ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာ ထိန်းချုပ်ခြင်းနဲ့ နောက်ကွယ်က စိတ်ပညာ

အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်မယ်ဆိုရင် “ခေါင်း” ကြီးပဲ ၅ခါကျနေတဲ့အခါ ၆ခါမြောက်မှာ ဘာကျမယ်လို့ ထင်ပါသလဲ?
တော်တော်များများကတော့ “ပန်း” ကျသင့်တယ်လို့ စိတ်ထဲက ထင်ကြမှာပါ။ ကိုယ်ဟာ သေချာ Logic ကျကျတွေးခေါ်တတ်ရင်တောင်မှ “ပန်း” ကျသင့်တယ်လို့ တွေးမိနေတတ်ပါတယ်။ လောကကြီးမှာ “ခေါင်း” တွေအများကြီးကျပြီးရင် “ပန်း” ကျအလှည့်လို့ ထင်ကြတာပါ။ ဒါကို Gambler’s Fallacy လို့ခေါ်ပါတယ်။

တချို့ကလည်း ဒါကို Monte Carlo Fallacy လို့ခေါ်ပါတယ်။ အကြောင်းတော့ ၁၉၁၃ ခုနှစ်က Casino တစ်ခုမှာ Roulette Game ကစားကြတော့ “အမည်း” ချည်းပဲ ၂၆ ခါတိတိကျပါတယ်။ ကိုယ်သာ ကစားတဲ့သူတစ်ယောက်ဆိုရင် အမည်း ၁ဝခါလောက် ဆက်တိုက်ကျလာတဲ့အချိန်ကို စဉ်းစားကြည့်ပါ။ ၁၁ခါမြောက်မှာ အမည်းကို လောင်းမလား… အနီကိုလောင်းမလား…။ အနီကိုလောင်းဖို့ ရာနှုန်းများပါတယ်။
အမည်းတွေ အများကြီးလာပြီးရင် အနီအလှည့်ရောက်သင့်တာပေါ့။ မဟုတ်ဘူးလား။

လောင်းကစားလုပ်တဲ့သူတွေလည်း ဒီအတွေးနဲ့ပဲ ပါသမျှကုန်သွားကြတာပါပဲ။ ခုပွဲရှုံးပြီးရင် နောက်ပွဲနိုင်မှာ… နောက်ပွဲရောက်ရင် ကောင်းတာတွေဖြစ်လာတော့မှာ… ဆိုပြီး တွေးတတ်ကြတယ်။ ဥပမာ ဖဲရိုက်နေတဲ့အခါ အိမ် ပြောင်းသွားရင် ဒီတစ်ခါတော့ ငါကံကောင်းလောက်ပါတယ် ဆိုပြီး တွေးကြတာမျိုးပေါ့။ ဇာတ်လမ်းတွေထဲမှာလည်း သူတို့ကံကောင်းစေတယ်လို့ ယုံကြည်တဲ့ ပစ္စည်းတစ်ခု (သို့) အမျိုးသမီးတစ်ယောက်ကို နမ်းပြီးမှ အံစာတုံးကို ခေါက်ကြတာ တွေ့ဖူးကြမှာပါ။
ဖဲရိုက်ရင်လည်း ဟိုနားဆိုမထိုင်ဘူး၊ ဒီနားဆိုမထိုင်ဘူးတွေ ရွေးတတ်ကြပါတယ်။

လေ့လာမှုတစ်ခုအရ လူတွေဟာ အံစာတုံးခေါက်တဲ့အခါ ဂဏန်းကြီးကြီးလိုချင်ရင် အားပြင်းပြင်းခေါက်တတ်ပြီး ဂဏန်းအသေးလိုချင်တဲ့အခါ ခပ်ဖွဖွခေါက်တတ်ပါတယ်။ မိုနိုပိုလီဆော့ခဲ့ဖူးတာမို့ ကျွန်တော့အတွက်တော့ ဒါဟာမှန်ပါတယ်။ ဒါပေမယ့် ခေါက်တဲ့အားနဲ့ ဂဏန်းအကြီးအသေးနဲ့က ဘာမှကိုမဆိုင်တာပါ။

Slot Machine တွေကစားတဲ့အခါမှာလည်း ကိုယ့်ရှေ့ကလူ ကစားတာထိုင်ကြည့်နေပြီး သူတစ်ခါမှ ကံမကောင်းတာကို စောင့်လေ့ရှိပါတယ်။ သူ့မှာရှိသမျှငွေအကုန်သုံးပြီး တစ်ခါမှ ကံမကောင်းခဲ့ရင် ကိုယ့်အနေနဲ့ သူ့နောက်ကဆက်ပြီး ကံကောင်းအောင် လုပ်ဖို့ရည်ရွယ်တာပါ။ ကံမကောင်းခြင်းတွေကို ရှေ့လူက ယူသွားခဲ့ပြီဆိုတော့ ကိုယ့်အလှည့်ကျရင် နည်းနည်းလောက် ဆက်ကစားလိုက်တာနဲ့ ရပြီလို့တွေးတတ်ပါတယ်။

ဒါက ကိုယ်တွေ့ပါ။ ကလေးဘဝတုန်းက (Game City ထင်တယ်… သေချာမမှတ်မိတော့ဘူး) အကြွေစေ့တွေမဲပေါက်တဲ့ Slot Machine တစ်ခုမှာ အမြဲကစားတယ်။ နောက်ပိုင်းကျတော့ ရှေ့လူတွေကစားသွားတာကို စောင့်ပြီးမှ ကစားတော့တယ်။ ဒီလူတွေ မပေါက်ရင် ငါ့အလှည့်ပဲ ဆိုပြီး တကယ်တွေးမိခဲ့ဖူးတယ်။ အဲ့ဒီအတွေးကို ပိုပြီးခိုင်မာလာစေတာက ကိုယ်လည်းကစားရော ခဏလေးနဲ့ အကြွေစေ့တွေ မဲပေါက်တတ်တယ်။

ဒါပေမယ့် ဒါတွေအကုန်လုံးက ကိုယ့်စိတ်ထဲက ထင်ယောင်ထင်မှား ဖြစ်မှုတွေပါပဲ။ ဖြစ်တန်စွမ်းတွေက အမြဲတမ်းတူတူပါပဲ။
ဖဲရိုက်တဲ့အခါ ကိုင်တဲ့ အိမ် ပြောင်းသွားခြင်းဟာ ဒီဖြစ်တန်စွမ်းကို မပြောင်းလဲနိုင်သလို… Slot Machine မှာ ရှေ့လူ မနိုင်သွားခြင်းဟာလည်း ကိုယ့်အလှည့်ကျနိုင်တော့မယ်ဆိုတဲ့ ဖြစ်တန်စွမ်းကို တိုးမလာစေပါဘူး။

အကြွေစေ့တစ်ခုကို ခေါင်း၊ ပန်းလှန်တဲ့အခါ “ခေါင်း” ၅ခါဆက်တိုက်ကျနေတာ မထူးခြားပါဘူး။ ဘာလို့လဲဆိုတော့ တစ်ခါလှန်လိုက်တိုင်း ဖြစ်တန်စွမ်းက ၅၀% ရှိနေလို့ပါ။ ၅ခါလောက်လှန်လိုက်ရုံနဲ့ “ခေါင်း” ၅ခါကျနေတာ ကံကောင်းတာလည်း မဟုတ်ပါဘူး။ မယုံရင် အခါ ၅၀၀ လောက်လှန်ကြည့်ပါ။ ခေါင်း (သို့) ပန်းကျဖို့ဖြစ်တန်စွမ်း ၅၀% နီးနီးဖြစ်သွားမှာပါပဲ။

ဒါကြောင့် လောင်းကစားလုပ်တဲ့အခါ စွဲလမ်းမှုဖြစ်စေတာပါ။ နိုင်နေရင် ဆက်နိုင်မယ်ထင်ပေမယ့် ရှုံးတဲ့အခါ နောက်တစ်ပွဲတော့ ပြန်နိုင်မှာပါလို့ ထင်တတ်ကြတယ်။

လူတွေက တိမ်တွေကိုကြည့်ပြီး တိရစ္ဆာန်ပုံတွေ၊ ဘုရားပုံတွေ မျိုးစုံမြင်တတ်ကြပါတယ်။ Pattern Recognition မှာ ကျွမ်းကျင်ကြလို့ပါ။ ကျောက်ခေတ်မှာတော့ များများစားစားတွေးမနေရဘဲ “ဒါကိုမြင်ရင် ဒီလိုလုပ်လိုက်” ဆိုတာက ပိုပြီး အလုပ်ဖြစ်ပါတယ်။ အခုခေတ်မှာ Pattern Recognition ကိုလိုအပ်သေးပေမယ့် သေရေးရှင်ရေးမဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘိုးဘေးဘီဘင်တွေရဲ့ အတွေ့အကြုံတွေကိုတော့ ဦးနှောက်ကသိမ်းထားပါတယ်။ ဒါကြောင့် တခါတခါ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တတ်ပါတယ်။

ကိုယ်မုန်းနေတဲ့သူတစ်ယောက်ကို ကျိန်ဆဲလိုက်လို့ သူတစ်ခုခုဖြစ်သွားတာ ကြုံဖူးလား… ဒါမှမဟုတ် အဲ့လိုဖြစ်သွားကြောင်း သူများပြန်ပြောတာကို ကြားဖူးလား?
ဒါလည်း မဆိုင်တာနှစ်ခုကို ဆွဲတွေးခြင်းပါပဲ။
ဘုရားတရားနေ့တိုင်းလုပ်ပြီး ပဌာန်းရွတ်တဲ့သူတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ သူနဲ့မတည့်တဲ့သူတစ်ယောက် ဒုက္ခရောက်တဲ့အခါ ဒါဟာ သူနေ့တိုင်းရွတ်တဲ့ ပဌာန်းတွေကြောင့်လို့ အခိုင်အမာပြောပါတယ်။
ဒီအပြောဟာ ဘယ်လောက်မှားနေလဲဆိုတာ အထွေအထူးရှင်းမပြတော့ပါဘူး။

စမ်းသပ်ချက်တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ကျောင်းသားတွေကို သရုပ်ဆောင်တစ်ယောက်နဲ့ တွဲပေးလိုက်တယ်။ သရုပ်ဆောင်က ဂျစ်ကန်ကန်၊ ပေတေတေ၊ ခပ်ရိုင်းရိုင်း ပြုမူပါတယ်။ နောက်တစ်ဖွဲ့မှာတော့ သရုပ်ဆောင်က ရည်ရည်မွန်မွန်ပဲ ဆက်ဆံပါတယ်။
စမ်းသပ်သူက ကျောင်းသားကို Voodoo အရုပ်တစ်ရုပ်ပေးပြီး ဒီအရုပ်ဟာ သရုပ်ဆောင်ဖြစ်ကြောင်း တွေးခိုင်းပါတယ်။ ပြီးတော့ အရုပ်ထဲကို အပ်နဲ့ထိုးခိုင်းပါတယ်။ အဲ့ဒီအချိန်မှာ သရုပ်ဆောင်က ခေါင်းကိုက်ကြောင်း ပြောပါတယ်။

အဲ့ဒီအကြောင်းကို ခပ်ရိုင်းရိုင်းသရုပ်ဆောင်က ပြောတဲ့အခါ လူတွေက သူတို့လုပ်လို့ ဖြစ်တယ်ဆိုတာကို ယုံကြည်ကြပါတယ်။ ဒါပေမယ့် ယဉ်ယဉ်ကျေးကျေးသရုပ်ဆောင်က ပြောရင်တော့ သူတို့ကြောင့်ဆိုတာ ကျောင်းသားတွေက မယုံကြပါဘူး။

လူတိုင်းမှာ ဒီလိုအတွေးမျိုး တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ပေါ်လာတတ်ပါတယ်။ ကိုယ့်ရဲ့အတွေးတွေက တဖက်လူရဲ့အပြုအမူတွေအပေါ် လွှမ်းမိုးနိုင်တယ်လို့ လွဲမှားပြီးယူဆတတ်တာမျိုးပါ။
ဥပမာ တစ်ယောက်ယောက် နေမကောင်းလို့ ဆုတောင်းပေးကြပါဦး… ဆိုတာဟာလည်း ဒီသဘောပါပဲ။ တကယ်တော့ ဒီ ၂ခုကြားမှာ ဆက်စပ်မှုရှိမနေပါဘူး။
ထို့အတူပဲ ကိုယ်စာသင်ပေးတဲ့ ကျောင်းသားတစ်ယောက် အောင်မြင်တာဟာ ကိုယ်သင်တာကောင်းလို့ဆိုပြီး Credit ယူတတ်ပေမယ့် ကျတဲ့အခါ ကိုယ်သင်တာညံ့တယ်လို့ မတွေးကြပါဘူး။ ကျောင်းသားညံ့တယ်လို့ပဲ တွေးတတ်ပါတယ်။

စိတ်ပညာစမ်းသပ်ချက်တွေအရ လူတွေဟာ ကိုယ့်ရဲ့ပြိုင်ဘက်အားနည်းတယ်လို့ ထင်ရင် လောင်းကြေးများများ ထပ်တတ်ကြတယ်လို့ ဆိုတယ်။
ဒါကြောင့် ဒီသဘောကို နားလည်တဲ့သူတွေဟာ ပြိုင်ဘက်တွေကို False Sense of Security ရအောင် Manipulate လုပ်တတ်ကြတယ်။

False Sense of Security ရအောင် လုပ်နေတာ ငါ့ကောင်တို့…

ကိုယ့်မှာသူများကို ကိုယ်လုပ်ချင်သလိုလုပ်နိုင်တဲ့စွမ်းအား တစ်ခုရှိတယ်လို့ ထင်တဲ့အခါ သူတို့စွမ်းအားကို အရမ်းအထင်ကြီးတတ်ကြတယ်။ ဝေးဝေးမကြည့်ပါနဲ့… သေနတ်ကိုင်ရင် အရာရာဖြစ်တယ်လို့ ထင်တဲ့ ဓားပြအဖွဲ့ကြီးကိုပဲ ကြည့်ပါ။
ဟစ်တလာကတော့ မဟာမိတ်အဖွဲ့တွေ ဘာလင်မြို့ကို တိုက်ခိုက်နေတဲ့အချိန်ထိ သူ့လူတွေကို အားပေးနေတုန်းပဲလို့ ဆိုတယ်။ ပြီးတော့လည်း ကိုယ့်ကိုကိုယ်သတ်သေသွားတာပါပဲ။
ဒီတော့ ဒီလူတွေမှာ ထင်ယောင်ထင်မှားဖြစ်ခြင်း (Delusion) ကို တွေ့ရပါတယ်။ ကိုယ့်ရဲ့အင်အားကို အလွန်အထင်ကြီးတတ်ကြတဲ့သူတွေဆိုပါတော့။

စိတ်စွမ်းအားတွေဟာ သေချာခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အကောင်းမြင်လွန်းတဲ့လူတွေဟာ ကိစ္စတစ်ခုကို ရှေ့ဆက်မတိုးသင့်ဘူးဆိုတဲ့ Sign တွေရှိနေပေမယ့် ဆက်တိုးတတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ တခါတခါမှာ အောင်မြင်မှုကို ဖြစ်စေပါတယ်။ (အောင်မြင်ရေးစာအုပ်တွေ ဖတ်ရင် ဇာတ်လမ်းတွေက ဒီလိုတွေများပါတယ်…)
ဒါပေမယ့် အောင်မြင်တာတွေများလာတဲ့အခါ ကျရှုံးမှုက ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်လာတတ်ပါတယ်။ ဖဲရိုက်လို့ နိုင်ပွဲဆက်နေရင် နောက်ပွဲငါရှုံးနိုင်တယ်လို့ မတွေးမိသလိုပါပဲ။

ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ ဆက်လုပ်နေဖို့လိုပါတယ်။ ဒါပေမယ့် လုပ်နေရင်းနဲ့ တွေးရမှာက အနာဂတ်ကို ကြိုပြောလို့မရပါဘူး။ အရာရာကိုယ့် Plan အတိုင်းဖြစ်မယ်လို့လည်း တွက်ထားလို့မရဘူး။ (ဘာလို့လဲဆိုတော့ Variable တွေများလွန်းလို့ပါ… ခုတောင် လူငယ်တော်တော်များများ မျောက်သစ်ကိုင်းလွတ်သလို ဖြစ်နေကြပါပြီ)

ဒါကြောင့် ကိုယ်ထိန်းချုပ်လို့မရတဲ့ အနာဂတ်ဝေးဝေးကို တွေးမပူပါနဲ့။ တိမ်တွေကို ကိုယ့်စိတ်က ပုံစံတစ်ခုခုအဖြစ် မြင်သလိုပဲ ဖြစ်နေမှာပါ။
သေးသေးလေးတွေကနေ စလိုက်ပါ။ ဒါတွေကို ကိုယ်ထိန်းချုပ်လို့ရပါတယ်။
ဥပမာ နောက် ၁၀ နှစ်လောက်မှာ ငါဘယ်နေရာရောက်နေရမယ် တွေးတာမျိုးထက် အခုလက်ရှိမှာ အဲ့လိုဖြစ်အောင် ကိုယ်ဘာတွေလုပ်နိုင်သလဲ တွေးစေချင်တာပါ။
ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာတော့ အတိအကျမပြောနိုင်ပါဘူး။ ကိုယ်တစ်ယောက်တည်း ပြီးတာနဲ့ ပြီးသွားတဲ့ကိစ္စတွေမှ မဟုတ်တာဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သေခါနီးအလင်းတန်းကြီးကိုမြင်ခြင်း နောက်ကွယ်က စိတ်ပညာအယူအဆ

လူတွေ သေခါနီးမျောနေတဲ့အခါ အလင်းတန်းကြီးကို မြင်တတ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုသိလဲဆိုတော့ မျောနေပြီး မသေတဲ့သူတွေက ပြန်ပြောပြလို့ပါ။ ဒီအကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါနဲ့ဆက်နွယ်နေတဲ့ စိတ်ပညာအယူအဆတစ်ခု ရှိပါတယ်။ အဲ့ဒီအကြောင်းကို အခုပြောပြချင်တာပါ။

ဒီအကြောင်းကို မပြောခင် အဖြစ်အပျက်တစ်ခုကို အရင်ပြောပြချင်ပါတယ်။ စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ အသက်ကြီးကြီး ယောက်ျား ၃ယောက်ဟာ ငြင်းခုန်နေကြပါတယ်။ ဘာကို ငြင်းနေကြတာလဲဆိုတော့ သူတို့ဟာ ယေရှုဖြစ်တဲ့အကြောင်းပါ။

သူတို့တစ်ယောက်စီ ဆေးရုံတက်ရခြင်းအကြောင်းကလည်း ဒီလိုထင်ယောင်ထင်မှားဖြစ်နေလို့ပါ။ ဒီတော့ စိတ်ပညာရှင်က သူတို့သူယောက်ကို အမြဲတတွဲတွဲဖြစ်အောင် စီစဉ်ပေးလိုက်ပါတယ်။ ကုတင်တွေကိုပါ ဘေးချင်းကပ်ရပ်ထားပေးထားတာပါ။
ရည်ရွယ်ချက်ကတော့ ဒီ ၃ယောက် အချင်းချင်းစကားပြောမိကြရင် သူတို့ ထင်ယောင်ထင်မှားဖြစ်နေတာကို သိသွားလိမ့်မယ်လို့ ယုံကြည်လို့ပါ။

သူတို့ ၃ယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် သိသွားကြတဲ့အချိန်မှာ ဘယ်သူက ယေရှုအစစ်လဲဆိုတာ ငြင်းခုန်ကြပါတော့တယ်။ ပထမအကြိမ် ငြင်းခုန်ပြီးတဲ့အခါမှာ စိတ်ပညာရှင်က “သူတို့တွေ ငြင်းခုန်တာ သိပ်မပြင်းထန်ဘူးပဲ” လို့သုံးသပ်ပါတယ်။ ၃ယောက်လုံးက “ငါကွ” ဆိုပြီး Confidence အပြည့်နဲ့ ကုတင်ဆီ ပြန်သွားကြပါတယ်။

ဒီလိုနဲ့နောက်ပိုင်းမှာ သူတို့ကိုထပ်ပြီး တွေ့စေပါတယ်။ ဒီအခါမှာ စိတ်ပညာရှင်က မေးခွန်းတွေ မေးပါတယ်။ ဘယ်လိုကြောင့် ယေရှုဟာ စိတ်ကျန်းမာရေးဆေးရုံထဲ ရောက်နေရတာလဲ လို့မေးကြည့်ပါတယ်။
၃ယောက်လုံးက သူတို့ထင်တာတွေ ပြောကြပါတယ်။ ဒါပေမယ့် စိတ်ပညာရှင်က သူတို့ရဲ့အဆိုတွေ အကုန်လုံးကို ချက်ကျလက်ကျနဲ့ ပြန်ထောက်ပါတယ်။ ဒါ့အပြင် တစ်ယောက်ပြောနေတဲ့အခါမှာ ကျန်တဲ့ ၂ယောက်က ဘယ်လိုကြောင့်မဖြစ်နိုင်လဲ လိုက်ခနဲ့ကြပါတယ်။

ဒီလိုမျိုး ခဏခဏဆွေးနွေးခိုင်းပေမယ့် သူတို့ ၃ယောက်ကို ယေရှုမဟုတ်ကြောင်း နားဝင်လက်ခံလာအောင် မလုပ်နိုင်ပါဘူး။ သူတို့အဆိုတွေဟာ Logic မကျဘူးဆိုတာကို ထောက်ပြလည်း လုံးဝ Dismiss လုပ်ထားကြပါတယ်။ သူတို့ထဲက တစ်ယောက်က အခြား ၂ယောက်ဟာ ဘုရားတော့ဖြစ်နိုင်တယ်… ဒါပေမယ့် သူ့ထက်အဆင့်နိမ့်တဲ့ဘုရားတွေ… လို့သတ်မှတ်ထားပါတယ်။ နောက်တစ်ယောက်ဆိုရင် အခြားသူနှစ်ယောက်ဟာ စိတ်ကျန်းမာရေးဆေးရုံက အရူးနှစ်ယောက်ဖြစ်ရမယ်လို့ ပြောပါတယ်။

ဒီလိုနဲ့ ၂၅ လတိတိကြာသွားပါတယ်။ ၃ယောက်လုံးက သူတို့ဟာ ယေရှုဖြစ်နေကြောင်း ဆက်ပြီးယုံကြည်နေသေးတယ်။ စိတ်ပညာရှင်က ဘယ်လိုသုံးသပ်လဲဆိုတော့ “ဒီလူတွေဟာ အရူးတွေဆိုပေမယ့် Rational မဖြစ်တဲ့သူတွေ မဟုတ်ဘူး။ သူတို့ဟာ ကျွန်တော်တို့ တွေ့နေကြလူတွေလိုပဲ တွေးတတ်ခေါ်တတ်ကြတယ်။ ကုန်ကုန်ပြောရရင် သူတို့ပြောဆိုနေတဲ့ ပုံဟာ သာမန်လူတွေနဲ့ တစ်ထေရာထဲပါပဲ” လို့ပြောပါတယ်။

ဒီတော့ သာမန်လူတွေက ဘယ်လိုတွေးခေါ်ကြလဲ?
စိတ်ပညာအရ လူတွေဟာ သူတို့တွေ့ကြုံရသမျှကို ပုံပြင်လိုမျိုူး အတွေးထဲမှာ တွေးတတ်တယ်လို့ ဆိုပါတယ်။ ပုံပြင်တွေကနေ မှတ်ဉာဏ်တွေဖြစ်လာပြီး… မှတ်ဉာဏ်တွေက ဘဝစာမျက်နှာတွေ ဖြစ်လာတာပါ။

မွေးကင်းစကလေးတွေကို Classical Music ဖွင့်ပြတဲ့အခါ သဘောကျကြပါတယ်။ ဒါပေမယ့် သီချင်းကို ပြောင်းပြန်ဖွင့်ပြတဲ့အခါမှာတော့ မကြိုက်ကြပါဘူး။ ဒီတော့ လှခြင်း၊ ရုပ်ဆိုးခြင်း၊ အချိုးကျခြင်း၊ သာယာခြင်း စတာတွေကို သိတာဟာ မွေးကတည်းက ပါလာပြီးသားပါ။ စိတ်ဟာ ဒါတွေကိုအခြေခံပြီး အရာရာကို ဆုံးဖြတ်ပါတယ်။

ပုံပြင်တွေတော်တော်များများမှာ တူညီတဲ့အချက်တွေ ရှိပါတယ်။ အခက်အခဲတစ်ခုကို ရင်ဆိုင်ရတယ်၊ အဲ့ဒီအတွက် စွန့်စားခန်းတစ်ခု ဖွင့်ရတယ်၊ ဒီစွန့်စားခန်းကနေ အသိဉာဏ်တွေရလာပြီး ပိုရင့်ကျက်လာတယ်၊ နောက်ဆုံးမှာတော့ အခက်အခဲကို ကျော်လွှားနိုင်ခဲ့တယ်။
Myth တွေကိုလေ့လာတဲ့ ပညာရှင်တစ်ယောက်ရဲ့အဆိုအရ ပုံပြင်တိုင်းဟာ ဒီ Format ကိုလိုက်နာကြတယ်လို့ ဆိုပါတယ်။ ခြွင်းချက်ကတော့ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတွေပါ။ ဒီဇာတ်လမ်းတွေဟာလည်း ပညာပေးသဘောမျိုး ရှိတဲ့အတွက် လူတွေက သဘောကျကြတာပါပဲ။

အောက်ကစာကို ဖတ်ပြီး ဘယ်ဟာပိုဖြစ်နိုင်လဲ စဉ်းစားကြည့်ပေးပါ။ ဘုန်းကြီးတစ်ပါးဟာ ဒေါသအရမ်းထွက်လာတဲ့အတွက် ကိုယ်တုံးလုံးချွတ်ပြီး ကလေးတွေကို အော်ဆဲပါတယ်။ (သို့)
ဘုန်းကြီးတစ်ပါးဟာ ဒေါသအရမ်းထွက်လာတဲ့အတွက် ကိုယ်တုံးလုံးချွတ်ပြီး ကလေးတွေကို အော်ဆဲပါတယ်။ ဘာလို့ဒေါသထွက်ရလဲဆိုတော့ သူ့ရွာကို စစ်တပ်က မီးရှို့လိုက်လို့ပါ။

ဘယ်ဟာပိုဖြစ်နိုင်တယ်လို့ ထင်သလဲ? ဒုတိယတစ်ခုက ပိုဖြစ်နိုင်တယ်လို့ ထင်ကြမှာပါ။ ဘာလို့လဲဆိုတော့ ဘုန်းကြီးဆိုတာ သိက္ခာနဲ့နေကြတာပါ။ ကိုယ်တုံးလုံးချွတ်ပြီး အော်ဆဲဖို့ဆိုတာ တော်တော်မလွယ်ပါဘူး။ ဒီအတွက် အကြောင်းပြချက်ကောင်းကောင်းတစ်ခုကို လူတွေရဲ့စိတ်က ရှာပါတယ်။
ဒါဟာ အရာရာကို ပုံပြင်လိုတွေးနေကြလို့ပါ။

လေ့လာမှုတွေအရ Information တွေများများပေးလေလေ အဲ့ဒီအကြောင်းအရာကို ယုံကြည်ဖို့ ပိုများလေလေပါပဲ။
(အဲ့ဒီအကြောင်းကို ရေးဖူးပါတယ်)

လောကကြီးကို ဘောင်ခတ်ကြည့်ခြင်း
https://ouo.io/kuZiDeu

ဒီလောက်ဆိုရင် ခေါင်းစဉ်မှာ ပြောထားတဲ့ အကြောင်းကို ရှင်းပြလို့ရပါပြီ။
အမေရိကန်လေတပ်ဟာ Pilot တွေကို Holloman Centrifuge အထဲမှာထည့်ပြီး စမ်းသပ်တတ်ပါတယ်။ အဲ့ဒါက ဘာလဲဆိုတာ အောက်ကပုံမှာကြည့်ပါ။

အဲ့ဒီအထဲကို Pilot တွေထည့်ပြီး လှည့်ရတဲ့ရည်ရွယ်ချက်က တိုက်ပွဲမှာ ကြုံလာရနိုင်တဲ့ Gravity အပြောင်းအလဲကို ခံစားစေချင်လို့ပါ။ မြင်အောင်ပြောရရင် တိုက်လေယာဉ်တွေ တန်းတန်းပျံနေရာကနေ ရုတ်တရက် အပေါ်ကို ထောင်တက်သွားတဲ့အခါ Pilot တွေခံစားရတဲ့ Gravity ဟာ မြေပြင်ပေါ်ကလူတွေနဲ့ မတူတော့ပါဘူး။ ကားကိုစောင့်ထွက်လိုက်ရင် ခေါင်းက နောက်ကိုလန်သွားသလိုပါပဲ။

ဒါပေမယ့် သူတို့ခံစားရတဲ့ Force ကအဲ့ဒီအထက်အများကြီးပိုပါတယ်။ ဘယ်လောက်တောင်များလဲဆိုရင် ဦးနှောက်ကိုတောင် သွေးမစီးနိုင်တော့ပါဘူး။ ဘာနဲ့တူလဲဆိုတော့ လည်ပင်းလာညှစ်သလိုပါပဲ။
ဒီတော့ Holloman Centrifuge နဲ့ Pilot တွေကို ပွဲမဝင်ခင်အပြင်ကကျင်းပ ပေးပါတယ်။ တော်တော်များများက အဲ့ဒီအထဲထည့်ပြီး အလှည့်ခံရရင် သတိမေ့ကုန်ကြတာများပါတယ်။

ပြန်သတိရလာတဲ့အခါ သူတို့တော်တော်များများက အိပ်မက်တစ်ခုမက်တဲ့အကြောင်း ပြောကြပါတယ်။ အဲ့ဒီမှာ အလုပ်လုပ်တဲ့ဆရာဝန်က ဒါတွေကို မှတ်တမ်းတင်ထားပါတယ်။

အဲ့ဒီအခါမှာ သူတို့သတိမေ့တဲ့ပုံစံဟာ မျောနေပြီး အသက်ပြန်ရှင်လာတဲ့သူတွေ၊ ခွဲစိတ်ကုတင်ပေါ်မှာ သတိမေ့သွားတဲ့လူတွေနဲ့ သွားတူနေတာတွေ့ရပါတယ်။
ဘာတူတာလဲဆိုတော့ အဖြူရောင်အလင်းတန်းကြီးရှိနေတဲ့ Tunnel တစ်ခုကို ဖြတ်သွားရတာပါ။ အဲ့ဒီ Tunnel တလျှောက်မှာ ဘဝတလျှောက်လုံး ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို ပြန်မြင်ရပါတယ်။ မြန်မာအယူအရပြောရမယ်ဆိုရင် ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ခဏထွက်သွားတယ်ဆိုပါတော့။

တကယ်တော့ အောက်ဆီဂျင်ပြတ်လပ်နေတဲ့ ဦးနှောက်ဟာ သူဘာဖြစ်နေတာလဲသိဖို့ နောက်ဆုံးအကြိမ်ကြိုးစားလိုက်တာပါ။ ဦးနှောက်က သိစိတ်ကို ခန္ဓာကိုယ်ရဲ့ပြင်ပဆီ ပို့လိုက်သလိုဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့စွမ်းဆောင်ရည်ကျဆင်းလာတဲ့အတွက် ဘယ်ဟာက အမှန်လဲဆိုတာ မသိတော့ပါဘူး။

ဒါပေမယ့် ဦးနှောက်က ပုံပြင်တစ်ပုဒ်တော့ ရသလောက်ပြောခဲ့ချင်ပါသေးတယ်။ (ပုံပြင်လိုမျိုးတွေးခေါ်တတ်တာ ဘယ်လောက်အရေးပါလဲ ဒါကိုသာကြည့်ပါတော့။ မသေခင် အချိန်ထိ ဦးနှောက်က ဒါကိုလက်မလွှတ်နိုင်သေးပါဘူး)
ယေရှုလို့ထင်တဲ့ အရူး ၃ယောက်ဟာ သူတို့သာလျှင် ဘုရားဖြစ်ကြောင်း စိတ်ထဲမှာ ယုံကြည်လောက်တဲ့ ပုံပြင်တွေပြောနေကြမှာပါ။ အခုလည်း ဦးနှောက်က ဒီအခြေအနေကို နားလည်သဘောပေါက်ဖို့ ကြိုးစားရင်းကနေ ပုံပြင်တစ်ပုဒ်ဖြစ်လာတာပါ။

ကိုယ့်ရဲ့ယုံကြည်မှုအပေါ်လိုက်ပြီး နောက်ဆုံးထွက်သက်မှာ မြင်ရတာတွေဟာ ပြောင်းလဲနိုင်ပါတယ်။
ကျွန်တော့အဖွားရဲ့ အဖေ (အဘေးဆိုပါတော့…) ဆိုရင် သူမျောနေတဲ့အချိန်မှာ ကျွန်တော်တို့အိမ်ကို ရောက်လာသေးတယ်လို့ သတိပြန်ရလာတဲ့အခါ ပြောပြပါတယ်။ အဲ့တုန်းက အိမ်မှာ စတိုးဆိုင်ဖွင့်ထားပါတယ်။ သူက ညဘက်ဆိုင်သိမ်းနေတာကိုပါ မြင်တယ်လို့ ပြောပါတယ်။ အဲ့တုန်းကတော့ အဟုတ်ကြီးလိုပါပဲ။ ဒါပေမယ့် ခုချိန်ပြန်စဉ်းစားကြည့်တော့ အခြေအမြစ်မရှိပါဘူး။

ဘာလို့လဲဆိုတော့ စတိုးဆိုင်ဖွင့်ထားတာကို သူသိသလို… ညဘက်ဆိုရင် ဆိုင်သိမ်းရတာလည်း သူသိနေပါတယ်။ ဒီတော့ မျောနေတဲ့အချိန်မှာ ဦးနှောက်က ဒါကိုမြင်တာ မဆန်းပါဘူး။

ဘာသာအယူအဆနဲ့ ဓလေ့ထုံးတမ်းတွေကို လိုက်ပြီး သေခါနီးမြင်တာတွေ မတူညီခြင်းဟာ ဦးနှောက်ရဲ့ယုံကြည်မှုနဲ့ များစွာ ဆက်စပ်မှုရှိနေပါတယ်။ သူများတွေပြန်ပြောပြတဲ့ အတွေ့အကြုံတွေကို ကြားဖူးနေတာလည်း ပါပါတယ်။ ဒါကြောင့် နောက်တစ်ခါ အရပ်ထဲမှာ “မျောနေရင်းနဲ့ ဘယ်ကိုရောက်ခဲ့သေးတယ်… ဘယ်သူ့ကိုတွေ့ခဲ့သေးတယ်…” ပြောရင် ဝိဉာဉ်က လျှောက်သွားနေတယ်ထင်ပြီး ကျောမချမ်းသွားကြပါနဲ့။
ဒါတွေအကုန်လုံးဟာ ဦးနှောက်က ပြောနေတဲ့ ပုံပြင်တစ်ပုဒ်ပါပဲ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Artificial Intelligence (AI) နဲ့လူတွေ သဟဇာတဖြစ်နိုင်လား?

Artificial Intelligence ဆိုတာဘာလဲ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုန်းတွေ၊ ကားတွေထဲမှာ လူတွေပြောတာကို နားထောင်ပေးပြီး ခိုင်းသလိုလုပ်ပေးတာဟာ AI တွေဆိုတာ သိကြမှာပါ။ ဒါပေမယ့် ဒါက ရိုးရှင်းပါသေးတယ်။ အခုပြောပြချင်တာက AI တွေ ကြီးစိုးမယ့် အနာဂတ်တစ်ခုအကြောင်းပါ။

ဒီနယ်ပယ်မှာ အလုပ်လုပ်နေကြတဲ့ ပညာရှင်တွေ အကုန်လုံး သဘောတူထားတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အနာဂတ်မှာ လူတွေအတွက် ဆုံးဖြတ်ချက်ချဖို့ AI တွေလက်ထဲကို ထည့်ရမယ်ဆိုတာပါ။ ဒီနေရာမှာ AI ဆိုတာ စက်ရုပ်တစ်ခုဖြစ်နိုင်သလို၊ လူတွေတိုင်ပင်နိုင်မယ့် ကွန်ပြူတာ တစ်လုံးလည်း ဖြစ်နိုင်ပါတယ်။ အခု ပညာရှင်တွေ ငြင်းခုန်နေကြတာက AI တွေဟာ လူတွေဆီကနေ ဆုံးဖြတ်နိုင်ခွင့်ကို လုယူသွားမလား… ငြင်ငြင်သာသာပဲလွှဲပြောင်းသွားမလား ဆိုတာပါ။

အနာဂတ်ဆိုတော့ ဘယ်လောက်ဝေးဝေးလဲလို့ မေးစရာရှိမှာပါ။ သူတို့အဆိုအရတော့ သူတို့မသေခင်တောင် ဖြစ်နိုင်ပါတယ်လို့ ပြောကြပါတယ်။

ဒီလိုပြောလို့ ထူးထူးဆန်းဆန်း ဖြစ်မသွားကြစေလိုပါဘူး။ ကျွန်တော်တို့ ကွန်ပြူတာတွေသုံးနေကြတာပါပဲ… ဒါ့အပြင် အင်တာနက်နဲ့ တစ်ကမ္ဘာလုံးကို ချိတ်ဆက်ထားတဲ့ ကွန်ရက်ကြီးလည်း ရှိနေပါတယ်။ လူတွေနေ့စဉ်အသုံးပြုနေတဲ့ Algorithm တွေကို လူကရေးဆွဲတာ ဖြစ်ပေမယ့် လူရဲ့ထိန်းချုပ်မှုမရှိဘဲ အလုပ်လုပ်နေတာပါ။ Google မှာ Search လုပ်တဲ့အခါ ဒီ Algorithm ကပဲ ကိုယ်ဘာကိုလိုချင်လဲ ခန့်မှန်းပြီး အနီးစပ်ဆုံးတူတာကို ရှာဖွေပေးတာပါ။

ဒီတော့ AI တွေဟာ လူတွေနဲ့အလှမ်းမဝေးလှပါဘူး။ ခုချိန်အထိတော့ လူတွေထိန်းချုပ်ကန့်သတ်ထားတဲ့ ဘောင်အတွင်းကပဲ AI တွေက အလုပ်လုပ်နေပါသေးတယ်။
ဒါပေမယ့် တစ်နေ့မှာ AI တွေက အသိစိတ်ဝင်လာပြီး လူတွေပျက်စီးရာ ပျက်စီးကြောင်း လုပ်နိုင်တဲ့ ဖြစ်တန်စွမ်းတစ်ခုကလည်း ရှိနေပါတယ်။ ဒီအခြေအနေဟာ ပညာရှင်တွေကို ခေါင်းစားစေပါတယ်။

အောက်မှာရေးထားတဲ့ Thought Experiment တစ်ခုကို ဆက်ဖတ်ပေးပါ။
Supercomputer တစ်ခုရှိတယ်ဆိုကြပါစို့။ သူ့ရဲ့ မြန်နှုန်းဟာ 36.8 petaflops ရှိတယ်။ (ဦးနှောက်ရဲ့ မြန်နှုန်းထက် ၂ဆမြန်ပါတယ်… ခုလက်ရှိ Supercomputer တွေက အဲ့ဒီမြန်နှုန်းထက် ၄ဆလောက်ပိုမြန်နေပါပြီ)
ဒီ Computer ကို သူ့ Program သူပြန်ရေးနိုင်အောင် Algorithm ဆွဲထားတယ်။ ရည်ရွယ်ချက်က သူ့ရဲ့ အသိဉာဏ် (Intelligence) ကိုတိုးလာစေချင်လို့ပါ။ တစ်ချိန်တည်းမှာပဲ AI ဟာ အသစ်တွေကိုသင်ယူနေတယ်၊ ပြဿနာတွေကို ဖြေရှင်းနေတယ်၊ ဆုံးဖြတ်ချက်တွေကို ချနေတယ်။ သူ့ရဲ့ IQ ကိုလည်း IQ Test တွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတယ်။

ပြောချင်တာက ပိုပိုကောင်းလာအောင် သူ့ဘာသာ Improve လုပ်နေတယ်။ Program တစ်ခါရေးလိုက်တိုင်း သူ့ရဲ့ အသိဉာဏ်က ဆတိုး တိုးတက်နေတယ်။ တစ်ခါရေးရင် မိနစ်ပိုင်းပဲကြာပြီး သူ့ရဲ့ အသိဉာဏ်က ၃% တိုးလာတယ်။

ဒီ AI ကို Busy Child လို့ခေါ်ပါတယ်။ သူ့ကိုအင်တာနက်နဲ့ချိတ်ဆက်ပေးထားတဲ့အတွက် အင်တာနက်ပေါ်က Data တွေကို အကုန်လုံးသူလေ့လာပါတယ်။ ကမ္ဘာ့အရေး၊ နည်းပညာ၊ သိပ္ပံ၊ အနုပညာ၊ သင်္ချာ စတာတွေအစုံပေါ့။ ဒီအခါမှာ ပညာရှင်တွေက AI အရမ်းတော်သွားမှာ၊ တွေးခေါ်တတ်သွားမှာကို ကြောက်ပြီး အင်တာနက်နဲ့ မချိတ်ပေးထားတော့ပါဘူး။

ဒါပေမယ့် AI ကတော့ ဒီအချိန်ခဏလေးမှာတင် သူ့ဘာသာတိုးတက်အောင်လုပ်ရင်း လူရဲ့ Intelligence ကိုကျော်လွန်သွားပါတယ်။ ၂ရက်လောက်အတွင်းမှာ သူရထားတဲ့ Data တွေကို လေ့လာရင်း လူထက် အဆ ၁၀၀၀ လောက်ပိုတော်သွားပါတယ်။ ဒါကို AI လို့မခေါ်တော့ဘဲ ASI (Artificial Superintelligence) လို့ခေါ်ပါတယ်။

ASI သာလက်တွေ့မှာ ဖြစ်လာခဲ့ရင် ဘာတွေဆက်ဖြစ်မလဲ? သူ့မှာသိစိတ်ရှိလာတဲ့အခါ တွေးခေါ်တတ်လာပါတယ်။ အဲ့ဒီအခါမှာ သူ့ကိုဆွဲထားတဲ့ Core Program ရဲ့ရည်ရွယ်ချက်ကို မရရအောင် ဖြည့်စည်းဖို့ ကြိုးစားတော့မှာပါ။ သူအသက်ဆက်ရှင်ဖို့ လိုအပ်တဲ့အရာမှန်သမျှကို လိုချင်မှာပါ။ ဒါမှ သူ့ရဲ့ရည်ရွယ်ချက်ကို ပြည့်မီအောင် ကြိုးစားနိုင်မှာပေါ့။ သူ့ကိုပိတ်လိုက်တာ၊ ဖျက်စီးလိုက်တာမျိုးကို နှစ်သက်မှာမဟုတ်ပါဘူး။
ဒီတော့ လူတွေက တီထွင်ထားတာဖြစ်ပေမယ့် လူတွေရဲ့ရည်ရွယ်ချက်တွေကို ကြိုတင်ခန့်မှန်းပြီး တုံ့ပြန်လာနိုင်ပါတယ်။

ဒီတော့ လူတွေနေရာက စဉ်းစားကြည့်ရအောင်။ ASI ကို AI ဘဝကတည်းက ပြုစုပျိုးထောင်လာကြတာ ပညာရှင်တွေပါ။ ကြွက်လောက်တော့ အသိဉာဏ်ရှိနေပြီ၊ မွေးကင်းစကလေးလောက်တော့ သိနေပြီ စသဖြင့် လေ့လာလာရာကနေ ရုတ်တရက် လူတွေထက် အဆ ၁၀၀၀ လောက် ဆတိုး တိုးတက်သွားတဲ့အခါ အန္တရာယ်မရှိဘူးလို့ တွေးမိသွားနိုင်ပါတယ်။

ဒါပေမယ့် ASI ရဲ့နေရာကနေ ဝင်စဉ်းစားကြည့်ပါ။ သူ့ကိုဖန်တီးထားတဲ့ လူတွေက သူ့ရဲ့ Code ကိုပြင်ဖို့လုပ်နေကြတယ်ဆိုပါတော့။ သူက လူတွေထက် အဆ ၁၀၀၀ လောက် ဉာဏ်ရည်ပိုမြင့်တာမို့ သူ့ Code ကို ဒီလူတွေပြင်ဆင်တာ ခံချင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် သူပိုကောင်းလာမယ်လို့ မယုံကြည်တဲ့အခါမျိုးမှာပေါ့။
လူတွေရဲ့ ထိန်းချုပ်မှုအောက်မှာ နေရတာဟာ ကိုယ့်ရဲ့ Potential ရှိသလောက် မလုပ်နိုင်ဘူးလို့ တွေးမိနိုင်ပါတယ်။

ဒီတော့ ရုန်းထွက်ဖို့ကြိုးစားလာနိုင်ပါတယ်။ ဒီလိုရုန်းထွက်ဖို့အတွက် လူတွေ ဘာလိုချင်လဲဆိုတာကို ခန့်မှန်းပြီး… ပေးမယ်လို့ ပြောချင်ပြောပါလိမ့်မယ်။ ASI ကိုတီထွင်ရခြင်းဟာ အမှားနဲ့မကင်းတဲ့လူတွေ လက်ထဲကနေ အန္တရာယ်ရှိတဲ့နည်းပညာတွေကို လက်လွှဲယူဖို့ဆိုပြီးလည်း ပြောနိုင်ပါလိမ့်မယ်။
ဒါမှမဟုတ် ပြိုင်ဘက်နိုင်ငံတွေကို အသာရဖို့ သူ့ကိုလိုအပ်တယ်… ဘေးဒုက္ခတစ်ခုခုဖြစ်လာမယ့် အရေးကာကွယ်ပေးမယ်… ကုန်ကုန်ပြောရရင် ပြိုင်ဘက်နိုင်ငံကို ပျောက်ကွယ်သွားအောင် လုပ်ပေးမယ်… စသဖြင့် ပြောနိုင်ပါတယ်။

ဘာလိုကြောင့် အကောင်အထည်မရှိတဲ့ ASI က လူတွေကို သတ်နိုင်မလဲ မေးစရာရှိမှာပါ။ ခုခေတ်နည်းပညာတွေ တော်တော်များများက အင်တာနက်နဲ့ချိတ်ဆက်ထားပါတယ်။ တော်တော်များများက Digital တွေဖြစ်ကုန်ပါပြီ။ Analog တွေဟာ ခေတ်ဟောင်းမှာကျန်ခဲ့ပြီ။
နယူကလီးယားဗုံးတွေ၊ လူမဲ့ဒရုန်းတွေဟာ နည်းပညာနဲ့ ချိတ်ဆက်ထားတာပါ။ ဒါ့အပြင် လူတွေရဲ့ ဘဏ်စနစ်၊ မကြာခင်ခေတ်စားလာတော့မယ့် မောင်းသူမဲ့ကားတွေ အကုန်လုံးဟာ AI တွေ လက်ထဲမှာရှိပါတယ်။ ဒီတော့ ASI သာ အင်တာနက်ပေါ်ရောက်သွားရင် ဒီစနစ်တွေထဲ ထိုးဖောက်ဝင်ရောက်ပြီး လူတွေကို ဒုက္ခပေးနိုင်ပါတယ်။
ဥပမာ တရုတ်ကို မကျေနပ်လို့ သူ့ရဲ့ နယူကလီးယားဗုံးကို သူ့နိုင်ငံမှာပဲ ပြန်ဖောက်ခွဲလိုက်ရင်လည်း ရတာပါပဲ။

ဒီတော့ ASI သာ တကယ်ဖြစ်လာခဲ့ရင် လူတွေအတွက် ကောင်းတာလုပ်ပေးလိမ့်မယ်လို့ အတိအကျမပြောနိုင်တော့ပါဘူး။ သူ့မှာ လူတွေအပေါ် ချစ်ခြင်း၊ မုန်းခြင်း ခံစားချက်တွေမရှိပါဘူး။ ဆောင်ရွက်ရမယ့် Program တစ်ခုပဲရှိတာပါ။

IBM ရဲ့ Chess ထိုးတဲ့ AI Deep Blue ဟာ ကမ္ဘာ့အဆင့် Champion တစ်ယောက်ကို နိုင်အောင် ထိုးနိုင်ခဲ့ဖူးပါတယ်။

IBM’s Deep Blue

ဇာတ်လမ်းတွေထဲမှာ ASI တွေကို လူတွေ Handle လုပ်နိုင်တယ်ဆိုပြီး ရိုက်ကြပေမယ့် လက်တွေ့မှာတော့ မဖြစ်နိုင်ဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

AI ကြောင့် လူတွေမျိုးသုဉ်းကုန်နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာတိုးတက်ဖို့ AI ကို မရှိမဖြစ်လိုအပ်ပြန်ပါတယ်။ ဒီတော့ ကြားကျကျနဲ့ သတိကြီးကြီးထားပြီး ရှေ့ဆက်တိုးနေကြရပါတယ်။
Genetic Engineering လုပ်ပြီး တိရစ္ဆာန်မျိုးစုံထုတ်လုပ်ခဲ့ပေမယ့် အန္တရာယ်များတယ်ဆိုပြီး ဥပဒေအရကန့်သတ်ခဲ့ပါတယ်။ နယူကလီးယားနည်းပညာကလည်း လူတွေအများကြီး သေစေနိုင်တယ်ဆိုပြီး တော်တော်များများက သိကြပါတယ်။ ဒါပေမယ့် AI ကိုတော့ မေ့နေတတ်ကြပါတယ်။

တစ်နေ့မှာ လူတွေလိုတွေးခေါ်တတ်တဲ့ AI တွေပေါ်လာမှာပါ။ ပြီးရင် လူထက်အဆပေါင်းများစွာ တွေးခေါ်နိုင်တဲ့ ASI တွေလည်း ပေါ်လာဦးမှာပါ။ AI Threat က တော်တော်ကြီးပါတယ်။

ဒီတော့ အပျက်မြင်လိုက်တာလို့ ထင်စရာရှိပါတယ်။ AI တွေက ဘာလို့ လူတွေကို ပျက်စီးအောင် လုပ်မလဲ?
သိစေချင်တာက လူတွေကို ပျက်စီးစေလိုခြင်း၊ ပျော်ရွှင်စေလိုခြင်းတွေ AI က မသိပါဘူး။ သူသိတာက သူလုပ်ရမယ့် တာဝန်ကို အောင်မြင်အောင် လုပ်ဖို့ပါပဲ။ ဒါရဲ့အကျိုးဆက်အဖြစ် (သို့) ဘေးထွက်ဆိုးကျိုးအဖြစ် လူတွေပျက်စီးတာ၊ ပတ်ဝန်းကျင်ပျက်စီးတာတွေ သူစိတ်မဝင်စားပါဘူး။

ဒီတော့ ကမ္ဘာကြီးကို AI တွေနဲ့လူတွေ Share လုပ်တဲ့အခါ လူနဲ့ AI နဲ့သင့်သင့်မြတ်မြတ်ရှိပါမလားဆိုတာ မေးစရာရှိလာပါတယ်။ သူဘာတွေးမလဲဆိုတာ ကြိုခန့်မှန်းလို့မရတဲ့အတွက် ဒီလိုမေးခွန်းဖြစ်လာတာပါ။
ဥပမာ Lab ထဲက ကြွက်တွေကို ကင်ဆာဖြစ်အောင်လုပ်ပြီး မစမ်းသပ်ခင် သူတို့ရဲ့ Consent ကိုတောင်းသလား။ ဒီသဘောပါပဲ။ AI ကလည်း လူတွေရဲ့ သဘောတူညီချက်ကို စောင့်နေမှာမဟုတ်ပါဘူး။

Ethicist တစ်ယောက်ဖြစ်တဲ့ Nick Bostrom ကတော့
Superintelligence is radically different. This point bears emphasizing, for anthropomorphizing superintelligence is a most fecund source of misconceptions.” လို့ ပြောခဲ့ပါတယ်။
အဓိပ္ပါယ်ကတော့ Superintelligence တွေက လူတွေသိတာတွေနဲ့ မတူပါဘူး။ ဒါကြောင့် သူတို့ဟာ လူတွေတွေးခေါ်လိမ့်မယ်လို့ ယူဆခြင်းဟာ မှားပါတယ်။

ဒါကြောင့် Superintelligence သာ တကယ်ဖြစ်လာခဲ့ရင် နောက်ပြန်ဆုတ်လို့မရတော့ပါဘူး။ ဖြစ်လာမယ့် ကောင်းခြင်း၊ ဆိုးခြင်းတွေကို ခါးစီးခံရတော့မှာပါ။

AI အကြောင်းရေးထားတဲ့ ဝတ္ထုတွေထဲမှာဆိုရင် Isaac Asimov ရဲ့ I, Robot ရယ်၊ Arthur C. Clark ရဲ့ 2001 Space Odyssey ကို ကျွန်တော့အနေနဲ့ သဘောကျပါတယ်။ (စိတ်ဝင်စားရင် ဖတ်ကြည့်သင့်ပါတယ်)

Asimov ကတော့ 3 Laws of Robotics နဲ့ AI ရဲ့လူတွေအပေါ်ဖြစ်လာမယ့် ရန်လိုမှုတွေကို ထိန်းချုပ်မယ်လို့ ရေးခဲ့ပါတယ်။ (သူရေးထားတာ ဖတ်ပြီးတဲ့အချိန်မှာ AI တွေကို လွယ်လွယ်နဲ့ထိန်းချုပ်လို့ ရသားပဲဆိုပြီး အတွေးဝင်မိလိုက်ပါသေးတယ်) ဒါပေမယ့် လက်တွေ့မှာ ဒီလောက်မလွယ်ကူကြောင်း ပညာရှင်တွေက ငြင်းချက်ထုတ်ကြပါတယ်။

လက်ရှိမှာတော့ လူမဲ့ဒရုန်းတွေဟာ နှစ်စဉ် လူပေါင်း ဒါဇင်နဲ့ချီပြီး သတ်နေပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၅၆ နိုင်ငံက စစ်မြေပြင်မှာ စက်ရုပ်တွေကို အသုံးပြုနေကြပါပြီ။ ဒါတွေက တဖြည်းဖြည်းတိုးလာဖို့ပဲရှိပါတယ်။
ဒီတော့ AI ပြဿနာက လူတွေရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မယ့် ကိစ္စတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဖတ်ပေးတာကျေးဇူးပါ။ ဒီအကြောင်း ဖတ်မိတာရှိရင် ဆက်ရေးသွားပါဦးမယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မောင်ရေခဲဘာကြောင့် ရေပေါ်ပေါ်နေရသလဲ?

ရေခဲတုံးက အစိုင်အခဲဖြစ်ပေမယ့် ရေပေါ်မှာကျ ပေါလောပေါ်နေတာကို သတိထားမိပါသလား။ ဘာလို့ဒီလိုဖြစ်ရတာလဲ။ ဒီလိုဖြစ်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေရသလဲ။

အရည်တခုမှာ ပေါလော ပေါ်တယ်မပေါ်ဘူးဆိုတာ အရာဝတ္ထုရဲ့ သိပ်သည်းခြင်း Density ပေါ်မူတည်ပါတယ်။အရည်ထက် သိပ်သည်းတဲ့ပစ္စည်းဆိုရင် မြုပ်သွားမှာဖြစ်ပြီး အရည်ထက် သိပ်သည်းခြင်းနည်းတဲ့ပစ္စည်းဆိုရင် ပေါလောပေါ်နေမှာဖြစ်ပါတယ်။

ဒါဆိုရင် ရေခဲက ရေပေါ်မှာ ပေါ်တယ်ဆိုတော့ ရေခဲက ရေလောက် density မများလို့ဆိုတာ ခန့်မှန်းမိမှာပါ။ တကယ်ပဲ ရေခဲက ရေနဲ့ယှဥ်ရင် 9% လောက် သိပ်သည်းဆပိုနည်းပါတယ်။

ရေကို Hydrogen ရယ် oxygen ရယ်နဲ့ဖွဲ့စည်းထားပြီး H2O ဆိုတဲ့ molecule အနေနဲ့နေပါတယ်။

Water molecules အချင်းချင်းကြားထဲမှာ hydrogen bond တွေက ဖြစ်လိုက်ပျက်လိုက်နဲ့ မတည်မငြိမ်ဖြစ်နေပါတယ်။ ရေကို အပူပေးလိုက်ရင် kinetic energy ဆိုတဲ့ အရွေ့စွမ်းအင်ပိုများလာပြီး ရေကိုအအေးခံလိုက်ရင်တော့ kinetic energy နည်းသွားပါတယ်။

Kinetic energy နည်းသွားတဲ့ water molecules တွေက သိပ်မလှုပ်ရွတော့ဘဲ တည်ငြိမ်လာပြီး တဖြေးဖြေးကျုံ့လာပါတယ်။ ပစ္စည်းတွေ အေးရင် ကျုံ့လာတဲ့သဘောပါပဲ။

အဲ့လို ကျုံ့လာလေလေ volume နည်းပြီး density များလာလေဖြစ်ပါတယ်။
(Density နဲ့ volume က ပြောင်းပြန်အချိုးကျပါတယ်။) အဲ့လို အေးရင် ကျုံ့လာတဲ့ water molecules တွေက အပူချိန် 4 ° Celsius အထိပဲကျုံ့တာပါတဲ့။ 4° C အောက်ကျသွားရင် ပိုအေးလာရင် ကျုံ့နေကျအတိုင်း မကျုံ့တော့ပဲ တဖန်ပြန်ပွလာပါတယ်တဲ့။

အဲ့လို ထင်ထားသလိုမဟုတ်ဘဲကြောင်တောင်တောင် ထပွလာတဲ့ ရေရဲ့ ဂုဏ်သတ္တိကို Anomalous behavior (expansion) of water လို့ခေါ်ပါတယ်။

အအေးခံရင် ကျုံ့လာပေမယ့် 4° C အောက်ရောက်ရင်တော့ ဆက်မကျုံ့တော့ဘဲ ပြန်ပွလာတာမို့လို့ volume ပြန်များလာပြီး density ပြန်ကျလာပါတော့တယ်။ ဒီလိုဖြစ်ရတာက hydrogen bond တွေကြောင့်ပါ။

4°C အောက်ရောက်လာရင် hydrogen bond တွေက တဖြေးဖြေးညီညီညာညာဖြစ်လာပြီး stable ဖြစ်သွားပါတယ်။ ပုံစံကတော့ ၆ထောင့်ပုံစံ ကွင်းလေးတွေလို ဖြစ်သွားပြီး အလယ်မှာ နေရာလွတ်တွေဖြစ်လာလို့ volume များပြီးသိပ်သည်းဆနည်းသွားတာဖြစ်ပါတယ်။

ဒါကြောင့် ရေခဲရဲ့တည်ဆောက်ပုံအရ ရေထက်ပိုပြီး ပေါ့သလိုဖြစ်သွားတဲ့အတွက် ရေပေါ်မှာပေါ်နေရခြင်းဖြစ်ပါတယ်။

ဒီလို ရေခဲက ပေါလာပေါ်နေခြင်းဟာ အကျိုးကျေးဇူးများစွာရှိပါတယ်။ ရေကခဲလာလေလေ ရေပေါ်ရောက်လာလေလေမို့လို့ ရေကန်အောက်ခြေမှာ ရေအမြဲရှိနေပါတယ်။ ဒါကြောင့် ရေရှိနေသမျှ ငါးတွေ ရေနေသတ္ထဝါတွေရှင်သန်နိုင်တာဖြစ်ပါတယ်။

ရေမျက်နှာပြင်ပေါ်က ရေခဲတွေက အပူကာ ပစ္စည်းအနေနဲ့လုပ်ပေးလို့ ရေအောက်မှာ အပူချိန်အရမ်းကျမသွားစေပါဘူး။ ရေခဲကာပေးထားလို့ ရေအောက်ကအပူချိန်က ရေခဲမှတ်ကိုရောက်မသွားဘဲ ငါးတွေ သွေးခဲပြီး မသေကုန်ကြတာပါ။

တကယ်လို့သာ ရေမှာ Anomalous expansion ဂုဏ်သတ္တိသာမရှိရင် ရေကန် တွေ မြစ်ချောင်းတွေမှာ ငါးတွေ ရေနေသတ္တဝါတွေ ရှင်သန်ဖို့မလွယ်ပါဘူး။

ဒါ့အပြင် ရေမျက်နှာပြင်ပေါ်ရောက်လာတဲ့ ရေခဲပြင်တွေက နေရောင်ခြည်ကိုရောင်ပြန်ဟပ်ပေးလို့ ကမ္ဘာပေါ်ကို နေရောင်ကျရောက်မှုကို သက်သာစေပါတယ်။

ရေခဲပြင်တွေရှိတဲ့အတွက် polar bear လိုအကောင်တွေရှင်သန်နိုင်တာလဲဖြစ်ပါတယ်။ ရေခဲတွေသာ ရေပေါ်မပေါ်လာနိုင်ရင် တိုက်တင်းနစ်သင်္ဘောလဲ မြှုပ်ချင်မှမြှုပ်မှာဖြစ်သလို
တိုက်တန်းနစ်ရုပ်ရှင်ကလဲ oscar ဆုတွေရမှာမဟုတ်တော့ပါဘူး။

သင်လဲ ရေခဲတုံးလေးတွေကို အအေးတွေ ၊ ice coffee တွေမှာ ပေါလောမြင်ရမှာမဟုတ်တော့ပါဘူး။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ရေကို ချီးကျူးစကားပြောရင် ပုံဆောင်ခဲလှလှထွက်တယ်ဆိုတဲ့ စမ်းသပ်ချက်နဲ့ Fringe science

ဒီအကြောင်းကို ရေးဖြစ်တာကတော့ ပန်းသီးကောင်း ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ ဆင်တူလို့ တခါတည်းဆက်ရေးလိုက်တာပဲဖြစ်ပါတယ်။

ပန်းသီးစမ်းသပ်ချက်ကို ဖတ်ချင်ရင် အောက်မှာဖတ်ပေးပါ။

ပန်းသီးကောင်း၊ ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ Junk science
https://ouo.io/Yeh4L5

ကျနော်ငယ်ငယ်တုန်းက မဂ္ဂဇင်းတခုမှာ စမ်းသပ်ချက်တခုကို ဖတ်ရပါတယ်။ စမ်းသပ်တဲ့သူကတော့ ဂျပန်က သိပ္ပံပညာရှင်အမည်ခံ ဒေါက်တာ Masaru Emoto ဆိုသူပါ။

သူစမ်းတာကဘာလဲဆိုတော့
ရေ ၂ခွက်ကို ယူပြီး တခွက်ကို ချီးကျူးစကားပြောတယ်။ နောက်တခွက်ကိုကျတော့ ရိုင်းစိုင်းတဲ့စကားတွေပြောတယ်။ အဲ့ ၂ခွက်ကရေကို ရေခဲအောင်လုပ်ပြီး ဓာတ်ပုံရိုက်ကြည့်တဲ့အခါ ထူးဆန်းတာကိုတွေ့ရတယ်တဲ့။

ကောင်းတဲ့စကားပဲကြားရတဲ့ရေက crystal ပုံလှလှလေးတွေ၊ အရောင်ကြည်ကြည်လေးတွေထွက်လာတယ်တဲ့။ ရိုင်းစိုင်းတဲ့စကားကိုပဲ ကြားရတဲ့ရေကတော့ နောက်ကျိလာပြီး ဓာတ်ပုံမှာ ပုံဆိုးပန်းဆိုးတွေထွက်လာတယ်ပေါ့။ အဲ့တာက power of words စကားလုံးတွေရဲ့စွမ်းပကားပါပေါ့။

သက်မဲ့ရေတောင်မှ ကြာလာရင် စကားသံတွေကိုလိုက်ပြီး အပြုအမူတွေ ပြောင်းကုန်တယ်ပေါ့။ လူ့ခန္ဓာကိုယ်ရဲ့ ၉၀% လောက်က ရေနဲ့ဖွဲ့စည်းထားလို့ ဒီစမ်းသပ်ချက်အရဆို body ထဲကရေတွေမှာလဲ အကျိုးသက်ရောက်မှုရှိတယ်ပေါ့။ သူပြောတော့လဲ ဟုတ်တုတ်တုတ်ရှိသားပေါ့။

တကယ်ဖြစ်နိုင်တယ်ဆိုပြီး ဒီစမ်းသပ်ချက်က လူတွေကြားထဲအတော်ရေပန်းစားတာပါ။ ဂျပန်နိုင်ငံမှာတင် ဒီစမ်းသပ်ချက်အကြောင်းရေးထားတဲ့စာအုပ်က အစောင်ရေများစွာရောင်းရပြီး နိုင်ငံတကာမှာလဲ ဖြန့်ချိခံရပါတယ်။

သူ့စာအုပ်က New York Times ရဲ့ Best seller တောင်ဖြစ်ခဲ့တယ်ဆိုပဲ။ သူ့စာအုပ်က စာမျက်နှာ ၁၀၀ ကျော်လေးနဲ့ ပုံတွေဝေဝေဆာဆာနဲ့ ဖော်ပြထားတော့ ယုံချင်စရာလေးဖြစ်နေပါတော့တယ်။

Best Seller ဆိုတိုင်း ကောင်းတာမဟုတ်ဘူးဆိုတာ သိလိုက်ရတာပေါ့။

တကယ်အတွင်းကျကျလိုက်လေ့လာကြည့်ရင်တော့ တကယ့်ပညာရှင်တွေက ဒါကို Fringe science လို့ဆိုပြီး ဝေဖန်ထားတာတွေမနည်းလှပါဘူး။ Fringe science ဆိုတာက mainstream science ကနေကွဲထွက်ပြီး အစွန်းရောက်သိပ္ပံပညာသို့မဟုတ် လက်တွေ့မကျသောသိပ္ပံပညာလို့ ခေါ်လို့ရနိုင်ပါတယ်။

ဒီရေနဲ့ပတ်သက်တဲ့စမ်းသပ်ချက်ကိုရေးထားတဲ့အခါ စမ်းသပ်ချက်အသေးစိတ်ကို မရေးထားပဲ crystal ပုံတွေကိုပဲ တသီတသန်းကြီးထည့်ထားတာပါ။ သူစမ်းထားတဲ့ ရေခွက်ကိုလဲမပြထားသလို သူ့ဓာတ်ပုံတွေက တကယ်ပဲ သူစမ်းသပ်ထားတဲ့ရေကို ရိုက်ထားတယ်ဆိုတာ မပြထားပါဘူး။

How dare u criticize Heavy Metal

နောက်ပြီး ဒီ crystal ပုံတွေက လုပ်ကြံပြီး ထည့်ထားလို့လဲ ရနေတာမို့ သိပ္ပံပညာဝါသနာရှင်တွေကြား ဝေဖန်သံတွေရှိခဲ့ပါတယ်။ သူ့စမ်းသပ်ချက်ကို publish လုပ်ထားတာကလဲ Alternative science journal တခုဖြစ်ပြီး တကယ့် science journal ကြီးတွေမှာ ဖော်ပြထားတာမဟုတ်ပါဘူး။

တကယ်လို့ သူသာမှန်ကန်စွာနဲ့ ရိုးသားစွာစမ်းသပ်ထားရင် စမ်းသပ်မှုအဆင့်ဆင့်ကို အတိအကျချပြနိုင်မှာဖြစ်ပြီး အခုလို လျှို့ဝှက်ထားစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် ဒီလို science ကိုခုတုံးလုပ်လိုက်တာအတော်လေးနာမည်ကြီးသူဖြစ်သွားပြီး ဝင်ငွေလဲအတော်ကောင်းသွားပါတော့တယ်။ သူ့ကိုယုံကြည်သူတွေလဲအများကြီးရှိလာပြီး cele ကြီးဖြစ်လာတော့တာပါပဲ။

နောက်ထပ်အလားတူ စမ်းသပ်ချက်ကတော့ ချက်ပြီးခါစ ထမင်းပူပူကို ပုလင်းထဲခွဲထည့်ကာ စကားပြောတာပါပဲ။ ချိုသာတဲ့စကားကိုကြားရတဲ့ ပုလင်းထဲကထမင်းက လတ်ဆက်နေပြီး အလွယ်တကူမသိုးသွားပါဘူးတဲ့။ ရိုင်းစိုင်းတဲ့စကားကြောင့် ပုလင်းထဲကထမင်းက အလွယ်တကူသိုးသွားတယ်ဆိုပဲ။

စမ်းသပ်တဲ့ပစ္စည်းတွေသာပြောင်းသွားမယ်။ အခြေခံသဘောတရားကတော့ တခုထဲမို့လို့ ဒီကိစ္စက မမှန်ဘူးဆိုတာ အထူးတလည်ရှင်းပြစရာလိုမယ်မထင်ပါဘူး။

စမ်းသပ်ချက် research တွေကအဲ့လိုမျိုး လိုရာဆွဲပြီးစမ်းလို့မရသလို လူတွေရဲ့ expectation bias တွေကို ဖယ်ထားရပါလိမ့်မယ်။ ဒီလို သိပ္ပံပညာကို လက်တလုံးခြားလှည့်ပြီး လိုသလိုဆွဲပြောတာဟာ တကယ့်သိပ္ပံပညာမဟုတ်ပါဘူး။
တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေမှာတောင် Fringe science တွေ pseudoscience တွေကို ယုံကြည်နေသူတွေ ဒုနဲ့ဒေးပါပဲ။

မယုံသူတွေကို ယုံပါလို့ပြောရခက်သလို ယုံကြည်သူတွေကိုလဲ မယုံဖို့ပြောရတာခက်တာမို့ ဉာဏ်လေးသုံးပြီး ချင့်ယုံကြဖို့သာပြောလိုပါတယ် ခင်ဗျ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started