ပန်းသီးကောင်း၊ ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ Junk science

တလောကပဲ စာဖတ်သူတယောက်က Facebook က post တခုကိုလာပြပြီး ဒီစမ်းသပ်ချက်ဖြစ်နိုင်သလား ဆိုတာကို လာမေးထားပါတယ်။ အဲ့အကြောင်းလေးကို ဒီ post မှာရှင်းပြသွားပါမယ်။

အဲ့ post လေးရဲ့ အကျဥ်းချုပ်ကတော့ ပန်းသီးကို ခြမ်းပြီး ပုလင်း ၂လုံးထဲခွဲထည့်ထားမယ်။ တပုလင်းမှာ Good apple ဆိုပြီးရေးတယ်။ နောက်တပုလင်းမှာ Bad apple ဆိုပြီးရေးတယ်။

ပြီးရင် Good apple ပုလင်းကို နေ့တိုင်း ချီးကျူးစကားတို့ ချိုသာတဲ့စကားတို့ ပြောမယ်။ သီချင်းသံချိုချိုလေးတွေ နေ့တိုင်း ဖွင့်ပြမယ်။ Bad apple ပုလင်းကိုကျတော့ ဆဲဆိုစကားတွေ၊ အပြစ်တင်စကားတွေ၊ ကဲ့ရဲ့စကားတွေပြောမယ်။ တဖြေးဖြေးနဲ့ ပန်းသီး ၂လုံးက ပြောင်းလဲလာမယ်။ ရိုင်းစိုင်းတဲ့စကားသံတွေကြားရတဲ့ Bad apple က တဖြေးဖြေး ပုပ်လာပြီး ညိုမည်းလာမယ်။ ကောင်းတဲ့စကားတွေပဲကြားရတဲ့ Good apple ကတော့ တော်ရုံနဲ့ အရောင်မပြောင်းဘူးဘာညာပေါ့။

အဲ့တာလေးကို သာဓကယူပြီး စကားလုံးတွေက အလွန်စွမ်းအားကြီးတယ်ပေါ့… မကောင်းတဲ့စကားတွေ မပြောသင့်ပါဘူးပေါ့… ပန်းသီးတောင်မခံနိုင်ရင် လူတွေဆိုလဲ စိတ်ကိုထိခိုက်စေတယ်ပေါ့။ Power of words ဘာညာဆိုပြီး ပြန်တင်ကြတာတွေ တပုံကြီးပါပဲ။

ဒီ idea ကကျနော်တို့ဆီမှာစတာမဟုတ်ပါဘူး။ Google မှာခေါက်ကြည့်ရင် နိုင်ငံခြားကလူတွေကစပြီး ဒီလိုဟာတွေလုပ်ကြ စမ်းကြနဲ့ အဟုတ်ကြီးဟုတ်နေကြတာပါ။
Youtube မှာလဲလုပ်နည်းတွေရှိကြသလို လိုက်လုပ်ကြည့်ပြီး ပြန်တင်ထားတဲ့ ပို့စ်တွေလဲမနည်းလှပါဘူး။

Version တော့အမျိုးမျိုးကွဲပါတယ်။
ဥပမာ ဒီမှာလုပ်တာက ပီယဝါစာ နဲ့ ဖရုဿဝါစာဆိုပြီး စာလေးကပ်ကာ လုပ်ကြတာပါ။

နိုင်ငံခြားမှာကျတော့ Happiness နဲ့ Sadness ဆိုပြီး ခွဲစမ်းကြတာလဲရှိသလို Love ရယ် Hate ရယ်ဆိုပြီး ပြောင်းစမ်းတာလဲရှိပါတယ်။

တချို့ကကျ စကားပြောပေးတယ်။ တချို့က စာကပ်ထားရုံနဲ့ အလုပ်ဖြစ်ပြီတဲ့။ (ပန်းသီးကစာဖတ်တတ်လို့လားတော့ မေးလဲမေးချင်တယ် မေးလဲမမေးရဲဘူး)

ဒီလိုစမ်းတာက ဟုတ်သလိုလိုရှိပေမယ့် တကယ်တမ်းတော့ ကိုယ်လိုရာဆွဲပြီးစမ်းသပ်ထားတာပါပဲ။ ပေးချင်တဲ့ message လေးကတော့
ကောင်းမွန်တဲ့စကားကိုပဲပြောဖို့
မရိုင်းပျဖို့ မှာကြားတာမို့လို့ ကောင်းတယ်လို့ထင်ရပေမယ့် Science ကိုဘန်းပြပြီး လိုရာဆွဲတွေးကြတာပါပဲ။

ဒါမျိုးကို Junk science လို့ခေါ်ပါတယ်။ စမ်းချင်ရာစမ်းပြီး ထွက်လာတဲ့အဖြေတလွဲကြီးကို သိပ္ပံနည်းကျဆိုကာ ပြည်သူတွေကို ဂျင်းထည့်ခြင်းတမျိုးပါပဲ။

အဓိကကစမ်းသပ်ချက်က အယူအဆမှားယွင်းချက်တွေ၊ ဘက်လိုက်မှုတွေရှိနေတာပါ။ ပထမဆုံးထောက်ပြစရာရှိတာက ပန်းသီးအရေအတွက်ကိစ္စပါ။ ပန်းသီးတလုံးထဲကိုပဲသုံးတာရှိသလို ပန်းသီး၂လုံးကိုခွဲပြီးစမ်းတာလဲရှိပါတယ်။

ပန်းသီးတလုံးထဲကိုပဲ ခြမ်းပြီးစမ်းတယ်ဆိုရင်တောင် ပန်းသီးစိတ် တစိတ်ဆီမှာ သကြားပါဝင်မှုချင်းမတူပါဘူး။ သကြားပိုများတဲ့အခြမ်းက chemical reaction ပိုဖြစ်နိုင်ချေများပါတယ်။

ပန်းသီးတခြမ်းနဲ့တခြမ်းတောင် ပုပ်တဲ့နှုန်းမတူကြပါဘူး။ နောက်ပြီး ဒီစမ်းသပ်ချက်က sample size ကသေးလွန်းပါတယ်။ ပန်းသီးပေါင်း ရာနဲ့ချီပြီးစမ်းသပ်ပြီးရလာတဲ့ အဖြေနဲ့ ပန်းသီးတလုံးကိုစမ်းပြီးရလာတဲ့အဖြေက ယုံကြည်ရမှု (reliability) မတူနိုင်ပါဘူး။

နောက်တချက်ကကျ ဒီစမ်းသပ်ချက်မှာ ပုံစံတူပုလင်း ၂လုံးကိစ္စပါ။ ပုလင်း ၂လုံးက သာမန်အမြင်နဲ့ကြည့်ရင်တော့ တူသယောင်ရှိပေမယ့် ပုလင်းထဲက စိုထိုင်းဆတွေ၊ မမြင်ရတဲ့ fungus (မှို)တွေ ဘက်တီးရီးယားအမျိုးအစားတွေက ပုလင်းတလုံးနဲ့တလုံးမတူနိုင်ပါဘူး။

တချို့သော fungus အမျိုးအစားတွေက ပုပ်သိုးနှုန်းပိုမြန်စေပါတယ်။ ဥပမာ မှိုအမျိုးအစားထဲမှာမှ Sclerotinia fructigena ဆိုတဲ့အမျိုးအစားက
ပန်းသီးကို ပိုမြန်မြန်ပုပ်စေပါတယ်။ တချို့မှိုတွေကကျ အရောင်ပြောင်းတာပိုမြန်စေလို့ ပန်းသီးက ပိုပြီးပုပ်သလိုဖြစ်စေပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် ပုလင်း၂လုံးကို ပွက်ပွက်ဆူတဲ့ရေပူပူနဲ့ ပိုးသတ်ပြီးမှ (or) ဆေးရုံသုံး ပေါင်းအိုး autoclave စက်နဲ့ ပိုးသတ်ပြီးမှ စမ်းရင် ပိုပြီးတိကျမှုရှိလာပါလိမ့်မယ်။ ဒါမှသာ တကယ်တူညီတဲ့ ပိုးသန့်စင်သော ပုလင်းကိုရမှာပါ။

ဒါတင်မကသေးပါဘူး။ ဒီစမ်းသပ်ချက်မှာ တခြားသော variables တွေကို standard conditions ဖြစ်အောင်ထားရပါမယ်။ ပန်းသီးပုလင်းရဲ့ စိုထိုင်းဆ၊ နေရောင်နဲ့ထိတွေ့မှူ၊ အခန်း အပူချိန်၊ အလင်းအမှောင် စတာတွေကို ပါထည့်သွင်းစဥ်းစားရပါမယ်။

နောက်ပြီးတော့ control လို့ခေါ်တဲ့ (စံအုပ်စု) ထားရပါမယ်။ သဘောကတော့ ပန်းသီးပုလင်း ၃ အုပ်စုခွဲထားသင့်တာပါ။ တစ်ပုလင်းကို ချိုသာစွာပြောမယ်။
နောက်တပုလင်းကိုကျ ဆဲဆိုမယ်။
နောက်ဆုံး control ပုလင်းကိုကျ ပုံမှန်ပဲပြောမယ်။ ဒါမှမဟုတ် ဘာစကားမှမပြောဘူး။ Neutral ပုလင်းလို့ဆိုချင်တာပါ။

နိုင်ငံခြားမှာတော့ အဲ့သလို တိတိကျကျနဲ့ တကယ်လိုက်စမ်းသပ်ထားတာရှိပါတယ်။ အဲ့လိုစမ်းသပ်ချက်အရတော့ ဒီအဖြေက မမှန်ဘူး။ တနည်းအားဖြင့် ရလာတဲ့အဖြေက တိုက်ဆိုင်မှုကြောင့်ဖြစ်လာနိုင်ခြေ probability by chance ကိုမကျော်ပါဘူး။

တိုက်ဆိုင်မှုသက်သက်တခုပါပဲလို့ ဆိုချင်တာပါ။ နောက်ထပ်ဖြစ်နိုင်ချေရှိတာတခုက သင်္ချာနည်းအရစဥ်းစားရင် တပုလင်းက နောက်တပုလင်းထက်
ပိုပြီးပုပ်နိုင်ခြေက 50% ရှိပါတယ်။

အဲ့တော့ လူတွေက လိုက်စမ်းတဲ့အခါ ကံကောင်းတဲ့လူတဝက်မှာတော့ ကိုယ်ဆဲတဲ့ပန်းသီးက အရောင်ပိုရင့်လာရင် ဟုတ်တယ်ဟ ဆိုပြီး လိုင်းပေါ်မှာတင်ကြ share ကြလုပ်ကြပါတယ်။

ကံမကောင်းတဲ့ လူတဝက်ကတော့ ကိုယ်ချီးကျူးတဲ့ပန်းသီးက အရင်ပုပ်လာတာမြင်ရင် တခုခုလွဲနေပြီ။ ပြန်စမ်းကြည့်ဦးမှဆိုပြီး မဖြစ်မခြင်းစမ်းမိနေတာဖြစ်တတ်ပါတယ်။

လူတွေက သူတို့ထင်သလိုဖြစ်လာတဲ့အခေါက်ကျတော့မှပဲ တကယ်ဟုတ်တယ်ဆိုပြီး လိုင်းပေါ်တင်ကြလို့ စမ်းတဲ့သူတိုင်း တကယ်လက်တွေ့ဖြစ်သလိုထင်နေတာပါ။ အဖြေမမှန်တဲ့လူတွေက သူတို့အဖြေကို လိုင်းပေါ်မတင်တတ်ကြပါဘူး။

တကယ့် research အစစ်ဆိုရင် observer က ဘယ်ပန်းသီးက good apple လဲ bad apple လဲဆိုတာ မသိအောင် blind လုပ်ထားရပါတယ်။
ဒါမှပဲ observer bias တွေမပါတော့မှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ပန်းသီးစမ်းသပ်ချက်ဟာ ဘက်လိုက်မှုတွေ မတိကျမှုတွေအများကြီးရှိနေတယ်ဆိုတာ မြင်မိမှာပါ။ ဒီစမ်းသပ်ချက်က ပေးချင်တဲ့ message ကတော့ကောင်းပေမယ့် တကယ်တမ်းတော့ research အစစ်မဟုတ်ဘဲ လိုရာဆွဲတွေးထားတဲ့ ကိစ္စတခုပဲဖြစ်ကြောင်း ပြောပါရစေ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဘဝမှာ အကောင်းမြင်စိတ်ရှိဖို့လိုလား?

အောက်က မေးခွန်းကိုဖြေပြီး ကိုယ်က တော်၊ သင့်၊ ညံ့ဘယ်အထဲမှာ ဝင်မလဲ စဉ်းစားပေးပါ။

၁။ သူများတွေနဲ့ သင့်သင့်မြတ်မြတ်နေနိုင်တယ်။
၂။ ခေါင်းဆောင်မှုစွမ်းရည်
၃။ Logic ကျကျစဉ်းစားနိုင်စွမ်း
၄။ ကားမောင်းစွမ်းရည် (မမောင်းတတ်ရင် မဖြေပါနဲ့)
၅။ ရိုးသားမှု
၆။ ပျော်ရွှင်မှု
၇။ စိတ်ဝင်စားစရာကောင်းမှု
၈။ ဆွဲဆောင်မှု

ဖြေပြီးမှ ဆက်ဖတ်ပေးပါ။

ညံ့တယ်လို့ ဖြေထားတဲ့အဖြေပါပါသလား? မပါဖို့များပါတယ်။
လူတွေက သူတို့ကိုယ်သူတို့ အခြားသူတွေထက် ပိုတော်တယ်လို့ ထင်ကြတာ သဘာဝပါပဲ။ ကိုယ့်ကိုကိုယ် Unique ဖြစ်တယ်လို့ ထင်တတ်ကြတယ်။ “တော်” ဆိုပြီး မဖြေထားရင်တောင်မှ “သင့်” လောက်တော့ဖြေထားဖို့များပါတယ်။ ဒါပေမယ့် လူတိုင်းက “သင့်” (သို့) “တော်” ဖြစ်နေလို့တော့ မရပါဘူး။ “ညံ့” သမားတွေလည်း လိုပါတယ်။

ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့လူ ၈၅% က “သင့်” (သို့) “တော်” ထဲမှာ သူတို့ကိုယ်သူတို့ ထည့်ထားတတ်ပါတယ်။ နောက်ထပ်စမ်းသပ်မှုတစ်ခုအရ ၉၃% က အဲ့လိုထင်ကြတယ်လို့ သိရပါတယ်။ ဒီလိုဖြစ်လို့မရတာ အထွေအထူးရှင်းပြနေစရာ မလိုတော့ဘူးထင်ပါတယ်။
ဥပမာ အကုန်လုံးခေါင်းဆောင်တွေပဲ ဖြစ်နေပြီး နောက်လိုက်မရှိသလိုဖြစ်နေမှာပါ။

တော်တော်များများကတော့ အခြားလူတော်တော်များများထက် ပိုတော်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါကို Superiority Bias လို့ခေါ်ပါတယ်။
ဒီလိုတွေပြောနေလို့ တကယ်တော်တဲ့သူမရှိဘူး… တော်တယ်လို့ ထင်နေကြသူတွေပဲ ရှိတယ်… လို့ မထင်စေချင်ပါဘူး။ တကယ်တော်တဲ့သူတွေ ရှိပေမယ့် ညံ့တဲ့သူတွေကလည်း သူတို့ကိုယ်သူတို့ တော်တဲ့အထဲပဲ ထည့်ထားတတ်ပါတယ်။

ကိုယ့်မျက်ချေးကိုယ် မမြင်ဘူးလို့ ပြောတာ ဒီသဘောပါပဲ။ သူများတွေမှာ ဘယ်လို Bias တွေရှိနေမလဲ မြင်ကြပေမယ့် ကိုယ့်မှာတော့ ဒါတွေမရှိဘူးလို့ ထင်ကြပါတယ်။
ပြောချင်တာက သူများတွေရဲ့အလွဲတွေကို ကိုယ်ကမြင်နိုင်တယ်၊ သိနေတယ်ဆိုတော့ ကိုယ်ကိုယ်တိုင်ဖြစ်လာတဲ့အခါ သိမယ်လို့ တွေးတတ်ကြပါတယ်။

ဥပမာတစ်ခုနဲ့ ပြောပြချင်ပါတယ်။ တရားသူကြီးတစ်ယောက်နဲ့ ဒုတိယသမ္မတတစ်ယောက် အကြောင်းပါ။ သူတို့နှစ်ယောက်ဟာ တောထဲကို အမဲလိုက်ထွက်ကြပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက ဒုသမ္မတဟာ အမှုတစ်ခုဖြစ်နေပါတယ်။ ဒါကိုဆုံးဖြတ်ရမယ့်အထဲမှာ တရားသူကြီးက ပါဝင်နေတယ်။ ဒီတော့ တရားသူကြီးအတွက် Rational အဖြစ်ဆုံးရွေးချယ်မှုက ဒုသမ္မတနဲ့ အမဲပစ်မထွက်တာပါ။

မီဒီယာတွေမှာ အော်ကြပေမယ့် တရားသူကြီးကတော့ “ဘက်လိုက်ခြင်း၊ မလိုက်ခြင်းဟာ အမဲလိုက်တာနဲ့ မဆိုင်ပါဘူး… သူ့ရဲ့စိတ်ကို သူယုံကြည်တယ်…” ဆိုပြီး ပြန်ပြောပါတယ်။ အမိန့်ချတဲ့နေ့မှာ သူက ဒုသမ္မတကို Favor ပေးတဲ့နေရာက Vote ပါတယ်။ ဒီတော့ လူအများရဲ့အမြင်မှာ ဘက်လိုက်တယ်လို့ ထင်သွားပါတယ်။ (ဒါပေမယ့် တရားသူကြီးတော်တော်များများကလည်း Favor ပေးတဲ့နေရာက နေကြပါတယ်)

အရင်ကတည်းက ခင်တာမဟုတ်ဘဲ အမှုဖြစ်မှ ခင်ကြတာမို့ သူတို့နှစ်ယောက် အမဲလိုက်တာဟာ ပြောစရာကြီးဖြစ်နေပါတယ်။ ခုလိုမျိုး Favor ပေးတဲ့ဘက်ကလည်း နေလိုက်ရော အပြောခံရတော့တာပေါ့။

ဒီတော့ သူဘက်လိုက်တယ်၊ မလိုက်ဘူး အတိအကျပြောဖို့ခက်သွားပါတယ်။ ပညာရှင်တွေကတော့ Superiority Bias ကြောင့်လို့ ပြောကြပါတယ်။
သူများတွေ ဘက်လိုက်ချင်လိုက်မယ်… ငါကတော့ အလုပ်နဲ့ အပျော်အပါးနဲ့ ခွဲခြားနိုင်တယ်ဆိုပြီး တွေးမိလိုက်တာမျိုးပါ။ ဒါပေမယ့် ပညာရှင်တွေကတော့ သူဘက်လိုက်တာ ဖြစ်ဖို့များတယ်ဆိုပြီး ပြောကြပါတယ်။

ဒီလောက်ဝိုင်းပြောနေတာတောင် မမြင်နိုင်ဘဲ ကမ်းမမြင်၊ လမ်းမမြင်ဖြစ်နေတာကို Introspection Illusion လို့ခေါ်ပါတယ်။ ကိုယ့်အကြောင်းကိုယ် အကုန်သိတယ်လို့ ထင်တာမျိုးပါ။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပျက်နေတာ၊ တွေးတောနေတာတွေ အကုန်လုံးကို ကိုယ်ကသိနေတယ်လို့ တွေးမိတာပေါ့။ ဒါပေမယ့် လေ့လာမှုတွေအရ စိတ်ထဲက အတွေးတော်တော်များများကို သိစိတ်က မသိပါဘူး။ ဒါတွေက မသိစိတ်ထဲမှာ ဖြစ်ပျက်နေတာပါ။
ဒီတော့ လူတွေက သူတို့အကြောင်းသူတို့ သေချာမသိဘူးဆိုတာကို မသိကြပါဘူး။

စမ်းသပ်ချက်တစ်ခုနဲ့ ပြောပြချင်ပါတယ်။ လူ ၁၂၀ ကို အမျိုးသမီး ၂ယောက်ပုံပြလိုက်ပါတယ်။ ဘယ်တစ်ယောက်က ပိုပြီးဆွဲဆောင်မှု ရှိသလဲလို့ မေးပါတယ်။ ဒီတော့ ဖြေတဲ့သူတွေက တစ်ယောက်ကို ရွေးလိုက်တာပေါ့။
ဒါပေမယ့် သူတို့မရွေးတဲ့ အမျိုးသမီးပုံကို လက်ပြောင်းလက်လွှဲလုပ်ပြီး သူတို့ရွေးလိုက်တဲ့ပုံအလား ပြန်ပြလိုက်ပါတယ်။ ထူးခြားတာက ၇၅% ဟာ ဒါကို သတိလုံးဝမထားမိပါဘူး။

ဘာလို့ ဒီတစ်ယောက်ကို ရွေးလိုက်တာလဲလို့ စမ်းသပ်သူက မရွေးတဲ့ပုံကို ပြပြီး ပြန်မေးပါတယ်။ သူတို့ မရွေးခဲ့ပေမယ့် တော်တော်များများကတော့ ခေါင်းထဲကပေါ်သမျှ အဖြေတွေကို လျှောက်ဖြေသွားကြပါတယ်။
သူတို့ပယ်ခဲ့တဲ့ပုံကို ဘာလို့ရွေးရကြောင်း၊ ဘာလို့ပိုပြီး ဆွဲဆောင်မှုရှိတယ် ထင်ကြောင်း ဖြေကြပါတယ်။

နောက်ဆုံးမှာ စမ်းသပ်သူက Hypothetical Question တစ်ခုမေးပါတယ်။ လက်ပြောင်းလက်လွှဲလုပ်ပြီး သူတို့ရွေးတဲ့ပုံကို မရွေးတဲ့ပုံနဲ့ လဲလိုက်ရင် သိမလားလို့ မေးလိုက်ပါတယ်။ ၈၄% က ဘာလို့မသိရမှာလဲလို့ ပြန်ဖြေသွားကြပါတယ်။

ဒီတော့ လူတွေက ဆုံးဖြတ်ချက်အကြီးကြီး မချခင် သေချာစဉ်းစားကြပါတယ်။ ကောင်းတာ၊ ဆိုးတာတွေကို ချိန်ဆကြပါတယ်။ ဆုံးဖြတ်ချက်ချပြီးတဲ့အခါ ဘာလို့ဒီလိုဆုံးဖြတ်ရကြောင်းကို ချက်ကျလက်ကျပြန်ရှင်းပြနိုင်ကြပါတယ်။ ဒါပေမယ့် အပေါ်က စမ်းသပ်ချက်အရဆိုရင် ကိုယ်ဆုံးဖြတ်လိုက်တဲ့ဟာက မှားနေရင်တောင် မသိကြပါဘူး။ အမှားကြီးကိုပဲ ကာကွယ်ပြီး ရှင်းပြနေကြဦးမှာပါ။

ပိုစတာတစ်ခုကို ရွေးချယ်ခိုင်းပြီး စမ်းသပ်ထားတာလည်း ရှိပါတယ်။ တစ်ဖွဲ့ကို ဘာလို့ ရွေးရလဲဆိုတာ ပြန်မေးပြီး ကျန်တစ်ဖွဲ့ကိုတော့ မမေးပါဘူး။ ဒီတော့ ပြန်အမေးခံရမယ့် သူတွေက ဘာလို့ရွေးရတာလဲဆိုတာကို ပြောဖို့ စဉ်းစားရပါတော့တယ်။ ဒီအခါမှာ Fancy ဖြစ်တဲ့ ပိုစတာမျိုးထက် အတွေးအခေါ်ပါတဲ့ ပိုစတာမျိုးကို ပိုရွေးချယ်တတ်ကြပါတယ်။

ဒါပေမယ့် နောက် ၂ပတ်လည်းနေရော သူတို့ကို Interview ပြန်လုပ်ပါတယ်။ သူတို့ရွေးခဲ့တဲ့ ပိုစတာကို သဘောကျသေးလားဆိုတာပါ။ အကြောင်းပြချက်မပေးရတဲ့ အဖွဲ့က ပိုပြီး သဘောကျတယ်လို့ တွေ့ရပါတယ်။

ဒီတော့ တွေးခေါ်လိုက်ရင် ရွေးချယ်မှုတွေ မှားသွားတတ်တယ်ဆိုတဲ့ သဘောဖြစ်သွားပါတယ်။ ဒါပေမယ့် ဒီလိုပြောလို့ တွေးခေါ်တာ မကောင်းဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ ဒါတွေက အနုပညာမှာပဲ အကျုံးဝင်ပါတယ်။
ဒီဇာတ်လမ်းကို ဘာလို့ကြိုက်လဲ… ဒီသီချင်းကို ဘာလို့ကြိုက်လဲ… ပညာရှင်မဟုတ်ရင်၊ သီအိုရီနားမလည်ရင် တိတိကျကျပြောနိုင်ဖို့ ခက်ခဲပါတယ်။
ဒါပေမယ့် “ပြောကြည့်ပါလား” ဆိုပြီး တောင်းဆိုတဲ့အခါ ပိုလေးနက်တဲ့ ဇာတ်လမ်းတွေ၊ သီချင်းတွေဆီကို စိတ်က ရောက်သွားမှာပါ။ အဲ့ဒီဟာတွေကို ရွေးမှ ပြောစရာစကား များများစားစား ရှိမှာပါ။

ကိုယ့်ကို လာလိမ်လို့မရဘူး၊ တော်ရုံနဲ့ အရူးလုပ်လို့မရဘူး တွေးမိရင် ဒါဟာ ပုံမှန်ပါပဲ။ ကိုယ့်အကြောင်းကိုယ် သိတယ်လို့ ထင်ရင်လည်း ပုံမှန်ပါပဲ။ ဒီလိုထင်နေမှလည်း “အရာရာအဆင်ပြေသွားမှာပါ…” ဆိုပြီး တွေးလို့ရမှာပါ။ လောကကြီးမှာ ရှင်သန်နိုင်ဖို့ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အကောင်းမြင်စိတ်ကလေး တစ်ခုတော့ လိုပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကမ္ဘာပျက်တော့မယ်… ဟောကိန်းများနဲ့ နောက်ကွယ်က စိတ်ပညာ

ကမ္ဘာပျက်တော့မယ်ဆိုပြီး ပြောကြတာ ခဏခဏကြားရပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း Mayan ပြက္ခဒိန်အရ ကမ္ဘာပျက်မယ်လို့ တစ်ခေတ်ထလိုက်သေးတာ မှတ်မိကြဦးမှာပါ။ ဒါပေမယ့် ဒီလိုခန့်မှန်းမှုမျိုးတွေကို အမြဲကြားရတတ်ပါတယ်။
သိပ္ပံမှာလည်း Y2K Scare ဆိုပြီး ၂၀၀၀ ခုနှစ်က နာမည်ကြီးလိုက်ပါသေးတယ်။ ဘာသာရေးနဲ့ ရောထွေးပြီးတော့ ၂၀၀၀ ခုနှစ်မှာ ယေရှုခရစ်တော်ပြန်လည်မွှေးဖွားလာမယ်ဆိုပြီး ဖြစ်သွားပါတယ်။

၂၀၀၉ ခုနှစ်က ဂျီနီဗာမြို့မှာ အမှုန်တွေကို လေ့လာဖို့ Large Hadron Collider ကိုတည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်အချို့က LHC ကြောင့် တွင်းနက်အသေးလေးပေါ်လာပြီး ကမ္ဘာကိုဝါးမျိုသွားလိမ့်မယ်။ ကမ္ဘာပျက်သွားနိုင်တယ်လို့ ပြောပြီး LHC တည်ဆောက်တာကို တားဆီးဖို့ကြိုးစားခဲ့ဖူးပါတယ်။ (Flash Series ထဲမှာတော့ Particle Accelerator ကြောင့် တွင်းနက်တစ်ခု တကယ်ပဲပေါ်လာပါတယ်…)

ဒါတွေက အကင်းပဲရှိပါသေးတယ်။ သမိုင်းမှတ်တမ်းတွေအရလည်း လူတွေက ကမ္ဘာပျက်မယ်ဆိုပြီး ပြောခဲ့ကြတာ အခါခါပါပဲ။ အခုပြောချင်တဲ့အကြောင်းကလည်း ကမ္ဘာပျက်တာနဲ့ ဆက်သွယ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က စိတ်ပညာရှင် ၃ယောက်ဟာ ကမ္ဘာကြီး ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပျက်မယ်လို့ ယုံကြည်တဲ့အဖွဲ့တစ်ခုစီကို ဝင်လိုက်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ရှေ့ဖြစ်ဟောကိန်းမှားသွားရင် ဒီလူတွေ ဘာလုပ်မလဲသိချင်တာပါ။

အဖွဲ့ခေါင်းဆောင်က အမျိုးသမီးတစ်ယောက်ပါ။ သူက အဖွဲ့ဝင်တွေကို ဘာပြောလဲဆိုတော့ ဒီဇင်ဘာ ၂၀ ရက်နေ့ညရောက်ရင် ယုံကြည်တဲ့သူတွေကို ပန်းကန်ပြားပျံကြီးနဲ့ လာကယ်လိမ့်မယ်လို့ ပြောပါတယ်။ (ရှေ့ဖြစ်ဟောကိန်းတွေ က ဒီအတိုင်းပဲ…)

ဒီတော့ ဒီဇင်ဘာ ၂၀ လည်းနီးရော အဖွဲ့ဝင်တော်တော်များများက အလုပ်တွေထွက်လိုက်ကြတယ်၊ အိမ်တွေကို သူများကို ပေးပစ်တယ်၊ စုထားတဲ့ငွေတွေကိုလည်း လှူပစ်လိုက်တယ်။ တချို့ဆိုရင် အိမ်ထောင်ဖက်နဲ့တောင် ကွဲကုန်ကြတယ်။

အဖွဲ့ခေါင်းဆောင်အမျိုးသမီးရဲ့ ယောက်ျားကတော့ မယုံပါဘူး။ အဲ့နေ့ညမှာ သူက စောစောအိပ်နှင့်နေပါပြီ။ နက်ဖြန်အလုပ်သွားရဦးမှာကိုး။ သူ့မိန်းမ အရူးထတာကို မနိုင်တော့လွှတ်ပေးထားပုံရတယ်။

အဲ့ဒီအချိန်မှာ သူတို့အဖွဲ့က အိမ်ရှေ့ခန်းထဲမှာ ဆုတောင်းမှုပြုလုပ်နေကြတယ်။
တချို့က အိမ်မပိုင်တော့ ဆုတောင်းပွဲကိုမလာနိုင်ဘူး။ သူတို့အိမ်မှာပဲ နေပြီး ကြေကွဲနေကြတယ်။ (ဒီလူတွေက အကုန်လျောက်မလှူပစ်တဲ့ လူတွေပေါ့…)

စိတ်ပညာရှင် ၃ယောက်ကတော့ အဖြစ်အပျက်တွေဖြစ်မလာခင် ကြိုတင်ဟောကိန်းထုတ်လိုက်တယ်။ ညရောက်လို့ ပန်းကန်ပြားပျံရောက်မလာရင် အိမ်မပိုင်လို့ မလာရတဲ့သူတွေက ဒီအမျိုးသမီးကို အယုံအကြည်မဲ့သွားလိမ့်မယ်။ ဒါပေမယ့် ရှိသမျှအကုန်ရောင်းချပြီး လှူပစ်တဲ့လူတွေ၊ အိမ်ထောင်ကွဲကုန်တဲ့သူတွေကတော့ ဒီမိန်းမကြီးကို ပုံပြီးယုံကြည်သွားလိမ့်မယ်တဲ့။
တော်တော်ထူးဆန်းတဲ့ စိတ်ပညာ ဟောကိန်းပါပဲ။

ဒီလိုနဲ့ ည ၁၂ နာရီထိုးတဲ့အထိ ပန်းကန်ပြားပျံကြီးရောက်မလာပါဘူး။ မနက် ၂နာရီမှာတော့ သူတို့တော်တော်စိတ်ပူနေကြပါပြီ။ မနက် ၄နာရီ ၄၅ မိနစ်မှာတော့ အဖွဲ့ခေါင်းဆောင်အမျိုးသမီးကြီးမှာ “အာရုံ” တစ်ခုရလာပါတယ်။ ကမ္ဘာကြီးကို ချမ်းသာပေးလိုက်ပြီ… ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ရဲ့ ယုံကြည်မှုကြောင့်ပါတဲ့။
အဖွဲ့ဝင်တွေက ဆောက်တည်ရာမရဖြစ်နေရာကနေ အလုံးကြီးကျသွားသလိုဖြစ်သွားတယ်လို့ စိတ်ပညာရှင် ၃ယောက်က ပြန်ပြောပြပါတယ်။

နောက်နေ့လည်း ရောက်ရော ဒါဟာ “Miracle” ပါပဲဆိုပြီး သတင်းဌာနတွေကို လိုက်ပြီး ဆက်သွယ်ကြပါတော့တယ်။ တကယ်ဆိုရင် အမျိုးသမီးရဲ့ဟောကိန်းက မှားပါတယ်… ဒါပေမယ့် ယုံကြည်မှုက လုံးဝလျော့မသွားကြပါဘူး။

ကိုယ့်ကိုကိုယ် Justify လုပ်ဖို့ လူတွေက အမြဲကြိုးစားကြပါတယ်။ အထူးသဖြင့် ဆုံးဖြတ်ချက်အလွဲတွေကိုပါ။ အပေါ်က အဖြစ်ကိုပဲကြည့်ပါ။ သူတို့ရင်းထားတာ အရမ်းများသွားတဲ့အခါ သောက်တလွဲဟောကိန်းကြီးဖြစ်ပေမယ့် နောက်ဟောကိန်းတစ်ခုကို ယုံကြည်လိုက်ကြတာပါပဲ။
သာမန်အချိန်တွေးကြည့်ရင် ပထမဟောကိန်းတောင် မမှန်တာ နောက်ဟောကိန်းကရော မှန်စရာလား လို့တွေးမိကြမှာပါ။ ဒါပေမယ့် သူတို့ရဲ့အရင်းအနှီးက အရမ်းများသွားပြီဆိုတော့ ဆက်ပြီးယုံဖို့ကိုပဲ မသိစိတ်က ရွေးချယ်လိုက်ပါတယ်။

Cognitive Dissonance ဆိုတာ ခဏခဏကြားဖူးကြမှာပါ။

စိတ်ထဲမှာဖြစ်နေတဲ့ အတွေး ၂ခုဟာ ဆန့်ကျင်ဘက်ဖြစ်နေတာကို ပြောတာပါ။ ဥပမာ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါသည် ဆိုတာကို သိတယ်။ ဒါပေမယ့် ဆေးလိပ် ၁နေ့ ၁ဗူးကုန်အောင် သောက်နေတယ်။ ဒါဆိုရင် သူ့စိတ်ထဲမှာ Cognitive Dissonance ဖြစ်နေပါပြီ။

ဒီလိုဖြစ်ရင် လူတွေက မနေတတ်ကြပါဘူး။ ဒါကြောင့် ခိုးလိုးခုလုခံစားချက်ကို လျော့ချဖို့ ကြိုးစားကြပါတယ်။ ဒီဥပမာအရပြောရရင်တော့ ဆေးလိပ်ဖြတ်လိုက်ရင် ပြီးပြီပေါ့။

ဒါပေမယ့် ဖြတ်ကြည့်ပြီး မအောင်မြင်တဲ့အခါ၊ မဖြတ်ချင်တဲ့အခါ သူ့ကိုဆန့်ကျင်နေတဲ့ အတွေးကို ပြန်ပြီး ဆန့်ကျင်လိုက်ပါတယ်။
အဲ့လောက်ဖြစ်မှာ မဟုတ်ပါဘူး… Stress များနေရင်တော့ သောက်ရမှာပဲလေ… ဆေးလိပ်သောက်ရင် ဝိတ်မတက်ဘူးလို့လည်း ကြားဖူးတယ်… ဝတာက ငါ့အတွက်ပိုဆိုးတာပေါ့… စသဖြင့် ကိုယ့် Action ကို Justify ဖြစ်အောင် လျှောက်တွေးတတ်တယ်။
ဒီတော့ လူတော်တော်များများရဲ့ Self-justify လုပ်နည်းဟာ ကိုယ့်ကိုကိုယ် မသိစိတ်က ပြန်လိမ်နေခြင်းပါပဲ။

Albert Camus ကတော့ လူတွေဟာ သူတို့ရဲ့ဖြစ်တည်မှုသည် အဓိပ္ပါယ်ရှိကြောင်း သူတို့ဘာသာပြန်ပြောနေရင်း အချိန်ကုန်နေကြတယ် လို့ပြောခဲ့ပါတယ်။

အပေါ်မှာပြောခဲ့တဲ့ Case က စိတ်ပညာလောကမှာ တော်တော်နာမည်ကြီးသွားပါတယ်။ ဒီတော့ လူတွေဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကို ပညာရှင်အများအပြားက ဆက်ပြီး လေ့လာကြပါတယ်။
အရင်ကလက်ခံခဲ့ကြတာတော့ အပြုအမူတွေကို ပြောင်းလဲစေချင်ရင် ဆုပေး၊ ဒဏ်ပေးစနစ်နဲ့ လုပ်လို့ရတယ်ပေါ့။ ခွေးကို လက်ပေးစေချင်ရင် မုန့်ကျွေးလို့ရသလို ကောဇောပေါ်သေးမပေါက်စေချင်ရင်လည်း ရိုက်လို့ရပါတယ်။

လူတွေကိုလည်း ဒီသဘောနဲ့ အပြုအမူပြောင်းလဲအောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် လူတွေက ပိုမိုရှုပ်ထွေးပါတယ်။ ခွေးတစ်ကောင် ကော်ဇောပေါ်မှာ သေးပေါက်လို့ ရိုက်လိုက်တဲ့အခါ ဒါလုပ်ရင် ဒါဖြစ်တယ်လို့ တွေးမိပြီး နာမှာကြောက်တော့ ဆက်လုပ်မှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် လူတွေကတော့ သူတို့ဘာလို့ ဒီလိုလုပ်ရကြောင်း Justify ဖြစ်အောင် တွေးတတ်ကြပါတယ်။
ခိုးနေတုန်းမိသွားရင် ခိုးမှရမှာဖြစ်ကြောင်း အကြောင်းပြချက် ပေါင်းစုံထွက်လာသလိုပေါ့။

စမ်းသပ်ချက် ၁ခုကို ပြောပြချင်ပါတယ်။ လူတွေက လွယ်လွယ်ရတာနဲ့ ခက်ခက်ခဲခဲရတာ ဘယ်ဟာကို ပိုတန်ဖိုးထားလဲ စမ်းသပ်တာပါ။ ဆုပေး၊ ဒဏ်ပေး သဘောအရဆိုရင် လွယ်တာကို ပိုသဘောကျသင့်တာပေါ့။
ကျောင်းသားတွေကို Sex အကြောင်းစိတ်ပညာ ဆွေးနွေးကြမယ်ဆိုပြီး Volunteer ခေါ်လိုက်ပါတယ်။ ဒါပေမယ့် မဆွေးနွေးခင် အရည်အချင်းစစ်မယ်ဆိုပြီး Sex အကြောင်းရေးထားတဲ့ စာအုပ်တွေထဲက စာကြောင်းတွေကို အော် ဖတ်ခိုင်းပါတယ်။ (၁၉၅၀ ကစမ်းသပ်ထားတာဆိုတော့ ဒါက ရှက်စရာပါပဲ…)
နောက်တစ်ဖွဲ့ကိုကျတော့ ဒီလောက်ရှက်စရာမကောင်းတဲ့ ကိစ္စကိုပဲ လုပ်ခိုင်းပါတယ်။

ဆွေးနွေးတဲ့အခါ ပျင်းစရာကောင်းအောင် ပြင်ဆင်ထားပါတယ်။ ဒီအခါမှာ အရှက်ကွဲတဲ့အဖွဲ့က ဒါကို ပျင်းစရာကောင်းတယ်လို့ မမြင်ဘဲ စိတ်ဝင်စားစရာ ကောင်းတယ်လို့ မြင်ပါတယ်။ ဒုတိယအဖွဲ့ကတော့ ပျင်းစရာကောင်းမှန်းသိကြပါတယ်။

ဒါ့အပြင် အဖွဲ့ထဲက သရုပ်ဆောင်တစ်ယောက်ဟာ စာသေချာဖတ်မထားဘူးဆိုပြီး ဝန်ခံလိုက်ပါတယ်။ ဒီအခါမှာ ပထမအဖွဲ့က သူ့ကိုခွင့်လွှတ်ကြပါတယ်။ အကြောင်းကတော့ ရိုးရိုးသားသားဝန်ခံလို့ပါ။
ဒုတိယအဖွဲ့ကတော့ တာဝန်မကျေတဲ့ကောင်အဖြစ် သူ့ကိုသတ်မှတ်ကြပါတယ်။ အဖွဲ့ကို သိက္ခာကျစေတယ်လို့ တွေးပါတယ်။

ဒီတော့ ခက်ခဲကြမ်းတမ်းတဲ့ Initiation တွေရှိခဲ့ရင် အဖွဲ့သားတွေဟာ အချင်းချင်း ပိုပြီး နှစ်သက်ကြတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒီ Case မှာတော့ အရှက်ကွဲခဲ့တဲ့ အဖွဲ့ဟာ စာမဖတ်လာတဲ့ကောင်ကို ခွင့်လွှတ်သလိုပါပဲ။
အဖွဲ့တစ်ဖွဲ့ဟာ အခက်အခဲတွေကို အတူတူဖြတ်ကျော်ခဲ့ကြရင် တော်ရုံကိစ္စကို အပြစ်မမြင်တတ်တော့ဘဲ စည်းလုံးသွားတတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်သားတွေကို အစပိုင်းမှာ ကြမ်းကြမ်းတမ်းတမ်း Train ကြတာပါ။ အဖွဲ့တစ်ခုလုံး အခက်အခဲတွေကို တူတူဖြတ်ကျော်ပြီး အတူတူအဆဲခံရတဲ့အခါ ပိုပြီး Bonding ဖြစ်သွားပါတယ်။ သွေးသောက်ညီအစ်ကိုတွေဆိုတာ ဒီသဘောပါပဲ။

Cognitive Dissonance က ကိုယ်ယုံကြည်တဲ့အမြင်နဲ့ တူတဲ့အမြင်ကို လက်ခံပြီး ကိုယ်လက်ခံတာနဲ့ ဆန့်ကျင်ဘက်အမြင်မျိုးဆိုရင် မဖြစ်နိုင်ဘူးလို့ တွေးစေပါတယ်။ ဒါကြောင့် Confirmation Bias နဲ့လည်း ဆက်နွယ်နေပါတယ်။
(ဒီအကြောင်းကို ရေးပြီးပြီမို့ မရှင်းပြတော့ပါဘူး)

ယုံကြည်ခြင်းများကို ချေဖျက်ခြင်း
https://ouo.io/4t5Tt5

လောကကြီးမှာ အစွန်းရောက်အတွေးအခေါ်တွေကို ယုံကြည်လက်ခံတဲ့လူတွေကို မြင်ရတာ အံ့သြစရာကောင်းပါတယ်။ ဒါပေမယ့် စိတ်ပညာအရ ဖြေရှင်းနိုင်တဲ့အခါ သိပ်ပြီးမထူးဆန်းတော့သလိုပါပဲ။ ဒီအကြောင်းတွေကို သိသွားရင် ကိုယ်လည်း ဒီအထဲမပါအောင် ဂရုစိုက်လို့ ရနိုင်မယ်ထင်ပါတယ်။
ဘယ်အရာကိုမှ မျက်စိမှိတ်မယုံသင့်ပါဘူး။ ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုလို့တောင် မယုံသင့်ပါသေးတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဘာမြူဒါတြိဂံ (Bermuda Triangle) အကြောင်း

ဘာမြူဒါတြိဂံ ဘာလဲဆိုတာ တော်တော်များများရိပ်ဖမ်းသံဖမ်း သိကြမှာပါ။ ဒီနေရာမှာ လေယာဉ်တွေ၊ သင်္ဘောတွေပျောက်ကုန်တယ်၊ လူတွေအများကြီး သေကုန်တယ်။ ဒါကို မကောင်းဆိုးဝါးတြိဂံ (Devil’s Triangle) လို့လည်းခေါ်ကြပါတယ်။
ဒီတော့ ထုံးစံအတိုင်းပဲ လူတွေက သူတို့မဖြေရှင်းနိုင်တဲ့ကိစ္စဆိုရင် သဘာဝလွန်ပဲဆိုပြီး ပြောကြတာပေါ့။

ဒီနေရာမှာ လူတွေသေတာ ဂြိုလ်သားတွေကြောင့်၊ ရေထဲက မကောင်းဆိုးဝါးကြီးကြောင့် စသဖြင့် ပြောကြသလို တချို့ကလည်း ဘာမြူဒါတြိဂံဟာ ရေအောက်ကမ္ဘာကို သွားဖို့တခါးပေါက်လို့ ပြောကြပါတယ်။
တချို့ကတော့ ပိုပြီး Next Level ဖြစ်ပါတယ်။ ဘာမြူဒါတြိဂံဟာ ဒိုင်မန်းရှင်း နောက်တစ်ခုဆီသွားတဲ့ Wormhole တစ်ခုဖြစ်ပါတယ်လို့ ဆိုကြပါတယ်။

ဒါတွေအကုန်လုံးက အခြေအမြစ်မရှိပါဘူး။ ဘယ်က စလဲဆိုတော့ ထုံးစံအတိုင်း Hollywood ပါပဲ။ သူတို့ရဲ့ရုပ်ရှင်တွေမှာ ကြည့်တဲ့သူစိတ်ဝင်စားအောင် ဘာမြူဒါတြိဂံအကြောင်း ချဲ့ကားမှုတွေ ပြုလုပ်ထားတာပါ။

ဒီတော့ ဘာမြူဒါတြိဂံဆိုတာ ဘာလဲအရင်ပြောချင်ပါတယ်။ ဖလော်ရီဒါပြည်နယ်နဲ့ ပေါ်တိုရီကိုကြားမှာရှိပါတယ်။ ဒါကို ဘာမြူဒါကျွန်းနဲ့ ဆက်လိုက်တဲ့အခါမှာ တြိဂံပုံဖြစ်လာတာပါ။
ဧရိယာ အကျယ်အဝန်းအားဖြင့် မိုင် ၅သိန်းလောက်ရှိပါတယ်။ တော်တော်ကျယ်တဲ့နေရာပါ။ (တိုင်းတဲ့အပေါ်မူတည်ပြီး ဧရိယာ ပြောင်းလဲနိုင်ပါတယ်)

သင်္ဘောတွေပျက်၊ လူတွေသေနေတာ အရင်ကဖြစ်ခဲ့တာလို့ ထင်စရာရှိပေမယ့် မဟုတ်ပါဘူး။ ၂၀၂၀ ဒီဇင်ဘာမှာ လူ ၂၀ ပါတဲ့ သင်္ဘောတစ်စီးဟာ ဘဟားမားကျွန်းကနေ ဖလော်ရီဒါကို သွားနေတုန်း ကြားထဲမှာ ပျောက်သွားပါတယ်။ US Coast Guard ကတော့ ရေမိုင်ပေါင်း ၁၇၀၀၀ အထိရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ နောက်တော့ ရှာဖွေမှုကိုရပ်ဆိုင်းလိုက်ပါတယ်။

အရင်က မှတ်တမ်းတွေအရတော့ ဒီနေရာကိုရောက်လာရင် ရေဒီယိုတွေအလုပ်မလုပ်တော့သလို၊ သံလိုက်အိမ်မြှောင်တွေကလည်း ငြိမ်ငြိမ်မနေတော့ဘဲ လည်ပတ်နေတတ်ပါတယ်။ လျှပ်စစ်ပစ္စည်း (ဥပမာ လက်ကိုင်ဖုန်း) တွေလည်း အလုပ်မလုပ်တော့ဘူးလို့ ပြောပါတယ်။
ဘာမြူဒါတြိဂံထဲမှာ ပျောက်ဆုံးသွားတဲ့သင်္ဘောပေါင်း ၁၀၀ ကျော်ရှိပြီး လေယာဉ်ပျံပေါင်း ၇၅ စီးရှိပါတယ်။ ဒါနဲ့အတူ လူပေါင်း ၁၀၀၀ ကျော်ပျောက်ဆုံး နေပါတယ်။

အမေရိကကို ပထမဆုံးခြေချခဲ့တဲ့ ကိုလမ်ဘတ်ကတော့ ဘာမြူဒါတြိဂံကို သူဖြတ်လာတဲ့အခါမှာ မီးတောက်ကြီးတစ်ခု ပင်လယ်ထဲကို ကျလာတယ်… ခဏနေတော့ ကောင်းကင်ကနေ အလင်းရောင်ကြီးကိုမြင်လိုက်ရတယ်… လို့ ပြောခဲ့ပါတယ်။ ဒါဟာ ဥက္ကာခဲတစ်ခု ပင်လယ်ထဲပြုတ်ကျတာကို မြင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သေချာပြောလို့တော့ မရပါဘူး။

၁၉၁၈ တုန်းက USS Cyclop အမည်ရှိ ၅၄၂ ပေရှည်တဲ့ သင်္ဘောကြီးဟာလည်း ဘာမြူဒါတြိဂံထဲမှာ ပျောက်သွားခဲ့ဖူးပါတယ်။ သူ့အပေါ်ပါတဲ့ လူပေါင်း ၃၀၀ ကျော်ပါ ပျောက်ဆုံးသွားပါတယ်။

၁၉၄၅ တုန်းကလည်း အမေရိကန် ဗုံးကျဲလေယာဉ် ၅ စီးလည်း ဒါနေရာမှာပဲပျောက်သွားပါတယ်။ ဒါ့အပြင် သူတို့ကိုသွားရှာတဲ့ လေယာဉ်တစ်စင်းပါ ပျောက်တဲ့အထဲ ပါသွားပါတယ်။

၂၀၁၅ တုန်းက ကုန်တင်သင်္ဘော SS El Faro ဟာလည်း ဘာမြူဒါတြိဂံထဲမှာ ပျောက်သွားဖူးပါတယ်။ ဒါပေမယ့် ရေအောက် ပေ ၁၅၀၀၀ မှာ သင်္ဘောပျက်ကြီးကို ပြန်ရှာတွေ့ခဲ့ပါတယ်။

အရင်ကတော့ ဒီနေရာဟာ Mystery တစ်ခုဖြစ်နေခဲ့ပါတယ်။ ပညာရှင်တွေကတော့ သီအိုရီအမျိုးမျိုးထုတ်ထားပါတယ်။ အဲ့ဒီအထဲက တစ်ခုကတော့ ကမ္ဘာကြီးရဲ့သံလိုက်လှိုင်းဟာ အဲ့ဒီနေရာမှာ တစ်ခုခုလွဲနေတယ်လို့ ဆိုတယ်။ ဒါပေမယ့် လေ့လာချက်တွေအရ အဲ့လိုမတွေ့ရဘူးလို့ ပြောကြပြန်တယ်။
နောက်တစ်ခုကတော့ လူတွေရဲ့အမှားကြောင့်လို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ရာသီဥတု ဆိုးဝါးတာကိုလည်း ပြောကြပါတယ်။

၂၀၁၆ ခုနှစ်မှာ ကော်လိုရာဒိုတက္ကသိုလ်က ပညာရှင်တွေကတော့ ဂြိုလ်တုဓာတ်ပုံတွေကို ကြည့်ပြီး ဘာမြူဒါတြိဂံရဲ့ ရာသီဥတုအခြေအနေကို လေ့လာခဲ့ပါတယ်။ အဲ့ဒီအခါမှာ တိမ်တွေဟာ ဆဌဂံပုံတွေတွေ့ရတယ်လို့ ဆိုတယ်။

Hexagon Cloud

သူတို့အဆိုအရ ဒီတိမ်တွေဟာ Air Bombs တွေလို လုပ်နိုင်တယ်။ ပြောချင်တာက လေပြင်းတိုက်အောင် လုပ်နိုင်တာပါ။ ဘယ်လောက်တောင် ပြင်းသလဲဆိုရင် တစ်နာရီကို ၁၇ဝမိုင်လောက်ထိကို မြန်ပါတယ်။ (နာဂစ်တောင်မှ တစ်နာရီမိုင် ၁၃၀ ကျော်ကျော်လေးပဲရှိပါတယ်)
ဒီအမြန်နှုန်းဟာ ဟာရီကိန်းမုန်တိုင်းတွေ တိုက်သလောက်ကို ပြင်းထန်တာပါ။ ဒါ့အပြင် Air Bombs တွေကြောင့် လှိုင်းလုံးတွေဟာ ၄၅ ပေအမြင့်ထိ ရောက်နိုင်ပါတယ်။

40 Feet Wave

ဒါဆိုရင် လေယာဉ်တွေလည်း ဒီလေတိုက်နှုန်းကိုကျော်ပြီး မပျံနိုင်ပါဘူး။ ထို့အတူပဲ သင်္ဘောတွေအတွက် ၄၅ ပေလှိုင်းလုံးကြီးဒဏ်ကို ခံနိုင်ဖို့ မလွယ်ဘူးလို့ ယူဆကြပါတယ်။
တိမ်တွေဟာ ထောင့်တွေနဲ့ ဖြစ်မနေတတ်ဘူးလို့ ပညာရှင်တွေက ပြောကြပါတယ်။ ဒါပေမယ့် ဘာမြူဒါတြိဂံကတော့ ခြွင်းချက်ဖြစ်ပါတယ်။ ဘာကြောင့်မှန်းတော့ မပြောနိုင်ကြသေးပါဘူး။

ဒီဖြေရှင်းချက်ကို လက်မခံကြတဲ့သူတွေလည်း အများကြီးပါပဲ။ အဓိကကတော့ အရင်ကပြောခဲ့တဲ့ ရာသီဥတုကြောင့်ဖြစ်တာဆိုတဲ့ သီအိုရီတွေနဲ့ အတူတူပဲလို့ ယူဆကြပါတယ်။
သူတို့ Argue လုပ်တာကတော့ Air Bomb ကြောင့်ဆိုရင်လည်း အပျက်အစီး အစအနလေးတော့ ကျန်သင့်တယ်လို့ ပြောကြပါတယ်။
တချိူ့ကလည်း ဒီဖြေရှင်းချက်ဟာ လူတွေပျောက်သွားပြီး သင်္ဘောအခွံကြီးပဲ ကျန်ခဲ့တဲ့ Case တွေကို မဖြေရှင်းနိုင်ဘူးလို့ ပြောကြပါတယ်။

ဒီနေရာကိုဖြတ်ပြီး နေ့စဉ်သင်္ဘောတွေ သွားနေကြတာပါပဲ။ ပျောက်ချင်တဲ့ သင်္ဘောတွေသာ ရွေးပြီးပျောက်နေတာပါ။ ဒီတော့ လူတွေထင်တဲ့ Paranormal တွေကို ပယ်လိုက်သင့်ပါတယ်။ ပညာရှင်တွေ ရှင်းမပြနိုင်သေးတဲ့ ရာသီဥတုဖြစ်စဉ်တစ်ခုများ ဖြစ်နေမလားဆိုတာတော့ တွေးစရာပါပဲ။
ခုချိန်ထိတော့ Bermuda Triangle Mystery က ဖြေရှင်းလို့ မပြီးသေးဘူးလို့ ပြောရမယ်ထင်ပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အလိမ်ဖော်စက်ကတကယ်ပဲ အလုပ်ဖြစ်သလား?

အလိမ်ဖော်စက်တွေကို ရုပ်ရှင်တွေထဲမှာပဲဖြစ်ဖြစ်၊ စာအုပ်တွေထဲမှာပဲဖြစ်ဖြစ် မြင်ဖူးကြမှာပါ။ အလိမ်ဖော်စက်ဆိုပြီး လက်ထည့်ပြီးစမ်းရတဲ့စက်အသေးလေးတွေလဲ စျေးကွက်ထဲမှာရှိပါတယ်။

ကျနော်မြင်ဖူးတဲ့စက်ကလေးတွေက Running man ကြည့်တုန်းကပါ။ လက်ကွင်းစွပ်ပြီး မှားရင် ဓာတ်လိုက်သလိုကျဥ်သွားတာမျိုးပါ။ Running man အစောပိုင်း episode တခုမှာလဲ အလိမ်ဖော်စက်ဆိုပြီး နှလုံးခုန်နှုန်းတွေကိုတိုင်းတာ မေးခွန်းတွေမေးတာ ကြည့်ဖူးပါသေးတယ်။

ဒါဆို အလိမ်ဖော်စက်တွေကဘယ်လိုအလုပ်လုပ်သလဲ?

တကယ့်အလိမ်ဖော်စက်အစစ်ကတော့ Polygraph လို့ခေါ်တဲ့စက်ပါ။

စထွင်ခဲ့တဲ့သူတွေထဲမှာမှ အထင်ကရ ရှိတာက ၁၉၂၁ခုနှစ် အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Berkeley ရဲစခန်းက ရဲအုပ်တယောက်နဲ့ ဆေးကျောင်းသား John Augustus Larson တို့ပဲဖြစ်ပါတယ်။

Polygraph က လူတွေလိမ်ညာရင်ဖြစ်လာတဲ့ ဇီဝကမ္မပြောင်းလဲမှုကိုတိုင်းတာ တာဖြစ်ပါတယ်။

ဘာတွေတိုင်းလဲဆိုတော့
၁။ နှလုံးခုန်နှုန်း (heart rate)
၂။ အသက်ရှူနှုန်း (breathing rate)
၃။ သွေးပေါင်ချိန် (အပေါ်သွေး) (Systolic blood pressure)
၄။ ချွေးထွက်အား (amount of sweating)
စတာတွေကို အဓိကတိုင်းပါတယ်။

လူတယောက်က လိမ်ပြောတော့မယ်ဆိုရင် စိတ်လှုပ်ရှားလာပြီး နှလုံးပိုခုန်လာတယ်။
သွေးပေါင်ချိန်တက်လာတယ်။
အသက်ရှူမြန်လာတယ်။
ခြေလက်တွေက ချွေးစေးတွေထွက်လာပါတယ်။
ဒီအချက်တွေကိုကြည့်ပြီး လူတယောက်လိမ်နေသလားဆိုတာကို ခန့်မှန်းပါတယ်။

ဒါတင်မကသေးပါဘူး။ တကယ့် အလိမ်ဖော်စက်မှာ interview အမေးအဖြေလုပ်ပါသေးတယ်။ ကျွမ်းကျင်သူက မေးခွန်းတွေမေးပြီး အဖြေတွေကိုနှိုင်းယှဥ်ကြည့်ပါသေးတယ်။

မေးခွန်းတွေမှာ ၂မျိုးရှိပြီး relevant question နဲ့ control question ဆိုပြီးပါပါတယ်။ Relevant questions ဆိုတာက တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စတွေကိုမေးတာပါ။

ဥပမာ မင်းဒီလူကိုသတ်ခဲ့သလား။ မင်းဒီပစ္စည်းကိုခိုးသလား စတဲ့မေးခွန်းမျိုးပါ။

Control questions တွေကတော့ ယေဘုယျဆန်ပြီး လူတယောက်ရဲ့အတွေးအမြင်ကိုမေးတာမျိုးပါ။

ဥပမာ သင်ယုံကြည်ရတဲ့သူက သင့်ကိုနောက်ကျောကဓားနဲ့ထိုးပြီး သစ္စာဖောက်ရင် သင်ဘယ်လိုခံစားရမလဲ။ သင်သာ ငွေလိုနေတဲ့အချိန် ပိုက်ဆံအိတ်တအိတ်ကောက်ရရင် ဘာလုပ်မလဲ စတဲ့ စူးစမ်းတဲ့မေးခွန်းတွေပါဝင်ပါတယ်။

ဒီလိုမေးခွန်းတွေကို အမေးအဖြေလုပ်ရင်းနဲ့ ဒီလူဖြေတဲ့အဖြေတွေ ရှေ့နောက်ညီမညီစစ်သလို ခန္ဓာကိုယ်မှာအပြောင်းအလဲရှိမရှိလဲစစ်ဆေးပါတယ်။

မေးမယ့်မေးခွန်းတွေကိုတော့ surprise တိုက်လို့မရဘဲ ကြိုပြီးပြောပြထားရပါတယ်။ မပြင်ဆင်ထားတဲ့ unseen မေးခွန်းတွေမေးရင် လိမ်လို့စိတ်လှုပ်ရှားတာလား surprise မေးခွန်းကြောင့်လားဆိုတာ ခွဲရခက်သွားလို့ဖြစ်ပါတယ်။ ဒါကြောင့် Pretest တခါစစ်ပြီးမှ တကယ့်စက်နဲ့စစ်ပါတယ်။

ဒါမျိုးမရပါ

တချို့ဆိုရင် ပိုတိကျအောင် movement detector တွေ ၊ မျက်နှာအရေပြားအပူချိန်တိုင်းတာတွေပါထည့်ပြီး စစ်ပါတယ်။ လူကလိမ်နေပြီဆိုရင် ဂနာမငြိမ်ဖြစ်တတ်ပါတယ်။
ဘယ်လိုပဲပိရိအောင် လိမ်နိုင်ပါစေ…မမြင်ရတဲ့တုန်လှုပ်မှုဆိုတာ ဖြစ်တတ်ပါတယ်။
အဲ့လို ဂနာမငြိမ်တာကိုစမ်းဖို့ ကုလားထိုင်မှာ movement detector လေးပါမြုပ်ထားလေ့ရှိပါတယ်။

လိမ်ရင် မျက်နှာပူတတ်တာလူ့သဘာဝမို့လို့ infrared camera တွေ thermal camera တွေတပ်ထားပြီး မျက်နှာအပူချိန်ကို လေ့လာတာတွေအထိရှိပါတယ်။

နောက်ဆုံးအဆင့်အမြင့်ဆုံးကတော့ လူကို functional MRI (Magnetic resonance imaging) စက်ထဲမှာထည့်ပြီး ဦးနှောက်ကိုပါလေ့လာကြည့်ပါတယ်။

လိမ်နေရင် ဦးနှောက်ရဲ့ဘယ်နေရာမှာ ပိုပြီးအလုပ်လုပ်လဲဆိုတာ အတိအကျသိနိုင်တယ်လို့ဆိုပါတယ်။ တကယ့်မှုခင်းရေးရာတွေမှာတော့ functional MRI စက်အထိတော့ မလုပ်ကြသေးပေမယ့် သုတေသနလုပ်ငန်းတွေမှာတော့ MRI ကိုသုံးကြပါတယ်။

ဒါဆို ဒီအလိမ်ဖော်စက်တွေက တကယ်ပဲအသုံးဝင်သလား။
အဲ့စက်ကို မှင်သေသေနဲ့ လိမ်ညာလို့မရဘူးလား။

ကျွမ်းကျင်သူတွေရဲ့အဆိုအရ အလိမ်ဖော်စက်က ထင်သလောက်တော့ အားမကိုးရပါဘူး။ အများအားဖြင့် လိမ်နေတဲ့သူတွေက စက်တွေတပ်တာရယ် မေးခွန်းတွေအမေးခံရတာရယ်ကို ကြောက်ပြီး အမှန်အတိုင်းဖွင့်ပြောမိသွားတာက ပိုများပါတယ်တဲ့။

စက်က တကယ်ပဲ အလိမ်ဖော်နိုင်တယ်ထင်ပြီး ကြောက်သွားလို့ မြန်မြန်ဝန်ခံလိုက်ကြတတ်ပါတယ်တဲ့။ တကယ်တမ်းစက်နဲ့စစ်တိုင်း အမှန်လို့ပြောမရပါဘူး။

ကြောက်လို့ဖြစ်ဖြစ် စိတ်လှုပ်ရှားလို့ဖြစ်ဖြစ် စက်ကလိမ်နေတယ်လို့ အဖြေထုတ်ပေးလိုက်တတ်ပါတယ်။ ထင်သလောက်တော့ စက်ကမစွမ်းလှပါဘူး။
လိမ်တာကိုတကယ်သိတာမဟုတ်ဘဲ လိမ်လို့ဖြစ်လာတတ်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို တဆင့်စစ်ဆေးခန့်မှန်းရတာဖြစ်လို့ indirect method ကြီးပဲဖြစ်လို့နေပါတယ်။

ဒါကြောင့်လဲ တကယ့်တရားခွင်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် သိပ်မသုံးကြသေးသလို သုံးနေတဲ့နိုင်ငံတွေကလဲ data တွေလိုချင်လို့ တနည်း သုတေသနသဘောသုံးနေကြတာပဲရှိပါသေးတယ်။

တကယ့်တိတိကျကျ အထောက်အထား မပြနိုင်သေးသလို စစ်တဲ့စက်၊ စစ်တဲ့နည်းလမ်း၊ မေးခွန်းလွှာပုံစံ၊ စစ်တဲ့သူရဲ့အရည်အချင်း၊ အစစ်ခံရတဲ့သူရဲ့ဉာဏ်ရည် စတာတွေပေါ်အများကြီးမူတည်ပါသေးတယ်။

ဒီလိုတကယ့်စက်ကြီးတွေတောင်မှ လိမ်တာကို ဖော်ထုတ်ရမလွယ်သေးရင် စျေးကွက်ထဲကစက်ကလေးတွေကလဲ ယောင်ဝါးဝါးသဘောပဲရှိပါသေးတယ်။

အလိမ်ဖော်စက်ကလဲ အခုချိန်ထိတော့ အလုပ်ကောင်းကောင်းမဖြစ်သေးဘူးလို့ပဲ ဆိုပါရစေ။
နောက်တချိန်မှာတော့ ပိုပြီးတိကျတဲ့နည်းလမ်းတွေနဲ့ စစ်ဆေးလာနိုင်ရင်တော့ အလိမ်အညာတွေ နည်းလာနိုင်ပါတယ်။

အလိမ်ညာတွေမရှိတော့တဲ့အချိန်က
လူတွေလဲမရှိတော့တဲ့ကာလဖြစ်ချင်ဖြစ်နေမှာပါ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started