Personality disorder အကြောင်းပြောကြရာဝယ် (Part 3)

လူတယောက်ရဲ့ Personality တခုကို disorder လို့ခေါင်းစဥ်တပ်ဖို့အတွက် အချက်တွေအများကြီးထည့်သွင်းစဥ်းစားရပါတယ်။

By definition အရတော့
Long-lasting, inflexible & maladaptive personality traits” are personality disorders လို့ဆိုကြတယ်။

Trait တစ်ခုက လိုတာထက်ပိုပြီးလွန်ကဲလာမယ်။

အချိန်ကာလတစ်ခုမှာပဲ ခဏဖြစ်တာမဟုတ်တော့ဘဲ အချိန်ကြာရှည်စွာ လွှမ်းမိုးလာမယ်။

အသက် ၁၈ မတိုင်ခင်က စသတိထားမိလာပြီး အရွယ်ရောက်လာတဲ့အထိ ဆက်လက်ရှိနေမယ်။
(တချို့စာအုပ်များက personality disorder လို့ခေါင်းစဥ်တပ်ဖို့ အသက်၁၈နှစ်ပြည့်ပြီးဖြစ်ရမယ်လို့လဲဆိုကြတယ်။)

မိမိကိုယ်ကို ထိခိုက်မှုတွေရှိလာမယ်။
Social life ကို မဝင်ဆန့်ဖြစ်လာမယ်။
အများသူငါနဲ့ အလုပ်အတူတွဲလုပ်လို့မရဘဲ လုပ်ငန်းခွင်ဘဝပါ ထိခိုက်လာမယ်။ Suicidal tendency ရှိလာမယ်။

ပတ်ဝန်းကျင်ကသူတွေကိုပါ ဘေးရန်ဖြစ်စေလာမယ်။

ဒီလိုအချက်တွေဖြစ်လာပြီဆိုရင် trait အဆင့်ကနေ disorder အဆင့်ဖြစ်လာပြီလို့ပြောလို့ရပါပြီ။

ဒါ့အပြင် Personality disorder လို့သတ်မှတ်ဖို့အတွက် ဝေဒနာရှင်ရဲ့လက္ခဏာတွေက မူးယစ်ဆေးဝါး ၊ စိတ်ကိုပြောင်းလဲစေတတ်သော အခြားဆေးဝါးများသုံးစွဲထားသောကြောင့်မဖြစ်ရပါ။ အခြားသော ရှိရင်းစွဲ စိတ်ဝေဒနာများကြောင့် ဖြစ်လာတဲ့လက္ခဏာမျိုးလဲ မဟုတ်ရပါ။
ဆေးသုံးထားလို့ အခြားရောဂါအခံရှိလို့ မဟုတ်ဘဲ သီးခြားဖြစ်ပေါ်လာမှသာ personality disorder လို့သတ်မှတ်ကြပါတယ်။

Personality disorder တွေကို အကြမ်းဖျင်း အုပ်စုကြီး ၃အုပ်စု(3 clusters) ခွဲထားပါတယ်။

Cluster A = “Odd” or “Eccentric”
Cluster B = “Dramatic” or “Emotional”
Cluster C = “Anxious” or “Avoidant”

Cluster A ကို အကြမ်းပြောရရင် “Weird” or
(ဂေါက်ကြောင်အုပ်စု )လို့ အလွယ်မှတ်ထားလို့ရပါတယ်။

Cluster B ကတော့ “Wild” (ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း စိတ်ခံစားချက်ပြင်းတဲ့အုပ်စု)လို့ အလွယ်မှတ်လို့ရပါတယ်။

Cluster C ကတော့ “Worried” (ပူပန်သောကအုပ်စု) လို့အကြမ်းမှတ်ထားလို့ရပါတယ်။

ဒီ Cluster 3ခုထဲ ထည့်လို့မရတဲ့ တခြား personality disorder တချို့လဲကျန်ပါသေးတယ်။
ဥပမာ – Personality disorder not otherwise specified (NOS) (ဘယ်အမျိုးအစားနဲ့မှ ခွဲလို့မရသောအုပ်စု)

Passive aggressive personality disorder
Sadistic personality disorder Sadomasochistic personality disorder
စသဖြင့် အမျိုးကွဲများလဲရှိသေးရာ

စိတ်ဝင်စားသူ တောင်းဆိုသူများပြားပါက
Unnatural sexual behaviour ခေါင်းစဥ်အောက်မှာ ထည့်သွင်းရေးသားပေးပါ့မယ်။

စာရေးသူအနေနဲ့ ဒီpost မှာတော့ အဓိက အုပ်စုကြီး ၃ခုကိုသာ တခုစီ အပိုင်းများခွဲ၍ တင်ပြသွားပါမယ်။

Stay tuned for next parts!

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Schrödinger’s cat (Quantum Mechanics Part 2)

ဒီ Topic ကို မကြားချင်၊ မမြင်ချင်မှအဆုံး ခဏခဏတွေ့ဖူးကြမှာပါ။
Quantum Mechanics ကိုနားလည်နိုင်ဖို့ သာမန်လူတွေမြင်သာတဲ့ Thought Experiment တစ်ခုအဖြစ်နဲ့ Erwin Schrödinger ကဖော်ပြခဲ့ပါတယ်။
(ဒီစာကို ဆက်မဖတ်ခင် Quantum Mechanics Part 1 ကို အရင်ဖတ်စေလိုပါတယ်၊ အသေးစိတ်များကို Part 1 မှာမြင်လွယ်အောင် တတ်သလောက် ရှင်းပြထားပါတယ်)

စမ်းသပ်မှုအကြောင်း ပြောရအောင်။
ကြောင်တစ်ကောင်ကို အလုံပိတ်သေတ္တာတစ်ခုထဲထည့်ထားလိုက်တယ်။
(ကြောင်ကို ရှေ့အခန်းမှာပြောခဲ့တဲ့ Electron လို့မှတ်ယူလိုက်ပါ)

သေတ္တာထဲမှာ ရေဒီယိုသတ္တိကြွပစ္စည်းတစ်ခု (Radioactive Sample) ကိုထည့်ထားတယ်။
အဲ့ဒီပစ္စည်းမှာ ပျက်စီးယိုယွင်းမှု (Decay) ဖြစ်ပြီး ကြောင်ကိုသေစေဖို့ 50% chance ရှိတယ်ဆိုပါတော့။
သေတ္တာက အလုံပိတ်ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကြောင်ကလေးသေ၊ မသေကို ဘယ်လိုမှ မသိနိုင်ဘူး။
အဖုံးကိုလှပ်ကြည့်မှ သိနိုင်မယ်။
(အဖုံးဖွင့်ကြည့်လိုက်တယ်ဆိုတာ Observe လုပ်လိုက်ခြင်းပါပဲ)


အဖုံးဖွင့်စရာမလိုဘဲမြင်ရအောင် မှန်အကြည်နဲ့သေတ္တာကို လုပ်ထားပါလားလို့ စကားကပ်စရာရှိပါတယ်။
အထဲထဲကအရာကို ကျွန်တော်တို့မြင်နိုင်နေသမျှ သူ့အပေါ်မှာ အလင်းရဲ့သက်ရောက်မှုရှိနေမယ်ဆိုတာပါပဲ။ အဲ့ဒီအတွက်ကြောင့် မှန်ကန်တဲ့အဖြေကို မရနိုင်တော့ပါ။
(မြင်တယ်ဆိုတာ အလင်းက ကျွန်တော်တို့မြင်နေတဲ့အရာဝတ္ထုကနေ Reflect လုပ်ပြီး မြင်လွှာပေါ်ရောက်လာလို့ပါ)

အဖုံးမလှပ်ကြည့်ခင် ကြောင်ကလေးက သေနေတာလည်းဖြစ်နိုင်သလို၊ ရှင်နေတာလည်းဖြစ်နေနိုင်တယ်။ အခြေအနေ ၂ခုလုံးမှာ တပြိုင်တည်းရှိနေနိုင်တယ်။
(Electron တစ်ခု Superposition ဖြစ်နေတာနဲ့ ခိုင်းနှိုင်းလိုခြင်းဖြစ်တယ်)

အဖုံးဖွင့်လိုက်ခြင်းက ကြောင်ကလေး သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်တယ်။
(Electron ရဲ့ Wave Function Collapse ဖြစ်သွားတာကိုပြောချင်တာပါ)
သင့်ရဲ့စူးစမ်းလိုစိတ်ကြောင့် ကြောင်ကလေးသေသွားနိုင်ပါတယ်။

ဒါဟာလက်တွေ့ဘဝနဲ့တော်တော်ဝေးကွာတဲ့ Thought Experiment တစ်ခုလို့ထင်စရာရှိပါတယ်။ Electron တွေနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ ဒါတွေအချိန်နဲ့အမျှဖြစ်နေကြတာပဲ။
Sub-atomic Particles တွေမှာ ထင်တိုင်းကျဲဖြစ်ချင်သလိုဖြစ်နေပြီး ကြောင်တွေ၊ လူတွေ၊ သက်ရှိတွေက ဘာလို့ရုပ်လောကရဲ့နိယာမတွေကို လိုက်နာနေရတာလဲ။ လူတွေရော တစ်ချိန်တည်းနဲ့နေရာများစွာမှာ ရှိနေလို့မရနိုင်ဘူးလား။


ကြောင်နဲ့ပဲ ဥပမာပြန်ပေးလိုပါတယ်။
Electron ဆိုတာ Fundamental Particles (ထပ်မံခွဲစိတ်လို့မရတော့တဲ့ အမှုန်) ထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။
ဘယ်လောက်ထိသေးသလဲဆို သူ့ရဲ့ Size ကို ခန့်မှန်းခြေပဲပြောနိုင်ကြတယ်။
(သူ့ထက်သေးတာ Neutrino ပဲရှိတော့တယ်)
ကြောင်ဆိုတာ Electrons ပေါင်းများစွာပါတဲ့ သက်ရှိပါ။ ကြောင်လည်း Electron လိုပဲပြုမူသင့်တာပေါ့။
ဒါပေမယ့် အရာဝတ္ထုတစ်ခုကြီးလေလေ၊ သူ့ရဲ့ Wavelength သေးလေလေဖြစ်တယ်။

ကြောင်ရဲ့အရွယ်အစားကြောင့် သူ့ရဲ့လှိုင်းဟာ Detect ဖြစ်လောက်အောင်မရှိတော့လို့ Wave လိုပြုမူမယ့်အစား Particle လိုပဲပြုမူကြတော့တယ်။

(Part 3 ဆက်ရေးပါဦးမယ်)

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဖောက်ပြန်သော အလင်း နှင့် Double Slit Experiment (Quantum Mechanics Part 1)

အလင်းဟာ သစ္စာရှိတယ်လို့ ထင်ပါသလား။
ရှေ့တင်ဆိုတမျိုး၊ ကွယ်ရာကြတမျိုးဆိုတဲ့အထဲမှာ အလင်းကိုလည်း မပါမဖြစ်ထည့်ပေးရမှာပါ။
မနက်ခင်း နေရောင်ထိုးရင် အလင်းတန်းကို ကြည့်လိုက်တဲ့အခါ အလင်းကို အမှုန်တွေလိုတွေ့နေရပါတယ်။
ဒါဆိုအလင်းက အမှုန်သဘောရှိတာပေါ့။
မြင်မှယုံမယ်ဆိုတဲ့သူတွေအတွက်တော့ ဒီလောက်နဲ့ပဲ ကိစ္စပြတ်သွားတာပေါ့။

ဒါပေမယ့် Einstein က အလင်းမှာ အမှုန်သဘာဝရော၊ လှိုင်းသဘာဝရောရှိတယ်လို့ဆိုခဲ့တယ်။
အဲ့လိုနဲ့ Double Slit Experiment ကိုလုပ်လိုက်ကြတယ်။
စမ်းသပ်တာက ရိုးရိုးလေးပါပဲ။ အပေါက် ၂ပေါက်ပါတဲ့ ကတ်ထူပြားကို ထောင်ထားလိုက်တယ်။ နောက်မှာ detect လုပ်နိုင်တဲ့ Detector ကိုထားလိုက်တယ်။
ပြီးတော့ အလင်းကိုလွှတ်ပေးလိုက်တယ်။ (အစောပိုင်းကာလတွေမှာ ဒီလိုစမ်းသပ်ခဲ့ကြတယ်)
အဲ့ဒီနောက်ပိုင်းမှာ Electron ကိုသုံးပြီးစမ်းသပ်ကြတယ်။

(ဆက်ပြောမယ့်စမ်းသပ်မှုမှာ Electron လို့ပဲသုံးသွားပါတော့မယ်၊ သိစေလိုတာက Photon, Electron, Neutron ကြိုက်တာနဲ့စမ်း၊ အဖြေကတော့ တူတူပါပဲ)

Electron source က တစ်ကြိမ်မှာ Electron တစ်ခုကိုပဲထုတ်ပေးတာပါ။
အပေါက် ၂ပေါက်ရှိတဲ့အထဲက တစ်ပေါက်စီကို Electron ထွက်လာတိုင်းဝင်လို့ Detector ပေါ်မှာ မျဉ်းနှစ်ကြောင်းမြင်ရတာ ဘာမှမထူးဆန်းပါ။ (ဘောလုံးတစ်လုံးကို အပေါက်နှစ်ပေါက်ထဲ မှန်းပြီးပစ်လို့ တန်းတန်းမတ်မတ်ဝင်သွားတဲ့အခါမျိုးကိုမြင်ကြည့်ပါ)

ဒါပေမယ့် အဲ့လိုမတွေ့ရဘဲ မျဉ်းတွေအများကြီးပေါ်လာတယ်။ ထူးခြားတာက ကတ်ထူပြားရဲ့အပေါက် ၂ခုကြားက အကာရဲ့နောက်မှာတောင် မျဉ်းတွေလာပေါ်နေတယ်။ (တည့်တည့်လာတဲ့၊ ကွေ့ဝိုက်ခြင်းမရှိတဲ့ ဘောလုံးက ဂိုးတိုင်ရဲ့နောက်တည့်တည့်မှာ ရောက်ရှိနေတာမျိုးကို မြင်ကြည့်ပါ)


ဘာနဲ့သွားတူလဲဆိုရင် လှိုင်းတွေအချင်းချင်း ပေါင်းကြ၊ ချေဖျက်ကြတာနဲ့တူနေတယ်
ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ လှိုင်းအကြောင်းတွေကို မှတ်မိကြမှာပါ။
လှိုင်းတစ်ခုမှာ လှိုင်းခုံးနဲ့လှိုင်းခွက်ဆိုပြီး ရှိတယ်။
ခုံး + ခုံး (သို့) ခွက် + ခွက် ဆိုရင် ပိုကြီးမားတဲ့ လှိုင်းကိုရမယ်။
ခုံး + ခွက် (သို့) ခွက် + ခုံး ဆိုရင် အချင်းချင်းချေဖျက်သွားကြတယ်။

ဒါပေမယ့် ခုလိုဖြစ်ဖို့ဆို လှိုင်း ၂ခုလိုမှာပေါ့။
Electron Source ကတစ်ကြိမ်မှာ Electron တစ်လုံးပဲထုတ်ပေးနိုင်တယ်ဆိုတော့ ခုလို ပေါင်းသွားဖို့၊ ချေဖျက်ကြဖို့ နောက်လှိုင်း ၁ခုလိုနေတယ်။ အဲ့ဒီလှိုင်းဘယ်ကနေလာလဲ။

အဲ့ဒီတော့ Electron က တစ်ချိန်တည်းနဲ့ နေရာတကာမှာရှိနေနိုင်လို့ ဒီလိုတွေဖြစ်လာတာဆိုပြီး ယူဆလိုက်ကြတယ်။ Superposition လို့ခေါ်တယ်။
(မြင်အောင်ပြောရရင် လူတစ်ယောက် တစ်ချိန်တည်းနဲ့ နေရာများစွာမှာရှိနေနိုင်တာမျိုးပါ၊ ဒါဟာ Physically Impossible ဖြစ်ပေမယ့် ကျွန်တော်တို့ပြောနေတာ Sub-atomic Particles ဖြစ်တဲ့အတွက်ကြောင့် ရုပ်လောကရဲ့ကန့်သတ်ချက်တွေ သူတို့မှာမရှိပါဘူး)

အဲ့တော့ တစ်ချိန်တည်းနေရာတကာရှိနေတဲ့ Electron ကိုမြင်ချင်တော့ ဘယ်လိုထပ်စမ်းကြလဲဆို ကတ်ထူပြားမှာ Detector နောက်တစ်ခု တပ်လိုက်တယ်။ ဒါကို The Act of Measurement လို့ခေါ်တယ် (အလွယ်ပြောရရင် တိုင်းတာကြည့်လိုက်တယ်ပေါ့)
Physically Impossible Phenomenon ကိုမြင်လိုက်ရမယ်လို့ထင်ပါသလား။

စောင့်ကြည့်ခံရတဲ့ Electron က အမှုန်လိုပဲတုံ့ပြန်တော့တယ်။ ဒါကို Wave Function Collapse (လှိုင်းသဘာဝပျက်သွားတယ်) လို့ခေါ်ကြတယ်။
တစ်ချိန်တည်းနဲ့ နေရာတကာမှာရှိနေတယ်ဆိုတာမျိုးမဟုတ်တော့ဘူး။
ဘယ်လိုသိသလဲဆိုရင် ကတ်ထူပြားနောက်က Detector မှာ မျဉ်း ၂ကြောင်းပဲပေါ်တော့တယ်။

အဲ့ဒါနဲ့ Electron ကိုစောင့်ကြည့်နေတဲ့ Detector ကိုဖယ် (ပိတ်) လိုက်ပြီး ပြန်စမ်းသပ်ကြည့်တဲ့အခါ မျဉ်းတွေအများကြီး တွေ့ရပြန်တယ်။
Electron က စောင့်ကြည့်ခံရတာကိုသိပြီး မျက်လှည့်ပြနေသလိုပဲ။

ဒါကို Observer Effect လို့ခေါ်ကြတယ်။
စောင့်ကြည့်လေ့လာခြင်းက လှိုင်းသဘာဝကိုပျက်သွားစေတယ်။
လွယ်လွယ်ပြောရရင် တိုင်းတာလိုက်ပြီဆိုကတည်းက ကတ်ထူပြားပေါ်က Detector ရဲ့အလင်းက Electron ကိုသွားထိနေပြီဆိုတော့ သူ့ရဲ့နဂိုရှိတဲ့သဘာဝအတိုင်းမပြုမူတော့ဘဲ ပြောင်းသွားတဲ့သဘောပါ။
(အိမ်မှာတစ်ယောက်တည်းရှိချိန်နေထိုင်ပုံနဲ့ ဧည့်သည်လာတဲ့အချိန်နေထိုင်ပုံကို မြင်လွယ်အောင်ပြောနိုင်ပါတယ်)
အရင်က Observer Effect လို့ပြောကြရင် “လူ” (Conscious mind) လိုတယ်လို့အထင်မှားခဲ့ကြတယ်။ ဒါကြောင့် သိစိတ်က ဖြစ်ရပ်မှန် (Reality) တွေကို လွှမ်းမိုးနိုင်တယ်လို့ လွှဲမှားယူဆခဲ့ကြတယ်။

(စာတော်တော်ရှည်ပြီမို့ Part 2 မှာဆက်ဖတ်ပေးပါ)

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Personality disorder အကြောင်းပြောကြရာဝယ် (Part 2)

ဒီတခါမှာတော့ disorder အကြောင်းမသွားခင် Personality trait အမျိုးအစားများနဲ့
Personality ကိုစစ်ဆေးတဲ့ test လေးတွေအကြောင်း အကျဥ်းပြောပြပါရစေ။

Psychology မှာ personality trait ကို အမျိုးစားခွဲတဲ့အခါ တကျောင်းတဂါထာဆန်းဆိုသလို အမျိုးမျိုးခွဲကြပါတယ်။

Allport’s Trait theory မှာတော့

  1. Cardinal traits (အခြေခံအမူအကျင့်)
  2. Central traits (ပင်မအမူအကျင့်)
  3. Secondary traits (အခြေနေတခုအရထွက်ပေါ်လာသောအမူအကျင့် ဥပမာ စင်ပေါ်မှာစကားပြောခိုင်းမှ စိတ်လှုပ်ရှားလာခြင်း) ဆိုပြီး
    ၃မျိုးခွဲထားပါတယ်။

Raymond Cattell ဆိုတဲ့ psychologist ကတော့ trait 16 မျိုးဟု ခွဲခြမ်းစိတ်ဖြာပြခဲ့ပြီး

Hans Eysenck ဆိုတဲ့ psychologist ကမူ trait များကို Dimension ၃မျိုးနဲ့ ဖော်ပြပြန်ပါတယ်။

အများလက်ခံကြတဲ့ theory ကတော့ Big Five Personality Traits လို့ခေါ်ပြီး အမျိုးစား ၅မျိုးပါဝင်ပါတယ်။
အဲ့တာတွေကတော့

  1. Extraversion
    (ဘယ်လောက် social ကျသလဲ ၊ လူအများနဲ့ဘယ်လောက်ပေါင်းသင်းတတ်သလဲ)
  2. Agreeableness
    (တခြားသူတွေအပေါ်ဘယ်လောက် ခင်မင်ရင်းနှီးတတ်လဲ ဘယ်လောက် ယုံကြည်ပြီးသံယောဇဥ်တွယ်တတ်လဲ)
  3. Conscientiousness
    (ဘယ်လောက်စနစ်တကျ စေ့စပ်စွာလုပ်ကိုင်တတ်လဲ ၊ ဘယ်လောက်အမျှော်အမြင်ရှိပြီး စိတ်လိုဘကို ထိန်းချုပ်တတ်လဲ)
  4. Neuroticism
    (စိတ်ခံစားမှုဘယ်လောက် တည်ငြိမ်လဲ)
  5. Openness
    (တီထွင်ကြံဆတတ်မှု ၊စိတ်ကူးစိတ်သန်းကောင်းမှု၊ စိတ်ဝင်စားတတ်မှု ဘယ်လောက်ရှိလဲ) စတဲ့ အချက်၅ချက်ပါဝင်ပြီး Personality တိုင်းဟာ ဒီ trait 5 ခု အချိုးကျကျ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာရတယ်လို့ လက်ခံယူဆထားကြပါတယ်။

ဒါဆို Personality ကိုသိအောင် ဘယ်လိုစမ်းသပ်စစ်ဆေးကြမလဲ။

အများအားဖြင့် မိမိဘာသာ မိမိ personality ကိုသတိထားမိကာ နားလည်ပြီးသားဖြစ်ကြပါတယ်။

အမျိုးအစားကို တိတိကျကျ နာမည်တပ်ပြီး သိချင်ရင်တော့ Personality test တွေရှိပါတယ်။

အဲ့ Personality test တွေထဲမှာမှ နာမည်ကြီး test တခုကတော့
Myers-Briggs 16 personalities test ပဲဖြစ်ပါတယ်။

American သူ ၂ဦးဖြစ်တဲ့
Katherine Cook Briggs နဲ့
သူ့သမီး Isabel Briggs Myers တို့က အိမ်ထောင်ဖက်လောင်းရဲ့ စိတ်နေစိတ်ထားကိုသိဖို့အတွက် စတင်လေ့လာရင်း သူတို့နဲ့နီးစပ်တဲ့ဆွေမျိုးများ ၊ ထင်ရှားသောပုဂ္ဂိုလ်များရဲ့ personality တွေကိုပါ သိဖို့ ကြိုးစားခဲ့ပါတယ်။

ဒီ test မှာ မတူညီတဲ့ trait အစုံ 4 စုံ ပါဝင်ပြီး ထိုtrait များကို စနစ်တကျတွဲလိုက်ခြင်းဖြင့်
မတူညီသော personalities 16 မျိုးရရှိလာမှာဖြစ်ပါတယ်။

Trait 4စုံကတော့

Extraversion (E) Vs Intraversion (I)
(အပေါင်းသင်းမက်သူလား Vs တယောက်ထဲနေရတာကြိုက်တတ်သူလား)

Sensing (S) Vs Intuition (N)
(လက်တွေ့ကျကျရှာဖွေချဥ်းကပ်သူလား Vs
ဖြစ်နိုင်ချေများ သဘောတရားများကို ဆက်စပ်စဥ်းစားတွေးတောပြီးမှ
အဖြေထုတ်တတ်သူလား)

Thinking (T) Vs Feeling (F)
(အရာရာချင့်ချိန်စဥ်းစားပြီးမှ ဆုံးဖြတ်ချက်ချတတ်သူလား Vs
စိတ်ခံစားချက်ကိုလိုက်၍ ပေါ့ပေါ့ပါးပါးဆုံးဖြတ်တတ်သူလား)

Judging (J) Vs Perceiving (P)
(အသေးစိတ် plan ချပြီး ဘဝကိုအစီစဥ်တကျ တဆင့်ချင်းသွားတတ်သူလား Vs
ကြုံတွေ့လာမှ ရင်ဆိုင်ပစ်လိုက်ပြီး flexible ဖြစ်စွာနေထိုင်တတ်သူလား)

တို့ပဲဖြစ်ပါတယ်။

သက်ဆိုင်ရာ Personalities 16မျိုးကို အောက်က ပုံမှာလဲ လေ့လာနိုင်ပါတယ်။

အောက်က linkထဲဝင်ပြီး မေးခွန်းများဖြေကာအလွယ်တကူစစ်ဆေးနိုင်ပါတယ်။

https://www.16personalities.com/free-personality-test

ဒါဆို Personality ကို ဘယ်လိုခွဲထားတယ်။ ဘာအမျိုးစားတွေရှိလဲ အနည်းငယ်သဘောပေါက်သွားလောက်ပြီထင်ပါတယ်။

ဒါဖြင့်ရင်
ဘဝတလျှောက် Personality တွေက အမြဲတမ်း တသတ်မတ်ထဲ မပြောင်းလဲတော့ဘူးလား?

ဒီမေးခွန်းကလဲ အခုထိ ပြောရခက်တဲ့ ဒွိဟဆန်တဲ့ကိစ္စတခုဖြစ်နေပါတယ်။

တချို့က Personality တွေက စိတ်ခံစားမှုရင့်ကျက်လာတာနဲ့အမျှ ပြောင်းသွားနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဥပမာ ငယ်စဥ်က ကျောင်းသားဘဝမှာ လူရှေ့မထွက်ရဲတဲ့ အရှက်ကြောက်ကြီးသူ introvert တွေက အသက်ကြီးလို့ ပညာပြည့်ဝလာပြီးရင့်ကျက်ကာ အတွေ့အကြုံရလာတဲ့အခါ Confidence ရှိရှိနဲ့ လူအများရှေ့မှာ ဟောပြောနိုင်လာတာကို တွေ့ရပါတယ်။

တချို့ကလဲ ဒါကို ရှိရင်းစွဲ personality ပြောင်းသွားတာလို့လက်မခံကြဘဲ နဂိုထဲက borderline ဖြစ်နေတဲ့အတွက် ငယ်ငယ်ကမသိသေးတဲ့ personality ကကြီးမှပေါ်လာတာလို့လဲငြင်းကြပါတယ်။

ခေါင်းကိုအပြင်းအထန်ထိခိုက်မိပြီး အသက်မသေပဲ ရှင်ကျန်ခဲ့တဲ့သူတွေမှာတော့ brain ရဲ့ frontal lobe အပြောင်းလဲဖြစ်ပြီး personality ပြောင်းလဲသွားတဲ့သာဓကမျိုးတော့ရှိခဲ့ပါတယ်။

ဒီနေရာမှာ တခုပြောချင်တာက
Personality တွေကွဲထွက်နေတဲ့ split personality (or) Multiple personality disorder ဆိုတာက Dissociative Disorders ထဲမှာထည့်ထားပါတယ်။

ဒါက ရှိပြီးသား personality ပြောင်းသွားခြင်းမဟုတ်ဘဲ personality များစွာ အတူတကွတည်ရှိနေတာပါ။

ပိုထင်ရှားစွာသိချင်ရင် 2016 ကထွက်ထားတဲ့ “Split” ဆိုတဲ့ English movie ကိုကြည့်ရူနိုင်ပါတယ်။

နောက်အပိုင်းတွေမှာ personality disorder တွေတခုစီ ဆက်လက်တင်ပြမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆို
Stay tuned ပါဗျ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Many Worlds Theory (Quantum Mechanics Part 4)

(Part 1, 2, 3 ကို မဖတ်ရသေးဘဲ ဒီစာကိုမဖတ်သင့်ပါ)

Copenhagen Interpretation က Superposition ဖြစ်နေတဲ့ Electron တစ်ခု Wave Function Collapse ဖြစ်သွားရင် ဖြစ်တန်စွမ်းတွေထဲကတစ်ခုခုမှာ Electron ရောက်သွားတယ်လို့ဆိုတယ်။
(ကြောင်ကလေး သေတယ်၊ ရှင်တယ်ဆိုပြီး ဖြစ်တန်စွမ်း ၂မျိုးပဲရှိတဲ့အထဲက ၁မျိုးမျိုးဖြစ်သွားခြင်းကို ဆိုလိုချင်တာပါ)

Many Worlds Theory ကတော့ အဲ့ဒီလိုမယူဆဘူး။
Anything that can happen does happen” လို့ဆိုပါတယ်။
တိုင်းတာလိုက်ခြင်းကြောင့် ကြောင်လေး သေတာရော၊ ရှင်တာရော ၂မျိုးလုံးဖြစ်သွားတယ်လို့ဆိုလိုချင်တာဖြစ်တယ်။

သေတဲ့ကြောင်ရော၊ ရှင်တဲ့ကြောင်ရောကို လေ့လာသူက မြင်တွေ့ရမယ်လို့ဆိုလိုခြင်းမဟုတ်ပါ။ ကြောင် ၂ကောင်ဖြစ်သွားမှာလည်းမဟုတ်ပါ။
မြင်အောင်ပြောရရင် ကမ္ဘာနှစ်လုံးကွဲသွားတာကို ဆိုလိုပါတယ်။ (ထပ်ရှင်းအောင်ပြောရရင် စကြဝဠာကြီးနှစ်ခုဖြစ်သွားတာပါ)
Earth No. 1 မှာကြောင်လေးသေပြီး Earth No. 2 မှာ ကြောင်လေးရှင်နေတာမျိုးပါ။
စာဖတ်သူက Earth No. 1 မှာဆို ကြောင်လေးသေတာပဲမြင်တွေ့ရမှာပါ။

ဖြစ်တန်စွမ်းတွေမတူတိုင်းသာ ကမ္ဘာတွေကွဲနေမယ်ဆိုရင် ကမ္ဘာတွေဘယ်လောက်များ များနေပြီလဲ။ (စိတ်ကူးနဲ့တောင် သေချာမတွေးနိုင်ပါ)
စာဖတ်သူအနေနဲ့ ဒီနေ့နေ့လည်စာစားမယ်၊ မစားဘူး ဆုံးဖြတ်ရင်တောင် ကမ္ဘာနှစ်လုံးကွဲနေတဲ့သဘောဖြစ်နေပါတယ်။
(ဒါဆို ကိုယ့်ကို Crush က မငြင်းတဲ့ ကမ္ဘာလည်းရှိနေမှာပါ၊
World War 2 မှာ Hitler နိုင်သွားတဲ့ကမ္ဘာလည်း ရှိမှာဖြစ်ပါတယ်)

အဓိပ္ပါယ်မရှိလိုက်တာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါတွေကို သက်သေမပြနိုင်သေးပါ။
Experiment ၁ခုရဲ့ရလဒ်ကို Interpret လုပ်နေကြခြင်းသာဖြစ်ပါတယ်။
Physicist တွေအချင်းချင်းတောင် ငြင်းကြခုန်ကြဆဲပါပဲ။

ဒီ Theory ရဲ့ကောင်းတဲ့အချက်ကတော့ Alternative Reality ဆန်ဆန် Sci-fi ဇာတ်လမ်းတွေ၊ ဝတ္ထုတွေကို အစပျိုးပေးလိုက်ခြင်းဖြစ်တယ်။
ခုခေတ်မှာတော့ လူတိုင်းက Parallel Universe ဆိုတာ ဘာလဲသိနေကြဖြစ်ပါတယ်။

အခြားမထင်မရှား Interpretation များလည်းရှိပါသေးတယ်။
Pop Culture အရစိတ်ဝင်စားဖို့ မကောင်းတဲ့အတွက် ဆက်မရေးတော့ပါဘူး။

မသေချာခြင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ Quantum Mechanics က လက်တွေ့ဘဝမှာ တကယ်ရောအသုံးကျလို့လား။
လောကကြီးကို ဘာတွေမျာအကျိုးပြုလို့ ပညာရှင်တွေ၊ အစိုးရတွေက ဒီပညာရပ်ဆက်လက်တိုးတက်ဖို့ ငွေကြေးအမြောက်အများစိုက်ထုတ်ပြီး သုတေသနတွေလုပ်နေကြတာလဲ ဆိုတာ Part 5 မှာဆက်ဖတ်ပေးပါ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started