စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Short Version)

The Big Bang Theory ဆိုရင် ခုခေတ်မှာ လူတွေရိပ်ဖမ်းသံဖမ်းတော့ ကြားဖူးနေကြပါပြီ။ (Physicists တွေကြောင့်တော့ မဟုတ်ဘူး၊ Sitcom ကြောင့်ပါ…)
စကြဝဠာကြီး အစပြုခဲ့တယ်ဆိုတော့ တော်တော်ကြီးကျယ်ခမ်းနားတဲ့ Theory တစ်ခုလို့ထင်စရာရှိပါတယ်။
ဟုတ်ပါတယ်။ ဒါပေမယ့် အပေါ်ယံထက် ပိုနားလည်ဖို့အတွက် ခေါင်းတော့ အရှုပ်ခံရပါမယ်။

အတိုဆုံးပြောရရင် စကြာဝဠာကြီးက လွန်ခဲ့သောနှစ်ပေါင်း 13.8 billion years ကတည်းက စတင်ဖြစ်ပေါ်လာခဲ့တာပါ။
အဲ့ဒီအချိန်တုန်းက ခုမြင်နေရတဲ့စကြဝဠာတစ်ခုလုံးဟာ အမှတ်ကလေးတစ်စက်အနေနဲ့ ကြပ်တည်းစွာရှိခဲ့ပါတယ်

Singularity လို့ခေါ်ပါတယ်။
အဲ့ဒီ Singularity လေးက အတိုင်းအဆမရှိပူလောင်ပြီး အတိုင်းအဆမရှိသိပ်သည်းပါတယ်။ (Infinite Heat & Density)
(စကြဝဠာတစ်ခုလုံးကို ထည့်ထားရတာမို့ပါ)

ဒီနေရာမှာ ပြောစရာရှိတာက စကြဝဠာတစ်ခုလုံးကို ထည့်ထားရတယ်ဆိုတာ နေသန်းပေါင်းများစွာ၊ ဂြိုလ်သန်းပေါင်းများစွာလို့ မမြင်စေလိုပါဘူး။
Hydrogen အနည်းငယ်နဲ့ ပေါင်းစုံနေတဲ့အား (Unified Forces) တွေပဲရှိတာပါ။
Periodic Table မှာ Hydrogen က Number 1 ဆိုတော့ သူကနေ ပေါင်းရင်းပေါင်းရင်းနဲ့ အခြား ဒြပ်စင် (Elements) တွေကို ရလာပါတယ်။
(Big Bang Nucleosynthesis လို့ခေါ်တယ်)
မြင်အောင်ပြောရရင် ပိုက်ဆံရှိတဲ့သူက အရာရာကို လက်ညှိးထိုးပြီး ဝယ်ယူလို့ရသလိုပါပဲ။
Hydrogen ကို စကြဝဠာကြီးရဲ့ currency လို့မြင်ကြည့်နိုင်ပါတယ်။

ပြန်ဆက်ရရင် Singularity ကနေပဲ ရုတ်ချည်းတစ်စက္ကန့်အတွင်းမှာ စကြဝဠာကြီးတစ်ခုလုံးဖြစ်လာအောင် ပြန့်ကားသွားပါတယ်။
အဲ့ဒီအချိန်မှာ စကြာဝဠာကြီးရဲ့ ပြန့်ကားနှုန်းဟာ အလင်းရဲ့မြန်နှုန်းထက်တောင် ပိုခဲ့ပါတယ်။ (ဘာကြောင့်လဲဆိုတာ ရှင်းရင် ရှည်မှာစိုးလို့ မရှင်းတော့ပါ)

Big Bang ဆိုလို့ “ဝုန်း” “ဒိုင်း” ဆိုတဲ့အသံတွေကြားရလိမ့်မယ်မထင်ပါနဲ့။
အသံကြားရဖို့လေလိုပါတယ်။ အဲ့ဒီအချိန်မှာ Hydrogen တွေပဲရှိပါသေးတယ်။
ပြီးတော့ ပြန့်ကားသွားတယ်ဆိုလို့ ကြမ်းပြင်ပေါ်မှာ ကောဇောတစ်ချပ်ထပ်ခင်းလိုက်သလို မထင်ပါနဲ့။
အဲ့ဒီအချိန်မှာ ဘာဆိုဘာမှကိုမရှိတာပါ။ အာကာသဟင်းလင်းပြင်လည်း မရှိသေးပါ။
လူတစ်ယောက်က အဲ့ဒီဖြစ်ရပ်ကို အနီးကပ်ကြည့်ရှုခွင့်ရတယ်ဆိုရင်တောင် အလင်းရောင်မရှိသေးတဲ့အတွက် ဘာမှမြင်ရမှာမဟုတ်ပါဘူး။

အဲ့ဒီတော့ စကြဝဠာအစတုံးက Physicists တွေရှိနေခဲ့လို့ သူတို့က ဒီလောက်အဓိပ္ပါယ်မရှိတဲ့ အဆိုကို တင်သွင်းရတာလား၊ ယုံတဲ့သူတွေကရော အရူးတွေလား ဆိုတာ မေးစရာရှိလာပါတယ်။
ဒီအဆိုကို ထောက်ခံတဲ့ သက်သေတွေရှိနေလို့ပါ။

ပထမအချက်က ကြယ်အစုအဝေးတွေက ကျွန်တော်တို့နဲ့ဝေးရာကို ဖယ်ခွာနေကြပါတယ်။
အချိန်နောက်ပြန်ရစ်လိုက်ရင် ခုလိုဖယ်ခွာနေရခြင်းဟာ အချိန်တစ်ခုတုန်းက စုစုစည်းစည်းရှိခဲ့ကြတာကြောင့်လို့ ပြောလို့ရပါတယ်။ (မရှင်းရင် ပုံကိုကြည့်ပါ)

နောက်တစ်ချက်က စကြဝဠာထဲမှာ ရှိတဲ့ Hydrogen, Helium နဲ့အခြားဒြပ်စင်တွေကို တိုင်းတာလိုက်တဲ့အခါ သူတို့ရဲ့အချိုး (Proportion) တွေက တစ်ချိန်မှာစကြဝဠာကြီး အမှတ်စက်တစ်ခုအနေနဲ့ရှိခဲ့တယ်ဆိုတာကို ပြနေတယ်။

တတိယအချက်ကတော့ Cosmic Microwave Background Radiation ပါပဲ။
Big Bang က လွန်ခဲ့တဲ့ နှစ်ပေါင်း billion များစွာက ဖြစ်ခဲ့တာဆိုပေမယ့် သူ့ရဲ့လက်ကျန် ဓာတ်ရောင်ခြည်တွေကို ခုချိန်ထိစမ်းသပ်လို့ရနေပါသေးတယ်။
သီအိုရီအရ တွက်ချက်ကြည့်တဲ့အခါမှာ တကယ်လက်တွေ့တိုင်းတာလို့ရတဲ့ ပမာဏနဲ့မတိမ်းမယိမ်းဖြစ်နေတယ်ဆိုတော့ ဒီအချက်ကလည်း မှန်ကန်တယ်လို့ပြောလို့ရပါတယ်။

နောက်ဆုံးအချက်ကတော့ ကြယ်စုကြီးတွေ ဖွဲ့စည်းတည်ဆောက်သွားတာကို အထောက်အထားတစ်ခုအဖြစ်ပြောဆိုကြပါတယ်။ (နှစ်ကြောင်းလောက်နဲ့မပြီးလို့ ဆက်မရေးတော့ပါ)

ဒါက Big Bang Theory အတို Version ပါ။
ခပ်ရှည်ရှည် Version မှာ ၁စက္ကန့်အတွင်းမှာ အချိန်အလိုက်ပြောင်းလဲပုံတွေကို အသေးစိတ်ရှင်းပြထားပါတယ်။

စာကိုဆုံးအောင် ဖတ်လာပေးတယ်ဆိုရင်တော့ ကျေးဇူးတင်ပါတယ်။
ပထမအကြိမ်ဖတ်ဖူးတဲ့လူတွေအတွက် နားလည်ရခက်ခဲမှာဖြစ်ပေမယ့် သဘောတရား လောက်တော့ ရသွားမယ်လို့ထင်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကြောက်အောင်ခြောက်မလား၊ မြောက်အောင်မြှောက်မလား?

ဆရာဝန်တွေ၊ စားသောက်ဆိုင်ဝန်ထမ်းတွေအတွက် ဘယ်အရာက ဆတူ အရေးကြီးတယ်လို့ထင်ပါသလဲ။ သန့်ရှင်းရေးပါ။
သူတို့တွေ သန့်ရှင်းမှ လူနာတွေ၊ စားသုံးသူတွေ ရောဂါမရမှာဖြစ်တယ်။
ဒါပေမယ့် သူတို့တွေ လက်ကို သေချာဆေးကြရဲ့လား။

အမေရိကန်မှာတော့ ဆရာဝန်တွေ၊ နာ့စ်တွေ တော်တော်များများဟာ လူနာကြည့်ပြီးတိုင်း လက်မဆေးပါဘူးလို့ လေ့လာမှုတွေကဆိုတယ်။
လူနာနေရာကတွေးကြည့်ရင် စိတ်မချမ်းသာစရာပါ။
အဲ့ဒီတော့ သူတို့ကို လက်ဆေးအောင် ခြောက်မလား၊ မြှောက်မလား ရွေးရပါတယ်။

ခြောက်တဲ့နည်းကို စသုံးကြည့်ပါတယ်။ ဆရာဝန်တွေရဲ့ Ward တွေထဲမှာ ကင်မရာတွေတပ်လိုက်ပြီး စောင့်ကြည့်နေတဲ့အဖွဲ့ဆီကို Live လွှင့်ပါတယ်။ (ဒါကို ဆေးရုံဝန်ထမ်းတွေ အကုန်သိပါတယ်)
သူတို့တွေကို စောင့်ကြည့်နေတာသိပေမယ့် လက်ဆေးတဲ့အရေအတွက် သိသိသာသာတိုးမလာဘူး။

ဒီလိုနဲ့ မြှောက်တဲ့နည်းသုံးကြည့်တယ်။ Ward ထဲမှာ Score Board ကြီးထောင်ပြီး လက်ဆေးရင်ဆေးသလို အမှတ်တွေတက်လာအောင် လုပ်လိုက်တယ်။
ဒီတော့ Shift တစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်ဖြစ်လာပြီး တော်တော်များများ လက်ဆေးလာကြတယ်။

တွေးစရာရှိတာက လက်မဆေးရင်ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို သိရဲ့သားနဲ့ ဘာလို့မဆေးတာလဲဆိုတာပဲ။
ဒီလိုတွေးနေကတည်းကိုက အကြောက်တရားနဲ့ ကိုယ်လိုချင်တာကို ရအောင်လုပ်နိုင်မယ်လို့ ထင်နေတာဖြစ်တယ်။

ငယ်ငယ်က လူတိုင်းအရိုက်ခံဖူးကြမှာပါ။
အရိုက်ခံလိုက်ရလို့ နာသွားတာပဲရှိမယ်၊ အရိုက်ခံရစေတဲ့ အပြုအမူကို ပြောင်းလဲမသွားစေပါဘူး။ (နောက်ပိုင်းမှာ အရိုက်ခံရမှာကြောက်လို့ ငြိမ်သွားပေမယ့် စိတ်ထဲမှာ လစ်ရင်လစ်သလိုတော့ လုပ်ချင်စိတ် ကျန်နေပါသေးတယ်)
ပြောင်းလဲစေချင်ရင် Positive Energy ပေးရပါတယ်။ ဆုပေးတဲ့သဘောပေါ့။

လူတွေဟာ ကောင်းတဲ့အရာတွေဆီကိုပဲ ဦးတည်ကြတယ်။ မကောင်းတာဆို ဝေးဝေးက ရှောင်ကြတယ်။ (အမြဲတမ်းတော့ မမှန်ပါ)

တိရစ္ဆာန်တွေမှာရော အဲ့ဒီလိုပဲလားဆိုတာကို Psychologist Wayne Hershberger က ကြက်ပေါက်ကလေးတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။
ကြက်ပေါက်လေးတွေနဲ့ အစာတစ်ခွက်ကို ပြေးစက် (Tread Mill) ပေါ်တင်လိုက်ပါတယ်။
အစာခွက်ကို မြင်တာနဲ့ စားဖို့ပြေးလာကြတဲ့အခါ ပြေးစက်က စပြီးအလုပ်လုပ်ပါတယ်။ အဲ့တော့ အစာဆီကိုပြေးလေလေ အစာနဲ့ဝေးလေလေဖြစ်သွားတာပေါ့။
ကြာလာတော့ စိတ်လျော့သွားကြတဲ့ ကြက်ပေါက်လေးတွေဟာ အစာနဲ့ဝေးရာကိုပြန်လှည့်သွားကြပါတယ်။ အဲ့အခါကျတော့ အစာက သူတို့နောက်ပြန်လိုက်လာပါတယ်။
သူတို့စိတ်ထဲမှာ ကိုယ်ရမယ့် ဆုနဲ့ဝေးဝေးပြေးလေလေ အဲ့ဒီဆုကို ရဖို့နီးလေလေဆိုတဲ့ အတွေးမျိုးရှိလား သိချင်တာပါ။
ကြက်ကလေးတွေ အစာမစားလိုက်ရပါဘူး။

လူတွေရော လိုချင်တာရဖို့အတွက် လိုတာနောက်ကိုမလိုက်ဘဲ ခပ်ဝေးဝေးကို ပြေးနိုင်ကြသလား။
ဥပမာ ရည်းစားလိုချင်လို့ ပိုးပန်းတာက လိုချင်တာရှိလို့ လိုချင်တာနောက်ကို လိုက်တာပါ။
ဒါပေမယ့် ရည်းစားလိုချင်လို့ ခပ်ဝေးဝေးကို Strategy ကျကျ ရှောင်သွားနိုင်မလား။
ဒီအချက်တွေကို တိတိကျကျသိရအောင် လူတွေနဲ့လည်း စမ်းသပ်ခဲ့ပါတယ်။ (စာရှည်မှာကြောက်လို့ ထည့်မရေးတော့ပါ)
ရလဒ်ကတော့ လူအချို့ကပဲ ကိုယ်လိုချင်တာရဖို့ ဆန့်ကျင်ဘက်ခပ်ဝေးဝေးကိုပြေးနိုင်ပါတယ်။ ဆိုလိုချင်တာက လူအချို့ကပဲ Strategy ကျကျ ပြဿနာကိုချည်းကပ်တတ်ကြတယ်။

အချုပ်အနေနဲ့ပြောရရင်တော့ ကိုယ်လိုအပ်တာကို တစ်ယောက်ယောက်က မြန်မြန်လုပ်ပေးစေချင်ရင် ဆုပေးတဲ့စနစ်က ပိုအလုပ်ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုခုကိုမလုပ်စေချင်တဲ့အခါမှာတော့ ခြောက်လှန့်ခြင်းဟာ ပိုထိရောက်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Causal Loop

ဒဿနသမိုင်းမှာ Principle of Causality လို့ ခေါ်တဲ့ ကျိုးကြောင်းပြ စည်းမျဥ်းက တော်တော်လေး နာမည်ကြီးပါတယ်။ ဒီစည်းမျဥ်းက ဘာကိုပြောလဲဆိုတော့ အရာရာတိုင်းဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်လို့ ပြောတာပါ။

ပန်းသီး ဘာကြောင့်ကြွေ၊ Gravity ကြောင့်
စကြာဝဠာ ဘာကြောင့်ဖြစ်လာ၊ ဘုရားသခင်က ဖန်ဆင်းလို့
ဘာက ဘာကြောင့်ဖြစ်လာ၊ ဘာကြောင့် ဘာကြောင့် စသဖြင့် ဖြစ်လာတဲ့ အကျိုးတရားတိုင်းမှာ အကြောင်းတရားက ရှိနေပါတယ်လို့ ပြောပါတယ်။

ဒါကို အလယ်ခေတ်နှောင်းပိုင်း Philosopher တွေက စကြာဝဠာ ဘာကြောင့်ဖြစ်လာ၊ ဘုရားသခင်က ဖန်ဆင်းတယ်ဆိုတာကို ဖျက်ဆီးပစ်ဖို့ ကြိုးစားကြပါတယ်။ Principle of causality ကို မငြင်းပေမယ့် Universe ရဲ့ Cause ဆိုတာ ဘုရားသခင် မဟုတ်ဘူးဆိုတာကို သက်သေပြခဲ့ကြပါတယ်။ ဒါဟာလည်း အခုထက်ထိ ငြင်းခုန်နေကြတုန်းပါပဲ။

Causal Loop ဆိုတာ ?

ယူဆပါစို့။ Time Machine တစ်ခု ပေါ်လာပြီး သင်က အတိတ်ကို ပြန်သွားတယ်။ အာခီးမိဒိကို Buoyancy Theory သင်ပေးပြီ ဆိုပါစို့။ အာခီးမိဒိ Principle ကို ဘယ်သူက စတွေ့တာ ဖြစ်သွားပြီလဲ။

ပစ္စုပ္ပန်မှာ သင်သိတာက အာခီးမိဒိကြောင့် ဖြစ်ပေမယ့် Time Machine ကြောင့် အတိတ်မှာ အာခီးမိဒိသိတာက သင့်ကြောင့် ဖြစ်သွားပါပြီ။

ဒါကို causal loop လို့ ခေါ်တာပါ။ Cause နဲ့ effect က တစ်ခုကို တစ်ခု အပြန်အလှန် ပံ့ပိုးပေးနေတဲ့အခါ ဘယ်ဟာက cause ဘယ်ဟာက effect မှန်းကို မသိတော့သလို ဖြစ်သွားပါတယ်။

Causal Loop အကြောင်းကို
Predestination Movie နဲ့
Dark Series တွေမှာ သေချာကြည့်နိုင်ပါတယ်။

Causal Loop မှာ အဖြေမရှိပါ။ Loopကို မဖြတ်နိုင်သရွေ့ မဆုံးနိုင်သော သံသရာအဖြစ် ထာဝရ လည်ပတ်နေမှာ ဖြစ်ပါတယ်။

Lucifer

အတူနေအမျိုးသမီးများတွင် ရာသီစက်ဝန်းတူလာတတ်ခြင်းနှင့် Evolution ကိုလေ့လာကြည့်ခြင်း

အဆောင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အမျိုးသမီးများစုပေါင်းနေထိုင်ကြတဲ့အခါ ရာသီစက်ဝန်းစတင်သည့်ရက်များ တူလာတတ်ကြတာကို သတိထားမိကြပါလိမ့်မယ်။

ဒါဟာ ဘာကြောင့်ပါလဲ။

ဒီလိုဖြစ်တာကို သာမန်ပြည်သူများသာမက သိပ္ပံပညာရှင်များကပါ သတိထားမိကြပြီး ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဥ်တခုဖြစ်လာရပါတယ်။

အထင်ရှားဆုံး Theory တခုကတော့ “Pheromones” သီအိုရီပဲဖြစ်ပါတယ်။

Pheromones ဆိုတာ မျိုးစိတ်တူ သတ္တဝါအချင်းချင်း ထုတ်လွှတ်အသိပေးသော အချက်ပေး အမှုန်လေးများ (odorant particles) ဖြစ်ပါတယ်။

ဒီအချက်ပေးအမှုန်လေးတွေက လူနဲ့ပရိုင်းမိတ်တွေထက် အဆင့်နိမ့်တဲ့တိရစ္ဆာန်တွေမှာ အလွန်အရေးပါလှပါတယ်။

မျိုးစိတ်တူ အချင်းချင်း အဆိုပါ အမှုန်များထုတ်လွှတ်ကာ အန္တရာယ်ကိုအချက်ပေးခြင်း ၊ မိတ်လိုက်ဖို့ လှုံ့ဆော်ခြင်း ၊ အုပ်စုအချင်းချင်းအသိပေးခြင်း ၊ လမ်းပြခြင်း စတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ပါတယ်။

အဆိုပါ တိရစ္ဆာန်တွေရဲ့ နှာခေါင်းအတွင်းဖက်မှာ
Vomeronasal organ (VNO) ဆိုတဲ့ အစိတ်အပိုင်းပါရှိပြီး အနံ့ခံတဲ့နေရာတခု အပိုပါနေသလိုဖြစ်နေပါတယ်။ (accessory olfactory bulb)

အဲ့ဒီ အပိုပါတဲ့ အနံ့ခံနေရာက သူများတွေထုတ်လွှတ်လိုက်တဲ့ Pheromones တွေကို detect လုပ်ပြီး အချင်းချင်းဆက်သွယ်လို့ရပါတယ်။

တချို့က Pheromones တွေကိုနှာခေါင်းကပဲ အာရုံခံလို့ အနံ့အသက်အမှုန်လို့ခေါ်ကြပေမယ့်

တကယ်တမ်းက pheromones တွေက အနံ့ဆိုပြီး ဦးနှောက် (cerebral cortex) အထိရောက်မလာပါဘူး။

ရှင်းအောင်ပြောရရင် Pheromones တွေကို နှာခေါင်းကအာရုံခံပေမယ့် သူတို့က အနံ့အသက်မရှိပါဘူးတဲ့။ (Pheromones are distinct from consciously perceived odorants)

မျိုးစိတ်မတူတဲ့ သတ္တဝါတွေက ထုတ်လွှတ်တဲ့ အချက်ပြအမှုန်ကိုတော့ Kairomones လို့ခေါ်ပြီး

သူတို့သည်လဲ လေထဲမှာပြန့်ကာ ရန်သူကိုအချက်ပေးနိုင်ပါတယ်။
အမဲလိုက်တဲ့အခါမှာလဲသုံးလို့ရပါတယ်။

ဥပမာ – ကြွက်ရဲ့ Kairomones ကို ဇီးကွက်က အာရုံခံမိရင် ကြွက်ကိုလိုက်ဖမ်းရလွယ်သွားပါတယ်။

ပြန်ချုပ်ပြောရရင် တိရစ္ဆာန်တွေရော လူတွေကပါ Pheromones တွေထုတ်လွှတ်တတ်ပေမယ့်

လူတွေမှာ Pheromones ကိုအာရုံခံတဲ့ organ က evolution မှာ ပါမလာတော့ပါဘူး။

သို့သော် Pheromones တွေပတ်ဝန်းကျင်မှာရှိလာတဲ့အခါ တနည်းနည်းနဲ့ သိပြီး Brain က တမျိုးတဖုံ တုံ့ပြန်တတ်ပါသတဲ့။

ဒါကြောင့် အမျိုးသမီးတယောက် ရာသီစလာတဲ့အခါ Pheromones တွေထုတ်တတ်ပြီး အဲ့ Pheromones တွေကြောင့်များ အတူနေအမျိုးသမီးရဲ့ brain (hypothalamus) ကို ပြောင်းလဲစေကာ menstrual cycle တူလာနိုင်တယ်လို့ ယူဆကြပါတယ်။

ဒါကလဲ ယူဆချက်တခုသာဖြစ်လို့ အတည်ယူလို့မရနိုင်သေးပါ။

နောက်ထပ် ဖြစ်နိုင်ချေတခုကတော့

သင်္ချာသဘောတရားအရ စတင်တဲ့ရက်မတူတဲ့ စက်ဝန်း ၂ခုဟာ တဖြည်းဖြည်း လနဲ့ချီကြာလာရင် စက်ဝန်းတွေပြန်ပြန် ထပ်လာပြီး နီးလာတတ်ပါတယ်။

သူ့ဘာသာ cycle သဘောအရ ရက်တွေကပ်လာပြီး နီးလာသလို တူလာသလိုဖြစ်တာကြောင့် အတူနေတာကြာလေ ပိုတူနိုင်ခြေများပါတယ်။

ဒါကို သတိထားမိတဲ့သူက တိုက်ဆိုင်စွာ သတိထားမိတာလို့လဲ ယူဆကြပါတယ်။

ဒီကိစ္စဟာ ရေပန်းစားပေမယ့် အခုထိ တိကျတဲ့ရှင်းပြချက်မတွေ့ရသေးဘဲ theory များသာရှိသေးကြောင်း တင်ပြလိုက်ရပါတယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကြက်သွန်နီလှီးရင် ငိုနေရတာပဲလား?

အိမ်မှာ ကြက်သွန်နီထိုင်လှီးနေရင်း တွေးမိသွားတဲ့ခေါင်းစဉ်ပါ။
ကြက်သွန်နီလှီးရင် မျက်စိပူစပ်ပူလောင်ဖြစ်လာပြီး မျက်ရည်ကကျလာတာပါပဲ။
အလှီးအချွတ်မှာ Newbie ပဲရှိသေးတာမို့ ကြက်သွန်လှီးတိုင်း တော်တော်ကို ဒုက္ခရောက်ပါတယ်။ ရှင်းရှင်းပြောရရင် ကြက်သွန်နီဆို မလှီးချင်ပါဘူး။
(ကြက်သွန်ဖြူလည်း တရုတ် Boycott မို့ အဆံသေးလေးတွေ ထိုင်သင်နေရတာ ဒုက္ခများတာပါပဲ)

အဲ့ဒီအချိန်မှာ မေးခွန်းတစ်ခုခေါင်းထဲပေါ်လာပါတယ်။
အမြဲကြက်သွန်လှီးနေရရင် မျက်လုံးအတွက် ဒုက္ခရောက်နိုင်သလား။
(တကယ်တော့ မလှီးချင်လို့ အကြောင်းရှာချင်တာပါ၊ ဘဝတူတွေအတွက် မျှော်လင့်ချက်ကောက်ရိုးတစ်မျှင် ဖြစ်ခွင့်ရရင် ဒီစာရေးရကြိုးနပ်ပါပြီ…)

ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျစေသလဲဆိုတာ အရင်ပြောပြချင်ပါတယ်။
အတိုချုပ်ပြောရရင်တော့ ကြက်သွန်ကထွက်တဲ့အငွေ့ကြောင့်ပါ။
ကြက်သွန်နီက မြေကြီးထဲမှာ ပေါက်တာဆိုတော့ အကောင်ဗလောင်တွေရဲ့ ရန်က ကာကွယ်ဖို့အတွက် အဲ့ဒီအငွေ့ကိုထုတ်ရခြင်းဖြစ်တယ်။

ဒါပေမယ့် ထုံးစံအတိုင်း နည်းနည်းတော့ ရှည်ချင်ပါသေးတယ်။ ကြက်သွန်နီကို လှီးလိုက်တဲ့အခါမှာ သူ့ရဲ့ဆဲလ်တွေလည်းကွဲကုန်ပါတယ်။
ဆဲလ်ထဲမှာ သိမ်းထားတဲ့ Amino Acid Sulfoxide နဲ့ Enzyme တစ်ခုဓာတ်ပြုပြီး အငွေ့တစ်ခုထွက်လာပါတယ်။
Syn-Propanethial-S-Oxide လို့ခေါ်ပါတယ်။
(ကျွန်တော်ကတော့ စာလုံးအရှည်ကြီးလို့ အလွယ်မှတ်ပါတယ်)

အဲ့ဒီအရှည်ကြီးက မျက်စိထဲဝင်သွားရင် မျက်စိထဲကမျက်ရည်နဲ့ဓာတ်ပြုပြီး Mild Sulfuric Acid (ဘက်ထရီအက်စစ် အပျော့စား) ဖြစ်သွားပါတယ်။
မျက်စိထဲမှာ အက်စစ်တွေရောက်ကုန်လို့ ပူစပ်ပူလောင်ဖြစ်လာတာပါ။

အဲ့ဒီအတွက်ကြောင့် မျက်ရည်ဂလင်း (Lacrimal Glands) တွေက မျက်ရည်ထုတ်ပေးပါတော့တယ်။
မျက်စိထဲမှာ မျက်ရည်တွေများလာတော့ မျက်စိအပြင်ဘက်ကို မျက်ရည်တွေကျလာတာပေါ့။
(အက်စစ်တွေ မျက်စိထဲရောက်လာတာဆိုတော့ ကြက်သွန်နီလှီးရတာ တော်တော်အန္တရာယ်များတာပဲလို့ တွေးမိပြီး စိတ်ကျေနပ်မှုတော့ ဖြစ်သွားမိတယ်…)

ဒီတော့ မျက်ရည်မကျအောင် ကြက်သွန်နီကို မျိုးရိုးဗီဇ ပြင်လို့မရဘူးလားလို့ မေးစရာရှိတယ်။
ပန်းသီးတွေကို ကြီးထွားလာအောင်၊ ဖရဲသီးတွေမှာ အစေ့မပါအောင်၊ Ketchup အဖြစ်သုံးတဲ့ ဗီဇပြောင်း ခရမ်းချဉ်သီး စတာတွေဟာ ဗီဇကိုပြုပြင်ပြီး ရလာတာပါ။

ကြက်သွန်နီက လွှင့်ပစ်ရမှာလည်း အဆီတဝင်းဝင်း၊ စားရမှာလည်း သဲတလျှပ်လျှပ်ဖြစ်နေတယ်။
ဒါပေမယ့် ကြက်သွန်နီရဲ့အရသာဟာ သူ့ရဲ့ပူလောင်ခြင်းနဲ့လည်း သက်ဆိုင်နေတယ်ဆိုတယ်။
မျက်ရည်ကျအောင် ကြက်သွန်လုပ်၊ မလုပ်ရင် ကြက်သွန်မဟုတ်လို့ ခပ်လွယ်လွယ်ပြောရမယ့်ပုံပါပဲ။
မျက်ရည်မကျစေတဲ့ ကြက်သွန်ဟာ ကြက်သွန်ရဲ့အရသာလည်း ရှိမှာမဟုတ်တော့ဘူးလို့ ဆိုတယ်။
(ခုနောက်ပိုင်းမှာတော့ ပညာရှင်တွေဟာ မျက်ရည်ကျအောင်လုပ်တယ်လို့ ထင်ရတဲ့ Mystery Enzyme တစ်ခုရှိသေးတယ်လို့ဆိုပြန်တယ်၊ ပညာရှင်တို့ရဲ့ ထုံးစံအတိုင်း ခုချိန်ထိတော့ ငြင်းနေကြဆဲပါပဲ)

မျက်စိဆရာဝန်တွေကတော့ ကြက်သွန်နီလှီးလို့ မျက်စိကိုထိခိုက်သွားနိုင်တာမျိုးမရှိဘူးလို့ဆိုပါတယ်။
ပူစပ်ပူလောင်ဖြစ်လာရင် မျက်စဉ်းခပ်ပြီး ဆက်လှီးပါလို့ဆိုတယ်။
(အန္တရာယ်ကင်းမှန်းသိသွားပြီဆိုတော့ ဆက်လှီးကြရတော့မှာပေါ့…)

ဒါဆိုရင် မျက်ရည်မကျအောင် ဘယ်လိုပြင်ဆင်ပြီး လှီးကြမလဲ။
ပထမအချက်ကတော့ နာရီအနည်းငယ်လောက် အအေးခံလိုက်တာပါပဲ။
(အေးရင် အငွေ့ထွက်နှုန်းနည်းစေလို့ပါ)
Personal Evidence အရပြောရရင်တော့ အဆင်သိပ်မပြေပါဘူး။ လှီးရင်း ငိုနေရဆဲပါပဲ။

ဒုတိယအချက်အနေနဲ့ ကြက်သွန်နီရဲ့အမြစ်ကို အရင်လှီးထုတ်ပစ်လိုက်ပါတယ်။
(အမြစ်မှာ အငွေ့တွေများတယ်လို့ ဆိုတယ်)
ငိုနေရဆဲပါ…

တတိယအချက်အနေနဲ့ ကြက်သွန်နီကို ပါးပါးမလှီးဘဲ လေးစိတ်အညီအမျှပိုင်းပြီး ၁၀ မိနစ်လောက် ပစ်ထားလိုက်တာပါ။
(အငွေ့တွေကို မျက်လုံးကလွဲပြီး သွားလိုရာကို သွားနိုင်အောင်လို့ပါ)
သိပ်မငိုရတော့ဘူးလို့ ပြောပါတယ်။ (ဒါကိုတော့ ကိုယ်တိုင် မစမ်းကြည့်လိုက်ရပါ)

စတုတ္ထအချက်ကတော့ ရေထဲနှစ်ပြီးလှီးဖို့ ပြောပါတယ်။
(အဓိပ္ပါယ်မရှိတဲ့အပိုင်းကို စပြီးရောက်ရှိလို့လာပါပြီ)

နောက်တစ်ခုလုပ်လို့ရသေးတာက ကြက်သွန်လှီးရင် တပ်တဲ့မျက်မှန်တွေ ရှိပါတယ်။
ဒါကတော့ အကောင်းဆုံးနည်းလမ်းပဲဆိုပြီး အဲ့ဒီမျက်မှန်တွေရောင်းနေတဲ့ Post အောက်မှာရေးနေကြတာတော့ တွေ့လာပါတယ်…

အချုပ်ပြောရရင်တော့ ကြက်သွန်နီလှီးလို့ မျက်စိကိုမထိခိုက်စေပါဘူး။

ဒါပေမယ့် ပူလောင်ခြင်းမရှိအောင် ကိုယ့်ဘာသာကြံစည်မှ သက်သာမှာပါ။
တစ်ယောက်နဲ့တစ်ယောက် Resistance မတူတာမို့ အပေါ်မှာပြောခဲ့တဲ့အချက်တွေအကုန်လုံးစမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။

Thanks for reading.

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started