Dimension များကို နားလည်ကြည့်ခြင်း

2D, 3D, 4D ဆိုပြီးကြားဖူးနားဝရှိကြတော့ Dimension ဆိုတာ ကျွန်တော်တို့တွေနဲ့ အရမ်းမစိမ်းကားကြဘူးလို့ထင်ပါတယ်။
သိပ္ပံဇာတ်လမ်းတွေ၊ Science Documentary တွေထဲမှာ Dimension ဆိုပြီး ပြောကြဆိုကြတာ ကြားဖူးကြမှာပါ။
ဒါဆို Dimension ဆိုတာဘာလဲ။
အရွယ်အစား၊ ထုထည်ပမာဏဆိုတာမျိုး အကြမ်းအားဖြင့်ပြောနိုင်ပါတယ်။

မြင်အောင်ပြောရရင် အမှတ်စက် တစ်ခုကို Zero Dimension လို့သတ်မှတ်ကြတယ်။ ဘယ်အရပ်ကိုမှ မရွေ့နေ မညွှန်ပြနေလို့ဖြစ်တယ်။

မျဉ်းတစ်ကြောင်းကို One Dimension လို့သတ်မှတ်တယ်။ သူ့မှာအနက် (Depth) မရှိဘူး။
ဒါဆို Two Dimensions ကိုသိနိုင်ကြမယ်ထင်ပါတယ်။ စာရွက်ပေါ်မှာ ဆွဲလိုက်တဲ့ ထောင့်မှန်စတုဂံတစ်ခုကို မြင်ကြည့်ပါ

Three Dimensions မှာတော့ အလျား၊ အနံ၊ အမြင့် ၃ခုလုံး ရှိနေပါပြီ။ မြင်တွေ့ရသမျှ လောကကြီးက 3D ပါပဲ။
(ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာ တစ်ခုကို ဖြတ်ပြောရရင် မျက်လုံးဟာ 2D ကိုပဲမြင်နိုင်စွမ်းရှိပါတယ်၊ ဒါပေမယ့် ဦးနှောက်ရဲ့ Depth Perception ကြောင့် အရာရာကို ထုထည်နဲ့ 3D အဖြစ်မြင်နေရခြင်းဖြစ်တယ်)

3D ပြီးတော့ 4D ရှိနိုင်သေးလားဆိုရင် ရှိသေးတယ်လို့ ဖြေရမှာပါ။
Einstein ကတော့ 3 Dimensions မှာ အချိန် (Time) ကို Dimension တစ်ခုအဖြစ်နဲ့ယူဆပြီး Space-Time လို့ ထည့်ပြောခဲ့ပါတယ်။
အချိန်က အမြဲရှေ့သို့သွားနေတယ်ဆိုတဲ့ အယူအဆမဟုတ်တော့ဘဲ နောက်ပြန်လည်းသွားနိုင်တယ်ဆိုပြီး ပြောခဲ့တယ်။

ဒါပေမယ့် ကျွန်တော်အခုပြောမယ့် 4D က အချိန်ကိုဆိုလိုချင်သည်မဟုတ်ပါ။ အလျား၊ အနံ၊ အမြင့်တင်မဟုတ်ဘဲ နောက်ထပ်မြင်နိုင်သော quantity တစ်ခုတိုးလာခြင်းကို ဆိုလိုခြင်းဖြစ်တယ်။
နားလည်ရန်ခက်ခဲနေပါသလား။
ဥပမာနဲ့ဆို ပိုပြီးမြင်လွယ်မယ်ထင်တယ်။

3D နဲ့ 4D ကို နားလည်ဖို့ 2D နဲ့ 3D ကို အရင်ရှင်းလင်းသိဖို့လိုတယ်။
စာရွက်ပေါ်မှာ စတုရန်းနှစ်ခုရှိတယ်လို့ မြင်ကြည့်ပါ။ 2D စတုရန်း ၂ခုဆိုပါတော့။

သူတို့ 2D ကမ္ဘာမှာ အချင်းချင်းမြင်တွေ့ပုံကို စာရွက်ပေါ်ကိုသွားပြီး ကျွန်တော်တို့ စိတ်မှန်းနဲ့ကြည့်ကြည့်ရအောင်။

စတုရန်း ၁ ယောက်က နောက်စတုရန်း ၁ယောက်ရဲ့ ဘေးအနားတွေကိုသာ မြင်နိုင်တွေ့နိုင်တယ်။ စတုရန်းထဲမှာ အနီရောင်ခြယ်ထားလည်း အခြားစတုရန်းက ခြယ်ထားတဲ့အရောင်ကိုမြင်နိုင်မှာမဟုတ်ဘူး

မြင်ချင်ရင်ဘယ်လိုလုပ်ရမလဲ။ ရှင်းပါတယ်။ အတွင်းမှာအနီရောင်ခြယ်ထားတဲ့ စတုရန်းကို တစ်ခုခုနဲ့လှီးဖွင့်မှ ရမှာပါ။ (ကျွန်တော်တို့ကိုယ်ထဲမှာ ခွဲစိတ်ကုသမှုလုပ်ကြသလိုပေါ့)

ကျွန်တော်တို့ 3D လူသားတွေအနေနဲ့ စာရွက်ပေါ်ကစတုရန်း ၂ယောက်ကို ကြည့်လိုက်တာနဲ့ ဘယ်သူ့မှာ အနီရောင်ခြယ်ထားလဲဆိုတာ ဘာနဲ့မှသွားလှီးနေစရာမလိုဘဲ တန်းမြင်နိုင်တယ်။
ကျွန်တော်တို့မှာ Dimension ၁ခုအပိုရှိနေတာကြောင့်ပါ။

စတုရန်းတစ်ယောက် ရောဂါအကြီးအကျယ်ဖြစ်လို့ ခွဲစိတ်ရမယ်ဆိုရင် ကျွန်တော်တို့ 3D လူသားတွေအနေနဲ့ စတုရန်းကိုခွဲစိတ်စရာမလိုဘဲ ကုသပေးနိုင်ပါတယ်။
ဒီလောက်ဆို မြင်နိုင်မယ်ထင်ပါတယ်။

3D နဲ့ 4D သက်ရှိတွေကို ထပ်စဉ်းစားရင် ကျွန်တော်တို့က စတုရန်းနေရာ ရောက်သွားတာပေါ့။
4D သက်ရှိဟာ ကျွန်တော်တို့အရေပြားကို မဖွင့်ဘဲ ခွဲစိတ်ပေးနိုင်လိမ့်မယ်။
နှလုံးကို သူ့လက်နဲ့ကိုင်ပြီး ညှစ်ပေးနိုင်လိမ့်မယ်၊ သူစိတ်အလိုမကျရင် မခွဲမစိတ်ဘဲနဲ့ ဦးနှောက်ကိုပါ ခေါင်းထဲက ဆွဲထုတ်သွားလို့ရတယ်။
(4D သက်ရှိရဲ့ လုပ်ဆောင်နိုင်တဲ့ပမာဏများကို ပြောလိုခြင်းဖြစ်ပါတယ်။
သူ့မှာ လက်ရှိတယ်၊ စိတ်ရှိတယ်၊ ယုတ်စွအဆုံး 4D သက်ရှိဆိုတာ တကယ်ရှိတယ်ဆိုတာမျိုးကို ပြောလိုခြင်းမဟုတ်ပါ)

2D သက်ရှိတွေက 3D သက်ရှိတွေကို မမြင်နိုင်ဘူးလားလို့ မေးရင် မြင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အမြင်ဟာ 2D မှာကန့်သတ်ခြင်းခံထားရတော့ 3D ကို 2D အဖြစ်နဲ့ပဲမြင်နိုင်လိမ့်မယ်။ 3D ရဲ့လှုပ်ရှားမှုတွေဟာ သူတို့အတွက် ယုတ္တိရှိနေမှာမဟုတ်ဘူး။

ကျွန်တော်တို့လည်း 4D ကိုသင်္ချာနည်းအရ စိတ်ကူးယဉ်ကြည့်နိုင်တယ်။ ပုံဖော်ကြည့်နိုင်တယ်။ တော်တော် odd ဖြစ်ပေမယ့် 4D ကို ကျွန်တော်တို့ 3D အမြင်နဲ့မြင်ကြည့်နိုင်တယ်။

(Spoiler Alert: အခုရေးတဲ့စာအတွက် အကောင်းဆုံး ဥပမာကတော့ Interstellar ဇာတ်သိမ်းခန်းမှာ ဇာတ်လိုက်က Black Hole ထဲဝင်သွားတဲ့အချိန် သူ့ရဲ့မြင်ကွင်းမှာ မျဉ်းကြောင်းတွေနဲ့ရှုတ်ရှုပ်ခတ်နေတယ်၊ Higher Dimensions တွေကို 3D လူသားတစ်ယောက်အနေနဲ့ မြင်တွေ့ရပုံကိုပြတာဖြစ်တယ်)

(နောက်ဥပမာတစ်ခုအနေနဲ့ Cixin Liu ရဲ့ Death’s End စာအုပ်မှာလည်း ဒီအယူအဆကို ရေးထားပါတယ်)

စာတော်တော်ရှည်နေပြီမို့ ဒီမှာပါရပ်လိုက်ပါတော့မယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကျန်းမာချင်လား ငှက်ပျောသီးစား!

“An apple a day keeps the doctor away” ဆိုတဲ့ slogan လေးကို ကြားဖူးကြမှာပါ။ စားကြည့်တော့ သိပ်မထူးခြားဘူးဖြစ်နေလား??
.
.
ငှက်ပျောသီးပြောင်းစားကြည့်ပါလား!

လေ့ကျင့်ခန်းလုပ်တာတို့ အချိန်မှန်မှန်အိပ်တာတို့က နှလုံးရောဂါ၊ လေဖြတ်တာတွေကို ကာကွယ်ဖို့နည်းလမ်းကောင်းတွေပါ။

ဒါပေမယ့် သင်စားတဲ့အစားအစာတွေကိုလဲ လျှော့မတွက်ပါနဲ့။ အမေရိကန်နိုင်ငံ အလာဘားမားတက္ကသိုလ်က သုတေသနသမားတွေလေ့လာထားတဲ့ စစ်တမ်းတစ်ခုအရ နေ့တိုင်းငှက်ပျောသီးစားပေးရင် နှလုံးရောဂါနဲ့ လေဖြတ်တာကို ကာကွယ်ပေးပါတယ်တဲ့။

သုတေသနကတော့ သွေးထဲမှာရှိတဲ့ ပိုတက်စီယမ်တွေက သွေးလွှတ်ကြောတွေနဲ့ သွေးလှည်ပတ်မှုအပေါ်ဘယ်လိုအကျိုးသက်ရောက်လဲ လေ့လာတာဖြစ်ပါတယ်။

သူတို့ရဲ့စစ်တမ်းအရ ‘ပိုတက်စီယမ်ဓာတ်’ နည်းနေတဲ့ကြွက်တွေရဲ့သွေးလွှတ်ကြောတွေက များနေတဲ့ကြွက်တွေရဲ့သွေးလွှတ်ကြောတွေထက် ပို မာနေတာကိုတွေ့ရပါတယ်တဲ့။ ပိုတက်စီယမ် များတဲ့ကြွက်တွေရဲ့ သွေးလွှတ်ကြောမကြီးကလဲ ပိုပြီးပျော့ပြောင်းပါတယ်တဲ့။

၂၀၁၁ခုနှစ်က “Journal of American College of Cardiology” မှာ ဖော်ပြခဲ့တဲ့ စာတမ်းတစ်ခုကလဲ ဒီအချက်ကို ထောက်ခံပေးနေပါတယ်။ အဲ့ဒီစာတမ်းမှာ လေ့လာမှုပေါင်း ၁၁ ခုပါဝင်ပြီးတော့ လူပေါင်း ၂သိန်းခွဲကိုလေ့လာခဲ့တာပါ။

အလာဘားမားတက္ကသိုလ်ကလေ့လာမှုဟာ နောက်ထပ်လုပ်သွားဖို့ရှိတဲ့လေ့လာမှုတွေထဲက ပထမဆုံးတစ်ခုပါ။ အခုလောလောဆယ်တော့ သုတေသနသမားတွေက ဒီလေ့လာမှုကို လူတွေမှာပြုလုပ်ဖို့ ကျန်နေသေးတာကြောင့် ကံသေကံမတော့ ကောက်ချက်ချလို့မရသေးပါဘူး။ ဒါပေမယ့် ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို နေ့တိုင်းစားပေးခြင်းက (မစားဖို့ဆရာဝန်ညွှန်ကြားထားတဲ့လူနာတွေအတွက်ကလွဲလို့) ဘေးတော့မဖြစ်စေပါဘူး

ငှက်ပျောသီးကတော့ ပိုတက်စီယမ်ကြွယ်ဝတဲ့အသီးဖြစ်ပြီးတော့ ငှက်ပျောသီးမကြိုက်ရင်လဲ တခြား ပိုတက်စီယမ်ပါတဲ့ ကန်စွန်းဥ၊ ပဲအမျိုးမျိုး၊ ပန်းမုန်လာ၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက် စတဲ့အစားအစာတွေကိုလဲစားပေးလို့ရပါတယ်။

Django

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အလှတရား – ဘာလဲ

တချို့ကပြောတယ်၊ လှအောင်နေရင် confidence တက်စေသတဲ့။ ဒါဖြင့်ရင် လှမှန်းဘယ်လို သိကြမလဲ။ အဆိုတစ်ခုတိုင်းမှာ ဘာကြောင့်လဲ ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေ ရှိရှိလာတာကိုက ဒဿနိကပညာရဲ့ အလှလို့ ပြောလို့ရပါတယ်။

လှတယ် မလှဘူးကို လူတွေက ဆုံးဖြတ်တာကိုတော့ ဘယ်သူမှ မငြင်းကြဘူးမလား။ ဒါဖြင့် လူတွေကို နှစ်မျိုးပြန်ခွဲမယ်။ မိမိနဲ့ အခြားပေါ့။ ဘိုလိုဆိုရင် self and non-self ပေါ့။

ကိုယ်က confidence တက်ချင်လို့ လှအောင်နေပါပြီဆိုပါစို့။ ကိုယ်လှနေကြောင်းကို တစ်ယောက်ယောက်ကတော့ အတည်ပြုပေးရမှာပဲ။ ဒါငြင်းမရတဲ့ အမှန်တရား။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုတော့ လှတယ်ထင်ကြတာပဲ။ ထင်ရတာပဲ။ ဒါကိုပဲ self-confidence လို့ ပြောကြတာ မဟုတ်ဘူးလား။

လှတဲ့သူတွေလှနေလို့ (လှတယ်လို့ ဝိုင်းပြောကြတာတွေ့ရလို့) မလှဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေသူတွေ စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်နိုင်တယ်ဆိုရင် ငြင်းကြမလားမသိ။

ရုပ်အလှကို ဒီမှာ ခဏရပ်ပြီး စိတ်ထားအလှကို တစ်ချက် ပြေးကြည့်ရအောင်။ စိတ်ထားအလှဆိုတာ စိတ်ဆိုတဲ့ အရာရှိတဲ့ သက်ရှိမှာပဲ ဖြစ်တာလို့ ပြောရင် လက်ခံရမှာပဲ။ သက်ရှိမှာတောင် အပင်တွေကို စိတ်ထားလှတယ်လို့တော့ မပြောကြဘူးမလား။ ကျွန်တော်ပဲ မကြားဖူးလို့လားတော့ မသိဘူး။

ရုပ်အလှထက် စိတ်အလှက ပိုအရေးကြီးတယ်ဆိုတာ ကြားဖူးနေကြမှာပါ။ တကယ်တန်း ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ သိတဲ့လူတွေ သိကြပါတယ်။ အရှေ့မှာလည်း ပြောဖူးပါတယ်။ စိတ်အလှက ရုပ်အလှထက် သိဖို့ ကြုံတွေ့ဖို့ အချိန် ပိုယူရတယ်။ စိတ်အလှကို ဘယ်လို အဓိပ္ပာယ်ဖွင့်ကြလဲဆိုတာကတော့ ကျယ်ပြန့်သွားပြီမို့ ထားခဲ့ပြီ။

ဒါဖြင့်ရင် ရုပ်အလှဆိုတာ တစ်ခဏ စိတ်အလှဆိုတာ ထာဝရလို့ ပြောတာတွေကော ကြားဖူးကြလား။ ဖြစ်ကော ဖြစ်နိုင်လား။ အရာရာဟာ ဖြစ်ပြီးရင် ပျက်မှာပဲဆိုတဲ့ အယူအဆအရ ရုပ်လှနေတာတွေ နောင်တစ်ချိန် ယိုယွင်းတဲ့အခါ စိတ်အလှကရော မယိုယွင်းတတ်ဖူးလားပေါ့။

တွေးစရာတွေက တစ်ပုံတစ်ပင်ကြီးပါ။

ဒါကို ရေးရတဲ့ရည်ရွယ်ချက်က မတော်တဆ ဖတ်မိသူတွေ ကျွန်တော် ရေးထားတာကနေ ရှေ့ဆက် တွေးရင်း ဉာဏ်အလင်း တစ်ခုခု ပွင့်စေချင်တာပါပဲ။ ဒဿနိကရဲ့ ရည်ရွယ်ချက်ကိုက တွေးဖို့ ဆင်ခြင်ဖို့ ကြုံတွေ့သိမြင်ဖို့ပါပဲ။ သူများတွေးပြီးသားကို လိုက်တွေးပြီး သူများရပ်သလို ရပ်တန့်သွားတာက ဒဿနိကရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။

အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကြောင်မျက်လုံးများ ညဖက်တွင် အရောင်တောက်ရခြင်း နှင့် ကားလမ်းပေါ်က Cat Eyes များ

ညဖက် အမှောင်ထဲတွင် ကြောင်မျက်လုံးများ အရောင်တောက်နေတာကို စာဖတ်သူတို့ မြင်ဖူးကြုံဖူးကြမှာပါ။

လူသားတွေမှာတော့ အဲ့လိုမျက်လုံးအရောင်လင်းတာမျိုး မရှိကြပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကြောင်အပါအဝင် အခြားသော ညဖက်ကျက်စားတတ်တဲ့တိရစ္ဆာန်များရဲ့ မျက်လုံးမှာ အစိတ်အပိုင်းတခုအပို ပါဝင်နေလို့ပါပဲ။

အဲ့အစိတ်အပိုင်းလေးကို Tapetum lucidum လို့ခေါ်ပါတယ်။

Tapetum lucidum ဆိုတာ အလင်းပြန်တတ်တဲ့ အလွှာလေးတခုဖြစ်ပြီး မြင်လွှာ retina ရဲ့အနောက်မှာတည်ရှိပါတယ်။

သူရဲ့ အလင်းပြန်တတ်တဲ့ ဂုဏ်သတ္တိနဲ့ ညဖက်မှာ မြင်လွှာပေါ်ကို အလင်းတွေပိုရောက်အောင်လုပ်ပေးပြီး အမှောင်ထဲမှာပိုမြင်ရအောင် ကူညီပေးပါတယ်။

Tapetum lucidum က အရောင်ပြန်ဟပ်စေတတ်တဲ့သဘာဝရှိလို့ ကြည့်တဲ့ရူထောင့်ပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်ပါတယ်။

ဒါကြောင့် တိရစ္ဆာန်တကောင်နဲ့တကောင် မျက်လုံးအရောင်ထွက်ပုံခြင်းမတူပါဘူး

ကျားနဲ့ ကြောင်များတွင် အစိမ်းဖန့်ဖန့်တွေ့ရပြီး

ခွေးများတွင်မူ အဖြူသမ်း၍ ဘေးဖက်တွင်အပြာရောင်ထွက်လေ့ရှိပါတယ်။

ဤကဲ့သို့ ကြောင်များတွင် ညဖက်မျက်လုံးလင်းတာကို အတုယူ၍ ပြုလုပ်ထားသော ပစ္စည်းတမျိုးရှိပါတယ်။

အဲ့တာကတော့ ညဖက် ကားမောင်းတဲ့အခါ ကားလမ်းမတွေပေါ်မှာ မြင်ရတတ်တဲ့ အလင်းပြန်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။

သူ့ကိုလဲ “Cat eyes” လို့ပဲခေါ်ပြီး ကားမီးထိုးသောအလင်းကို reflect ပြန်လုပ်၍ ညဖက်ကားလမ်းများကို ထင်ရှားစွာတွေ့မြင်ရစေပါတယ်။

Cat eyes device များက အားသွင်းစရာလဲမလို ၊ လျှပ်စစ်စွမ်းအင်လဲမလိုဘဲ လာသောအလင်းကို reflect လုပ်ပေးတဲ့အတွက် အလွန်အသုံးဝင်ပါတယ်။

Cat eyes device များကို မြေပြင်မှ အနည်းငယ်မြင့်အောင် အဖုထစ်ပုံစံလုပ်ထားခြင်းဖြင့်လဲ ကားအရှိန်လျော့အောင် speed braker အနေနဲ့လဲ သုံးနိုင်ပါသေးတယ်။

Cat eyes များကို နိုင်ငံအတော်များများမှာ အရောင်များခွဲခြားသတ်မှတ်ထားပြီး

အဖြူရောင်
အဝါရောင်
အပြာရောင် (ဥပမာ – အရေးပေါ်မီးသတ်ရေဘုံဘိုင်ရှိသည့်နေရာ)
အစိမ်းရောင်
စသဖြင့် အဓိပ္ပာယ်အမျိုးမျိုး ခွဲခြားအသုံးပြုကြပါတယ်။

နောက်ပိုင်းတွင် အဆိုပါ cat eyes များနေရာတွင် solar energy သုံး cat eyes များ reflector များအစားထိုးအသုံးပြုလာတာကို တွေ့ရပါတယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လူရဲ့စိတ်ကို ထိန်းချုပ်နိုင်သော Mind-controlling Virus အကြောင်း

အခုရေးသားမယ့် Virus ဟာ သူအသက်ရှင်ရပ်တည်ဖို့အတွက် လူရဲ့စိတ်ကိုပြောင်းလဲအောင် လုပ်ပစ်နိုင်တယ်။
လူဟာ သေဆုံးတဲ့အချိန်အထိ Virus ရဲ့ထိန်းချုပ်မှုအောက်က ရုန်းမထွက်နိုင်တော့ဘူး။

ဒီ Virus အကြောင်းမပြောခင် Bacteria နဲ့ Virus ဘယ်လိုမတူလဲဆိုတာ အရင်ပြောပြချင်ပါတယ်။ အခုကာလမှာ COVID ဖြစ်ရင် ဒီစကားလုံး ၂လုံးကို ထည်လဲ ကြားရပါတယ်။

Virus ဝင်ပြီးရင် Secondary Bacterial Infection ဝင်တယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒီ ၂ခုဝင်တာကို Infection ဝင်တယ်လို့ ရောပြီးခေါ်ကြပေမယ့် လက်တွေ့မှာ သူတို့ ၂ခုက အပုံကြီးကွာပါတယ်။

Size Comparison

ပုံရဲ့အပေါ်ဘယ်ထောင့်မှာ သွေးနီဥနဲ့ Bacteria ကိုယှဥ်ပြထားပါတယ်။ ကျန်တဲ့ပုံတွေက Bacteria နဲ့ Virus ကိုယှဥ်ပြထားတာပါ။ ဘယ်လောက်သေးလဲဆိုတာ မြင်နိုင်မယ်ထင်ပါတယ်။

သူတို့က ဖြစ်တဲ့ရောဂါတွေဟာလည်း မတူကြပါဘူး။ ဒီပုံမှာသိသွားစေချင်တာက Antibiotics ဆိုတဲ့ နေရာကိုပါ။ မြန်မာတွေက Bacteria ရော Virus ရောကို “ပိုး” ဆိုပြီး ခြုံပြောကြတော့ ပိုးသတ်ဆေးဆိုတာ ၂မျိုးလုံးကို နိုင်မယ်လို့ ထင်တတ်ကြပါတယ်။

ပိုးသတ်ဆေးက Bacteria ကိုပဲနိုင်ပါတယ်။ Virus ကိုနိုင်တဲ့ဆေးက တော်တော်နည်းပါတယ်။ လူတွေက COVID ဖြစ်တဲ့အခါ မြန်မြန်သက်သာအောင် ပိုးသတ်ဆေးတွေ ဝယ်သောက်နေကြတာ တွေ့နေရပါတယ်။ COVID က Virus ပါ။ ပိုးသတ်ဆေးနဲ့ မဆိုင်ပါဘူး။

ဆရာဝန်တွေက COVID မှာ ပိုးသတ်ဆေးပေးတယ်ဆိုတာ အပေါ်မှာပြောခဲ့သလိုမျိုး Secondary Bacterial Infection ဝင်တဲ့လက္ခဏာတွေပေါ်လာမှ ပေးကြတာပါ။ ဒီလိုမဝင်သေးဘဲ ကြိုပေးမိရင် Bacteria တကယ်ဝင်လာတဲ့အခါ ဆေးယဥ်နေတာတွေ ဖြစ်တတ်ပါတယ်။

ပိုးသတ်ဆေးက သောက်တိုင်းကောင်းတဲ့အရာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ လူကိုအကျိုးပြုတဲ့ Bacteria တွေကိုပါ သေသွားစေပါတယ်။

အူမှာရှိတဲ့ ပိုးလေးတွေ သေသွားတဲ့အခါ ဝမ်းလျောတာတွေ ဖြစ်လာပါတယ်။ လူလည်း နုံးခွေလာတတ်ပါတယ်။

ဒါက ဗဟုသုတရအောင် ပြောပြတာပါ။ ခေါင်းစဥ်အရ ပြောချင်တဲ့ Virus အကြောင်းကို ပြန်ဆက်ပါမယ်။

စာဖတ်သူအနေနဲ့ လူ့စိတ်ကိုထိန်းချုပ်နိုင်တဲ့ Virus ဆိုတာ House M.D Series ထဲကလို ရှားရှားပါးပါးအမျိုးအစားထဲက ဖြစ်ရမယ်လို့တွေးမိရင်တော့ မဟုတ်ပါလို့ ကြိုပြီးပြောထားပါရစေ။ မြန်မာပြည်မှာ တော်တော်ပေါပါတယ်။

ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ မကြာခဏ တွေ့နေကြားနေရတဲ့ ရောဂါထဲမှာ ဒီ Virus လည်းတစ်ခုအပါအဝင်ပါပဲ။
Virus နာမည်က Rabies Virus (ခွေးရူးရောဂါဖြစ်စေသောဗိုင်းရက်စ်ပိုး) ဖြစ်တယ်။

Bullet-shaped Rabies virus

သူဘယ်လို လူ့စိတ်ကိုထိန်းချုပ်လဲဆိုတာမပြောခင် ဘယ်လိုကြောင့်ကူးဆက်သလဲဆိုတာကို အရင်ပြောလိုပါတယ်။
ခွေးရူးကိုက်လို့ကူးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် သူ့ရဲ့ကူးဆက်ပုံက ဒါနဲ့တင်မပြီးသေးပါဘူး။
နို့တိုက်သတ္တဝါတိုင်းက ပိုးကိုလက်ခံနိုင်ပြီး ပြန်လည်ကူးဆက်စေနိုင်တယ်လို့ CDC (Centers for Disease Control & Prevention) ကပြောထားပါတယ်။
ဒါကြောင့် ကြောင်တွေဆီကလည်း ကူးဆက်နိုင်ပါတယ်။

အကိုက်ခံရမှတင်မဟုတ်ဘဲ ကိုယ့်မှာအနာရှိနေတယ်ဆိုရင် ပိုးရှိတဲ့တိရစ္ဆာန်က လျှာနဲ့လျက်ရင်တောင် ကူးနိုင်တယ်လို့ဆိုတယ်။ (ရှားရှားပါးပါး ဖြစ်တတ်တယ်)

အကိုက်ခံရရင် အာရုံကြောတွေကနေပြီး ဦးနှောက်ထိရောက်အောင် Virus တွေက ခြေဆန့်ကြတယ်။ စိတ်ကျေနပ်လောက်အောင် ပွားပြီးရင် တံတွေးထွက်တဲ့ တံတွေးဂလင်းတွေမှာ သွားနေကြတယ်။ ဒါမှ နောက်တစ်နေရာကို ဆက်ကူးဖို့ လွယ်မှာကိုး။
သူတို့ဆက်ပြီး အသက်ရှင်ရပ်တည်ဖို့အတွက် အားထုတ်ကြတဲ့သဘောဖြစ်တယ်။

ခွေးရူးပိုးဝင်နေတဲ့လူတစ်ယောက်ကို မြင်ယောင်ကြည့်ပါ။
သူ့ရဲ့တံတွေးမှာ ခွေးရူးပိုးတွေပါနေပြီ၊ သူကတစ်ခြားသူကို ကိုက်မိရင်ပိုးကူးသွားနိုင်တယ်။ (သီအိုရီအရ ပြောခြင်းဖြစ်တယ်၊ ဒီနည်းနဲ့ ကူးစက်ဖူးတဲ့မှတ်တမ်းမရှိသေးပါ)

ရောဂါပိုးရှိတဲ့သူက ရေသောက်လိုက်မယ်ဆိုရင် Virus ရဲ့ကူးစက်နိုင်မယ့် စွမ်းအင်ကကျသွားနိုင်တယ်။ ရေကြောင့် တံတွေးမှာပါတဲ့ပိုးအကောင်ရေနည်းသွားနိုင်လို့ဖြစ်တယ်။
ဒီတော့ Virus က အဲ့လိုအဖြစ်မခံဘူး။

အစာမျိုရင်အသုံးပြုတဲ့ အာရုံကြောတွေကို သွားပြီးပျက်စီးစေတယ်။ အဲ့တော့ လူက တခုခု မျိုချမယ်ဆိုတိုင်း နာကျင်မှုကို ခံစားရတယ်။

ရေအကြောင်းတွေးမိရင်တောင် နာလာတယ်လို့ စာတွေမှာရေးကြတယ်။
ခွေးရူးရောဂါခံစားရရင် ရေကိုကြောက်တယ်ဆိုတာ လူကကြောက်တာမဟုတ်ဘဲ Virus ကကြောက်တာပါ။
ဒါပေမယ့် Virus က သူကြောက်နေတာကို လူကကြောက်တာပါလို့ လူ့စိတ်ကိုထိန်းချုပ်ပြီး ပြောင်းလဲပစ်လိုက်တယ်။

နောက်ဆုံးရလဒ်ကတော့ ခွေးရူးရောဂါရတဲ့လူတိုင်း သေကုန်ကြတာပဲ။ ရှင်တဲ့လူက လက် ၅ချောင်းတောင်မပြည့်ဘူး။ (ဒီလူတွေက ခွေးရူးရောဂါရှိတဲ့အကောင်ကိုက်လို့ ကူးတာမဟုတ်ဘဲ လင်းနို့တွေဆီက ကူးကြတဲ့လူတွေပါ)

ဒါကြောင့် ခွေးအကိုက်ခံရရင် ခွေးရူးရောဂါကာကွယ်ဆေးထိုးဖို့ ဆေးရုံကိုသွားသင့်ပါတယ်။ (ခွေးကိုက်တိုင်း ကာကွယ်ဆေးထိုးရမယ်လို့ မပြောလိုပါ၊ ဆရာဝန်ကဆုံးဖြတ်ပါလိမ့်မယ်)

သာမန်အနုကြည့်မှန်ပြောင်းနဲ့ကြည့်ရင်တောင် မမြင်နိုင်တဲ့ ပိုးလေးတွေက လူ့စိတ်ကိုအလွယ်လေးထိန်းချုပ်နိုင်တယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဆဲလ်တစ်လုံးတည်းရှိတဲ့ အကောင်လေးတွေကစလို့ ရှုပ်ထွေးတဲ့သက်ရှိတွေအဆုံး Survival Instinct တွေရှိနေတယ်ဆိုတာ နားလည်နိုင်မယ်ထင်ပါတယ်။

Thanks for reading.

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started