အာခိလိနဲ့ လိပ် အပြေးပြိုင်ဖူးခဲ့တယ်

အာခိလိဆိုတာ ဂရိသူရဲကောင်း တစ်ယောက်ပါ။ မွေးကတည်းက အမေဖြစ်သူရဲ့ ဖနောင့်ကိုင် မြစ်ရေထဲ နှစ်ပေးမှုကြောင့် ဖနောင့်ကလွဲပြီး တစ်ကိုယ်လုံး တုတ်ပြီး ဓားပြီးသူကြီးပေါ့။ နောက်ဆုံးတော့ စစ်ပွဲမှာ ဖနောင့်ကို အဆိပ်လူးမြား မှန်ပြီး သေသွားရပါတယ်။ ဒါကြောင့် ဖနောင့်က အရွတ်တစ်ခုကို Archilles’ Tendon လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

Zeno of Elea ဆိုတဲ့ Elea မြို့က philosopher Zeno ဟာ နာမည်ကြီး ဝိရောဓိတွေကို ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ဝိရောဓိတွေဟာ အခုခေတ်ကနေ ပြန်ကြည့်ရင် အတော့်ကို အူကြောင်ကြောင် နိုင်နေတာကို တွေ့ရပါမယ်။

အာခိလိနဲ့ လိပ်အပြေးပြိုင်တာကိုပဲ ကြည့်ရအောင်ပါ။

အာခိလိနဲ့ လိပ်အပြေးပြိုင်တော့ အာခိလိက သဘောထားကြီးစွာ လိပ်ကို မီတာ ၁၀၀ အကျောပေးပါတယ်။ ဝုန်းဆို တာလွှတ်တာနဲ့ အာခိလိကော လိပ်ကော ပြေးကြပါသတဲ့။

အာခိလိဟာ လိပ်နဲ့ အပြေးပြိုင်နေတာ ဖြစ်လို့ လိပ်ကို နိုင်ချင်ရင် လိပ်ကိုမှီအောင် ပြေးရပါမယ်။ လိပ်ကို မှီအောင်ဆိုရင် လိပ်ရှိခဲ့တဲ့နေရာကို ပြေးရပါမယ်။

အဲ့တာကြောင့် မီတာ ၁၀၀ ကို အာခိလိ ရောက်လာတော့ လိပ်က အရှေ့ရောက်သွားနေပါပြီ။ ဘယ်လောက်ပဲ ရောက်ရောက် အာခိလိက လိပ်ကိုကျော်ချင် လိပ်ကိုမှီအောင်ပြေး၊ လိပ်ကို မှီအောင်ပြေးရင် လိပ်ရှိခဲ့တဲ့နေရာကိုပြေး၊ လိပ်ရှိခဲ့တဲ့နေရာ ရောက်လာရင် လိပ်က ရှေ့နည်းနည်းရောက်နဲ့ အာခိလိဟာ လိပ်ကို ဘယ်တော့မှ မနိုင်ပါဘူးတဲ့။

Zeno အလိုအရ လိပ်က အာခိလိကို အနိုင်ရပါတယ်တဲ့။

ဒါဖြစ်နိုင်မလားပေါ့။
သေချာစဥ်းစားကြည့်ရအောင်ပါ။
အပြေးပြိုင်တဲ့ အာခိလိနဲ့ လိပ်မှာ ပန်းတိုင်မရှိပါ။
အာခိလိရဲ့ ပန်းတိုင်က လိပ်ကို ကျော်ဖို့ ဖြစ်နေပါတယ်။
လိပ်က ရွေ့နေပါတယ်။
ဒီ ၃ချက်ကြောင့် အာခိလိဟာ လိပ်ကို ဘယ်တော့မှ မနိုင်နိုင်ဘူးလို့ သုံးသပ်လို့ရပါတယ်။

လက်တွေ့အရ စဥ်းစားကြည့်ရင် အင်မတန် အူကြောင်ကြား နိုင်ပေမယ့် Zeno ရဲ့ ဝိရောဓိတွေဟာ နာမည်ကျော်ခဲ့ပါတယ်။

Lucifer

ငါ သူတပါး ယောက်ျား မိန်းမ

ဒါ ဟိုးအရင် မြန်မာရုပ်ရှင် ဇာတ်ကား နာမည်ကို ယူထားတာပါ။ အခုရေးမှာနဲ့ မဆိုင်သလို ဆိုင်သလိုလေး ဖြစ်နေလိုပါ။

ခွဲခြားတယ်ဆိုတာ လူ့သမိုင်းမှာ သိပ်ကို အရေးကြီးတဲ့ အတွေးအခေါ် တိုးတက်မှုမှာ ပါဝင်ခဲ့ပါတယ်။ ရန်သူနဲ့ မိတ်ဆွေ၊ ဆေးနဲ့ အဆိပ်၊ ကောင်းမှုနဲ့ ဆိုးမှု စသဖြင့် အမျိုးမျိုး ခွဲခြားမှုကြောင့် လူ့အဖွဲအစည်း တိုးတက်လာရတာ ဖြစ်ပါတယ်။ ကွဲပြားလို ခွဲခြားတာလား၊ ခွဲခြားလိုက်လို ကွဲပြားတာလားကတော့ အတော်ရှင်းရခက်တဲ့ ဒဿန ပြသနာ တစ်ပုဒ်ပါပဲ။

ခွဲခြား ဆက်ဆံတာ (discrimination) ကလည်း တော်တော့ကို အရေးပါတဲ့ လူ့လုပ်ငန်းစဥ်ပါပဲ။ ဘုရင်နဲ့ အသည်၊ သမ္မတနဲ့ အရပ်သား၊ အုပ်စိုးသူနဲ့ ဖိနှိပ်ခံရသူ စသဖြင့် ခွဲခြားဆက်ဆံနေခဲ့၊ နေကြဆဲ၊ နေကြရဦးမှာပဲ။ ဒါဟာ ငြင်းမရတဲ့ လူ့သမိုင်း ဖြစ်စဥ်ကြီးပဲ။

ဒါပေမယ့် ၂၁ ရာစုမှာ လိင်ခွဲခြား ဆက်ဆံမှု (sexism) ဟာ တော်တော့ကို နာမည်ကြီးလာပါတယ်။ မခွဲခြားဆက်ဆံသင့်ဘူးလို တညီတညွတ်တည်း ထောက်ပြပြောဆိုလာကြပါတယ်။ အထူးသဖြင့် အရင်တုန်းက ခွဲခြားဆက်ဆံခံရတဲ့ အမျိုးသမီးတွေနေရာကနေ speak out လုပ်လာတဲ့သဘောပါပဲ။

ဒီနေ့တော့ လိင်ခွဲခြားဆက်ဆံမှု ၆ခုကို အကျဥ်ရေး ပြသွားပါမယ်။

Hostile Sexism

ကျား၊မ ဖြစ်တည်မှုပေါ် အခြေပြုပြီး ပေါ်ပေါ် ထင်ထင် ခွဲခြားဆက်ဆံတာကို ခေါ်တာပါ။ Misogyny လိုခေါ်တဲ့ မိန်းမမုန်းခြင်းဟာ ဒီ sexism ထဲမှာ ပါပါတယ်။

ဒီ sexism ကြောင့် လူတစ်ယောက်ကို ကျား မ ပေါ်မူတည်ပြီး ဆဲဆိုတာ၊ အနိုင်ကျင့်တာ၊ ကိုယ်ထိ လက်ရောက်စော်ကားတာ၊ လူရာမသွင်းတာ၊ ပယ်ထားတာ စသဖြင့် ဖြစ်လာနိုင်ပါတယ်။ မိန်းမမာယာ သဲကိုးဖြာဆိုတဲ့ စကားပုံဟာ ဒီ Sexism အောက်မှာ အကျုံးဝင်ပါတယ်။

Benevolent Sexism

ဒါကတော့ အမျိုးသမီးတွေကို အပြစ်ကင်းတယ်၊ ဖြူစင်တယ်၊ ဂရုစိုက်တတ်တယ်၊ အားပျော့တယ်၊ ကာကွယ်ပေးဖိုလိုတယ်၊ လှတယ် စသဖြင့် ပုံသွင်းခွဲခြားတာကို ပြောတာပါ။

ဒီ Sexism ဟာ ထိခိုက်မှု impact သိပ်မသိသာဘဲ လူမှုရေးအရ ပိုပြီးလက်ခံကြပါတယ်။ မိန်းကလေးမို အိမ်မှုကိစ္စလုပ်ရတာ၊ အပြင်ကို တစ်ယောက်တည်း မလွှတ်တာ၊ ကလေးထိန်းရတာ၊ သူနာပြု၊ အလုပ်အကူ၊ အတွင်းရေးမှူး စသည်တိုကို မိန်းကလေးပဲ ခန့်တာ၊ မိန်းကလေးမို မဲပေးခွင့်မရှိတာ၊ ရုပ်လှလို အမှတ်ပိုပေးတာ၊ ရာထူးတိုးပေးတာ စသဖြင့် အပြုအမူတွေဟာ ဒီ sexism အပြုအမူအောက်မှာ အကျုံးဝင်ပါတယ်။

Ambivalent Sexism

Hostile နဲ့ benevolent ၂ခု ပေါင်းထားတာ ဖြစ်ပါတယ်။ မိန်းကလေးတွေကို အခြေအနေတွေပေါ် မူတည်ပြီး ရိုးသား ဖြူစင် အပြစ်ကင်းတယ် ဒါမှမဟုတ် ကောက်ကျစ် ယုတ်မာ လိမ်လည် လှည့်ဖြားတတ်တယ်လို မြင်တတ်ပါတယ်။

မိန်းကလေး တစ်ယောက် ဝတ်တာကိုကြည့်ပြီး မိန်းမကောင်း မိန်းမယုတ် ခွဲခြားတာ၊ မိန်းမဆန်တာကို ချီးကျူးပြီး ကျားကျားလျားလျားနေတာကို ပုတ်ခတ်တာ၊ ဆူဆဲတာ၊ ရုပ်ချောလို အတွင်းရေးမှူး ခန့်ပြီး ထိကပါး ရိကပါး လုပ်မရလို အလုပ် ထုတ်ပစ်တာမျိုးတွေက ဒီ Sexism မှာ အကျုံးဝင်ပါတယ်။

Institutional Sexism

ဒါကတော့ အဖွဲအစည်း တစ်ခုထဲမှာ လိင်ခွဲခြားတာကို ပြောတာပါ။ ဒီ Sexism က society မှာ ဖြစ်တာမို့လို အပေါ်က ၃ခုထဲက တစ်ခုခု ဖြစ်နိုင်ပါတယ်။

အလုပ်တူတူကိုပဲ အမျိုးသမီးက လစာပိုနိမ့်တာ၊ နိုင်ငံရေး ဦးဆောင်သူနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေမှာ အမျိုးသမီး ပါဝင်မှု နည်းတာတွေက ဒီ sexism ကို အခြေပြုပြီး ဖြစ်လာရတာတွေပါပဲ။

Interpersonal sexism

တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံ စကားပြောဆိုရာကနေ လိင်ခွဲခြားမှု ဖြစ်လာတာမျိုးပါ။ အလုပ် ကျောင်း မိသားစု စတာတွေမှာ တွေ့တတ်ပါတယ်။

လမ်းလျှောက်တာ မိန်းမနဲ့ တူတယ်၊ ထမိန်ပဲ ဝတ်ထားလိုက်၊ ယောက်ျားတန်မဲ့ မိန်းမလို မိန်းမရ ပြောနေတယ်၊ မိန်းမတွေဆိုတာ အတင်းတုပ်မှာပဲ စတာတွေက ဒီ Sexism ပါပဲ။ စုဖုရားလတ်က ကင်းဝန်မင်းကြီးကို စစ်မတိုက်ရဲဘူးလို ရှုချပြီး ကျောက်ပျဥ်နဲ့ သနပ်ခါးပိုတာလည်း ဒီ sexism ကို အခြေခံတာပါပဲ။

Internalized Sexism

ဒါကတော့ ကိုယ့်ဘာသာကိုမှာ ဖြစ်လာတဲ့ လိင်ခွဲခြားမှုပါပဲ။ တစ်ယောက်ယောက်က ကိုယ့်ကို လိင်ခွဲခြားဆက်ဆံလိုက်တဲ့အခါ ငါက သူပြောသလိုများ ဖြစ်နေလားဆိုပြီး သံသယဝင်တာမျိုးကို ဆိုလိုပါတယ်။ ဒီ Sexism ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် sexist ဖြစ်မှန်းမသိ ဖြစ်စေတတ်ပါတယ်။

ငါကတော့ စော်ဘယ်နှယောက်နဲ့ တွဲဖူးတာ၊
ငါကတော့ ဘဲဘယ်နှယောက် ပြိုင်လိုက်ဖူးတာ၊
Period လာလို့ ကိုယ့်ကိုယ်ကိုယ် မိန်းမဖြစ်နေရခြင်းဆိုပြီး စိတ်ပျက် အားလျော့တာ၊
မိန်းမဆိုတာ ပိန်ရမယ်၊ ဝနေရင် မလှဘူးဆိုပြီး အပြင်းအထန် ဝိတ်လျှော့တာ စသဖြင့် အတွေးတွေက internalized sexism ပါပဲ။

နိဂုံးချုပ်ရရင် လူတစ်ယောက်ကို ကျွန်တော်တိုက ယောက်ျားဖြစ်လို မိန်းမဖြစ်လိုဆိုတဲ့ ဖြစ်တည်မှုကို စပြီး စဥ်းစားလိုက်တာနဲ့ ကျွန်တော်တိုဟာ လိင်ခွဲခြားဆက်ဆံသူ Sexist ဖြစ်သွားပါပြီ။ လူဟာ လူပါပဲ။ လူလိုပဲ မြင်ရတွေးရပါမယ်။ ဒါမှ တရားမျှတမှာ ဖြစ်ပါမယ်။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များအကြောင်း (Part 3)

(ယခုစာကိုရေးသားရခြင်းမှာ psychiatric disorder များနှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များကို တွဲဖက်လေ့လာမိစေရန် ရည်ရွယ်ပြီး လမ်းညွှန်မိတ်ဆက်သဘောမျှသာ ရေးသားမည်ဖြစ်ရာ အမှားအယွင်းတစုံတရာပါဝင်ခဲ့ပါက စာရေးသူ၏ လေ့လာမှုအားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်။)

ယခု တတိယအပိုင်းတွင် ရွေးချယ်ထားသောစာအုပ်သည် ဆရာ့၏ နာမည်ကျော်လူသိများသော ရုပ်ရှင်အဖြစ်လဲ အသက်သွင်းထားသော “မိုးညအိပ်မက်မြူ” ဝတ္ထုပဲဖြစ်ပါတယ်။

ဒီဝတ္ထုလေးမှာ လူတို့ရဲ့ စိတ်များ ဆန်းကြယ်လှပုံ ၊ စိတ်ကိုရင့်ကျက်တည်ငြိမ်အောင် မွေးမြူရာတွင် ငယ်ငယ်ကတည်းက မိဘမေတ္တာအပြည့်အဝရရှိ
ခိုလှုံမှသာ လောကဓံကို ကြံ့ကြံ့ခံနိုင်သော စိတ်ဓာတ်မျိုးရရှိမည်ဖြစ်ကြောင်း အထင်ရှားဆုံးတွေ့ရပါသည်။

ဒီဇာတ်လမ်းထဲမှာ စိတ်ရောဂါပညာရှင်ဆရာမလေး မသက်ရီဟာ သူ့မိတ်ဆွေ တယောက်ကြုံတွေ့နေရတဲ့ မိသားစုပြဿနာတခုကို ဖြေရှင်းပေးဖို့ ဖိတ်ခေါ်ခံရပါတယ်။

မသက်ရီရဲ့ မိတ်ဆွေအိမ်မှာ တည်းခိုနေစဥ် ထူးခြားသောလူတယောက်နဲ့ တွေ့ဆုံရပါတယ်။

သူ့နာမည်က မောင်ညိုမှိုင်းတဲ့။

ပိုထူးခြားတာက သူတို့၂ဦးဟာ အရင်က တခါမှမတွေ့ဖူးပေမယ့် မောင်ညိုမှိုင်းက ဆရာမလေးကို သိနေပါတယ်တဲ့။

ဒီမောင်ညိုမှိုင်းက သူ့ကိုယ်သူ ဒီအိမ်ပိုင်ရှင်ရဲ့ တူအရင်းပါတဲ့။

မိုးသည်းတဲ့ညတွေမှာ မိုးရေထဲ တယောဆင်းထိုးတတ်တဲ့ မောင်ညိုမှိုင်းက ဘယ်လိုလူများလဲ။

ဆရာမလေးမိတ်ဆွေစကားအရ သူ့တူက မောင်မြင့်ဝေပါတဲ့။

ဒါဆို မောင်မြင့်ဝေနဲ့ မောင်ညိုမှိုင်း ဘယ်သူကအစစ်လဲ ဘယ်သူကအတုလဲ။

တရက်ကျတော့ ဆရာမလေးရဲ့နောက်ထပ်မိတ်ဆွေတယောက်က မောင်ညိုမှိုင်းကိုတွေ့တော့ ချက်ချင်းမှတ်မိပြီး မောင်ညိုမှိုင်းဆိုတာ လူရွှင်တော်ခေါင်းဆောင် ကိုသစ္စာတဲ့။

မောင်ညိုမှိုင်း ၊ မောင်မြင့်ဝေ ၊ ကိုသစ္စာ ဒီလူတွေက ရုပ်ချင်းဆင်တဲ့ အမြွာညီအကိုတွေလား။

သူတို့ ၃ ယောက်နဲ့ ဆရာမလေးနဲ့ ဘယ်လိုဆက်လက်ကြုံတွေ့ကြမလဲ။

ဝတ္ထုမဖတ်ရသေးတဲ့သူများအနေနဲ့ အောက်မှာ spoiler alert ပါဗျ။

……………………..

ဒီဇာတ်လမ်းထဲမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်က ဘဝမှာကံဆိုးရှာတဲ့ လူငယ်တယောက်အကြောင်းကို

စိတ်မတူသော identity မတူသော လူ၃ ယောက် ဘဝ ၃ခုနေရာ ကနေ ရေးသားပြခဲ့ပါတယ်။

ဒါကို psychiatry မှာ Multiple personality disorder လို့ခေါ်ပြီး Dissociative disorder ရဲ့ ရောဂါအခွဲတခုဖြစ်ပါတယ်။

လူကတော့ တယောက်ထဲ။ ဒါပေမယ့် ဘဝတခုမှာနေမပျော်တော့တဲ့အခါ နောက်တဘဝကိုပြောင်းရင်း ဘဝ၃ခုမှာ စိတ် ၃မျိုးအနေနဲ့ ကျင်လည်နေပုံကို ဖော်ပြထားပါတယ်။

တကယ့်ဘဝအစစ်က မောင်မြင့်ဝေဖြစ်ပြီး

သူ့မိခင်က အိမ်ကသဘောမတူသူနဲ့ခိုးရာလိုက်ပြေး၍ ဆင်းရဲစွာနေထိုင်ရရှာပြီး မောင်မြင့်ဝေကိုမွေးခဲ့တယ်။

မောင်မြင့်ဝေအမေက မိခင်မေတ္တာကောင်းစွာမပေးနိုင်ခဲ့တဲ့အပြင် ခင်ပွန်းဆုံးပြီးနောက် မောင်မြင့်ဝေငယ်စဥ်မှာပဲ နောက်အိမ်ထောင် ထပ်ထူထောင်လိုက်ပါတယ်။

မောင်မြင့်ဝေအမေမှာ မောင်မြင့်ဝေ လူလားမမြောက်ခင် တိမ်းပါးသွားပြန်ရာ ပထွေးဖြစ်သူ အရက်သမားနဲ့ ငယ်ငယ်ကထဲက နေထိုင်ခဲ့ရပါတယ်။

မိခင်ကိုအလွန်ခင်တွယ်တဲ့ကလေးဘဝမှာပဲ မိခင်ဆုံးပါးသွားလေတော့ မောင်မြင့်ဝေဟာ အမေငတ်ခဲ့သူဖြစ်လာပါတယ်။

သူ့ဘဝမှာ နောက်ထပ် နောက်ထပ်ကံဆိုးမှုတွေထပ်ကြုံရပြီး သူချစ်မိတဲ့ မိန်းကလေးတိုင်းကို သူ့အမေကိုခင်တွယ်သလိုခင်တွယ်မိပါတယ်။

အဆိုပါ မိန်းကလေးတွေက မောင်မြင့်ဝေကို စွန့်ပစ်သွားတဲ့အခါ အစွန့်ပစ်ခံဘဝကို မရှင်သန်နိုင်ဘဲ နောက်ဘဝထပ်ကူးရင်း ဘဝတွေအစုံဖြစ်ခဲ့ရတယ်။

မောင်မြင့်ဝေကလေးဘဝတုန်းက
Separation Anxiety disorder ပုံစံခံစားခဲ့ရခြင်းဖြစ်ပြီး မိဘနဲ့ စောစောခွဲရတဲ့ကလေးတွေမှာတွေ့ရတတ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာ စိတ်ရောဂါပညာရှင်မလေး မသက်ရီအသုံးပြုခဲ့တဲ့ psychiatric test များအကြောင်း အနည်းငယ်ပြောပြလိုပါတယ်။

အိပ်မွေ့ချကုထုံးကိုတော့ အပိုင်း 2 မှာရှင်းပြခဲ့ပြီးဖြစ်ပါတယ်။

ဒီမှာလဲ subconscious mind (တိမ်မြုပ်နေသောအသိစိတ်)ကလေးကို ပြန်ဖော်ထုတ်တဲ့နေရာမှာ test 2ခုသုံးပါတယ်။

ပထမတခုကတော့ Thematic Apperception test (TAT) ဖြစ်ပြီး ဝေဒနာရှင်ရဲ့ မေ့နေတဲ့အတိတ်ဇာတ်ကြောင်းတွေကို ပြန်လည်နိုးထလာအောင် လုပ်ခြင်းဖြစ်ပါတယ်။

ဒီ test ကိုစမ်းတဲ့အခါ ပန်းချီရုပ်ပုံလေးများကိုပြထားပြီး ဒီပုံတွေကိုကြည့်တဲ့အခါ

၁။ ပုံထဲကအကြောင်းအရာက ဘာလို့ထင်လဲ။
၂။ ပုံထဲမှာ ဘာတွေဖြစ်နေတယ်လို့ထင်လဲ။
၃။ ပုံထဲမှာပါတဲ့သူတွေ ဘာလုပ်နေ ဘာတွေးနေတယ်လို့ထင်လဲ။

၄။ ပုံထဲမှာ ဘာဆက်ဖြစ်လာနိုင်တယ်လို့ထင်လဲ။

စတာတွေကိုမေးပြီး ရုပ်ပုံကိုကြည့်၍ ဇာတ်လမ်းဆင်ခိုင်းခြင်းဖြစ်ပါတယ်။

စမ်းသပ်ရာတွင်သုံးသော
နမူနာရုပ်ပုံတပုံကိုအောက်မှာ ပြထားပါတယ်။

ဝေဒနာရှင်ဆီကထွက်လာတဲ့ ဇာတ်လမ်းက သူ့ဘဝမှာဖြစ်ခဲ့တဲ့အတွေ့အကြုံတွေကို ထင်ဟပ်နေပါတယ်

ဤနည်းနဲ့ အတိတ်မေ့နေခြင်းကိုဖော်ထုတ်နိုင်ပါတယ်။ Psychologist Henry Murray ကစတင်တီထွင်ခဲ့တာပါ။

နောက်တနည်းကတော့ inkblot test လို့သိကြတဲ့
Rorschach inkblot test ပဲဖြစ်ပါတယ်။

မှင်ရိုက်နှိပ်ထားတဲ့ ရုပ်ပုံတွေကို သင့်စိတ်ကဘယ်လိုမြင်လဲ အပေါ်မူတည်ပြီး သင်ကဘယ်လိုလူစားလဲဆိုတာကို ဖော်ထုတ်နိုင်ပါတယ်။

နမူနာပုံကိုကြည့်ပါ။
ဘာပုံနဲ့ဆင်တူတယ်လို့သင်ထင်ပါသလဲ။

လင်းနို့လား။ ပိုးတုံးလုံးလား။ လိပ်ပြာလား။
တိရစ္ဆာန်တကောင်ရဲ့မျက်နှာလား။ ဆင်လား။ ယုန်လား။ ကျောရိုးဆစ်လား။.

သင်မြင်တဲ့ပုံက သင့်ရဲ့ personality ကိုထင်ဟပ်နေပါသတဲ့။

စိတ်ဝင်စားပါက အောက်က link မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

https://rorschach-inkblot-test.com/

ဒီလောက်ဆိုရင် ပြည့်စုံလောက်ပြီမို့ နောက်အပိုင်းတွေကိုဆက်လက်စောင့်ဖတ်ပေးပါဦး။

Thanks for your time!

လင်းမူ

ဆရာ့စာအုပ်တွေကို download ယူလိုပါက pdf format နဲ့ရယူနိုင်ပါတယ်။

https://ouo.io/gtg0Nb

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Fan, Fandom နဲ့ စိတ်ပညာ အယူအဆ

Fan ဆိုတာ ပရိသတ်လို့ပဲ ဆိုကြပါစို့။ ပန်ကာ မဟုတ်ဘူးနော်။
Fandom ဆိုတာ တူညီတဲ့ အကြောင်းအရာ တစ်ခုအောက်မှာ စုစည်းထားတဲ့ Fan တွေကို ခေါ်တာပါပဲ။

Fan ပဲဖြစ်ဖြစ် Fandom ပဲ ဖြစ်ဖြစ် လူတွေကိုပဲ အခြေပြုပြီး ဖြစ်လာတာ ဖြစ်လို့ လူတွေရဲ့ မူလဇာစ်မြစ်ကိုပဲ ပြန်ပြီး လေ့လာရပါတယ်။

Decartes ဆိုတဲ့ philosopher တစ်ယောက်က လူမှာ ရုပ်နဲ့ နာမ်ရှိတယ်လို့ ပြောပါတယ်။ Cartesian Dualism ဆိုပြီး နာမည်ကြီးပါတယ်။ တစ်နည်းအားဖြင့် ခန္ဓာနဲ့ စိတ်ကို အခြားတစ်နည်းနဲ့ ဖော်ပြတာမျိုးပါ။

စိတ်ဆိုတာ အတွေးနဲ့ ခံစားချက် နှစ်မျိုးပေါင်း ထားတာလို့လည်း ရေးခဲ့ဖူးပါတယ်။ ဒီအတွေးတွေ နဲ့ ခံစားချက်ဟာ လူရဲ့ သိစိတ် conciousness စတင်ကတည်းက စတင် အလုပ်လုပ် နေကြပါပြီ။

ဘယ်လူသားမှ လူ့လောက (သို့) အခုလက်ရှိ လောကထဲကို တစ်ဦးတစ်ယောက်ထဲ ရောက်လာပြီး ရှင်သန်နေတာမျိုး မရှိပါဘူး။ ပတ်ဝန်းကျင် မျိုးတူ သက်ရှိ လူသားတွေနဲ့ အပြန်အလှန် ဆက်သွယ် တုန့်ပြန် ရပါတယ်။

ဒီလို ဆက်သွယ်တုန့်ပြန် (interact) ခြင်း အားဖြင့် လူ့စိတ်ဟာ ဖွံ့ဖြိုး တိုးတက် လာရပါတယ်။ မိမိနဲ့ မျိုးတူ လူတွေကြားမှာ ကြီးထွားလာရတဲ့ လူသားဟာ ရုပ်သွင်ပြင်အားဖြင့် တူညီမှုတွေကို ရှာဖွေနေသကဲ့သို့ နာမ်အားဖြင့် တူညီမှုတွေကိုလည်း ရှာဖွေနေတတ်ပါတယ်။

ဥပမာ – ပန်းသီးတူတူကြိုက်တာမျိုး
ကြက်သားကြော် တူတူ ကြိုက်တာမျိုး
Coca Cola တူတူကြိုက်တာမျိုး

စသဖြင့် ဆင်တူမှုတွေကို ရှာဖွေနေရင်း တွေ့ရှိ စုစည်းမိကြပါတယ်။ ဒီကနေ Tribal Psychology လို့ ခေါ်တဲ့ တူရာစု စိတ်ပညာဆိုတာ မွေးဖွားလာပါတော့တယ်။

စာအုပ်တစ်အုပ်၊ ရုပ်ရှင်တစ်ကား၊ Series တစ်ခု၊ ဂိမ်းတစ်မျိုး၊ အဆိုတော် band တစ်ခု စကြိုက်မိတဲ့သူကလည်း ငါ့လိုကြိုက်သူများ ရှိမှာပဲဆိုတဲ့ တူရာစု စိတ်ကလေးက နိုးကြားပြီး ရှာတတ်ပါတယ်။ ဒီမှာ အချင်းချင်း အကြိုက်တူတွေစုမိပြီး Fan ကနေ Fandom အဖြစ် စုစည်းလာမိတော့တာပါ။

ဒါဖြင့် Fandom အဖြစ် စုစည်းမိတာ အကျိုးကျေးဇူးများ ရှိနေမလားပေါ့။ သိပ်ကို ရှိပါတယ်။ အကြိုက်တူနေတဲ့အတွက် Mental Flow က direction တူတူဖြစ်နေမယ်။ အကြိုက်တွေကို မျှဝေနိုင်တယ်။ Fan Meeting တွေ လုပ်ပြီး interaction များခြင်းအားဖြင့် mental health ကို တစ်နည်း အထောက်အပံ့ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

ဒါပေမယ့် ဒါတွေဟာ Fandom တစ်ခုတည်းမှာပဲ သီးသန့် ရှိနေရင် ဖြစ်ပါတယ်။ Fandom တစ်ခုနဲ့ တစ်ခု တွန်းတိုက် ပွတ်တိုက်မိရင်တော့ ဖြစါလာတာတွေက သိပ်မကောင်းပါဘူး။ Fan War တွေ ဖြစ်လာတာကို လူတိုင်းသိကြမှာပါ။

ဒါ ဘာကြောင့်လဲ။ စိတ်ပညာမှာ Outgroup လို့ ခေါ်ပါတယ်။ လူတွေဟာ တူညီတဲ့ခေါင်းစဥ် အောက်မှာ စုစည်းမိတဲ့အခါ သူတို့ရဲ့စိတ်ထဲမှာ သူတို့ခေါင်းစဥ်ရဲ့ ရွေ့လျှားမှုအောက်ကနေပဲ တွေးခေါ်လေ့ရှိပါတယ်။ အဲ့တာကို Ingroup လို့ ခေါ်ပါတယ်။ အကယ်၍ ဒီ group တစ်ခုနဲ့ ပတ်သက်ပြီး ထိခိုက်စေနိုင်တာ၊ အထိနာစေတာမျိုး ပြောရင် Ingroup ထဲကလူတွေက သူတို့ကို စော်ကားနေတယ််လို့ကို ယူဆပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်လေ့ ရှိကြပါတယ်။

ဒါကြောင့် Fandom အဖြစ် စုစည်းမိခြင်းဟာ ကောင်းကျိုးတွေကို သယ်ဆောင်လာပေးသလို တစ်ဖက်မှာလည်း Logical Reasoning ကို ပျောက်ဆုံးစေတဲ့အထိ ဖြစ်တတ်တာကိုလည်း သိသင့်ပါတယ်။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များအကြောင်း (Part 2)

(ယခုစာကိုရေးသားရခြင်းမှာ psychiatric disorder များနှင့် ဆရာတက္ကသိုလ်ဘုန်းနိုင် စာအုပ်များကို တွဲဖက်လေ့လာမိစေရန် ရည်ရွယ်ပြီး လမ်းညွှန်မိတ်ဆက်သဘောမျှသာ ရေးသားမည်ဖြစ်ရာ အမှားအယွင်းတစုံတရာပါဝင်ခဲ့ပါက စာရေးသူ၏လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်ပါသည်။)

ဒုတိယပိုင်းမှာရွေးချယ်ထားတဲ့ စာအုပ်ကတော့ ဆရာရဲ့လက်ရာကောင်းတပုဒ်ဖြစ်သော
သာ၍ဝေးရာဆီကိုပါ” ပဲဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ဇာတ်ကောင်က ရထားစီးပြီး တကိုယ်ထဲ ခြေဦးတည့်ရာ ခရီးထွက်လာခဲ့တယ်။

သူ့မှာသွားစရာ နေစရာမရှိလို့ ရောက်တတ်ရာရာသွားနေရင်း ဒေသတခုကိုရောက်လာပြီး ထမင်းစားဖို့မရှိလို့ နယ်ခံတချို့က ထမင်းကျွေးရာက ရင်းနှီးသွားခဲ့တယ်။

သူ့ကိုနာမည်မေးတော့လဲ မဖြေနိုင်။

ဘယ်ကလာသလဲဆိုတော့လဲ သံသရာခရီးသွားတဦးပါတဲ့။

အရပ်ထဲကလူတွေက သူ့ကို “ကိုသာဓု” လို့နာမည်ပေးရင်း အရူးတယောက်ရောက်လာတယ်လို့ပဲ တွေးကြတယ်။

ကိုသာဓုဆိုတဲ့ လူနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခါ ပညာတတ်ပုံစံပေါက်နေပြီး ဘာလို့ဒီဒေသကိုရောက်လာလဲဆိုတာ ပုစ္ဆာတပုဒ်လိုဖြစ်နေပါတော့တယ်။

အထူးသဖြင့် သူ့ကိုတွေ့စက ဝတ်ထားတဲ့ အင်္ကျီက မြို့နေလူတန်းစားဝတ် အကောင်းစား တက်ထရွန်စဖြစ်နေခြင်း ၊
ကော်လာက အရွက်မပါသော စတစ်ကော်လာဖြစ်ခြင်း၊
ကုပ်မှာ ကြယ်သီးပေါက်လေးတပေါက်ထူးခြားစွာ သီးသန့်ပါနေခြင်း၊
အင်္ကျီကျောဘက်တွင် သွေးကွက်တကွက်တွေ့ရခြင်း စတဲ့ မသင်္ကာစရာအချက်များလဲ တွေ့ရသတဲ့။

ဒီလူဟာ ဘယ်လိုလူလဲ။
ဘာလို့ နယ်မြေဒေသတခုကို ရုတ်တရက်ရောက်လာတာလဲ။
ခေတ်ပညာတတ်တယောက်ဖြစ်ပါရက်နဲ့ အတိတ်ကိုမသိသလို ပြုမူနေရပါသလဲ။

ဝတ္ထုမဖတ်ရသေးတဲ့သူများအနေနဲ့ အောက်မှာ spoiler alert ပါဗျ။

…………………….

ဒီဇာတ်လမ်းမှာတော့ ဆရာက Dissociative disorder တမျိုးဖြစ်သော
Dissociative amnesia (အသိစိတ်နဲ့ လက်တွေ့ဘဝကင်းကွာ၍ မူလဘဝရင်းကိုမေ့သွားခြင်း)နှင့်

Dissociative fugue ဟုခေါ်သော
လက်ရှိဘဝကိုစိတ်နာ၍ စွန့်ပစ်ပြီး အဝေးတနေရာကို ထွက်ပြေးကာ ဘဝသစ် လူသစ်အဖြစ်နေထိုင်ခြင်း စတဲ့
စိတ်ဝင်စားဖွယ် ရေးထားတာကိုတွေ့ရပါတယ်။

ကိုသာဓု တဖြစ်လဲ တရားရုံးချုပ်ရှေ့နေဝတ်လုံတော်ရ ဦးသက်လွင် တဖြစ်လဲ ဇာတ်ဆောင်ဟာ Head injury အပြင်းထန်ရခဲ့ပြီး

အတိတ်မေ့လျော့ခြင်း (amnesia) (or)
အတိတ်နဲ့ ပစ္စုပ္ပန်ကို ရောထွေးကုန်ခြင်း (paramnesia) စတဲ့ အခြေနေကိုရောက်ရှိခဲ့ပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ လက္ခဏာကြီး ၂ရပ်ဖြစ်တဲ့

မမြင်ဖူးမကြုံဖူးတာကို မြင်ဖူးကြုံဖူးသလိုခံစားရတဲ့
(Déjà vu)

မြင်ဖူးနေကျ အရာတွေကို မမှတ်မိတော့တဲ့
(Jamais vu) စတာတွေခံစားလာရတတ်ပါတယ်။

ဘဝမှာ ကြီးကြီးမားမား စိတ်သောကရောက်ရတဲ့အခါ အလွန်စိတ်ဓာတ်ကျတဲ့အခါမျိုးမှာ psychological trauma ရပြီး လက်ရှိဘဝကို အဆုံးသတ်ဖို့ကြိုးစားတယ်။

အဲ့လိုကြိုးစားတဲ့အခါ တချို့က suicide လုပ်ကြပြီး
တချို့က လက်ရှိဘဝကနေ အဝေးဆုံးကိုထွက်ပြေးသွားပြီး လူသစ်စိတ်သစ် အနေနဲ့နေထိုင်ကြတယ်။

မူလဘဝကနေ ထွက်ခွာသွားလို့ Dissociative disorder လို့ဆိုကြတယ်။

ဘဝအရင်းကိုလဲမေ့ထားတတ်ပြီး subconscious mind ထဲမှာပဲ မြှုပ်နှံထားလိုက်ပါတယ်။

Subconscious mind ကို အလွယ်ပြောရရင် တိမ်မြုပ်နေသောစိတ် လို့ဆိုနိုင်ပြီး Conscious mind က အမြဲဖုံးအုပ်ထိန်းချုပ်ထားပါတယ်။

ဘဝမှန်ကိုပြန်သိဖို့အတွက် subconscious mind ကိုပြန်ဖော်ထုတ်ဖို့လိုပြီး ဒီလိုသိရအောင်
အိပ်မွေ့ချတဲ့နည်း (Hypnosis)ကို အသုံးပြုလေ့ရှိပါတယ်။

အိပ်မွေ့မချခင် လူနာကို စိတ်ငြိမ်ဆေးတိုက်ကျွေးကာ conscious mind ကိုဖယ်ပြီး subconscious ကိုပေါ်လာအောင် မေးခွန်းများမေးပြီး ကုသရပါတယ်။

ဒီဇာတ်လမ်းထဲမှာလဲ Hypnosis နည်းနဲ့ကုသလိုက်တဲ့အခါ ဦးသက်လွင်ဆိုတဲ့ ဇာတ်ဆောင်က အမှုတခုကို သည်းကြီးမည်းကြီးလိုက်ခဲ့ကြောင်းသိရတယ်။

သူ့အမှုသည်က မိန်းမဖောက်ပြန်လို့ မိန်းမကိုသတ်ခဲ့တဲ့သူဖြစ်တယ်။

အမှုလိုက်ရင်းနဲ့ ဦးသက်လွင်က သူ့မိန်းမမှာလဲ ဖောက်ပြန်နေတဲ့ ပုံစံကို သတိထားမိပြီး သူ့မိန်းမကို သံသယတွေကြီးလာတယ်။

နောက်တော့ သံသယစိတ်တွေကြီးလာတဲ့အခါ သူ့မိန်းမကိုသူပြန်သတ်မိပြီလို့ ထင်သွားပါတယ်။

တကယ်တမ်းက သူက သူ့မိန်းမကိုမသတ်ဘဲ သူလိုက်နေတဲ့အမှုသည်ကိစ္စများနဲ့ ရောထွေးကာ သူ့အမှုသည်ဖြစ်တဲ့ကိစ္စကို သူ့မှာဖြစ်နေတယ်လို့ ထင်မှတ်မှားသွားခြင်းဖြစ်ပါတယ်။

ဒါကို psychology မှာ Introjection (identification) လို့ခေါ်ပါတယ်။

ဥပမာ လူသတ်ကားတွေစွဲစွဲလမ်းလမ်းကြည့်တတ်သူက စိတ်ဖောက်ပြန်လာတဲ့အခါ သူ့ကိုယ်သူ TV ထဲက လူသတ်သမားလို့ထင်လာခြင်း။

Super hero ကားတွေစွဲလန်းလွန်းတဲ့သူက စိတ်ဖောက်လာတဲ့အခါ သူ့ကိုယ်သူ super hero လို့ထင်လာခြင်း။

ဆေးကျောင်းသားတယောက် စိတ်ဖောက်သွားတဲ့အခါ သူ့ကိုယ်သူ အထူးကုဆရာဝန်ကြီးလို့ မြင်လာသလို

ဒီဇာတ်လမ်းထဲမှာလဲ ရှေ့နေက သူ့အမှုသည်နေရာမှာ သူဖြစ်နေတာလို့ မြင်လာပြီး သူ့မိန်းမကိုသတ်မိထင်ကာ ထွက်ပြေးလာရင်း ခေါင်းကိုထိခိုက်မိပြီး အတိတ်မေ့သလိုဖြစ်လာပါတော့တယ်။

စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်လမ်းကိုရှုပ်အောင်ဆင်ပြီးမှ တလွှာချင်း အထုပ်ဖြေသလို ပြန်ဖြေပြတာကလဲ အားရစရာကောင်းလှပါတယ်။

အခုလို ဝတ္ထုဇာတ်ကောင်များနဲ့ psychiatric problems များကို ဆက်လက်ရေးသားသွားပါဦးမယ်။

မရှင်းလင်းတာများရှိပါက telegram group ထဲမှာမေးမြန်းနိုင်ပြီး စိတ်ဝင်စားပါက

Stay tuned for next parts!

Thanks for your time!

လင်းမူ

ဆရာ့စာအုပ်တွေကို download ယူလိုပါက pdf format နဲ့ရယူနိုင်ပါတယ်။

https://ouo.io/gtg0Nb

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started