ဒီနေ့ခေတ်မှာ လိင်မှုကိစ္စပြုဖို့ဖြစ်ဖြစ် ပြုပြီးရင်ဖြစ်ဖြစ် ကိုယ်ဝန်ကာကွယ်ဖို့ပဲလိုလို ရောဂါကာကွယ်ဖို့ပဲလိုလို သန္ဓေတားပစ္စည်းတွေ ဆေးဝါးတွေကို အလွယ်တကူရှာလို့ရလာပါပြီ။ ဒါပေမယ့် ရှေးခေတ်လူ့အဖွဲ့အစည်းမှာတော့ ကျွန်တော်တို့လောက် ကံမကောင်းခဲ့ရှာပါဘူး။ ရှာရှာဖွေဖွေလုပ်တတ်တဲ့ လူ့ဗီဇပီပီ သမိုင်းထဲကလူသားတွေဟာလည်း ဖိုမကိစ္စရဲ့ရလဒ်ဖြစ်တဲ့ သန္ဓေတည်ခြင်းကိုကာကွယ်ဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ကြ အသုံးပြုခဲ့ကြပါတယ်။
လူသားတွေ သားဆက်ခြားဖို့ကြိုးစားခဲ့ကြတဲ့ ပထမဆုံးမှတ်တမ်းတွေကို BC 1800 ဝန်းကျင် မက်ဆိုပိုတေးမီးယားနဲ့ အာဖရိက၊ အီဂျစ်၊ ဂရိ ဒေသတစ်ဝိုက်မှာ ပညာရှင်တွေကတွေ့ခဲ့ကြပါတယ်။
သူတို့ဘာတွေလုပ်ခဲ့ကြသလဲ?
၁။ ဖျက်ချမယ်
သူတို့လည်းကျွန်တော်တို့ဒီနေ့ခေတ်လို တွေးခဲ့ကြပုံပါပဲ။ အများဆုံးအသုံးပြုခဲ့တဲ့နည်းကတော့ ကိုယ်ဝန်ဖျက်ချတဲ့နည်းပါ။ ဘုရင့်တော်ဝင် နန်းတော်ကစလို့ ကျေးကျွန်တွေအထိ မလိုချင်တဲ့ကိုယ်ဝန်ရလာတဲ့အခါ ဖျက်ချခဲ့တာပါပဲ။ ဒီနေ့လို ဆေးပညာတိုးတက်တဲ့ကာလမှာတောင် တရားမဝင်ဖျက်ချမှုတွေ၊ မသန့်ရှင်းမကျွမ်းကျင်မှုနဲ့ အခြားအကြောင်းအရင်းမျိုးစုံနဲ့ ကလေးဖျက်ချတာတွေကြောင့် မိခင်နဲ့မွေးကင်းစကလေးသေနှုန်းမြင့်တက်နေသေးတယ်ဆိုရင် အဲ့ဒီခေတ် အဲ့ဒီကာလမှာ ကိုယ်ဝန်ဖျက်ချမှုကြောင့် သန်းနဲ့ချီတဲ့အမျိုးသမီးတွေသေဆုံးခဲ့မယ်ဆိုတာ အသေအချာပါပဲ။
၂။ ဆေးသောက်ကြမယ်
ခေတ်သစ်မှာတော့ ပန်းအိုးမတော်တဆကွဲခဲ့ရင်ဖြစ်ဖြစ် ရည်ရွယ်ပြီးပဲကွဲကွဲ အရေးပေါ်သန္ဓေတားဆေးတွေနဲ့ ပုံမှန်သောက်ဆေး၊ ထိုးဆေးမျိုးစုံ ရွေးချယ်စရာတွေနဲ့ပါ။ သူတို့ခေတ်မှာလည်း အခုလိုပါပဲ။ ဟော်မုန်းတွေ ဓာတုဗေဒအကြောင်းတွေမသိကြသေးပေမယ့် သစ်ဥ၊သစ်ဖုမျိုးစုံကို တားဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ မှတ်တမ်းတွေအရ Acacia (ထနောင်းမျိုးနွယ်အပင်တစ်မျိုး)ရဲ့ အဆီနဲ့အခေါက်ကို ပျားရည်နဲ့ရောပြီးသုံးခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာပညာရှင်တွေက အဲ့ဒီနည်းကိုသုံးပြီးေလ့လာကြည့်တဲ့အခါ ဒီဆေးက အဖိုရဲ့သုတ်ပိုးကိုသတ်နိုင်တာတွေ့ရပါတယ်။ အခြားအသုံးပြုခဲ့ကြတဲ့ သစ်ဥသစ်ဖုနဲ့ ဆေးနည်းမျိုးစုံလည်း နေရာဒေသအလိုက်ရှိခဲ့ကြမှာပါ။ ဆေးဝါးတိုင်းကတော့ ရာနှုန်းပြည့်ကိုယ်ဝန်မတားဆီးနိုင်ခဲ့ကြပါဘူး။
၃။ အလွှာခြားကြမယ်
ဆေးဆိုင်၊စတိုးဆိုင်တွေမှာ ကွန်ဒုံးတံဆိပ်မျိုးစုံကို အလွယ်တကူရနေတဲ့ အခုလိုခေတ်မှာတော့ ဒီပစ္စည်းလေးဟာဘာမှမဟုတ်သလိုပါပဲ။ ဒါပေမယ့် အခုလို အဆင်ပြေပြေနဲ့စိတ်ချရတဲ့ကွန်ဒုံးဖြစ်လာဖို့ တီထွင်မှုမျိုးစုံ၊ အခက်အခဲမျိုးစုံ ကျော်ဖြတ်ခဲ့ကြရပါတယ်။
ကလေးဖျက်ချလို့ အခန့်မသင့်ရင်လူသေတယ်၊ သစ်ဥသစ်ဖုတွေသောက်ရင် ကိုယ်ဝန်တားနိုင်ဖို့မသေချာသေးတဲ့အခါ ရှေးခေတ်တီထွင်ပါရဂူ ဖိုးဆိတ်ဖြူများဟာ နောက်တစ်မျိုးကြံစည်ကြပါတော့တယ်။ ရှာတွေ့တာကတော့ အလွှာခြားကြဖို့နည်းပါပဲ။
ကွန်ဒုံးလို့မခေါ်ကြသေးပေမယ့် ဖိုမမဆက်ဆံခင် အလွှာခြားခဲ့ကြတဲ့အထောက်အထားကို အီဂျစ်ဖာရိုဘုရင်ခေတ်က နံရံဆေးပန်းချီမှာတွေ့နိုင်ပါတယ်။ အီဂျစ်နဲ့ဂရိဘက်မှာတော့ သိုးအူ ဆိတ်အူတွေကို အကာအကွယ်ပစ္စည်းအဖြစ်သုံးခဲ့ကြတာပါ။ အာရှဘက်မှာလည်း ဂျပန်နဲ့တရုတ်မှာ အလွှာခြားပစ္စည်းတွေသုံးခဲ့ကြပါတဲ့ မှတ်တမ်းတွေရှိပါတယ်။ သူတို့ကတော့ လိပ်အခွံနဲ့ တိရိစ္ဆာန်ဂျိုကို အသုံးပြုခဲ့တာပါ။ စက္ကူကိုပထမဆုံးတွေ့ခဲ့တဲ့ တရုတ်ပြည်မှာ ဆီစိမ်စက္ကူတစ်မျိုးကို အလွှာခြားဖို့အတွက်သုံးခဲ့သေးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီခေတ်အကာအကွယ်ပစ္စည်းတွေဟာ တစ်ခါသုံးမဟုတ်ဘဲ ရေဆေးပြီးပြန်သုံးကြတာပါ။ အမျိုးသမီးသုံးဖို့အတွက် ရေမြှုပ်နဲ့အလွှာခြားဖို့ကြံစည်ခဲ့ကြပါသေးတယ်။
ကျွန်တော်တို့ရဲ့ ယနေ့ခေတ် သားဆက်ခြား ဇာတ်လိုက်ကျော်ကြီး ကွန်ဒုံးဟာ 1800 ခုနှစ် ဝန်းကျင်မှာ ရာဘာအစွပ်ပုံစံနဲ့ စတင်ပေါ်ထွက်လာခဲ့ပြီး လူ့အဖွဲ့အစည်းမျိုးစုံကို ကုန်သွယ်ရေးလမ်းကြောင်းပေါင်းများစွာကတစ်ဆင့် ပြန့်နှံ့သွားခဲ့ပါတယ်။ ဘာသာရေးပိတ်ပင်မှု၊ လူမှုရေးကန့်သတ်မှုတွေကိုကျော်ဖြတ်ရင်း နည်းပညာအသစ်နဲ့ဖန်တီးမှုတွေဖြစ်လာခဲ့ပါတယ်။ HIV ရောဂါ တစ်ခေတ်စမ်းလာမှုနဲ့အတူ ကွန်ဒုံးဟာ STD တွေကို ကာကွယ်ဖို့အတွက် အရေးပါအရာရောက်လာပါတယ်။ ဒီနေ့ခေတ်မှာတော့ အမျိုးသားသုံး အမျိုးသမီးသုံး ကွန်ဒုံးမျိုးစုံကို latex အသားနဲ့ ဖန်တီးကြသလို နောင်အနာဂတ်မှာလည်း ပိုကောင်း၊ ပိုခိုင်၊ ပိုပါးလွှာတဲ့ ကွန်ဒုံးနည်းပညာအသစ်တွေကို ရှာဖွေနေကြပါပြီ။
အခုခေတ်မှာတော့ ကျွန်တော်တို့ဟာ STD တွေကို ကာကွယ်ဖို့ မလိုချင်တဲ့ကိုယ်ဝန်ကိုတားဆီးဖို့ ရွေးချယ်စရာများစွာရှိနေပါပြီ။
စာဖတ်သူ မိတ်ဆွေတို့ လိင်ကိစ္စကိုကြုံတွေ့ရတဲ့အခါ Safe Sex ဖြစ်ပါစေလို့ ဆန္ဒပြုရင်း
Mr. Bonk





















