တစ်ဖက်လူကို အပြစ်တင် မစောကြစေချင်…

စာဖတ်သူတွေထဲ အိမ်မှာ Wifi တပ်ထားတဲ့သူတွေ ပါမှာပါ။ ဘယ်လိုင်းရွေးရွေး စျေးပေါတယ်ဆိုရင် တခါတခါ လိုင်းပြတ်တတ်ပါတယ်။ တချို့ဆို စျေးကြီးပေးတာတောင် လိုင်းက မကောင်းပါဘူး။ ဂိမ်းကစားခံနီးလို့ Ping က ဝါနေ၊ နီနေရင် ဒေါသထွက်ရပါတယ်။ ဂိမ်းဆော့နေတုန်းမှာ ဖြစ်ရင်တော့ ဒေါသက ငယ်ထိပ်ရောက်လာတာပေါ့။

ကျွန်တော်ဆိုရင် ဒီလိုဖြစ်လာတဲ့အခါ ချက်ချင်းတော့ ဖုန်းဆက်ပြီး လှမ်းမဆဲပါဘူး။ ကောင်းလာနိုးနိုးနဲ့ စောင့်တာပေါ့။ တစ်ရက်စောင့်တယ်… နှစ်ရက်စောင့်တယ်… ၃ရက်မြောက်တဲ့ထိ ဝေလေလေပဲဆိုရင်တော့ ဖုန်းဆက်ပါပြီ။ အဲ့ဒီအချိန်ထိ မဆဲသေးပါဘူး။

အကျိုးအကြောင်း မေးကြည့်ပါတယ်။ Customer Service တွေက တခါတခါမှာ ဘာဖြစ်နေလဲ သေချာမသိကြပါဘူး။ အဲ့ဒီအခါမှာ အလွတ်ကျက်ထားတဲ့ ဖြေရှင်းနည်းတွေ ပြောပါလိမ့်မယ်။ Restart လေးချကြည့်ပါ ဘာညာပေါ့။ အဲ့လိုဆိုရင် သူတို့စိတ်ကျေနပ်အောင် လုပ်ပေးလိုက်ပါတယ်။ နောက် နာရီဝက်လောက်နေလို့ လိုင်းမကောင်းသေးရင် ပြန်ဆက်ပါတယ်။ မဆဲသေးပါဘူး။

အဲ့အချိန်မှာ အကျိုးအကြောင်းထပ်မေးပါတယ်။ သူတို့ဘက်က ပြဿနာဖြစ်နေတာလား… ဆိုတာ သိအောင် သေချာမေးပါတယ်။ ဒီ Customer က မဆဲလောက်ဘူးဆိုတာ သေချာရင် ဘာကြောင့်လဲဆိုတာ ပြောတတ်ကြပါတယ်။ အဲ့လိုဆိုရင် ကျွန်တော် မဆဲတော့ပါဘူး။

သူတို့ဘက်က ဖြစ်နေတာ… ပြဿနာကို ပြေလည်အောင် ဖြေရှင်းနေတယ်… ရက်ပိုင်းတော့ စောင့်ရမယ်… ဆိုတာလောက် သိရင် ကျေနပ်သွားပါတယ်။ အဲ့လိုမဟုတ်ဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေရင်ပြီး ဘာမှရေရေရာရာမပြောဘဲ ရင့်လာရင်တော့ ဆဲပါပြီ။

ဒီလိုလုပ်တာဟာ မှန်လား၊ မှားလား ပြောချင်လို့ပါ။ ကျွန်တော်တို့တွေဟာ ဒေါသထွက်လွယ်ကြပါတယ်။ တစ်ခုခုအဆင်မပြေတာရှိရင် ကိုယ့်မျက်စိရှေ့မှာ မြင်နေရတဲ့သူကို ဆဲချင်ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စကိုဖြစ်လာအောင် သူတို့လုပ်နေတာလားဆိုတာ သေချာမသိကြပါဘူး။

အပေါ်က ပြောတဲ့ပြဿနာဆိုရင် လိုင်းမကောင်းအောင် သူတို့လုပ်နေတာမဟုတ်ပါဘူး။ မကောင်းတာက သူတို့ကုမ္ပဏီပါ။ ကိုယ်မကျေနပ်ရင် သူတို့ Service ကိုမသုံးရုံပါပဲ။
အဲ့တော့ ပြင်နေပါတယ်ဆိုတာကိုသာ သိရင် ဒီပြဿနာကို ကိုယ့်ဘာသာ အဖြေမရှာတော့ပါဘူး။ အချိန်တန်ရင် ပြေလည်သွားနိုင်တယ်လို့ စိတ်က သိသွားလို့ပါ။
Customer တွေနဲ့ဆက်ဆံဖို့ထားထားတဲ့လူက ပြောတာဆိုတာ အချိုးမပြေဘူးဆိုရင်တော့ သူတာဝန်မကျေတာ ဖြစ်သွားပါပြီ။ အဲ့လိုအချိန်မှာ ဆဲတာ မလွန်တော့ဘူးလို့ တွေးမိပါတယ်။

လူတွေက သူတို့အဆင်မပြေမှုတွေအတွက် တစ်ယောက်ယောက်ကို Blame ချင်ကြပါတယ်။ ဒါက မလွန်ပါဘူး။ ဒါပေမယ့် မှန်မှန်ကန်ကန် Blame နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ မဆိုင်တဲ့သူကိုသွားပြီး စိတ်ဒုက္ခပေးတာဟာ မကောင်းပါဘူး။

အနောက်နိုင်ငံတွေမှာတော့ လေ့လာမှုတွေအရ စားပွဲထိုးတွေဟာ ဟင်းပွဲအရသာမရှိရင် Tip ကောင်းကောင်းမရတော့ဘူးလို့ ဆိုပါတယ်။ သေချာစဉ်းစားကြည့်ရင် စားပွဲထိုးရဲ့ Service နဲ့ ဟင်းပွဲကောင်းခြင်း၊ မကောင်းခြင်း မဆိုင်ပါဘူး။ ဒါက စားဖိုမှူးရဲ့အလုပ်ပါ။ မကျေနပ်ရင် မန်နေဂျာကတစ်ဆင့် စားဖိုမှူးကို ပြောသင့်ပါတယ်။
ကိုယ်မမှာထားတာကို လာချတာ… ဆက်ဆံရေးမကောင်းတာ… ဆိုရင်တော့ သူအသုံးမကျတာ ဖြစ်သွားပါပြီ။

ကိုယ်အရမ်းသဘောကျတဲ့ နာမည်ကြီးအဆိုတော်၊ မင်းသား၊ မင်းသမီးတစ်ယောက်ယောက်ကို အပြင်မှာ တွေ့ဖူးချင်ကြမှာပါ။ သူဟာ သဘောကောင်းကြောင်း၊ တိရစ္ဆာန်လေးတွေကို ချစ်ကြောင်း၊ ပရဟိတလုပ်ကြောင်း သတင်းအတိုအထွာလေးတွေ တွေ့နေရတော့ ဒီလူရဲ့ Personality ကို ကိုယ့်စိတ်ထဲမှာ Stereotype တစ်ခုနဲ့ ပုံဖော်မိနေတတ်ပါတယ်။

အပြင်မှာ တကယ်တွေ့တဲ့အခါ ကိုယ်ထင်သလိုမျိုး ဖြစ်နေရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် အဲ့လိုဖြစ်ဖို့က မလွယ်ပါဘူး။ ဒါကြောင့် တော်တော်များများကတော့ ကိုယ်သဘောကျတဲ့ Cele တစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ မကြိုးစားသင့်ဘူးလို့ အကြံပေးကြပါတယ်။ သူလည်း လူပဲမို့ ကိုယ်သတ်မှတ်ထားတဲ့ စံတွေထဲကို လုံးလုံးလျားလျားဝင်ဖို့ ခက်မှာပါ။

အမေရိကမှာတော့ ကျောင်းသားတစ်ယောက်က စိတ်ရူးပေါက်ပြီး ဆရာတွေရော၊ ကျောင်းသားတွေရောကို ပစ်သတ်တဲ့အမှုတွေ ခဏခဏတွေ့ရပါတယ်။ တော်တော်များများကတော့ ကျောင်းသားရဲ့ စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခုလွဲနေတယ်လို့ ထင်ကြပါတယ်။ ဒါ့အပြင် ရှေ့မှာတစ်ယောက်က ဒီလိုလုပ်သွားတာကို သတင်းစာတွေမှာ အကျယ်တဝင့်ဖော်ပြကြတော့ သူတို့လည်း နာမည်ကြီးချင်လို့ လိုက်လုပ်ကြတာဆိုပြီး ထင်ကြပါတယ်။

ဒီလိုတွေးလိုက်တာဟာ စိတ်တော်တော်ရှင်းသွားစေပါတယ်။ ဒီကျောင်းသားက စိတ်ရူးပေါက်လို့… Metal နားထောင်လို့… (အရင်က တကယ်ပဲ ဒီလို Conclude လုပ်ထားတာပါ) ကြမ်းတမ်းတဲ့ Game တွေကစားလို့… စသဖြင့်ပေါ့။ ဒီကျောင်းသား ဒီလိုစိတ်ရူးပေါက်စေဖို့ အကြောင်းပြချက်တွေ ရှာကြတာပေါ့။ အဲဲ့တော့ သူတို့စိတ်ထဲမှာ စိတ်ရူးပေါက်စေတယ်လို့ ထင်တဲ့ကိစ္စတွေ အကုန်လုံးကို လွှဲချတော့တာပဲ။ (Gen Lee များ…)

ဒါပေမယ့် သိသင့်တာက လူတွေဟာ ရုတ်တရက်ကြီး ထပြီး စိတ်ရူးပေါက်ကုန်တာ မဟုတ်ပါဘူး။ သူတို့ကို ဒီလိုဖြစ်လာစေဖို့ တွန်းပို့တဲ့ကိစ္စတွေရှိပါတယ်။ ဒါတွေဟာ စိတ်ထဲမှာ တငွေ့ငွေ့နဲ့ ဖွဲမီးလို လောင်ကျွမ်းနေပါတယ်။ ဥပမာ အိမ်တွင်းရေးမပြေလည်တာ… ကျောင်းမှာ Bully လုပ်ခံရတာမျိုးပေါ့။
အချိန်တစ်ခုရောက်တဲ့အခါ သည်းမခံနိုင်တော့တဲ့အဆုံး ဒီလမ်းကို လိုက်ကုန်တာပါ။

ဒီလိုမြင်လိုက်ရင် လူတိုင်းက စိတ်ရူးပေါက်ပြီး ကိုယ့်ကို ပစ်သတ်ဖို့ Potential ရှိသွားပါတယ်။ ဒါကြောင့် စိတ်က ဒီလိုမတွေးချင်ပါဘူး။ တွေးလိုက်ရင် အမြဲတမ်း အကြောက်တရားတစ်ခုနဲ့ နေရတော့မယ်လေ။

ဒီအခါမှာ ပတ်ဝန်းကျင်ကြောင့်လား… Personality ကြောင့်လားဆိုတာ မေးစရာဖြစ်လာပါတယ်။ တော်တော်များများကတော့ ခပ်လွယ်လွယ်ပဲ Personality ကို Blame ကျပါတယ်။ လူယုတ်မာဆိုတော့ လူယုတ်မာ အလုပ်ကို လုပ်မှာပေါ့ဆိုပြီး တွေးလိုက်ရင် ကိစ္စပြတ်တာပဲလေ။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုဟာလည်း အတိုင်းအတာတစ်ခုအထိ အရေးပါပါတယ်။

“သူက လူအုပ်ကြီးကို မြင်ရင် စိတ်မသက်သာဘူး… ဒီတော့ လူရှုပ်ရှုပ်နေရာတွေကို မသွားတတ်ဘူး” လို့ ပြောမယ့် အစား “သူကရှက်တတ်တယ်” လို့ပြောလိုက်ခြင်းဟာ Personality တစ်ခုကို စိတ်ထဲက တည်ဆောက်လိုက်တာပါပဲ။ နောက်တစ်ခါသူ့ကို မြင်ရင် “အော်… ရှက်တတ်တဲ့ ကောင်လေးပဲ” ဆိုပြီး စိတ်က အလွယ်တွေးလို့ရသွားတာပေါ့။

ဥပမာ ကိုယ့်သူငယ်ချင်းတစ်ယောက်က ဘဲနဲ့ပြတ်သွားတယ်ဆိုပါစို့။ အဲ့ဒီအကြောင်း ကိုယ့်ကို လာပြောပြတယ်။ တကယ်ပြတ်ပြီ… ဘယ်လိုချော့ချော့ ပြန်မတွဲတော့ဘူး ဘာညာပေါ့။ ဒါကို ယုံခြင်း၊ မယုံခြင်းဟာ သူ့ရဲ့အတိတ်နဲ့ တိုက်ပြီး ဆုံးဖြတ်ရမှာပါပဲ။
အရင်ဘဲတုန်းကလည်း ဒီလိုပဲပြောပြီး ပြန်တွဲတယ်… ပြီးတော့ ပြတ်သွားတယ်… ပြီးတော့ ပြန်တွဲတယ်… ပြီးတော့မှ တကယ်ပြတ်သွားတယ်ဆိုရင်တော့ အခုတစ်ခေါက်ပြတ်တယ်ဆိုတာ တကယ်ဟုတ်ချင်မှ ဟုတ်မှာပါ။ ကြား ၃ကြား မဝင်ကောင်းဘူး… အတင်းတွေပြောပြီး ပြန်တွဲသွားရင် ကိုယ့်စကားတွေပဲ လွန်ကုန်မယ်လို့ တွေးပြီး အတင်းတုပ်ချင်နေတဲ့ ပါးစပ်ကို ထိန်းထားသင့်ပါတယ်။ ဒါပေမယ့် အရင်ဘဲတုန်းကလည်း ပြတ်ပြီဆို တိခနဲပဲလို့ သိရင်တော့ တကယ်ဖြစ်နိုင်တယ်လို့ တွေးနိုင်ပါတယ်။
ဒါတွေဟာ သူ့ရဲ့ Behaviour သည် Consistent ဖြစ်လား၊ မဖြစ်လားဆိုတာကို ပြန်ကြည့်လိုက်တာပါ။

ဒီလိုလုပ်တာဟာ ကိုယ့်ဘော်ဒါအရင်းကြီးတွေ၊ ကိုယ့်မိတ်ဆွေတွေကိုတော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် လမ်းမှာ စည်းကမ်းဖောက်တဲ့ ကားသမားတွေ၊ မီးစိမ်းနေပေမယ့် ဖင်လေးနေတဲ့ ကားသမားတွေကိုတော့ ဒီနည်းနဲ့တွေးလို့ မရပါဘူး။ သူတို့အကြောင်း ကိုယ်မှမသိတာ။
အဲ့တော့ လူတွေဟာ တစ်ဖက်လူရဲ့ Consistency ကိုမသိနိုင်တဲ့အခါ Personality ကိုပဲ Blame လိုက်ကြပါတယ်။ ကားသမားတွေက လူမိုက်တွေများတယ် ဆိုတာမျိုးဖြစ်လာတာပေါ့။

စမ်းသပ်ချက်တစ်ခုကို ပြောပြချင်ပါတယ်။ ယောက်ျားတွေကို ခပ်ချောချော အမျိုးသမီးသရုပ်ဆောင်တစ်ယောက်နဲ့ တစ်ယောက်ချင်းစကားပြောခိုင်းပါတယ်။ ပြောပြီးတဲ့အခါ အမျိုးသမီးက ဒီယောက်ျားတွေအပေါ် သူ့ရဲ့ Impression ကိုရေးပါတယ်။ Negative လား Positive လားဆိုတာ စမ်းသပ်သူရေးခိုင်းတဲ့အတိုင်း ရေးပါတယ်။ ဒီအကြောင်း ယောက်ျားတွေကို ပြောပြထားပါတယ်။

ထူးဆန်းတာက Negative Impression ရတဲ့ယောက်ျားတွေဟာ ဒီအမျိုးသမီးက သူ့အလုပ်သူလုပ်နေတာ… ပေးချင်လို့ ပေးတာမဟုတ်ဘူးလို့ လက်ခံပါတယ်။ Positive Impression ရတဲ့သူတွေကတော့ သူ့အလုပ်သူလုပ်နေတယ်ဆိုတာ သိပေမယ့် သူတို့ကို သဘောကျတာ နည်းနည်းတော့ပါရမယ်လို့ ထင်ကြပါတယ်။

ဒါကြောင့် ကုမ္ပဏီတွေဟာ အရောင်းစာရေးမ ချောချောတွေကို ငှားချင်ကြတာပါ။ အလုပ်သဘောအရဆိုတာ သိပေမယ့် သူတို့ကို သဘောကျတာ နည်းနည်းတော့ပါရမယ်လို့ လူတွေက ထင်တတ်ကြပါတယ်။ ဆေးကုမ္ပဏီတွေဟာ ဆရာဝန်ကြီးတွေကို ချဉ်းကပ်ကြတဲ့အခါ ဒီနည်းကိုသုံးတတ်ပါတယ်။

ဒီလိုအလွဲတွေဟာ နေ့စဉ်ဘဝမှာ အများကြီးပါပဲ။ ဆင်းရဲတဲ့သူတွေဟာ ပျင်းလို့၊ ကိုယ့်ကို ရိုးရိုးသားသား စကားလာပြောတာတောင် စိတ်ဝင်စားလို့ စတာတွေပေါ့။ ဘာကြောင့် ဒီလိုပြုမူနေရတာလဲဆိုတဲ့ Cause ကိုရှာတဲ့အခါ Personality ကိုပုံချမိတတ်ပါတယ်။

ဒီတော့ တစ်ဖက်လူ Professional မပီသတဲ့အခါ သူ့ကို Blame နိုင်ပါတယ်။ ဒါပေမယ့် သူနဲ့မဆိုင်တဲ့ကိစ္စတစ်ခုအတွက်နဲ့ သူ့ကို စိတ်ဒုက္ခမပေးသင့်ပါဘူး။ Personality တွေကို Stereotype တွေလိုမြင်တာဟာ လွဲနိုင်ပါတယ်။ ပြဿနာတိုင်းကို တဖက်လူရဲ့ Personality ကြောင့်ဆိုပြီး အပြစ်ပုံချလို့မရပါဘူး။ ပတ်ဝန်းကျင်အခြေအနေတွေကို ကြည့်ဖို့လိုအပ်ပါသေးတယ်။ နည်းမှန်လမ်းမှန်နဲ့ Blame နိုင်ကြပါစေခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သိစိတ်ကို ကွန်ပြူတာပေါ် Upload လုပ်လို့ရလား?

ဂြိုလ်သားတွေ ဘယ်မှာလဲ? ဆိုတဲ့ Article အဆုံးမှာ Civilization တစ်ခုဟာ သူတို့ရဲ့သိစိတ်ကို ကွန်ပြူတာပေါ် Upload လုပ်ပြီး နေထိုင်သွားလို့ရတယ်လို့ ရေးခဲ့ပါတယ်။
အခု လူတွေအနေနဲ့ရော အဲ့လိုလုပ်လို့ ရမရ ပြောချင်တာပါ။

စကြဝဠာက အကျယ်ကြီးဆိုရင် ဂြိုလ်သားတွေဘယ်မှာလဲ?
https://ouo.io/YZewKM

ပထမဦးဆုံး မေးခွန်းတစ်ခုနဲ့ စရပါလိမ့်မယ်။ ဘာကို Upload လုပ်မှာလဲ? သိစိတ်ကို လုပ်မှာပေါ့။
ဒီတော့ သိစိတ်ဆိုတာ ဘာလဲမေးရပြန်ပါတယ်။ သိစိတ်ဆိုတာ ဦးနှောက်ထဲက အာရုံကြောလေးတွေမှာ ဖြတ်စီးသွားတဲ့ လျှပ်စီးကြောင်းတွေကနေ ဖြစ်ပေါ်လာတာပါ။
ဦးနှောက်ရဲ့ဘယ်အပိုင်းမှာ သိစိတ်ရှိလဲဆိုတာ ပြောဖို့ခက်ပါတယ်။ တချို့အပိုင်းတွေဟာ သိစိတ်နဲ့ ဆက်စပ်မှုရှိတယ်လို့ သိကြပေမယ့် တခါတခါလည်း အစိတ်အပိုင်း ၂ခုပေါင်းလိုက်မှ သိစိတ်လိုဖြစ်လာတာတွေလည်း ရှိပါတယ်။

ဒီတော့ Upload လုပ်ဖို့ ယူဆချက် ၃ခုရှိဖို့ လိုအပ်ပါတယ်။ ပထမတစ်ခုက Physicalism ပါ။ ကိုယ့်ရဲ့သိစိတ်က ကိုယ့်ဦးနှောက်ထဲမှာပဲ ရှိရမယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ သိစိတ်ဆိုတာ လျှပ်စီးကြောင်းလေးတွေ၊ Neurotransmitters လေးတွေကြောင့် ဖြစ်ပေါ်လာတာပါ။ ဒီလိုယူဆလိုက်ခြင်းအားဖြင့် စိတ်ကို Upload လုပ်ခြင်းကို သိပ္ပံနည်းကျတွေးကြည့်လို့ ရသွားပါတယ်။ ဒါတွေကို Biochemistry သဘောအရ သေချာရှင်းပြနိုင်လို့ပါ။

ဒုတိယယူဆချက်ကတော့ Scanability ပါ။ အခုခေတ်မှာတော့ ဦးနှောက်ကို Scan လုပ်တဲ့နည်းပညာက အရမ်းအဆင့်မမြင့်သေးပါဘူး။ ကျွန်တော်တို့ရိုက်တဲ့ CT, MRI, fMRI ဆိုတာ Scan လုပ်နေတာပါ။ ဒါပေမယ့် သူတို့က ဦးနှောက်ရဲ့အစိတ်အပိုင်းအားလုံး (အာရုံကြောဆဲလ်တွေပါမကျန်) ကို Scan မလုပ်နိုင်ပါဘူး။ သူတို့မြင်ရတာက ဆဲလ်တွေပေါင်းထားတဲ့ အစိုင်အခဲကြီးပါပဲ။

ဒါပေမယ့် တစ်နေ့မှာ ဆဲလ်တွေပါမကျန် အတိအကျ Scan လုပ်နိုင်တဲ့ နည်းပညာပေါ်လာတယ်ဆိုကြပါစို့။
ဒါဆိုရင် အပေါ်က ပထမအယူအဆနဲ့ တွဲလိုက်တဲ့အခါ သိစိတ်ကို Upload လုပ်ဖို့ ဖြစ်တန်စွမ်းတစ်ခု ရှိလာပါတယ်။
မြင်အောင်ပြောရရင် Scan လုပ်တာက ရုပ်ပိုင်းစိတ်ရာ (Structural) အတွက်ဖြစ်ပြီး လျှပ်စီးကြောင်းတွေကနေ သိစိတ်ဖြစ်တယ်လို့ ယူဆလိုက်ခြင်းဟာ Function ကိုရှင်းပြလိုက်ခြင်း ဖြစ်ပါတယ်။

နောက်ဆုံးယူဆချက်ကတော့ Computability ပါ။ ဆိုလိုတာက Computer Software တွေဟာ သိစိတ်ကို လက်ခံနိုင်ပါတယ်။ မြင်အောင်ပြောရရင် သိစိတ်ကို လက်ခံနိုင်တဲ့ Software တစ်ခုကို ရေးနိုင်တဲ့အခါ ကွန်ပြူတာက သိစိတ်ဖြစ်စေတဲ့ Information တွေအကုန်လုံးကို Host လုပ်နိုင်စွမ်းရှိတာကို ပြောချင်တာပါ။
သိစိတ်ဟာ အမှန်တကယ်ပဲ လျှပ်စီးကြောင်းတွေကြောင့် ဖြစ်လာတာမှန်ရင် ဒါကိုပြန်ပြီး တုပဖို့ မခက်ခဲပါဘူး။

ဒီအယူအဆ ၃ခုပေါင်းလိုက်ရင် သိစိတ်ကို ကွန်ပြူတာပေါ်မှာ Upload လုပ်နိုင်ဖို့ အခြေအနေကောင်းတစ်ခု ဖြစ်လာပါတယ်။ ခုချိန်ထိတော့ လက်ခံတဲ့သူနဲ့ လက်မခံတဲ့သူတွေကြားမှာ ငြင်းခုန်နေကြဆဲပါ။ ဘာလို့လဲဆိုတော့ အခြေခံကျတဲ့မေးခွန်းတစ်ခုဖြစ်တဲ့ သိစိတ်ဘယ်နားမှာ ရှိသလဲဆိုတာတောင် သေချာမပြောနိုင်ကြသေးလို့ပါ။
ဒါကြောင့် ဆက်ရေးမယ့် စာတွေကို ဆားနည်းနည်းခပ်ပြီး ဖတ်ပေးပါ။

ဦးနှောက်ထဲမှာ အာရုံကြောဆဲလ် (Neurons) ပေါင်း ၁၀၀ ဘီလီယံရှိပါတယ်။ သူတို့အချင်းချင်း ချိတ်ဆက်ထားတဲ့ လမ်းပေါင်း 1 quadrillion ရှိပါတယ်။ လမ်းကြောင်းတစ်ခုစီကနေ ပို့နေတဲ့ Signal ပေါင်း ၁ စက္ကန့်ကို ၁ထောင်ရှိတယ်။ ဒါ့အပြင် Hormone တွေကလည်း ဒီ Signal တွေအပေါ်မှာ သက်ရောက်မှုရှိနေတယ်။

ဒီတော့ ဒီလောက်များတဲ့ Information တွေကို ဘယ်လို Scan လုပ်ကြမလဲဆိုတာ ခက်ခဲတဲ့မေးခွန်းတစ်ခု ဖြစ်လာတယ်။

ခုခေတ်နည်းပညာနဲ့ကတော့ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ဖြစ်လာဖို့ Potential ရှိတဲ့နည်းလမ်းတစ်ခုအကြောင်း ပြောပြချင်ပါတယ်။
ဦးနှောက်ကို အပိုင်းပိုင်းဖြတ်ပြီး အလွှာလေးတွေလှီးလိုက်တယ်။ တစ်လွှာချင်းဆီကို Electron Microscope တစ်ခုအောက်မှာ ကြည့်ပြီး မှတ်တမ်းတင်တာပါ။ ဒါဆိုရင် ဆဲလ်တစ်လုံးခြင်းဆီရဲ့ နေရာ၊ အလုပ်လုပ်ပုံတွေကို သေချာမြင်နိုင်ပါပြီ။

၂၀၁၉ ခုနှစ်တုန်းက ပညာရှင်တွေဟာ ဒီနည်းကိုသုံးပြီး ကြွက်ဦးနှောက်ကို Map လုပ်ခဲ့ဖူးပါတယ်။ ကြွက်ဦးနှောက်တစ်ခုလုံးကို လုပ်တာမဟုတ်ပါဘူး။ 1mm3 ပဲလုပ်တာပါ။ အဲ့ဒီအထဲမှာ အာရုံကြောဆဲလ်ပေါင်း ၁သိန်းပါပါတယ်။
ကြွက်ဦးနှောက်ရဲ့ 1mm3 ကို အစိတ်ပေါင်း ၂၅၀၀၀ စိတ်လိုက်ပါတယ်။ ပြီးတော့ Electron Microscope ၅ခုဟာ ၂၄နာရီမရပ်မနား ၅လတိတိ Scan လုပ်ပါတယ်။
ရလာတဲ့ ဓာတ်ပုံတွေကို 3D ပုံဖြစ်အောင်ပြန်စီဖို့ အချိန် ၃လကြာပါတယ်။ အဲ့ဒီ Data က ဘယ်လောက်တောင်များလဲဆိုရင် 2 million Gigabytes ရှိပါတယ်။

ဒါက ကြွက်ဦးနှောက်ရဲ့ အစိတ်အပိုင်းသေးသေးလေးတစ်ခုကို Map လုပ်တာပါ။ လူတွေဆိုရင် ဒီထက် အဆတစ်သန်းလောက် Data တွေပိုလိုဦးမှာပါ။ အချိန်ဘယ်လောက်ကြာမလဲဆိုတာကတော့ တွေးတောင် မတွေးကြည့်ချင်တော့ပါဘူး။

ပြီးတော့ လူရဲ့ဦးနှောက်က ရှုပ်ထွေးပါတယ်။ ဥပမာ Dopamine Hormone ဆိုရင် လူတွေမှာ အကျင့်စရိုက် (Habit) တွေကို ဖြစ်ပေါ်စေတယ်။ Serotonin ဆိုရင်လည်း ပျော်ရွှင်မှုကိုဖြစ်စေတယ်။ ဒီတော့ Hormone တွေရဲ့ Molecular Structure တွေပါပါအောင် Scan လုပ်ဖို့လိုလာပါတယ်။
မဟုတ်ရင် Upload လုပ်တဲ့အခါ ခံစားချက်မရှိဘဲ ဖြစ်နေနိုင်ပါတယ်။ ဒီတော့ လူတစ်ယောက်ရဲ့ ဦးနှောက်ကို Scan လုပ်ရင် ကမ္ဘာမှာရှိတဲ့ Data Storage တွေထက်တောင် ပိုလိုမယ်လို့ ပြောကြပါတယ်။

ဒါတွေ အကုန်ဖြစ်နိုင်တယ်ပဲ ထားပါတော့…။ ဦးနှောက်ရဲ့မြေပုံကို တိတိကျကျရေးဆွဲနိုင်ခြင်းဟာ သိစိတ်ဖြစ်လာစေမယ်ဆိုပြီး အာမခံလို့မရသေးပါဘူး။ မော်လီကျူးအဆင့်လောက်ထိလိုက်ပြီး ဦးနှောက်က ဆောင်ရွက်နေတဲ့အတိုင်း ဖန်တီးနိုင်ရင်တော့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် နည်းပညာမရှိသေးပါဘူး။

အခုပြောတာတွေ အကုန်လုံးက ဦးနှောက်ကို လေ့လာတာနဲ့ သိစိတ်ကို သိနိုင်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် သိစိတ်ဆိုတာ ဦးနှောက်ထဲမှာ မရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ကဖြစ်လာမှန်း မသိဘူးဆိုပါတော့။ ဒီလိုဆိုရင် နည်းပညာဘယ်လောက် တိုးတက်တိုးတက်၊ သိစိတ်ကို သိဖို့မလွယ်တော့ပါဘူး။
ကြက်သားရယ်၊ အာလူးရယ်၊ မဆလာရယ် ရောလိုက်ရုံနဲ့ ကြက်သားဟင်းတစ်ခွက် ဖြစ်မလာသလိုပါပဲ။

ဒါဆို ဒီအကြောင်းကို ဘာလို့များဆက်ပြီး လေ့လာနေကြသေးတာလဲ? တခြားအသုံးလိုတဲ့၊ လက်တွေ့ကျတဲ့နေရာတွေမှာ ဒီငွေတွေကို သုံးလိုက်ပါတော့လားလို့ မေးချင်ကြမှာပါ။
ဦးနှောက်တစ်ခုလုံးကို Computer ပေါ် Upload မလုပ်နိုင်ရင်တောင်မှ ဒါကိုလေ့လာရင်း အကျိုးရှိမယ့်နည်းပညာ တိုးတက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ဥပမာ ခံစားချက်တွေဘယ်လိုဖြစ်လာသလဲ သေချာနားလည်သွားရင် ခံစားချက်တွေကို လှိုင်းတစ်ခုနဲ့ထိန်းချုပ်လို့ရအောင် တီထွင်လို့ရနိုင်ပါတယ်။ ဒါဆိုရင် စာမေးပွဲဖြေခါနီး အရမ်းစိတ်ပူနေမှာ မဟုတ်တော့ပါဘူး။

သိစိတ်ကို Computer ပေါ် Upload တင်ဖို့ စမ်းသပ်တာ အောင်မြင်သွားပြီဆိုပြီး ယူဆလိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ စိတ် Copy တစ်ခုက Digital Version ဖြစ်သွားပါပြီ။ ဒီတော့ လူသာသေချင်သေမယ်၊ စိတ်က ကွန်ပြူတာထဲမှာ ထာဝရအသက်ရှင်နေတော့မှာပေါ့။
Game တွေထဲကို ကိုယ်တိုင်ဝင်ဆော့လို့ရသလို အတိတ်ကိုပြန်သွားပြီးလည်း ဘဝတစ်ခုထူထောင်လို့ရမှာပါ။ ကိုယ်ဖြစ်ချင်တာဖြစ်လို့ရပြီဆိုတာကို ပြောချင်တာပါ။ လိုအပ်တာက Simulation ပါပဲ။

ဥပမာ ကျွန်တော်တို့ Computer Game တွေဆော့လို့ရတာဟာ ဒီ Game ကိုတီထွင်ထားတဲ့သူတွေကြောင့်ပါ။ ဒါကြောင့် သိစိတ်ကို Upload လုပ်တဲ့အခါ လူတွေလိုက်ပါစီးမျောနိုင်မယ့် Simulation တွေကို တီထွင်ထားရင် ကိုယ်ဖြစ်ချင်တာ ဖြစ်လို့ရပါပြီ။ (Digital ကမ္ဘာထဲမှာပေါ့…)
ဒါပေမယ့် ကွန်ပြူတာမှာ File တွေ Corrupt ဖြစ်နိုင်သလိုပဲ Upload လုပ်ထားတဲ့ စိတ်ဟာလည်း ပျက်စီးယိုယွင်းသွားနိုင်ပါတယ်။

ဒီနည်းပညာသာ တကယ်ဖြစ်လာခဲ့ရင် လက်တွေ့ဘဝနဲ့ အတုယောင်ဘဝကြားမှာ အလွှာပါးပါးလေးပဲ ရှိတော့မှာပါ။ စိတ်ပျက်စရာကောင်းတဲ့ လက်တွေ့ဘဝထဲကနေ ခဏတာရှောင်ထွက်ဖို့ ရုပ်ရှင်တွေကြည့်၊ ဂိမ်းတွေဆော့တတ်ကြပါတယ်။ ဒီလိုသာ သိစိတ်ကို Upload လုပ်ပြီး ကိုယ်လုပ်ချင်တာလုပ်လို့ရသွားရင် လက်တွေ့ဘဝထဲမှာ နေတဲ့သူတွေ ရှိပါဦးမလားဆိုတာ စဉ်းစားစရာပါပဲ။

ခုချိန်ထိတော့ နည်းပညာအရမဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ကြွက်ဦးနှောက်ရဲ့ တစိတ်တပိုင်းကိုတောင် အတိအကျ Scan လုပ်နိုင်ပြီဆိုတော့ လူဦးနှောက်ကိုလည်း ဖြစ်လာနိုင်ပါတယ်။ တချိန်မှာ ဒါဟာ တကယ်ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လက်ကိုဆပ်ပြာနဲ့ဆေးတာရယ် အရက်ပြန်နဲ့ဆေးတာရယ်မှာ ဘာကပိုကောင်းလဲ?

ကိုဗစ်ကိုကာကွယ်ဖို့အတွက် လက်ဆေးဖို့ပြောကြတာ ခဏခဏကြားရမှာပါ။ လက်ဆေးခိုင်းတယ်ဆိုတာ လက်ကိုဖောက်ပြီးရောဂါပိုးကဝင်နိုင်လို့မဟုတ်ပါဘူး။လက်မှာရောဂါပိုးပါလာရင် နှာခေါင်း၊ ပါးစပ်နဲ့ မျက်စိတွေကို ကိုင်မိရင် ပိုးကအလွယ်တကူဝင်သွားနိုင်လို့ပါ။

COVID-19 ရောဂါပိုးက virus ပိုးဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို phospholipid လို့ခေါ်တဲ့ အဆီပြင်နဲ့၂ထပ်ကာထားပါတယ်။ Phospholipid bilayer လို့ခေါ်ကြပါတယ်။ အဲ့အဆီပြင်အလွှာက ရောဂါပိုးအတွက်မရှိမဖြစ်အရေးပါပါတယ်။

ထိုအဆီပြင်အလွှာသာ ပေါက်ပြဲသွားရင် ရောဂါပိုးကလဲ အလိုလိုသေသွားမှာဖြစ်ပါတယ်။ အဆီပြင်အလွှာပေါ်မှာ virus ပိုးအတွက်အရေးကြီးတဲ့ protein spike တွေလဲပါတာမို့ အဆီပြင်အလွှာသာမရှိရင် ပိုးကဘာမှလုပ်လို့မရတော့ပါဘူး။

ဆပ်ပြာက အဆိုပါ အဆီပြင်ကြားထဲကို ဝင်ရောက်ပြီး အဆီ molecule တခုနဲ့တခုချိတ်ထားတဲ့နေရာကို ပြုတ်ထွက်သွားစေပါတယ်။ အဆီကြားကို ထိုးဖောက်ပြီး အလွယ်တကူပျက်စီးသွားအောင်ဖျက်ဆီးလိုက်တဲ့အတွက် ရောဂါပိုးက ပျက်စီးသွားပြီး သေသွားရပါတယ်။

ရေနဲ့ဆေးချလိုက်တော့ သေပြီးသားပိုးမွှားအပိုင်းအစလေးတွေက တခါတည်း ရေနဲ့အတူပါသွားလို့ သန့်သွားပါတယ်။ အရက်ပြန်ကလဲ ထိုနည်း၎င်းပါပဲ။

CDC ရဲ့အဆိုအရ 60% ကနေ 95% alcohol ပါတဲ့အရက်ပြန်က ကိုဗစ်ကိုအလွယ်တကူသေစေနိုင်ပါတယ်။
Ethanol ပဲဖြစ်ဖြစ် ၊ isopropyl alcohol ပဲဖြစ်ဖြစ် သုံးလို့ရပါတယ်။

အရက်ပြန်ကလဲ အဆီပြင်အလွှာကိုဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
ပိုထူးခြားတာက အရက်ပြန်က ဆပ်ပြာလို အဆီကြားတနေရာကိုရှာကာ
ထိုးဖောက်ပြီးဖျက်ဆီးတာမဟုတ်ဘဲ virus ပိုးအခွံတခုလုံးကို ပတ်ပတ်လည်ဖျက်ဆီးလိုက်တဲ့သဘောပါ။

ဒါဆို ဆပ်ပြာနဲ့ အရက်ပြန် ဘယ်ဟာကပိုကောင်းသလဲလို့ မေးရင် ၂ခုလုံးကအလုပ်ဖြစ်ပြီး အားသာချက် အားနည်းချက်ကိုယ်စီပါပဲ။ ရေနဲ့ဆပ်ပြာက ရောဂါပိုးအပြင် လက်မှာကပ်နေတဲ့ တခြားသောအညစ်အကြေးတွေ၊ ဆီချေးတွေ၊ ဖုန်နဲ့ အဆိပ်အတောက်တွေကိုပါ စင်ကြယ်အောင်ဖယ်ရှားပေးနိုင်တဲ့ အားသာချက်ရှိပါတယ်။

ဒါ့အပြင် ဆပ်ပြာက ကြာကြာပွတ်တိုက်တဲ့အခါ အမြုပ်တွေထွက်လာရင် အမြုပ်တွေက လက်တခုလုံးကိုပျံ့နှံ့သွားလို့ လက်ကြိုလက်ကြားတွေကိုပိုရောက်စေပါတယ်။ ဆပ်ပြာနဲ့ဆေးရတာက အချိန်တခုပေးရလို့ ပိုးနဲ့ဆပ်ပြာထိတွေ့ချိန်ပိုကြာပြီး ပိုးကိုသေချာ သေစေနိုင်ပါတယ်။

ဆပ်ပြာရဲ့အားနည်းချက်က နေရာတကာမှာ အလွယ်တကူဆေးလို့မရတာရယ် လက်ဆေးဖို့ရေလိုတဲ့အတွက် ရေမရှိတဲ့နေရာ ရေရှားတဲ့ဒေသကိုရောက်ရင် အဆင်မပြေဖြစ်နိုင်ပါတယ်။ အရက်ပြန်ရဲ့အားသာချက်က နေရာတကာကို ယူသွားလို့ရပြီး လိုတဲ့အခါ ထုတ်သုံးလိုက်လို့ရတာပါ။

ဒါပေမယ့် အရက်ပြန်က လက်တခုလုံးကိုသေချာ ပြန့်သွားဖို့လိုပြီး နည်းနည်းပဲသုံးလို့အဆင်မပြေပါဘူး။ ဒါ့အပြင် အရက်ပြန်ကို ခြောက်တဲ့အထိစောင့်ပေးဖို့လိုပြီး မြန်မြန်ခြောက်အောင်အဝတ်နဲ့သုတ်ပစ်လိုက်တာတို့ မလုပ်သင့်ဘဲ သဘာဝလေနဲ့ပဲ ခြောက်အောင်စောင့်သင့်ပါတယ်။ လက်ဆေးတဲ့အခါမှာလဲ အနည်းဆုံး စက္ကန့် ၂၀ကြာအောင်ဆေးရမှာဖြစ်သလို အရက်ပြန်သုံးရင်လဲ အရက်ပြန် ခြောက်သွားတဲ့အထိ စောင့်ရပါမယ်။

ဆပ်ပြာနဲ့ရေရှိရင် ဆပ်ပြာနဲ့ရေကို ပိုသုံးသင့်တယ်လို့ CDC ကတိုက်တွန်းထားပါတယ်။

ဒါပေမယ့် တချို့သောအကောင်တွေကိုတော့ ဆပ်ပြာထက် အရက်ပြန်ကပိုသတ်ပေးနိုင်တယ်လို့လဲဆိုပါတယ်။ ဥပမာ တုပ်ကွေးရောဂါကိုဖြစ်စေတဲ့ rhinovirus ဆိုရင် capsid အလွှာပါလို့ အရက်ပြန်က ပိုထိရောက်တယ်လို့ဆိုပါတယ်။

ပိုကောင်းတာကတော့ အရက်ပြန်သုံးပြီး ဆပ်ပြာနဲ့ရေထပ်ဆေးတာက ပိုစိတ်ချရပါတယ်တဲ့။
ဘယ်အကောင်က ဘယ်နည်းနဲ့ပိုးသတ်ရမလဲဆိုတာ တကောင်နဲ့တကောင်မတူတာမို့လို့ အချိန်နဲ့တပြေးညီ ယုံကြည်ရတဲ့သတင်းတွေကိုလိုက်လေ့လာဖို့လိုပါမယ်။

လက်ရှိအချိန်အထိတော့
ဆပ်ပြာနဲ့ရေကိုသုံးတာက ဘက်စုံသုံးထိရောက်မှုရှိပြီး အရက်ပြန်ကိုသုံးတာကလဲ လွယ်ကူလျင်မြန်စွာပိုးသတ်နိုင်လို့ မိမိသင့်တော်သလို အသုံးပြုလို့ရပါတယ်။

ဘာနည်းနဲ့ပဲ ပိုးသတ်ပါစေ… အချိန်တခုစောင့်ပြီးသေချာပိုးသတ်ဖို့နဲ့ ဆပ်ပြာဖြစ်ဖြစ်၊အရက်ပြန်ဖြစ်ဖြစ်လုံလောက်တဲ့ပမာဏကို သုံးပြီးပိုးသတ်ဖို့လိုပါမယ်လို့ပြောပါရစေ။

Dr. Venice

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကြောင်တွေ ခွေးတွေက သခင်နဲ့အပြင်လောကကို ဘာအရောင်တွေအနေနဲ့မြင်ရသလဲ?

Colourblind အကြောင်းရှာဖတ်ရင်းနဲ့ ရုတ်တရက်သိချင်လာတာက ခွေးလေးတွေ ကြောင်လေးတွေကရော သူတို့သခင်နဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုအရောင်နဲ့မြင်ရသလဲဆိုတာ တွေးမိပြီး ရှာဖတ်မိပါတယ်။ ခွေးတွေကြောင်တွေကရော colour blind များရှိကြသလားပေါ့။

အရင်ဆုံး ကြောင်လေးတွေအကြောင်း ပြောပြချင်ပါတယ်။

ကြောင်နဲ့ လူတွေရဲ့ colour vision ကခပ်ဆင်ဆင်တူပါတယ်။ လူတွေရဲ့ မြင်လွှာ (retina) မှာ အလင်းရောင်ကိုသိတဲ့ ဆဲလ် ၂မျိုးရှိပါတယ်။ တုတ်ချောင်းနဲ့တူတဲ့ဆဲလ်တွေကို rod receptors လို့ခေါ်ပါတယ်။ rods တွေက အလင်းအားနည်းတဲ့အခါမှာ ကြည့်လို့မြင်အောင်ကူညီပေးပါတယ်။

ကန်တော့ခွက်ပုံနဲ့တူတဲ့ ဆဲလ်တွေကိုတော့ cone receptors လို့ခေါ်ပါတယ်။ Cone receptors တွေကတော့ အရောင်ကိုသိပြီး colour vision မှာအသုံးကျပါတယ်။

ကြောင်တွေမှာက rods တွေပိုများလို့ ညဖက်အလင်းရောင်နည်းတဲ့အခါ night vision ပိုကောင်းပါတယ်။
ဒါပေမယ့် ကြောင်တွေမှာ cone receptor ကျတော့ လူတွေထက်ပိုနည်းလို့ အရောင်တွေကို လူတွေလောက် စိုစိုပြေပြေမမြင်ရပါဘူး။

လူတွေမှာ နီစိမ်းပြာဆိုပြီး cone receptors ၃မျိုးရှိလို့ trichromats လို့ခေါ်ပါတယ်။ ကြောင်တွေကလဲ trichromats ဖြစ်တယ်လို့ဆိုပေမယ့် အရောင်တိုင်းကိုတော့ လူလောက်မမြင်ရပါဘူး။

အောက်ကပုံမှာ လူမြင်ရတဲ့အရောင်နဲ့ ကြောင်တကောင်မြင်ရတဲ့အရောင်ကို ယှဥ်ပြထားပါတယ်။

လွယ်အောင်ပြောရရင် ကြောင်တွေရဲ့ အမြင်က လူတွေ colour blindရောဂါအပျော့စားတခု ဖြစ်သလိုမြင်ရတာပါ။ အပြာနဲ့အစိမ်းကိုတော့ မြင်ရပေမယ့် အနီစွက်တဲ့အရောင်တွေကိုတော့ ရောပြီးမြင်ရပါတယ်။

ကြောင်တွေရဲ့အမြင်က အစိမ်းကိုအများဆုံးမြင်ရတာဖြစ်လို့ မြင်မြင်သမျှ စိမ်းဖန့်ဖန့်ကြီးပဲဖြစ်နေမှာပါ။

ဒါ့အပြင် ကြောင်တွေက အဝေးမှုန်ပြီး လူတွေလောက် အဝေးကိုမမြင်ရပါဘူးတဲ့။

ကြောင်တွေရဲ့အားသာချက်ကတော့ ကြောင်ရဲ့မြင်ကွင်းက ၂၀၀ဒီဂရီပတ်ပတ်လည်မြင်ရလို့ လူတွေထက် မြင်ကွင်းအနည်းငယ် ပိုကျယ်ပါတယ်။ နောက်ပြီး ညဖက်မှာ night vision လဲပိုကောင်းပါတယ်။

ကြောင်မျက်လုံးအကြောင်းကိုရေးထားတဲ့ post အပြည့်စုံဖတ်ချင်ရင် အောက်က link မှာဖတ်ကြည့်ပါ။

ကြောင်မျက်လုံးများ ညဖက်တွင် အရောင်တောက်ရခြင်း နှင့် ကားလမ်းပေါ်က Cat Eyes များ
https://ouo.io/Jp8Z1k

ခွေးတွေကကျတော့ တမျိုးပါ။

ခွေးတွေက လူတွေလို Trichromats မဟုတ်ဘဲ Dichromats တွေဖြစ်ပါတယ်။

ခွေးတွေရဲ့ မြင်လွှာ (retina) က cone receptors ၂ မျိုးပဲရှိပါတယ်။

ဘယ်အရောင်တွေကို မြင်ရလဲဆိုတာ အတိအကျမသိရပေမယ့် လေ့လာသူတွေကတော့ အပြာရောင်နဲ့ အဝါရောင် ဖြစ်မယ်လို့ ယူဆကြပါတယ်။ တချို့ထင်သလို ခွေးတွေက အဖြူအမည်းပဲမြင်ရတယ်ဆိုတာမဟုတ်ပါဘူး။ ခွေးတွေလဲ အရောင်နဲ့မြင်ရပါတယ်။ဒါပေမယ့် ခွေးတွေမြင်ရတာက လူတွေ colour blind ဖြစ်နေသလိုပါပဲ။ အရောင်မွဲခြောက်ခြောက်တွေပဲ မြင်ရတာပါ။

လူတချို့က ခွေးတွေကို အနီရောင် အရုပ်တွေဝယ်ပေးတတ်ကြပါတယ်။ မြက်ခင်းမှာဆော့တဲ့အခါ အစိမ်းရောင်ကြားထဲ အနီရောင်ဆိုထင်းနေမယ်လို့တွေးကြတာပါ။

ဒါပေမယ့် ခွေးလေးတွေကတော့ အနီရောင်ကို အနီလို့မမြင်ဘဲ ဝါညိုညို ဝါညစ်ညစ်အရောင်အနေနဲ့ပဲ မြင်ရမယ်လို့ဆိုပါတယ်။

ခွေးတွေကို အရုပ်ဝယ်ပေးချင်ရင် အရောင်စုံပါတဲ့ multicolour အရုပ်တွေကပိုသင့်တော်ပြီး shade အမျိုးမျိုး pattern အမျိုးမျိုုးပါရင် ပိုပြီးမြင်ရလွယ်တယ်လို့ဆိုပါတယ်။ အဲ့လိုမှမဟုတ်လဲ တရောင်ထဲရွေးပါဆိုရင်အပြာရောင်အရုပ်က အဆင်ပြေဆုံးပဲလို့ဆိုပါတယ်။

ခွေးတွေက ကြောင်တွေလိုပဲ ညဖက်မှာပိုမြင်ရပြီး အာရုံလဲပိုစိုက်ရလွယ်ပါတယ်။

ဒီလောက်ဆိုရင် အိမ်ကခွေးလေး၊ ကြောင်လေးတွေ သင့်ကိုဘယ်လိုမြင်နေရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Color blind အတွက်ထုတ်ထားတဲ့မျက်မှန်တွေက ဘယ်လိုအလုပ်လုပ်သလဲ?

ခဏခဏရေးပေးဖို့ပြောထားတဲ့ topic လေးမို့လို့ အခုရေးပေးလိုက်ပါပြီခင်ဗျ။

ဒီ post က colour blind ရောဂါအကြောင်းရေးမှာမဟုတ်ဘဲ colour blind သမားတွေက အထူးသီးသန့်မျက်မှန်တပ်ရင် ပြန်ကောင်းသွားသလားဆိုတာကို အဓိကရေးသွားမှာပါ။

Social media တွေမှာ colour blind သမားတွေ အထူးသီးသန့်မျက်မှန်တပ်ပြီးတဲ့အခါ အရမ်းကိုအံ့သြစိတ်လှုပ်ရှားပြီး မျက်ရည်တွေကျကြ အရမ်းပျော်ကြတဲ့ video တွေမြင်ဖူးကြမှာပါ။

အခုမှပဲ လောကကြီးက အရမ်းလှနေပါလား တို့၊ အရောင်စုံလိုက်တဲ့လောကကြီးတို့ ၊ အရောင်တွေက ထူးဆန်းလိုက်တာဆိုပြီး color blind သမားတွေက မျက်မှန်တပ်ကာ ပြောတတ်ကြပါတယ်။ ဒါဆို တကယ်ပဲ အဲ့မျက်မှန်တွေအရမ်းစွမ်းလို့လားဆိုရင် မှန်တဝက် မမှန်တဝက်လို့ပဲ ဆိုရမှာပါ။

Colour blind လို့ဆိုတိုင်း လုံးဝ အဖြူအမည်းပဲမြင်ရတယ်လို့ မဆိုလိုပါဘူး။ တော်တော်များများက အရောင်တွေကိုမြင်ရပါတယ်။ ဒါပေမယ့် စိုစိုပြေပြေမရှိဘဲ မွဲခြောက်ခြောက်ဖြစ်နေတာတို့၊ အရောင်တွေက မသဲကွဲတာမျိုးဖြစ်ကြတာပါ။
လုံးဝ အရောင်မမြင်ရတဲ့ total colour blindness သမားက အလွန်ရှားပါတယ်။

နောက်ပြီး colour blind ရောဂါက ရောဂါပြင်းအားချင်းမတူပါဘူး။
အများအားဖြင့် ရောဂါခပ်ပျော့ပျော့ပဲဖြစ်ကြလို့ အရောင်တွေနဲ့ မစိမ်းလှပါဘူး။ အဓိကမခွဲနိုင်တဲ့အရောင်က အနီနဲ့ အစိမ်းရောင်ပါ။ ဒါကြောင့် Red-green colour blindness ကအတွေ့များပါတယ်။

ကျနော်တို့ခန္ဓာကိုယ်မှာ အရောင်ကိုသိတဲ့ လက်ခံဆဲလ် ၃မျိုး၃စားရှိပါတယ်။ အဲ့ဆဲလ်တွေက ရေခဲမုန့်ခွက်ကန်တော့ပုံနဲ့ဆင်တူလို့ Cone cells လို့ခေါ်ကြပြီး အနီ၊အစိမ်းနဲ့အပြာ ဆိုပြီး ၃မျိုးရှိပါတယ်။ နီစိမ်းပြာဆိုတဲ့ အရောင်၃မျိုးကို အချိုးကျရောစပ်လိုက်ရင် တခြားအရောင်တွေဖြစ်လာပါတယ်။

အဲ့ cone cells တွေ မွေးကတည်းက လုံးဝပါမလာတာဖြစ်ဖြစ်၊ ပါတော့ပါတယ် အရေအတွက်နည်းနေတာဖြစ်ဖြစ်၊ အရေအတွက်မနည်းပေမယ့် အလုပ်ကောင်းကောင်းမလုပ်တာဖြစ်ဖြစ် colour blind ထဲမှာအကျုံးဝင်ပါတယ်။ Color blind သမားအများစုက အနီနဲ့ အစိမ်းကြားကအရောင်တွေကို သေချာကွဲကွဲပြားပြားမသိပါဘူး။ အနီလိုလို အစိမ်းလိုလို ရောထွေးနေတတ်ပါတယ်။

ဒီအချက်ကိုသိတဲ့ ပညာရှင်တွေက အနီနဲ့အစိမ်းကို သေချာသဲကွဲအောင်လုပ်ဖို့ကြိုးစားကြပါတယ်။ အဲ့လိုနဲ့ colour blind သမားအတွက် အထူးသီးသန့် မျက်မှန်ဆိုပြီးပေါ်လာပါတော့တယ်။ အဲ့မျက်မှန်ကဘာထူးခြားလဲဆိုတော့ အရောင်တွေကို စစ်ထုတ်ပေးနိုင်တဲ့ စကာ (Optical filters) တွေပါပါတယ်။

အနီနဲ့အစိမ်းကြားက အနီလိုလိုအစိမ်းလိုလိုဖြစ်နေတဲ့ ကပြားအရောင်တွေကို ပိတ်ချလိုက်ပြီး တကယ့်အနီစစ်စစ်၊ တကယ့်အစိမ်းစစ်စစ်တွေကိုပဲ မျက်လုံးထဲပေးဝင်ပါတယ်။ အဲ့တော့ အနီပီသတဲ့ အနီရောင် wavelength နဲ့ အစိမ်းပီသတဲ့ အစိမ်းရောင် wavelength တွေပဲ မျက်လုံးကိုရောက်လာပြီး အရောင်တွေကို ပိုထင်ရှားသဲကွဲသွားပါတော့တယ်။

မျက်မှန်ရဲ့သဘောတရားကတော့ ဝင်လာသမျှအလင်းတိုင်းကို ပေးမဝင်ဘဲ ထင်ရှားတဲ့အရောင်ကိုပဲ ပေးဖြတ်တဲ့သဘောပါ။ ဒီလိုမျက်မှန်က colour blind သမားတိုင်းအတွက်တော့ ပိုကောင်းမလာစေပါဘူး။ တချို့သောသူတွေအတွက်တော့ တော်တော်ကြီးသိသိသာသာကောင်းသွားကြပါတယ်။

ဒါပေမယ့် အတော်များများကတော့ မျက်မှန်တပ်ထားလဲ သိပ်တော့မထူးလှဘူးလို့ဆိုပါတယ်။ ဒီမျက်မှန်မှာ အားနည်းချက်တွေရှိပါတယ်။

ဝတ်ထားမှပဲ အရောင်တွေကိုမြင်ရတာမို့လို့ မျက်မှန်တကားကားနဲ့ ဖြစ်နေတာပါ။ မျက်မှန်တပ်ရတာမကြိုက်သူတွေကတော့ ဒီအရောင်လေးနည်းနည်းပိုမြင်ရတာနဲ့မတန်ဘူးလို့ဆိုပါတယ်။

နောက်ပြီး ဒီမျက်မှန်က အလင်းဝင်ရောက်မှုကို လျှော့ချထားတဲ့ optical filter တွေပါလို့ ညဖက်တွေမှာ ကောင်းကောင်းမမြင်ရပါဘူး။ အလင်းနည်းတဲ့နေရာတွေမှာလဲ အလုပ်မဖြစ်လှဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ကားမောင်းရင်လဲ မျက်မှန်တပ်ပြီးမမောင်းဖို့ သတိပေးထားတာတွေရှိပါတယ်။ အလင်းကောင်းကောင်းမမြင်ရတဲ့ပြဿနာရှိနေလို့ပါ။

ဒါဆိုမေးစရာရှိတာက မျက်မှန်တပ်ပြီးကားမမောင်းနဲ့ဆိုတော့ colour blind သမားတွေကရော ကားမောင်းခွင့်လိုင်စင်ရလို့လားပေါ့။ အမေရိကန်နဲ့ နိုင်ငံအတော်များများမှာ colour blind တွေလဲ ကားမောင်းခွင့်ရှိပါတယ်။ လိုင်စင်လဲထုတ်ပေးပါတယ်။

ဒါဆို red-green colour blind သမားက မီးပွိုင့်နီနေလား စိမ်းနေလားဘယ်လိုသိမလဲပေါ့။ အများအားဖြင့် မီးပွိုင့်နေရာတွေက ပုံသေရှိပါတယ်။
ဒေါင်လိုက်မီးပွိုင့်ဆိုရင် အနီကထိပ်မှာရှိပြီး အဝါကအလယ်၊ အစိမ်းကအောက်ဆုံးမှာပါ။
ဘေးတိုက်ဆိုရင်တော့ နီ၊ဝါ၊စိမ်း ဆိုပြီး ရှိနေတာမို့လို့ ဘယ်မီးခွက်ကလင်းနေလဲဆိုတာကို ကြည့်ပြီးသိနိုင်ပါတယ်တဲ့။

လုံးဝအရောင်ကိုမမြင်ရတာမဟုတ်ဘဲ လင်းနေသလား မှောင်နေသလားဆိုတဲ့ သဘောကိုတော့ မြင်ရသေးတာမို့လို့ မီးပွိုင့်မီးလင်းတဲ့ position ကိုကြည့်ပြီး မီးနီလား မီးစိမ်းလားဆိုတာ သိကြပါတယ်။

နောက်ဆုံးအနေနဲ့ colour blind မျက်မှန်တွေရဲ့ အားနည်းချက်ကစျေးကြီးတာပါ။ ဒေါ်လာ ၄၀၀ လောက်ပျမ်းမျှတန်ကြေးရှိတာမို့လို့ တော်ရုံလူတွေ မဝယ်ဖြစ်ကြပါဘူး။ Colour blind အတွက်ထုတ်တဲ့ မျက်မှန် brand တွေထဲမှာ နာမည်အကြီးဆုံးကတော့ EnChroma တံဆိပ်ဖြစ်ပြီး နောက်ထပ်လူသိများတဲ့ brand ကတော့ Colormax ColorCorrection system လို့ခေါ်တဲ့ မျက်မှန်တွေပါ။ ဒီမျက်မှန်တွေက တဦးချင်းစီကို သေချာစစ်ဆေးပြီးတော့မှ သူနဲ့သင့်လျော်မယ့် မျက်မှန်ကို သီးသန့်ထုတ်လုပ်ပေးတာမို့လို့ ပိုတိကျပြီး ပိုလဲ custom made ဆန်ပါတယ်။

ပိုအားသာတာက မျက်မှန်တင်မဟုတ်ပဲ မျက်ကပ်မှန်အနေနဲ့လဲ ဝယ်ယူရရှိနိုင်တာပဲဖြစ်ပါတယ်။ စျေးတွေကတော့ ရှယ်ကြီးတယ်ဆိုတာ ထည့်ပြောဖို့မလိုတော့ဘူးလို့ထင်ပါတယ်။

ဒီလောက်ဆိုရင် colour blind မျက်မှန်တွေအကြောင်းသိသွားလောက်ပြီလို့ယူဆပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started