ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 5)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။
ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။)

ယောကျာ်းနဲ့မိန်းမ အချင်းချင်းစကားတွေပြောနေကြပေမယ့် သေချာနားမလည်ကြဘူး။
ပြောတဲ့စကားလုံးချင်းတူနေရင်တောင် ယူဆပုံခြင်းမတူတော့ အဓိပ္ပါယ်ပါကွဲလွဲလာတယ်။
ဒါကြောင့်ပဲ ယောကျာ်းတွေက နားမထောင်ကြဘူး၊ မိန်းမတွေက နားလည်ရခက်တယ်ဆိုပြီး ဖြစ်လာကြတယ်။

ယောကျာ်းတို့စကားပြောခြင်းသည် အကြောင်းအရာနှင့် သတင်းအချက်အလက် ဖလှယ်ရန်ဖြစ်သည်။
အားကစား၊ နိုင်ငံရေး၊ ဘာသာရေးစသဖြင့် မိမိစိတ်ဝင်စားသောအကြောင်းအရာများကို အချက်အလက်တစ်ခုအနေနဲ့ ပြောဆိုကြတာများသည်။
ယုတ်စွအဆုံး မိမိစိတ်ဝင်စားသောကောင်မလေးတစ်ယောက်အကြောင်း အချင်းချင်းတိုင်ပင်ကြရင်တောင် သတင်းအချက်အလက်တစ်ခုအဖြစ်သာ ပြောဆိုတတ်ကြသည်။
ခံစားချက်များကို ဝေမျှလေ့မရှိကြ။

အချင်းချင်းပြောဆိုသောစကားများတွင် မိမိတို့ခံစားချက်များကို အဓိကထားသော မိန်းမတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။
ယောကျာ်းနှင့်မိန်းမစကားပြောဆိုသောအခါ Facts & Information များကိုသာဖလှယ်လေ့ရှိသော ယောကျာ်းက ခံစားချက်များကိုအဓိကထားသော မိန်းမပြောသမျှကို တိုက်ရိုက်ဘာသာပြန်လေ့ရှိသည်။
ဥပမာ ဘယ်သူကမှ သူပြောတာကိုနားမထောင်ပေးကြဘူးလို့ မိန်းမကပြောတယ်ဆိုပါတော့။
ယောကျာ်းအနေနဲ့ မိန်းမရဲ့စကားကို တိုက်ရိုက်ဘာသာပြန်လိုက်သည်။
နားထောင်ပေးနေတာပဲလေဆိုပြီး သတင်းအချက်အလက်ပေးတဲ့ပုံစံ ပြန်ပြောလိုက်ရုံနဲ့ ပြဿနာက မပြီးသွားပါ။
မိန်းမက မကျေနပ်သေးတော့ ဘယ်သူကမှ နားမထောင်ပေးကြဘူးဆိုပြီး ထပ်ပြောမည်။
ယောကျာ်းစိတ်ထဲ ဒါဟာသက်သက်မဲ့အပြစ်ရှာနေတာပဲဆိုပြီး စိတ်ညစ်သွားတတ်ကြသည်။
အမှန်တကယ် မိန်းမလိုချင်တာက သူပြောတာကို Supportive ဖြစ်ပြီး နားထောင်စေချင်တာပါ။
ယောကျာ်းဘက်က စိတ်ပါလက်ပါနဲ့နားထောင်ပေးရင် ပြေလည်သွားနိုင်သည်။

ထို့အတူ ယောကျာ်းက ရုတ်တရက်စကားမပြောတော့ခြင်းကို မိန်းမတို့နားမလည်ကြပါ။
မြုံစိစိနဲ့ ဘာမှမေးမရဘူးဆိုပြီး ပြောတတ်ကြသည်။
ယောကျာ်းတို့စိတ်အလုပ်လုပ်ပုံကိုသိလျှင် နားလည်နိုင်မည်ထင်သည်။
အမေးရှိလျှင် အဖြေရှိတယ်ဆိုကြပေမယ့် ယောကျာ်းတို့သည် အချက်အလက်မစုံလင်ဘဲနဲ့ ဆုံးဖြတ်ချက်မချတတ်ကြပါ။ ထို့ကြောင့် မေးခွန်းတိုင်းကို ချက်ချင်းပြန်ဖြေချင်မှဖြေလိမ့်မည်။
ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေများနေလျှင် သေချာအချိန်ယူပြီး ဆုံးဖြတ်တဲ့အတွက် အချိန်တစ်ခုကြာတတ်သည်။

စိတ်ညစ်လျှင် မိန်းမအချင်းချင်း ရင်ဖွင့်တိုင်ပင်သလိုမျိုး ယောကျာ်းကိုလည်း စကားပြောလာအောင်၊ ရင်ဖွင့်လာအောင် အတင်းမတိုက်တွန်းသင့်ပါ
ဤနည်းအားဖြင့် မိန်းမသည် ဂရုစိုက်ကြောင်းပြသခြင်းဖြစ်သော်လည်း ယောကျာ်းအတွက် စိတ်ပိုမိုရှုတ်ထွေးသွားစေတတ်သည်။
နားလည်သင့်သည်က ယောကျာ်းတို့နှုတ်စိတ်နေခြင်းသည် ဘာပြောရမှန်းမသိသေးလို့ စဉ်းစားနေတယ် ဆိုတာလည်းဖြစ်နေနိုင်သည်။

အဆင်ပြေရဲ့လား ဆိုတဲ့အမေးကို ယောကျာ်းတို့က အဆင်ပြေတယ်လို့ဖြေခြင်းသည် မိန်းမတို့တွေးသလို မိမိကိုမယုံကြည်သဖြင့်၊ စကားမပြောလိုသဖြင့် ပြီးစလွယ်ပြောခြင်းဖြစ်သည်ဆိုတာ မဟုတ်ပါ။
တစ်ယောက်တည်း ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့အတွက် အဆင်ပြေတယ်လို့ ယောကျာ်းကပြောလိုခြင်းဖြစ်တယ်။
ပြဿနာရှိနေခြင်း၊ မရှိနေခြင်းကို ဖုံးကွယ်နေတာမဟုတ်ပါ။

(Part 6 ဆက်ပါဦးမယ်)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Quantum Teleportation (Quantum Mechanics Part 7)

(Part 6 ကိုမဖတ်ရသေးဘဲ ဒီ Topic ကို ကျော်မဖတ်သင့်ပါ)

ခုရေးမယ့် Topic ကို Sci-fi ဇာတ်လမ်းတွေမှာ တွေ့ဖူးကြမှာပါ။ (ဥပမာ Doctor Who)
Game တွေထဲမှာလည်း ဒါနဲ့ခပ်ဆင်ဆင် အယူအဆတွေကို သုံးကြတာပါပဲ။
တစ်နေရာကနေပျောက်သွားပြီး နောက်တစ်နေရာမှာ ရုတ်တရက်ပေါ်လာတာမျိုးပေါ့။

Quantum Entanglement အရ ချိတ်ဆက်မိထားတဲ့ Particle ၂ခုမှာ တစ်ခုကိုတိုင်းတာလိုက်တာနဲ့ အခြား Particle တစ်ခုက ဆန့်ကျင်ဘက် Property တစ်ခုသို့ ချက်ချင်းပြောင်းလဲသွားခြင်းကို သိရှိပြီးဖြစ်မှာပါ။
Quantum Teleportation ကတော့ နောက်တစ်ဆင့်တက်လိုက်ခြင်းဖြစ်တယ်။
တတိယ Particle တစ်ခုပါဝင်လာတာဖြစ်တယ်။

တတိယ Particle (Particle C လို့အလွယ်ခေါ်လိုက်မယ်) ကို Quantum Entanglement အရချိတ်ဆက်ထားတဲ့ Particle ၂ခုထဲက တစ်ခုနဲ့သွားချိတ်လိုက်တယ်။
(Particle A နဲ့ချိတ်လိုက်တယ်ဆိုကြပါတော့)
Particle C နဲ့ Particle A ရဲ့ ချိတ်ဆက်မှု Information ကို Record လုပ်ပြီး Particle B ဆီကိုပို့လိုက်တယ်။ (Particle B က Particle A နဲ့ပဲချိတ်ဆက်မှုရှိတာကို သတိပြုပါ)

အဲ့ဒီ Information ကိုအသုံးပြုပြီး Particle B ကို Particle C အဖြစ်ပြောင်းလဲနိုင်တယ်။
ဆိုတော့…
Particle A နဲ့ချိတ်ဆက်လိုက်ရုံနဲ့ Particle C ကို Particle B ရဲ့နေရာကိုပို့လိုက်နိုင်တဲ့သဘောပဲ။
Particle B ဆိုတာမရှိတော့ဘဲ သူ့နေရာမှာ Particle C ဖြစ်သွားတယ်။
Originial Particle C ကိုဘာလုပ်ပစ်လဲဆို ဖျက်စီးပစ်လိုက်တယ်။ (မဟုတ်ရင် Particle C ၂ခုဖြစ်နေမှာပေါ့)

စိတ်ကူးယဉ်တာမဟုတ်ပါဘူး။
ဒါကို လက်တွေ့မှာ အောင်အောင်မြင်မြင်နဲ့စမ်းသပ်ပြီးပါပြီ။
လူကိုရော ဒီလိုနည်းနဲ့ Teleport မလုပ်နိုင်ဘူးလားလို့ မေးရင်တော့ သီအိုရီအရဖြစ်နိုင်ပါတယ်၊ လက်ရှိနည်းပညာအရမဖြစ်နိုင်သေးပါလို့ ဖြေရမှာပါ။
လူမှာ Particle တွေအများကြီးနဲ့ဖွဲ့စည်းထားတာဖြစ်လို့ လူရဲ့ Information ကို Record လုပ်ပြီးပို့ဖို့ ပျမ်းမျှ 10^15 နှစ် (a quadrillion years) ကြာမှာပါ။

နည်းပညာအခက်အခဲတွေမရှိတော့ဘဲ လူကို Teleport လုပ်နိုင်ပြီဆိုကြပါစို့။
Original လူသား နဲ့ Copy လူသားဆိုပြီး ၂မျိုးဖြစ်နေမှာပါ။
Originial ကိုဖျက်စီးပစ်မှာဖြစ်တဲ့အတွက် စာဖတ်သူက လမ်းမလျှောက်ချင်လို့ Teleport လုပ်ချင်တာနဲ့ပဲ အသေခံရမလိုဖြစ်နေပါတယ်။

Copy က Original အတိုင်း Cell တွေအထိအကုန်တူတူပဲဖြစ်နေတယ်…
Memory တွေ၊ Personality တွေကအစ အတူတူပဲ…
ဒါ့အပြင် Copy က သူ့ကိုယ်သူ Original လို့ယုံကြည်တယ်…
ဆိုသော်လည်း… ဒါဟာ Original ပါလို့ပြောနိုင်ဦးမလား။
သူတို့ ၂ယောက်ကိုခေါ်ပြီး Debate လုပ်ရအောင်လည်း Original ကိုဖျက်စီးလိုက်ကြပြီလေ။
အဲ့ဒီအတွက်ကြောင့် Quantum Teleportation က Ethical Dilemma တစ်ခုဖြစ်နေတယ်။

ခုချိန်မှာတော့ ဒီလို Ethical Dilemma ကိုမကြုံဖို့ chance ပိုများနေပါတယ်။
Leicester University ရဲ့အဆိုအရ လူကို Information အဖြစ်ပြောင်းလဲမှတ်တမ်းတင်မယ်ဆို 2.6 x 10^42 bits ရှိမယ်လို့ဆိုတယ်။
ဒီလောက် Data အများကြီး တစ်ဖက်ကိုရောက်အောင်ပို့ဖို့ အချိန်တွေ၊ စွမ်းအင်တွေ အများကြီးကုန်မှာပါ။
လူတစ်ယောက်ကို Teleport လုပ်ဖို့ ဘယ်လောက်ထိတောင်ကြာမလဲဆို စကြဝဠာကြီးရဲ့သက်တမ်း 13.8 billion years ထက် အဆပေါင်း 350,000 ကြာမှာဖြစ်လို့ လမ်းလျှောက်သွားတာကမှ ပိုမြန်ဦးမယ်လို့ဆိုပါတယ်။

(ထိပ်ဆုံး ၃ပုံက ကျွန်တော်တတ်သလောက်နဲ့ မြင်လွယ်အောင် ဆွဲပြထားတာပါ၊ ပိုရှုတ်ထွေးသွားရင် တောင်းပန်ပါတယ်)

(Part 8 မှာ သက်ရှိတွေဖြစ်လာရခြင်းသည် Quantum Mechanics ကြောင့်ဆိုတာ ဆက်ရေးပါမယ်)

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အပြစ်ရှိစိတ်

စိတ်ဆိုတာ ဘာလဲ။
စိတ်ဆိုတာ မြန်မာစကား မဟုတ်ရပါဘူး။ ပါဠိဘာသာက လာပြီး မြန်မာလိုဆိုရင် အတွေး+ခံစားချက် ဖြစ်ပါတယ်။ ဒါရိုးရိုးလေး နားလည်အောင် ရှင်းလိုက်တာပါပဲ။

အပြစ်ဆိုတာကရော ?
အပြစ်ဆိုတာ အမှားပြုလုပ်ခြင်းကြောင့် ခံစားရတဲ့ ခံစားချက် (သို့) အမှားပြုလုပ်ထားခြင်း ပါပဲ။

ဒါဖြင့် အမှားဆိုတာကရော ဘာလဲ ?
အဲ့တာက တော်တော် ကျယ်ပြန့်ပါတယ်။ မမှန်ရင် မှားတာတော့လည်း မဟုတ်ပါဘူး။ အမှားဆိုတာ ကိုယ်စိတ်ထဲမှာ မတရားဘူး ထင်တာလားဆိုတော့လည်း ဟုတ်တော့လည်း ဟုတ်ပါတယ်။

Philosopher တစ်ယောက်က ပြောဖူးတယ်။ အကြောင်းအရာတစ်ခုကို လူတိုင်း နေရာတိုင်း အချိန်တိုင်း လုပ်လို့ရရင် အမှားမဟုတ်တော့ဘူးတဲ့။

ဥပမာ – ခိုးတယ် ဆိုပါစို့။ လူတိုင်းခိုးနေကြရင် ပိုင်ဆိုင်မှုဆိုတာ မရှိတော့ဘူး။ လူတိုင်းဟာလည်း စိုးရွံထိတ်လန့်မှုနဲ့ နေနေရလို့ အဆင်မပြေပါဘူး။

နောက်တစ်ခုက လိမ်တာပါ။ လူတိုင်းလိမ်နေကြရင် အမှန်တရားဆိုတာ ပျောက်သွားပါတယ်။ လူတွေဟာလည်း သံသယနဲ့ နေရမှာဖြစ်လို့ အဆင်မပြေပါဘူး။

ဒါကြောင့် ခိုးတာ၊ လိမ်တာဟာ အမှန်တရား မဟုတ်ဘူး။ အပြစ်လို့ ပြောလို့ ရနေပါတယ်။ ဒီနေရာမှာ လူလိမ်ကို လိမ်တာ၊ သူခိုးဆီက ပြန်ခိုးတာတွေက အပြစ်လားဆိုတာ ကိုယ်ကျင့်တရား ဝိရောဓိတွေ ဖြစ်နေလို့ နောက်မှ ဆွေးနွေးပါမယ်။

အပြစ်ရှိစိတ်ဆိုတာက ဘာလဲ ?
အပြစ်ရှိစိတ်ဆိုတာ အနှုတ် လက္ခဏာဆောင်တဲ့ ကိစ္စတစ်ခုမှာ ကိုယ်ကြုံတွေ့သင့်တာကို ကိုယ့်အစား အခြားလူတစ်ယောက်က ကြုံတွေ့သွားပြီး အနှုတ်လက္ခဏာ ဆောင်သွားရင် ခံစားရတဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။

ဥပမာ ကိုယ်ဝယ်ထားတဲ့ ကားလက်မှတ်နဲ့ စီးမိတဲ့သူက accident ကြုံသွားတာမျိုး။
ကိုယ့်ကိုကျွေးတဲ့ မုန့်ကို တိရစ္ဆာန်တစ်ကောင်အား ကျွေးမိရာမှ သေဆုံးသွားတာမျိုး။
စသဖြင့် အပြစ်ရှိစိတ် ကြုံစေတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။

ကိုယ်ဝယ်တော့မယ့် ထီလက်မှတ်ကို သူငယ်ချင်းက ဝယ်ထိုးလို့ ပေါက်သွားရင် အပြစ်ရှိစိတ် မခံစားရပါဘူး။ နှမြောစိတ် ဝမ်းနည်းစိတ်ပဲ ဖြစ်တာပါ။ ဒါကြောင့် အပြစ်ရှိစိတ်က Negative Sense ကို အခြေတည်ပါတယ်။

အပြစ်ရှိစိတ်ကို ကျော်လွှားပစ်လို့ရလား။
ရပါတယ်။ လုံးဝကို ရပါတယ်။ အဲ့အတွက် သင်က Self acceptance ရှိဖို့လိုပါတယ်။

ကိုယ့် အပြစ်ရှိစိတ်ဟာ ဘယ်ကိစ္စကို အခြေခံပြီး ဖြစ်လာတာလဲ တွေးပါ။
အဲ့ကိစ္စဟာ အပြစ်လားဆိုတာကိုလည်း တွေးပါ။
အပြစ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကိုယ်က အဲ့အချိန်မှာ အခြားတစ်ခုခု လုပ်နိုင်ခဲ့ရက်နဲ့ မလုပ်တာလား သေချာတွေးပါ။
လုပ်နိုင်ခဲ့တယ်ဆိုရင်လည်း ဘာကြောင့် မလုပ်မိတာလဲကို တွေးပါ။
လက်ခံပါ။
ရင်ဆိုင်ပါ။

အပြစ်ရှိစိတ်ဆိုတာ ကိုယ့်ဘာသာ ညှင်းဆဲတာနဲ့ တူပါတယ်။ ဖြစ်ပြီးတဲ့ကိစ္စကို ပြန်ပြင်လို့ မရတော့တာကို ရဲရဲဝံ့ဝံ့ လက်ခံရပါမယ်။

အတိတ်ကို ပြင်မရပေမယ့် လက်ရှိနဲ့ အနာဂတ်မှာတော့ အပြစ်ရှိစိတ် ထပ်ပေါ်မလာအောင် ကြိုးစားလို့ရပါတယ်။

အဲ့အတွက် အကြံပေးချင်တာက…
အမြဲတမ်း ၂မျိုးစဥ်းစားပါ။
ဒီလိုလုပ်ရင် နောင်တစ်ချိန်မှာ ဒီလိုဖြစ်မလာရင် အပြစ်ရှိစိတ် ခံစားရနိုင်လား အမြဲမေးပါ။
ခံစားရနိုင်ရင် မလုပ်တာ (သို့) အခြားတစ်မျိုးကို ပြောင်းလုပ်ပါ။

အပြစ်ရှိစိတ်ဟာ လူတိုင်းမှာ ကြုံတွေ့ရနိုင်ပါတယ်။
ဒီစာမှာပါတာတွေက ဟာကွက်တွေ ရှိကောင်း ရှိနိုင်ပါတယ်။

တကယ်တော့ အပြစ်ရှိစိတ်ဆိုတာ ကိုယ့်ဆီမှာပဲ မွေးဖွားလာတာမို့လို့ (self) အခြားကိုယ်မဟုတ်တဲ့သူ (Non-self) တွေကို အပြစ်တင်ခြင်း ဆဲဆိုခြင်း အံ့သြနေခြင်းဖြင့် ကိုယ်က လွတ်မြောက်မှာ မဟုတ်ပါဘူး။

အတိတ်(အပြစ်ရှိစိတ်)ကနေ ရုန်းထွက်ပြီး ကိုယ်နိုင်သလောက် လုပ်ပေးတဲ့(အနာဂတ်)အရာမှာ ကိုယ့်စိတ် (အတွေးနဲ့ ခံစားချက်)ကို မြှုပ်နှံထားလိုက်ပါ။

အပြစ်ရှိစိတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ရင် Science Nuts Page ကို ဖိတ်ခေါ်ပါတယ်။

အပြစ်ရှိစိတ်မှ ကင်းဝေးရင်း လွတ်မြောက်လူသား (Free Man) ဖြစ်လာကြပါစေ။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မသေချာခြင်းများနဲ့ အလုပ်လုပ်ခြင်း (Quantum Mechanics Part 5)

Particle တစ်ခုမှာ အမှုန်သဘာဝပဲရှိတယ်ဆိုရင် မသေချာခြင်းဆိုတာရှိမှာမဟုတ်ဘူး။ Particle ကို ဘယ်နေရာမှာ ရှာလို့ရမယ်ဆိုတာ အတိအကျတွက်ချက်ပြီးပြောနိုင်တယ်။
ဒါပေမယ့် သူ့မှာလှိုင်းသဘာဝလည်းရှိနေတယ်ဆိုတော့ သူ့ကိုလှိုင်းရဲ့ဘယ်နေရာမှာရှာရမလဲဆိုတာ မသေချာမရေရာတော့ဘူးပေါ့။
ဒီလို မသေချာခြင်းတွေနဲ့ပဲ ရအောင်အလုပ်လုပ်ဖို့အတွက် Werner Heisenberg က Uncertainty Principle ကို စတင်မိတ်ဆက်ပေးခဲ့တယ်။

သူ့ရဲ့အဆိုအရ သီအိုရီအရဖြစ်စေ၊ လက်တွေ့မှာဖြစ်စေ ဝတ္ထုတစ်ခုရဲ့ နေရာ (Position) ကိုသိချင်ရင် အဟုန် (Momentum) ကိုမသိနိုင်၊ အဟုန်ကိုသိလိုရင် နေရာကိုမသိနိုင်လို့ဆိုတယ်။
(Momentum = Mass x Velocity)

ဒါဟာ ကျွန်တော်တို့သာမန်လူတစ်ယောက်အနေနဲ့ တွေးကြည့်ရင် တော်တော်ယုတ္တိမရှိတဲ့စကားပဲ။
မောင်းနေတဲ့ကားတစ်စီးရဲ့ အဟုန်ရော၊ နေရာရောကို ကျွန်တော်တို့လွယ်လွယ်နဲ့တိုင်းတာကြည့်လို့ရနေတာပဲ။

ဒါပေမယ့် ဒီ Principle ကပြောတဲ့ဝတ္ထုဆိုတာ လှိုင်းလေးတွေပါ။ (သူတို့ဟာ သေးငယ်လွန်းတဲ့အတွက် ရုပ်လောကရဲ့ကန့်သတ်ချက်တွေ မရှိပါဘူး)
လှိုင်းတစ်ခုကို မြင်ကြည့်ရင် ခုံးတဲ့နေရာတွေနဲ့ ခွက်တဲ့နေရာတွေရှိမှာပါ။
လှိုင်းတစ်ခုလုံးရဲ့နေရာအစုံမှာ Electron ရှိနိုင်စွမ်းကို တွက်ချက်လို့ရပါတယ်။ ဘယ်နားမှာရှိမယ်ဆိုတာ အတိအကျမသိနိုင်ပေမယ့် တွေ့ဖို့ဖြစ်တန်စွမ်းများတဲ့နေရာတွေကိုတော့ သိနိုင်ပါတယ်။

မြင်အောင်ပြောရရင် Electron တစ်လုံးရဲ့နေရာကိုသိချင်လို့ ဓာတ်ပုံရိုက်ချင်တယ်ဆိုပါစို့။
အလင်း (Photon) ရဲ့သက်ရောက်မှုကြောင့် ကျွန်တော်တို့ Electron ရဲ့နေရာကိုသိနိုင်လိုက်ပေမယ့် အလင်းရဲ့စွမ်းအင်ကြောင့် Electron ကိုရွေ့လျားသွားစေပါတယ်။
(အကောင်းဆုံး ဥပမာတစ်ခု မဟုတ်ပေမယ့် စာဖတ်သူပိုနားလည်အောင် ကျွန်တော့အနေနဲ့ ခုထက်ပိုပြီးရှုတ်ထွေးတဲ့နည်းနဲ့သာ ရှင်းပြနိုင်ပါတော့တယ်၊
နားလည်လွယ်အောင်ရှင်းလိုက်တဲ့အခါ တကယ့်ဆိုလိုရင်းအချက်တွေပျောက်သွားပြီး၊ အသေးစိတ်ရှင်းပြတဲ့အခါ အရမ်းရှုပ်ထွေးသွားနိုင်လို့ ဒီလောက်နဲ့ပဲရပ်ထားပါမယ်)

ဆိုတော့…
လောကနိယာမတွေနဲ့ဝေးကွာလွန်း၊ ယုတ္တိဗေဒနဲ့ကင်းလွတ်လွန်းတဲ့ Quantum Mechanics ကိုဘာလို့များ ခေါင်းရှုပ်ခံ၊ ဒုက္ခခံပြီး ကြိုးစားလေ့လာနေကြသလဲ။ အစိုးရတွေက ဘာလို့ ငွေထုတ်ပေးပြီး သုတေသနတွေ အပြိုင်အဆိုင်လုပ်နေကြသလဲ။

အသုံးဝင်လွန်းလို့ပါ။
Digital Age ကိုရောက်လာတာ Quantum Mechanics ကြောင့်ပါ။
Transistors တွေကိုထုတ်လာနိုင်တယ်၊ ဒါတွေဟာ Modern Electronics တွေရဲ့အခြေခံပစ္စည်းဖြစ်လာတယ်။ Computer ပေါ်လာတာ Quantum Mechanics ရဲ့ကျေးဇူးကြောင့်ပါ။
Digital Camera တွေ၊ LED မီးလုံးတွေ၊ LASER တွေ…
ဆေးပညာမှာ ရောဂါရှာဖွေဖို့သုံးတဲ့ MRI (Magnetic Resonance Imaging)
သာမန်အနုဇီဝမှန်ပြောင်းနဲ့မမြင်နိုင်တဲ့ Virus တွေကိုလေ့လာဖို့ Electron Microscope
စွမ်းအင်အမြောက်အများကို ထုတ်ပေးနိုင်တဲ့ Nuclear Reactor (နယူကလိယ ဓာတ်ပေါင်းဖို)…
စတာတွေဟာ Quantum Mechanics ရဲ့ကျေးဇူးကြောင့်ပါ။

(Part 6 မှာတော့ စိတ်ဝင်စားဖွယ် ကိစ္စတစ်ခုဖြစ်တဲ့ Quantum Entanglement အကြောင်းဆက်ရေးပါမယ်)

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Ping မရှိသောဂိမ်းနှင့် Quantum Entanglement (Quantum Mechanics Part 6)

Quantum Mechanics ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကို ရောက်လာပါပြီ။
Quantum Entanglement ဆိုတာ Particle နှစ်ခုချိတ်ဆက်သွား (Connect) တဲ့အခါမျိုးကိုခေါ်တာပါ။
အဲ့ဒီလိုချိတ်ဆက်သွားတဲ့အတွက် Particle တစ်ခုရဲ့လက္ခဏာတစ်ခုကိုပြောင်းလဲလိုက်တာနဲ့ ဘယ်လောက်ကွာဝေးနေပါစေ သူနဲ့ချိတ်ဆက်နေတဲ့ Particle ပါ “ချက်ချင်း” လိုက်ပြီး ဆန့်ကျင်ဘက်ကိုပြောင်းလဲသွားပါတယ်။
Particle တွေမှာ လည်ပတ်မှု (Spin) ဆိုတာရှိပါတယ်။ ကိုယ့်ဘာသာလည်ပတ်နေကြတာပါ။ ဆန့်ကျင်ဘက်ပြောင်းသွားတယ်ဆိုတာ Spin ပြောင်းတာကိုပြောချင်တာပါ။

ချိတ်ဆက်နေတယ်ဆိုတိုင်း ကြိုးတစ်ချောင်းကြားထဲမှာရှိရမယ်ဆိုပြီး မမြင်သင့်ပါ။ Wifi ကို connect လုပ်သလိုမျိုးမြင်ကြည့်ပါ။
(ပုံတွေမှာတော့ မြင်လွယ်အောင် ကြိုးတစ်ချောင်းနဲ့ချိတ်ထားသလို ဆွဲလေ့ရှိကြတယ်)

ဒါလေးများအဆန်းလုပ်လို့ဆိုပြီး ပြောစရာရှိပါတယ်။ မြင်လွယ်အောင် ရှင်းပြပါမယ်။
Online Game ဆော့တဲ့အခါမှာ Ping ဆိုတာလူတိုင်းကြားဖူးမှာပါ။ Ping နည်းလေကောင်းလေပါပဲ၊ ဒါမှ Lag မဖြစ်မှာကို။
ကိုယ်က ခလုတ်တစ်ခုနှိပ်တဲ့အခါတိုင်း အဲ့ဒီ information ကို server ဆီပို့တယ်၊ server ကရောက်ပြီဆိုပြီး အကြောင်းကြားမှ ကိုယ်နှိပ်လိုက်တဲ့ခလုတ်ရဲ့ action ကို ဖုန်းမှာမြင်ရတယ်။
ဒါပေမယ့် Ping နိမ့်နေရင် ကြားထဲမှာ server ဆီကို တကူးတကသွားနေရပါလားဆိုတဲ့အသိမျိုးမရဘူး။ ကိုယ်နှိပ်လိုက်တိုင်း Response ရနေတော့ Offline Game ဆော့နေရသလိုပဲ။
Ping များနေရင်တော့ သိသာပါတယ်။ Lag ဖြစ်နေတယ်။ ကိုယ်နှိပ်သလို Response မလာဘူး။

အနှောင့်အယှက်တွေမရှိရင် Data တွေက အင်တာနက်ကနေ အလင်းမြန်နှုန်းရဲ့ 99.7% နဲ့သွားတယ်။
ဘယ်လောက်မြန်လဲဆို မျက်တောင်တစ်ခါခပ်တာနဲ့ ကိုယ့်ရဲ့ Data က ကမ္ဘာကို ၇ ခါပတ်ပြီးနေပြီ။

Quantum Entanglement အကြောင်းဆက်ပါမယ်။
ချိတ်ဆက်နေတဲ့ Particle နှစ်ခုမှာ တစ်ခုကိုပြောင်းလိုက်တာနဲ့ အခြားတစ်ခုပါ ချက်ချင်း လိုက်ပြီးပြောင်းလဲသွားတယ်ဆိုတာကို Online Game ဆော့နေသလိုမြင်စေချင်တာပါ။
ဒါပေမယ့် ဒီ Online Game မှာ Ping မရှိပါဘူး။ Response ချက်ချင်းရမှာပါ။

ခုလည်း Game ဆော့ရင်ချက်ချင်း Response လာနေတာပဲလေလို့ မပြောခင် အောက်ကစာကို ဆက်ဖတ်ပေးပါ။
နောက်ပိုင်းနည်းပညာတွေ တိုးတက်လာလို့ အင်္ဂါဂြိုလ် (Mars) မှာနေနေတဲ့ လူက ကမ္ဘာမှာရှိတဲ့ Online Game တစ်ခုကိုလှမ်းဆော့မယ်ဆိုပါစို့။
Mars နဲ့ Earth ပျမ်းမျှ မိုင်ပေါင်း ၁၄၀ သန်းဝေးပါတယ်။
Einstein က သူ့ရဲ့ Special Theory of Relativity မှာ အလင်းထက်မြန်တာမရှိဘူးလို့ဆိုခဲ့တော့ Data တွေက Mars ကနေ Earth ကိုသွားဖို့ ပျမ်းမျှ 12 မိနစ်ခွဲကြာမှာပါ။
ဆိုတော့… ပြန်လာဖို့လည်း တူတူပါပဲ။
Mars ကနေ ခလုတ်တစ်ချက်နှိပ်တာနဲ့ Response ရဖို့ 25 မိနစ်စောင့်ရမှာပါ။ ဂိမ်းကိုမကစားရသေးဘဲ တစ်ပွဲပြီးနှင့်နေပြီဆိုတာမျိုး ဖြစ်နေမှာပါ။

Quantum Entanglement နဲ့ဆိုရင် 25 မိနစ်စောင့်နေစရာမလိုပါဘူး။
စကြဝဠာရဲ့ဘယ်နေရာကဖြစ်ဖြစ် Ping မရှိဘဲဂိမ်းကစားနိုင်မှာပါ။
(မြင်လွယ်အောင်ပြောခြင်းဖြစ်ပါတယ်၊ သူ့ရဲ့အသုံးဝင်မှုက Online Game ဆော့ဖို့ထက် အများကြီးပိုပါတယ်)

ဒါကို Einstein က “Spooky action at a distance” လို့ပြောခဲ့ပါတယ်။
အလင်းထက်မြန်တဲ့ဆက်သွယ်မှုတစ်ခုရှိတယ်ဆိုတာကို သူလုံးဝလက်မခံနိုင်ခဲ့ပါဘူး။
Einstein လွဲမှားကြောင်း နောက်ပိုင်းမှာသက်သေပြနိုင်ခဲ့ကြပါတယ်။
အလင်းထက်မြန်တဲ့ဆက်သွယ်မှုဆိုတာ တကယ်ရှိနေတာပါ။

ခုထိတော့ ဒီနည်းပညာဟာစမ်းသပ်ဆဲကာလမှာပဲ ရှိပါသေးတယ်။
အနာဂတ်မှာ လက်တွေ့အသုံးဝင်လာဖို့မျှော်လင့်မိပါတယ်။

ကြည့်ဖူးသလောက် Movie တွေမှ Quantum Entanglement အကြောင်း မတွေ့ဖူးသေးပါဘူး။ (မနှံ့စပ်တာဖြစ်နိုင်ပါတယ်)
Hard Sci-fi တွေထဲမှာတော့ ရေးသားကြပါတယ်။
(Spoiler Alert: Cixin Liu ရေးတဲ့ The Three Body Problem မှာဆို Alien တွေက လူသားတွေရဲ့နည်းပညာတိုးတက်မှုကို နှောင့်ယှက်ဖို့အတွက် Quantum Entanglement နည်းပညာကိုအသုံးပြုခဲ့ပါတယ်)

(Part 7 မှာ Quantum Teleportation အကြောင်းထပ်ရေးပါမယ်)

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started