၆ပေခြားနေရသော နှင်းဆီပန်း ၆၅ပွင့်ရောဂါ

ခေါင်းစဥ်ကိုမြင်လိုက်တာနဲ့ ဘာရောဂါအကြောင်းရေးတော့မလဲဆိုတာ စာဖတ်သူတို့ခန့်မှန်းမိကြပါသလား။

ဒီရောဂါခံစားနေရသူတွေမှာ ထူးဆန်းတဲ့အချက်လေးတွေရှိပါတယ်။

သူတို့က လူတွေနဲ့ ၆ ပေအကွာမှာပဲနေရတယ်။

သူတို့ရဲ့ အရေပြားက ငန်တူးနေတယ်။

သူတို့က ငယ်ငယ်လေးနဲ့သေကြရတယ်။

ဒီရောဂါကို ဆေးပညာမှာ Cystic fibrosis လို့ခေါ်ပြီး နာမည်ပြောင်ပေးထားတာက
Sixty five roses ပါတဲ့။ အသံထွက်ချင်းဆင်တူလို့ romantic ဆန်ဆန်လေး နာမည်မှည့်ထားတာပါ။

ဒီရောဂါက မျိုးရိုးလိုက်တဲ့ရောဂါဖြစ်ပြီး လူဖြူတွေမှာပိုအဖြစ်များပါတယ်။

ရောဂါဘာလို့ဖြစ်ရတာလဲဆိုတော့ ကျနော်တို့ ခန္ဓာကိုယ်ထဲမှာ အရည်တွေများစွာရှိပြီး နေ့စဥ် အရည်တွေစစ်ထုတ်လိုက် ပြန်စုပ်ယူလိုက် လုပ်နေရပါတယ်။

မလိုတဲ့အရည်တွေကိုထုတ်မယ်။ လိုတဲ့အရည်တွေကိုပြန်စုပ်မယ်။
အဲ့လိုလုပ်ဖို့ အရည်ဝင်ထွက်တဲ့ ပြွန် channel တွေလိုပါတယ်။

Cystic fibrosis ရောဂါက အဲ့ channel ထဲကမှ Chloride ion ကိုသယ်ပို့တဲ့ channel က မွေးရာပါချို့ယွင်းသွားတာပါ။

အဲ့လို ချို့ယွင်းဖို့ဆိုရင် အဖေရော အမေရောမှာ အဲ့ဒီရောဂါဖြစ်စေတဲ့ gene (မျိုးရိုးဗီဇ)ပါရှိရမှာပါ။

မိဘ တယောက်မှာပဲ ရောဂါဖြစ်စေတဲ့ gene ပါရင် ကလေးမှာ ရောဂါမဖြစ်ဘဲ carrier (ရောဂါသယ်ဆောင်သူ)ပဲဖြစ်မှာပါ။

Carrier တွေက ဘာရောဂါလက္ခဏာမှမပြဘဲ ကျန်းမာနေမှာပါ။

ပုံမှန်လူတယောက်က အဆုတ်ထဲမှာ ခပ်ကျဲကျဲ အချွဲ (mucous)တွေရှိရပါတယ်။

အချွဲရှိမှ နှာခေါင်းကဝင်လာတဲ့ ပိုးမွှားတွေကို
ဖမ်းကပ်ထားပြီး ချွဲသလိပ်အဖြစ်ပြန်ဟပ်ထုတ်လို့ရမှာပါ။

အဲ့လိုပဲ အူလမ်းကြောင်းမှာလဲ အူတွေချောမွေ့ဖို့ ချောဆီ အချွဲလိုပါတယ်။

Pancreas လိုခေါ်တဲ့ မုန့်ချိုအိတ်ကနေ အစာချေရည်တွေထွက်ဖို့ ပြွန်တွေဟာ ချောမွေ့ပြီး လမ်းကြောင်းရှင်းနေဖို့လိုပါတယ်။

Cystic fibrosis ရောဂါသမားတွေက အရည်တွေမစစ်ထုတ်နိုင်တော့ အချွဲတွေကပစ်ခဲလာပြီး နေရာအနှံ့ပိတ်ကုန်ပါတော့တယ်။

အဆုတ်မှာလဲ အချွဲတွေပစ်ပြီး ပိတ်ကုန်မယ်။
အူနဲ့ pancreas မှာလဲ လမ်းကြောင်းတွေပိတ်ကုန်တော့ အစာချေအရည်တွေမထွက်တော့ဘူး။

နောက်ပိုင်း ပိုးတွေဝင်လာမယ်။ ပိုးတွေကို ပြန်ဟပ်မထုတ်နိုင်တော့ဘဲ infection ရလာပြီး အသက်ဆုံးရှုံးရတတ်ပါတယ်။

Pancreas ကိုထိပြီး insulin မထုတ်နိုင်လို့ အသက်ငယ်ငယ်နဲ့ ဆီးချိုလက္ခဏာတွေဖြစ်လာပါတော့တယ်။

အူနဲ့အဆုတ်မှာ အရည်တွေမထုတ်နိုင်တဲ့ (secretion) ပြဿနာတက်ပေမယ့်

အရေပြားမှာကျတော့ ထွက်ပြီးသားချွေးထဲက ဓာတ်ဆားကို ပြန်မစုပ်နိုင်တဲ့ (reabsorption) ပြဿနာတက်ပါသတဲ့။

ဒါကြောင့် သူတို့ ချွေးတွေမှာ sodium တွေ chloride တွေများနေပြီး လျှာနဲ့လျက်ကြည့်ရင် ငန်တူးနေပါတယ်တဲ့ (တကယ် သွားမလျက်ကြပါနဲ့ဦး)

ရောဂါပိုးတွေကလဲ နေရာအနံ့ကနေကူးနိုင်လို့ လူတွေနဲ့ ၆ပေ အကွာမှာ နေရပါတယ်။

လူတွေချောင်းဆိုး နှာချေရင် ပိုးတွေက အများဆုံး ၆ပေလောက်အထိရောက်လေ့ရှိတာမို့ ၆ ပေအနည်းဆုံးခွာနေသင့်ပါတယ်။

ဒီနေရာမှာ five feet apart ဆိုတဲ့ romance movie လေးကတော့ ၅ ပေအကွာက ချစ်သူ ၂ယောက်အကြောင်းကို ရိုက်ပြထားပြီး Cystic fibrosis လူနာအချင်းချင်းလဲ ၆ ပေခွာထားရပါတယ်တဲ့။

လူနာတယောက်နဲ့ တယောက်မှာ ရှိတဲ့ ရောဂါပိုးအမျိုးအစားမတူလို့ ရောဂါသည်အချင်းချင်းပဲ ရပါတယ်ကွာ ဆိုပြီး နီးကပ်စွာနေထိုင်ပါက

Cross infection ရပြီး ၂ယောက်လုံးမှာရှိတဲ့ ပိုးတွေက အချင်းချင်းကူးကုန်ကာ သေဆုံးနိုင်ချေပိုများပါတယ်။ Antibiotics resistance ရနိုင်ချေလဲပိုများပါတယ်။

ဒီ ရောဂါရတဲ့သူတွေက သေဖို့အလားအလာအတော်များပြီး ကုသဖို့ဆေးများ ရှာဖွေနေတုန်းဖြစ်ပါတယ်။

မျိုးရိုးဗီဇရောဂါဖြစ်လို့ Genetic engineering ၊ Genetic target therapy များနဲ့သာ ကုသလို့ရမှာပါ။

Evolution အရဆိုရင် လူကို အကျိုးပြုတဲ့ မျိုးရိုးဗီဇဆို ဆက်လက်လက်ဆင့်ကမ်းသွားရမယ်။

လူကို ရောဂါဖြစ်စေတဲ့ ဒုက္ခပေးတဲ့ မျိုးရိုးဗီဇဆို တဖြည်းဖြည်းပျောက်ကွယ်သွားရမယ်။

ဒါက general rule ပါပဲ။

ဒီ cystic fibrosis မျိုးရိုးဗီဇကတော့ ဒီ rule ကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။

ဒီ gene က လူတွေကြားထဲပျောက်မသွားဘဲ ပိုတောင်များလာပါသေးတယ်။

ရောဂါရှင်တွေက မျိုးမပွားနိုင်တော့ဘဲ sterile (ကလေးမရနိုင်ခြင်း) ဖြစ်သွားပြီး သေသွားတာတောင်မှပဲ ဒီ gene ကဘာလို့ ဆက်ရှိ ဆက်များနေရတာလဲ။

သိပ္ပံပညာရှင်တွေခေါင်းစားရပါပြီ။

ဒီ gene က လူတွေကိုကောင်းကျိုးတခုခုရှိမှာပဲ ဆိုပြီး လိုက်ရှာရင်း theory တွေထုတ် ပြန်ပါတယ်။

အထင်ရှားဆုံး theory ကတော့ cystic fibrosis gene သယ်ဆောင်ထားသူတွေဟာ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါဒဏ်က သက်သာတာကိုတွေ့ရပါတယ်။

အရည်တွေအများကြီးထွက် အီအီးတွေပန်းပြီး dehydration နဲ့သေစေတဲ့ ကာလဝမ်းရောဂါဟာ ကမ္ဘာ့သမိုင်းမှာ လူတွေအများကြီးကိုသေစေခဲ့ပြီးပါပြီ။

သဘာဝတရားကြီးက ဒီလိုနဲ့ထပ်ပြီးလူတွေမသေရအောင် cystic fibrosis gene ကို လက်ဆောင်ပေးခဲ့တာလို့ ဆိုကြတယ်။

အီးတွေပန်း အရည်တွေထွက်ကုန်တဲ့ရောဂါကို
အရည်တွေမထွက်နိုင်တဲ့ ရောဂါနဲ့ ပြန်ကာကွယ်တဲ့သဘောပါ။

တကယ်လဲ ကြွက်တွေမှာစမ်းကြည့်တဲ့အခါ CF gene သယ်ထားတဲ့ကြွက်တွေက cholera ဒဏ်က တဝက်သက်သာပြီး CF ရောဂါရှိတဲ့ ကြွက်ဆို cholera လုံးဝမဖြစ်ဘူးဆိုတာတွေ့ရပါတယ်။

Cholera ရောဂါက chloride channel (CFTR) ကိုပဲသုံးတာဖြစ်ပြီး Cystic fibrosis ကလဲ အဲ့ channel ကိုပဲ mutation ဖြစ်စေတာပါ။

Cystic fibrosis gene ရှိရင် တခြားဝမ်းရောဂါတွေသက်သာတယ်။ bronchial asthma မဖြစ်ဘူး စတဲ့ hypothesis များလဲရှိပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကာလဝမ်းရောဂါကနေလွတ်မြောက်လာကြတဲ့ နောက်ပိုင်းခေတ်လူတွေမှာ
Cystic fibrosis gene တွေသယ်ဆောင်သူများလာတာကတော့ အမှန်ပါပဲ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ဖို့ လိုအပ်လား?

စာဖတ်သူအနေနဲ့ ကိုယ့်စိတ်ကိုယ် ဘယ်လောက်ထိန်းချုပ်နိုင်သလဲ။
ဝိတ်ချမယ်လို့စဉ်းစားပြီး အစားတွေစားနေမိလား၊ လေ့ကျင့်ခန်းလုပ်မယ်လို့ စီစဉ်ထားပြီး ဂိမ်းထိုင်ဆော့နေမိလား၊ ဒီနေ့တော့ စာလုပ်လိုက်ဦးမယ်တွေးပြီး ရုပ်ရှင်တွေထိုင်ကြည့်နေမိလား။
စိတ်ဆိုတာချုပ်တည်းဖို့ တော်တော်ခက်ခဲပါတယ်။

ဘာသာရေးအဆုံးအမတွေမှာ စိတ်ကိုထိန်းချုပ်ဖို့ သင်ကြတာချည်းပါပဲ။
ဒါဆိုရင် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တာ ဘာများကောင်းလို့လဲလို့ မေးစရာရှိပါတယ်။
လူ့ဘဝတိုတိုလေးမှာ စိတ်ထဲရှိတာလုပ်ပစ်လိုက်ဖို့ပြောကြတဲ့ စာတွေက ခုခေတ်မှာ ခေတ်စားလာပါတယ်။
ကြိုက်ရင်ဖွင့်ပြောလိုက်ပေါ့၊ စားချင်တာ သွားစားလိုက်ပေါ့၊ ပျော်နေဖို့က အဓိကပဲဆိုတာမျိုးတွေပါ။

စိတ်ချုပ်တည်းနိုင်ခြင်းက ဘာတွေကောင်းလဲဆိုတာ ပညာရှင်တွေစမ်းသပ်ခဲ့ကြပါတယ်။
ဒါကို Marshmallow Test လို့ Psychology စာအုပ်တွေမှာ အလွယ်ခေါ်ကြပါတယ်။

စမ်းသပ်တာကတော့ ၄နှစ်နဲ့ ၆နှစ်ကြားရှိတဲ့ ကျောင်းနေအရွယ် ကလေးတွေကိုပါ။
ကလေးတစ်ယောက်ချင်းစီကို အခန်းတစ်ခုထဲခေါ်လာပြီး ထိုင်ခိုင်းထားပါတယ်။
စားပွဲပေါ်မှာ Marshmallow တစ်ခုကို တင်ထားတယ်။ ကလေးတွေက ဒါကိုမြင်ရင် သွားရည်ကျတယ်ဆိုတာကို စမ်းသပ်တဲ့လူတွေက သိကြတယ်။

စမ်းသပ်မယ့်သူက ကလေးကို စကားတစ်ခွန်းပြောတယ်။
သူ ဟိုဘက်အခန်းကို ခဏသွားဦးမယ်၊ အဲ့အချိန်မှာ Marshmallow ကိုစားချင်ရင် စားပစ်လို့ရတယ်။
ဒါပေမယ့် မစားဘဲစောင့်ရင် သူပြန်လာတဲ့အခါ Marshmallow နောက်တစ်ခုယူလာပြီး ၂ခုစားရမယ်။

ကလေးတော်တော်များများက ၂ခုစားရအောင် စောင့်ကြပါတယ်။
ဒါပေမယ့် စားချင်စိတ်ကို ရတဲ့နည်းနဲ့ ဖြေဖျောက်ကြရတယ်။

တချို့က Marshmallow ကိုမကြည့်ဘဲ ခပ်ရှောင်ရှောင်လုပ်ကြတယ်၊ တချို့က ပါးစပ်အောက်ကို လက်နဲ့ထောက်ထားလိုက်တယ် စသဖြင့်ပေါ့။
ကလေးတွေအတွက် ဘာလို့ခက်ခဲရသလဲဆိုရင် လိုချင်တာကိုရဖို့ ဘာမှမလုပ်ဘဲထိုင်စောင့်နေရလို့ပါပဲ။ ရှေ့မှာရှိတဲ့ဆုက နောက်မှရမယ့် ပိုကောင်းတဲ့ဆုထက် တန်ကြေးရှိတယ်လို့ ဦးနှောက်ကထင်နေတာလည်း အကြောင်းတစ်ခုဖြစ်နိုင်ပါတယ်။

ဒီလိုနဲ့ ဆယ်နှစ်လောက်ကြာတဲ့အခါမှာ အဲ့ဒီကလေးတွေကို ပြန်ခေါ် ပြီး Interview တယ်။ သူတို့ ဘဝအခြေအနေကောင်းကြလားပေါ့။
ကလေးဘဝတုန်းက Marshmallow ၂ခုရအောင် စောင့်ခဲ့ကြတဲ့ကလေးတွေ အကုန်လုံးက မစောင့်နိုင်ဘဲတစ်ခါတည်းစားပစ်တဲ့ကလေးတွေထက် ပိုပြီး အခြေအနေကောင်းနေကြတယ်၊ အောင်မြင်နေကြတယ်။
ဒါဟာ စိတ်ကိုထိန်းချုပ်နိုင်တာကြောင့်ဆိုပြီး ပြောလို့ရသလို အနာဂတ်ကိုပါ ထည့်သွင်းစဉ်းစားတတ်တယ်လို့လည်း ဆိုလို့ရတယ်။

ဒါဆို တစ်ခါတည်းစားပစ်တဲ့ကလေးတွေကို စိတ်ချုပ်တည်းမှုမရှိဘူးလို့ လွယ်လွယ်ပြောလို့ရနိုင်လား။
သူတို့က စမ်းသပ်မယ့်သူရဲ့စကားကို မယုံကြည်တာရောမဖြစ်နိုင်ဘူးလား။

ဒီလိုမရေရာတာတွေ ရှိနေတဲ့အတွက် နောက်တစ်နည်းနဲ့ထပ်စမ်းကြတယ်။
ဒီတစ်ခါတော့ ၃နှစ်ကနေ ၅နှစ်ကြားရှိတဲ့ကလေးတွေနဲ့ စမ်းသပ်တာပါ။
သူတို့တွေကို စမ်းသပ်သူက အပြင်ခဏသွားလိုက်ဦးမယ်၊ ပြန်လာရင် ဆေးခြယ်ဖို့ရောင်စုံခဲတံတွေ ယူလာခဲ့မယ်ဆိုပြီးပြောတယ်။

တစ်ဖွဲ့ကို ရောင်စုံခဲတံတွေယူလာပေးပြီး ကျန်တစ်ဖွဲ့ကိုတော့ မယူလာပေးဘူး။
ပြီးတော့ Marshmallow Test နဲ့ဆက်ပြီး စမ်းသပ်ပါတယ်။

ဒီအခါမှာ ရောင်စုံခဲတံမရခဲ့တဲ့အဖွဲ့က ကလေးတွေက Marshmallow ဒုတိယတစ်ခုထပ်ရမှာကို မယုံကြည်တော့ဘူး။ အဲ့ဒီတော့ စမ်းသပ်သူအပြင်ထွက်သွားတာနဲ့ စားပစ်လိုက်ကြတယ်။

ဆိုတော့… ပြောလို့ရတာက ကိုယ့်ရဲ့အနာဂတ်ကြီးက မသေချာနေရင် မျက်စိရှေ့က ကောင်းမယ်ထင်တဲ့အရာကို မသေချာမရေရာတဲ့၊ ပိုကောင်းတဲ့အရာတစ်ခုထက် ပိုပြီးရွေးချယ်ကြတယ်။
ဥပမာပြရရင် ကျောင်းတွေပိတ်သွားပြီး အနာဂတ်တွေမသေချာတော့တဲ့အခါ အိမ်ထောင်ပြုတဲ့သူတွေ တဖြည်းဖြည်းများလာသလိုပေါ့။

ဒါကြောင့် စာကြိုးစားရင် ပညာတတ်ကြီးဖြစ်မယ်၊ ဘဝမှာ အေးအေးဆေးဆေးနေရမယ်လို့ ကလေးတွေကို ပြောခြင်းဟာ သူတို့ကို စာကြိုးစားလာအောင် motivate ဖြစ်မလာစေပါဘူး။
စာကြိုးစားလို့ရလာမယ့် လက်ငင်းအကျိုးတွေကို သူမြင်အောင်ပြောမှသာ ကြိုးစားချင်စိတ်ပေါ်လာမှာဖြစ်တယ်
ဥပမာ စာမေးတိုင်းရနေတော့ ဆရာမတွေက ချစ်ကြမယ်၊ အတန်းဖော်တွေကြားမှာလည်း မျက်နှာပွင့်မယ်၊ ကိုယ့်ကို လေးလေးစားစားဆက်ဆံကြမယ်။
အတန်းနည်းနည်းကြီးတဲ့ကျောင်းသားဆိုရင် ကောင်မလေးတွေကြားမှာ နာမည်ကြီးမယ် စသဖြင့် လက်ငင်းအကျိုးတွေကို ပြောပြမှ စိတ်ဝင်စားလာမှာဖြစ်တယ်။

ဒါဆို ဘဝမှာအောင်မြင်ဖို့ စိတ်ချုပ်တည်းစရာလိုလားမေးစရာရှိတယ်။
လွယ်လွယ်ပြောရရင်တော့ လိုအပ်ပါတယ်။
ဘဝမှာ အရာရာကို မယုံကြည်နေလို့မရပါဘူး။ တစ်ခုခုကိုတော့ စွဲစွဲမြဲမြဲယုံကြည်ရပါမယ်။

စာမေးပွဲဖြေခါနီး စာမလုပ်ဘဲ ရုပ်ရှင်ထိုင်ကြည့်နေတာဟာ စာမေးပွဲစနစ်ကြီးကို အယုံအကြည်မရှိလို့ဆိုပြီး ပြောမလား။
လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး ဂိမ်းထိုင်ဆော့နေတာဟာ လေ့ကျင့်ခန်းလုပ်လို့ အကျိုးတစ်ခုရလာလိမ့်မယ်ဆိုတာ မယုံကြည်တာပါလို့ ပြောမလား။

ပြောလို့ရပါတယ်… အဲ့ဒီလို တကယ်မယုံကြည်တဲ့သူတွေလည်း ရှိပါတယ်။

ဒါပေမယ့် အဲ့ဒီလူတွေမှာ စွဲစွဲမြဲမြဲယုံကြည်ပြီး ကြိုးကြိုးစားစားလုပ်နေတဲ့ အလုပ်တစ်ခုတော့ရှိသင့်ပါတယ်။
သူတို့ဟာ စာမေးပွဲဖြေတာ၊ လေ့ကျင့်ခန်းလုပ်တာမှာ စိတ်ကိုမချုပ်တည်းနိုင်ပေမယ့် သူတို့စိတ်ဝင်စားရာ ဘာသာရပ်တစ်ခုကိုတော့ သေသေချာချာလေ့လာလိုက်စားနေသင့်ပါတယ်။

အဲ့ဒီလိုမှမဟုတ်ဘဲ နေရာတကာမှာ စိတ်မချုပ်တည်းနိုင်ဘူးဆိုရင်တော့ ဘဝမှာ နေရာတစ်ခုရဖို့၊ အောင်မြင်ဖို့ဝေးကွာနေဦးမှာဖြစ်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင့်မှာ မှဲ့ကင်ဆာရှိမရှိ အလွယ်သိနိုင်မယ့် အချက်များ

သင့် ခန္ဓာကိုယ်ပေါ်က မှဲ့တွေဟာ သင်ထင်သလောက်မရိုးရှင်းလှပါဘူး။

မှဲ့တွေဟာ အရေပြားမှာရှိတဲ့ epidermal melanocytes (ရောင်ခြယ်ဆဲလ်) များကနေဖြစ်ပေါ်လာပြီး လူတိုင်းလိုလိုမှာရှိတတ်ပါတယ်။

ရိုးရိုးမှဲ့လေးတွေကို melanocytic nevus လို့ခေါ်ပြီး
ကင်ဆာဖြစ်စေတဲ့ မှဲ့တွေကိုတော့ Malignant melanoma လို့ခေါ်ပါတယ်။

ရိုးရိုးမှဲ့လေးတွေထဲမှာ တချို့တဝက်က ကင်ဆာပြောင်းသွားတတ်လို့ စောစောသိဖို့ အရေးကြီးလှပါတယ်။

ဒါဆို ဘယ်လိုမှဲ့တွေက ကင်ဆာလက္ခဏာတွေရှိနေတာလဲ။

အလွယ်ပြောရရင် ABCDE လို့မှတ်လို့ရပါတယ်။

A = Asymmetry
(မှဲ့တခြမ်းနဲ့တခြမ်း မညီမညာဖြစ်လာမယ်)

B = Border irregular
(မှဲ့ရဲ့ ဘေးပတ်ပတ်လည်ဟာ ပုံမှန်မဟုတ်ဘဲ မညီမညာဖြစ်လာမယ်)

C = Colour irregular
(အရင်ကအရောင်နဲ့မတူဘဲ အရောင်ရုတ်တရက်ပြောင်းလာမယ်)

D = Diameter > 0.5 cm
(မှဲ့အရွယ်အစားက ပိုပိုကြီးကြီးလာမယ်)

E = Elevation irregular (or) Evolution
(မှဲ့နဲ့ ပတ်ပတ်လည်မှာ အနားသားမညီမညာဖောင်းကြွ မြင့်တက်လာမယ်) (သို့)

(အရင်ကနဲ့မတူ အရွယ်အစားပုံစံပြောင်းလာမယ်)

စတဲ့အချက်တွေကို သတိထားမိလာရင် အရေပြားဆရာဝန်နဲ့ သွားရောက်စစ်ဆေးတိုင်ပင်သင့်ပါတယ်။

အရေပြားကင်ဆာက ခရမ်းလွန်ရောင်ခြည်နဲ့ ကြာကြာထိတွေ့ပါများခြင်းကြောင့် ဖြစ်တတ်ပြီး
အသားဖြူသူများမှာ ပိုအဖြစ်များပါတယ်။

ဒါကြောင့် နေပူထဲသွားတိုင်း အကာကွယ်အနေနဲ့ ထီး ဦးထုပ်ဆောင်းသင့်ပြီး suncream များလိမ်းခြင်းဖြင့်လဲ ကာကွယ်နိုင်ပါတယ်။

ကဲ စာဖတ်သူတို့လဲ အခုပဲ သင့်ကိုယ်ပေါ်က မှဲ့လေးတွေကို အပေါ်ကအချက်လေးတွေနဲ့ စစ်ဆေးကြည့်လိုက်ရအောင်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မျောက်တွေက အယုတ်တမာတွေလား?

မျောက်တွေနဲ့ပတ်သက်လာရင် ကျွန်တော့စိတ်ထဲမှာ ဒီမေးခွန်းတစ်ခု ပေါ်ပေါ်လာတယ်။
ဒီကောင်တွေက အယုတ်တမာတွေလား?

သူတို့ရဲ့ Video တွေ Youtube မှာကြည့်ရင် တော်တော်များများက လုပ်ချင်တာလုပ်နေကြတာများတယ်။
ကမ်းခြေမှာ ချွတ်ထားတဲ့အင်္ကျီ၊ ဘောင်းဘီတွေကို မ သွားတဲ့ကောင်နဲ့၊ ခရီးသွားတွေဆီက ပစ္စည်းလုတဲ့ကောင်နဲ့၊ သူ့ဘာသာလမ်းလျှောက်နေတဲ့သူကို ဗလိုင်းကြီးပြေးကန်တဲ့ကောင်နဲ့ ဆိုတော့ ဒီကောင်တွေရဲ့စိတ်ရင်းက ဘယ်လိုရှိလဲဆိုတာ စိတ်ဝင်စားမိတယ်။
အထူးခြားဆုံးကတော့ တိရစ္တာန်ရုံကမျောက်တွေပေါ့။
သူတို့ရဲ့မစင်တုံးကို ကိုင်ပြီး လာသမျှ ဧည့်သည်တွေရဲ့မျက်နှာတည့်တည့်ကို ဆော်ကြတဲ့ကောင်တွေလေ။

ကံဆိုးသူအဖွားတစ်ဦးနှင့် ဂုဏ်ယူနေသောမျောက်

လိမ္မာတဲ့အကောင်လေးတွေလည်း ရှိတယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော်ခုရေးချင်တဲ့မျောက်တွေက လူတွေ လေ့ကျင့်ပေးထားတာမဟုတ်တဲ့ မျောက်အရိုင်းတွေ အကြောင်းပါ။
ဒီအကြောင်းကို ပညာရှင်တွေလည်း စိတ်ဝင်တစားရှိကြပါတယ်။
မျောက်တွေဘာလို့ မစင်တုံးနဲ့ လူတွေကို လိုက်ထုလည်းဆိုတာ သူတို့လေ့လာထားတာရှိပါတယ်…

မျောက်တွေကြောက်လာရင် သူတို့ရဲ့ အနားမှာရှိတဲ့ ကျောက်ခဲတွေ၊ သစ်ကိုင်းခြောက်တွေနဲ့ သူတို့ကိုကြောက်အောင်လုပ်တဲ့အရာကို ပစ်တတ်ကြတယ်။
တိရစ္တာန်ရုံထဲမှာကြတော့ အဲ့ဒီလိုပစ်စရာက လွယ်လွယ်ကူကူမရှိဘူး။
အဲ့ဒီတော့ လွယ်လွယ်ရတာနဲ့ ဆော်တော့တာပေါ့။

အစပိုင်းမှာတော့ ကြောက်လို့ပစ်တာပေါ့။ လူတွေအများကြီးက သူ့ကိုဝိုင်းကြည့်ပြီး ပြောင်လိုက်နောက်လိုက် လုပ်နေကြတာကို။
နောက်ပိုင်းမှာတော့ ဒီလိုလုပ်ရင် လူတွေက ခွက်ထိုးခွက်လှန်ရယ်ကြတယ်ဆိုတာ သူတို့သိလာကြတယ်။
မျောက်တွေက ဉာဏ်ရည်မနိမ့်ဘူးဆိုတော့ ဒီလို Reaction မျိုးရတာကို နားလည်ကြတယ်။ Prank ရဲ့သဘောတရားကိုလည်း သိတဲ့ပုံရှိတယ်။
ဘယ်လောက်ထိတောင်လဲဆိုရင် သူတို့မစင်တုံးကို လက်မှာကိုင်ထားပြီး လူတွေလာအောင် ထိုင်စောင့်နေတာတောင်ရှိတယ်လို့ တိရစ္တာန်ရုံ Video မှတ်တမ်းတွေအရဆိုတယ်။

မေးစရာရှိတာက ဒီလိုလက်ကမြင်းကြောထတဲ့ကောင်တွေက အယုတ်တမာတွေလားဆိုတာပဲ။
ပညာရှင်တွေရဲ့လေ့လာချက်အရဆိုရင်တော့ ဉာဏ်ရည်ပိုမြင့်တဲ့မျောက်တွေကပဲ လက်ကမြင်းကြောထတာလို့ဆိုတယ်။
သူတို့ရဲ့ဦးနှောက်မှာ (လူတွေလိုပဲ) လှုပ်ရှားမှုကို ထိန်းချုပ်တဲ့နေရာရှိတယ်။ (Motor Cortex လို့ခေါ်တယ်)
လက်ကမြင်းလေလေ၊ လက်မှန်းတည့်လေလေ အဲ့ဒီနေရာကကြီးနေလေလေပဲ။

ပြီးတော့ ဘာသာစကားအတွက်အရေးပါတဲ့နေရာ ကြီးနေလေလေ Prank ရဲ့သဘောကို နားလည်လေလေပဲ။ (Frontal Cortex လို့ခေါ်တယ်)
ဒါလည်း လူနဲ့တူတူပဲ။
သူတို့တွေအဲ့ဒီလို လုပ်ရခြင်းက လူတွေနဲ့ Communicate လုပ်နေတာပါ။

လုပ်ချင်တာလုပ်ပြီး အလှဆုံးပြုံးနေတတ်သူ

သူတို့စိတ်ထဲမှာ ငါက လူတွေကိုရယ်အောင် ဖျော်ဖြေပေးနေတယ်လို့တွေးလား၊ ငါလုပ်ချင်တာလုပ်မှာပဲဆိုတဲ့ အယုတ်တမာစိတ်ရှိနေလားဆိုတာတော့ မသိရသေးပါဘူး။
အဖြူအမဲ မသဲကွဲသေးပေမယ့် သူတို့ရဲ့စိတ်ရင်း ဘယ်လိုရှိလဲဆိုတာ စမ်းသပ်ထားတာရှိပါတယ်။
စိတ်ဝင်စားစရာကောင်းလို့ ရေးပြချင်ပါတယ်။

မျောက်တွေဟာ Resource (အဓိကကတော့ အစားအစာပါပဲ) တွေ ခွဲဝေယူတာနဲ့ ပတ်သက်ပြီး ဆန်းဆန်းတင့်တတ်ကြပါတယ်။
မျောက်တစ်ကောင်က ညီတူမျှတူမယူဘဲ ပိုယူလိုက်တယ်ဆိုရင် အခြားမျောက်တွေက အဲ့ဒီမျောက်ကို အပေါင်းအသင်းမလုပ်ချင်ကြတော့ပါဘူး။
သူက ပိုယူတာမဟုတ်ဘဲ လူက ပိုပေးလိုက်မိရင်လည်း အဲ့ဒီပိုရသွားတဲ့မျောက်ကို အမြင်မကြည်ကြတော့ဘူး။
(ငါ့ထက်သာတဲ့သူ ငါ့ရန်သူပဲ ဆိုတာမျိုးပေါ့)

ပညာရှင်တွေက အဲ့ဒီလိုဖြစ်အောင် ကြိုပြီး ရန်တိုက်ပေးထားပါတယ်။
ကျေနပ်လောက်အောင် ရန်တိုက်ပေးပြီးတဲ့အခါမှာတော့ စမ်းသပ်မှုကို စလိုက်ပါတယ်။

ပညာရှင်တွေက ကြိုးဆွဲလိုက်တာနဲ့ ပြိုကျအောင်လုပ်လို့ရတဲံစားပွဲတစ်ခုကို ယူလာပါတယ်။ မျောက်တွေကိုလည်း ကြိုးဆွဲလိုက်ရင် စားပွဲကလဲကျသွားနိုင်ကြောင်း သင်ပေးထားပါတယ်။
ပြီးတော့ မျောက်တွေကို ၂ဖွဲ့ခွဲလိုက်တယ်။

အစာကို စားပွဲအောက်ကနေ ထွက်လာအောင် ပြင်ဆင်ထားတယ်။
စားပွဲပေါ်မှာ မျောက်တစ်ကောင်ကို ထားတယ်။
ကြိုးအနားမှာ နောက်မျောက်တစ်ကောင်ကို ထားတယ်။

အစာထွက်လာတဲ့အခါမှာ စားပွဲပေါ်ကကောင် မစားရအောင်လို့ အောက်ကကောင်က ကြိုးကိုဆွဲပြီး စားပွဲပြိုကျအောင်လုပ်တယ်။
(အထူးသဖြင့် အစပိုင်းတုန်းက အစာပိုရထားတဲ့ကောင်တွေဆို ပိုလုပ်တယ်)
စားပွဲပေါ်ကကောင်အနေနဲ့ အစာကို ယူမယ့်အရိပ်အရောင်မရှိရင်တောင်မှ အောက်ကကောင်က ကြိုးဆွဲပြီး စားပွဲပြိုအောင်လုပ်တယ်။
ပြောရရင်တော့ မစားရတဲ့အမဲ သဲနဲ့ပက်တာပေါ့။

အစကတော့ လူတွေမှာပဲ ခုလိုစိတ်မျိုးရှိမယ်ထင်ခဲ့ကြတယ်။
ခုတော့ မျောက်တွေမှာပါ ကိုယ့်ထက်ပိုပြီး အစားအစာရထားလို့ နာကျင်အောင်လုပ်တယ်ဆိုတဲ့ မနာလိုစိတ်ကို တွေ့လိုက်ရတယ်။

ဒါပေမယ့် မျောက်တွေက အယုတ်တမာတွေလားဆိုတာ ကံသေကံမ ဖြေဖို့တော့ ခက်ပါတယ်။
လူတစ်ယောက်ကို အကျင့်ကောင်းလား၊ မကောင်းလား လွယ်လွယ်နဲ့ဆုံးဖြတ်လို့မရသလိုပါပဲ။
ကျွန်တော့အနေနဲ့ပြောလိုတာကတော့ ကမ်းခြေမှာရေကူးရင် အဝတ်တွေကိုဒီတိုင်း ပုံမထားခဲ့ပါနဲ့ဆိုတာပါပဲ…

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကျောက်ချဥ်က တကယ်ပဲချွေးနံ့ပျောက်စေသလား

အရပ်ထဲမှာ စျေးထဲမှာ ကျောက်ချဥ်အတုံးလေးတွေက အလွယ်တကူ ဝယ်ယူရှာဖွေနိုင်တဲ့ အရာလေးတခုပါ။

ကျောက်ချဥ် (Alum) ရဲ့ Chemical name ကတော့
Hydrated double sulfate salt of aluminium ဖြစ်ပြီး

အဓိကပါဝင်တဲ့ သတ္တုကတော့ Aluminium ပါ။

Potassium နဲ့ပေါင်းနေတဲ့ alum ကို potassium alum လို့ခေါ်ပြီး (ရှင်းသွားမှာပဲ)

Sodium alum တို့ Ammonium alum တို့လဲရှိပါတယ်။

Alum လို့ခေါ်တဲ့ ကျောက်ချဥ်က ရေဆိုးတွေကို သန့်စင်တဲ့နေရာမှာ (water purification) မှာသုံးကြတာတော့ သိကြမှာပါ။

ဒါပေမယ့် ကျောက်ချဥ်ကို ချွေးနံ့ပျောက်အောင် လိမ်းကြတာလဲရှိပါတယ်။

ဒါကတကယ်ပဲ အလုပ်ဖြစ်ရဲ့လား။

ကျောက်ချဥ်ကိုသွေးပြီးဖြစ်ဖြစ် ရေနဲ့စိမ်ထားပြီးပဲဖြစ်ဖြစ် ရလာတဲ့အရည်ကို ချိုင်းကြားမှာ လိမ်းကြသလို ၊ ကျောက်ချဥ်အမှုန့်များကို ခပ်ပါးပါးလိမ်းကြတာမျိုးလဲရှိပါတယ်။

ကျောက်ချဥ်ကို natural antiperspirant
(သဘာဝချွေးတိတ်ဆေး) အဖြစ် ရှေးခေတ်ကတည်းက နိုင်ငံအများအပြားမှာသုံးတာတွေ့ရပြီး

တကယ်လဲ အလုပ်ဖြစ်တာကိုတွေ့ရပါတယ်။

ချွေးနံ့ နံရတဲ့အကြောင်းရင်း ၂ ချက်ရှိပါတယ်။

တချက်က ချွေးထွက်များခြင်းနဲ့

နောက်တချက်က ချွေးကြောင့် စိုထိုင်းလာတဲ့နေရာမှာ bacteria တွေပေါက်ပြီး ချွေးနဲ့ တခြားစွန့်ပစ်ပစ္စည်းတွေကိုချေဖျက် (decomposition) လုပ်လို့ဖြစ်ပါတယ်။

ကျောက်ချဥ်ကိုလိမ်းလိုက်တဲ့အခါ ကျောက်ချဥ်မှာပါတဲ့ aluminium ကို အရေပြားကစုပ်ယူသွားပြီး sweat duct လို့ခေါ်တဲ့ ချွေးထွက်ပြွန်လေးတွေမှာ အနည်ကျပါတယ်။

ချွေးထွက်ပြွန်မှာရှိတဲ့ cell တွေကိုလဲ irritation ဖြစ်စေပြီး ချွေးပေါက်ပိတ်သွားအောင်လုပ်လိုက်ပါတယ်တဲ့။

ဒါကြောင့် ချွေးပေါက်ပိတ်လို့ ချွေးခြောက်သွားတတ်ပါတယ်။
တချို့ကလဲ alum မှာ acidic property ရှိလို့ bacteria တချို့ကိုပါ မပွားအောင် တားနိုင်တယ်လို့ဆိုပါတယ်။

ဒီနည်းနဲ့ ချွေးနံ့ကိုသက်သာစေပါတယ်။

ဒါပေမယ့် ချွေးပေါက်ကအမြဲပိတ်နေမှာမဟုတ်ဘဲ epidermal cell များ ပြန်ပွားလာရင် ချွေးပေါက်အသစ်များပြန်ပေါ်လာပြီး ချွေးပြန်ထွက်လာမှာပါ။

တချို့သုတေသနလုပ်ထားချက်အရ ရေရှည်စွဲသုံးတဲ့အခါ ကျောက်ချဥ်က sweat gland အရေအတွက်ကိုပါ လျော့စေတယ်လို့တွေ့ပေမယ့် တိတိကျကျတော့မဆိုနိုင်ပါဘူး။

သဘာဝကရတာဖြစ်ပြီး ခန္ဓာကိုယ်ထဲကိုလဲ စုပ်ယူမသွားတဲ့အတွက် အဆိပ်အတောက်ဖြစ်စေတာလဲနည်းပါတယ်။

ကျောက်ချဥ်သုံးမယ်ဆို ညအိပ်ရာဝင်ခါနီးမှာသုံးပြီး အိပ်သင့်ပါတယ်။

အကြောင်းက ညဖက်မှာချွေးထွက်နည်းလို့ aluminium တွေအလွယ်တကူ sweat duct ထဲရောက်ပြီး အနည်ကျလွယ်လို့ဖြစ်ပါတယ်။

ချွေးထွက်များတဲ့အချိန်သွားလိမ်းရင် ချွေးနဲ့ရောပြီး sweat duct ထဲကိုသိပ်မရောက်နိုင်တော့ပါ။

Shaving လုပ်ပြီးတဲ့အခါမှာ ချက်ချင်းမလိမ်းသင့်သေးဘဲ နာရီအနည်းငယ်ကြာမှလိမ်းသင့်ပါတယ်။

သင်ကခေတ်လူငယ်တယောက်ဆိုတော့ ဒီလိုရှေးရိုးရာ ကျောက်ချဥ်နည်းတွေကို သဘောကျချင်မှကျပါလိမ့်မယ်။

စျေးကွက်ထဲက Deodorant တွေ roll on တွေအလွယ်တကူ ဝယ်သုံးလိုက်မှာပါ။

ဒါပေမယ့် သင်ဝယ်သုံးတဲ့ Deodorant တွေ roll- on တွေမှာလဲ alum ကိုပဲအခြေခံသုံးထားတာပါ။

Aluminium salt အမျိုးအစားသာကွဲသွားမယ်။ အခြေခံသဘောကတော့ ကျောက်ချဥ်သွေးလိမ်းသလိုပါပဲ။

Roll-on တွေ Deodorant တွေမှာ alum ကို alcohol based medium နဲ့ရောပြီးထုတ်ထားလို့

သုံးလိုက်တဲ့အခါ အေးပြီးခဏနေရင် ခြောက်သွေ့သွားပါလိမ့်မယ်။

ပါဝင်တဲ့ Alcohol ကအငွေ့ပြန်သွားတာဖြစ်ပြီး aluminium အမှုန်လေးများကတော့ ကပ်ကျန်ခဲ့မှာဖြစ်ပါတယ်။

တချို့ကလဲ gel based medium နဲ့ထုတ်တာမျိုးရှိပြီး အနံ့မျိုးစုံ ထည့်သွင်းထားတဲ့အတွက် ရွေးချယ်စရာအစုံဖြစ်နေမှာပါ။

အဲ့ဒီ အမွှေးရနံ့များအပြင် အချို့ကလဲ bacteria ကိုသေစေတဲ့ပစ္စည်း (antibacteria) များပါလို့ ချွေးနံ့မထွက်အောင် ထိန်းပေးထားမှာပါ။

Deodorant များကြာကြာသုံးရင် ရင်သားကင်ဆာဖြစ်နိုင်တယ်လို့လဲ ပြောကြတာကြားဖူးမှာပါ။

ဒီကိစ္စက တကယ်မဟုတ်ဘဲ ရင်သားကင်ဆာဖြစ်ခြင်းနဲ့ Deodorant သုံးခြင်းဟာ လက်ရှိ evidence များအရ ဆက်စပ်မှုမရှိကြောင်း National cancer institute နဲ့ American Cancer society တို့ကဆိုပါတယ်။

တိုက်ဆိုင်မှုတခုရှိသည်မှာ ရင်သားကင်ဆာအဖြစ်များတဲ့နေရာမှာ upper outer quadrant of the breast ဖြစ်ပြီး ချိုင်းနားနီးတဲ့အတွက် Deodorant သုံးလို့ဖြစ်တာလို့ ထင်ကြတာဖြစ်ပါတယ်။

တကယ်တော့ ချိုင်းနဲ့ကပ်တဲ့နေရာမှာ lymph nodes များ အများဆုံးရှိလို့ ရင်သားကင်ဆာအဖြစ်များခြင်းသာဖြစ်ပါတယ်။

သဘာဝကျောက်ချဥ်ကိုသုံးရင်တော့ ကျောက်ချဥ်ကိုရေဘယ်လောက်နဲ့ရောရမယ် aluminium ဘယ်လောက်ရာခိုင်နှုန်းပါမယ်မသေချာတဲ့အချက်တခုကလဲ စျေးကွက်ထဲက Deodorant တွေကိုပိုသုံးမိစေတဲ့အချက်ဖြစ်ပါတယ်။

စာဖတ်သူတို့ စိတ်ထဲမှာ ချွေးထွက်တာကိုစိတ်ထဲမနှစ်မြို့ကြပေမယ့် ဒါက အပူဒဏ်ကိုအန်တုဖို့ သဘာဝကပေးတဲ့လက်ဆောင်ပဲ ဖြစ်တာမို့ စိတ်ရှင်းရှင်းနဲ့ လက်ခံပြီး သဘာဝအတိုင်း နေထိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started