တနေ့စာအလွဲများနဲ့ Murphy Law မိတ်ဆက်

ဆူပါမားကတ်တစ်ခုမှာ ငွေရှင်းဖို့တန်းစီတဲ့ အခါ သင်ရွေးလိုက်မိတဲ့ကောင်တာက ဘာလို့အမြဲလိုလိုနှေးနေရတာပါလဲ။

ဘာလို့ အိမ်သာတက်တဲ့အချိန် ရေချိုးခန်းဝင်တဲ့အချိန်မှ တယ်လီဖုန်းတွေ ခဏခဏလာရတာပါလဲ။

မီးပွိုင့်တွေက ကိုယ်အလျင်လိုအရေးကြီးပြီဆို မီးနီပဲပြလေ့ရှိတာလဲ?

ကားပိတ်နေတဲ့အခါ ကိုယ့်လမ်းကြောကပဲ အမြဲနှေးပြီး ဘေးကလမ်းကြောက ကားတွေကျော်တက်ကြကုန်တာပါလဲ။

အရေးပေါ် တခုခုလိုအပ်လာပြီဆို ရှာနေတဲ့ပစ္စည်းက အမြဲပျောက်နေပြီး ရှာမတွေ့တာမျိုး ကြုံဖူးပါသလား။

ထီးမပါတဲ့နေ့တွေ မိုးရွာပြီး ထီးပါတဲ့နေ့ဆို မိုးမရွာတဲ့အပြင် ယူလာတဲ့ ထီးပါ တနေရာရာမှာ မေ့ကျန်ခဲ့တာမျိုးရော ကြုံဖူးပါသလား။

ဒါတွေက ကံဆိုးမှုသက်သက်လား?
တိုက်ဆိုင်မှုများလား ဒါမှမဟုတ် အကြောင်းပြချက်တခုရှိနေမလား?

အပေါ်ကအကြောင်းရာတွေထဲက သင်တခုခုကြုံဖူးပါက Congratulations ပါ။
သင့်လိုပဲ လူတိုင်းအဲ့လိုကြုံဖူးပါတယ်။
သင်တစ်ယောက်ထဲကွက်ပြီး ကံဆိုးနေတာမဟုတ်ပါဘူး။
သင်ကလဲ ကံဆိုးတတ်တဲ့လူအများထဲက လူတစ်ယောက်ပါပဲ။

ဒီဖြစ်ရပ်အများစုကို နိယာမတစ်ခုက ရှင်းပြခဲ့ပါတယ်။
ဒါကို Murphy ဆိုတဲ့ ပုဂ္ဂိုလ်ကစတင်ထောက်ပြခဲ့လို့
Murphy’s Law လို့ လူသိများကြပါတယ်။

Murphy ရဲ့နိယာမက ဘာပြောထားလဲဆိုတော့

“Whatever can go wrong, will go wrong!”

“လွဲစရာတွေက လွဲကိုလွဲမှာပဲ”တဲ့။

Murphy က American လေယာဥ်အင်ဂျင်နီယာတယောက်ဖြစ်ပြီး လေယာဥ်ကြံ့ခိုင်မှုနဲ့ ပတ်သက်သော အလုပ်များလုပ်ကိုင်ရသူဖြစ်ပါတယ်။

Murphy နဲ့ လုပ်ဖော်ကိုင်ဖက်များဟာ လေယာဥ်ကြံ့ခိုင်မှုနဲ့ လုံခြုံရေးအတွက် သုတေသနစမ်းသပ်မှုများ ဆောင်ရွက်ရင်း စက်ပစ္စည်းတခုကိုတပ်ဆင်ကြည့်ရာ တပ်ဆင်မှုမှန်ကန်ပါလျှက် စက်မှာအလုပ်မလုပ်ဖြစ်နေသည်။

အမျိုးမျိုးစစ်ဆေးသော်လည်း စက်မှာအလုပ်မလုပ်သဖြင့် Murphy က အထက်ပါအတိုင်း “လွဲစရာရှိရင်တော့လွဲမှာပဲ” ဟု မှတ်ချက်ချခဲ့ရာမှ ဒီစကားဟာ လူအများကြား တစတစနာမည်ကြီးလာခဲ့ခြင်းဖြစ်သည်။

ဒီသဘောတရားက နေ့စဥ်လူမှုဘဝ နေရာတိုင်းလိုလိုမှာ အသုံးဝင်နေသဖြင့် ယေဘုယျနိယာမတခုလိုဖြစ်လာပါတော့တယ်။

တကယ်တော့ ဒီ Murphy law ရဲ့နောက်ကွယ်မှာ Science နဲ့ Psychology သဘောတွေ အများကြီးပါဝင်နေပါတယ်။

အထူးသဖြင့် သင်္ချာသဘောတရားများဖြစ်သည့် Probability (ဖြစ်နိုင်ချေ) နှင့် စာရင်းအင်းဗေဒ (Statistics) များအပြင် လူတို့ရဲ့ စိတ်ခံစားချက်များ (Memory and Perception)၊ Logics (ယုတ္တိဗေဒ) တို့ကြောင့်
တနေ့တာအလွဲများဖြစ်လာရခြင်းဖြစ်ပါတယ်။

ဥပမာ ငွေရှင်းဖို့တန်းစီတဲ့အခါ ဘယ်ကောင်တာကမြန်မလဲ နှေးမလဲဆိုတာ တကယ်တော့ ဖြစ်နိုင်ချေအရတွက်ကြည့်လျှင် မတိမ်းမယိမ်းများပင်ဖြစ်သည်။
ကောင်တာတစ်ခုနဲ့တစ်ခု အများကြီးမကွာလှပါ။

ကောင်တာ ၇ ခုရှိလျှင် အမြန်ဆုံးကောင်တာကတစ်ခုပဲရှိနိုင်သလို အနှေးဆုံးကောင်တာကလဲ တစ်ခုပဲရှိပါလိမ့်မည်။
ကျန်တဲ့ကောင်တာ ၅ခုက ပုံမှန်ပဲဖြစ်ပြီး ပုံမှန်ကောင်တာမှာပဲ တန်းစီနိုင်ခြေကလဲ ယေဘုယျပိုများပါတယ်။

မိမိတန်းစီထားတဲ့ကောင်တာက ပိုကြာတယ်လို့ စိတ်ကိုကထင်နေရခြင်းလဲ ဖြစ်နိုင်ပါတယ်။
ဒါကလဲ Elasticity of time လို့လဲတချို့ကဆိုပါတယ်။
အချိန်တနာရီချင်းတူပေမယ့်
ချစ်သူခင်သူနားမှာဆို အချိန်ကုန်မြန်တယ်လို့ခံစားရပြီး မိမိမနှစ်သက်သူတွေကြားမှာ အချိန်ကနှေးတယ်လို့ ခံစားရတာမျိူးကိုဆိုလိုပါတယ်။

ATM စက်မှာတန်းစီရင်း ကိုယ်ထုတ်ရမယ့်အလှည့်နီးလာလေလေ မိမိရှေ့ကလူတစ်ယောက်၂ယောက်က ထုတ်တာကြာလေ ခံစားရသလိုပါပဲ။

တချို့ကံဆိုးမှုတွေကမူ Murphy law အပြင် Physics သဘောတရားများနဲ့လဲရှင်းပြလို့ရပါတယ်။

ထင်ရှားတဲ့ သာဓကတခုကတော့ ဘာလို့ပေါင်မုန့်ထောပတ်သုတ်တချပ်ဟာ စားပွဲကပြုတ်ကျတဲ့အခါ ထောပတ်သုတ်ထားတဲ့မျက်နှာပြင်နဲ့ပဲ ကြမ်းပြင်မှောက်ကျရတာလဲ။

ဒါကိုအနောက်တိုင်းကလူတွေက ကံဆိုးတယ်လို့သတ်မှတ်ကြပြီး တကယ်တမ်းက physics သဘောတရားကြောင့်ပါ။

ကမ္ဘာ့မြေဆွဲအားကြောင့် ပေါင်မုန့်ကပြုတ်ကျတဲ့အခါ တပတ်လည်ပြီး ပြုတ်ကျရပေမယ့် ပုံမှန်စားပွဲအမြင့်က သိပ်မမြင့်တဲ့အခါ ပြုတ်ကျလို့လည်နေတုန်း တဝက်မှာပဲ ကြမ်းပြင်ပေါ်ရောက်နေပြီဖြစ်လို့ တဝက်ပဲလည်ထားတဲ့ ပေါင်မုန့်အခြမ်းက ထောပတ်သုတ်ထားတဲ့ဖက်ပဲ ဖြစ်နေရတော့တာပါ။

တကယ်လို့ ထောပတ်မသုတ်ထားတဲ့အခြမ်းနဲ့ ကြမ်းပြင်ပေါ်ကျချင်ရင် စားပွဲကို အနည်းငယ်မြှင့်ပေးထားလိုက်ပြီး စမ်းကြည့်လိုက်ပါ။

လုံလောက်တဲ့အမြင့်က ပြုတ်ကျရတဲ့အခါ ပေါင်မုန့်ဟာ တပတ်အပြည့်လည်ပြီး မူလမျက်နှာပြင်နဲ့ပဲ ကြမ်းပေါ်ရောက်လာမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Murphy’s law အကြောင်းတီးမိခေါက်မိလောက်ပြီလို့ထင်ပါတယ်။

တနေ့မှာ ကံဆိုးမှုတွေ အလွဲတွေကြုံလာတိုင်း
စိတ်ညစ်မနေတော့ဘဲ Murphy’s Law ကိုသာသတိရလိုက်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။

ကိုငှက်ရဲ့သီချင်းထဲကလို
“နည်းနည်းလေးတော့ လွဲနေတယ်… လွဲလွဲလေးပဲကောင်းပါတယ်”ပေါ့ဗျာ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 4)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။
ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။)

မိန်းမတို့ စိတ်ဖိစီးမှုပပျောက်ရန် ပြဿနာများကို ဖွင့်ဟပြောပြသောအခါ ယောကျာ်းတို့ မကြိုက်ကြပါ။
ပြဿနာသည် မိမိနှင့်သက်ဆိုင်နေသဖြင့်၊ မိမိတွင်တာဝန်ရှိသဖြင့် မိန်းမကပြောနေခြင်းဖြစ်ရမည်ဟု တွေးကြသည်။
ယောကျာ်းတို့အနေဖြင့် ပြဿနာကို ထုတ်ပြောရခြင်းသည် အကူအညီယူလိုသဖြင့် (သို့) တစ်ပါးသူကို အပြစ်တင်လိုသဖြင့်ဖြစ်သည်။
ထို့ကြောင့် မိန်းမက ပြဿနာများကိုပြောပြလျှင် သူသိသော ဘောင်အတွင်းမှတွေးပြီး အကူအညီလိုလို့လား၊ အပြစ်တင်နေတာလား ဆိုတာကိုသာ တွေးမိသည်။
မိန်းမက အလွန်စိတ်ပျက်နေသောပုံပေါက်လျှင် မိမိကိုအပြစ်တင်နေပြီဟုထင်ပြီး ကာကွယ်ပြောဆိုတော့သည်။
မိန်းမက ပုံမှန်အတိုင်းဖြစ်လျှင် (သို့) အလွန်စိတ်ပျက်နေသောပုံမပေါက်လျှင် အကူအညီတောင်းနေသည်ဟုထင်ပြီး အဖြေရှာပေးတတ်သည်။
မည်သို့ပင်ပြုမူစေကာမူ မိန်းမတို့စိတ်မသက်သာဘဲ စိတ်ပျက်ရသည် ချည်းပင်ဖြစ်သည်။
ယောကျာ်းတို့နားလည်ရန်မှာ စိတ်ပါလက်ပါနားထောင်ပေးခြင်းဖြင့်သာ အထက်ပါပြဿနာကို ကျော်လွှားနိုင်ပေမည်။

စိတ်ပါလက်ပါ နားထောင်ပေးသော်လည်း တခါတခါ မိန်းမတို့ပြောနေသော ပြဿနာများသည် တစ်ခုမကပေ။ တစ်ခုမပြီးခင် အခြားတစ်ခုကို ပြောင်းသွားတတ်သလို၊ သုံး လေးခုကိုလည်း ဆက်တိုက်ပြောဆိုတတ်သည်။
ထိုအခါ ယောကျာ်းတို့၏ထုံးစံအတိုင်း မိန်းမတို့ပြောနေသောစကားများ၊ ပြဿနာများကြားမှ ဆက်စပ်မှု၊ ယုတ္တိရှိမှုတို့ကို ရှာဖွေရန်ကြိုးစားကြသည်။
မိန်းမပြောသောပြဿနာများမှာ တစ်ခုနှင့်တစ်ခု အဆက်အစပ်မရှိဘဲ ရောက်တတ်ရာရာဖြစ်နေသောအခါ စိတ်ရှုတ်ထွေးလာတတ်ကြသည်။
ဤပြဿနာကို ဖြေရှင်းရန် မိန်းမတို့သည် မိမိ၏မကျေနပ်ချက်များကိုမပြောခင် စကားကို နားထောင်ပေးရုံပဲဆိုတာ ယောကျာ်းတို့ကို ကြိုတင်အသိပေးထားသင့်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ယောကျာ်းတို့စိတ်ဖိစီးပါက ရှောင်ဖယ်ရှောင်ဖယ်ဖြစ်တတ်ပြီး မိန်းမဆိုလျှင် သူပြောသမျှကို စိတ်ဝင်တစားနားထောင်စေလိုသည်။
ယောကျာ်းတို့ ခဏတာရှောင်ဖယ်နေခြင်းကို နားလည်ပေးသင့်ပြီး Offended မဖြစ်သင့်ပါ။
ထို့အတူ မိန်းမတို့ စကားများခြင်းကိုလည်း အပြစ်မမြင်ဘဲ နားထောင်ပေးသင့်သည်။

(Part 5 တွင်ဆက်ပြီးဖတ်ရှုနိုင်ပါသည်)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 3)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။
ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။)

စိတ်ဖိစီးမှုကို ယောကျာ်းနှင့်မိန်းမ တုံ့ပြန်ပုံခြင်းမတူညီကြပါ။
ယောကျာ်းစိတ်ညစ်လျှင် စိတ်ညစ်စေသည့် ပြဿနာကိုမေ့ပျောက်အောင် နေထိုင်ကြသည်။
မိန်းမတို့စိတ်ဖိစီးလျှင် ပြဿနာကို အထပ်ထပ်အခါခါပြောခြင်းဖြင့် စိတ်သက်သာရာရကြသည်။

နှစ်ယောက်လုံးစိတ်ဖိစီးမှုများနေတဲ့အချိန်ကို မြင်ကြည့်ပါ။
ယောကျာ်းက စကားမပြောဘဲ မေ့မေ့ပျောက်ပျောက်နေလိုက်ချင်သည်။ သို့သော်မိန်းမက ပြဿနာကိုထပ်တလဲလဲ ပြောဆိုချင်သည်။ ယောကျာ်းကရှောင်သောအခါ မိန်းမကပိုပြီးစိတ်ထိခိုက်သည်။ ဂရုမစိုက်ဘူးဆိုပြီးခံစားရသည်။
ယောကျာ်းကလည်း အေးဆေးနေချင်တာကို နားမလည်ဘဲ တတွတ်တွတ်လာပြောနေတယ်ဆိုပြီး စိတ်ဖိစီးမှုပိုများသွားတတ်သည်။

ဒီလိုတွေဘာကြောင့်ဖြစ်ရသနည်း။
ရှေ့အခန်းမှာရေးခဲ့သလိုပဲ ယောကျာ်းတို့ဟာ ပြဿနာရှိရင် ကိုယ်တိုင်ကြိုးစားဖြေရှင်းကြသည်။ မလိုအပ်ဘဲ အချင်းချင်း တိုင်ပင်လေ့မရှိကြ။
တစ်ယောက်တည်းသေချာစဉ်းစားပြီး အဖြေရှာတတ်ကြသည်။
မိမိလိုချင်သောအဖြေကို ရှာတွေ့ပြီလို့ထင်လျှင် နှုတ်စိတ်နေတာမျိုးမရှိတော့ဘဲ နဂိုအတိုင်း ပြန်လည်ပြုမူတတ်သည်။
အဖြေရှာမတွေ့သေးခင်ကာလမှာ ပြဿနာကိုမေ့ပျောက်အောင် တခုခု (အရက်သောက်ခြင်း၊ အားကစားလုပ်ခြင်း၊ ဂိမ်းကစားခြင်း) ကို အာရုံစိုက်ထားပြီး စိတ်ကိုလှည့်စားထားတတ်ကြသည်။
နေ့စဉ်စိတ်ဖိစီးစရာတွေက လူတစ်ယောက်အတွက် အများအပြားရှိသည်။ ထိုအထဲကမှ အရေးကြီးဆုံးထင်ရသော၊ မိမိကိုစိတ်ဒုက္ခအပေးဆုံးသော ပြဿနာကိုရွေးပြီး အဖြေရှာတတ်ကြသည်။
ထိုကာလတွင် စိတ်ကျေနပ်ဖွယ်အဖြေကိုမရမချင်း အခြားဘာကိုမှ အပြည့်အဝအာရုံမရှိတော့ပါ။ အခြားသူ၏စိတ်ခံစားချက်ကိုလည်း မငဲ့ကွက်မိတော့ပါ။
အိမ်ထောင်သည်ဆိုလျှင် သူ၏အိမ်ထောင့်တာဝန်များပါ ဆောင်ရွက်ဖို့လစ်ဟင်းနေတတ်သည်။

ဒီလိုကာလမျိုးတွင် မိန်းမတို့စိတ်ညစ်ကြရသည်။
မိန်းမတို့ စိတ်ဖိစီးလာလျှင် သူတို့ယုံကြည်သောသူနှင့်စကားပြော ရင်ဖွင့်တိုင်ပင်လေ့ရှိကြသည်။ ရင်ဖွင့်ရာတွင်လည်း ပြဿနာကြီးသည်၊ ငယ်သည်မရွေးဘဲ မိမိစိတ်ဘဝင်မကျတာ မှန်သမျှ ကရားရေလွှတ်ပြောဆိုတတ်ကြသည်။

မျှဝေခြင်းက သူတို့ကို စိတ်သက်သာရာရစေသည်။
မျှဝေခြင်းကြောင့် မသိ၊ မတတ်၊ နားမလည်သောသူအဖြစ် အထင်ခံရမှာကို ယောကျာ်းတို့ကဲ့သို့ စိတ်မပူကြပါ။ မိမိ၏ပြဿနာများကို မေ့ပျောက်နိုင်ရန် မိန်းမတို့သည် သူတစ်ပါး၏ပြဿနာပေါ်တွင် အာရုံစိုက်တတ်ကြသည်။


ရင်ဖွင့်တိုင်ပင်ခြင်းမရှိဘဲ တစ်ယောက်တည်းငူငူငိုင်ငိုင် အတွေးရေအလျဉ်ထဲနစ်မျောနေသော ယောကျာ်းကိုမြင်ရခြင်းသည် မိန်းမတို့ကို ပိုပြီးစိတ်ရှုပ်ထွေးစေသည်။ ဖွင့်ဟတိုင်ပင်စေလိုသည်။
ဤကာလတွင် မိန်းမလုပ်နိုင်သောအရာမှာ ဖိစီးနေသော ပြဿနာကို မိမိအား ရင်ဖွင့်ဖို့တွန်းအားပေးခြင်း၊ စိတ်ဆိုးစိတ်ကောက်ခြင်းထက် ယောကျာ်းသူ့ဘာသာ အဖြေရလာအောင် အချိန်တစ်ခုစောင့်ပေးခြင်းဖြစ်သည်။

နောက်ဆုံးအချက်အနေနဲ့ ယောကျာ်းတစ်ယောက်သည် ချစ်တယ်ဆိုတဲ့ ခံစားချက်အတိုင်းပြုမူမယ်လို့ အမြဲမမျှော်လင့်ထားသင့်သလို…

မိန်းမတစ်ယောက်ရဲ့ခံစားချက်တွေသည်လည်း အမြဲကြောင်းကျိုးဆီလျော် ယုတ္တိရှိနေလိမ့်မယ်လို့ မယူဆထားသင့်ပါဘူး။

(Part 4 တွင် ဆက်လက်ဖတ်ရှုပါ)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဘာကြောင့် ဦးနှောဏ်တခြမ်းစီက ဘက်မတူသောခန္ဓာကိုယ်တခြမ်းစီကို ထိန်းချုပ်ရသနည်း?

လူသားတို့၏ brain သည် ဘယ်တခြမ်း ညာတခြမ်းစီရှိပြီး ဘယ်ဖက် brain သည် ညာဖက် body ကိုထိန်းချုပ်၍ ညာဖက် brain ကမူ ဘယ်ဖက် body ကိုထိန်းချုပ်ထားသည်။

ဤသည်ကို ဆေးပညာအရ Contralateral control of the brain ဟုဆိုကြသည်။

အဘယ်ကြောင့် ဤသို့ ဘက်မတူသော body ကို
မတူညီသော brain ကထိန်းချုပ်နေရသနည်း။

အကြောင်းရင်းကတော့ brain မှဆင်းလာသော ခိုင်းစေသည့် output (motor) tracts များ နဲ့ brain သို့သွားသော အာရုံခံ (sensory) tracts များသည် တဖက်တချက်စီသို့ ဖြတ်သွားသောကြောင့်ဖြစ်ပါတယ်။

ဒါကို “Midline crossing” or “Decussation” ဟုခေါ်ပါတယ်။

ဘာလို့ဒီလိုမျိုး အလယ်ကိုကန့်လန့်ဖြတ်ပြီး တဖက်စီသွားရပါသလဲ?

ဒီမေးခွန်းက Evolutionist တွေနဲ့ Neuroscientists တွေကြားထဲမှာ အလွန်ရေပန်းစားပြီး ယနေ့တိုင်ငြင်းကြခုန်ကြဆဲဖြစ်ပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့ hypothesis တွေအများကြီးရှိခဲ့ပြီး အရေးကြီးတဲ့ hypothesis ၂ခုကို ဒီနေရာမှာ ပြောပြပေးပါမယ်။

ပထမ hypothesis တခုကတော့ “Somatic Twist” hypothesis လို့ခေါ်ပါတယ်။

Evolution အရ ရေထဲမှာနေတဲ့ ကျောရိုးမဲ့သတ္တဝါတွေ ကုန်းပေါ်ကိုတက်လာတဲ့အခါမှာ သူတို့သွားလာဖို့အတွက် ကျောရိုးဆိုတာလိုအပ်လာပါတယ်။

ကျောရိုးမဲ့သတ္တဝါတွေမှာ ကျောရိုးမရှိသလို spinal cord ဆိုတာလဲမရှိပါဘူး။ ဒါကြောင့် သူတို့မှာ Decussation ဆိုတဲ့ အလယ်ကိုကန့်လန့်ဖြတ်တာမျိုးလဲမရှိပါ။

ကျောရိုးမဲ့သတ္တဝါကနေ ကျောရိုးရှိသတ္တဝါအဖြစ်ကူးပြောင်းလာတဲ့အခါ တချို့သော ကျောရိုးမဲ့တွေမှာ spinal cord နဲ့ဆင်တူတဲ့ neural networkor neural cord စပေါ်လာပါတယ်။ စပေါ်တဲ့နေရာက ဝမ်းဗိုက်ဖက်ခြမ်း (ventral) မှာဖြစ်ပါတယ်။ ကျောဖက်အခြမ်း (dorsal) ဖက်မှာက ပါးစပ်နဲ့ အစာလမ်းကြောင်းရှိနေပါတယ်။

တဖြည်းဖြည်းနဲ့ ကျောရိုးရှိသတ္တဝါများအဖြစ် ဆင့်ကဲတိုးတက်လာတဲ့အခါ ကျောရိုးက ကျောဖက် (dorsal) မှာရှိဖို့လိုလာပါတယ်။
အစာလမ်းကြောင်းနဲ့ပါးစပ်ပေါက်က ဝမ်းဗိုက်ဖက် (ventral) ရောက်လာဖို့လိုလာပါတယ်။

ဒီလို လိုအပ်ချက်အရ ကျောရိုးနဲ့ အစာလမ်းကြောင်းက 180 degree လှည့်ဖို့လိုလာပါတယ်။
ဒါမှ ကျောရိုး နဲ့ spinal cord က (dorsal) ကျောဖက်ရောက်လာမှာဖြစ်တယ်။

လည်တဲ့အခါမှာ brain က relatively ငြိမ်နေပြီး medulla oblongta နဲ့ spinal cord ပိုင်းကပဲလည်သွားပါတယ်။

အဲ့လို 180 degree လည်သွားရတဲ့အတွက် brain ကိုသွားလာတဲ့ tract များဟာ အလယ်မှာ ကန့်လန့်ဖြတ်သွားရပါတယ်။

ဒီယူဆချက်ကို somatic twist လို့ခေါ်ပြီး
ကိုယ်တွင်းအင်္ဂါများကတော့ လိုက်မလည်ကြပါဘူး။

နောက်ထပ်ယူဆချက်တခုက “axial twist hypothesis” လို့ခေါ်ပြီး အောက်ပါပုံအတိုင်း embryo လေးရဲ့အပေါ်တခြမ်း (head) က ဘယ်ဖက်ကိုလည်သွားပြီး အောက်တခြမ်း (body) က ညာဖက်ကိုလည်သွားတဲ့အတွက် ဘယ်ညာထိန်းချုပ်တဲ့ဖက်မတူတာဖြစ်တယ်လို့လဲ ဆိုကြပါတယ်။

ကဲ… ဒီလောက်ဆိုရင် neuroanatomy လေ့လာတဲ့အခါ Pyramidal Decussation တွေ Sensory Decussation တွေဘာလို့ဖြစ်ရသလဲဆိုတာ အနည်းငယ်သဘောပေါက်သွားမယ်လို့ယုံကြည်ပါတယ်။

ကိုယ်ခန္ဓာမှာ တခြားသော ဘယ်ညာ Decussation တွေရှိပါသေးတယ်။ ဥပမာ optic chiasma
ဒါတွေကရောဘာလို့ဖြစ်တာလဲ စိတ်ဝင်စားရင် ဆက်လက်လေ့လာလို့ရပါတယ်ဗျ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အမှားတွေဟာ ပကတိတန်ဖိုး ရှိနေမလား ???

ပကတိတန်ဖိုးဆိုတာ အလယ်တန်း သင်္ချာမှာပါခဲ့တဲ့ concept တစ်ခုပဲ။ အပေါင်းတွေ အနုတ်တွေ လုံးဝမပါတဲ့ တန်ဖိုးလို့ ပြောကြတယ်။ -3 ရဲ့ ပကတိက 3 ပဲ။ 3 ဆိုတာ အပေါင်းလည်း မဟုတ်ဘူး၊ အနုတ်လည်း မဟုတ်ဘူး။ 3 က 3 ပဲ။ ဘာမှမဟုတ်နေပဲနဲ့ သူ့အတိုင်းရှိနေတာကိုက ပကတိတန်ဖိုးပဲ။

ဒါဆိုရင်ရော အမှားတစ်ခုဟာ ပကတိဖြစ်နေမလား။ ရုတ်တရက်ဆို အူကြောင်ကြောင် နိုင်နေမယ်။ အမှားဆိုတာ အမှားပဲပေါ့။ အမှားမဟုတ်ရင် အမှန်ပဲလို့ ယူဆစရာ ရှိတယ်။ ဒါပေမယ့် တချို့ကိစ္စတွေမှာ အမှားတွေက ပကတိတန်ဖိုးများ ရှိနေမလားလို့ တွေးမိတယ်။

ဥပမာ ကျွန်ပိုင်ရှင်စနစ်ဆိုတာ မှားလားလို့ အခုနေမေးရင် လူတိုင်းမှားတယ် ဖြေမှာပဲ။ ဒုက္ခရောက်တဲ့သူတွေ နည်းမှ မနည်းခဲ့ဘဲ။ ဒါပေမယ့် တစ်ခေတ်တခါတုန်းက ကျွန်ပိုင်ရှင်စနစ်ဟာ အမှားမဟုတ်ဘဲနဲ့ ဒီတိုင်း ပကတိတန်ဖိုး ဖြစ်နေခဲ့တယ်။ မှန်တယ်လို့ မဆိုလိုဘူးနော်။ အမှားမဟုတ်နေတာ။ အမေရိကန် ပြည်တွင်းစစ်ဆိုရင် ကျေးကျွန်စနစ်ကို အရင်းပြုပြီး ထချကြတာပဲမလား။ Django Unchained ကြည့်ဖူးရင် သိကြမှာပဲ။ လူမည်းတစ်ကောင် မြင်းစီးလာတာကို မကျေနပ်ကြတာ လူမည်းတွေက ပိုများနေတယ်ဆိုတာလိုပေါ့။ သူတို့စိတ်ထဲမှာ လူမည်းမြင်းစီးတာကိုက မှားနေသလို ဖြစ်နေတာပေါ့။ မှိုင်းမိထားတယ် အသိဉာဏ် မတိုးတက်သေးလို့ဆိုတာကတော့ တစ်ပိုင်းပေါ့။

အမှားတွေက ပကတိတန်ဖိုးများ ရှိနေခဲ့မလား
ဒီညတော့ သေချာတွေးမိပါတယ်။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started