အချိန်ခရီးသွားသော Electron (Quantum Mechanics Part 3)

(Part 1 နဲ့ Part 2 ကိုမဖတ်ဘဲ ခုရေးမယ့်စာကိုကျော်မဖတ်သင့်ပါ)

Double Slit Experiment မှာ Detector တစ်ခုကို ကတ်ထူပြားပေါ်မှာထားခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။
အဲ့ဒီအတွက်ကြောင့် စောင့်ကြည့်ခံရတဲ့ Electron က အပြုအမူပြောင်းလဲသွားပါတယ်။

ဉာဏ်ကြီးရှင်တွေက ဘယ်လိုထပ်စဉ်းစားလဲဆို Detector ကို ကတ်ထူပြားအနောက်နားမှာ ထားလိုက်ရင်ရောဆိုပြီး တွေးလာကြတယ်။
အဲ့ဒီလိုဆိုရင် Electron ကလည်း သူ့ကိုစောင့်ကြည့်နေတဲ့ Detector မရှိဘူးအထင်နဲ့ Wave အဖြစ် ကတ်ထူပြားပေါ်က အပေါက် ၂ပေါက်ကနေဝင်လာမှာပဲ။
ကတ်ထူပြားကနေ Wave အဖြစ်နဲ့ကျော်လာပြီး တိတ်တိတ်လေးပုန်းနေတဲ့ Detector နားရောက်မှ စောင့်ကြည့်ခံနေရပြီဆိုတာ သိသွားလိမ့်မယ်။ (နားလည်လွယ်အောင်ပြောနေခြင်းဖြစ်တယ်၊ Electron မှာအသိရှိတယ်လို့ပြောလိုခြင်းမဟုတ်ပါ)
ဒီလိုဆို Electron Superposition ဖြစ်နေတာ မြင်ရပြီပေါ့။
မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ကြပါဘူး။
Detector ဖွင့်ထားတာကို မြင်တာနဲ့ Electron ရဲ့ Wave Function Collapse ဖြစ်သွားပြီး Particle အနေနဲ့ပဲပြုမူတော့တယ်

ဒါနဲ့တစ်မျိုးကြံကြပြန်တယ်။
Detector ကိုအမြဲမဖွင့်ထားဘဲနဲ့ Electron က Wave အနေနဲ့ဖြတ်လာမှ ဖွင့်လိုက်ရင်ရော…
လက်ပူးလက်ကြပ်မိအောင် (Caught in the act) ဖမ်းချင်တဲ့သဘောဖြစ်တယ်။
ဒီလိုလုပ်တော့ရော အောင်မြင်လားဆို မအောင်မြင်ပြန်ပါဘူး။
Electron က Detector ကိုဖွင့်တော့မှာ ကြိုသိနေတဲ့အတိုင်းပါပဲ။
Detector ပိတ်ထားတဲ့ကာလတစ်လျှောက်လုံး Wave လိုပြုမူနေပြီး ဖွင့်လိုက်တာနဲ့ Particle လိုပဲပြုမူတော့တယ်။
ဒါကို ဘယ်လိုတွေးမိကြလဲဆို Electron တွေ အချိန်ခရီးသွားနေသလားပေါ့။
Wave အနေနဲ့ အစကလာခဲ့ပေမယ့် Detector ဖွင့်လိုက်တဲ့အချိန်မှာ အချိန်နောက်ပြန်သွားပြီး Particle အနေနဲ့ထွက်လာတယ်ဆိုပြီး ပြောကြတယ်။

ဒါပေမယ့် Quantum Mechanics ကတော့ Electron တွေအချိန်နောက်ပြန်မသွားပါဘူးလို့ ဆိုပြန်တယ်။
Schrödinger’s cat ကိုပြန်မြင်ကြည့်ပါ။

Detector ဖွင့်လိုက်ခြင်း (Observe လုပ်လိုက်ခြင်း) က ကတ်ထူးပြားရဲ့ အပေါက် ၂ပေါက်စလုံးကနေ Wave အဖြစ်နဲ့ထွက်လာတဲ့ Superposition ဖြစ်နေတဲ့ Electron ရဲ့ Wave Function ကို ပျက်စီးသွားစေတယ်။
ဒါကြောင့် ကြောင်လေး ရှင်တယ်၊ သေတယ်ဆိုတဲ့အထဲက ၁ခုခုဖြစ်သွားသလိုမျိုး Electron ကလည်း လမ်းကြောင်း ၂ ကြောင်းထဲက ၁ကြောင်းကိုရွေးချယ်လိုက်တယ်။
Electron တွေ Superposition ဖြစ်ခဲ့ပါတယ်ဆိုတဲ့ အထောက်အထားဘာမှမကျန်ခဲ့ဘူးလို့ ဆိုကြတယ်။

ဒါကို Copenhagen Interpretation လို့ခေါ်ကြတယ်။

ကြောင်လေး ရှင်သွားတာမြင်လို့ မသေသွားဘူးလို့ မယူဆတဲ့ အယူအဆနောက်တစ်ခုလည်းရှိသေးတယ်။

(Part 4 မှာဆက်ရေးသွားပါမယ်)

အပိုင်း ၃ပိုင်း အထိဖတ်လာခဲ့ပြီး ခေါင်းရှုတ်ထွေးသွားတယ်ဆိုရင် ပုံမှန်ပါပဲလို့ပြောချင်ပါတယ်။
I think I can safely say that nobody really understands quantum mechanics” လို့ပြောခဲ့တာကတော့ Nobel ဆုရ ရူပဗေဒပညာရှင် Richard Feynman ဖြစ်ပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Personality disorder အကြောင်း ပြောကြရာဝယ် (Part 1)

အောက်ပါအကြောင်းရာများသည် စာရေးသူဖတ်ရူနားလည်သလောက် ပြန်လည်တင်ပြခြင်းဖြစ်ရာ မိမိထက် တတ်သိနားလည်သောပညာရှင်များ အနေဖြင့်နားလည်သည်းခံ ထောက်ပြအကြံပြုနိုင်ပါသည်။

Personality ဆိုတဲ့စကားလုံးကို ဗမာလို ကိုယ်ရည်ကိုယ်သွေးလို့ ဘာသာပြန်ထားကြပေမယ့်
အဓိပ္ပာယ်ကျယ်ပြန့်လှပါတယ်။

Personality ကို တချို့က
“What makes you is your personality”
လို့ဆိုပြီး သင့်ကို သင်လို့ သိသာစေတဲ့ ၊ ဖြစ်တည်စေတဲ့ ဝိသေသလက္ခဏာ အပြုအမူစိတ်ထား အားလုံးအကျုံးဝင်ပါတယ်။

သင်ဟာ ဘဝမှာ ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူလား?

အရာရာကို စိတ်ပူစိုးရိမ်ပြီး အတွေးများတတ်သူလား?

အကောင်းမြင်တတ်သူလား? အဆိုးမြင်တတ်သူလား?

စိတ်ဓာတ်ကြံ့ခိုင်ပြီး တော်ရုံမတုန်လှုပ်တတ်သူလား?

တချိန်လုံး drama ဆန်နေတတ်သူလား?

ဘယ်လို အကျင့်စရိုက်မျိုးပဲ ဖြစ်ဖြစ်
အားလုံးဟာ သင့်ကိုယ်ပိုင် personality typeပါပဲ။

သင်ဟာသင်ပါပဲ။ သင့် personality ဟာ ဘယ်လောက်ပဲ ကောင်းကောင်း ဘယ်လောက်ပဲဆိုးဆိုး သင့်အတွက်တော့ သင့်ကိုပုံဖော်ပေးနေမှာပါ။

တကယ်တမ်းတော့ Personality မှာ မှားယွင်းတဲ့ type ဆိုးရွားတဲ့ type စသဖြင့် မကောင်းတဲ့ personality ဆိုပြီးသတ်မှတ်ထားတာ မရှိပါဘူး။

Psychology ဘာသာရပ်မှာတော့ personality ကို ခွဲခြမ်းစိတ်ဖြာသော theory များ၊ ယူဆချက်များစွာ ရှိပါတယ်။

ဒီနေရာမှာ personality “trait” နဲ့ “disorder” ကိုကွဲကွဲပြားပြား သိစေချင်ပါတယ်။

“Trait” ဆိုတာ အကျင့်စရိုက် တခု ဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာလက်ခံပါတယ်။

“Trait” က ပုံမှန်လူတိုင်းမှာ မတူညီစွာရှိပါတယ်။

အဲ့ “trait” တခုက အလွန်အကြူးဖြစ်လာပြီး လူ့ပတ်ဝန်းကျင်က လက်မခံနိုင်ဘဲ မဝင်ဆန့်ဖြစ်လာမယ်။ မိမိကိုယ်ကို ထိခိုက်လာမယ်။ ပတ်ဝန်းကျင်ကို ဒုက္ခပေးတာမျိုးဖြစ်လာမယ် ဆိုရင် “disorder” (ဖောက်ပြန်ခြင်း/ သွေဖီခြင်း)လို့ခေါ်ပါတယ်။

မှတ်ချက် ။ စိတ်ဝေဒနာကို ရောဂါ(disease) လို့သုံးတာထက် ဖောက်ပြန်ခြင်း/လွဲမှားခြင်း (disorder) လို့ ဆေးပညာမှာ ပိုသုံးကြပါသည်။

ပိုရှင်းသွားအောင် ဥပမာလေးပေးချင်ပါတယ်။

စာရေးသူက စိတ်မြန် စိတ်လောတတ်ပါတယ်။
ဒါက personality တခုပါ။
နောက်ပြီး တခုခုဆို အဆိုးဖက်ကစမြင်တတ်တယ်။ ဒီဟာကလဲ နောက်ထပ် personality တခုပါပဲ။ လူတယောက်မှာ personality များစွာရှိတတ်ပါတယ်။

စာရေးသူရဲ့ အကျင့်က စိတ်မြန် စိတ်လောတဲ့ အတွက် အလုပ်တွေကို မစခင်မှာ မြန်မြန်ပြီးအောင် ကြိုတင်လုပ်ထားလေ့ရှိတယ်။
ဒါဟာ personality trait တခုဖြစ်ပြီး စာရေးသူရဲ့ ကိုယ်ပိုင် အကျင့်စရိုက်တခု (trait) ဖြစ်ပါတယ်။

Trait တခုဟာ လွန်ကဲလာတဲ့အခါမှာတော့ disorder ဖြစ်လာပါတော့တယ်။ ဥပမာ
ဘယ်အရာမဆို အရင်ဆုံးဖြစ်ချင် ပြီးမြောက်ချင်လာတယ်။ သူများတွေကိုလဲ နောက်ကျမှာစိုးလို့ အတင်း push လိုက်လုပ်တယ်။
မလိုအပ်ဘဲ အလုပ်တွေကို အများကြီး ကြိုလုပ်တယ်။ အလုပ်တွေ မပြီးရင် မနေနိုင်တော့ဘူး အရမ်းကြောက်လန့်လာတယ်။ စိုးရိမ်တာတွေလွန်ကဲလာပြီး အိပ်လို့လဲမရ စားလို့လဲမစားနိုင်တွေဖြစ်ပြီး.ကျန်းမာရေးထိခိုက်လာတဲ့အဆင့်ဖြစ်လာတယ်။

ဒါဆို personality disorder ဖြစ်သွားပါပြီ။
စိတ်စောစိတ်လောတတ်တဲ့ personalityကနေ ကျန်းမာရေးထိခိုက်ပြီး အလုပ်အပေါ်အစွဲအလမ်းကြီးလာတဲ့ personality disorder အဖြစ်ကူးပြောင်းသွားတာဖြစ်ပါတယ်။

ဒါဆိုရင် personality ဆိုတာရယ်
Trait ဆိုတဲ့ အကျင့်လေးတွေရယ်
Disorder ဆိုတဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်တာရယ်ကိုရှင်းလောက်မယ်လို့ထင်ပါတယ်။

တချို့ disorder တွေက မိမိတယောက်ထဲကိုပဲထိခိုက်ပြီး အချို့ disorder တွေကတော့ ပတ်ဝန်းကျင်ကိုပါ ဘေးရန်ဖြစ်စေပြီး crime များနဲ့ ဆက်နွယ်နေပါတယ်။

ဒီအကြောင်းတွေကို နောက်ထပ်အပိုင်းတွေမှာပြောပြသွားပါမယ်။

Stay tuned ပါ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လူ

လူဆိုတာ ဘာလဲ။ ဇီဝပညာရှင်တွေက သက်ရှိလို့ခေါ်မယ်။ ခြေနှစ်ချောင်းလို့ ပြောမယ်။ ဓာတုဗေဒ ပညာရှင်တွေက ဓာတ်အစုအဝေးလို့ ခေါ်မယ်။ ခေါ်ချင်တဲ့သူ မျိုးစုံခေါ်နေကြတာပဲ။

ဒါပေမယ့် လူဆိုတာက ဘာလဲ။ ဘယ်အရာကို လူလို့ ခေါ်တာလဲ။ ပတ်ဝန်းကျင်က ကိုယ်နဲ့ ဆင်တူတဲ့ သက်ရှိကို ဆွဲခေါ်ပြီး လူပါလားလို့ မေးရင် လူပေါ့လို့ဖြေမယ်။

ဒါပေမယ့် တခါတလေ “မင်းလုပ်ရပ်က လူနဲ့တောင် မတူတော့ဘူးကွ” ဆိုသလို…
“မင်းက လူစိတ်ပျောက်နေတာပဲ” ဆိုသလို…
“သူတို့လုပ်နေတာ လူမဆန်တော့ဘူး” ဆိုသလို…
အမျိုးမျိုး ပြောကြပါတယ်။

ဒါဖြင့်ရင် လူဆိုတာ တကယ်တမ်းဘာလဲ။ တိရိစ္ဆာန်နဲ့ လူကြားက ကွာခြားမှုက ဘာလဲ။

လက်တွေ့ကျကျနဲ့ ဓမ္မဓိဌာန်ကျကျ တွေးကြည့်ရအောင်။

လူနဲ့ အခြားသက်ရှိတွေက လွန်ခဲ့တဲ့ နှစ် ၅၀၀၀ ပတ်ဝန်းကျင်အထိ ဘာမှမကွာဘူး။ စားမယ်၊ အိပ်မယ်၊ မျိုးပွားမယ် ဒါပဲ ရှိတယ်။ ဒီ ၃ခုဟာ တကယ်တော့ ခံစားချက် အသားပေး လုပ်ရပ်တွေပဲ။ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတဲ့အခါ ခံစားချက်ကို ပြည့်အောင် ဖြည့်စွမ်းလိုက်တယ်။ သိပ်အေးချမ်းတာပဲ။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ် ၅၀၀၀ ကနေစပြီး လူတွေဟာ ကနဦး ပြည့်စုံခြင်း အဆင့် (အစာကို သိုလှောင်နိုင်၊ နေစရာ အကာအရံရလာ၊ ကြင်သူ သက်ထား ရှိလာ) ကို ရောက်လာတယ်။ အဲ့မှာ တွေးတောခြင်းနဲ့ မှတ်တမ်းတင်ခြင်းကို စလုပ်လာတော့တာပဲ။ တွေးရာကနေ တိုးတက်လာတယ်။ မှတ်တမ်းတင်ရာကနေ သမိုင်းဖြစ်လာတယ်။ အဲ့အချိန်ကစပြီး လူတွေကို ကပ်ဆိုက်တော့တာပဲလို့ ယူဆလို့ရတယ်။

သင်ချစ်ရတဲ့ ကြောင်လေးဟာ သူရဲ့ ကြောင်မျိုးကြောင်နွယ် တိုးတက်ဖို့ ဘာမှလုပ်မှာ မဟုတ်ဘူး။ သူ့ရဲ့နောက်မျိုးဆက်တွေ ဖတ်ဖို့ သမိုင်းလည်း ချန်ထားခဲ့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကြောင်တွေဟာ အခုထိ ကနဦးပြည့်စုံခြင်း အဆင့်ကို မကျော်သေးဘူး ဖြစ်နေလို့ပဲ။ အစားအတွက် ကုန်းရုန်းရှာရတယ်၊ မဟုတ်ရင် ဟူးမန်းတွေက ကျွေးရတယ်။ အိပ်ဖို့ကို အမြဲတစေ ရုန်းရတယ်။ ကိုယ်လိုတဲ့အချိန် မျိုးပွားဖို့ မျိုးစိတ်က အသင့်ရှိမနေဘူး။

အဲ့တာကြောင့် လူနဲ့ ကြောင်ဟာ ကြီးမားတဲ့ ကွာခြားမှု ဖြစ်လာပြီး လူဟာ သက်ရှိလောကမှာ အရာရာကို လွှမ်းမိုးချုပ်ကိုင်လာနိုင်ခဲ့တယ်။

ဒါကြောင့် လူလို့ပြောတဲ့နေရာမှာ တွေးတောခြင်းနဲ့ မှတ်တမ်းတင်ခြင်းက သိပ်ကိုအရေးပါတယ်။ ဒါပေမယ့် အနီးစပ်ဆုံး နှစ် ၃၀၀၀ ပတ်ချာလည်က လူတွေဟာ တွေးတောခြင်းရဲ့ ကျေးကျွန်တွေ ဖြစ်နေကြပြီ။

ဒါဟာ လူတွေအနေနဲ့ ကိုယ့်တိုးတက်မှုမှာ ကိုယ်ပြန်ပြီး အကျဥ်းချခံနေရတာပဲ ဖြစ်တယ်။ ဒီလို အကျဥ်းကျနေတဲ့ အနေအထားက လွတ်မြောက်အောင် လူဟာ တွေးရင်းနဲ့ပဲ ကြိုးပမ်းရတယ်။

ဒါကြောင့် လူဟာ အတွေးမရှိရင် လူမဟုတ်ဘူးလို့တောင် ပြောလို့ရတယ်။ Philosopher စကား ငှားသုံးပါမယ်။ ဆင်ခြင်သိလို့ ပြောပါတယ်။ Rationalization လို့ သုံးကြပါတယ်။

ဒီအတွေးတွေက လူဆိုတဲ့ သက်ရှိမှာ စိုးမိုးလာတဲ့အချိန်က စပြီး လူဟာ ကိုယ့်ရဲ့ နဂိုဗီဇဖြစ်တဲ့ ခံစားချက် (Nature) ကို ဖိနှိပ်တာတွေ ဖြစ်လာတယ်။ စည်းမျဥ်း စည်းဘောင်တွေ ကန့်သတ်ပြီး နင်က ဘာမလုပ်ရဘူး၊ နင်ကတော့ ဘာပဲလုပ်တွေ ဖြစ်လာတယ်။

ဒါကြောင့် လူဆိုတာ စိတ်ရှိတိုင်း လုပ်ခွင့်မရတဲ့ ကိုယ်တိုင် အကျဥ်းချ သက်ရှိ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

စိတ်ဓာတ်ကျခြင်း အနုပညာ . . .

ကျွန်​တော်​တို့ဟာ လူသား​တွေပါ
စိတ်​ဓာတ်​ကျတတ်​ကြပါတယ်​

ဘယ်​အချိန်​တွေမှာ စိတ်​ဓာတ်​ကျတတ်​ပါသလဲ ?

  • လုပ်​ချင်​တာ မလုပ်​ရတဲ့အခါ . . .
  • မလုပ်​ချင်​တာ လုပ်​ရတဲ့အခါ . . .
  • ဖြစ်​ချင်​တာ မဖြစ်​လာတဲ့အခါ . . .
  • မဖြစ်​ချင်​တာ ဖြစ်​လာတဲ့အခါ . . .
  • အထက်​က အချက်​တွေထဲက တစ်​ခုခုကို တစ်​ယောက်​ယောက်​ဆီမှာ ထုတ်​ပြောလို့မရတဲ့အခါ . . .
  • အထက်​က အချက်​တွေ​ကြောင့်​စိတ်​ဓာတ်​ကျ​နေပြီး ကိုယ်​စိတ်​ဓာတ်​ကျ​နေ​ကြောင်း တစ်​ယောက်​ယောက်​ဆီမှာ ထုတ်​ပြောလို့မရတဲ့အခါ . . .
  • ကိုယ်​စိတ်​ဓာတ်​ကျ​နေတဲ့အ​ကြောင်း ထုတ်​ပြောသည့်​တိုင်​အနုတ်​လက္ခဏာ​ဆောင်​တဲ့ အပြုအမူ (Negative manner) ဖြင့်​တုန့်​ပြန်​ခံရတဲ့အခါ . . .

ကျွန်​တော်​တို့ စိတ်​ဓာတ်​ကျတတ်​ကြပါတယ်​. . .

စိတ်​ဓာတ်​ကျ​နေသူတစ်​ယောက်​ရဲ့ ခံစားမှုများ
(ခံစားချက်​လို့ မသုံးချင်​ပါ)

  • လူ့ပတ်​၀န်းကျင်​နဲ့ ကင်းကွာ​နေမယ်​
  • လူ​တွေကိုကြည့်​ပြီး ငါဟာအလကားပါလားလို့​တွေး​နေမယ်​
  • ငါမရှိလဲ သူတို့​နေ​ပျော်​နေတာပဲလို့​တွေးမယ်​
  • ငါဆိုတာ တကယ်​ကော ရှိသင့်​ရဲ့လား လိုအပ်​ပါရဲ့လားလို့​တွေး​မယ်​
  • ငါဟာ သူတို့အတွက်​အသုံးမကျတဲ့ လူပိုပါလားလို့ မြင်​လာမယ်​
  • ငါဟာ​တကယ်​တော့ ဘာမှမဟုတ်​ပါလားဆိုတဲ့ အ​တွေး​တွေ ၀င်​လာမယ်​

စိတ်​ဓာတ်​ကျတဲ့ ခံစားမှု​ကြောင့်​ဘာလုပ်​ဆောင်​မှု​တွေ​ပေါ်လာမလဲ . . .

အစွန်း ၂ဖက် (Bipolar) ရောက်တတ်ပါတယ်။

  • တစ်​မျိုးက လုံးဝ ငြိမ်​သက်​သွားပြီး တစ်​ယောက်​တည်း တမြုံ့မြုံ့​တွေး​နေပြီး ၀မ်းနည်း​နေတတ်​ပါတယ်​။
  • တစ်​မျိုးက သူ့ကို လူ​တွေ ဂရုစိုက်​လာ​အောင်​သတိထားမိလာ​အောင်​သူဆိုတဲ့ ဖြစ်​တည်​မှု​ကြောင့်​လူ​တွေရဲ့ အ​တွေး​တွေ ခံစားချက်​တွေမှာ တစ်​ခုခု အကျိုးသက်​ရောက်​မှုရှိ​အောင်​လုပ်​ကြပါတယ်​။

ကျွန်​တော်​တို့ ဘာ​တွေကူညီ​ပေးနိုင်​မလဲ . . .

  • စိတ်​ဓာတ်​ကျ​နေသူတစ်​ယောက်​ဟာ တကယ်​တော့ သူ့ပတ်​၀န်းကျင်​မှာ သူ့လို စိတ်​ဓာတ်​ကျ​နေသူ​တွေကို မသိစိတ်​က လိုက်​ရှာ​နေတတ်​ပါတယ်​။
  • စိတ်​ဓာတ်​ကျ​နေသူ​တွေဟာ သူတို့စိတ်​ထဲမှာ သူတို့​လောကကြီးကို သူတို့လို လူ​တွေနဲ့ တည်​ဆောက်​ရ​လေ ပိုပြီး စိတ်​သက်​သာ​လေပါပဲ။
  • ဒါ​ကြောင့်​ကျွန်​တော်​တို့ဟာ စိတ်​ဓာတ်​ကျ​နေသူ​တွေကို မဟားတရား အား​ပေး​နေတာမျိုးထက်​စာရင်​သူတို့လို လူမျိုး​တွေ ရှိ​နေ​သေးပါလား၊ တူတူ ဒီ​တောင်​ကို​ကျော်​နိုင်​ကြမှာပါလား ဆိုတဲ့ အ​တွေး​လေး ၀င်​အောင်​လုပ်​ပေးနိုင်​ရင်​ကောင်းပါတယ်​။
  • ကျွန်​တော်​တို့ကိုယ်​တိုင်​က သိပ်​ပြီး စိတ်​ဓာတ်​ကြွတက်​အောင်​မြင်​မှု​တွေ တသီကြီး ရ​ပြ​နေရင်​စိတ်​ဓာတ်​ကျ​နေသူ​တွေက မ​ပျော်​ပါဘူး။ သူတို့လိုချင်​တာ သူတို့ကို အသိအမှတ်​ပြုတာ​လေးပါပဲ။
  • ကျွန်​တော်​တို့ တတ်​နိုင်​သ​လောက်​ကူညီကြရ​အောင်​ပါ။ 😁

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

“လိင်အင်္ဂါကျုံ့ဝင်သွားသောရောဂါဆန်း (သို့) Koro syndrome”

[သတိပေးချက်။ ။ အောက်ပါအကြောင်းရာများသည် လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်သော အသုံးနှုန်းများ အကြောင်းရာများ (adult contents & sensitive issues) ပါဝင်မည်ဖြစ်ရာ
အသက်မပြည့်သေးသူများနှင့် စိတ်နှလုံးအားနည်းမတည်ငြိမ်သူများ မဖတ်ရူသင့်ပါ။
ဖတ်ရူလိုသူများကို အသိပေးလိုသည်မှာ ဤအကြောင်းရာများကို ဆေးပညာနှင့် စိတ်ရောဂါရူထောင့်မှ ရေးသားထားခြင်းဖြစ်ရာ မျိုးဆက်ပွားကျန်းမာရေးဗဟုသုတအဖြစ်သာ တွေးမြင်ဖတ်ရူပေးစေလိုပါသည်။ ]

ကျနော်တို့လူသားများကို မိမိတို့နေထိုင်ရာပတ်ဝန်းကျင်ရဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာ အစဥ်အလာများ ၊ ဆိုရိုးစကား ယုံတမ်းပုံပြင်များက အနည်းနှင့်အများဆိုသလို လွှမ်းမိုးထားလေ့ရှိပါတယ်။

ဒီလို ပတ်ဝန်းကျင် ရိုးရာအဆိုအမိန့်တွေရဲ့ လွှမ်းမိုးမှုကြောင့် အချို့သော ကျန်းမာရေးပြဿနာများ ၊ အယူအဆလွဲများ မကြာခဏကြုံတွေ့ရတတ်ပါတယ်။

ကျနော်တို့ ငယ်ငယ်က ရောဂါဆန်းတမျိုးကို အရပ်ထဲမှာ တိုးတိုးတိတ်တိတ်ပြောကြတာ ကြားဖူးကြမှာပါ။

အဲ့ရောဂါကတော့ လိင်အင်္ဂါကျုံ့ဝင်ခြင်းရောဂါ (သို့)
အရပ်အခေါ်အရ တိုနာရောဂါ ပဲဖြစ်ပါတယ်။

အရပ်စကားအရ ဒီရောဂါကို ခံစားရသူများဟာ အမျိုးသားများဖြစ်ပြီး သူတို့ရဲ့ လိင်တံဟာ ကိုယ်ခန္ဓာထဲကို ကျုံ့ဝင်သွားပြီး တိုသထက်တိုလာပါတယ်တဲ့။

သူတို့စိတ်ထဲမှာ လိင်တံဟာ အဆုံးထိကျုံ့ဝင်သွားပြီး ပျောက်သွားတဲ့အခါ အသက်သေသွားတတ်တယ်လို့ယုံကြည်ကြပါသတဲ့။

ဒီလိုမဖြစ်ရအောင် လိင်အင်္ဂါဝင်မသွားရအောင် ကြိုးနဲ့ချည်ဆွဲထားကြတတ်ပြီး တချို့ကလဲ လက်နဲ့အမြဲဆွဲထားတတ်ကြပါတယ်။

ဒီလိုကြားရတော့ ရယ်ချင်စရာလိုလို နှာခေါင်းရှုံ့ချင်စရာလိုလိုထင်ရပေမယ့် ရောဂါခံစားနေရသူအဖို့မှာတော့ အမှန်တကယ်ကို အမြဲကြောက်လန့်ပြီး စိုးထိတ်နေတတ်ပါတယ်။ သနားစရာလဲကောင်းလှပါတယ်။

ဒီရောဂါကို ဆေးပညာမှာ Koro syndrome လို့ခေါ်ပြီး culture-bound syndrome (ရိုးရာဓလေ့အစွဲကြောင့်ဖြစ်သော စိတ်ရောဂါလက္ခဏာစု) ထဲတွင် ပါဝင်ပါတယ်။

Koro ဆိုတဲ့စကားလုံးကတော့ မလေးလူမျိုးစကားမှဆင်းသက်လာပြီး လိပ်၏ဦးခေါင်း လို့အဓိပ္ပာယ်ရပါတယ်။ လိင်အင်္ဂါတိုဝင်သွားပုံနဲ့ လိပ်ခေါင်း လိပ်ခွံအတွင်းဝင်သွားပုံဆင်တူသဖြင့် အခုလိုနာမည်ပေးရခြင်းဖြစ်ပါတယ်။

ဒီရောဂါက စိတ်ရောဂါတမျိုးဖြစ်ပြီး ဆရာဝန်ကစမ်းသပ်စစ်ဆေးတဲ့အခါမှာတော့ အမှန်တကယ်တိုဝင်သွားခြင်း ၊ အတိုအရှည်ပြောင်းလဲသွားခြင်းမရှိတာကိုတွေ့ရပါတယ်။

Koro syndrome က အာရှတိုက်မှာ တွေ့ရများပြီး အထူးသဖြင့် အရှေ့တောင်အာရှနဲ့ တရုတ်မှာတွေ့ရတတ်ပါတယ်။

အနောက်နိုင်ငံများမှာလဲ အလားတူရောဂါမျိုးကိုတွေ့ရတတ်ပြီး အာဖရိကလူမျိုးများတွင်လဲ ကြုံတွေ့ရကြောင်း ဆိုကြသည်။

ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်းကိုရှာကြတဲ့အခါ ယုံတမ်းစကားများကိုအယုံလွန်၍ စိတ်ကြောင့် အဓိကဖြစ်ပေါ်လာရတာကိုတွေ့ရပါတယ်။

အထူးသဖြင့် ကျေးလက်တောရွာအစွန်အဖျားများတွင်နေထိုင်၍ လိင်မှုဆိုင်ရာကျန်းမာရေး ဗဟုသုတအားနည်းကြသူများ ၊ အယုံလွယ်၍ ကြောက်တတ်သူများ တွင်အဖြစ်များကြပါတယ်။

အရှေ့တိုင်းသားများရဲ့ အယူအဆကတော့ လိင်အင်္ဂါက သူ့အလိုလိုတချက်တချက်တိုဝင်သွားတတ်ပြီး အထဲလုံးဝဝင်သွားတဲ့အခါ ထိုသူမှာ သေဆုံးမည်ဟုယူဆကြသည်။

ဤသို့ဖြစ်လာရခြင်းမှာ တကိုယ်ရေအာသာဖြေခြင်း ၊ ညဖက်အိပ်ရာထဲ သုတ်လွှတ်ခြင်း ၊ ဆီးထဲတွင် သုတ်ကဲ့သို့ အဖြူရောင်အရည်များပါသွားခြင်း စသည်တို့ကြောင့် သုတ်ရည်ခမ်းပြီး သုတ်ဓာတ်လိင်စိတ်အားနည်းလာ၍ ဖြစ်သည်ဟု လွဲမှားစွာ ယူဆကြသည်။

အရှေ့တိုင်းရှေးဟောင်းတိုင်းရင်းဆေးပညာတွင် သုတ်ရည် (semen) သည် သက်စောင့်ရည် ၅ မျိုး (Vital Fluid) တွင်ပါဝင်ပြီး အဆိုပါသုတ်ရည်ကို အာသာဖြေခြင်း၊ ဆီးထဲတွင်ပါလာခြင်းတို့ဖြင့် မဖြုန်းတီးရကြောင်း ၊ သုတ်အားနည်းလာခြင်းသည် အာရုံကြောအားနည်းစေပြီး လိင်အင်္ဂါကြွက်သားများ အားကုန်ကာ ကျုံ့ဝင်သွားခြင်း ဖြစ်သည်ဟု အယူရှိကြသည်။

ဤသို့ ယူဆကြသဖြင့် ဒီရောဂါကို အရပ်ထဲကြိတ်ကုကြတဲ့အခါ သုတ်ဓာတ် လိင်အားပြန်လည်ပွားများစေရန် တိရစ္ဆာန်အထီးများ၏ လိင်အင်္ဂါများကို ပြန်လည်စားသုံးပေးလျှင် ပျောက်ကင်းမည်ဟု ယူဆကြသည်။ နွားထီး ၊ ကျားထီး ၊ သမင်ထီး ၊ ပင်လယ်ဖျံတို့ရဲ့ လိင်အင်္ဂါများ ကိုဆေးဝါးအဖြစ်သုံးကြသလို သမင်ချို ၊ ပရဆေးဝါး များကိုလဲ သုံးစွဲတတ်ကြပါတယ်။

အချို့ကာလသားများရဲ့အဆိုအရ အမျိုးသမီးအင်္ဂါစပ်အမွှေးကို မီးရှို့၍ မီးခိုးငွေ့ကိုရှူပေးလျှင် သက်သာသည်ဟူသော ကြံကြံဖန်ဖန် ကုထုံးအလွဲများလည်းရှိသေးသည်။

တရုတ်ရှေးဟောင်းအယူတခုမှာ ရပ်ရွာထဲတွင် မြေခွေး မိစ္ဆာဝင်ရောက်လာတဲ့အခါ အမျိုးသားများတွင် တိုနာရောဂါဖြစ်တတ်သည်ဟု ယူဆကြသဖြင့်
မိစ္ဆာကိုခြောက်လှန့်အသံပေးမောင်းထုတ်တဲ့ နည်းများကိုလဲ သုံးကြောင်းသိရပါတယ်။

အနောက်တိုင်း အယူဆကတော့ စုန်းပြုစားသည့်အတွက် လိင်အင်္ဂါများတိုဝင်သွားရခြင်းဖြစ်ပြီး စုန်းမများက ကျားအင်္ဂါများကို ငှက်အသိုက် သို့ စုန်းအသိုက်များတွင် ဖွက်ထားတတ်သည်ဟု ယူဆကြပြန်သည်။

ထို့အတွက် စုန်းနှိမ်နင်းရေး အောက်လမ်းအထက်လမ်းနည်းများကိုသာ သုံးကြပြီး အရှေ့တိုင်းကဲ့သို့ တိရစ္ဆာန်လိင်အင်္ဂါများစားသုံးခြင်းအလေ့မရှိကြောင်းတွေ့ရသည်။

ဆေးပညာနှင့် စိတ်ရောဂါဗေဒ အရ သီးသန့်ကုသမှုမရှိဘဲ ရောဂါခံစားနေရသူ စိတ်သက်သာအောင် Panic attack ပြေပျောက်အောင် စကားပြောနှစ်သိမ့်ခြင်း ၊ အကြံပေးခြင်း ၊ ရောဂါအစစ်မဟုတ်ကြောင်း နားဝင်အောင်ရှင်းပြကာ လိင်အင်္ဂါကို စနစ်တကျစစ်ဆေးကာ အတည်ပြုပေးခြင်း၊ စသည့်စိတ်ကိုကုသောနည်းများဖြင့်သာ ကုသပေး၍ရပါသည်။

ဆေးပညာရှင်များ သတိထားရန်မှာ အခြားသော differential diagnosis များဖြစ်သည့်

Hypospadias
Epispadias
Peyronie’s syndrome
Buried penis due to obesity စတဲ့
တကယ့်ရောဂါများကိုလဲ မှတ်သားရှာဖွေပြီး မရှိတော့မှ စိတ်ရောဂါဖြစ်သည့် Koro syndrome ဟုယူဆသင့်ပါတယ်။

Buried penis ဟုခေါ်သော အဝလွန်၍ ဆီးခုံနေရာအဆီပိုများစုသော ရောဂါကို အောက်တွင်ပြသထားပါတယ်။ ခွဲစိတ်ကုသပြီး အဆီများကိုဖယ်ရှားလို့ရပါတယ်။

ယခုခေတ်မှာတော့ Koro syndrome ခေါ် တိုနာရောဂါက တွေ့ရနည်းသွားပြီဖြစ်သော်လည်း
1967 ခုနှစ်က စင်ကာပူတွင် ဝက်တုပ်ကွေးကာကွယ်ဆေးထိုးထားသော ဝက်သားကိုစားမိပြီး လိင်အင်္ဂါတိုဝင်သွားသည်ဟုထင်ကာ ဆေးရုံလာတက်ကြသူ များစွာရှိခဲ့ပါသေးတယ်။ Massive Hysteria ပုံစံ ကပ်ရောဂါကဲ့သို့ဖြစ်ခဲ့တာပါ။

အလားတူ ထိုင်းနဲ့ မလေးရှားမှာလဲ ထူးဆန်းသောအစာများစားမိပြီး ဖြစ်ကြသူများလဲရှိကြပါတယ်။

အမျိုးသားများတွင်သာမက အမျိုးသမီးများမှာလဲလိင်အင်္ဂါများ ကျုံ့ဝင်ခြင်း ၊ Nipple များချိုင့်ဝင်ခြင်း များကိုလဲ Koro syndrome ကဲ့သို့ ယူဆခဲ့ကြပါတယ်။

ဆေးပညာအရ အမျိုးသမီးများ နို့သီးခေါင်းကျုံ့ဝင်သွားသည်ကို သတိထားမိပါက ရင်သားကင်ဆာဖြစ်နိုင်ချေရှိသဖြင့် နီးစပ်ရာဆေးရုံသို့ သွားပြကြဖို့ သတိပေးပါရစေ။

ဒီလောက်ဆို အတော်လေးပြည့်စုံရှည်လျားသွားပါပြီ။

စိတ်သည်ဆန်းကြယ်၏ ။ အင်အားကြီးမား၏ ။
စိတ်ကြောင့်ဖြစ်သောရောဂါများကလဲ ဆန်းကြယ်လှပါပေသည်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started