အစပ်ကြိုက်တတ်သူများနောက်ကွယ်က science facts များ

သင်ဟာ အစပ်ကြိုက်တတ်သူ
အစပ်လေးပါမှ ထမင်းစားတတ်သူဆိုရင် ဒီ post ဟာသင့်အတွက်ပါ။

သင်ဟာ အစပ်မကြိုက်တတ်သူဆိုရင်လဲ
စပ်တာတခုခုစားမိတိုင်း ရေသောက်မိနေတယ်ဆို ဒီ post က သင့်အတွက်လဲဖြစ်သွားနိုင်ပါတယ်။

သင့်လိုပဲ အစပ်ကြိုက်တဲ့သူတွေ တကမ္ဘာလုံးမှာ သန်းနဲ့ချီရှိပါတယ်။

အရှေ့တောင်အာရှမှာဆို ထိုင်း ၊ အင်ဒိုနီးရှား ၊ မလေးရှား တို့အပြင် တရုတ် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ အနောက်ဥရောပနိုင်ငံများ နဲ့ အမေရိကန်နိုင်ငံ ၊
အာဖရိက စတဲ့ နိုင်ငံတွေမှာပါ
Chili heads များ Chili crazy များကိုတွေ့နိုငိပါတယ်။

ထူးဆန်းတာက လူသားတွေရဲ့ လျှာမှာ အစပ်အရသာကို အာရုံခံတဲ့ အာရုံခံဖု (taste receptor) မပါပါဘူး။

လူသားတွေရဲ့ လျှာမှာ တွေ့ရတဲ့ အာရုံခံအဖုတွေက
အချိုအရသာ (sweet )
အချဥ်အရသာ (sour)
အငန်အရသာ (salty)
အခါးအရသာ (bitter)
ခံတွင်းမြိန်အရသာ or အချိုမှုန့်အရသာ (Umami)

ဆိုတဲ့ အရသာ ၅ မျိုးအတွက်ပဲ ရှိပါတယ်။

ဒါဆို အစပ်အရသာက ဘယ်ကနေလာပါသလဲ။

အစပ်အရသာကို အာရုံခံတဲ့နေရာကတော့
အပူချိန်နဲ့ နာကျင်မှုကို အာရုံခံတဲ့ နေရာကလာပါတယ်။

Pain and temperature receptor လေးတွေက
အစပ်အရသာကို အာရုံခံတဲ့ အတွက်

စပ်တယ်ဆိုတာ တကယ်တော့ ပူတဲ့ခံစားချက်မျိုးပါ။
အစပ်တွေအရမ်းများလာရင်တော့ တခါတခါ နာကျင်သလိုမျိုး အထိခံစားရနိုင်ပါတယ်။

အစပ်အရသာက နာကျင်မှု (pain) နဲ့ တွဲပြီးဖြစ်လာတဲ့အတွက် မိမိခန္ဓာကိုယ်က တခုခုနာကျင်သွားတဲ့အခါ အနာသက်သာအောင်ထွက်လာတဲ့ ဟော်မုန်းများက အပူအစပ်စားရင်လဲ ထွက်လာပါတယ်တဲ့။

အစပ်စားလို့ထွက်လာတဲ့ ဟော်မုန်းတွေထဲမှာ Endorphin လို hormone မျိုးက စိတ်သာယာမှု (Euphoria) ရစေတဲ့ (ခေတ်စကားနဲ့ဆို) High စေတဲ့ ခံစားချက်မျိုးရစေပါတယ်။

ဒါက အစပ်စားရတာကို ဘာလို့လူတွေစွဲလန်းကြလဲ ဆိုတာကို တစိတ်တပိုင်းရှင်းပြနိုင်ပါတယ်။

တကယ်လဲ အစပ်စားခြင်းက လူကို တဖြည်းဖြည်းနေလို့ကောင်းစေပါတယ်။ ချွေးတွေ အခိုးတွေထွက်သွားပြီး သွေးလည်ပတ်မှုလဲ မြန်လာတယ်။
လူကလဲ ပိုတက်ကြွလာတတ်ပါတယ်။

ငရုတ်သီးစားရင် ဘာလို့စပ်တာလဲဆိုတော့ Capsaicin လို့ခေါ်တဲ့ ပါဝင်ပစ္စည်းတခုကြောင့်ပါ။

အဲ့ Capsaicin က လူရဲ့ လျှာမှာရှိတဲ့ TRPV1 receptor ကိုသွားပေါင်းပြီး ပူစပ်တဲ့ခံစားချက်ကိုဖြစ်စေပါတယ်။

ဒီနေရာမှာ TRPV1 receptor က ethanol နဲ့လဲပေါင်းနိုင်ပါတယ်တဲ့။

ဒါကြောင့် အရက်သောက်တဲ့အခါ ပူတဲ့ခံစားချက် စပ်ဖျင်းဖျင်းခံစားချက်ရတာဖြစ်ပါတယ်။

Fun fact တခုအနေနဲ့ ပြောရရင် ငရုတ်သီးရဲ့ evolution ကိုလေ့လာတဲ့အခါ ကမ္ဘာဦးအစကထက် နောက်ပိုင်းငရုတ်သီးတွေက စပ်တဲ့အရသာပိုပိုများလာတာကိုတွေ့ရပါတယ်တဲ့။

ပိုပိုစပ်လာတော့မှ ငရုတ်ပင်ကို တိရစ္ဆာန်တွေ ပိုးမွှားတွေက အလွယ်တကူ မဖျက်ဆီး မစားသောက်နိုင်တော့ဘဲ ဆက်လက် ရှင်သန်ဖို့ဖြစ်ပါတယ်တဲ့။

သို့သော် ငှက်တွေမှာတော့ TRPV1 receptor မရှိတဲ့အတွက် မစပ်ကြပါဘူးတဲ့။

ငှက်တွေကငရုတ်သီးကိုစားတတ်ပြီး အထဲက မျိုးစေ့တွေကို တနေရာကနေ တနေရာ သယ်သွားပေးတဲ့အတွက် ငရုတ်ပင်ပြန့်ပွားနှုန်းများစေပါတယ်။

ဒါဆို ဘယ်အစားအစာတွေက ဘယ်လောက်ထိစပ်ကြလဲ၊ အစပ် level ဘယ်လောက်ရှိလဲကို ဘယ်လိုတိုင်းကြလဲ။

အစပ် level ကို Scoville Scale နဲ့ တိုင်းပါတယ်။

အမေရိကန်ဆေးဝါးပညာရှင် Wilbur Scoville က 1912 မှာ ပူစပ်တဲ့အရသာကို တိုင်းတာဖို့လုပ်ခဲ့ပါတယ်။

သူက အလေးချိန်တူညီတဲ့ ငရုတ်သီးအခြောက်များကို (dried pepper) alcohol ထဲထည့်ပြီး Capsaicin တွေထွက်လာအောင်လုပ်ပါတယ်။

ပြီးတဲ့အခါ သတ်မှတ်ထားတဲ့ သကြားရည်နဲ့ dilute လုပ်ပြီးရလာတဲ့ ငရုတ်ရည်ကို လေ့ကျင့်ထားတဲ့အရသာခံပညာရှင် ၅ ဦးကို ပေးမြည်းပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း သကြားရည်ကို ထပ်ထပ်ရောပြီး dilute လုပ်လိုက် မြည်းခိုင်းလိုက် လုပ်ကာ

နောက်ဆုံး လုံးဝမစပ်တော့ဘူးဆိုတဲ့ အဆင့်ရောက်မှ သကြားရည်နဲ့ ဘယ်လောက်ရောရလဲ ပေါ်မူတည်ပြီး အဆင့်သတ်မှတ်ပါတယ်။

ဒီလိုနဲ့ Scoville Scale ဆိုပြီး ပေါ်လာပါတယ်။

ဒါပေမယ့် limitations တွေကတော့ရှိနေပါတယ်။

အစပ်အရသာက တယောက်နဲ့တယောက်ခံနိုင်ရည်ကွာပါတယ်။
တစ်ဦးနဲ့တစ်ဦးအရသာခံတဲ့ receptor အနည်းအများလဲမတူပါ။

စမ်းသပ်တဲ့နေရာမှာ ပါဝင်တဲ့ မြည်းစမ်းပညာရှင်များကလဲ ခဏခဏအစပ်အရသာကိုစမ်းတဲ့အခါ Desensitization ဖြစ်ပြီး လျှာက တမျိုးပြောင်းသွားတတ်ပါတယ်။ အစပ်တွေစားတာများပြီး နဲနဲထုံသွားသလိုပေါ့။

ဒီလို subjective ဖြစ်တဲ့အရာကိုတိုင်းတာရတဲ့အတွက် မတိကျလှပါဘူး။

အခြောက်ခံထားတဲ့ ငရုတ်သီးကိုပဲ စမ်းထားလို့ ရေပါဝင်တဲ့ အခြားစပ်တဲ့အစားအစာတွေအတွက် အသုံးမဝင်ပြန်ပါဘူး။

နောက်ပိုင်းမှာတော့ ပိုမိုတိကျတဲ့ နည်းလမ်းဖြစ်တဲ့ High Performance Liquid chromatography (HPLC) နည်းနဲ့ Capsaicin ပါဝင်မှုပမာဏကိုတိုင်းတာပြီး SHU ဆိုတဲ့ Scoville Heat Unit နဲ့ တိုင်းတာလာကြပါတယ်။

SHU အဆင့်များကို အောက်ပါပုံများမှာလေ့လာနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့
သင်အပူအစပ်စားပြီးတဲ့အခါ အစပ်ပြေအောင် ဘာလုပ်တတ်ပါသလဲ။

(၁) ရေသောက်တယ်။
(၂) အအေးသောက်တယ်။
(၃) နို့သောက်တယ်။
(၄) အရက်သောက်တယ်။
(၅) အဆီပါတဲ့အစားအစာ (သို့) ပျားရည်လျက်တယ်။
(၆) ရေခဲမုန့်စားတယ်။

Capsaicin က အဆီမှာပျော်ဝင်ပြီး ရေမှာမပျော်ဝင်လို့ ရေသောက်ရင် စပ်တာကိုမသက်သာစေပါဘူး။
ရေခဲရေသောက်ရင်လဲ cold receptors တွေက လျှာမှာသပ်သပ်ရှိလို့ စပ်တာပူတာလျော့မသွားပါဘူး။

ရေသောက်လိုက်တဲ့အခါ Capsaicin တွေလျှာပေါ်မှာ ပိုပြန့်သွားလို့ ပိုပြီးတောင်ပူလာတတ်ပါသတဲ့။

နွားနို့သောက်တာက စပ်တာကို အပြေပျောက်စေနိုင်ဆုံးပါပဲ။

အကြောင်းက milk ထဲမှာ Casein protein ဆိုတာပါဝင်ပြီး Capsaicin နဲ့သွားပေါင်းကာ receptor ကနေထွက်သွားစေလို့ စပ်တာသက်သာသွားပါတယ်တဲ့။
Milk မှာ အဆီလဲပါဝင်တော့ Capsaicin ပျော်ဝင်သွားပါလိမ့်မယ်။

နို့ပါဝင်တဲ့ အစားအစာတွေမှာ Casein protein ပါလို့ စပ်တာအတွက်သက်သာစေပြီး ရေခဲမုန့်စားရင်လဲ စပ်တာလျော့သွားနိုင်ပါတယ်။

အဆီပါတဲ့ ထောပတ်လို အရာတွေစားပေးရင်လဲ စပ်တာသက်သာပါတယ်။

ပျားရည်လျက်ပေးရင်လဲ ချိုလဲချို အဆီလဲပါလို့ Capsaicin တွေပျော်ဝင်သွားမှာပါ။

Capsaicin က Ethanol မှာလဲပျော်ဝင်နိုင်လို့ အရက်သောက်ရင်ရော စပ်တာသက်သာလားလို့ မေးစရာရှိပါတယ်။

Alcohol beverages တွေမှာ ethanol ပါဝင်မှုကသိပ်မများဘဲ အများစုကရေတွေပဲဖြစ်လို့
စပ်တာမသက်သာတဲ့အပြင် TRPV1 receptor ကို ethanol ကလဲ stimulate လုပ်လို့ ပူတာပိုဆိုးစေနိုင်ပါတယ်။

အအေးသောက်ရင်လဲ ရေသောက်သလိုပဲ အစပ်မပြေလှပါဘူး။

သတိချပ်ရမှာက Milk တိုင်းက စပ်တာကိုမသက်သာစေပါဘူး။

Animal milk တွေမှာပဲ Casein protein နဲ့ fat ပါဝင်မှုများပြီး plant based milk တွေဖြစ်တဲ့ ဥပမာ almond milk တွေမှာပါတာနည်းပါတယ်။
ဒါကြောင့် plant based milk တွေကစပ်တာကို သိပ်မပြေစေတတ်ပါဘူး။

Thanks for your time!

လင်းမူ

Quantum Tunneling (Quantum Mechanics Part 8)

ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတဲ့အချိန် ရှေ့တည့်တည့်မှာ ကွမ်းယာဆိုင်တစ်ဆိုင်တွေ့ရင် ဘာလုပ်မလဲ။ (ဒါ… လူတိုင်းကြုံနေကြကိစ္စ)
တည့်ဝင်တိုးပြီး ရန်ဖြစ်မလား၊ လမ်းပေါ်ကိုဆင်းရှောင်မလား။
ဒီစာကိုဖတ်နေနိုင်သေးတယ်ဆိုတော့ စာဖတ်သူဟာ လမ်းပေါ်ကိုဆင်းရှောင်တဲ့အဖွဲ့မှာပါမယ်လို့ထင်ပါတယ်။

ဒါပေမယ့် Particle တွေကတော့ တည့်ဝင်တိုးတဲ့အဖွဲ့ပါ။
တည့်ဝင်တိုးလိုက်လို့ ထိခိုက်မိကုန်ပြီး ပြဿနာတက်ကြပြီလို့တော့ မထင်ပါနဲ့။
သူတို့က တခါတလေမှာ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုကို ဘာမှမဟုတ်သလိုပဲ ကျော်ဖြတ်သွားနိုင်စွမ်းရှိပါတယ်။

ဒါက Particle တွေရဲ့ လှိုင်းအဖြစ်တည်ရှိမှု (Wave Function) ပေါ်မှာ မူတည်ပါတယ်။
Quantum Mechanics မှာ ဖြစ်တန်စွမ်းတွေနဲ့အလုပ်လုပ်ကြတယ်ဆိုတာ ရှေ့အခန်းတွေမှာ ရေးခဲ့ပြီးပါပြီ။
အဲ့ဒီတော့ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုရဲ့ အခြားတစ်ဖက်မှာ Particle ရှိနိုင်မယ့် ဖြစ်တန်စွမ်းဆိုတာလည်း ရှိပါတယ်။ (ဖြစ်တန်စွမ်း နည်းတော့နည်းတယ်၊ လုံးဝမရှိတာမဟုတ်ပါ)
မြင်အောင်ပြောရရင် Quantum Mechanics မှာ လူတစ်ယောက် လက်ရှိနေထိုင်တဲ့နေရာကနေ လ (Moon) ဆီကို ရုတ်တရက်ရောက်သွားနိုင်တဲ့ ဖြစ်တန်စွမ်းတောင် ရှိတယ်လို့ဆိုကြတယ်။ ဖြစ်တန်စွမ်းအရမ်းနည်းတယ်၊ ဒါပေမယ့် zero တော့မဟုတ်ပါ။

ဒီလောက်တောင် ဖြစ်တန်စွမ်းနည်းနေမှတော့ Quantum Tunneling ကို တကယ့်လက်တွေ့ဘဝမှာရောတွေ့ရရဲ့လား၊ ဘာအသုံးကျလို့လဲဆိုပြီး မေးစရာရှိလာတာပေါ့။
သက်ရှိတွေဖြစ်လာဖို့ Quantum Tunneling ရဲ့ကျေးဇူးအများကြီးပါပါတယ်။
နေကနေ အလင်းရောင်ထွက်နေတာဟာ ဒီဖြစ်စဉ်ကြောင့်ပါ။

နေက ဘယ်လောက်တောင်ကြီးသလဲဆို ကမ္ဘာအလုံး ၁သန်းတိတိ နေလုံးထဲကိုထည့်နိုင်ပါတယ်။
အဲ့လောက်ကြီးနေလို့ နေကအစိုင်အခဲဖြစ်ရမယ်လို့မထင်ပါနဲ့။
နေဆိုတာ ဓာတ်ငွေ့လုံးကြီးပါ။ Hydrogen တွေအများဆုံးပါပါတယ်။

(၉တန်း ဓာတုဗေဒကို နည်းနည်းပြန်ပြောချင်ပါတယ်၊ Bear with me)
Hydrogen ion ဆိုတာ Proton ပါပဲ။ သူ့မှာ အပေါင်းဓာတ် (Positive Charge) ရှိတယ်။ အပေါင်းချင်းတွေ့ရင် တွန်းကန်ကြမှာပေါ့။
Hydrogen ၂ခုပေါင်းမှ Helium ဖြစ်မှာ၊ အဲ့လို့ဖြစ်သွားမှ Energy ရမှာဆိုတော့ Hydrogen တွေအချင်းချင်းပေါင်းဖို့လိုအပ်တယ်။
မပေါင်းချင်တဲ့သူတွေကို အတင်းပေါင်းအောင်လုပ်ဖို့အတွက် အပူအမြောက်အများလိုတယ်။ (Energy များများလိုတယ်ဆိုပါတော့)
နေက အဲ့ဒီလောက်အပူကိုမထုတ်နိုင်ဘူး။
(နေထက်ပူလောင်တဲ့ ကြယ်တွေ စကြဝဠာထဲမှာ ရှိပါသေးတယ်)

အဲ့ဒီတော့ တွန်းကန်မှုတွေကြုံလာတိုင်းသာ ကွေ့ရှောင်နေရရင် နေလုံးကြီး ကောင်းကင်မှာ လင်းနေနိုင်မှာတောင် မဟုတ်ပါဘူး။
Quantum Tunneling အရ Proton တွေက သူတို့ကို တွန်းကန်နေတဲ့အတားအဆီးကို ကျော်လွန်ဖြတ်သန်းပြီး တစ်ဖက်က Proton နဲ့သွားပေါင်းနိုင်လိုက်တယ်။
ဒီဖြစ်စဉ်ကို Nuclear Fusion လို့ခေါ်တယ်။
(Quantum Tunneling ကိုအသုံးပြုတာ ဒီတစ်ခုတည်းမဟုတ်ပါဘူး။ အခြားစိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေရှိပါသေးတယ်)

အတားအဆီးတွေကို ထိုးဖောက်သွားတာကြောင့် လှိုင်ခေါင်းဖောက်တာနဲ့ခိုင်းနှိုင်းပြီး Tunneling လို့နာမည်ပေးထားတာဖြစ်တယ်။

Part 8 နဲ့ပဲ Quantum Mechanics ကိုအဆုံးသတ်ချင်ပါတယ်၊ ၈ ပိုင်းလုံးကို ဖတ်ပြီးရင်တော့ ဒီပညာရပ်ကို သူငယ်ချင်းအချင်းချင်း ပြန်ပြောနိုင်လောက်အောင် နားလည်သွားမယ်ထင်ပါတယ်။

Thanks for reading up to this point.

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Personality disorder အကြောင်းပြောကြရာဝယ် (Part 4)

(Part 1,2,3 အရင်ဖတ်ပြီးမှ Part 4 ကိုဆက်ဖတ်ပေးပါခင်ဗျ)

ဒီအပိုင်းမှာတော့ Cluster A
“Weird” type (ဂေါက်ကြောင်အုပ်စု) ထဲက တခုစီကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Cluster A ထဲမှာ disorder 3 မျိုး ပါဝင်ပါတယ်။

  1. Paranoid personality disorder
  2. Schizoid personality disorder
  3. Schizotypal personality disorder တို့ဖြစ်ပါတယ်။

Paranoid personality disorder ကိုစပြောရရင် “သံသယကောင်” လို့ လွယ်လွယ်မှတ်ထားလို့ရပါတယ်။

Male တွေမှာ ပိုတွေ့ရတတ်ပြီး သူ့ရဲ့ပုံစံက အမြဲတမ်းလိုလို သံသယစိတ်နဲ့ ပြည့်နေတာပါပဲ။

တယောက်ယောက်က သူ့ကိုအမြဲလိမ်ညာနေတယ်။ မကောင်းကြံနေတယ်။ လုပ်ကြံဖို့ကြိုးစားနေတယ်လို့ပဲ အမြဲတွေးနေတယ်။

ဘယ်သူ့ကိုမှလဲ မယုံသလို သူ့ကိုစကားတခွန်းသွားပြောလိုက်ရင် အဲ့စကားက ဘာသဘောနဲ့ပြောတာလဲ။ သူ့ကို တခုခု လိမ်နေပြီလား။ ဖုံးကွယ်ထားတာတခုခုများရှိနေမလားလို့ အမြဲတွေးပြီး ဘယ်စကားကိုမှမယုံပါဘူး။

သူ့ကို ခင်မင်လို့ ပခုံးလှမ်းဖက်ဖို့လုပ်ရင်တောင် သူ့ကိုဖမ်းချုပ်ပြီး တခုခုလုပ်တော့မှာပဲလို့ တွေးနေသူမျိုးပါ။

တဖက်စွန်းရောက်တွေးတတ်ပြီး လူတွေနဲ့ပေါင်းသင်းရအတော်ခက်ပါတယ်။ သူကိုယ်တိုင်လဲ လူတွေကိုမယုံကြည်လို့ လျှို့ဝှက်စွာပြောဆိုနေထိုင်တတ်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးမှာ ငါ့ကိုသစ္စာဖောက်တော့မှာပဲလို့ အမြဲတွေးနေတဲ့အတွက်
Bff တွေ loyal friend တွေလဲမရှိတတ်ပါဘူး။

အထူးသဖြင့် Relationship တည်ဆောက်တဲ့အခါမှာ ချစ်သူ (သို့) အိမ်ထောင်ဖက်ကို အမြဲသံသယမျက်လုံးနဲ့ပဲကြည့်တတ်ပြီး တခုခုဆို ဖောက်ပြန်နေပြီလို့ပဲတွေးတတ်သူများပါ။

တချို့သော paranoid များက အခြေနေအရမ်းဆိုးတဲ့အတွက် ပိုဆိုးသောစိတ်ဝေဒနာများကို ပြောင်းသွားတတ်ပါတယ်။

ဥပမာ Schizophrenia လို့ခေါ်တဲ့ စိတ်ကစဥ့်ကလျားဖြစ်သောရောဂါ (psychosis) အဖြစ်ကူးသွားနိုင်ပါတယ်။

Schizophrenia ရဲ့ အမျိုးကွဲတခုအနေနဲ့လဲ
(Paranoid Schizophrenia type) ရှိနိုင်ပါတယ်။

ဒီဝေဒနာရှင်တွေရဲ့ သဘောသဘာဝကို လေ့လာတဲ့အခါ စာဖတ်သူတို့ ပိုပြီးမြင်လွယ်ချင်ရင် Movie များနဲ့ တွဲကြည့်ဖို့အကြံပေးချင်ပါတယ်။

Paranoid personality disorder အတွက် recommend ပေးချင်တဲ့ Movie အချို့ကတော့

  1. Conspiracy Theory (1997)
    (Thriller/Action)
    (Taxi သမားတယောက်ရဲ့ လျှို့ဝှက်ချက်တခုနဲ့ဖြစ်ရပ်ဆန်းအကြောင်းဖြစ်ပါတယ်)
  2. The Number 23 (2007)
    (Mystery / Thriller)
    (ထူးဆန်းသော နံပါတ် ၂၃ ရဲ့ ဆွဲဆောင်မှုအကြောင်းပါ)
    တို့ပဲဖြစ်ပါတယ်။

(ဒီMovie တွေက psychological character တွေကိုရိုက်ပြလို့ ထိတ်လန့်သွေးပျက်စရာအခန်းအချို့တော့ ပါကောင်းပါနိုင်ကြောင်း ကြိုတင်ပြောထားပါရစေ ။ ဥပမာ flickering light ကိုမခံနိုင်သူများ သတိထားသင့်ပါတယ်)

~~~~~~~~~~

Schizoid personality disorder ကတော့
လူ့အသိုင်းအဝိုင်းနဲ့ ဝေးဝေးနေတတ်တဲ့ social isolation သမားများဖြစ်ပါတယ်။

အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပြီး သီးသန့်နေရတာကိုကြိုက်လို့ တမင်သက်သက်ကို လူတွေနဲ့ မခင်မမင် မပေါင်းမသင်းပဲ နေတာဖြစ်ပါတယ်။
အရွယ်ရောက်လာတဲ့အခါ
သူများအကြောင်းလဲ စိတ်မဝင်စား ဂရုလဲမစိုက်တတ်ပါ။ သံယောဇဥ်ကင်းကင်းနေတတ်ပြီး စိတ်အတက်အကျ မရှိတတ်သူများဖြစ်ပါတယ်။

ဒီလိုဝေဒနာရှင်တွေက သူတို့ငယ်ငယ်က မိဘအုပ်ထိန်းသူတွေရဲ့ဂရုစိုက်မှုနဲ့ မေတ္တာကိုကောင်းစွာမရခဲ့လို့ ဒီလိုစိတ်မျိုး ဖြစ်လာတာဖြစ်နိုင်တယ်လို့ ယူဆချက်တွေလဲရှိပါတယ်။

Schizoid personality disorder အတွက် movie အချို့ကတော့

  1. Taxi driver (1976)
  2. The Remains of the Day (1993)
    တို့ဖြစ်ပါတယ်။

(စာကြွင်း။ ရုပ်ရှင်ဇာတ်ကောင်များမှာ အဆိုပါဝေဒနာများအတိုင်း အတိအကျ 100% တူညီမည်မဟုတ်ဘဲ ယေဘုယျသဘောသာ ဆင်တူနိုင်ပါမည်။ တခြားသော personality အရောများလဲမြင်တွေ့ရနိုင်ပါသည်။)

~~~~~~~~~~

နောက်ဆုံးတခုဖြစ်တဲ့
Schizotypal personality disorder ကတော့
စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia) အသေးစားလို့ပြောလို့ရပြီး
လက္ခဏာခပ်ဆင်ဆင်တူသော်လည်း less severe (အခြေနေမပြင်းထန်သော) form ဖြစ်ပါတယ်။

ဒီဝေဒနာရှင်များက မှော်အစွမ်းများ ၊ တန်ခိုးပါဝါများစတဲ့ သဘာဝလွန်အတွေးအခေါ် အယူအဆများကို စွဲမြဲစွာယုံကြည်ပြီး တွေးသမျှ လုပ်သမျှ ပြောသမျှက ဂမ္ဘီရဆန်ဆန် အကြားအမြင်ရသလိုတွေ
ဖြစ်နေတတ်ပါတယ်။

ကြောင်တောင်တောင်အတွေးအခေါ်များရှိပြီး ပေါင်းသင်းရခက်တဲ့အတွက် အများကလဲမပေါင်းသင်းကြသလို သူကလဲအပေါင်းသင်းလုပ်လေ့မရှိပါဘူး။

ဝေဒနာရင့်လာတဲ့အခါ Schizophrenia အဆင့်ထိရောက်သွားနိုင်ပြီး Suicide လုပ်နိုင်ခြေလဲရှိတဲ့အတွက် သတိထားရမယ့် အမျိုးအစားဖြစ်ပါတယ်။

Schizotypal သည် Schizophrenia အပျော့စားပုံစံဖြစ်ပေမယ့် အသိလက်လွတ်မဖြစ်သေးပါဘူး။
သူများမကြားရတဲ့အသံတွေကြားရတာမျိုး ၊ Delusion ဝင်တာမျိူးအထိ မဆိုးသေးပါဘူး။

Schizophrenia အကြောင်းကို နောက်ထပ် postတွေမှာ သီးခြား ပြည့်ပြည့်စုံစုံပြောပြသွားပါမယ်။

လေ့လာစရာ Movie အနေနဲ့ကတော့ အပေါ်က Taxi driver movie ကိုပဲ တချို့က Schizotypal အဖြစ်ပြန်ရည်ညွှန်းကြပါတယ်။

Schizophrenia နဲ့ ယှဥ်ကြည့်ချင်ရင်တော့

  1. A Beautiful Mind (2001)
  2. Strange voices (1987)
  3. Shine (1996) တို့မှာ ကြည့်ရူနိုင်ပါတယ်ဗျ။

~~~~~~~~~~

အချုပ်အားဖြင့်
Cluster A အုပ်စုသည် ကြောင်တောင်တောင် ထူးထူးဆန်းဆန်းသမားများဖြစ်ပြီး

Paranoid ကို “suspicious”

Schizoid ကို “social isolation”

Schizotypal ကို “social isolation + magical thinking” လို့အကြမ်းမှတ်ထားလို့ရပါတယ်။

Stay tuned for next disorders!

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

နွေဦးက ပေးသော စိုးရိမ်ကြောင့်ကျမှုများနဲ့ ဖြေရှင်းမှုများ (Part 1)

ပြီးခဲ့တဲ့ နွေဦးက ကျနော်တို့အတွက် တော်တော်လေး ကြမ်းတမ်းခဲ့တယ်။ ဖမ်းဆီးတဲ့သတင်း၊ သေတဲ့သတင်းတွေကို နေရာအနှံ့မှာကြားရ မြင်ရတဲ့အခါ စိတ်မချမ်းမြေ့မှုတွေ ထိတ်လန့်မှုတွေနဲ့ တစ်နေ့တာတွေကို ကုန်ဆုံးကြရတယ်။ Covid ကြောင့် လဲကျသွားတဲ့ စီးပွားရေးတွေ ထမယ်ကြံခါမှ အရှိူက်ကိုခပ်ပြင်းပြင်းထိုးခံလိုက်ရတယ်။ ပိုက်ဆံတောင် ထုတ်ဖို့ နေပူမိုးရွာထဲ တန်းစီစောင့်ဆိုင်းနေကြရတယ်။ ဒီလိုမျိုး တစ်နေ့တာ စိတ်ပင်ပန်းစရာတွေကြောင့် အားလုံးဟာလည်း စိတ်ထွက်ပေါက်ရှာလာကြပါတယ်။ ဒီလို စိတ်ထွက်ပေါက်ရှာတဲ့အခါမှာ အမျိုးမျိုးသော နည်းလမ်းတွေကိုသုံးကြရင်း လမ်းလွဲရောက်သွားပြီး ကိုယ့်ကို ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်စေမယ့်အရာတွေကို လုပ်မိကြတာလည်း ရှိလာပါတယ်။

(၁) Survival guilt လို့ခေါ်တဲ့ ဆက်လက်ရှင်သန်နေရခြင်းအတွက် မိမိကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရတဲ့စိတ်၊ သိမ်ငယ်စိတ်တွေကြောင့် သူတစ်ပါးအပေါ် အလွယ်တကူအပြစ်တင်လိုစိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ ချက်ကျလက်ကျ မဟုတ်ဘဲ ပြစ်တင်ဆဲဆိုပြီး ကိုယ့်ရဲ့ စိတ်ကျေနပ်မှုကို ရယူတတ်ကြပါတယ်။ ခံစားချက်တွေကို ပေါက်ကွဲထွက်လိုက်တာ ကောင်းတယ်ဆိုပေမယ့် ကိစ္စတစ်ခုအပေါ်မှာ ခေါင်းအေးအေးနဲ့ ဆင်ခြင်သုံးသပ်နိုင်မှု အားနည်းသွားတာ၊ သွေးဆူပြီး ဆတ်ဆတ်ထိမခံနိုင်ဖြစ်လာတဲ့အတွက် သူတစ်ပါးနဲ့ ရန်များရတာတွေကြောင့် ကိုယ့်ရဲ့ ပူပန်သောကတွေ ၂ဆ ဖြစ်လာတာပဲ အဖတ်တင်ပြီး လက်တွေ့မှာ စိတ်ပြေရာပြေကြောင်းကို မရနိုင်ပါဘူး။

(၂) အရက် ဆေးလိပ် အလွန်အကျွံ သောက်သုံးတာကလည်း ခဏတာစိတ်ထွက်ပေါက်ကိုပေးနိုင်တယ်လို့ ဆိုကြပေမယ့် တကယ်တမ်း စိတ်သက်သာတာကနည်းနည်း ရောဂါဖြစ်ဖို့လမ်းက များများ ဖြစ်ပါတယ်။ အရက်အလွန်အကျွံသောက်တာကြောင့် အသည်းရောဂါ အစာအိမ်ရောဂါတွေဖြစ်နိုင်သလို ဆေးလိပ်သောက်တာကြောင့် အဆုတ် နှလုံးနဲ့ တခြား ရောဂါတွေကိုဆီပဲ ဦးတည်သွားနိုင်ပါတယ်။ ဒါ့အပြင်ကိုမှ မူးယစ်ဆေးတွေပါသုံးလာရင်တော့ ပိုပြီးဆိုးတဲ့ ကျန်းမာရေးကိုပဲ ဖြစ်စေနိုင်ပါတယ်။

(၃) မိမိကိုယ်ကို ထိခိုက်အောင် လုပ်တာ ဒါမှမဟုတ် အဆုံးစီရင်တာကလည်း တွေ့ရလေ့ရှိကြပါတယ်။ အထူးသဖြင့် ကျောင်းကိစ္စ အလုပ်ကိစ္စတွေမှာ ဖိအားအမျိုးမျိုးကြောင့် စိတ်ဖိစီးပြီး ဘာလုပ်ရမှန်းမသိတဲ့အဆုံး မိမိကိုယ်ကို အဆုံးသတ်ဖို့ ကြိုးစားတာတွေက ဖြစ်လာဖို့ရှိပါတယ်။ မန္တလေးက ဆရာဝန်မလေး သတင်းလည်း ကြားရပါတယ်။ ဒီလိုကိစ္စတွေမဖြစ်လာအောင် ကျနော်တို့က ဝိုင်းပြီး လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ ပေးဖို့အရေးကြီးပါတယ်။

Dr. Jason

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အကြောက်တရားကို အသုံးပြုခြင်းနှင့် နောက်ကွယ်က စိတ်ပညာ

စာဖတ်သူ ကြောက်တတ်ပါသလား။
လူဆိုရင် အကြောက်တရားဆိုတာ ရှိရမှာပေါ့။
ရောဂါကြောင့် အကြောက်တရားမရှိတော့တဲ့ လူတွေလည်းရှိပါတယ်။ သူတို့ကတော့ ခုပြောမယ့် Topic နဲ့အကျုံးမဝင်ပါဘူး။

လူတစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးပဲကြုံရကြုံရ ကိုယ်ထိန်းချုပ်နိုင်တယ် (သို့) ကိုယ့်ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ တွက်ရင် ကြောက်ရွံ့မှုဆိုတာဖြစ်မလာပါဘူး။
ဥပမာ ကားမောင်းကျွမ်းကျင်တဲ့သူက ကားအရမ်းရှုတ်လည်း စိုးရိမ်စိတ်မဝင်ပါဘူး။
ဒါပေမယ့် အမောင်းသင်ခါစလူတစ်ယောက် ကားရှုတ်တဲ့လမ်းပေါ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့မှာအကြောက်တရားပေါ်လာပါတယ်။

ခွဲစိတ်ခန်းဝင်ရမယ့်လူနာဟာ ကြောက်ရွံ့မှာအသေအချာပါပဲ။
ခွဲစိတ်မယ့်ဆရာဝန်အတွက်တော့ ထမင်းစား၊ ရေသောက်ကိစ္စပဲမို့ ခွဲစိတ်မှုအတွက် အကြောက်တရားရှိမှာမဟုတ်ပါ။

အကြောက်တရားဟာ လူတွေအသက်ရှင်ရပ်တည်ဖို့အတွက် မရှိမဖြစ်လိုခဲ့တဲ့တယ်။ ဒါကြောင့် ခုချိန်ထိ ကျွန်တော်တို့မှာ အကြောက်တရားရှိနေသေးတာပေါ့။

ကြောက်သွားတဲ့လူတစ်ယောက်ဟာ မလှုပ်မယှက်ဖြစ်သွားတတ်ပါတယ်။
ဒါက Evolution အရဖြစ်တဲ့သဘောပါ။
လူက ဉာဏ်ရည်မြင့်ပေမယ့် ခွန်အားအရာမှာတော့ အချို့တိရစ္ဆာန်တွေကို မရှင်နိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ရပ်တည်ဖို့အတွက် အန္တရာယ်ကိုထိပ်တိုက်မတိုးဘဲ ရှောင်ကြရပါတယ်။

ပြေးမလားဆိုတော့… လူကအမြန်ဆုံးသတ္တဝါထဲမှာ မပါပါဘူး။
ဒါဆို ခံချမလားဆိုတော့လည်း… အားက မကြီးပြန်ပါဘူး။
အဲ့တော့ တိတ်တိတ်ကလေးနေလိုက်ကြတာပါပဲ။
ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပြီး အသက်တောင်ပြင်းပြင်းမရှုရဲဘူးဆိုတာမျိုးပေါ့။
(မြင်အောင်ပြောရရင် စာသင်နေတုန်း အာရုံထွေပြားနေတဲ့အချိန် သင်နေတဲ့ဆရာက လက်ညှိုးထိုးပြီး စာမေးလိုက်တဲ့အခါမှာ အသေကောင်ကြီးလို ခဏတာဖြစ်သွားတာမျိုးပါ)

အကြောက်တရားကတန်ဖိုးကြီးပါတယ်။
ဒါကိုအသုံးချပြီး လူတွေကိုလှည့်စားနေကြတာလည်း မနည်းတော့ပါဘူး။
ဒီတော့ တချို့လူတွေ ကိုယ်လိုချင်တာရအောင် အကြောက်တရားကို ဘယ်လိုအသုံးချနေကြလဲဆိုတာ သိထားသင့်ပါတယ်။
အကြောက်တရားကို ဘယ်အချိန်မှာအသုံးပြုတတ်ကြလဲဆိုရင် တစ်ဖက်လူကို ဘာမှမလုပ်စေချင်တဲ့အခါ (သို့) တစ်ဖက်လူမှာ စိုးရိမ်စိတ်တစ်ခုရှိနေတဲ့အခါ မိမိလိုချင်တဲ့အတိုင်းဖြစ်အောင် အသုံးပြုကြတယ်။

ဥပမာအနေနဲ့ အကြောက်တရားရဲ့သားကောင်အဖြစ် Anti-Vax တွေကိုပြချင်ပါတယ်။ ကိုယ့်ရဲ့ကလေးကို ကာကွယ်ဆေးမထိုးဘူးဆိုပြီး ငါတကောကောတဲ့ မိဘတွေပေါ့။
ကာကွယ်ဆေးထိုးရင် အချို့ကာကွယ်ဆေးတွေက ပိုးအရှင်ကိုသုံးထားတော့ ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ Case အနေနဲ့ သူကကာကွယ်ရမယ့်ရောဂါကို ဖြစ်သွားစေပါတယ်။
ဒါကြောင့်ပဲ ပိုလီယိုကာကွယ်ဆေးထိုးတာ ပိုလီယိုဖြစ်သွားတယ်၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးတာ ကလေးက ဦးနှောက်ရောင်သွားတယ်တို့ကြားရတတ်တာဖြစ်တယ်။

ဒါဆို ကာကွယ်ဆေးမထိုးကြတော့ဘူးလား? ဒီလိုရောဂါတွေဖြစ်တတ်တယ်ဆို မထိုးသင့်ဘူးမဟုတ်လားလို့ မေးစရာရှိပါတယ်။
အဲ့လိုမေးရင် ဆရာဝန်တွေဆီက ဖြစ်တယ်ဆိုတာ ရှားရှားပါးပါးပါ၊ လေ့လာမှုကရတဲ့ Data တွေအရဆို လူဘယ်နှသိန်းထိုးမှ တစ်ယောက်မှာဖြစ်တတ်တာပါ ဆိုတာနဲ့ ခပ်ဆင်ဆင်စကားမျိုးကြားရလိမ့်မယ်။

သာမန်လူတစ်ယောက်ဆိုရင်တော့ လက်ခံသွားလောက်တယ်။
ရှင်းပြတာကို သေချာနားမလည်ရင်တောင် ဆရာဝန်ကတော့ မဟုတ်ဘဲမပြောလောက်ပါဘူးဆိုပြီး ပညာရှင်မို့ယုံကြည်သွားနိုင်တယ်။

Anti-Vax တွေကတော့ အဲ့လိုမဟုတ်ဘူး။ ပညာရှင်တွေကို မေးခွန်းပြန်ထုတ်တယ်။ (ဒါဟာကောင်းတဲ့အချက်ပါ)
ဒါပေမယ့် အကျိုးနဲ့အကြောင်း၊ Facts & Data နဲ့ရှင်းပြလည်းလက်မခံနိုင်ကြဘူး။ သူတို့ကို ဖြစ်တန်စွမ်းဘယ်လောက်ပဲ နည်းပါတယ်လို့ပြောပြော အကြောက်တရားကတော့လွှမ်းမိုးနေတယ်။
ဘာနဲ့တူလဲဆို ကားတိုက်ခံရမှာကြောက်လို့ လမ်းမမှာလမ်းမလျှောက်ရဲတဲ့လူလိုပဲ။

Internet ခေတ်ရဲ့ကောင်းကျိုးက သတင်းအချက်အလက်စီးဆင်းမှုအားကောင်းခြင်း၊ မြန်ဆန်ခြင်းဆိုလျှင် ဆိုးကျိုးဆိုလည်း ဒီအချက်ကိုပဲ လက်ညှိုးထိုးပြရမှာပါ။
ကလေးကိုကာကွယ်ဆေးမထိုးခင် မိဘတစ်ယောက်အနေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ကြိုပြီးသိချင်ကြမှာပဲ။
ကာကွယ်ဆေးထိုးလို့ ရောဂါရသွားတဲ့ကလေးတွေအကြောင်းလည်း ရိပ်ဖမ်းသံဖမ်းကြားဖူးတော့ စိုးရိမ်စိတ်နဲ့ Internet ပေါ်မှာရှာဖွေတယ်ဆိုပါတော့။

Personal Blog တွေ (မြန်မာပြည်အနေနဲ့ဆို Facebook) မှာ ကြည့်တော့လည်း ကာကွယ်ဆေးထိုးပြီး ဒုက္ခရောက်ရတာတွေရှိနေတယ်၊ ကာကွယ်ဆေးကိုမထိုးသင့်ဘူးလို့ ရေးတာတွေ သူတွေ့နေရတယ်။
ပိုဆိုးတာက ဦးနှောက်ရောင်လို့ ဉာဏ်ရည်မမီ၊ မသန်စွမ်းတော့တဲ့ ကလေးလေးတစ်ယောက်ရဲ့ပုံကိုပါ ထည့်ထားတယ်ဆိုကြပါစို့။
ဆရာဝန်ရဲ့ ဖြစ်တန်စွမ်းတော်တော်နည်းပါတယ်ဆိုတဲ့စကားကို သူလက်ခံနိုင်ဦးမလား။

ဒါဟာ လူတစ်ယောက်ရဲ့ Visceral Reaction ကို manipulate လုပ်လိုက်ခြင်းပါပဲ။ (လူရဲ့ စဉ်းစားချင့်ချိန်မှုတွေကို ပျောက်ဆုံးသွားစေနိုင်ပါတယ်)
ဥပမာပြရရင် လူသေအလောင်းမှာ လောက်တွေတက်နေတာကိုမြင်ရင် နှုတ်ခေါင်းရှုံ့တဲ့သူရှုံ့မယ်၊ ထိုးအန်တဲ့သူအန်မယ်။
ဒါဟာ သူ့အလိုလိုဖြစ်လာတဲ့တုံ့ပြန်မှုပါ၊ လုပ်သင့်လို့လုပ်တာမျိုးမဟုတ်ပါ။

ဆရာဝန်ပြောတဲ့ ဖြစ်ဖို့ရာနှုန်းတော်တော်နည်းပါတယ်ဆိုတာ လူရဲ့ Cerebral Reaction ကိုဦးတည်ပြီးပြောခြင်းဖြစ်တယ်။ (ခေါင်းသုံးပြီး ဆုံးဖြတ်ခိုင်းတာပါ)
ကာကွယ်ဆေးထိုးသင့်လို့ ထိုးပေးပါဆိုပြီး ချင့်ချိန်ဆုံးဖြတ်နိုင်အောင် ပြောခြင်းဖြစ်တယ်။

ဆိုတော့…
Visceral Reaction နဲ့ Cerebral Reaction ၂ခုကြားမှာလူတွေ ဗျာများနေတာပေါ့။အကြောက်တရားပေးလိုက်ရင် လူတွေက Visceral Reaction ဘက်ကို ငေါက်ကနဲပါသွားကြတော့တာပဲ။

ကျွန်တော်တို့ ဒါတွေကို နွေဦးတော်လှန်ရေးအစပိုင်းမှာတွေ့ခဲ့ကြရတယ်။
ဦးခေါင်းပွင့်ပြီး သေဆုံးနေတဲ့သူရဲကောင်းတွေရဲ့ အလောင်းပုံတွေဟာ Facebook ပေါ်မှာ မမြင်ချင်မှအဆုံးပါ။
ဒီပုံတွေကို မြင်ရတဲ့သူတွေအဖို့ Visceral Reaction ရကုန်ကြတာပေါ့။ နောက်ဆုံးပိတ်ကတော့ အကြောက်တရားဆီကို ဦးတည်သွားတာပဲ။
လူတွေကို ဘာမှမလုပ်စေချင်ရင် အကြောက်တရားကိုသုံးပါလို့ဆိုတယ်။ အဲ့ဒီအချိန်မှာတော့ အကြောက်တရားက လက်နက်တစ်ခုပေါ့။

Thanks for reading.

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started