ဗုဒ္ဓက Einstein ရဲ့ Special Theory of Relativity ကို ဟောကြားခဲ့သလား။

ခုလိုခေါင်းစဉ်မျိုးကိုရေးရတာ ကြိုးတန်းလမ်းလျှောက်ရသလိုပါပဲ။

ဘာသာမဲ့တွေရော ဗုဒ္ဓဘာသာဝင်တွေရော ဆဲတာခံရဖို့များပါတယ်။

ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အတွက် ကျွန်တော်ရေးသားရခြင်းဖြစ်ပါတယ်။
စိတ်ရှင်းရှင်းနဲ့ဖတ်ပေးပါ။ အတွေးတစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ်။

တာဝတိံသာနတ်ပြည်မှာရှိတဲ့နတ်သားတစ်ပါးဟာ ရံရွှေတော်နတ်သမီးတစ်ထောင်နဲ့ ဥယျာဉ်ထဲမှာပျော်ပါးနေတယ်။
အဲ့ထဲက နတ်သမီးတစ်ပါးဟာ နတ်သက်ကြွေပြီး လူ့ပြည်မှာလူဖြစ်သွားတယ်။
လူ့ပြည်မှာ အိမ်ထောင်ပြုပြီး ကလေး ၅ယောက်တောင်ရခဲ့တယ်။
အဲ့ဒီအမျိုးသမီးသေတဲ့အခါ နတ်ပြန်ဖြစ်သွားပြီး နတ်ပြည်ပြန်ရောက်သွားတယ်။
အဲ့ဒီအချိန်မှာ နတ်သားက “စောစောက သင်ဘယ်ရောက်နေသလဲ” လို့မေးတယ်။
ကျမ်းဂန်တွေအရဆို တာဝတိံသာတစ်ရက်ဟာ လူ့ပြည်ရဲ့ နှစ် ၁၀၀ နဲ့ညီတယ်လို့ဆိုတယ်။
ဘုရားက လူ့ပြည်မှာ ဝါတွင်း ၃လပတ်လုံး အဘိဓမ္မာတရားဟောကြားခဲ့ပေမယ့် နတ်ပြည်မှာတော့ ၄မိနစ်ပဲကြာခဲ့တယ်။
(ဒီအချက်တွေကို ဘုရားက အမှန်တကယ်ဟောကြားခဲ့လားဆိုတာကတော့ ကျွန်တော့အနေနဲ့မသေချာပါ)

ခုလို အချိန်တွေမတူညီရခြင်းကို Einstein ရဲ့ Relativity Theory နဲ့နည်းနည်းလောက်ရှင်းပြချင်ပါတယ်။
(General နဲ့ Special ဆိုပြီး ၂ခုရှိပါတယ်၊ General ကိုအရင်ရှင်းမှ Special ကိုနားလည်ပြီး ဘုရားဟောနဲ့ချိတ်ဆက်လို့ရမှာပါ)

ရွှေ့လျားနေတဲ့ ရထားတစ်စင်းပေါ်မှာ လူနှစ်ယောက်ရှိတယ်လို့မြင်ကြည့်ပါ။ ရထားက Constant Velocity နဲ့ရွေ့နေပါတယ်။ (တစ်စက္ကန့်ကို မီတာ ၆၀ နဲ့ရွေ့နေတယ်ဆိုပါစို့)
ရထားပေါ်က လူနှစ်ယောက်က ရထားရွေ့နေတာကို အပြင်ဘက်က ပုံရိပ်တွေကို ကြည့်ပြီးသိနိုင်ပါတယ်။
ဒါပေမယ့် သူတို့အချင်းချင်းကြည့်တဲ့အခါမှာ ငြိမ်နေတယ်လို့ပဲ ထင်ကြပါတယ်။
ရထားက ရွေ့လျားနေပေမယ့် လူတွေကငြိမ်နေတဲ့အတွက် မြေပြင်ပေါ်မှာရပ်နေကြသလိုပဲ Law of Physics က ရှိမှာပါ။

အဲ့ဒီအချိန်မှာ တတိယလူက မြေပြင်ကနေ ရထားဖြတ်သွားတာကို လှမ်းကြည့်နေတယ်ဆိုကြပါစို့။
ရထားပေါ်ကလူတွေရော၊ ရထားရော အရှိန်တစ်ခုခုနဲ့ရွေ့လျားနေတာကို မြင်ရမှာပါ။ ကိုယ့်ကိုယ်ကိုတော့ ငြိမ်နေတယ်လို့ ထင်မှာပါ။

ဒါဆို မြေပြင်ပေါ်က တတိယလူကရော တကယ်ငြိမ်နေတယ်ဆိုတာဟုတ်ရဲ့လား။
ကမ္ဘာကြီးက နေကို ၁နှစ်၁ခါ ၁ ပတ်ပြည့်အောင်ပတ်နေတာပဲ။
ဒါဆို နေကရော ငြိမ်နေတာလားဆို မငြိမ်ပါဘူး။
ကမ္ဘာအပါအဝင် ကျွန်တော်တို့ရဲ့ Solar System တစ်ခုလုံးက နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) ပတ်နေတာပါပဲ။
Galaxy တွေလည်း မငြိမ်နေပါဘူး။
ဒီလောက်ဆိုရင် လောကကြီးမှာ ဘယ်အရာကမှ လုံးလုံးလျားလျားငြိမ်နေတယ် (Absolute Rest) ၊ လုံးလုံးလျားလျား ရွှေ့လျားနေတယ် (Absolute Motion) ဆိုတာမရှိမှန်း နားလည်နိုင်မယ်ထင်ပါတယ်။
အရာရာဟာ နှိုင်းရတန်ဖိုးတွေချည်းပါပဲ။ (Everything is relative)
ဒါက General Theory of Relativity ပါပဲ။

ဒါဆိုရင် Special Theory of Relativity ကို ရှင်းလို့ရပါပြီ။
မရှင်းခင် လောကကြီးမှာ အလင်းရဲ့အမြန်နှုန်းသည် အမြဲတမ်း မပြောင်းလဲဘဲ Constant ဖြစ်တယ်ဆိုတာကို လက်ခံရပါမယ်။

ဥပမာပြရရင် ကားတစ်စီးက တစ်နာရီ မိုင် ၄ဝနှုန်းနဲ့သွားနေတဲ့အချိန်မှာ ရှေ့မီးထိုးလိုက်တဲ့အခါ ကားရဲ့အရှိန်နဲ့ အလင်းရဲ့အရှိန်ပေါင်းပြီး အလင်းကပုံမှန်ထက် မြန်သွားမည်မဟုတ်ပါ။

ငယ်ငယ်က ရူပဗေဒမှာသင်ခဲ့ရတဲ့ Formula ကိုမှတ်မိကြဦးမယ်ထင်ပါတယ်။

Velocity = Distance / Time

ဒီ Formula ကိုသုံးပြီး ရွေ့လျားနေတဲ့အရာမှန်သမျှရဲ့ Velocity ကိုတွက်လို့ရပါတယ်။
အလင်းကလည်း ရွေ့နေတာပဲဆိုတော့ Velocity နေရာမှာ အလင်းကိုထည့်လိုက်လို့ရပါတယ်။

Speed of Light = Distance / Time

ကားမီးထိုးတဲ့ဥပမာကို ပြန်စဉ်းစားကြည့်ပါ။
ကားမောင်းနေတဲ့သူအတွက် ကားရွေ့နေပေမယ့် သူက ငြိမ်နေတဲ့အတွက် အလင်းရဲ့အမြန်နှုန်းက ပုံမှန်ပဲဖြစ်နေမှာပါ။
အဲ့ဒီလိုဖြစ်ဖို့အတွက် ကားမောင်းနေတဲ့သူရဲ့အချိန်ဟာ နှေးကွေးသွားပါတယ်။ (မဟုတ်တာတွေ စလာပါပြီလို့ မတွေးခင်ဆက်ဖတ်ပေးပါဦး)

အချိန်နှေးတယ်ဆိုလို့ ဇာတ်လမ်းတွေထဲကလို နှေးကွေးလေးလံသွားတယ်လို့မထင်ပါနဲ့။
ကားမောင်းနေတဲ့သူက ပုံမှန်အတိုင်းပါပဲ။ သူ့ရဲ့ Perception of Time ကလည်း ပုံမှန်ပါပဲ။ ငါ့အချိန်ကြီးကတော့ နှေးသွားပြီဟေ့ဆိုပြီး ခံစားရမှာမဟုတ်ပါဘူး။

နားလည်အောင် Formula ထဲထည့်ပြရရင် အလင်းက အမြဲ Constant ဖြစ်တဲ့အတွက် ပိုလာတာ Distance ကို cover ဖြစ်ဖို့ Time ကပါ လိုက်တိုးလာရတဲ့သဘောပါပဲ။
ဒါကို Time Dilation (အသက်ပိုရှည်ခြင်း) လို့ခေါ်ပါတယ်။
Everything is relative ဆိုတဲ့အတိုင်းပဲ အချိန်သည်လည်း တသမတ်တည်း ရှိမနေပါဘူး။

Speed of Light (constant) = Distance (increase) / Time (increase)

ဒီအချက်ကို စမ်းသပ်ပြီး အတည်ပြုပြီးပါပြီး။ အချိန်က တကယ်နှေးသွားတာပါ။
ကမ္ဘာတစ်ဝှမ်းကို အရှိန်အမျိုးမျိုးနဲ့ ပျံတဲ့လေယာဉ်ပျံတွေပေါ်မှာ Atomic Clock (အချိန်အလွန်တိကျပြီး Nano second အထိပြပေးနိုင်တဲ့နာရီ) တစ်လုံးစီကိုတင်ပြီး သွားလိုရာကို သွားကြတယ်။ နေရာတစ်ခုရောက်တဲ့အချိန်မှာ နာရီတွေကို စစ်ကြည့်တော့ အစက အချိန်တူခဲ့တဲ့နာရီတွေဟာ မတူတော့ဘူး။
Nano second လောက်လွဲနေကြတယ်။
ကျွန်တော်တို့တွေ ကားစီး၊ လေယာဉ်စီးရင်လည်း အချိန်တွေနှေးသွားတာပါပဲ။ နှေးသွားတာက Nano second လောက်ပဲဆိုတော့ မသိသာဘူးပေါ့။

Time Dilation ကို Interstellar Movie မှာမြင်ဖူးကြမှာပါ။
ဇာတ်လိုက်ရဲ့အသက်က သိပ်မကြီးသွားပေမယ့် ကမ္ဘာမှာကျန်ခဲ့တဲ့သူ့သမီးကတော့ အဖွားကြီးဖြစ်သွားခဲ့ပါပြီ။

ကမ္ဘာမှာနေရင်တော့ ဒီအချက်ကိုမသိလည်း ဘာမှမဖြစ်ပေမယ့် အာကာသထဲခရီးသွားမယ်ဆိုရင်တော့ Time Dilation ကိုမဖြစ်မနေထည့်စဉ်းစားရမှာပါ။

Time Dilation က အလင်းအလျှင်ရဲ့ 70% ကိုကျော်လာမှ သိသိသာသာအကျိုးသက်ရောက်မှု ရှိမှာဖြစ်တဲ့အတွက် နေ့စဉ်ဘဝမှာတော့ မသိသာပါဘူး။

Length Contraction ဆိုတာလည်းရှိပါသေးတယ်။ ဒါပေမယ့် ဒီနေ့ Topic နဲ့မဆိုင်လို့ထားခဲ့ပါပြီ။

Thanks for reading.

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များ အကြောင်း (Part 1)

(ယခုစာကိုရေးသားရခြင်းမှာ psychiatric disorder များနှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များကို တွဲဖက်လေ့လာမိစေရန် ရည်ရွယ်ပြီး လမ်းညွှန်မိတ်ဆက်သဘောမျှသာ ရေးသားမည်ဖြစ်ရာ အမှားအယွင်းတစုံတရာပါဝင်ခဲ့ပါက စာရေးသူ၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်ပါသည်။)

မြန်မာရသစာပေ စာရေးဆရာများထဲမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်သည် သြဇာကြီးမားပြီး ဆရာ့စာအုပ်စာပေများသည် ယနေ့တိုင် စာဖတ်သူမျိုးဆက်သစ်များကို ရသမျိုးစုံ ပေးစွမ်းလျက်ရှိပါသည်။

ဆရာဇာတ်ကောင်များမှာ အခြားစာအုပ်များတွင် တွေ့ခဲလှသော psychiatric disorder များရှိတတ်ကြပြီး စိတ်၏ နက်နဲရှုပ်ထွေး ဆန်းကြယ်လှပုံကို ဆရာ့ဝတ္ထုများတွင် ရှာတွေ့နိုင်ပါသည်။

စာရေးသူအနေနဲ့ ဆရာ့ဝတ္ထုများစွာထဲက ထူးခြားသော စိတ်ဝေဒနာများပါရှိနေတဲ့ စာအုပ်များကို အမြည်းသဘော ထုတ်နုတ်တင်ပြပေးသွားပါမယ်။
(Spoiler Alert ပါ။ မဖတ်ဖူးသေးသူများအနေနဲ့ အရင်ဆုံးရှာဖွေဖတ်ရူပြီးမှသာ ဤ post ကိုလာဖတ်သင့်ပါတယ်။ အမြည်းလေ့လာပြီး စိတ်ဝင်စားမှဖတ်ချင်သူများကတော့ အောက်မှာဆက်လက်ဖတ်ရူပေးနိုင်ပါသည်။)

ပထမဆုံး ရွေးထားတဲ့ ဝတ္ထုကတော့ ဆရာရဲ့ နာမည်ကြီးစာအုပ်ဖြစ်တဲ့ “နွေကန္တာဦး” ပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာ
နုနုငယ်ဆိုတဲ့မိန်းကလေးဟာ ဖခင်ဖြစ်သူ ရစ်ထုပ်ကြီး (Chronic Alcoholism) နဲ့ နေထိုင်ပြီး
ထူးဆန်းတဲ့ မျိုးရိုးလိုက်တဲ့ရောဂါကို ခံစားနေရပါတယ်တဲ့။

နုနုငယ် ရဲ့မိခင်ဖက်က အမျိုးတွေဟာ သက်ဆိုးမရှည်ကြဘဲ ရူးရူးပြီး သေကုန်ကြသတဲ့။

နုနုငယ်ရဲ့ အမေကလဲ နုနုငယ်ကိုမွေးပြီး အဆိုပါရောဂါပုံစံစွဲကပ်ကာ တိမ်းပါးသွားပြန်ပါသတဲ့။

အဲ့လို ထူးဆန်းတဲ့ရောဂါကြောင့် နုနုငယ်ကို အပြင်လောကနဲ့ အဆက်သွယ်ဖြတ်ထားပြီး တိုက်ပိတ်ထားတတ်ပါသတဲ့။

နုနုငယ်နဲ့ ဇာတ်ဆောင် မောင်နှင်းငွေတို့ ဆုံကြတဲ့အခါ လူငယ်ချင်းရည်ငံသွားကြပြီး ဒီရောဂါအကြောင်း မောင်နှင်းငွေက မရမကရှာဖွေစုံစမ်းပါတော့တယ်။

နုနုငယ်နဲ့ နှင်းငွေတို့ ဘာတွေဆက်ဖြစ်မလဲ။
နုနုငယ်မှာ တကယ်ရော ရောဂါရှိရဲ့လား။
သူ့အဖေရစ်ထုပ်ကြီးက alcohol withdrawal symptoms တွေကြောင့် သမီးကိုတိုက်ပိတ်ချုပ်နှောင်ထားတာလား။

ဝတ္ထုမဖတ်ရသေးသူများအနေနဲ့ အောက်မှာ spoiler alert ပါဗျ။

………………..

ဒီဝတ္ထုထဲမှာ ထူးခြားတဲ့ရောဂါဖြစ်တဲ့ Schizophrenia (စိတ်ကစဥ့်ကလျားဖြစ်ခြင်း) အကြောင်းကို ထည့်သွင်းရေးသားထားပြီး

Schizophrenia ရဲ့ရောဂါသဘာဝဖြစ်တဲ့ မျိုးရိုးလိုက်တက်ပုံ ၊ စိတ်အစွဲကြီးပုံတွေကိုပါ ဖတ်ရူရပါတယ်။

Schizophrenia ဝေဒနာရှင်များဟာ psychosis သမားများဖြစ်ကြပြီး ဆေးမကုသပဲနေပါက အခြေနေပိုဆိုးလာကာ suicide လုပ်သွားတတ်ကြပါတယ်။ accident များဖြစ်ကာ သေဆုံးသွားတတ်ကြပါတယ်။

Schizophrenia သမားတွေမှာတွေ့ရတဲ့ လက္ခဏာတွေကို အုပ်စု ၂ မျိုးခွဲထားပြီး

Positive symptoms (အတက်လက္ခဏာ)နဲ့
Negative symptoms (အကျလက္ခဏာ) တို့ဖြစ်ပါတယ်။

Positive symptoms တွေအနေနဲ့

လွဲမှားတဲ့ အယူအဆတွေကို စွဲမြဲစွာယုံကြည်နေမယ် (Delusion)
(ဥပမာ သိုက်က လာတာ။ အိမ်ထောင်ပြုလို့မရဘူး။ သိုက်ကပြန်ခေါ်တော့မှာ။
ငါ့စိတ်ကို သိုက်ကမယ်မယ်ကြီးကထိန်းချုပ်ထားတာ
သူ့စကားနားထောင်နေရတယ် စသဖြင့် ယုံမှားခြင်း)

သူများမကြားတဲ့အသံတွေ တယောက်ထဲကြားနေမယ်။ သူများမမြင်တာတွေ မြင်နေမယ်။ (Hallucination)

ထူးဆန်းတဲ့အပြုမူတွေ ၊ လုပ်ရပ်တွေလုပ်လာမယ်။ (Disorganized behavior)
နားလည်ရခက်တဲ့စကားတွေပြောလာမယ်။

ဥပမာ – လေထဲမှာ လက်ကားရားခြေကားရားတောင့်တောင့်ကြီး ရပ်နေတာမျိုး၊ (Catatonic)

ခေါင်းအုံးမပါဘဲ ခေါင်းအုံးနဲ့အိပ်နေသလို လည်ပင်းကိုတောင့်ထားပြီးအိပ်ခြင်း (psychological pillow or ghost pillow) စတာတွေရှိတတ်ပါတယ်။

Negative symptoms တွေအနေနဲ့

လူတွေနဲ့ဝေးဝေးနေတာ (social withdrawal)

စိတ်ခံစားမှုကုန်ခမ်းပြီး ဘာကိုမှစိတ်မဝင်စားတော့တာ (Flat affect)

Motivations မရှိတော့တာ

စကားပြောတာနည်းလာတာ (Poverty of speech)

အတွေးတွေဆက်တွေးမရတော့ဘဲ တန်းလန်းဖြစ်ကုန် ရပ်ကုန်တာ (Thought blocking)

စတာတွေဖြစ်တတ်ပါတယ်။

Schizophrenia လို့သတ်မှတ်ဖို့ အထက်က လက္ခဏာတွေကို ၆လအထက် ခံစားနေရပါမယ်။

ဘာလို့ ဒီ စိတ်ဝေဒနာဖြစ်လာရသလဲဆိုပြီး ယူဆချက်တွေများစွာရှိပါတယ်။

မျိုးရိုးလိုက်တတ်တဲ့ Genetic factor ကိုတွေ့ရပြီးသွေးနီးတဲ့ ဆွေမျိုအရင်းချာတွေမှာဖြစ်ရင် မိမိမှာလဲလိုက်ဖြစ်တတ်တဲ့ chance များပါတယ်။

မျိုးရိုးဗီဇကြောင့် တခုထဲ တရားခံပုံချလို့မရဘဲ
Environmental factor တွေနဲ့လဲ ဆက်စပ်နေတာကိုတွေ့ရပါတယ်။

ဥပမာ Schizophrenia ဖြစ်တဲ့သူတွေကို မွေးဖွားတဲ့အချိန်က ဆောင်းရာသီ (သို့) နွေဦးအစမှာ ဖြစ်တတ်တာကို တွေ့ရပါတယ်။

ဒီလို ရာသီဥတုမှာမွေးတိုင်းဖြစ်မှာလားဆိုတော့ အဲ့လိုလဲ မဟုတ်ပါ။

ဆောင်းနဲ့နွေဦးအစမှာ ရာသီဥတုအေးပြီး virus ရောဂါအဖြစ်များလို့ ဖြစ်နိုင်တယ်လို့လဲ ယူဆကြပြီး

Candidate virus တွေကတော့ Influenza (ရာသီတုပ်ကွေးဗိုင်းရပ်စ်) နဲ့ Epstein Barr Virus တို့ဖြစ်ပါတယ်။

Social factor အနေနဲ့ ငယ်ငယ်ကထဲက ပတ်ဝန်းကျင်မှာ အပယ်ခံ အနှိမ်ခံဖြစ်တာ ၊ ပတ်ဝန်းကျင်နဲ့ ကင်းကွာတာတွေနဲ့လဲ ဆက်နွယ်နေပါတယ်။

Drug abuse တခုဖြစ်တဲ့ Cannabis ဆေးခြောက် အလွန်အကျူးသုံးတာနဲ့လဲ သက်ဆိုင်နေပါတယ်။

ဇာတ်လမ်းလေးကို ပြန်ကောက်ရရင်
နုနုငယ်မှာ Schizophrenia ရှိနိုင်ခြေများပြီး သူ့ဖခင်ကဝန်ခံထားတာကိုတွေ့ရနိုင်ပါတယ်။

အဆုံးသတ်မှာ နုနုငယ်နဲ့ နှင်းငွေ ခေတ္တဝေးသွားတဲ့အချိန်မှာ နှင်းငွေနဲ့အဆက်ပြတ်သလိုဖြစ်ပြီး

ရွာကို နှင်းငွေပြန်ရောက်တော့ နုနုငယ်အုတ်ဂူကိုသာတွေ့ခဲ့ရပါတော့တယ်။

ဒီနေရာမှာ မေးခွန်းတွေများစွာ ဆရာကထားခဲ့ပါတယ်။

နုနုငယ် ဘယ်လို သေသွားတာလဲ။

Schizophrenia တွေက အများအားဖြင့် natural disease တွေစောပေါ်လာပြီး သေတတ်သလို

Suicide လုပ်နိုင်ခြေက ၁၀ယောက် ၁ယောက်ရှိပါတယ်။
မတော်တဆထိခိုက်မှု accident ဖြစ်ပြီးလဲ အသက်သေနိုင်ပါတယ်။

ဒီလောက်ဆိုရင် “နွေကန္တာဦး”အကြောင်း လုံလောက်ပြီလို့ ယူဆပါတယ်။

ဒီဝတ္ထုကို နွေကန္တာဦး လို့ ပေးရတဲ့အကြောင်းကိုလဲ စာအုပ်တနေရာမှာ ဖတ်ရူမိမှာပါ။

စာရေးသူကျနော် တဦးထဲ အမြင်ကတော့ လူမှုဘဝတိုးတက်နေတဲ့ကာလမှာ စိတ်ရောဂါပညာဟာ သုတေသနလုပ်စရာတွေ လိုအပ်ချက်တွေများစွာ
ရှိနေသေးတဲ့အတွက်
“သိပ္ပံပညာမိုးဟာ ခေါင်နေဆဲ …..
နွေကန္တာဦးမှာပဲရှိသေးတယ်”လို့ ဆရာက ဥပမာတင်စားထားတာလို့ မြင်မိပါတယ်။

ဒီစာအုပ်ရဲ့ အဆက်ဖြစ်တဲ့ “ဝသန်လေချိန်မှန်ကူး” မှာ နုနုငယ်အကြောင်း ဆရာဝန်ကိုနှင်းငွေ ဘာတွေဆက်တွေ့မလဲ။

နုနုငယ်ဘာလို့သေသွားတာလဲ။ တကယ်မသေသေးတာလား။နနုငယ်ပြန်ပေါ်လာတာလား။
နုနုငယ်နဲ့ ဆင်တဲ့သူလား။

စတဲ့ မေးခွန်းတွေကို ဆရာကပဲ ရှင်းပြသွားပါလိမ့်မယ်။

နောက်အပိုင်းတွေမှာ ဆရာ့ရဲ့နောက်ထပ်စာအုပ်တွေနဲ့ psychiatric ဝေဒနာများကို ထုတ်နုတ်တင်ပြသွားပါမယ်။
စိတ်ဝင်စားပါက
Stay tuned for next parts!

Thanks for your time!

လင်းမူ

ဆရာ့စာအုပ်တွေကို download ယူလိုပါက pdf format နဲ့ရယူနိုင်ပါတယ်။

https://ouo.io/gtg0Nb

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အလွန်နှေးကွေးတဲ့ Sloth လေးတွေအကြောင်း

Sloth ဆိုတာနဲ့ ဘာကောင်လေးလဲဆိုတာ မျက်စိထဲမှာပေါ်လာကြမယ်ထင်ပါတယ်။
မမှတ်မိတော့တဲ့သူတွေအတွက် အစဖော်ပေးရမယ်ဆိုရင် Zootopia ဇာတ်လမ်းထဲက အရမ်းကိုနှေးကွေးတဲ့ ရုံးစာရေးကိုပြောချင်တာပါ။
အဲ့ဒီ Scene လေးက တော်တော်ကို Memorable ဖြစ်၊ ရယ်လည်းရယ်ရတဲ့အတွက် Sloth ဆိုတာ ဘာကောင်လေးလဲ လူတွေစိတ်ဝင်စားသွားကြပါတယ်။
တကယ့်လက်တွေ့ဘဝမှာလည်း ဒီကောင်လေးတွေက တော်တော်ကြီးကို နှေးကွေးကြပါတယ်။
သူတို့ဘာလို့ ဒီလောက်နှေးကွေးနေရလဲ အပါအဝင် သူတို့ရဲ့အကြောင်းစုံကို ပြောပြချင်ပါတယ်။

Sloth ကို ဘာသာပြန်ရင် ငပျင်းလို့ အဓိပ္ပါယ်ရပါတယ်။

Sloth တွေဟာလွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၅သန်း-၆ဝသန်း ကတည်းက ကမ္ဘာမှာရှိနေကြပါပြီ။
အဲ့တုန်းကရှိခဲ့တဲ့ Sloth တွေဟာ အကြီးကြီးတွေပါ။ Giant Sloth လို့ခေါ်ပါတယ်။ ၆တန်လောက်လေးတဲ့အကောင်ကြီးတွေတောင် ရှိခဲ့ပါတယ်။ (ဆင်လောက်ကြီးတဲ့ အကောင်တွေဆိုတော့ တော်တော်ကိုချစ်စရာကောင်းမှာပါ)
သူတို့က သစ်ပင်တွေပေါ်တက်ပြီး အသီးတွေ၊ အရွက်တွေစားကြတဲ့အပြင် မြက်တွေကိုလည်းစားကြပါတယ်။

ပညာရှင်တွေကတော့ Giant Sloth တွေကြောင့်သာမဟုတ်ရင် ဒီနေ့ခေတ်မှာ ထောပတ်သီးဆိုတာ ရှိချင်မှတောင်ရှိလိမ့်မယ်လို့ဆိုပါတယ်။
ဘာလို့လဲဆိုရင် လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက ထောပတ်သီးအရိုင်းရဲ့အစေ့တွေဟာ မာကြောလွန်းတဲ့အတွက် သာမန်တိရစ္ဆာန်တွေက မစားနိုင်ဘဲ Giant Sloth ကပဲ စားနိုင်ခဲ့လို့ပါ။
သူတို့ကြောင့် ထောပတ်သီးအစေ့တွေ နေရာစုံမှာ ပျံကျဲသွားခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ခုခေတ်မှာ Giant Sloth တွေမရှိတော့ပါဘူး။ မျိုးတုန်းကုန်ကြပြီဖြစ်ပါတယ်။
(လူတွေကြောင့်ဖြစ်နိုင်တယ်လို့လည်း ပညာရှင်တွေကပြောကြတယ်)

Sloth အသေးလေးတွေကတော့ ခုချိန်ထိ ကျန်နေပါသေးတယ်။ လက်ရှိမှာ မျိုးစိတ် ၆ ခု ရှိတယ်လို့ဆိုတယ်။ အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အဓိကတွေ့ရတယ်။

သူတို့အသက်ရှင်ရပ်တည်ဖို့အတွက် သစ်ပင်ပေါ်မှာ အများဆုံး နေထိုင်ကြပါတယ်။
သစ်ပင်ပေါ်မှာနေတာက သူတို့အတွက် အန္တရာယ်ကင်းသလို စားဖို့အတွက်လည်း အရွက်တွေအများကြီးရှိနေပါတယ်။ (ရေကန်အသင့် ကြာအသင့်ပေါ့)

သူတို့ရဲ့ အဓိက Diet က အရွက်တွေဖြစ်ပါတယ်။
အရွက်စားတာကျန်းမာတယ်လို့ လူတွေကနားလည်ကြပေမယ့် အရွက်ချည်းပဲစားမယ်ဆိုရင်တော့ (သားသတ်လွတ်စားတာကို ပြောလိုခြင်းမဟုတ်ပါ) အသက်ရှင်ရပ်တည်ဖို့ မလွယ်ကူလှပါဘူး။
သတ္တဝါတိုင်းက သူတို့နေ့စဉ်လိုအပ်တဲ့စွမ်းအင်ကို ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်ကနေ ရကြပါတယ်။
အရွက်မှာ Calories တော်တော်နည်းပါတယ်။
အခြား အရွက်စားသတ္တဝါတွေဆိုရင် အရွက်ကိုသာမက Calorie များများပါတဲ့ အစေ့အဆံတွေ၊ အသီးအနှံတွေကိုပါ စားကြပါတယ်။
Sloth ကတော့ အရွက်မှအရွက်ပါပဲ။ (သစ္စာရှိသူကြီးပါ)

အရွက်တွေဟာ ချေဖျက်ရခက်တဲ့အတွက် လူဆိုရင် အရွက်စားတဲ့အခါ ဝမ်းမှန်မှန်သွားပါတယ်။
ဒါပေမယ့် Sloth တွေက အရွက်ပဲစားပြီး ၁ပတ်နေမှ ဝမ်း ၁ခါပဲသွားပါတယ်။
ဘာကြောင့်လဲဆို သူတို့အစာအိမ်က ခန္ဓာကိုယ်ရဲ့ ၃ပုံ၁ပုံတောင်ရှိလို့ပါ။
အစာတွေကို ၅ရက်ကနေ ၁ပတ်ထိ အစာအိမ်ထဲမှာ သိုလှောင်နိုင်ကြတယ်။
အရွက်ကနေ ရနိုင်သလောက် Calories ကို ယူနေတာမို့ပါ။ (ခြောက်ကပ်နေပြီဖြစ်တဲ့ ကြံရိုးတစ်ရိုးကနေ အရည်တစ်စက်ဖြစ်ဖြစ်ပိုရအောင် အချိန်အကြာကြီး ကြိတ်နေတာမျိုးပါ)

Calories ရတာနည်းတဲ့အတွက် အသက်ရှင်ရပ်တည်ဖို့ နောက်တစ်နည်းနဲ့ဘယ်လိုဖြေရှင်းလဲဆို လှုပ်ရှားမှုတွေကို လျှော့ချပစ်လိုက်တာပါ။
သူတို့ရဲ့အချိန်တွေ တော်တော်များများကို သစ်ပင်ပေါ်မှာပဲ စားလိုက်၊ အိပ်လိုက်၊ အနားယူလိုက်နဲ့ပဲ ကုန်ဆုံးကြပါတယ်။ (အားကျစရာကြီးပါ)

တစ်ပတ်တစ်ခါတော့ အိမ်သာတက်ဖို့ သစ်ပင်ပေါ်ကနေ ဆင်းလာလေ့ရှိပါတယ်။ အပင်ပန်းခံပြီးများ ဆင်းလာနေသေးတယ်၊ သစ်ပင်ပေါ်ကပဲ ပါချလိုက်ပါတော့လားလို့ မေးစရာရှိပါတယ်။
ဟုတ်ကဲ့… ပညာရှင်တွေလည်း ဒီမေးခွန်းကို မေးခဲ့ကြပါတယ်။

ပထမ အယူအဆကတော့ အပင်ပေါ်ကနေ ပါချလိုက်ရင် အသံကျယ်ပြီး သူ့ကိုစားမယ့်အကောင်တွေရောက်လာနိုင်တော့ အန္တရာယ်ကျရောက်နိုင်လို့ပါတဲ့။ (ဒီအယူအဆက သိပ်တော့ မနိပ်လှဘူး)
ဒုတိယ အယူအဆကတော့ အပင်ခြေရင်းမှာ ပါလိုက်ခြင်းအားဖြင့် အပင်အတွက်လိုအပ်တဲ့ မြေသြဇာကို ပေးလိုက်တာပါပဲတဲ့။ (သဘာဝရဲ့ မြေသြဇာပေါ့…)
တတိယ အယူအဆကတော့ သူ့ကိုယ်ပေါ်မှာနေကြတဲ့ ပိုးဖလန်တွေ ဥအုဖို့အတွက် ရေခံမြေခံကောင်းအောင် လုပ်ပေးတာပါတဲ့။
စတုတ္ထ အယူအဆကတော့ အပင်ပေါ်ကနေဆင်းလိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်က Sloth တွေနဲ့တွေ့ခွင့်ရပြီး မျိုးပွားဖို့အတွက် အခွင့်အလမ်းတိုးစေပါတယ်တဲ့။ (ရည်းစားရဖို့အတွက် ငပျင်းဘဝကို တစ်ပတ်တစ်ခါ စွန့်လွှတ်သူကြီးပါ)

Sloth တွေက တော်တော်ကြီးကို နှေးကွေးကြတဲ့အတွက် သူတို့အတွက် ကြွက်သားတွေသိပ်မလိုအပ်ပါဘူး။ သူတို့မှာ သူတို့နဲ့အရွယ်အစားတူ အခြားတိရစ္တာန်တွေထက် ကြွက်သားထုထည် 25-30% နည်းနေပါတယ်။
(ဗလမတောင့်ပေမယ့် ရုပ်ကလေးကချစ်စရာလေးမို့ အချစ်ခံရတဲ့အကောင်လေးပါ)

ဘယ်လောက်တောင် နှေးလဲဆို မြေပေါ်မှာဆို တစ်မိနစ်မှ ၂မီတာပဲ ရွေ့ပါတယ်။
အန္တရာယ်နဲ့တွေ့ရင် လိပ်တွေလို ခပ်မြန်မြန်ထပြေးနိုင်လိမ့်မယ် မထင်ပါနဲ့။ တစ်မိနစ်ကို ၄မီတာထိ တိုးပြီးပြေးပါတယ်။
ရေထဲမှာတော့ ၃ဆလောက်မြန်အောင် ရေကူးနိုင်ပါတယ်။ (၁မိနစ်ကို ၆မီတာ ကြီးများတောင် ရွေ့သွားတာပါ…)

သူတို့ဟာ နို့တိုက်သတ္တဝါအနွယ်ဝင်ဖြစ်ပြီး သွေးနွေးသတ္တဝါထဲမှာ ပါဝင်ပေမယ့် သူတို့ခန္ဓာကိုယ် အပူချိန်ကို 5° Celsius ထိပြောင်းလဲနိုင်ပါတယ်။ (လူတွေဟာ 0.5° Celsius ထိပဲပြောင်းလဲနိုင်ကြပါတယ်)
ဒါဟာ သွေးနွေးသတ္တဝါအနွယ်ဝင်တွေထဲမှာ ထူးထူးခြားခြားပါပဲ။

သူတို့ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) က သွေးနွေးသတ္တဝါထဲမှာတော့ အနှေးဆုံးပါပဲ။
ဒုတိယလိုက်တာကတော့ Panda ငပျင်းတွေပါ။

သူတို့ရဲ့နှေးကွေးမှုကြောင့် သူတို့ကိုယ်ပေါ်မှာ ရေညှိတွေ၊ ပိုးဖလန်တွေ ကပ်နေလေ့ရှိပါတယ်။
ပိုးဖလန်တွေက Sloth မှ Sloth တန်းတန်းစွဲဖြစ်တဲ့အတွက် Sloth Moth ဆိုပြီးတော့တောင် နာမည်ပေးထားရပါတယ်။ အခြားအကောင်တွေပေါ်မှာ မနေပါ။
သူတို့ကိုယ်မှာ ရေညှိတွေကပ်နေတဲ့အတွက် သစ်ပင်တွေနဲ့ရောပြီး ပျောက်နေတတ်ပါတယ်။
(အပျင်းထူလွန်းလာရင်တော့ ကိုယ်မှာကပ်နေတဲ့ရေညှိတွေကို ခွာစားလို့လည်းရပါသေးတယ်)

ဒီလောက်ဆို Sloth အကြောင်းသိရတာ ကျေနပ်ကြမယ်ထင်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 6)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။
ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။)

ယောကျာ်းတို့ကို ဝေဖန်အကြံပေးရာတွင် မိန်းမတို့ ဂရုပြုသင့်များရှိသည်။
အများအားဖြင့် ဝေဖန်အကြံပေးခြင်းကို ယောကျာ်းတို့မကြိုက်တတ်ကြပါ။
အဲ့ဒီလိုဆို ဖိနပ်ရှပ်တိုက်စီးနေတာကိုမပြောရတော့ဘူးလား၊ ထမင်းစားရင် ပလုတ်ပလောင်းစားပြီး အသံတွေမြည်နေတာကိုရော မဝေဖန်ရတော့ဘူးလားလို့ မေးစရာရှိလာသည်။

အကြံမတောင်းဘဲနဲ့မပေးပါနဲ့၊ ထင်မြင်ချက်တွေမတောင်းဘဲနဲ့ မပေးပါနဲ့၊ အရမ်းအရမ်းမဝေဖန်ပါနဲ့ လို့ ခပ်လွယ်လွယ်ပြောရမည်ဖြစ်သည်။
အရှိအတိုင်း လက်ခံပေးနိုင်အောင်ကြိုးစားသင့်သည်။
ယောကျာ်းတို့လိုချင်တာ သူတို့ရဲ့မကောင်းခြင်းတွေကို လက်ချာရိုက်နေတာမဟုတ်၊ နားလည်လက်ခံပေးခြင်းဖြစ်သည်။

ကိုယ့်ကို နားလည်လက်ခံပေးနေပြီလို့ ခံစားရရင် ဘယ်အချက်ကိုမကြိုက်ဖူးလဲဆိုတာ ထုတ်ပြီးမေးလာတတ်ကြသည်။ (မကြိုက်တာကို ပြောင်းလဲပေးလိမ့်မယ်လို့ ဆိုလိုချင်တာမဟုတ်ပါ)

အဲ့လိုမဟုတ်ဘဲ ပြောင်းလဲဖို့အတင်း တွန်းအာပေးခံရတဲ့အခါ မိန်းမဆီက အကြံဉာဏ်တွေ၊ ထင်မြင်ချက်တွေ မတောင်းတော့ပါ။ (စကားအကောင်းကြားရလိမ့်မယ်မထင်လို့ ဖြစ်သည်)
Relationship တစ်ခုမှာ ယောကျာ်းတို့ မိန်းမဆီက အကြံဉာဏ်တွေ၊ ထင်မြင်ချက်တွေတောင်းနေခြင်းသည် ယုံကြည်မှုရှိလို့သာဖြစ်သည်။

ဒီလိုဆိုရင် မိန်းမက သူမကြိုက်တာကို လုံးဝထုတ်မပြောသင့်တော့ဘူးလားလို့ မေးစရာရှိလာသည်။
ဒါကတော့ တစ်ဖက်က ယောကျာ်းရဲ့အပြုအမူပေါ်မှာ များစွာမူတည်ပါသည်။
မိမိမကြိုက်သော ယောကျာ်းရဲ့အပြုအမူတစ်ခုကို မကြိုက်ကြောင်း အပြစ်မတင်ဘဲ စမ်းသပ်ပြောဆိုကြည့်သင့်သည်။

ဥပမာ ခုဝတ်ထားတဲ့ အင်္ကျီအရောင်က ယောကျာ်းမဆန်ဘူး။ တခြားအရောင်ပြောင်းဝတ်ပါလားလို့ မိန်းမကပြောတယ်ဆိုပါစို့။
ယောကျာ်းအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားတယ်လို့ ခံစားမိရင် မိန်းမကပြန်တောင်းပန်သင့်သည်။
နောက်တစ်ခါ ဒီကိစ္စကို ထပ်မပြောသင့်၊ မပြောသင့်ဆိုတာ မိမိကိုယ်တိုင်ပဲသိမည်ဖြစ်သည်။
(ဒီလောက်ကလေးပြောတာနဲ့ စိတ်ကွက်စရာလားလို့ မေးစရာရှိပါတယ်၊ တချို့တွေ တကယ်စိတ်ကွက်တတ်ပါတယ်)

ဒီပြဿနာကိုပဲ မိန်းမက တခြားနည်းနဲ့ချည်းကပ်တယ်ဆိုပါစို့။
Shopping ထွက်ကြမလား၊ အင်္ကျီလေးတစ်ထည်လောက်ရွေးပေးချင်လို့ ဆိုပြီး ပြောလိုက်လည်း ကိုယ်လိုချင်တဲ့အရာကို ယောကျာ်းအငြိုငြင်မခံရဘဲ ရသွားနိုင်သည်။
ဒါကိုမှ ယောကျာ်းက မဝယ်ချင်ဘူးလို့ဆိုရင် ထပ်ပြီးမပြောပါနှင့်။
သူ့အနေနဲ့ အမေတစ်ယောက် ထပ်မလိုချင်တာလည်း ဖြစ်နိုင်သည်။

ယောကျာ်းက မိန်းမရဲ့ complaint ကိုနားထောင်လိုသော်လည်း ကာလံဒေသံလွဲသွားတဲ့အခါ စိတ်ငြိုငြင်သွားတတ်သည်။
ဥပမာ အင်္ကျီအရောင်က ယောကျာ်းမဆန်ဘူးဆိုတဲ့စကားကို သူငယ်ချင်းတွေရှေ့မှာ ပြောမိတယ်ဆိုကြပါစို့။
အရမ်း Sensitive မဖြစ်တဲ့ယောကျာ်းတောင် ထိုအခြေအနေမျိုးတွင် စိတ်ငြိုငြင်သွားတတ်ကြသည်။
အကောင်းဆုံးကတော့ နှစ်ယောက်တည်းရှိချိန်မှ မိမိ မကြိုက်တာများကို ပြောဆိုခြင်းဖြစ်သည်။

အကြံပေးခြင်း၊ အကူအညီပေးခြင်းကို ယောကျာ်းတို့မကြိုက်ရခြင်းမှာ သူတို့၏ဝသီပင် ဖြစ်သည်။
ယောကျာ်းကို ပြောင်းလဲဖို့ကြိုးစားခြင်းသည် မိန်းမဘက်ကကြည့်လျှင် ပိုမိုကောင်းမွန်အောင် အမွှန်းတင်ပေးနေခြင်းဖြစ်ပေမယ့် ယောကျာ်းဘက်ကကြည့်လျှင် မိမိကို ထိန်းချုပ်လိုခြင်း၊ ကလေးကဲ့သို့ သဘောထားခြင်းလို့ မြင်၏။
လက်ရှိအနေအထားနှင့်မလုံလောက်သောကြောင့်၊ မိန်းမလိုချင်သောသူ မဖြစ်သေးသောကြောင့်သာ ပြောင်းလဲဖို့ကြိုးစားနေခြင်းဖြစ်ရမည်ဟု တွေးထင်တတ်ကြသည်။

ဒီလိုဆိုရင် ယောကျာ်းတို့ကို ဂရုစိုက်မှု၊ ကြင်နာမှုပေးစရာမလိုတော့ဘူးလားလို့ ထင်စရာရှိသည်။
အဲ့ဒီလိုလည်းမဟုတ်ပါ။ ဂရုစိုက်မှုကို လိုအပ်ပါသည်။
ဒါပေမယ့် အရာရာကို စစ်စစ်ပေါက်ပေါက်လိုက်ပြီး ပြုပြင်ပေးတာကို ဂရုစိုက်တာပါဆိုပြီး ခေါင်းစဉ်တပ်တဲ့မိန်းမတို့ရဲ့ ဂရုစိုက်ခြင်းမျိုးမဟုတ်ပါ။
(မိန်းမတွေတင်ရှုပ်ထွေးတာမဟုတ်ပါ၊ ယောကျာ်းတွေလည်း သူ့နည်းသူ့ဟန်နဲ့ ရှုတ်ထွေးကြပါတယ်)

ယောကျာ်းတို့သည် သူတို့ဘာသာ ပြဿနာကိုဖြေရှင်းတတ်ကြသည်။ မဖြေရှင်းနိုင်မှသာ အကြံဉာဏ်တောင်းခံတတ်သည်။
မိန်းမက အကြံတစ်ခုပေးလိုက်ခြင်းသည် သူ့ရဲ့လုပ်ဆောင်ရည်ကို မယုံကြည်လို့ဆိုပြီး အဓိပ္ပါယ်ဖွင့်ကြတဲ့သူတွေလည်း ရှိသည်။
ကိစ္စတိုင်းမှာ အကြံဉာဏ်ပေးနေခြင်းသည် ယောကျာ်းတို့၏ အားသာချက်ဖြစ်သော ပြဿနာဖြေရှင်းခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။
ကြာလာသောအခါ လူပျင်းတစ်ယောက် (သို့) ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိသော ယောကျာ်းတစ်ယောက် ဖြစ်သွားစေနိုင်သည်။

ယောကျာ်းတို့သည် အယုံကြည်ခံချင်ကြပြီး မိန်းမတို့သည် ဂရုစိုက်ခံလိုကြသည်။
မျက်နှာလည်းမကောင်းပါလား၊ ဘာဖြစ်လို့လဲလို့ အမေးခံရတဲ့မိန်းမက စိတ်ကျေနပ်သွားမှာ ဖြစ်ပေမယ့် ယောကျာ်းကိုမေးမိရင်တော့ မကြိုက်နှစ်သက်တာမျိုးဖြစ်သွားနိုင်သည်။

အသနားခံရမှာကိုလည်း ယောကျာ်းတို့မကြိုက်ကြပါ။
ထိခိုက်မိလို့ နာသွားလား အမေးခံရရင် ယောကျာ်းတို့က တကယ်နာသွားတယ်ဆိုရင်တောင် ဘာမှမဖြစ်ဘူးလို့ ပြောကြမှာဖြစ်ပြီး မိန်းမတို့က ဂရုစိုက်ခံရတဲ့အတွက်ကြောင့် ပျော်ရွှင်သွားမှာဖြစ်သည်။

(Part 7 ဆက်ပါဦးမည်)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 2)

(Part 1 ကိုအရင်ဖတ်ပေးပါ)

Asymmetric Key Encryption အကြောင်းဆက်ရေးပါမယ်။

Asymmetric ဆိုတဲ့သဘောက အချက်အလက်တွေကို encrypt လုပ်တဲ့ key က တစ်ခု decrypt လုပ်တဲ့ key က တစ်ခု (အရှင်းဆုံးအခြေအနေမှာ ဆိုရင်တော့) key ၂ ခု ရှိပါမယ်။ Key A နဲ့ Key B လို့ ကျနော်ပြောပါ့မယ်။
အပေါ်က ဥပမာလေးကိုပဲ ပြန်ယူပြပါ့မယ်

ဒီနေရာမှာ ထူးခြားချက်က

  • KeyA နဲ့ encrypt လုပ်ထားတဲ့ ဟာကို KeyA က ပြန် decrypt လုပ်လို့မရပါဘူး။ KeyB ကပဲလုပ်လို့ရပါတယ်။ ဒီလိုပဲ KeyB နဲ့ encrypt လုပ်ထားတာကိုလည်း KeyA ကပဲ decrypt လုပ်လို့ရပါတယ်။ (Note – ဘာကြောင့်မရတာလဲ ဆိုရင်တော့ Key ၂ ခုဟာ သချ်ာနည်းအရ ဆက်နွယ်နေပါတယ်၊ အသေးစိတ်ကိုတော့ ရှုပ်ထွေးတဲ့ အတွက် သပ်သပ်ပဲဆက်လက်လေ့လာ စေလိုပါတယ်၊ ဒီနေရာမှာတော့မပြောတော့ပါ၊ နောက်ကွယ်က စဉ်းစားပုံ စဉ်းစားနည်း idea ကသာ လက်တွေ့မှာ ပိုအရေးကြီးလို့ပါ) ဒါကြောင့် asymmetric key encryption လို့ခေါ်ပါတယ်။ ဒီအချက်ဟာ အားလုံးရဲ့ အခြေခံပါပဲ။
  • KeyA ကိုသိလို့လဲ KeyB ကို guess လုပ်လို့ ခန့်မှန်းလို့ မရပါဘူး။

ဒီအချက်တွေကို အသုံးပြုပြီးကျနော်တို့ လွယ်ကူတဲ့ Public Key Infrastructure တစ်ခုတည်ဆောက်ကြည့်လို့ရပါပြီ။ အပေါ်ကလိုပဲ ကျနော်က သူငယ်ချင်းတစ်ယောက်ကို အချက်အလက်တစ်ခုပေးပို့ချင်တယ်ဆိုပါစို့။

အဲ့အခါမှာ ကျနော်က တစ်ခုနဲ့ တစ်ခု ဆက်နွယ်နေတဲ့ KeyA နဲ့ KeyB တစ်စုံကို generate လုပ်လိုက်ပါတယ်။ အဲ့ထဲကမှ တစ်ခုကို ယူပြီးကျနော်က public key ဆိုသတ်မှတ်လိုက်ပါတယ်။ ကျန်တစ်ခုကိုတော့ private key ဆိုပြီး သတ်မှတ်လိုက်ပါတယ်။

တစ်ခုက public key ဖြစ်တဲ့အတွက် ကျနော်က အဲ့ key ကို လူတိုင်းကို ပေးသိထားမှာပါ။ ဥပမာ ကျနော့်စက်ကို ဆက်သွယ်ချင်ရင် ဒီ public key ကို သုံးပါဆိုပြီး ဗြောင်တင်ထားမှာပါ။ private key ကိုတော့ private ဆိုတဲ့ အတိုင်း ဘယ်သူ့ကိုမှ ပေးမသိပါဘူး။ ကျနော့် private key ကိုကျနော်တစ်ယောက်ထဲကပဲ သိနိုင်မှာပါ။

ထို့နည်းတူပဲ ကျနော့် သူငယ်ချင်းကလဲ သူ့စက်မှာ Public/Private Key တစ်စုံ generate လုပ်ထားပြီး သူ့ public key ကို လူတိုင်းကိုပေးသိထားပါတယ်။
ဆိုတော့ ကျတော်က သူ့ကို အချက်အလက်တစ်ခုကို ပေးပို့လိုတဲ့ အခါ ကျနော်က သူ့ရဲ့ public key ကိုယူပြီး ကျနော်ပို့လိုတဲ့ အချက်အလက်ကို သူ့ public key နဲ့ encrypt လုပ်ပါတယ်။ ပြီးတော့ သူ့ဆီကိုပို့လိုက်မယ် ဆိုရင် ကျတော်တို့ ကြားဖြတ် ဖတ်လို့မရနိုင်တဲ့ အရိုးရှင်းဆုံး စနစ်တစ်ခုရရှိသွားပါပြီ။

ဘာလို့လဲ? ကျနော်က သူ့ရဲ့ public key ကို သုံးပြီး အချက်အလက်ကို encrypt ထားတာဖြစ်တဲ့ အတွက် ဒီစာကို ဒီ public key နဲ့ ဆက်နွယ်နေတဲ့ private key ပိုင်ရှင်က ကမ္ဘာပေါ်မှာ ကျနော့် သူငယ်ချင်းကလွဲပြီး မရှိနိုင်ပါဘူး။ သူကသာ decrypt လုပ်ပြီး ဖတ်နိုင်မှာ ဖြစ်ကြောင်း ကျနော် စိတ်ချလို့ရပါပြီ။

ဒါပေမဲ့ ဒီနေရာမှာလည်း ပြသနာတစ်ခုက ရှိနေသေးပါတယ်။ ကျနော့်သူငယ်ချင်းရဲ့ public key က လူတိုင်းသိနေမှာပဲဆိုတော့ ကျနော်မဟုတ်တဲ့ တခြား တစ်ယောက်က ကျနော်ယောင်ဆောင်ပြီး ကျနော့်သူငယ်ချင်းရဲ့ public key ကိုသုံး encrypt လုပ်ပြီး သူ့ဆီကို ပေးပို့လာနိုင်ပါတယ်။ လောလောဆယ်မှာ ကျနော့် သူငယ်ချင်းအနေနဲ့ ဘယ်သူပို့မှန်း စစ်ဆေးပေးနိုင်စွမ်းမရှိသေးပါဘူး။

အဲ့တော့ ကျတော်တို့ဟာ “ကျနော်တို့ ထွက်ဆိုတဲ့ ကျွန်တော်တို့” ဖြစ်ကြောင်းthey are who they say they are” (ဒါကို verify လုပ်တယ်လို့ခေါ်ပါတယ်၊ ရင်းနှီးကြမှာပါ) ဆိုတဲ့ catchphrase လေးအတိုင်း ကျတော်တို့ရဲ့ identity ကို prove လုပ်ဖို့ လိုလာပါတယ်။ အဲ့ပြသနာကို ဖြေရှင်းဖို့အတွက် ဆက်သွားကြည့်ရအောင်။

ဒီလို system ကိုသုံးခြင်းအားဖြင့် နောက်စိတ်ဝင်စားဖို့ကောင်းတဲ့ အနှစ်သာရတစ်ခု ရနိုင်ပါသေးတယ်။ ဥပမာ message တစ်ခုကို ကျနော်က ကျနော့် private key နဲ့ encrypt ထားတယ်ဆိုပါစို့။

ရုတ်တရက်တော့ ကျနော့် public key ကလူတိုင်းမှာရှိမှာပဲ/ပေါ်တင် ပြထားတာပဲ private key နဲ့ encrypt လိုက်လို့ ဘာအကျိုးရှိမှာလဲ၊ လူတိုင်းဖတ်လို့ရနေမှာပေါ့ ဆိုတဲ့ မေးခွန်းမေးစရာရှိပါတယ်။ ဒါပေမဲ့ ထူးခြားတာက message တစ်ခုဟာ ကျနော့် private key နဲ့ encrypt လုပ်ထားခြင်းအားဖြင့် ဒီ message ကို လက်ခံရရှိသူမှန်သမျှဟာ ကျနော့်ရဲ့ public key ကိုသုံးပြီး decrypt လုပ်နိုင်ခြင်းအားဖြင့် ကျနော့်ဆီက လာတယ်ဆိုတာကို စစ်ဆေးနိုင်ပါတယ်။

အကယ်၍ သာ ကျနော်မဟုတ်တဲ့ တခြားသူဆီကသာလာတယ်ဆိုရင် ကျနော့် private key နဲ့ encrypt လုပ်ထားတာမဟုတ်တဲ့ အတွက် ကျနော့်ရဲ့ public key ကိုသုံးပြီး decrypt လုပ်နိုင်မှာလည်းမဟုတ်ပါဘူး။ ထိုအခါမှာ အဲ့ message ကိုကျနော်ပို့တာမဟုတ်ကြောင်း သိနိုင်ပါတယ်။

ဒါဆို စောစောက ပြသနာကို ကျတော်တို့ ရှင်းလို့ရပါပြီ။

ကျနော်က သူငယ်ချင်းဆီကို message ပို့ချင်တယ်ဆိုရင် ကျနော်လုပ်ရမယ့်အဆင့် (၂) ဆင့်ရှိလာပါပြီ။

အရင်ဆုံး ကျနော့်အနေနဲ့ အချက်အလက်ကို ကျနော့် private key သုံးပြီး encrypt လုပ်ပါမယ်။

အဲ့ဒီ encrypt လုပ်ထားတဲ့ encrypted message ကို လက်ခံသူ ကျနော့် သူငယ်ချင်းရဲ့ public key သုံးပြီး ထပ် encrypt လုပ်ပါတယ်။ မျက်လုံးထဲမြင်အောင် ပြောရရင် စာအိတ် ၂ ထပ်လိုမျိုးမြင်ကြည့်ပါ။

အဲ့တာဆို ကျတော်တို့ ကြားလူအနေနဲ့လည်း ကျနော့် သူငယ်ချင်းရဲ့ public key နဲ့ encrypt လုပ်ထားတဲ့ message (စာအိတ်အပေါ်ဆုံးအလွှာ) ကိုပဲမြင်ရမှာ ဖြစ်ပြီး သူတို့မှာ လည်း သူငယ်ချင်းရဲ့ private key မရှိနိုင်တာကြောင့် ဖွင့်လို့ရမှာမဟုတ်ပါဘူး။

သူငယ်ချင်းဆီရောက်တော့လည်း သူက သူ့ရဲ့ private key သုံးပြီး ဖောက်လိုက်တဲ့ အခါမှာ ကျတော့်ရဲ့ private key သုံးပြီး encrypt လုပ်ထားတဲ့ အတွင်းထဲက encrypted message (စာအိတ်အတွင်းအလွှာ) ကိုတွေ့ပါမယ်။

အဲ့အခါမှာ သူက ကျနော့် public key ကိုသုံး decrypt လုပ်ပြီး original plain text message ကိုရရှိမှာဖြစ်ပြီး ကျနော့် public key နဲ့ ဖောက်နိုင်ခြင်းအားဖြင့် ကျနော်ကသာ ပေးပို့သူဖြစ်ကြောင်း verify လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော်တော်လေး secure ဖြစ်တဲ့ system တစ်ခုကို ရရှိနေပြီးပဲ ဖြစ်ပါတယ်။ ဒါက အခြေခံအကျဆုံး Public Key Infrastructure တစ်ခုဖြစ်ပါတယ်။ လက်တွေ့မှာတော့ ဒီထက်နည်းနည်း ရှုပ်ထွေးပေမဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အဆင့်တွေ အများကြီး တွေ့ရမှာပါ။ နောက်ပိုင်းမှာ Digital Signature နဲ့ Certificate authority တွေအကြောင်း ဆက်လက်ဖော်ပြသွားပါ့မယ်။

Part 3 မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

References
L5 Network Security and Cryptography Text Book
Computerphile

Kevin

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started