ရာဇဝင်ထဲက သားဆက်ခြားနည်းတွေ

ဒီနေ့ခေတ်မှာ လိင်မှုကိစ္စပြုဖို့ဖြစ်ဖြစ် ပြုပြီးရင်ဖြစ်ဖြစ် ကိုယ်ဝန်ကာကွယ်ဖို့ပဲလိုလို ရောဂါကာကွယ်ဖို့ပဲလိုလို သန္ဓေတားပစ္စည်းတွေ ဆေးဝါးတွေကို အလွယ်တကူရှာလို့ရလာပါပြီ။ ဒါပေမယ့် ရှေးခေတ်လူ့အဖွဲ့အစည်းမှာတော့ ကျွန်တော်တို့လောက် ကံမကောင်းခဲ့ရှာပါဘူး။ ရှာရှာဖွေဖွေလုပ်တတ်တဲ့ လူ့ဗီဇပီပီ သမိုင်းထဲကလူသားတွေဟာလည်း ဖိုမကိစ္စရဲ့ရလဒ်ဖြစ်တဲ့ သ‌န္ဓေတည်ခြင်းကိုကာကွယ်ဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ကြ အသုံးပြုခဲ့ကြပါတယ်။

လူသားတွေ သားဆက်ခြားဖို့ကြိုးစားခဲ့ကြတဲ့ ပထမဆုံးမှတ်တမ်းတွေကို BC 1800 ဝန်းကျင် မက်ဆိုပိုတေးမီးယားနဲ့ အာဖရိက၊ အီဂျစ်၊ ဂရိ ဒေသတစ်ဝိုက်မှာ ပညာရှင်တွေကတွေ့ခဲ့ကြပါတယ်။

သူတို့ဘာတွေလုပ်ခဲ့ကြသလဲ?

၁။ ဖျက်ချမယ်
သူတို့လည်းကျွန်တော်တို့ဒီနေ့ခေတ်လို တွေးခဲ့ကြပုံပါပဲ။ အများဆုံးအသုံးပြုခဲ့တဲ့နည်းကတော့ ကိုယ်ဝန်ဖျက်ချတဲ့နည်းပါ။ ဘုရင့်တော်ဝင်‌ နန်းတော်ကစလို့ ကျေးကျွန်တွေအထိ မလိုချင်တဲ့ကိုယ်ဝန်ရလာတဲ့အခါ ဖျက်ချခဲ့တာပါပဲ။ ဒီနေ့လို ဆေးပညာတိုးတက်တဲ့ကာလမှာတောင် တရားမဝင်ဖျက်ချမှုတွေ၊ မသန့်ရှင်းမကျွမ်းကျင်မှုနဲ့ အခြားအကြောင်းအရင်းမျိုးစုံနဲ့ ကလေးဖျက်ချတာတွေကြောင့် မိခင်နဲ့မွေးကင်းစကလေးသေနှုန်းမြင့်တက်နေသေးတယ်ဆိုရင် အဲ့ဒီခေတ် အဲ့ဒီကာလမှာ ကိုယ်ဝန်ဖျက်ချမှုကြောင့် သန်းနဲ့ချီတဲ့အမျိုးသမီးတွေသေဆုံးခဲ့မယ်ဆိုတာ အသေအချာပါပဲ။

၂။ ဆေးသောက်ကြမယ်
ခေတ်သစ်မှာတော့ ပန်းအိုးမတော်တဆကွဲခဲ့ရင်ဖြစ်ဖြစ် ရည်ရွယ်ပြီးပဲကွဲကွဲ အရေးပေါ်သန္ဓေတားဆေးတွေနဲ့ ပုံမှန်သောက်ဆေး၊ ထိုးဆေးမျိုးစုံ ရွေးချယ်စရာတွေနဲ့ပါ။ သူတို့ခေတ်မှာလည်း အခုလိုပါပဲ။ ဟော်မုန်းတွေ ဓာတုဗေဒအကြောင်းတွေမသိကြသေးပေမယ့် သစ်ဥ၊သစ်ဖုမျိုးစုံကို တားဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ မှတ်တမ်းတွေအရ Acacia (ထနောင်းမျိုးနွယ်အပင်တစ်မျိုး)ရဲ့ အဆီနဲ့အခေါက်ကို ပျားရည်နဲ့ရောပြီးသုံးခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာပညာရှင်တွေက အဲ့ဒီနည်းကိုသုံးပြီး‌ေလ့လာကြည့်တဲ့အခါ ဒီဆေးက အဖိုရဲ့သုတ်ပိုးကိုသတ်နိုင်တာတွေ့ရပါတယ်။ အခြားအသုံးပြုခဲ့ကြတဲ့ သစ်ဥသစ်ဖုနဲ့ ဆေးနည်းမျိုးစုံလည်း နေရာဒေသအလိုက်ရှိခဲ့ကြမှာပါ။ ဆေးဝါးတိုင်းကတော့ ရာနှုန်းပြည့်ကိုယ်ဝန်မတားဆီးနိုင်ခဲ့ကြပါဘူး။

၃။ အလွှာခြားကြမယ်

ဆေးဆိုင်‌၊စတိုးဆိုင်တွေမှာ ကွန်ဒုံးတံဆိပ်မျိုးစုံကို အလွယ်တကူရနေတဲ့ အခုလိုခေတ်မှာတော့ ဒီပစ္စည်းလေးဟာဘာမှမဟုတ်သလိုပါပဲ။ ဒါပေမယ့် အခုလို အဆင်ပြေပြေနဲ့စိတ်ချရတဲ့ကွန်ဒုံးဖြစ်လာဖို့ တီထွင်မှုမျိုးစုံ၊ အခက်အခဲမျိုးစုံ ကျော်ဖြတ်ခဲ့ကြရပါတယ်။

ကလေးဖျက်ချလို့ အခန့်မသင့်ရင်လူသေတယ်၊ သစ်ဥသစ်ဖုတွေသောက်ရင် ကိုယ်ဝန်တားနိုင်ဖို့မသေချာသေးတဲ့အခါ ရှေးခေတ်တီထွင်ပါရဂူ ဖိုးဆိတ်ဖြူများဟာ နောက်တစ်မျိုးကြံစည်ကြပါတော့တယ်။ ရှာတွေ့တာကတော့ အလွှာခြားကြဖို့နည်းပါပဲ။

ကွန်ဒုံးလို့မခေါ်ကြသေးပေမယ့် ဖိုမမဆက်ဆံခင် အလွှာခြားခဲ့ကြတဲ့အထောက်အထားကို အီဂျစ်ဖာရိုဘုရင်ခေတ်က နံရံဆေး‌ပန်းချီမှာတွေ့နိုင်ပါတယ်။ အီဂျစ်နဲ့ဂရိဘက်မှာတော့ သိုးအူ ဆိတ်အူတွေကို အကာအကွယ်ပစ္စည်းအဖြစ်သုံးခဲ့ကြတာပါ။ အာရှဘက်မှာလည်း ဂျပန်နဲ့တရုတ်မှာ အလွှာခြားပစ္စည်းတွေသုံးခဲ့ကြပါတဲ့ မှတ်တမ်းတွေရှိပါတယ်။ သူတို့ကတော့ လိပ်အခွံနဲ့ တိရိစ္ဆာန်ဂျိုကို အသုံးပြုခဲ့တာပါ။ စက္ကူကိုပထမဆုံးတွေ့ခဲ့တဲ့ တရုတ်ပြည်မှာ ဆီစိမ်စက္ကူတစ်မျိုးကို အလွှာခြားဖို့အတွက်သုံးခဲ့သေးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီခေတ်အကာအကွယ်ပစ္စည်းတွေဟာ တစ်ခါသုံးမဟုတ်ဘဲ ရေဆေးပြီးပြန်သုံးကြတာပါ။ အမျိုးသမီးသုံးဖို့အတွက် ရေမြှုပ်နဲ့အလွှာခြားဖို့ကြံစည်ခဲ့ကြပါသေးတယ်။

ကျွန်တော်တို့ရဲ့ ယနေ့ခေတ် သားဆက်ခြား ဇာတ်လိုက်ကျော်ကြီး ကွန်ဒုံးဟာ 1800 ခုနှစ် ဝန်းကျင်မှာ ရာဘာအစွပ်ပုံစံနဲ့ စတင်ပေါ်ထွက်လာခဲ့ပြီး လူ့အဖွဲ့အစည်းမျိုးစုံကို ကုန်သွယ်ရေးလမ်းကြောင်းပေါင်းများစွာကတစ်ဆင့် ပြန့်နှံ့သွားခဲ့ပါတယ်။ ဘာသာရေးပိတ်ပင်မှု၊ လူမှုရေးကန့်သတ်မှုတွေကိုကျော်ဖြတ်ရင်း နည်းပညာအသစ်‌နဲ့ဖန်တီးမှုတွေဖြစ်လာခဲ့ပါတယ်။ HIV ရောဂါ တစ်ခေတ်စမ်းလာမှုနဲ့အတူ ကွန်ဒုံးဟာ ‌STD တွေကို ကာကွယ်ဖို့အတွက် အရေးပါအရာရောက်လာပါတယ်။ ဒီနေ့ခေတ်မှာတော့ အမျိုးသားသုံး အမျိုးသမီးသုံး ကွန်ဒုံးမျိုးစုံကို latex အသားနဲ့ ဖန်တီးကြသလို နောင်အနာဂတ်မှာလည်း ပိုကောင်း၊ ပိုခိုင်၊ ပိုပါးလွှာတဲ့ ကွန်ဒုံးနည်းပညာအသစ်တွေကို ရှာဖွေနေကြပါပြီ။

အခုခေတ်မှာတော့ ကျွန်တော်တို့ဟာ ‌STD တွေကို ကာကွယ်ဖို့ မလိုချင်တဲ့ကိုယ်ဝန်ကိုတားဆီးဖို့ ရွေးချယ်စရာများစွာရှိနေပါပြီ။

စာဖတ်သူ မိတ်ဆွေတို့ လိင်ကိစ္စကိုကြုံတွေ့ရတဲ့အခါ Safe Sex ဖြစ်ပါစေလို့ ဆန္ဒပြုရင်း

Mr. Bonk

Personality disorder အကြောင်းပြောကြရာဝယ် (Part 5)

(Part 1,2,3,4 ဖတ်ပြီးမှ ယခု Part 5ကိုဖတ်သင့်ပါသည်။)

ဒီတခါမှာတော့ Personality disorder ထဲက Cluster B အုပ်စုအကြောင်းဆက်လက်ပြောပြသွားပါမယ်။

Cluster B က စိတ်ခံစားချက်ပြင်းသူ “Wild” typeဖြစ်ပြီး drama ဆန်ဆန် အပြောင်းလဲမြန်ပြီး ခန့်မှန်းရခက်သူတွေဖြစ်သူတွေဖြစ်ပါတယ်။

ဆေးလိပ်အရက် မူးယစ်ဆေးဝါးတို့ကို တလွဲသုံးနိုင်ချေမြင့်မားပြီး mood disorder များနဲ့လဲ တခါတရံ တွဲနေတတ်ပါတယ်။

ပါဝင်တဲ့ အမျိုးအစားများကတော့

  1. Antisocial personality disorder
  2. Borderline personality disorder
  3. Histrionic personality disorder
  4. Narcissistic personality disorder တို့ဖြစ်ပါတယ်။

Antisocial personality disorder ကတော့
အကြမ်းဖက်သမားဆန်သူများဖြစ်ပါတယ်။

ပတ်ဝန်းကျင်တွေ လောကဝတ်တွေလဲ ဂရုမစိုက်ဘဲ
Aggressive ဖြစ်သူ ကိုယ်နူတ်အမူရာကြမ်းတမ်းသူဖြစ်ပါတယ်။

သူများတွေအပေါ် ညှင်းပန်းနှိပ်စက်ရတာ မတရားရိုက်နှက်ပြီး ပစ္စည်းတွေလုယူရတာသဘောကျတတ်ပါတယ်။ စာနာစိတ်သနားစိတ် လုံးဝမရှိဘဲ နောင်တမရစတမ်း အကြမ်းဖက်ပြစ်မှုများကျူးလွန်တတ်ပါတယ်။

ဒီဝေဒနာရှင်များက ယောကျာ်းလေးတွေမှာတွေ့ရများပြီး အသက် ၁၈ ကျော်မှ ဒီ disorder ကိုသတ်မှတ်ပါတယ်။

အသက် ၁၈အောက် ကလေးဘဝမှာ ဒီလိုလက္ခဏာတွေရှိနေရင် Antisocial လို့မခေါ်ဘဲ Conduct disorder လို့ခေါ်ပါတယ်။

ကလေးဘဝမှာ အိမ်ကပစ္စည်းတွေကိုမီးရှို့ပစ်တာ၊ တိရစ္ဆာန်လေးကိုဖမ်းပြီး နှိပ်စက်သတ်ဖြတ်တာ၊ အိမ်ကပစ္စည်းတွေခိုးတာမျိုးတွေ လုပ်တဲ့ကလေးတွေကို conduct disorder ရှိတယ်လို့ဆိုကြပြီး အသက်ကြီးလာပါက antisocial personality disorder သမားများဖြစ်လာတတ်ကြပါတယ်။

~~~~~~~~~~

နောက်တမျိုးကတော့ Borderline personality disorder ပါ။

သူကတော့ မိန်းကလေးတွေမှာ တွေ့ရပိုများပြီး
စိတ်ခံစားချက် မတည်ငြိမ်ဘဲ အမျိုးမျိုးပြောင်းလဲနေတတ်ပါတယ်။

စိတ်ထဲမှာ လစ်ဟာနေတဲ့ခံစားချက်ကြောင့် (Feeling of emptiness) မိမိကိုယ်ကို ဘာခံစားနေရလဲဆိုတ မသဲကွဲတတ်ပါ။

ချစ်သူရည်းစား မိသားစုအသိုင်းအဝိုင်းက ပစ်ထားခဲ့မှာ အကြောက်လွန်ပြီး
Intense and unstable relationship မျိုးတွေဖြစ်နေတတ်ပါတယ်။

စိတ်ခံစားချက်ကိုမထိန်းနိုင်ဘဲ ဒေါသထွက်လွယ်ပြီး စေ့ဆော်မှုတခုပေါ်လာတာနဲ့ ကောက်ကာငင်ကာလုပ်မိရက်သားဖြစ်သွားတတ်ပါတယ်။
တခုခုကိုလုပ်ချင်လာပြီဆို တားမရဆီးမရ ဘာမှကိုမတွေးတော့ဘဲ လုပ်လိုက်ရမှကျေနပ်သွားတာမျိုးပါ။

လောကကြီးကို အစွန်း ၂ဖက်ပဲမြင်တတ်ပြီး ကောင်းတဲ့ထင်ရင်လဲ အရမ်းချီးကျူးအရမ်းကောင်းတယ်တွေးပြီး မကြိုက်တဲ့အရာဆို အရမ်းဆိုး အရမ်းမုန်းတတ်ပါတယ်။
သူတို့ဆီမှာ အဆိုးရောအကောင်းရောဒွန်တွဲနေတဲ့သာမန်ပုထုဇဥ်ပုံစံကို မမြင်ဘဲ ကောင်းလွန်း ဆိုးလွန်း အစွန်း၂ဖက်ပဲ ထင်မြင်ကြပါတယ်။ (Splitting defense mechanism)

ဥပမာ – borderline personality ရှိတဲ့ teenager ကောင်မလေးက သူ့ကောင်လေးဆို နတ်သားလေးလို အလွန် perfect ဖြစ်တယ်တွေးပြီး သူ့ကောင်လေးသာတလောကဆုံးမှာ အကောင်းဆုံးလို့ထင်နေတာမျိုး ၊ အိမ်နဲ့ရန်ဖြစ်ထားတဲ့အခါ တမိသားစုလုံး ငရဲလို ဆိုးရွားလိုက်တာလို့ အဆိုးတွေချည်းပဲမြင်နေတော့တာမျိုးပါ။

(ဒီနေရာမှာ သာမန်လူတွေလဲ အခုလိုတွေးကောင်းတွေးနိုင်ပေမယ့် ပုံမှန်လူတယောက်သာဆို “တကယ်တော့ သူလဲကောင်းတာဆိုးတာလေးတွေတွဲနေတာပဲလေ” လို့ ပြန်တွေးလို့ရကြစမြဲပါ။)

စိတ်တွေဂယောက်ဂယက်ဖြစ်လာတဲ့အခါ တခုခုကိုလုပ်ချင်လာတဲ့အခါ အန္တရာယ်ရှိလာပြီး မိမိကိုယ်ကို ဓားနဲ့လှီးတာ ၊ ဆေးတွေသောက်ပြီးလုပ်ကြံတာ ၊ သေကြောင်းကြံတာမျိုးတွေအထိဖြစ်လာတတ်ပါတယ်။

ဒီဝေဒနာရှင်များဟာ ငယ်ငယ်ကလျစ်လျူရူခံရတာ စိတ်ပိုင်းရုပ်ပိုင်းစော်ကားခံရတာတွေနဲ့ ဆက်နွယ်နေပါတယ်။

အချို့သော celebrities များဟာ borderline personality disorder ခံစားခဲ့ဖူးကြောင်းဝန်ခံချက်များကို ရှာဖွေဖတ်ရူနိုင်ပါတယ်။

Borderline personality disorder အတွက်လေ့လာသင့်တဲ့ Movie တွေကို အောက်ပါပုံမှာတွေ့နိုင်ပါတယ်။

~~~~~~~~~~

နောက်တမျိုးကတော့ Histrionic personality disorder ပါ။

သူကလဲ အမျိုးသမီးတွေမှာ အတွေ့ရများပြီး အမျိုးသားတွေမှာလဲ ရှိတတ်ပါတယ်။

Attention seeker သမားတွေဖြစ်ကြပြီး အများကအာရုံစိုက်တာသဘောကျကြသူများဖြစ်လို့ attention မရရအောင် အမျိုးစုံကြိုးစားနေထိုင်တတ်ပါတယ်။

Attention ရှာတဲ့အခါမှာ sexually ရော socially ရော ကြိုးစားတတ်ပြီး လျှပ်ပေါ်လော်လီဝတ်စားကာ မြူဆွယ်တတ်သော ရေလာမြောင်းပေးလုပ်တတ်သောအကျင့်များတွေ့ရပါတယ်။

အပျော်သဘော ခပ်ပေါ့ပေါ့ခံစားချက်တွေများပြီး အလေးအနက်မရှိဘဲ စကားပြောရင်လဲ အခြေမြစ်မရှိ အလွယ်လေး ပေါ့ပေါ့ဆဆပြောတတ်သလို

drama queen/king လေးများလို့ခေါ်ရလောက်အောင် တခုခုဆို ပုံကြီးချဲ့ပြီး မလိုတာရောလိုတာရော အပိုတွေပြောတတ်ပါတယ်။

အယုံလွယ်သူများ ချဥ်းကပ်ရလွယ်သူများလဲဖြစ်သလို
ပြဿနာတခုကြုံလာရင် ကလေးဆန်စွာပြုမူပြောဆိုတတ်ပါတယ်။

~~~~~~~~~~~

နောက်ဆုံးအနေနဲ့ Narcissistic personality disorder အကြောင်းပြောကြရအောင်။

သင့်ပတ်ဝန်းကျင်မှာ အရာရာ ငါသိငါတတ် ငါသာအတော်ဆုံးနဲ့ မာနထောင်လွှားနေတတ်သူတွေ၊ ဆရာကြီးလုပ်နေသူတွေ မြင်ဖူးကြမှာပါ။

အဲ့လိုလူတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက်တွေ လွန်ကဲလာရင် Narcissistic personality disorder ဖြစ်လာတာပါပဲ။

ငါနဲ့ငါသာနှိုင်းစရာ ငါ့လောက်တော်တာမရှိလို့တွေးနေတတ်ပြီး ၊ မောက်မာထောင်လွှားတတ်ပါတယ်။

သူများတွေကို နှိမ်တတ်ပြီး စာနာစိတ်မရှိဘဲ အပြစ်တင်ဝေဖန်တတ်တယ်။

သူတို့စိတ်ထဲမှာ မလုံခြုံတဲ့ အငုံ့စိတ်ရှိနေတာကို ဖုံးဖိရင်း ငါတော်တယ်ငါတော်တယ်လို့ တွေးရင်း သူများတွေကို အထင်သေးလာတာပါ။

ဒေါသလဲကြီး မာနလဲကြီးလို့ အလွယ်ဆုံးမြင်သာတဲ့ သာဓကကတော့ အမေရိကန်သမ္မတဟောင်း Donald Trump ပါပဲ။

ဒီလောက်ဆိုရင် စာလဲရှည်သွားပြီမို့
နောက်အပိုင်းတွေဆက်လက်စောင့်ဖတ်ပေးပါဦးဗျ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Supersonic Speed မိတ်ဆက်

စာဖတ်သူတို့ ဘယ်လောက်မြန်မြန်ခရီးသွားဖူးပါသလဲ? တိုက်လေယာဉ်မှူးတွေနဲ့ အာကာသယာဉ်မှူးတွေကတော့ အရမ်းမြန်တဲ့အမြန်နှုန်းတွေနဲ့ ရင်းနှီးကြပါတယ်။

အသံထက်မြန်တဲ့အမြန်နှုန်း (Supersonic Speed) ကို မက်ခ်တန်ဖိုး (Mach) နဲ့ တိုင်းတာကြပါတယ်။

တိုက်လေယာဉ်တွေ ပျံသန်းတဲ့အခါ တစ်ခါတစ်လေ ဗုံးပေါက်သလို အသံအကျယ်ကြီးကိုကြားဖူးကြမှာပါ။ မကြားဖူးလဲစိတ်မပူပါနဲ့ ‘sonic boom‘ လို့ Youtube မှာရှာကြည့်လိုက်ပါ။ အဲ့ဒီအသံဟာ လေယာဉ်ရဲ့အမြန်နှုန်းက အသံအကန့်အသတ် (Sound barrier) ကို ကျော်သွားလို့ မြည်တဲ့အသံဖြစ်ပါတယ်။

လေယာဉ်တစ်စီး လေထဲမှာဖြတ်သွားတဲ့အခါ အရှေ့မှာရှိတဲ့ လေမော်လီကျူးတွေကို တွန်းသွားရပါတယ်။ ဒီလေယာဉ် ကနေထွက်လာတဲ့အသံကလဲ လှိုင်းပုံသဏ္ဍာန် ဘက်ပေါင်းစုံကိုဖြာထွက်နေပါတယ်။

လေယာဉ်ရဲ့အရှိန် မြန်လာတာနဲ့အမျှ အရှေ့က လေမော်လီကျူးတွေ အသံလှိုင်းတွေဟာ အဖိသိပ်ခံရပြီး လှိုင်းတစ်ခုနဲ့တစ်ခုကြားနေရာတွေသိပ်သည်းလာပါတယ်။ လေယာဉ်ဟာ အသံလှိုင်းရဲ့အမြန်နှုန်းကို ရောက်တဲ့အခါမှာ ဖိသိပ်ခံရတဲ့လှိုင်းတွေဟာ ပေါင်းသွားပြီး shock wave အကြီးကြီးတစ်ခုဖြစ်လာပါတော့တယ်။

အသံရဲ့အမြန်နှုန်းဟာ ယေဘူယျ တစ်နာရီကို ၇၆၇ မိုင် ဖြစ်ပါတယ်။ ဒီအမြန်နှုန်းကို မက်ခ် ၁ (Mach 1) လို့ သတ်မှတ်ပါတယ်။

ဩစတြီးယား ရူပဗေဒပညာရှင် Ernst Mach ကိုဂုဏ်ပြုထားတဲ့ Unit ပါ။ နာဆာရဲ့ X-43A Scramjet ဟာ 9.6 Mach (7000mph) အမြန်နှုန်းနဲ့ လက်ရှိဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားပါတယ်။

Thanks for reading!

Django

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အရူးဟန်ဆောင်သူများနှင့် ဟန်ဆောင်ထားသောအရူးများကို စမ်းသပ်မှု Experiment

(ဤစာတွင် စိတ်ပေါ့သွပ်သူ စိတ်ဝေဒနာရှင်များကို စော်ကားလို၍ အရူးဟုသုံးနှုန်းခြင်းမဟုတ်ဘဲ ဖတ်ရူရရှင်းလင်းပြီး စကားလုံးမဖောင်းပွစေလိုသောကြောင့်သာဖြစ်ပါသည်။ အသုံးနှုန်းရိုင်းပျမှုအတွက် သည်းခံနားလည်ပေးစေလိုပါသည်။)

သင်က လူကောင်းတယောက်လား။ ဒါမှမဟုတ် ရူးနေသူလား။

ဘယ်သူဆိုရင်တော့ အရူး ၊ ဘယ်သူဆိုရင်တော့ အရူးမဟုတ်ဘူးဆိုတာ တကယ်ရော ဂဃနဏကွဲပြားရဲ့လား။

လူကောင်းတွေကရော အရူးနဲ့မတူနေဘူးလား။
အရူးတွေကရော လူကောင်းတွေလို ပြုမူတာတွေ့ဖူးကြမှာပါ။

ဒါဆို စိတ်မနှံ့ခြင်း ၊ ရူးသွပ်ခြင်း (Insanity) နဲ့
စိတ်ကျန်းမာခြင်း (Sanity) ကို ဆရာဝန်တွေ စိတ်ရောဂါကုဆေးပညာရှင်တွေ တကယ်ရောကွဲကွဲပြားပြား ခွဲခြားနိုင်ရဲ့လား။

၁၉၇၃ ခုနစ်မှာ Stanford University ရဲ့ Professor David Rosenhan က စမ်းသပ်မှုတခုပြုလုပ်ခဲ့ပါတယ်။

သူသိချင်တာက တခုပဲရှိပါတယ်။

အရူးတယောက်နဲ့ လူကောင်းတယောက်ကို စိတ်ရောဂါကုဆရာဝန်တွေ ခွဲခြားနိုင်ရဲ့လားတဲ့။

ဆရာဝန်တွေကမှ မခွဲခြားပေးနိုင်ရင် ရူးခြင်း မရူးခြင်းက ဘယ်လိုလို့ ကွဲပြားပါတော့မလဲတဲ့။

သူသိချင်တဲ့အရာကို စမ်းသပ်ဖို့အတွက် Rosenhan က volunteer 8 ယောက်ကိုရှာပါတယ်။
အဲလူတွေထဲမှာ

စိတ်ပညာရှင် ၃ ဦး
စိတ်ရောဂါကုဆရာဝန် ၁ ဦး
ကလေးရောဂါကုဆရာဝန် ၁ ဦး
အိမ်ထောင်ရှင်မ ၁ ဦး
ပန်းချီဆရာ ၁ ဦး
စိတ်ပညာအထူးပြုဘွဲ့ရ ကျောင်းသား ၁ ဦး ပါဝင်ပါတယ်။

စုစုပေါင်း ကျား ၅ယောက်နဲ့ မ ၃ယောက်ဖြစ်ပါတယ်။

အဲ့ volunteer 8 ယောက်ကို ပြည်နယ်အမျိုးမျိုးမှာရှိတဲ့ စိတ်ရောဂါကုဆေးရုံ ၁၂ရုံကို random လွှတ်လိုက်ပါတယ်။

ဆေးရုံတွေမှာရောက်တဲ့အခါ စိတ်ဝေဒနာရှင်တွေခံစားရတတ်တဲ့ လက္ခဏာတွေကို လိမ်လည်ပြောကြားခိုင်းပါတယ်။
ဥပမာ ထူးဆန်းတဲ့အသံတွေကြားနေရတယ်။ ထူးဆန်းတာတွေမြင်နေရတယ် စသဖြင့်ပေါ့။

ဆေးရုံတွေက လူနာကိုဆေးကုဖို့လက်ခံလိုက်ပြီဆိုတာနဲ့ ဆေးရုံတက်ကြရပါတယ်။
ဆေးရုံတက်နေစဥ်ကာလတလျှောက်မှာတော့
သူတို့က အရူးလို မဟန်ဆောင်တော့ဘဲ ပုံမှန်အတိုင်းသာနေပါတယ်တဲ့။
ဘာမှမခံစားရတော့ဘူး လို့ပြောပြီး ဘာမှမဖြစ်တော့တဲ့ပုံစံအတိုင်းနေပါတယ်တဲ့။

Rosenhan က အဲ့ ၈ယောက်ကို experiment အကြောင်းပြောတာကလွဲပြီး ကျန်တာအကုန်ပြောပြလို့ရကြောင်း ၊ မရူးတော့ဘူးဆိုတာ ပြောပြီး ဆေးရုံကဆင်းလို့ရအောင် ကိုယ့်ဘာသာကြိုးစားကြည့်ဖို့ပဲမှာထားပါတယ်။

အဲ့လူနာအတု ၈ ယောက်က ဆေးရုံတက်နေတဲ့ကာလမှာ သူတို့ကြုံရသမျှတွေကို မှတ်သားထားရပါတယ်။

Rosenhan က ကျောင်းသားအသစ်တယောက်ကိုရွေးပြီး ဆေးရုံဝန်ထမ်းတွေ ၊ ဆရာဝန်တွေကိုလဲ လူနာတွေနဲ့ပတ်သက်တဲ့ မေးခွန်းများမေးခိုင်းကာ
လူနာအတုတွေဆီက အတွေ့အကြုံတွေနဲ့ compare လုပ်ကြည့်ခဲ့ပါတယ်။

လူနာအတုတွေအနေနဲ့ ဆေးရုံမှာပျမ်းမျှ ၁၉ ရက်လောက်နေခဲ့ရပြီး တချို့ကလဲ တပတ်ခန့် ၊ တချို့ကတော့ ဆေးရုံမှာ ၅၂ ရက်အထိကြာခဲ့ပါတယ်။

လူနာအတု ၈ယောက်ထဲမှာ ၇ ယောက်ကို ဆေးရုံက Schizophrenia (စိတ်ကစဥ့်ကလျားရောဂါ)ရှိတယ်လို့ သတ်မှတ်ခဲ့ပြီး ဆေးကုပေးခဲ့တယ်။
သူတို့က ဆေးရုံကပေးတဲ့ ဆေးတွေကို သောက်ဟန်ဆောင်ပြီး လွှင့်ပစ်ခဲ့ကြတယ်။

ဆေးရုံကဆင်းတဲ့အခါမှာလဲ ဝေဒနာတွေသက်သာသွားပြီလို့ ဆေးရုံကအမှန်တကယ်ယုံကြည်ပြီးပေးဆင်းခဲ့ပါတယ်။

လူနာအတုတွေက အိမ်ပြန်ရောက်တဲ့အခါ သူတို့က ဆေးရုံတွေရဲ့ အဆင်မပြေမှုတွေ၊ နေထိုင်ရေးအခက်အခဲတွေကို ပြန်ပြောခဲ့ကြပါတယ်။

ဆရာဝန်အချို့နဲ့ Nurse အချို့ကို interview ကြည့်တဲ့အခါ အရူးအတုတွေကို တကယ်ပဲ အရူးလူနာလို့ထင်ကြကြောင်းဖြေကြပါတယ်။

ဒီစမ်းသပ်မှုကြီးကို အများသိအောင်ချပြတဲ့အခါ အတော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး စိတ်ရောဂါကိုရှာဖွေတဲ့အခါနေရာမှာ လိုအပ်ချက်များစွာရှိခဲ့ကြောင်းထောက်ပြနိုင်ခဲ့ပါတယ်။

လူနာအတုတွေရဲ့ ဟန်ဆောင်မှုက ပထမတရက်၂ရက်မှာပဲရှိခဲ့ပြီး လူကောင်းလိုဆက်လက်နေထိုင်ခဲ့ပေမယ့် ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး။

စမ်းသပ်မှုရဲ့ result တွေအရ လူကောင်းနဲ့အရူးဟာ အတော်လေးဆင်တူပြီး ခွဲခြားရခက်သလို

သာမန်လူတွေရဲ့ အပြုအမူ ၊ ခံစားချက်တွေက စိတ်ရောဂါဆေးရုံအပြင်မှာတော့ လူကောင်းလို့ဖြစ်နေပေမယ့် စိတ်ရောဂါဆေးရုံထဲရောက်သွားတဲ့အခါမှာတော့ စိတ်ဝေဒနာလက္ခဏာလို့ အထင်ခံရနိုင်ပါတယ်။

Rosenhan က ဒုတိယအကြိမ် ထပ်စမ်းသပ်ပြန်ပါသတဲ့။

ဒီတခါတော့ အဆိုပါဆေးရုံတွေကို လူနာအတုတွေထပ်လာမယ်လို့ သတင်းလွှင့်ပြီး ဒီတခါကျ တကယ့်လူနာများ (အရူးများ) ကိုလွှတ်လိုက်ပါတော့တယ်။

လူနာအစစ် ၁၉၃ ယောက်ကိုလွှတ်ခဲ့ပြီး ဆေးရုံက ဆရာဝန်နဲ့ ဝန်ထမ်းအချို့ကို လူနာအစစ်အတုခွဲခိုင်းတဲ့အခါ

လူနာအစစ် ၄၁ ယောက်ကို အတုလို့ ဆေးရုံဝန်ထမ်းကထင်ခဲ့ပြီး
လူနာအစစ် ၂၃ ယောက်ကို အတုလို့ စိတ်ရောဂါဆရာဝန်တယောက်ကထင်ခဲ့ပြန်ပါတယ်။
လူနာအစစ် ၁၉ ယောက်ကိုမူ ဆရာဝန်ရော ဆေးရုံဝန်ထမ်းရောက အတုလို့ထင်ခဲ့ကြောင်း သိရပြန်ပါတယ်။

Rosenhan ရဲ့ ပထမစမ်းသပ်ချက်မှာ Insanity (စိတ်ရူးသွပ်ခြင်း) ကိုသိဖို့ လိုအပ်ချက်များကိုထောက်ပြနိုင်ခဲ့ပြီး
ဒုတိယစမ်းသပ်ချက်မှာတော့ Sanity (စိတ်ကျန်းမာခြင်း) ကိုလဲ ခွဲခြားသိဖို့ လိုကြောင်းဖော်ပြနိုင်ခဲ့ပါတယ်။

ဒီလို စမ်းသပ်မှုကြောင့် စိတ်ရောဂါရှာဖွေရေးမှာ ပိုမိုတိုးတက်လာခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်နိုင်ခဲ့ပါတယ်။

အချို့က Rosenhan ရဲ့စမ်းသပ်ချက်က ဆေးရုံတွေကို လိမ်လည်ပြီး လူနာအတုလုပ်လို့ Ethics နဲ့မညီဘူးလို့ဆိုကြပေမယ့် စိတ်ရောဂါပညာရပ်အတွက် ဆရာဝန်တွေ ပညာရှင်တွေရဲ့အတွေးအမြင်ကို ပြောင်းလဲပေးနိုင်ခဲ့ကြောင်း တင်ပြရင်း…….။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ယုံကြည်ခြင်းများကို ချေဖျက်ခြင်း

ဘဝမှာ မငြင်းခုန်ဘူးတဲ့သူမရှိလောက်ပါဘူး။
ငြင်းကြခုန်ကြရင်း ရန်ဖြစ်တဲ့အဆင့်ထိ ရောက်ကုန်ကြတာလည်း မြင်ဖူးကြမှာပါ။
လူတွေမှာ ကိုယ်ပိုင်အမြင်တွေ၊ အတွေးတွေ၊ ခံစားချက်တွေနဲ့ဆိုတော့ အချင်းချင်းတန်းညှိဖို့၊ ကိုယ်မြင်သလို သူလည်းမြင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။
ဒါပေမယ့် ကျွန်တော်တို့တွေ ဆက်ပြီးငြင်းခုန်နေကြဆဲပါ။

ငြင်းခုန်တဲ့အခါ ဘာတွေနဲ့ ကိုင်ပေါက်ကြသလဲ။
Data တွေနဲ့ပဲကိုင်ပေါက်ငြင်းခုန်ကြတာ များပါတယ်။ စကားရည်လုပွဲတွေကြည့်ရင် သိနိုင်ပါတယ်။
ဘယ်သူက ဘယ်တုန်းက ဘယ်လိုပြောခဲ့လို့၊ ဘယ် Research မှာတော့ ဘယ်လိုရေးထားလို့ဆိုပြီး မိမိရဲ့အမြင်ဟာခိုင်မာကြောင်း၊ တစ်ဖက်လူရဲ့အမြင်ဟာ မှားကြောင်း ငြင်းခုန်ကြတယ်။

ဆိုတော့… ကိုယ့်ရဲ့အမြင်ဟာ တကယ်ခိုင်မာတာဟုတ်ရဲ့လား။
Data တွေအရမ်းပေါများလာတဲ့ခေတ်ကြီးမှာ သိချင်တာကို Google လိုက်ရုံနဲ့ရနေပြီဆိုတော့ ကိုယ့်ရဲ့အမြင်ကို ထောက်ခံပေးတဲ့ အရေးအသားတွေကိုပဲ ဖတ်မိနေတာရောမဖြစ်နိုင်ဘူးလား။

ဥပမာပြရရင် Flat Earthers (ကမ္ဘာပြားတယ်ထင်သူများ) တွေကိုကြည့်ပါ။
သူတို့ကို ကမ္ဘာကလုံးပါတယ်လို့ Convince လုပ်နိုင်တဲ့သူမရှိသေးပါ။
ဒီလောက် Information တွေ တောင်လိုပုံနေတဲ့ခေတ်ကြီးမှာ ဒီကောင်တွေ အ လိုက်တာ၊ ဉာဏ်နည်းလိုက်တာလို့ မတွေးခင် Search Engine တွေရဲ့အလုပ်လုပ်ပုံကို သိသင့်ပါတယ်။

အလွယ်ဆုံးနည်းနဲ့ ပြောရရင် Search Engine တွေက ကိုယ်လိုချင်တာနဲ့ အကိုက်ညီဆုံးရှာပေးနိုင်အောင် Algorithm ဆွဲထားတာပါ။
ဘာတွေကို ထည့်စဉ်းစားလဲဆိုရင် ကိုယ့်ရဲ့ လိပ်စာ (Location) ၊ အရင်က ဘာတွေရှာဖူးလဲ (Past Search History) ၊ ဘာတွေကို ဝင်ကြည့်တတ်သလဲဆိုတာထိ အသေးစိတ်မှတ်တမ်းတင်ထားလေ့ရှိပါတယ်။
ကိုယ်လိုချင်တာကို ရအောင်ရှာပေးနိုင်တယ်။
ဒီအတွက်ကြောင့် ကိုယ်ယုံကြည်တာကိုလည်း ပိုပြီးယုံကြည်လာစေတယ်။

၁၉ ရာစု၊ ၂၀ ရာစုတွေမှာ Flat Earthers ဆိုပြီးမရှိခဲ့ဘဲ ခု ၂၁ ရာစုရောက်မှ ပေါ်လာတာဟာ Internet ရဲ့ကျေးဇူးပါ။
အမြင်တူတဲ့သူတွေ စုသွားကြတဲ့အချိန်မှာ သူတို့အမြင်ဟာမှန်တယ်ဆိုတာ ပိုပြီးခိုင်မာသွားကြတာပေါ့။
Internet မရှိခင်က အချိန်ကို ပြန်မြင်ကြည့်လိုက်ပါ။
တစ်ရပ်ကွက်လုံးက ကမ္ဘာကြီးလုံးတယ်လို့ယူဆလည်း တို့တစ်မိသားစုလုံးကတော့ Flat Earthers တွေပဲဟေ့လို့ ကြွေးကြော်ရဲတဲ့သူ တော်တော်ရှားမှာပါ။

ခုခေတ်မှာတော့ Internet ပေါ်ကိုယ်ရေးချင်တာတက်ရေးလို့ရနေပြီဆိုတော့ တစ်ရပ်ကွက်လုံးနဲ့တစ်ယောက်ဖြစ်နေတဲ့ လူတန်းစားတွေလည်း အချင်းချင်းပေါင်းမိကုန်ကြပါတယ်။
ဒီလိုနဲ့ Internet ပေါ်မှာ သူတို့ရပ်ကွက်သီးသန့်တစ်ခု ဖြစ်သွားတာပေါ့။
အဲ့ဒီလူတွေကို Data တွေ၊ စမ်းသပ်ချက်တွေနဲ့ သွားပြီးနားချလည်း လက်မခံနိုင်ကြဘူး။

ဒါကို “Confirmation Bias” လို့ခေါ်တယ်။
လူတိုင်း ဒါနဲ့ပြေးမလွတ်ကြဘူး။ တစ်နည်းနည်းနဲ့တော့ ကိုယ်ယုံကြည်ရာကို ဆက်ပြီးယုံကြည်လိုကြတယ်။

Flat Earthers တွေကတော့ ဒါရဲ့ Extreme Example တစ်ခုပေါ့။

မြင်လွယ်အောင် ဥပမာပေးရရင် ကျွန်တော်တို့အားလုံးနီးပါး ၇၂နာရီဂျင်းမိခဲ့ကြတာကို သတိရကြပါ။
၇၂ နာရီစောင့်ဖို့ တစ်ယောက်ပြီး တစ်ယောက် Facebook မှာ တင်နေတာမြင်လာရတော့ ၇၂ နာရီစောင့်သင့်တဲ့ရပ်ကွက်က လူတော်တော်များပါလားဆိုတာ ဖြစ်လာတယ်။
အဲ့တော့ စောင့်သင့်တယ်ဆိုပြီး တထစ်ချယုံလိုက်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ Facebook Page ကနေ ဦးဝင်းတင်ရဲ့ခပ်သော့သောလက်ရေးနဲ့ သူ့ရဲ့အာဘော် စာတစ်ဆောင်ထွက်လာတော့လည်း အတုကြီးလို့ ဝိုင်းပြောကြတယ်။ (ကျွန်တော်အပါအဝင်)
ဒါဟာ ကိုယ့်ရဲ့ယူဆချက်ကို Support လုပ်တဲ့အထောက်အထားတိတိကျကျတောင် မရှိဘဲနဲ့ လူတွေယုံတာများလို့ လိုက်ယုံမိကြတဲ့ သင်ခန်းစာတစ်ခုပေါ့။

အဲ့ဒီအချိန်မှာ လမ်းပေါ်ထွက်ဖို့ပြောတဲ့လူတွေလည်း ရှိခဲ့တာပဲ။ သူတို့ကို ဘာလို့မယုံကြည်ခဲ့ကြတာလဲ။
လူတွေက ကိုယ်ယုံကြည်ရာကို ဆက်ပြီးယုံချင်ကြတာအပြင် ကိုယ့်အမြင်ရဲ့ ဆန့်ကျင်ဘက်အမြင်တွေကို လျစ်လျူရှုလိုကြတယ်။ တိုက်ခိုက်လိုကြတယ်။

ဒါတွေကို စမ်းသပ်မှုပေါင်းစုံနဲ့ အတည်ပြုပြီးပါပြီ။ (စမ်းသပ်တာတွေက စိတ်ဝင်စားစရာကောင်းပေမယ့် စာအရမ်းရှည်မှာဆိုးလို့ ထည့်မရေးတော့ပါဘူး)

ဒီလိုဆိုရင် Data တွေကို ကိုင်ပြီး ငြင်းခုန်ကြတဲ့လူတွေ၊ အထောက်အထားရှိမှယုံမယ်ဆိုတဲ့လူတွေက မိဘကပြောလို့ယုံတယ်၊ ဆရာကပြောလို့ယုံတယ်၊ ဘုရားဟောလို့ယုံတယ်ဆိုတဲ့ လူတွေထက် ပိုပြီးတွေးခေါ်တတ်ကြတယ်လို့ပြောနိုင်တာပေါ့။
ဒါဆို ဒီလူတွေက ပိုပြီးကြောင်းကျိုးဆီလျော်အောင်တွေးတတ်ကြတယ် (Rational ဖြစ်တယ်) လို့ထင်စရာရှိတာပေါ့။

တကယ့်လက်တွေ့မှာတော့ ဒီလိုလူတွေဟာ သူတို့ယုံကြည်တဲ့အကြောင်းအရာနဲ့ ဆန့်ကျင်တဲ့အထောက်အထားတစ်ခုကိုမြင်ရင် အဲ့အထောက်အထားရဲ့အပြစ်ကို မရရအောင်ရှာပြီး သူတို့ယုံကြည်ရာကိုသာ ဆက်ပြီးယုံကြည်ကြပါတယ်။
ဒါကို Boomerang Effect လို့ခေါ်တယ်။

ဒါဆိုရင် ဘယ်အရာကမှ မသေချာတဲ့အတွက် ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး Strong Opinion ထားသင့်လားဆိုတာ မေးရမယ့်ကိစ္စဖြစ်သွားပြီ။

ဒါကိုမပြောခင် ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေ ဘယ်လိုဖြစ်လာလဲဆိုတာ အကျဉ်းလေးပြောပြချင်ပါတယ်။
ယုံကြည်မှုအသစ်တစ်ခုဖြစ်လာဖို့ အကြောင်း ၄ခု လိုပါတယ်။
ယုံကြည်မှုအဟောင်းတစ်ခု၊ အဲ့ဒီယုံကြည်မှုပေါ်မှာရှိတဲ့ ကိုယ့်ရဲ့ Confidence၊ အထောက်အထားအသစ်နဲ့ အဲ့ဒီအထောက်အထားပေါ်မှာရှိတဲ့ ကိုယ့်ရဲ့ Confidence ပါ။

မြင်အောင်ပြောရရင် ကလေးက ကောင်းကင်မှာ Unicorn လေးတစ်ကောင်ပျံနေတာတွေ့ခဲ့တယ်လို့ အမေကိုပြောတယ်ဆိုပါတော့။ အမေအနေနဲ့ Unicorn ဆိုတာ လောကကြီးမှာတကယ်မရှိဘူးလို့ ယုံကြည်ထားတယ်၊ ပြီးတော့ ကလေးအပေါ်မှာလည်း ယုံကြည်မှုမရှိဘူးဆိုတော့ ဘယ်ယုံလိမ့်မလဲ။

ပြောင်းပြန်စဉ်းစားကြည့်ရအောင်။ အမေက ကလေးကို ကောင်းကင်မှာ Unicorn လေးပျံနေတာ တွေ့ခဲ့တယ်ပြောရင်ရော…
Unicorn ဆိုတာ ဘာလဲသေချာမသိသေးတဲ့အပြင် မိဘပြောသမျှကို ယုံကြည်တဲ့အရွယ်ဖြစ်နေတယ်ဆိုတော့ ကလေးက ယုံမှာပေါ့။
ဒီလိုနဲ့ ယုံကြည်မှုတွေမွေးဖွားလာကြတာပဲ။

ဒီလိုဆို ဘာကိုယုံပြီး၊ ဘာကိုမယုံရမှာလဲ။ ကိုယ့်ကိုယ်ကိုတောင် သေချာမယုံရတော့ဘူးလားဆို့ မေးစရာရှိလာပါတယ်။
Bottom Line အနေနဲ့ကပြောရရင်တော့ ကိုယ်ယုံကြည်တာဟာ ယေဘုယျအားဖြင့် မှန်ကန်တာများလို့ ဆက်လက်ဆုပ်ကိုင်ထားသင့်တယ်လို့ ဆိုကြတယ်။

ဒါဆို လူတွေကို သူတို့မှားနေတယ်လို့သွားပြောရင် ဘယ်နားထောင်တော့မလဲလို့ စောဒဂတက်စရာရှိပါတယ်။
ယုံကြည်ရာကိုဆက်ပြီးယုံချင်တဲ့သူတွေ ကိုယ့်အမြင်ကို လက်ခံလာအောင် ဘယ်လိုပြောကြမလဲ။

လူတွေရဲ့ဦးနှောက်ဟာ သူတို့အမြင်နဲ့ဆန့်ကျင်ဘက် အယူအဆတစ်ခုကို တွေ့လိုက်ရရင် တုံဏှိဘာဝေ လုပ်တတ်ကြတယ်။ အမြင်တူရင်တော့ ပိုပြီးလက်ခံလိုတယ်။
ဒီအချက်ကို အသုံးချပြီး ကိုယ့်အမြင်ကို စိတ်ဝင်တစားနဲ့ နားထောင်လာအောင် ပြောလို့ရတယ်။

တစ်ဖက်လူက သူ့အမြင်ကိုပြောနေတဲ့အချိန်မှာ မဟုတ်ကြောင်း၊ မမှန်ကြောင်းထိပ်တိုက်ပြောမယ့်အစား သူ့အမြင်ထဲက ကိုယ်နဲ့အမြင်တူတဲ့အချက်တွေကို အရင်ရှာပြီး ပြောဆိုသင့်တယ်။
ဘုံသဘောတူတဲ့အချက်နဲ့ စကားဝိုင်းကို စတင်ခြင်းက ကိုယ်ပြောမယ့်အကြောင်းအရာကို ပိုနားဝင်စေတယ်။
(နားဝင်တယ်ပဲပြောတာပါ၊ အမြင်ပြောင်းသွားပြီး လက်ခံလာဖို့ကတော့ တော်တော်ခက်ခဲပါတယ်)

ဒါကြောင့် နောက်တစ်ခါ Facebook က ပွဲတွေမှာဖျာခင်းရုံမဟုတ်ဘဲ ကိုယ်တိုင်ဝင်ပါတော့မယ်ဆိုရင် ကိုယ့်ရဲ့အမြင်ကိုနင်းပြောပြီး သူများအမြင်ကိုလစ်လျူရှုတာမျိုးထက် ပြဿနာတိုင်းမှာ အမြဲတမ်း အမြင်နှစ်ခုထက်မက ရှိနေတယ်ဆိုတာ သတိရပေးပါ။

စာကတော်တော်ကြီးကို ရှည်နေပြီမို့ ရပ်ပါပြီ။

Thanks for reading.

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started