက်

လူရယ်လို့ဖြစ်လာရင် အကြောက်တရားတခုခုရှိတတ်ကြပါတယ်။ တချို့က သရဲကြောက်တယ်။ တချို့က ပင့်ကူကြောက်တယ်။ တချို့က အမြင့်ကြောက်တယ်။ တချို့က မိုးချုန်းတာကြားရင် ကြောက်တယ်။

ဒါဆို ဒီအကြောက်တရားတွေကဘယ်ကလာတာလဲ။
မွေးကတည်းက ပါလာတာလား။ ကြီးလာတော့မှ အကြောက်တရားကို သိလာတာလား။

ဒါကို အဖြေရှာဖို့အတွက် သိပ္ပံပညာရှင်တွေနဲ့ psychologists တွေက စမ်းသပ်ချက်အမျိုးမျိုးလုပ်ခဲ့ပါတယ်။

အဲ့ထဲကမှ လူသိအများဆုံးနဲ့ အဝေဖန်ခံခဲ့ရဆုံး စမ်းသပ်ချက်တခုကို ပြောပြပေးပါမယ်။

ဒီစမ်းသပ်ချက်ကို လုပ်ခဲ့တဲ့သူကတော့ John B.Watson ဆိုတဲ့ psychologist တဦးနဲ့ သူ့ရဲ့ လက်ထောက် Rosalie Raynor တို့ပဲဖြစ်ပါတယ်။

စမ်းသပ်ချက်နာမည်ကို The Little Albert Experiment လို့ခေါ်ပါတယ်။

ဒီစမ်းသပ်ချက်မှာ ကိုးလအရွယ်ကလေးတယောက်ပါဝင်ပြီး သူ့နာမည်ကို Little Albert လို့ခေါ်ပါတယ်။ စမ်းသပ်ချက်အစမှာ ကလေးကို ပစ္စည်း အမျိုးစုံကိုပြပြီးလေ့လာပါတယ်။

ပါဝင်တဲ့ ပစ္စည်းတွေကတော့ ယုန်ဖြူလေးတကောင်ရယ်၊ ကြွက်ဖြူလေးတကောင်ရယ်၊ မျောက်တကောင်ရယ်၊ မီးလောင်နေတဲ့ သတင်းစာစက္ကူတွေရယ်၊ မျက်နှာဖုံးပုံအမျိုးမျိုး ပါဝင်ပါတယ်။

ကလေးကို ပထမဆုံး ပစ္စည်းတခုချင်းစီ ပြတဲ့အခါ ဘာမှထူးထူးခြားခြား တုံ့ပြန်မှုမရှိပါဘူး။
ကြောက်ရွံ့တဲ့အမူအရာလဲ မပြပါဘူး။

နောက်တခါကျ Watson ကဘာလုပ်လဲဆိုတော့ ကလေးကို ကြွက်ဖြူလေးပြပြီး တပြိုင်တည်းမှာပဲ သံတူနဲ့ ပိုက်ချောင်းကိုအသံကျယ်ကျယ်ထုရိုက်လိုက်ပါတယ်။ ကလေးက တူထုသံကိုကြားပြီး လန့်ငိုသွားပါတယ်။

ပြီးတဲ့အခါမှာ Watson ကတခြားအရာတွေပြောင်းပြပါတယ်။ ကြွက်ဖြူကိုပြရမယ့် အလှည့်ရောက်တိုင်း တူထုသံလုပ်ပြပါတယ်။ ကလေးကလဲ ငိုပါတယ်။

အဲ့လိုနဲ့ အကြိမ်ကြိမ်စမ်းသပ်ပြီးနောက်ပိုင်းမှာ ကလေးရဲ့ အပြုအမူက ပြောင်းလဲလာပါတော့တယ်။ တူထုသံမလုပ်တော့တာတောင်မှ ကလေးက ကြွက်ဖြူကို မြင်တာနဲ့ ငိုပါတော့တယ်။

အသံကြားကြားမကြားကြား ကြွက်ဖြူမြင်တာနဲ့ ငိုတာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် အကြောက်တရားဆိုတာ မွေးထဲက ပါလာတာမဟုတ်ဘဲ သင်ယူမှုကြောင့်ဖြစ်လာတဲ့ behavior တခုဆိုတာသဘောပေါက်လာပါတယ်။

ဒီစမ်းသပ်ချက်မှာ ကြွက်ဖြူက အစက neutral stimulus ပါပဲ။
တူထုတဲ့အသံကလဲ သူ့ချည်းသက်သက်ဆိုရင် unconditioned stimulus ပါပဲ။

သို့သော် ကြွက်ဖြူနဲ့ တူထုသံကို တွဲပြလိုက်တဲ့အခါ ကလေးမှာ conditioning ဖြစ်သွားပြီး conditioned response အနေနဲ့ အကြောက်တရားဆိုတာ မွေးဖွားလာတာပါ။

သဘောပြောရရင် ခွေးကို အစာမကျွေးခင် ခေါင်းလောင်းတီးပြတယ် ပြီးမှ အစာကျွေးတယ်။ အဲ့လိုခွေးကို သင်ပေးထားရင် နောက်ပိုင်းမှာ ခေါင်းလောင်းသံကြားရုံနဲ့ ခွေးကအစာစားရတော့မယ်ဆိုပြီး အလိုလို သားရေကျနေတာမျိုးပါ။

ကလေးကလဲ ကြွက်ဖြူကိုမြင်တာနဲ့ တူထုသံကြီးကြားရတော့မယ်လို့ တွေးမိပြီး မသိစိတ်က အလိုလိုကြောက်သွားတော့တာပါ။ နောက်ပိုင်းမှာ အဲ့စမ်းသပ်ချက်ထဲက ကလေးကြီးလာတဲ့အခါ ကြွက်ဖြူတင်မကပဲ အဖြူရောင်မှန်သမျှကြောက်သွားပါတော့တယ်။

အဖြူရောင်အင်္ကျီကစပြီး ဆန်တာကလော့စ်ရဲ့ မုတ်ဆိတ်ဖြူဖြူကြီူအထိပါ ဖြူတာမြင်ရင် ကြောက်တတ်တဲ့လူဖြစ်သွားပါတယ်။ ဒါကို stimulus generalization လို့ခေါ်ပါတယ်။

ဥပမာ ခရုကိုကြောက်တဲ့သူက တဖြေးဖြေး ခရုတင်မကတော့ဘဲ ချွဲကျိကျိဖြစ်တဲ့အရာတွေ အကုန်လုံးကို ပါလိုက်ကြောက်တတ်လာတဲ့သဘောပါ။

ကလေးဘဝမှာ ဒီလိုစမ်းသပ်တာ မတရားဘူးလို့ ဝေဖန်သံတွေအများကြီးထွက်ခဲ့သလို ဒီလိုအစမ်းခံရတဲ့ကလေးမှာ ကြီးတဲ့အခါ စိတ်ဒဏ်ရာတွေပါသွားလို့ ဆိုးရွားတဲ့စမ်းသပ်မှုလို့ အများကထောက်ပြကြပါတယ်။

ဒါပေမယ့် ဒီလိုစမ်းသပ်ခဲ့လို့ အကြောက်တရားဆိုတာမွေးကတည်းကပါလာတာမဟုတ်ဘဲ ငယ်ဘဝက ဖြစ်ရပ်တွေကြောင့်ဆိုတာ သိလိုက်ရတာပါ။ အထူးသဖြင့် အိမ်ကလူကြီးတွေက သွန်သင်မှုလွဲမှားတာကြောင့်ဆိုင်ပါတယ်။

အမှောင်ထဲသွားရင် ချော်လဲမှာစိုးလို့ဆိုပြီး အမှောင်ထဲမှာ သရဲခြောက်တယ်ဆိုကာ ကလေးကိုခြောက်လှန့်တာဟာ အပေါ်ကစမ်းသပ်သလိုလုပ်နေတာပါ။ ကလေးကတကယ်ထင်ပြီး ကြီးလာတဲ့အထိ အမှောင်ထဲမသွားရဲတာ သရဲကြောက်တာတွေ ဖြစ်လာတော့တာပါပဲ။

စလောင်းဖုံးတွေယူဆော့ရင် ကွဲမှာစိုးတဲ့ ရှေးလူကြီးတွေက စလောင်းဖုံးတီးရင် ကျားလာတတ်တယ်ဆိုပြီး ခြောက်လှန့်တာတွေဟာ ကလေးတွေအတွက် စိတ်ဒဏ်ရာတွေဖြစ်လာစေပါတယ်။

လောကကြီးအကြောင်းဘာမှမသိသေးတဲ့ အကြောက်တရားဆိုတာမရှိသေးတဲ့
ကလေးတယောက်ရဲ့ behavior တွေဟာ လူကြီးတွေရဲ့ ထိန်းကျောင်းမှုပေါ် အများကြီးမူတည်ကြောင်း အသိပေးရေးသားလိုက်ပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဝက်ခြံနဲ့အစားအသောက်ကိစ္စ

ဒီကိစ္စကို ရေးရတာ အတိုက်အခံတွေအငြင်းပွားစရာတွေများလာမယ်ဆိုတာသိပါတယ်။
ဒါပေမယ့် သိထားသင့်တဲ့ ကိစ္စလေးမို့လို့ ဆေးပညာအမြင်ကနေ ဝေမျှကြည့်ချင်ပါတယ်။

ဝက်ခြံပိုပေါက်စေတဲ့ အစားအစာတွေကို အခုစိတ်ထဲက တခုချင်းရွတ်ကြည့်ပါလား။

ချော့ကလက် ပါမယ်။
နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေပါမယ်။
အဆီများတဲ့ အာလူးကြော်တို့၊ဆီကြော်အစားအစာတွေ ကျိန်းသေပါမယ်။
သကြားများတဲ့အချိုတွေ ပါလာမယ်။
ဟမ်ဘာဂါကြက်ကြော်နဲ့ ပီဇာတို့လို Fast food တွေပါသလို မာလာရှမ်းကောလို အပူအစပ်တွေအထိပါလာမှာပါ။

ခက်တာက ကိုယ်ကလဲ လူငယ်ဆိုတော့ ဒီအစားအစာတွေကို ကြိုက်ကြတာများပါတယ်။
စားကလဲစားချင် ဝက်ခြံပေါက်မှာလဲကြောက်ကြပါတယ်။

ဒါပေမယ့်… အဲ့ဒီအစားအသောက်တွေစားလို့ ဝက်ခြံပေါက်တာ မဟုတ်ပါဘူး။
အခုထိလဲ Diet ကြောင့် ဝက်ခြံပေါက်တယ်ဆိုတာ ဆေးပညာအရ အတည်မပြုနိုင်သေးပါဘူး။

ဒီအကြောင်းကို နည်းနည်းပိုသိအောင် အကျယ်ပြောပြပါ့မယ်။ ဝက်ခြံပေါက်စေတဲ့အကြောင်းရင်းကတော့ အရေပြားက ချွေးပေါက်ပိတ်လို့ ယောင်ယမ်းပြီး ဝက်ခြံဖြစ်လာတာပါ။

ဘာကြောင့်ပဲအပေါက်ပိတ်ပိတ် ဝက်ခြံထွက်ပါတယ်။ အများဆုံးပိတ်တာက ကိုယ့်မျက်နှာကအဆီတွေနဲ့ပါပဲ။ အဆီပြန်တတ်တဲ့အသားရေပိုင်ရှင်ဆိုရင် အဆီက ချွေးပေါက်ပိတ်လို့ ဝက်ခြံများလာပါတယ်။

မျက်နှာအဆီများခြင်းမများခြင်းက မျိုးရိုးဗီဇနဲ့ဆိုင်သလို ဟော်မုန်းဓာတ်နဲ့လဲဆိုင်ပါတယ်။ ဥပမာ Androgen ဟော်မုန်းများရင် အဆီပိုထွက်ပြီး ဝက်ခြံပိုများနိုင်ပါတယ်။

ဟော်မုန်းအပြောင်းအလဲဖြစ်ရင်လဲ ဝက်ခြံပိုများတတ်တာရှိပါတယ်။ ဒါကြောင့် မိန်းကလေးတွေ ဓမ္မတာလာတဲ့အခါ ဝက်ခြံပိုထွက်တတ်တာရှိပါတယ်။ အဆီနဲ့ပိတ်တာအပြင် ဖုန်မှုန့်တွေနဲ့လဲ ချွေးပေါက်ပိတ်တတ်လို့ လေမသန့်တဲ့ပတ်ဝန်းကျင် polluted area မှာနေရတာတို့၊ ခေါင်းအုံးစွပ် မသန့်တာတို့၊ မသန့်တဲ့ဆံပင်တွေ မျက်နှာမှာဖုံးတာတို့ဆို ဝက်ခြံပိုဖြစ်စေပါတယ်။

မိတ်ကပ်တွေ အလှပြင်ပစ္စည်းတွေ တင်ကျန်ခဲ့ရင်လဲ ချွေးပေါက်ပိတ်ကာ ဝက်ခြံပိုပေါက်တတ်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှု stress ကြောင့်လဲ ဝက်ခြံပိုထွက်တတ်ပါတယ်။ stress ကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်တာလို့ ဆိုနိုင်ပါတယ်။

ဒါဆို အစားအသောက်ကရော ဝက်ခြံနဲ့မဆိုင်ဘူးလားပေါ့။ ဝက်ခြံနဲ့ အစားအသောက်ကိစ္စကိုလေ့လာတဲ့
သုတေသနတွေ အများကြီးရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ Pennsylvania တက္ကသိုလ်နဲ့ အမေရိကန် Naval Academy မှာ စမ်းသပ်ခဲ့စဥ်က volunteer တဝက်ကို ချော့ကလက်မပါတဲ့ချော့ကလက်အတုကိုကျွေးပြီး ကျန်တဲ့လူတွေကိုတော့ ပုံမှန်ထက် ဆယ်ဆလောက်ပိုပါတဲ့ ချော့ကလက်တွေကျွေးပြီး ဝက်ခြံပိုပေါက်မပေါက်စမ်းခဲ့ပါတယ်။

အဲ့သုတေသနအရ ချော့ကလက်စားတာနဲ့ ဝက်ခြံပိုပေါက်တာ သက်ဆိုင်မှုမရှိဘူးလို့ အတိအကျဆိုပါတယ်။ ဒါကြောင့် ချော့ကလက်ကတော့ ဝက်ခြံမပေါက်စေတာ သေချာသလောက်ရှိပါတယ်။

သို့သော် အမေရိကန်နိုင်ငံ JAMA ဂျာနယ်ကနေ လူပေါင်း ၂သောင်း၄ထောင် ကိုစစ်တမ်း (Survey) ကောက်ပြီး သုတေသနလုပ်ခဲ့ရာမှာတော့ အစားအစာစားတဲ့ ပုံစံနဲ့ ဝက်ခြံပေါက်တာက ဆက်နွယ်မှုရှိတယ်လို့တွေ့ပြန်ပါတယ်။

ဒီလေ့လာချက်အရ လက်ရှိဝက်ခြံပြဿနာကြုံနေသူတွေဟာ
အဆီများတဲ့ အစားအစာဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အချိုများတဲ့အစားအစာတွေ၊ အဆီများတဲ့ အကြော်တွေစားနှုန်း ၅၄% ပိုများတယ်ဆိုတာတွေ့ပါတယ်။

ဒီရလာဒ်ကို အပေါ်ယံဖတ်လိုက်ရင်တော့ “တွေ့လားငါပြောသားပဲ… ဆီကြော်တွေ နွားနို့တွေက ဝက်ခြံပိုဖြစ်တယ်တွေ့လား” ဆိုပြီးထင်စရာရှိပေမယ့် သေချာဖတ်ကြည့်ရင်တော့ ကောက်ချက်ချရတာအမျိုးမျိုး အငြင်းပွားနိုင်စရာဖြစ်လာပါတယ်။

ဒီသုတေသနက အပေါ်က ချော့ကလက်ကို စမ်းသလို ချော့ကလက်ကျွေးပြီးစမ်းထားတာမဟုတ်ပါ။ သူတို့တနေ့တာစားတဲ့အစားအစာကို စာရင်းကောက်ပြီး လေ့လာတဲ့ dietary record သဘောဖြစ်လို့ အမှားတွေရေးပေးနိုင်ခြေရှိပါတယ်။

ဥပမာ ဆီကြော်စားလို့ ဝက်ခြံပိုပေါက်တယ်လို့ ယုံတဲ့သူက သူဆီကြော်စားမိတာကိုပိုမှတ်မိပြီး ဖောင်ထဲမှာ အလေးပေးရေးထားတတ်ပါတယ်။

တကယ်တမ်းက သူမျက်နှာသစ်ဖို့ပျင်းတာတွေ၊ Stress တွေပြည့်နေတာတွေ၊ လေထုညစ်ညမ်းတဲ့နေရာမှာနေတာတွေကြောင့် ဝက်ခြံပေါက်လာတာလဲ ဖြစ်နိုင်သေးပါတယ်။ အဲ့အချက်တွေကို confounding factors လို့ခေါ်ပါတယ်။

ဒါ့အပြင် ဒီလေ့လာချက်အရ ဝက်ခြံနဲ့ အစားအသောက်က ဆက်နွယ်မှု (Association) ရှိတယ်လို့သာ ဆိုနိုင်ပြီး Causal relationship ကို
မပြနိုင်ပါဘူး။

ဆိုလိုတာက အစားအသောက်စားတာမမှန်လို့ ဝက်ခြံပိုပေါက်တာပါဆိုပြီး ဒဲ့အပြစ်ပုံချလို့မရပါဘူး။

ဆေးပညာဖက်ကအကြံပေးချင်တာကတော့ အစားအစာကို တအားရှောင်တာထက် အာဟာရပြည့်ဝအောင်စားပါ။ နွားနို့တွေ အပူစပ်တွေစားတာ ကြိုက်ရင်လဲ ပုံမှန်စားတာကပြဿနာမရှိပါဘူး။ အလွန်အကျွံစားတာတော့ အားမပေးပါဘူး။ ချော့ကလက်လဲစားလို့ရပါတယ်။

ပိုအရေးကြီးတာက မျက်နှာ skin care ပဲဖြစ်တာမို့လို့ တကိုယ်ရည်သန့်ရှင်းရေးနဲ့ စိတ်မဖိစီးအောင် လေ့ကျင့်နေထိုင်တာက ပိုပြီးထိရောက်ပါလိမ့်မယ်လို့ အကြံပေးပါရစေ။

Dr. Venice

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Joker ရဲ့ရောဂါကအပြင်မှာတကယ်ရှိသလား?

Joker ဆိုတဲ့ဇာတ်ကောင်နဲ့ စာဖတ်သူတွေမစိမ်းလောက်ပါဘူး။
2019 ခုနှစ်တုန်းကမှ ထွက်ထားတဲ့ Joker movie ကလဲ လူကြိုက်များပြီးအောင်မြင်ခဲ့ပါတယ်။

အဲ့ဒီ movie ထဲမှာ Joker မင်းသားက ရုတ်တရက်ဆိုသလို ထထရယ်မောတာတွေ၊ ရယ်တာကိုထိန်းမရတာတွေနဲ့ နာကျင်စရာတွေကြုံရတာတောင် ရယ်မိနေတာကို သတိထားမိကြမှာပါ။ ဒီလိုမျိုး ဖြစ်တာက တကယ်ပဲအပြင်မှာဖြစ်နိုင်ရဲ့လားဆိုရင် ဖြစ်နိုင်ပါတယ်။

အဲ့လိုရောဂါမျိုးကို Pseudobulbar affect လို့ခေါ်ပါတယ်။

Pseudo- ဆိုတာ false လို့အဓိပ္ပာယ်ရပြီး bulbar ဆိုတာကတော့ ဦးနှောက်ပင်စည် Brainstem (Medulla oblongata) နဲ့သက်ဆိုင်သော လို့အဓိပ္ပာယ်ရပါတယ်။
Affect ဆိုတာကတော့ စိတ်ခံစားချက်အပြောင်းအလဲလို့ ဆိုလိုပါတယ်။

ဒီဝေဒနာကိုခံစားရသူတွေက စိတ်ခံစားချက်ကိုထိန်းချုပ်မရကြဘဲ ရုတ်တရက်ခံစားချက်ပေါက်ကွဲထွက်လာတတ်ပါတယ်။ Emotional outburst လို့သုံးပါတယ်။ ရုတ်တရက် အော်ရယ်လိုက်တာလဲဖြစ်နိုင်သလို ရုတ်တရက် ငိုကြီးချက်မနဲ့ ငိုချလိုက်တာလဲ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရုတ်တရက် ဒေါသကြီးလာတာ ကြမ်းတမ်းသွားတာလဲ ဖြစ်တတ်ပါတယ်။

လှုံဆော်တဲ့အရာ (stimulus) နဲ့ လုပ်ရပ် (emotional display) နဲ့ကိုက်ညီရင်တော့ congruent emotion လို့ခေါ်ပါတယ်။

ရယ်စရာတွေ့လို့ အကြီးအကျယ်ထိန်းမရအောင်ထရယ်လိုက်တာ၊ ဝမ်းနည်းစရာတွေ့လို့ ငိုယိုသွားတာတွေက ကိုက်ညီမှုရှိပါတယ်။ တချို့ကကျ အဲ့လိုကိုက်ညီမှုမရှိပါဘူး။
ဟာသပြောတာကို ငိုချလိုက်တာမျိုးတို့၊ သူများနာရေးကိစ္စကြားပြီး အကြီးအကျယ်ဟားတိုက်ရယ်မောနေတာမျိုးတို့က ပြောင်းပြန်ကြီးတွေဖြစ်နေပါတယ်။ ဒီလိုမျိုးကို incongruent emotional display လို့ခေါ်ပါတယ်။

Joker မှာလဲ ဒီလိုပတ်ဝန်းကျင်အနေအထားတွေကို ပြောင်းပြန်ပြုမူတာမြင်ရမှာပါ။

ရုတ်တရက်ဖြစ်တဲ့ဒီလိုအပြုအမူတွေက ခန့်မှန်းရခက်သလို ဘေးလူအမြင်နဲ့ကြည့်ရင် အတော်ကြောင်တောင်တောင် နိုင်ပါတယ်။ တခါတခါထဖြစ်ရင် စက္ကန့်အနည်းငယ်ကနေ မိနစ်အတော်ကြာအထိ အတောမသတ်နိုင်ဖြစ်တတ်ပါတယ်။

တရက်ထဲမှာလဲ မကြာခဏ အကြိမ်ကြိမ်ထထဖြစ်တတ်တာမို့လို့ ဒီလိုဝေဒနာရှင်တွေကို ပတ်ဝန်းကျင်ကပစ်ပယ်ထားတတ်ကြပါတယ်။
ပေါင်းသင်းဆက်ဆံရေးမှာ အတော်လေးခွကျတဲ့ပြဿနာတခုဖြစ်နေပါတော့တယ်။

ဒီလိုဝေဒနာကို တချို့က စိတ်ဓာတ်ကျခြင်း (depression) တို့၊
စိတ်အတက်အကျအစွန်း၂ဖက်ရောဂါ (biploar disorder) တို့နဲ့ မှားတတ်ကြပါတယ်။

ဒီ Pseudobulbar affect ရဲ့ထူးခြားချက်က စိတ်ခံစားချက်ကို အသိစိတ်က လုံးဝထိန်းချုပ်လို့မရတာပါ။
ပုံမှန်လူဆိုရင် ငိုနေတဲ့အခါ ချော့လိုက်ရင် တိတ်သွားကြမယ်။ ရယ်စရာပြောလို့ ရယ်နေရင်းနဲ့ အတည်ပြန်ပြောရင် ရယ်တာရပ်လိုက်လို့ရကြပါတယ်။

ဒီဝေဒနာကတော့ အဲ့လိုထိန်းလို့မရတာ အတော်ဆိုးတဲ့ပြဿနာပါ။ အလိုက်ကမ်းဆိုးမသိဘူးလို့ အထင်ခံရမှာပါ။

ဘာလို့ဒီရောဂါဖြစ်ရတာလဲဆိုတာ အခုထိအဖြေရှာနေကြတုန်းပါပဲ။

Theory တခုအရတော့ Emotion ကိုထိန်းချုပ်တဲ့ pathway မှာ higher centre ကနေ ဆင်းလာတဲ့ neural connection တွေအားနည်းနေလို့ဖြစ်တယ်လို့ဆိုပါတယ်။

အထူးသဖြင့် ဦးခေါင်းကိုထိခိုက်မိတဲ့လူတွေ brain injury ရဖူးတဲ့သူတွေနဲ့ လေဖြတ်ပြီးပြန်ကောင်းလာတဲ့လူတွေ (post-stroke emotional liability) မှာတွေ့ရတတ်ပါတယ်။

ဒါ့အပြင် Multiple sclerosis ဆိုတဲ့ အာရုံကြောရောဂါနဲ့ Amyotrophic lateral sclerosis ဆိုတဲ့ ကြွက်သားအားနည်းရောဂါတွေမှာလဲ ဒီလိုလက္ခဏာတွေ တွေ့ရတတ်ပါတယ်။

ကုသဖို့ဆေးဝါးတိတိပပမရှိသေးပေမယ့် လောလောဆယ်ဆယ်မှာ စိတ်ခံစားမှုထိန်းညှိဆေး Mood stabilizer တွေ Anti-depressant drugs တွေနဲ့ ကုသနေကြောင်းသိရပါတယ်။

ထူးခြားတာတခုက ချောင်းဆိုးပျောက်ဆေးတမျိုးဖြစ်တဲ့ Dextromethorphan hydrobromide ဟာ brain ထဲက ချောင်းဆိုးတဲ့ centre ကိုသက်ရောက်စေရုံသာမက စိတ်ခံစားချက်ကိုထိန်းတဲ့ pathway ကိုပါသက်ရောက်မှုရှိလို့ ဒီရောဂါအတွက် FDA အသိအမှတ်ပြုတဲ့ ဆေးတမျိုးဖြစ်လာပါသေးတယ်။

ဒီလောက်ဆိုရင် Joker ခံစားနေရတဲ့ ရောဂါဆန်းအကြောင်းသိလောက်ပြီလို့ မျှော်လင့်ပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လူတွေဟာ AI တွေနဲ့ ယှဉ်ပြိုင်နိုင်မလား?

မနေ့က ရေးခဲ့တဲ့ AI အကြောင်းကို သဘောကျကြလို့ ဝမ်းသာပါတယ်။

Artificial Intelligence (AI) နဲ့လူတွေ သဟဇာတဖြစ်နိုင်လား?
https://ouo.io/8MkZSqR

အဲ့ဒါကြောင့် အခုနောက်တစ်ပုဒ် ထပ်ရေးလိုက်ပါတယ်။ ဒီအပုဒ်မှာတော့ လူတွေလို တွေးခေါ်တတ်တဲ့ AI တွေမှာ ဘာတွေလိုမလဲ… လူတွေအပေါ်ဘယ်လို အကျိုးသက်ရောက်မှုတွေရှိမလဲ ဆွေးနွေးသွားမှာပါ။

ပညာရှင်တွေကတော့ AI ပြဿနာဟာ Trial & Error သဘောနဲ့ သွားမရဘူးလို့ ပြောကြပါတယ်။ အဓိကကတော့ ဖြစ်ပြီးရင် ပြန်ပြင်လို့မရဘူးလို့ ပြောချင်တာပါ။ ဒီတော့ တခါတည်းနဲ့ မှန်ကန်အောင် ကြံစထားနိုင်ဖို့ လိုပါတယ်။
ပညာရှင်တစ်ယောက်က ဘယ်လောက်ထိ ပြောထားလဲဆိုရင် “AI တွေဟာ လူတွေကို မမုန်းသလို ချစ်လည်းမချစ်ပါဘူး။ ဒါပေမယ့် သင်ဟာ သူတို့အတွက် တစ်နေရာရာမှာ သုံးလို့ရမယ့် Atom တွေနဲ့ဖွဲ့စည်းထားပါတယ်” လို့ပြောပါတယ်။
ဆိုလိုချင်တာက လူကို AI ကနားမလည်ပေမယ့် လူကိုတည်ဆောက်ထားတဲ့ Atom တွေကို လိုချင်ရင် လူကို ရန်ပြုလာနိုင်တယ်လို့ ပြောချင်တာပါ။

အရင်အပုဒ်မှာ ASI (Artificial Superintelligence) အကြောင်း Thought Experiment တစ်ခုနဲ့ပြောခဲ့ပါတယ်။ လက်တွေ့မှာ အဲ့လိုမရှိသေးပါဘူး။ ကုန်ကုန်ပြောရရင် လူနဲ့အပြိုင်တွေးခေါ်နိုင်တဲ့ AI တောင်မပေါ်သေးပါဘူး။ ဒါကိုတော့ AGI (Artificial General Intelligence) လို့ခေါ်ပါတယ်။ ASI မဖြစ်ခင် တစ်ဆင့်အလိုဆိုပါတော့။

လူတွေအခုသုံးနေတဲ့ AI တွေဟာ Google ရှာတာလောက်၊ Stock တွေအရောင်းအဝယ် လုပ်တာလောက်၊ အသံကိုနားထောင်ပြီး Task တွေလုပ်ပေးတာလောက်ပဲ အသုံးကျသေးတာပါ။ ဒါတွေကိုတော့ ANI (Artificial Narrow Intelligence) လို့ခေါ်ပါတယ်။

Time is not accurate in this picture.

ဒါပေမယ့် လူတွေလို တွေးနိုင်၊ အလုပ်လုပ်နိုင်တဲ့ AGI တွေကို မြင်ကြည့်ပါ။ ၂၄နာရီပတ်လုံး မအိပ်ဘဲ၊ မနားဘဲနဲ့ သုတေသနလုပ်နိုင်တဲ့ Ph.D. အယောက် ၁၀၀ လောက်ပေါင်းပြီး ပြဿနာတစ်ခုကို အဖြေရှာတဲ့အခါ အရာရာဟာ ခပ်မြန်မြန်တိုးတက်လာဖို့ ရှိပါတယ်။ AGI တွေဟာ ဒီသဘောပါပဲ။

ဒီတော့ မေးစရာတစ်ခုရှိတာက လူတွေလို တွေးခေါ်တတ်တယ်ဆိုတာ ဘာလဲ? လူနဲ့ တူတဲ့ AGI မှာ ဘယ်လိုဂုဏ်သတ္တိတွေ ရှိဖို့ လိုမလဲ?
ကားမောင်းနိုင်တယ်၊ ပစ္စည်းပေါင်းမြောက်များစွာကို ကြည့်ရုံနဲ့ ခွဲခြားနိုင်တယ်၊ ကိုင်ကြည့်လိုက်ရင် သူတို့ရဲ့ Texture ကိုသိတယ်၊ အင်တာနက်သုံးတတ်တယ်၊ ဘာသာစကားပေါင်းစုံ သင်ယူလို့ရတယ်၊ ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်တယ်၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်တယ်၊ Multitasking လုပ်နိုင်တယ်၊ ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်နိုင်တယ်၊ Skill အသစ်တွေသင်ယူနိုင်တယ်… စသဖြင့် အများကြီးပါပဲ။

ဒါဆိုရင် AGI တွေဖြစ်လာအောင် ဘယ်လောက်ကြာဦးမလဲ? ပညာရှင်တွေကတော့ ၂၀၂၈ မတိုင်ခင်မှာ ဖြစ်လာဖို့ ၁၀% Chance ရှိတယ်၊ ၂၀၅၀ မတိုင်ခင်ဖြစ်လာဖို့ ၅၀% Chance ရှိတယ်၊ ၂၁၀၀ ခုနှစ်မကုန်ခင်ဖြစ်လာဖို့ ၉၀% ရှိတယ်လို့ ပြောကြပါတယ်။
ဒါ့အပြင် စစ်တပ်တွေနဲ့ လုပ်ငန်းကြီးတွေဟာ အခြားအဖွဲ့အစည်းတွေထက် AGI ကို အရင်ဆုံးစမ်းသပ်အောင်မြင်ဖို့ များတယ်လို့ ဆိုပါတယ်။ Budget များများသုံးနိုင်တာကြောင့်ပါ။

AI အကြောင်းကို ပညာရှင်တွေနဲ့ နည်းပညာကျွမ်းကျင်တဲ့ သူတွေက လွဲရင် အခြားနေရာတွေမှာ သိပ်မပြောကြပါဘူး။ အကြောင်းကတော့ Hollywood ကရိုက်တဲ့ ဇာတ်လမ်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

အခုပြောခဲ့တဲ့အကြောင်းတွေကို မယုံတစ်ဝက်နဲ့ ဖတ်နေကြမယ့်သူတွေ တော်တော်များမယ်လို့ ထင်ပါတယ်။ စက်ရုပ်တွေက ကမ္ဘာကိုဖျက်ဆီးမယ်ဆိုတာ အပေါ်ယံကြည့်လိုက်ရင်တော့ မဖြစ်နိုင်သလိုပါပဲ။
ဒါဟာ ပြဿနာကို ထဲထဲဝင်ဝင် နားမလည်တဲ့အခါမှာ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စတွေကို Serious ထားပြီး ဆွေးနွေးတာဟာ ပညာရှင်အသိုင်းအဝိုင်းမှာပဲ ဖြစ်နေပါတယ်။

စိတ်ပညာအရတော့ ဒါဟာ လူတွေရဲ့ Cognitive Bias တွေကြောင့်လို့ ရှင်းပြလို့ရပါတယ်။ ကိုယ်က ကားတိုက်ခံရမလို ဖြစ်ပြီး နောက်ရက်မှာ “ဘယ်အရာနဲ့ မတော်တဆဖြစ်ပြီး သေနိုင်လဲ” လို့ လာမေးရင် ကားတိုက်ခံရတာကို ဖြစ်တန်စွမ်းများတဲ့နေရာမှာ ထားကြဖို့ များပါတယ်။ ဒါကို Availability Bias လို့ခေါ်ပါတယ်။
ကိုယ့်မှာ ဖြစ်တော့ တော်တော်အဖြစ်များတာပဲဆိုပြီး ထင်သွားတာမျိုးပါ။

This picture shows what’s availability heuristic precisely.

နယူကလီးယားဗုံးတွေ ဘယ်လောက်ဆိုးလဲဆိုတာ ဒုတိယကမ္ဘာစစ်တုန်းက မြင်ခဲ့ရပါတယ်။ ဒါ့အပြင် နယူကလီးယား Power Plant တွေကိုလည်း သတိကြီးကြီးထား ကိုင်တွယ်ဖို့လိုကြောင်း ရုရှားရဲ့ Chernobyl တို့၊ ဂျပန်ရဲ့ ဖူကူရှီးမားတို့က သက်သေခံနေပါတယ်။

Chernobyl & Fukushima

ဒါပေမယ့် AGI တွေ၊ ASI တွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆိုးတယ်လို့ မြင်နေကြတာပါ။ အပြင်မှာ လက်တွေ့ပြစရာမရှိပါဘူး။ Thought Experiment တွေနဲ့ပဲ ပြောနိုင်ပါတယ်။

Trial & Error သဘောနဲ့ အမှားတွေကို ပြန်ပြင်ဖို့ ဖြစ်ချင်မှဖြစ်နိုင်မယ်ဆိုပြီး အပေါ်မှာ ပြောခဲ့ပါတယ်။ AI တွေမှာ ဒီပြဿနာက ကြီးပါတယ်။ နယူကလီးယားဗုံးပေါက်တာ၊ Nuclear Power Plant မတော်တဆမှုတွေ ဖြစ်တာဟာ နေရာတစ်ခုတည်းပါပဲ။ နေရာစုံမှာ မဖြစ်သ၍ ကမ္ဘာကြီးပျက်မသွားနိုင်ပါဘူး။
AI တွေကတော့ သူတို့ကိုယ်သူတို့ Improve ဖြစ်အောင် ခပ်မြန်မြန် လုပ်နိုင်ပါတယ်။
အဲ့တော့ လူတွေထက် ပိုပြီးတွေးခေါ်မျှော်မြင်နိုင်တဲ့ ASI တွေကို ဘယ်လိုထိန်းချုပ်နိုင်မလဲ?

ဒါကို Singularity လို့ခေါ်ပါတယ်။ Big Bang Theory ထဲက Singularity သဘောနဲ့ တူပါတယ်။ ပြောချင်တာက အချိန်တစ်ခု (Singular Period of Time) ကစပြီး အဲ့ဒီနောက်ပိုင်းဖြစ်လာသမျှကို ပြန်ပြောင်းလဲလို့ မရတော့ပါဘူး။ လူတွေရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ သူတို့အပေါ်များစွာ မူတည်သွားပါပြီ။

AI တွေကို Nano နည်းပညာတွေ ကိုင်တွယ်ဖို့ ပညာရှင်တွေက ရည်ရွယ်ပါတယ်။ တချို့ဆိုရင် Nano နည်းပညာမတိုးတက်ခင် ASI တွေအရင်တိုးတက်လာသင့်တယ်… ဘာလို့လဲဆိုတော့ လူတွေရဲ့ဦးနှောက်နဲ့ Nano နည်းပညာကို ကိုင်တွယ်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။
Nano နည်းပညာကို အသုံးပြုနိုင်ရင် ဖြစ်လာနိုင်တဲ့ ကောင်းကျိုးတွေ တော်တော်များပါတယ်။ Immortality ရနိုင်တယ်၊ VR တွေက ပိုပြီး Immersive ဖြစ်လာမယ်၊ ကိုယ့်ရဲ့ စိတ်ကို ကွန်ပြူတာပေါ် Upload လုပ်လို့ရကောင်း ရနိုင်တယ်။

Illustration of a Nanobot Repairing DNA

ဒီတော့ AI တွေကို လုံးဝပစ်ပယ်လို့ မရပါဘူး။ ဒါပေမယ့် အကောင်းဘက်က မြင်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဥပမာ AGI တွေနဲ့တော့ လူတွေယှဉ်လို့ရပါတယ်။ အဲ့ဒီအခါ သူတို့နဲ့ ယှဉ်တွဲနေထိုင်ရင်း သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို အဖြေရှာလို့ ရနိုင်ပါတယ်။
ပြောချင်တာက နွားလှည်းသုံးတဲ့ခေတ်မှာနေပြီး ကားဘယ်လိုမောင်းရမလဲဆိုတာ အဖြေရှာလို့ မရသလိုပါပဲ။

ဒါပေမယ့် ဒီအမြင်ဟာ AGI တွေရဲ့ တိုးတက်နှုန်းနှေးတယ်လို့ ယူဆထားပါတယ်။ ပညာရှင်အချို့ကတော့ AGI ကနေ ASI ပြောင်းဖို့ ရက်ပိုင်းပဲ ကြာလိမ့်မယ်လို့ ပြောပါတယ်။ အရင်အပုဒ်မှာ ရေးခဲ့တဲ့ Busy Child Scenario လိုပါပဲ။ ဒါကို Intelligent Explosion လို့ခေါ်ပါတယ်။

ဒီတော့ အမှားခံလို့မရဘူး။ ဘယ်လောက်ပဲသေးငယ်တဲ့ ဖြစ်တန်စွမ်းတစ်ခု ဖြစ်ပါစေ သေချာစဉ်းစားပြီးမှ ရှေ့ဆက်ရမှာပါ။ ဥပမာ အင်္ဂါဂြိုလ်ပေါ်ကို Mars Rover တွေလွှတ်တဲ့အခါ ဖြစ်တန်စွမ်းမှန်သမျှကို ကြိုတင်စဉ်းစားပြီး အကုန်လုံးအတွက် ဖြေရှင်းချက်တွေ ထည့်ထားပါတယ်။ AGI တွေကို မတီထွင်ခင် ပြဿနာမှန်သမျှကို Troubleshoot လုပ်ထားဖို့ လိုပါတယ်။

Silicon Valley မှာတော့ ဒီ Hypothetical အခြေအနေတစ်ခုကို စမ်းသပ်ပြတာ နာမည်ကြီးပါတယ်။ AI-Box Experiment လို့ခေါ်ပါတယ်။ ဒီစမ်းသပ်မှုမှာ Genius တစ်ယောက်က AI နေရာကနေပါတယ်။ သူ့ကိုတားဖို့ တစ်ဖက်က “လူ” နေရာမှာ နေတာက Silicon Valley ရဲ့ မီလီယံနာသူဌေးကြီးတွေပါ။
AI နဲ့ လူနဲ့ကြားမှာ Chat လို့ရအောင် လုပ်ပေးထားပါတယ်။ Genius က ကီးဘုတ်တစ်လုံးပဲ အသုံးပြုပြီး “လူ” တွေကို လိမ်ညာပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကနေ အမြဲလွတ်လွတ်သွားပါတယ်။

The Video is Audio Only.

သူတောင်မှ တစ်ဖက်လူတွေကို လိမ်နိုင်ရင် လူတွေထက် အဆပေါင်း ရာထောင်ချီပြီး တွေးခေါ်နိုင်တဲ့ ASI တွေဆို လူတွေကို ဘယ်လောက်လွယ်လွယ်နဲ့ လိမ်လို့ရမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့။
ဒါကြောင့် AI ပြဿနာဟာ ခေါင်းစားစရာ ဖြစ်နေတာပါ။

ကျွန်တော်တို့ သက်တမ်းစေ့နေနိုင်ခဲ့ရင်တော့ AGI အဆင့်လောက်ရှိတဲ့ AI ကိုတွေ့ဖို့ မျှော်လင့်မိပါတယ်။ အမှန်တကယ်လည်း ဒီလို ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။

ဖတ်မိတာ ရှိရင် AI အကြောင်းဆက်ရေးပါဦးမယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started