သင့်ကို တယောက်ယောက်ကလိမ်ပြောနေမှန်း ဘယ်လိုသိနိုင်မလဲ?

လူတွေက အကောင်းကြိုက်ကြပါတယ်။ အကောင်းတွေချည်းပဲလိုချင်ကြတော့ အဆိုးတွေကြုံလာတဲ့အခါ လိမ်ညာတာတွေပါလာကြပါတယ်။

ချိန်းထားတဲ့သူငယ်ချင်းပြောတဲ့..
“သားကြီးငါထွက်လာပြီ…ခဏနေရင်ရောက်တော့မှာ” ဆိုတဲ့စကားကနေ
“ဘာစာမှလဲမကျက်ရသေးဘူး” ဆိုတဲ့ အတန်းထဲက hyper ကောင်ရဲ့စကားတွေအထိ သင်ကြားသမျှတွေက လိမ်နေတာဖြစ်နိုင်ပါတယ်။ စစ်တမ်းတွေအရဆိုရင် နေ့စဥ် သင်ကြားရသမျှ စကားထဲမှာ ၁၀ခွန်းကနေ အခွန်း၂၀၀ အထိက အလိမ်တွေပါနေပါတယ်တဲ့။

ဒါဆို အလိမ်စကားတွေကို သင် ဘယ်လိုသိနိုင်မလဲ?

အရင်တုန်းကတော့ လိမ်ပြောတဲ့သူတွေကို နှိပ်စက်ပြီး အမှန်အတိုင်းပြောအောင်လုပ်ကြတာရှိပါတယ်။ နောက်ပိုင်းမှာတော့ အလိမ်ဖော်စက်ဆိုပြီး ထွင်လာခဲ့ပေမယ့် ဒီစက်ကို သိပ်ယုံလို့မရသေးပါဘူး။
မှင်သေသေနဲ့ စိတ်ထိန်းနိုင်တဲ့သူဆိုရင် ဒီစက်နဲ့စမ်းလဲ တော်ရုံလိမ်မှန်းမသိနိုင်ပါဘူး။

ဒီလိုပြောပေမယ့် လိမ်မှန်းသိနိုင်တဲ့ နည်းအချို့တော့ရှိပါတယ်။
လူတွေ ဘယ်လိုလိမ်လဲသိထားရင် လိမ်နေမှန်းကြိုသိနိုင်ပါတယ်။ လူတွေက လိမ်ပြောနေပြီဆိုရင် ကိုယ့်အကြောင်းကိုတိုက်ရိုက် သိပ်မပြောတော့ဘဲ သူများအကြောင်းဆိုပြီး အငှားပြောတတ်ပါတယ်။

စာရေးသူတခါကြုံဖူးတာက ကျောင်းတုန်းကဘော်ဒါက ကိုယ်ဝန်တားဆေးအကြောင်းလာမေးတာပါ။ လာမေးတဲ့အခါ သူသိချင်တာမဟုတ်ပါဘူးတဲ့… သူ့အသိတယောက်ကမေးခိုင်းတာပါဆိုပြီး နာမ်စားသုံးကာ လာမေးပါတယ်။

သူပြောတာတကယ်ဟုတ်ချင်လဲဟုတ်နိုင်ပေမယ့် လူတွေက လိမ်ပြောရင် ကိုယ်ဖြစ်နေတာလို့မပြောဘဲ သူများမေးခိုင်းသလိုလို သူများဖြစ်တာလိုလို လိမ်ပြောတတ်တာတွေ့ရပါတယ်။

အဲ့တော့ နောက်တခါ သင့်ကို “ဘယ်သူကလေ ဘာဖြစ်နေလို့ ဘာလုပ်ရမလဲ” မေးခိုင်းတာမျိုးဆိုရင် သင့်ကိုတခုခုလိမ်နေပြီဆိုတာ ခန့်မှန်းလို့ရပါတယ်။

နောက်တချက်က လိမ်တဲ့သူတွေက ဇာတ်နာအောင်ပြောပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောကာ လိမ်တတ်ပါတယ်။

ဥပမာ သူငယ်ချင်းချိန်းထားတာကိုမလာချင်ရင် ပြောတတ်တာက “သားကြီးရေ… ငါ့ဖားသားကြီးကကွာ ဘာသောက်လုပ်တွေရှုပ်နေလဲမသိပါဘူး။ ငါ့ကိုမဟုတ်တာတွေလာခိုင်းနေလို့ လုပ်ပေးရဦးမယ်။ ငါလဲစိတ်ညစ်တယ် တနေ့တနေ့။ အဲ့လူကြီးတွေကို တော်တော်စိတ်ပျက်စရာကောင်းတယ်။” စသဖြင့်ပြောကာ ငြင်းတတ်ပါတယ်။

ဒါက ချိန်းတာကို တမင်မလာချင်လို့ လိမ်ပြောတာနေမှန်းသိသာပါတယ်။

လိမ်ပြောတဲ့သူတွေက Negative စကားတွေကိုပိုပြောထွက်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မသိစိတ်ထဲမှာကိုက လိမ်ပြောရတာကို မလုံမလဲဖြစ်ပြီး အပြစ်ရှိသလို ခံစားနေရတာမို့ပါ။ ဒါကြောင့် တခုခုလိမ်တော့မယ်ဆို ဇာတ်နာအောင် ခပ်ရိုင်းရိုင်းတွေပြောပြီး လိမ်တတ်ပါတယ်။

တတိယတချက်က လိမ်တဲ့သူတွေက စကားကိုခပ်ရှင်းရှင်းပဲပြောပြီးလိမ်ကြပါတယ်။ လိမ်တယ်ဆိုတာကိုက သိပ်ပြင်ဆင်ထားချိန်မရကြလို့ တွေ့တဲ့အခြေအနေကိုပဲ အဆင်ပြေအောင်ကြည့်ကျက်ပြီးလိမ်ပြောလိုက်ရတာများပါတယ်။

ဘာလို့လဲဆိုတော့ ဦးနှောက်ကလိမ်ပြောတဲ့အခါ သိပ်ပြီး complex ဖြစ်အောင် မတွေးတတ်တော့ဘဲ ရှင်းရှင်းပဲလိမ်လိုက်ကြတာများပါတယ်။
လိမ်ပြောရင် brain က Reasoning လုပ်နိုင်တဲ့စွမ်းရည်နည်းသွားတာလဲပါပါတယ်။ ရှည်ရှည်ဝေးဝေးပြောပြီး လိမ်တယ်ဆိုတာနည်းပါတယ်။

ဒါကြောင့် တခါတခါ လိမ်ပြောပြီးမှ “ငါဟိုလိုလှည့်ပြောလိုက်ရင်ရတာပဲ… ငါလိမ်လိုက်တာကလဲ မပိရိလိုက်တာ” စသဖြင့် လိမ်ပြောတာကို ပြန်စဥ်းစားမိပြီးနောင်တပြန်ရတတ်ပါတယ်။

နောက်ဆုံးအနေနဲ့ ညာပြောတဲ့သူတွေက ရိုးရိုးရှင်းရှင်းပဲညာတယ်ဆိုပေမယ့် စကားတွေကိုတော့ မရှုပ်ရှုပ်အောင် လုပ်ပြောတတ်ပါတယ်။

မင်းဘာလို့အလုပ်နောက်ကျတာလဲလို့ မန်နေဂျာကမေးရင် လိမ်ပြောမယ့်သူက “ကျနော့်မှာ အမေအိုကြီးရှိပါတယ် ဂျာကြီး။ အမေအိုကြီးက အိပ်ရာထဲလဲနေတာ နှစ်ချီနေပါပြီ။မနေ့က အမေ့က ကျနော်ကို ဆေးသွားဝယ်ခိုင်းပါတယ်။ အဲ့တာနဲ့ကျနော်သွားဝယ်ဖို့ လမ်းမှာ ကားလမ်းကူးတာ လူကူးမျဥ်းကျားကမကူးမိလို့ ဒဏ်ကျေးဆောင်ရပါတယ် ဘလာဘလာဘလာ” နဲ့ အမျိုးစုံ ဝေ့လည်ကြောင်ပတ်ပြောတတ်ပါတယ်။

လိုရင်းမရောက်ဘဲ စကားလမ်းကြောင်းအမျိုးမျိုးလွှဲပြီးပြောနေပြီဆိုရင် သူ့စကားတွေက လိမ်နေတာဖြစ်ဖို့များလာပါပြီ။

ကဲ… ဒီနည်းလမ်းတွေသိထားရင် ဘယ်သူတွေကတော့ဖြင့် ဘယ်လိုတွေလိမ်ပြောနေပြီလဲဆိုတာ ရိပ်မိလောက်ပြီထင်ပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 2)

Part 1 ဖတ်ချင်ရင် ဖတ်နိုင်ပါတယ်။

သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)
https://ouo.io/T2uFrk

၄။ ပန်ကာလေနဲ့အိပ်ရင် လေဖြတ်သလား?

ဒီကိစ္စကလဲ လူတိုင်းလိုလိုအမှတ်မှားနေတဲ့ကိစ္စတခုပါ။ ပန်ကာအကြာကြီးခံရင် လေဖြတ်သေတတ်တယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကိုယုံတဲ့သူတွေကို မဟုတ်ဘူးပြောရတာအတော်ကို လက်ပေါက်ကပ်တဲ့ကိစ္စတခုပါပဲ။

ကျနော်ဖတ်ဖူးတဲ့စာအုပ်ထဲမှာဆိုရင် Fan death (ပန်ကာအကြာကြီးခံပြီးသေတာ) ကို တောင်ကိုရီးယားကပြည်သူတွေကလည်း တကယ်ပဲယုံကြည်ကြတယ်လို့ဆိုပါတယ်။
(ဆိုတော့ အိုပါးတွေလဲယုံတာပဲ…ကျမတို့လဲယုံမှာပဲဆိုလဲ သဘောပါ)

တောင်ကိုရီးယားမှာ ဘယ်လောက်တောင် ပန်ကာအစွဲရှိသလဲဆိုရင် ပန်ကာထုတ်လုပ်တဲ့စက်ရုံတွေက အချိန်တခုရောက်ရင် အလိုလိုပိတ်တဲ့စနစ်ထည့်ပေးရတဲ့အထိ ဖြစ်လာပါတယ်။ အလိုလိုပိတ်တဲ့စနစ်မပါတဲ့ ပန်ကာဆို ဘယ်သူမှမဝယ်ကြတဲ့အထိပါပဲ။

ဒါဆို ပန်ကာခံပြီးလေဖြတ်သွားတဲ့သူ တွေ့ဖူးလားမေးတဲ့အခါ ၁၀၀ မှာ ၉၉ ယောက်လောက်က မတွေ့ဖူးပါဘူး… သူများပြောလို့ လိုက်မလုပ်တာပဲဖြစ်တာပါ။

တယောက်သောသူကတော့ ပန်ကာခံပြီးလေဖြတ်သွားတာတွေ့ဖူးချင်တွေ့ဖူးပါလိမ့်မယ်။ ဒါကလဲ လေဖြတ်ရတာ ပန်ကာလေကြောင့်မဟုတ်နိုင်ပါဘူး။

ဆေးပညာအရ လေဖြတ်ခြင်းကို stroke လို့ခေါ်ပြီး ဖြစ်စေတဲ့အကြောင်းရင်းတွေက ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ပဲဖြစ်ပါတယ်။

ဘာလို့ ဦးနှောက်သွေးကြောပိတ်သလဲဆိုတော့ အဝလွန်ခြင်း၊ ဆီးချိူရောဂါကိုမကုပဲထားခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ဆေးလိပ်မတရားသောက်ခြင်း စတဲ့အချက်တွေကြောင့် သွေးကြောတွေက တဖြေးဖြေးကျဥ်းလာပြီး သွေးကြောပိတ်တတ်ပါတယ်။

ဦးနှောက်သွေးကြောပေါက်တာကလဲ အလားတူပါပဲ။ ဆီးချိုရောဂါကိုမကုပဲထားတာ၊ သွေးတိုးရောဂါကို ဆေးမှန်မှန်မသောက်ဘဲနေရင်း သွေးမတရားတိုးလာတာ စတာတွေကြောင့် လေဖြတ်တယ်ဆိုတာဖြစ်ရတာပါ။

အရပ်ထဲက လူတွေက ဘယ်လိုတွေးလဲဆိုတော့ လူတယောက်က အိပ်နေတယ် ပန်ကာလဲဖွင့်ထားမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲ့လူက အပေါ်ကပြောထားတဲ့ ဆီးချိုသွေးတိုး အဝလွန်ရောဂါတွေလဲရှိနေတယ်။ အဲ့လိုလူတယောက် မနက်မိုးအလင်းမှာ ခြေလက်တခြမ်းလှုပ်မရတော့လို့ လေဖြတ်ရင် ဘာကြောင့်လို့တွေးကြမလဲ။

နှစ်ရှည်လများ တဖြေးဖြေးဖြစ်လာခဲ့တဲ့ ဆီးချို သွေးတိုး နှလုံးသွေးကြောကျဥ်းရောဂါတွေကို လူတွေကမမြင်ပါဘူး။ ချက်ချင်းလက်တလောဖြစ်ထားတဲ့ မြင်လဲမြင်ရတဲ့ ပန်ကာဖွင့်ထားခြင်းကိုပဲမြင်ပြီး ပန်ကာလေကြောင့်လေဖြတ်တာလို့ တထစ်ချယုံကြည်လိုက်ပါတော့တယ်။

တကယ်ပဲပန်ကာလေကြောင့် လေဖြတ်ရင် ဆေးရုံမှာဆေးကုတဲ့အခါ ဘာလို့ဆီးချိုကျဆေး၊ အဆီကျဆေး၊ သွေးတိုးကျဆေး၊ သွေးခဲဖျော်ဆေးတွေပေးပြီးကုသရတာပါလဲ။ ပန်ကာနောက်တခါမခံဖို့ ဆေးရုံကဘာလို့မမှာတာလဲ။ ပန်ကာပိတ်လိုက်ရင်ရော ဘာလို့ပြန်မကောင်းတာလဲ။ စတာတွေကိုပါ တွေးဖို့လိုလာပါမယ်။

အချုပ်ပြန်ပြောရရင် ပန်ကာလေကြောင့် လေမဖြတ်ပါဘူး။ ပန်ကာလေအကြာကြီးခံရင်တော့ လူကနေရတာတမျိုးကြီးဖြစ်လာတတ်ပါတယ်။ ပန်ကာလေကြာကြာခံတာကတော့ ကျန်းမာရေးနဲ့မညီပါဘူး… သို့သော် လေဖြတ်တဲ့အထိတော့လဲမဖြစ်စေပါဘူးခင်ဗျ။

၅။ အစာစားပြီးလို့ ရေချိုးရင် ဗိုက်ပူတယ်…ရေဖျဥ်းစွဲတယ်ဆိုတာဟုတ်လား?

ဒါကလဲ လူကြီးမိဘတွေ မကြာမကြာပြောတတ်ကြပါတယ်။ တကယ်တော့ ဒါဟာလဲ ဘာအထောက်အထားမှမရှိပါဘူး။

အစာစားပြီးလို့ ရေချိုးလို့ရပါတယ်။ ဗိုက်ပူတာကလဲ ရေချိုးလို့မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ဗိုက်ခေါက်ထွက်နေတာပါ။

တခါတခါတော့ စားပိုးနင့်အောင်စားပြီး ရေချိုးရင်တော့ အစာမကြေတာတော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါကလဲ ဆိုးဆိုးရွားရွားဘာမှထိခိုက်စရာမရှိပါဘူး။
ပုံမှန် အစာမကြေလောက်တာပဲဖြစ်မှာပါ။

Dr. Venice

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?

လူတွေရဲ့အကြိုက်တွေဟာ Subjective ဖြစ်တယ်လို့ စိတ်ပညာမှာ လက်ခံထားပါတယ်။ ဒါကြောင့် တန်းညှိဖို့ သိပ်မလွယ်ပါဘူး။ Brand ဆိုမှ Brand သတ်မှတ်ထားတတ်ကြသလို ဒီဆိုင်ကမှ မစားရရင် မစားဘူးဆိုတာမျိုးတွေ ရှိတတ်ပါတယ်။ အရင်ကလည်း ဒီအကြောင်း အကြမ်းဖျင်းရေးဖူးပါတယ်။

Branded ဖြစ်သူများနှင့် Fanboys, Fangirls များအကြောင်း
https://ouo.io/GFHZ7j

အခုပြောမှာက ကိုယ့်ရဲ့အကြိုက်တွေဟာ မျှော်လင့်ခြင်း (Expectation) တွေနဲ့ သက်ဆိုင်နေတယ်ဆိုတာပါ။

ဝိုင်အရသာခံတာကို ဇာတ်လမ်းတွေထဲမှာ မြင်ဖူးကြမှာပါ။ ဝိုင်ကို လျှာဖျားလေးနဲ့ သောက်ပြီး မျိုမချဘဲ ပြန်ထွေးထုတ်တာလည်း တွေ့ဖူးမှာပါ။ ဒီလူတွေကို ကြည့်လိုက်ရင် အထာကျတယ်လို့ တွေးမိနိုင်ပါတယ်။ အရသာခံနေတဲ့အချိန်မှာ တစ်ခုခုကို လေးလေးနက်နက်တွေးနေသလိုပါပဲ။
ပြီးရင် အရသာဟာ ဘယ်လိုရှိကြောင်း တစ်ခါမှမကြားဖူးတဲ့ စကားလုံးတွေနဲ့ ထုတ်ပြောပါတယ်။ ငယ်ငယ်ကတော့ ဒီလူတွေဟာ ဘယ်လိုကြောင့် ဒီလောက် အရသာခံကောင်းနေရတာလဲလို့ တွေးမိဖူးပါတယ်။

ပညာရှင်တွေကလည်း ဒီလူတွေကို ကြည့်ရဟန်မတူပါဘူး။ ဘာလို့လဲဆိုတော့ ဝိုင်အရသာခံတာနဲ့ ဝိုင်ပြုလုပ်တဲ့ပညာရပ် (Oenology) ကို လေ့လာနေတဲ့ ကျောင်းသား ၄၅ ယောက်ကိုခေါ်ပြီး ဝိုင်အရသာခံခိုင်းလိုက်လို့ပါ။
ဝိုင် ၂ခွက်ချပေးထားပါတယ်။ တစ်ခွက်က အဖြူရောင်၊ တစ်ခွက်က အနီရောင်ပေါ့။ (အနီရောင်ဝိုင်က အဖြူရောင်ဝိုင်ကို ဆေးဆိုးထားတာပါ…)
အရသာခံခိုင်းပြီး ခံစားရသမျှကို ထုတ်ပြောခိုင်းပါတယ်။

နောက်စမ်းသပ်မှုတစ်ခုကတော့ အနီရောင်ဝိုင် ၂ပုလင်းကို အရသာခံခိုင်းတာပါ။ တစ်ပုလင်းက စျေးကြီးပြီး နောက်တစ်ပုလင်းက စျေးပေါတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် စျေးပေါတဲ့ဝိုင်ကိုပဲ ၂ပုလင်းလုံးထဲ ထည့်ထားတာပါ။

ပထမစမ်းသပ်မှုမှာ အစမ်းသပ်ခံတွေက အနီရောင်ဝိုင်ကို စပျစ်အရသာ၊ ဘယ်ရီအရသာ… အစရှိတဲ့… အနီရောင်ဝိုင်နဲ့တွဲမြင်တတ်ကြတဲ့ အရသာတွေကို ရတယ်လို့ ပြောပါတယ်။ အစမ်းသပ်ခံအကုန်လုံးက ဒါဟာ အဖြူရောင်ဝိုင်နဲ့ အရသာအတူတူပဲလို့ မပြောနိုင်ကြပါဘူး။

ဒုတိယစမ်းသပ်မှုမှာတော့ စျေးကြီးတဲ့ဝိုင်ရဲ့ အရသာဟာ မရိုးရှင်းကြောင်း၊ လုံးထွေးကြောင်း ပြောကြပြီး စျေးပေါတဲ့ဝိုင်ကတော့ ပေါ့ပေါ့ကြီးနဲ့ သိပ်မပြင်းဘူးလို့ ဆိုကြပါတယ်။
ဒီတော့ အရသာကို လူတွေက အဲ့လောက် သေသေချာချာသိကြပါဘူး။ ဒါပေမယ့် ဝိုင်အရသာခံတဲ့ပညာရပ်က အလိမ်အညာတစ်ခုတော့ မဟုတ်ပါဘူး။ လူတွေက ကြိုတင်မျှော်လင့်ထားလိုက်လို့ ဒီလိုတွေဖြစ်ကုန်တာပါ။

ဝိုင်အရသာခံတဲ့သူဟာ သာမန်အခြေအနေမှာဆိုရင် ဘယ်နှခုနှစ်ကထုတ်တဲ့ဝိုင် ဘာအမျိုးအစား စတာတွေအထိ ပြောနိုင်ကြပါတယ်။ အခုစမ်းသပ်မှုတွေမှာ စိတ်ပညာရှင်တွေက ဟိုခွက်ထဲ ဒီဝိုင်ထည့်၊ ဟိုဝိုင်ကို တံဆိပ်ပြောင်းကပ်ဆိုတော့ မျက်စိလည်ကုန်တာ မဆန်းပါဘူး။

အရသာ ၂ခုတူနေတဲ့အခါမှာ တစ်ခုခုကိုရွေးရမယ်လို့ စိတ်ကတွေးမိပါတယ်။ ဒီတော့ တခြား Quality တွေကိုလိုက်ကြည့်ပါတယ်။ စျေးနှုန်း၊ အရောင် စသဖြင့် သူတို့စိတ်ထဲမှာ ပိုကောင်းမယ်ထင်တဲ့ အရာတွေမှာ ခြေကုပ်ယူပြီး သုံးသပ်လိုက်ကြပါတယ်။

စျေးကြီးတာကို သုံးတဲ့အခါမှာလည်း ပိုကောင်းမယ်လို့ ကိုယ်က ကြိုပြီးမျှော်လင့်ထားတတ်ပါတယ်။ အဲ့ဒီစိတ်နဲ့ သုံးတဲ့အခါ သူ့မှာတကယ်ရှိတဲ့ Quality ထက် ပိုကောင်းတယ်လို့ ထင်မိတတ်ကြတယ်။

စမ်းသပ်မှုနောက်တစ်ခုကို ပြောချင်ပါတယ်။ လူတွေကို HD Video တစ်ခု ပြမယ်ဆိုပြီး အခန်းတစ်ခုထဲခေါ်လိုက်ပါတယ်။ (မြန်မာတွေသိတဲ့ HD မဟုတ်ပါဘူး… High Definition ကိုပြောတာပါ)

ပြီးတဲ့အခါ Experience ကိုပြန်မေးကြည့်ပါတယ်။ အဲ့ဒီအခါမှာ လူတွေက ပိုကြည်လင်တယ်၊ ပြတ်သားတယ်၊ အရောင်အသွေးပိုစုံတယ် စသဖြင့် ပြောကြပါတယ်။ ဒါပေမယ့် သူတို့ကို ပြတာက HD မဟုတ်ပါဘူး။ SD (Standard Definition) ပါ။ Pixel နဲ့ပြောရမယ်ဆိုရင် 1280p နဲ့ 720p ကွာသလိုပါပဲ။
ကောင်းတာကို ကြည့်ရတော့မယ်လို့ မျှော်လင့်လိုက်တာနဲ့ SD နဲ့ HD ကိုတောင် ကွဲပြားအောင် မသိကြတော့ပါဘူး။

ခုနောက်ပိုင်းမှာ TV တွေက 4k ကနေ 8k တောင်ရောက်လာပါတယ်။ Youtube မှာ 4k လား၊ HD လား၊ SD လား ရောထွေးပြီးစမ်းသပ်ထားတဲ့ Video တွေရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော်ဆိုရင် HD နဲ့ 4k မကွဲပါဘူး။ တခါတခါ SD နဲ့ HD နဲ့တောင် မကွဲချင်ပါဘူး။
ဒါပေမယ့် ခုကြည့်နေတာ 4k ပါလို့ သူတို့ Label လုပ်ပေးထားရင်တော့ ပိုကြည်တယ်၊ ပိုရှင်းလင်းပြတ်သားတယ် စသဖြင့် တွေးမိပါတယ်။

Brand ဆိုတာ ဒီသဘောပဲလို့ ပညာရှင်တွေက လက်ခံထားကြပါတယ်။ တကယ်တော့ သိသိသာသာပိုကောင်းတယ်ဆိုတာ မဟုတ်ပါဘူး… ကိုယ့်စိတ်က ကောင်းမယ်ထင်တဲ့ မျှော်လင့်ချက်ကြောင့် ပိုကောင်းတယ်ဆိုပြီး ထင်ကြတာလို့ ပြောကြပါတယ်။

ဆေးလိပ်သောက်တာကြာတဲ့လူတွေကို စမ်းသပ်ကြည့်တဲ့အခါမှာလည်း သူတို့သောက်နေကြ Brand ကို အခြားပြိုင်ဘက် Brand တစ်ခုနဲ့ မသိအောင် လဲပြီး စမ်းသပ်တဲ့အခါ မသိကြဘူးလို့ ဆိုတယ်။

ကိုယ့်အကြိုက်တွေဟာ လျော်ကန်သင့်မြတ်တယ်လို့ ကိုယ့်စိတ်ကပဲ ဆုံးဖြတ်နေတာပါ။ ဘာရွေးရမှန်းမသိရင် ကိုယ့်စိတ်ထဲမှာ ပေါ်လာတာအရ ရွေးလိုက်တာပါပဲ။ ကြော်ငြာတွေက ဒီနေရာမှာ အရေးပါလာတာပေါ့။ မသုံးဖူးတဲ့ပစ္စည်းတစ်ခုကို ဝယ်တဲ့အခါ ကြော်ငြာကြောင့် ကိုယ်နဲ့ရင်းနှီးနေတဲ့ Brand တစ်ခုကိုပဲ ဝယ်မိဖို့များပါတယ်။

ဒါကြောင့် Presentation ဟာ အရေးကြီးတာပါ။ မုန့်တွေကြော်ငြာတဲ့အခါ မြိန်ရေယှက်ရေ စားပြခြင်းအားဖြင့် လူတွေရဲ့စိတ်ထဲကို ရောက်သွားစေပါတယ်။ ဒီမုန့်ကို တကယ်ဝယ်စားတဲ့အခါ ကိုယ့်မှာ ဘယ်လောက်ကောင်းရမယ်… ဆိုတဲ့ Expectation တစ်ခုရှိနေပါပြီ။ ဒီတော့ မုန့်က နည်းနည်းကောင်းရုံနဲ့ တော်တော်ကောင်းတယ်လို့ ထင်မိစေပါတယ်။ (Quality လုံးဝမကောင်းရင်တော့ ဘယ်လောက်ကြော်ငြာပါစေ… မအောင်မြင်ပါဘူး)

ပညာရှင်တွေကတော့ ကိုယ့်ရဲ့ Expectation တွေဟာ မြင်းနဲ့တူပြီး Experience ကတော့ လှည်းနဲ့တူတယ်လို့ဆိုပါတယ်။ မြင်းက လှည်းကိုဆွဲတာပါ။
ဒါပေမယ့် တော်တော်များများကတော့ Experience ကြောင့်ပဲ ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ Expectation တွေဖြစ်လာတယ်လို့ ထင်တတ်ကြပါတယ်။

ကြိုတင်မျှော်လင့်ချက် (Expectation) တွေဟာ လူတွေအတွက် အာရုံငါးပါးလိုပဲ အရေးပါပါတယ်။ ကိုယ် Information တစ်ခုကို ဘယ်လိုတွေးလိုက်လဲဆိုတာ Expectation တွေပေါ်မူတည်ပြီး လုံးဝကွဲပြားသွားနိုင်ပါတယ်။
မြင်အောင် ဥပမာတစ်ခုနဲ့ ပြောချင်ပါတယ်။ စာမေးပွဲဖြေတဲ့အခါ ကျမယ်လို့ ထင်ထားပြီး အောင်သွားရင် ပျော်ကြမှာပါ။ ဒါပေမယ့် အမှတ် ၉၀ ရမယ်မှန်းပြီး ၈၀ ပဲရတဲ့အခါ ပျော်မှာမဟုတ်ပါဘူး။ ဒါဟာ Expectation အလုပ်လုပ်ပုံပါပဲ။

ကျွန်တော်တို့တွေဟာ ဘဝမှာ Expectation တွေအပြည့်နဲ့ ရှင်သန်ကြပါတယ်။
ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ဝမ်းနည်းတတ်ကြပါတယ်။ တကယ်ဆိုရင် အမှတ် ၈၀ ကလည်းပျော်မယ်ဆို ပျော်လို့ရနေပါပြီ… ဒါပေမယ့် Expectation ကြောင့် ဝမ်းနည်းလိုက်ရပါတယ်။
မျှော်လင့်ချက်တွေ ထားတာများလာတဲ့အခါ အမှန်တရားကနေ သွေဖယ်လာတတ်ပါတယ်။ အပေါ်က ဝိုင်အရသာခံတဲ့ဥပမာကို ကြည့်ရင် ဒါကိုမြင်နိုင်မှာပါ။

ဒီတော့ မျှော်လင့်ချက်တွေ မထားရတော့ဘူးလားလို့ မေးစရာရှိလာပါတယ်။ ခပ်တိုတိုပြောရရင်တော့ ထားသင့်ပါတယ်။ သူ့မှာ ကောင်းကွက်တွေရှိနေတာကိုး။ SD ကို HD လို့မြင်တာ၊ စျေးပေါတဲ့ဝိုင်ကို စျေးကြီးတဲ့ဝိုင်လို့ ထင်တာ၊ ကိုယ့် Crush က ကိုယ့်ကိုပြန်ကြိုက်မယ်လို့ထင်တာ… ဒါတွေဟာ မျှော်လင့်ချက်တွေကြောင့် ရတဲ့ပျော်ရွှင်မှုတွေပါပဲ။

ဒါပေမယ့် လက်တွေ့နဲ့ပြန်ချိန်ဆကြည့်ပါ။ SD ဟာ HD မဟုတ်ပါဘူး။ စျေးပေါတဲ့ဝိုင်က စျေးကြီးတဲ့ဝိုင်နဲ့ အရသာမတူပါဘူး။ ကိုယ့် Crush ကလည်း ကိုယ့်ကို ပြန်ကြိုက်မယ်၊ မကြိုက်ဘူး မသေချာပါဘူး။ (သေချာနေတဲ့သူတွေလည်း ရှိမှာပေါ့…)

အဖြေတစ်ခု သဲသဲကွဲကွဲသိသွားတဲ့အခါ မျှော်လင့်ချက်တွေကြောင့်ပဲ ဝမ်းနည်းရတာတွေ၊ စိတ်ညစ်ရတာတွေ ဖြစ်လာတတ်ပါတယ်။ အမှတ်များလို့ ပျော်နေရမယ့် အချိန်မှာ ကိုယ်မှန်းသလောက်မရလို့ ပျော်သင့်သလောက်မပျော်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီတော့ ဘဝမှာ မျှော်လင့်ချက်တွေထားပါ။ ဒါပေမယ့် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့တော့ မတွေးထားပါနဲ့။ ကိုယ်ထင်သလိုဖြစ်မလာတဲ့အခါ ရင်ဆိုင်နိုင်အောင် စိတ်ကို ပြင်ဆင်ထားသင့်ပါတယ်ခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လောကကြီးကို ဘောင်ခတ်ကြည့်ခြင်း

အရင်တစ်ခေါက်က လူတစ်ယောက်ကို First Impression နဲ့ အပေါ်ယံဆုံးဖြတ်လို့ရလား ရေးခဲ့ဖူးပါတယ်။ အခုပြောချင်တာက အဲ့ဒီအကြောင်းကို အနည်းငယ်ထပ်ချဲ့ကားထားတာပါ။

First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?
https://ouo.io/SVLH75L

လူတော်တော်များများဟာ အခြားလူတစ်ယောက်ရဲ့ နောက်ကြောင်းကိုကြည့်ပြီး ဘယ်လိုလူလဲဆိုတာ ဆုံးဖြတ်မယ်လို့ ထင်စရာရှိပေမယ့် လက်တွေ့မှာတော့ အဲ့လိုမဟုတ်နေပါဘူး။
ဥပမာ ကိုယ့်သူငယ်ချင်းက ကိုယ့်ကို သူနဲ့ Date ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပြောပြနေတယ်ဆိုကြပါစို့။ ကောင်မလေးက ဖော်ဖော်ရွေရွေရှိတယ်၊ သွက်လက်ချက်ချာတယ်၊ ပွင့်လင်းတယ်၊ ကိုယ့်အားကို ကိုးချင်စိတ်ရှိတယ် စသဖြင့်ပြန်ပြောပြရင် ကိုယ့်အနေနဲ့ သူ့ကို ဘယ်လိုမိန်းကလေးလို့ သတ်မှတ်မလဲ။
ဒီဘက်ခေတ် မိန်းကလေးတစ်ယောက်လို့ မြင်မိမှာပါ။

ကောင်မလေးက ရိုးရိုးအေးအေးပဲ၊ စကားသိပ်မပြောဘူး၊ ရှက်တတ်တယ် ဆိုရင်တော့ ကိုယ့်စိတ်ထဲမှာ ခေတ်သိပ်မဆန်တဲ့မိန်းကလေးအဖြစ် မြင်မိမှာပါ။
ဒီတော့ ဒီ ၂ယောက်ထဲမှာ ဘယ်သူက ကွက်ကျော်ပိုရိုက်တတ်မလဲ၊ အချူဇယားခင်းတတ်မလဲဆိုရင် စာဖတ်သူတို့ အနေနဲ့ ဘယ်လိုတွေးမိမလဲ?

ပထမကောင်မလေးကိုပဲ မျက်စိထဲမြင်နေကြမှာပါ။ ဒါကို Representativeness Heuristic လို့ခေါ်ပါတယ်။ ကိုယ်သိတဲ့ Limited Information တစ်ခုကနေ တဖက်လူရဲ့ Character ကို ကောက်ချက်ဆွဲလိုက်တာပါ။

ပထမကောင်မလေးဟာ အချူဇယားဖြစ်နေနိုင်တယ်လို့ ကောက်ချက်ဆွဲမိတာက ကိုယ်ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေကြောင့်လည်း ဖြစ်နိုင်သလို ကိုယ့်ရဲ့အတွေ့အကြုံအရလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကုတ်ကမြင်းတွေလည်း လောကကြီးမှာ ရှိပါတယ်။ ဒီတော့ ကြိုတင်ကောက်ချက်ဆွဲထားတာတွေဟာ မမှန်ကန်တတ်ပါဘူး။ အထူးသဖြင့် ကိုယ်က လူပေါင်းစုံနဲ့ ဆက်ဆံနေရတဲ့သူ မဟုတ်ရင် ပိုလို့တောင် မမှန်တတ်ပါဘူး။

ဒီလို Character တစ်ခုကို ကြိုတင်သတ်မှတ်လိုက်ခြင်းအားဖြင့် အာရုံသိပ်မနောက်ရတော့ပါဘူး။ ပွင့်လင်းတယ်… အချူဇယားဖြစ်နိုင်တယ်…၊ အနေအေးတယ်… ရိုးသားတဲ့သူဖြစ်နိုင်တယ်… စသဖြင့် မသိစိတ်ထဲကနေ Category လေးတွေ ခွဲထားလိုက်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဆုံးဖြတ်ချက်ချတဲ့အခါ သိပ်တွေးနေစရာမလိုတော့ပါဘူး။
သူစိမ်းတစ်ယောက်ကို ပထမဆုံးတွေ့တဲ့အခါ Category တစ်ခုခုထဲထည့်လိုက်ခြင်းအားဖြင့် ဒီလူဟာဆက်ဆံသင့်တဲ့လူ (သို့) ရှောင်သင့်တဲ့လူအဖြစ် အကြမ်းဖျင်းနိုင်ကြပါတယ်။

အောက်က စာကိုဖတ်ပြီး စဉ်းစားကြည့်ပေးပါ။
မောင်မောင်က အရမ်းတော်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။ အတန်းတိုင်းမှာလည်း အမှတ်တွေကောင်းတယ်။ ဒါပေမယ့် သူ့မှာ ဖန်တီးမှုစွမ်းအား မရှိဘူး။ အမြဲတမ်း သပ်သပ်ရပ်ရပ်နေထိုင်တတ်တယ်။ အရာရာကို အစီအစဉ်ကျနေမှ သဘောကျတယ်။ သူစာရေးတဲ့အခါ ခံစားချက်မပါဘဲ Science Fiction အကြောင်းတွေကို ကိုးကားတတ်တယ်။ သူက လူတွေကို သဘောမကျဘူး။ ဒါပေမယ့် စိတ်ဓာတ်တော့ ကောင်းတယ်။

ဒါဟာ အင်ဂျင်နီယာ အယောက် ၃၀ နဲ့ ရှေ့နေ အယောက် ၇၀ ရဲ့ Interview ထဲက ထုတ်နှုတ်ထားတာပါ။ မောင်မောင်ဟာ ရှေ့နေဖြစ်မလား၊ အင်ဂျင်နီယာဖြစ်မလား ဆက်မဖတ်ခင် စဉ်းစားပေးပါ။

ကိုယ့်ရဲ့ Representativeness heuristic က ဒီနေရာမှာ အလုပ်စလုပ်ပါပြီ။ တော်တော်များများက မောင်မောင်ဟာ အင်ဂျင်နီယာတစ်ယောက် ဖြစ်နိုင်တယ်လို့ ဖြေကြပါတယ်။

ဒီတော့ သေချာစဉ်းစားကြည့်ရအောင်…။ အင်ဂျင်နီယာလို့ ဘာလို့ပြောကြတာလဲ? သူတို့နိုင်ငံတွေမှာ MIT တို့၊ Caltech တို့ဆီ ဝင်ခွင့်ရဖို့က တော်တော်ကိုတော်မှ ရတာပါ။
တော်တယ်၊ သပ်ရပ်တယ်၊ ခံစားချက်မဲ့တယ်ဆိုတာ သိပ္ပံနဲ့သွားပြီး ချိတ်ဆက်လို့ရပါတယ်။ Sci-fi ကြိုက်တာကတော့ အထူးပြောနေစရာတောင် မလိုပါဘူး။ စာအုပ်ကြီးအတိုင်းသွားတဲ့လူဖြစ်တဲ့အတွက် လူတွေကို သဘောမကျတာလည်း မဆန်းပါဘူး။ ဖန်တီးနိုင်မှုစွမ်းအားနည်းတယ်ဆိုတာ Art နဲ့ Science ကိုခွဲခြားပြလိုက်တာပါ။

ဒီတော့ ရှေ့နေလို့ပြောလို့ရော မရဘူးလား? ရှေ့နေတွေဆိုတာလည်း တော်ဖို့၊ သပ်ရပ်ဖို့ လိုအပ်တာပါပဲ။ ဇာတ်လမ်းတွေကြည့်ရင် ရှေ့နေတွေက ကွက်ကျော်ရိုက်တတ်တာမို့ ခံစားချက်မဲ့တယ်ဆိုတာကိုလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် Sci-fi ကြိုက်တယ်ဆိုတာက ရှေ့နေနဲ့ဆက်စပ်ကြည့်လို့မရပါဘူး။ ဒါကြောင့်တော်တော်များများကတော့ အင်ဂျင်နီယာကိုရွေးသွားပါတယ်။ (စဉ်းစားပြတာပါ… Gut Feeling အရရွေးကြတာမို့ ခုလောက်တောင် လိုက်တွေးမိနေမယ် မထင်ပါဘူး)

ဒါပေမယ့် Statistic အရကြည့်ရင် မောင်မောင်ဟာ ရှေ့နေတစ်ယောက်ပိုဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အင်ဂျင်နီယာ အယောက် ၃၀ နဲ့ ရှေ့နေ အယောက် ၇၀ လို့ပြောခဲ့တာမို့ပါ။ မောင်မောင် ရှေ့နေတစ်ယောက်ဖြစ်ဖို့ဆိုတာ ၇၀% ရှိပါတယ်။
တော်တော်များများကတော့ ဒါကိုလျစ်လျူရှုထားတတ်ကြပါတယ်။

Australia လို့ပြောလိုက်ရင် ပင့်ကူအကြီးကြီးတွေ၊ လင်းနို့အကြီးကြီးတွေ၊ တခါမှမမြင်ဖူးတဲ့ ကြောက်စရာ ရုပ်ဆိုးဆိုးအကောင်တွေ နေထိုင်ရာအဖြစ်မြင်တတ်ကြပါတယ်။ Meme တွေမှာလည်း Australia ကို ကြောက်စရာကောင်းတဲ့ နေရာတစ်ခုအဖြစ် ပြောကြတော့ သေချာမသိတဲ့သူရဲ့ စိတ်ထဲမှာ အော်ဇီဆိုရင် ကြောက်စရာလို့ မြင်နေတတ်ပါတယ်။

ဘုန်းကြီးဆိုရင် သင်္ကန်းဝတ်ပြီး သံဃာလိုကျင့်ကြံအားထုတ်လိမ့်မယ်လို့ ကြိုတင်ထင်မြင်ထားတာလည်း Representativeness Heuristic ပါပဲ။
ဒါပေမယ့် အဲ့လိုအတွေးတွေဟာ အန္တရာယ်များပါတယ်။ ဘုန်းကြီးဝတ်ထားတိုင်း မယုံရဘူးဆိုတာ ဒီဘက်ခေတ်မှာ အထွေအထူးပြောနေစရာ မလိုတော့ပါဘူး။ ကလေးတွေကို Sexual Abuse လုပ်တဲ့ဘုန်းကြီး၊ မာတုကာမတွေနဲ့ အရောဝင်တဲ့ဘုန်းကြီး၊ အရက်သောက်တဲ့ဘုန်းကြီး၊ ဆေးလိပ်သောက်တဲ့ဘုန်းကြီး အစုံရှိပါတယ်။

ကိုယ့်မှာ ဒီ Heuristic ရှိနေတဲ့အခါ သူက ဘယ်လိုဘုန်းကြီးလဲဆိုတာ မတွေးမိတော့ပါဘူး။ သင်္ကန်းဝတ်ထားတာနဲ့ ကိုးကွယ်ရမယ်၊ သူကတော့ လူကောင်းဖြစ်မှာပဲဆိုတဲ့ အတွေးမျိုးတွေဝင်လာပါတယ်။ လူလိမ်တွေက ဒါတွေကိုသုံးပြီး အမြတ်ထုတ်ကြတာပေါ့ဗျာ။
သံဃာကျင့်ဝတ်နဲ့ ညီတဲ့ဘုန်းကြီးတွေကတော့ သံဃာတွေကို မပြစ်မှားရဘူး ဆိုပြီးဟောတတ်ကြတယ်။ ဒါပေမယ့် သံဃာတုတွေ မှိုလိုပေါက်နေတာကိုတော့ ထိရောက်အောင် မဖြေရှင်းပေးကြဘူး။ (ဒီလောက်ပဲပြောပါတော့မယ်… ဘာသာတိုင်းမှာ ဒီလိုလူတွေရှိနေတာပါပဲ)

နောက်ဥပမာ တစ်ခုကိုကြည့်ပါ။
ချောစုဟာ အသက် ၃ဝအရွယ် Single တစ်ယောက်ဖြစ်တယ်။ သူက အရမ်းတော်တယ်။ ဒဿနိကဗေဒနဲ့ ဘွဲ့ရထားတယ်။ ကျောင်းသူဘဝတုန်းက လူအချင်းချင်းခွဲခြားတာတွေ၊ လူမှုရေးအရခွဲခြားဆက်ဆံတာတွေကို လေ့လာချင်တယ်။ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံသင့်တယ်လို့ ဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲ အသေးလေးတွေမှာလည်း အမြဲတမ်းဝင်ပါတတ်တယ်။

ဒါဆိုရင် သူက စာရေးဆရာမတစ်ယောက်ဖြစ်နိုင်လား… ဒါမှမဟုတ် Feminist စာရေးဆရာမတစ်ယောက်ဖြစ်နိုင်လား?
စိတ်ထဲထင်တဲ့အတိုင်းသာပြောမယ်ဆို Feminist စာရေးဆရာမ ပိုဖြစ်နိုင်တာပေါ့။
စာထဲက Description အရ သူဟာ စာရေးဆရာမနဲ့တူတယ်… ၁မှတ်ပေးလိုက်၊ Feminist နဲ့တူတယ်… နောက် ၁မှတ်ပေးလိုက်… စုစုပေါင်း ၂မှတ်ပေါ့။ ဒါကြောင့် Feminist စာရေးဆရာမကို ရွေးတယ်။
ဒါပေမယ့် Statistic အရပြောမယ်ဆို စာရေးဆရာမဖြစ်နေတာက Feminist စာရေးဆရာမဖြစ်နေတာထက် ပိုဖြစ်နိုင်ပါတယ်။

စိတ်ပညာရှင်တွေက အနာဂတ်ကိုဟောနိုင်တယ်ဆိုတဲ့ လူ ၁၁၅ ယောက်ကို ခေါ်ပြီး စမ်းသပ်ဖူးပါတယ်။
အမေရိကန်နဲ့ ဆိုဗီယက်ယူနီယမ်ကြား သံတမန်ဆက်ဆံရေးတွေ အကုန်ရပ်ဆဲမယ်ဆိုတာက ပထမအချက်ပါ။ (Soviet Union မပြိုကွဲခင်က စမ်းသပ်ထားတာပါ)
ဒုတိယအချက်က အပေါ်ကပြောသလို သူတို့နှစ်နိုင်ငံအကြား အဆက်အဆံမလုပ်တော့တဲ့အပြင် ရုရှားက ပိုလန်ကိုကျူးကျော်စစ်ဆင်နွှဲမယ်လို့ ပြောပါတယ်။ ဒီ ၂ချက်ထဲက ဘယ်ဟာက ပိုဖြစ်နိုင်မလဲလို့ ခန့်မှန်းခိုင်းတာပါ။ (ရှေ့ဖြစ်ဟောနိုင်တယ်လို့ ပြောတဲ့သူတွေကို ခေါ်ပြီး ရှေ့ဖြစ်ဟောခိုင်းတာ တရားပါတယ်…)

ဒီတော့ အပေါ်ကပြောခဲ့တိုင်းအတိုင်းပါပဲ။ ဒုတိယအချက်ကို စိတ်ထဲက ၂မှတ်ပေးထားလို့ ရှေ့ဖြစ်ဟောတဲ့သူတွေ တော်တော်များများက ဒါကိုရွေးသွားကြပါတယ်။

ကိုယ်သိသလောက်လေးနဲ့ လောကကြီးကို ဘောင်တွေခတ်ပြီး မြင်ရတာ အန္တရာယ်များပါတယ်။ ဒါပမေယ့် ကျောက်ခေတ်ကို ပြန်စဉ်းစားကြည့်ရင် ချုံပုတ်တစ်ခုလှုပ်သွားတယ်လို့ မြင်တာနဲ့ ပြေးဖို့ပြင်ပြီးသားဖြစ်နေသင့်ပါပြီ။ ဒါဟာ ကိုယ့်ကို စားမယ့် သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်နေနိုင်ပါတယ်။ ဒီတော့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အသက်ရှင်ဖို့အတွက် “ချုံပုတ်လှုပ်ရင် ပြေးဖို့ပြင်” ဆိုတာမျိုး ဦးနှောက်က ကြိုတွေးထားတတ်ပါတယ်။

လူတွေကို Judge လုပ်တဲ့အခါမှာလည်း ကျောက်ခေတ်က အကျင့်မပျောက်သေးတဲ့အတွက် ဘောင်တွေခတ်ပြီး Category တွေ ခွဲထားတတ်ပါတယ်။

ဒါပေမယ့် လူတစ်ကိုယ် စိတ်တစ်မျိုးစီရှိပါတယ်။ လူတိုင်းက ကိုယ်သတ်မှတ်ထားတဲ့ Category တစ်ခုထဲမှာ လုံးလုံးလျားလျား ၁၀၀% ဝင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအခါ မအံ့သြကြပါနဲ့။ ကိုယ့်ကိုကိုယ် Unique ဖြစ်တယ်ထင်ရင် လူတိုင်းမှာလည်း ဒီအတွေးရှိနေနိုင်တယ်ဆိုတာ မမေ့စေချင်ပါဘူး ခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ပန်းကန်ပြားပျံ (UFO) တွေ တကယ်ရှိတာလား?

၂၀၂၁ ခုနှစ် ဇွန်လတုန်းက ပင်တဂွန်ဟာ UFO တွေအကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ ချပြခဲ့ပါတယ်။ သူတို့ Navy Pilot တွေပျံသန်းနေတဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ UFO တွေရဲ့ Video ၃ခုကို ထုတ်ပြန်လိုက်တာပါ။ UFO ဆိုတာ အမျိုးအမည်မသိတဲ့ ယာဉ်ပျံများ (Unidentified Flying Objects) လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။
UFO တွေဟာ လူတွေကို ခေါင်းစားစေတာ နှစ်ပေါင်း ၈၀ လောက်ရှိနေပါပြီ။ သူတို့ကို မီပြီးတော့ Science Fiction မှာ ဂြိုလ်သားဇာတ်လမ်းတွေ ပေါ်လာတာပါ။

ဒါကြောင့် ပင်တဂွန်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ဒီယာဉ်ပျံတွေကို UFO လို့မခေါ်ပါဘူး။ UAP လို့ခေါ်လိုက်ပါတယ်။ အရှည်က Unidentified Aerial Phenomena ပါ။ ဒီလိုထုတ်ပြန်လိုက်တော့ Aliens တွေ UFO တွေကိစ္စက ပိုရှင်းမသွားပါဘူး။ နည်းနည်းတောင် ပိုရှုပ်ထွေးသွားပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ထုတ်ပြန်တဲ့ Video တွေ၊ Data တွေက လွယ်လွယ်နဲ့ အဖြူအမဲသဲကွဲအောင် ပြောမရလို့ပါ။

ဒါကို ဆက်မပြောခင် UFO သမိုင်းကိုအရင်ပြောချင်ပါတယ်။ ၁၉၄၇ ခုနှစ်တုန်းက Kenneth Arnold ဆိုတဲ့ပုဂ္ဂိုလ်ဟာ ပျောက်ဆုံးနေတဲ့ လေယာဉ်ပျံတစ်စီးကို သူ့လေယာဉ်နဲ့ လိုက်ရှာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့အဆိုအရ ကောင်းကင်မှာ “V ပုံစံ” ပျံသန်းနေတဲ့ လေယာဉ်ပျံ ၉ စီးကိုမြင်လိုက်ပါတယ်။ ဒါပေမယ့် လေယာဉ်တွေက သူမြင်ဖူးတဲ့လေယာဉ်တွေနဲ့ လုံးဝမတူပါဘူး။ ဘယ်လောက်တောင်မှ မြန်လဲဆိုတော့ ၁နာရီကို ၂၇၀၀ ကီလိုမီတာ နှုန်းလောက်ရှိမယ်လို့ သူက ခန့်မှန်းပါတယ်။ အဲ့ဒီခေတ်ကာလမှာ ရှိတဲ့ လေယာဉ်ပျံတွေရဲ့ မြန်နှုန်းထက် ၃ဆလောက် ပိုမြန်ပါတယ်။

ဒီယာဉ်တွေဟာ ဘာနဲ့တူသလဲဆိုတော့ ပန်းကန်ပြားတစ်ပြားကို ရေပေါ်မှာ ရှုပ်ပြေးအောင် လုပ်လိုက်သလိုပဲ (Saucer Skipping on Water) လို့ပြန်ပြောပြပါတယ်။

ဒီကိစ္စက သတင်းမီဒီယာတွေကြောင့် တော်တော်နာမည်ကြီးသွားပါတယ်။ ဒီလူဟာ Reliable Witness တစ်ယောက်ဖြစ်တယ်ဆိုတာကို တော်တော်များများက လက်ခံကြပါတယ်။ ဒါပေမယ့် Media တွေရဲ့ထုံးစံအတိုင်း Saucer Skipping on Water လို့ပြောတာကို Flying Saucer လို့သတင်းမှာ ရေးကြပါတယ်။ ဒါက ရှင်းရှင်းပြောရရင် သောက်တလွဲလုပ်တာပါ။
ဒါပေမယ့် အမေရိကမှာတော့ Flying Saucer ဆိုတာ ပန်းကန်ပြားပျံအဖြစ် နာမည်ကြီးသွားပါပြီ။

ဒါကိစ္စဖြစ်ပြီးနောက်ပိုင်းမှာ လူတွေက ကောင်းကင်ကို ကြည့်ပြီး ပန်းကန်ပြားပျံတွေ ရှာဖို့ကြိုးစားလာကြပါတယ်။ တိမ်တွေသူ့ဘာသာ ရွေ့နေတာတောင် တိရစ္ဆာန်ပုံ၊ ဘုရားပုံ မျိုးစုံမြင်တတ်တဲ့သူတွေဆိုတော့ သူတို့စိတ်ထဲက တွေ့ချင်တဲ့အရာကိုတွေ့တာ သိပ်တော့မဆန်းပါဘူး။ ဒါကြောင့် ၁၉၄၇ ခုနှစ် တစ်နှစ်တည်းမှာတင် UFO ကိုတွေ့တယ်ဆိုပြီး ပြောတာ ၈၅၃ ခုရှိပါတယ်။

ဒီကနေမှ UFO တွေကို ဂြိုလ်သားတွေနဲ့ ချိတ်ဆက်လိုက်ပါတယ်။ အဲ့တော့ Aliens တွေအကြောင်း နာမည်ကြီးလာပြန်ပါတယ်။ အဓိကကတော့ Hollywood မှာပါ။ ဇာတ်လမ်းတွေ၊ ဝတ္ထုတွေရဲ့ချဲ့ကားမှုကြောင့် သာမန်လူတွေရဲ့ အတွေးထဲမှာ ဂြိုလ်သားတွေနဲ့ ပန်းကန်ပြားပျံတွေက နေရာယူလာပါတယ်။

ဒါပေမယ့် ကောင်းကင်မှာ ယာဉ်ပျံတွေတွေ့တာ ၁၉၄၇ မှစတာတော့ မဟုတ်ပါဘူး။ ဘီစီ ၄၄၀ တုန်းက အီဂျစ်ပြည်မှာ မီးလောင်ပြီး လေပေါ်မှာပျံနေတဲ့ အရာတစ်ခု တွေ့ဖူးတယ်လို့ မှတ်မ်းတွေအရပြောကြပါတယ်။
ဒါ့အပြင် ၂၁၈ ဘီစီတုန်းကလည်း ရောမမှာ တွေ့ဖူးပါသေးတယ်။ ဒါကိုတော့ တစ္ဆေသင်္ဘောကြီးတွေ ကောင်းကင်မှာ အရောင်တောက်နေတယ် (Phantom Ships Gleaming in the Skies) လို့ပြောခဲ့ကြပါတယ်။ (အခြားအထောက်အထားတွေ အများကြီးရှိသေးပေမယ့် စာရှည်မှာကြောက်လို့ ဒီလောက်ပဲပြောပါတော့မယ်)

ဒီတော့ UFO တွေက အရင်ထဲက ရှိခဲ့သယောင်ယောင်ပါပဲ။ အမေရိက ကလူတွေတော်တော်များများကလည်း UFO တွေရှိတယ်ဆိုပြီး လက်ခံကြပါတယ်။ ၂၀၁၉ တုန်းက ကောက်ထားတဲ့စစ်တမ်းအရ အမေရိကန် ၃၃% ဟာ ဂြိုလ်သားတွေဟာ UFO တွေကိုစီးပြီး လူတွေဆီရောက်နေတယ်လို့ ယူဆထားကြပါတယ်။ နောက် Survey တစ်ခုအရ အမေရိကန်အစိုးရဟာ တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ အမေရိကန် ၅၀% ကယုံကြည်နေကြပါတယ်။

၂၀၀၄ ခုနှစ်တုန်းက ချီကာဂိုမှာ လူပေါင်း ၇၇ ယောက်က ကောင်းကင်မှာ တစ်ခုခုကို တွေ့လိုက်တယ်ဆိုပြီး သတင်းပို့ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကလည်း နယူးဂျာဆီမှာ လူပေါင်း ၇၅ ယောက်က UFO ကိုတွေ့လိုက်တယ်လို့ ပြောပါတယ်။ ဒါတွေကို ဘယ်လိုသိလဲဆိုတော့ National UFO Reporting Center တစ်ခုကို အစိုးရက တည်ထောင်ထားလို့ပါ။ ဒီအဖွဲ့အစည်းက UFO Sightings မှန်သမျှကို မှတ်တမ်းယူထားပါတယ်။

UFO တွေ့တဲ့အချိန် တော်တော်များများက ပိတ်ရက် (Weekends) တွေမှာဖြစ်ပါတယ်။ တွေ့တဲ့အချိန်ကလည်း ညနေ ၆နာရီနဲ့ ၁၂နာရီကြား အရက်မူးနေလောက်မယ့် အချိန်ဆိုပြီး ငြင်းကြတာရှိပါတယ်။ တချို့ကလည်း UFO တွေက မှောင်မှပိုမြင်ရတာဆိုပြီးလည်း ပြန်ငြင်းကြပါတယ်။

ဒီလိုတွေ့တယ်လို့ သတင်းပို့တဲ့ Case တော်တော်များများဟာ Weather Balloons တွေ၊ တိမ်တွေ၊ လေယာဉ်ပျံတွေဖြစ်နေပါတယ်။ ဒါ့အပြင် ဥက္ကာပျံတွေ၊ ဂြိုလ်တွေကိုလည်း လွဲမှားပြီး UFO လို့ပြောတာတွေ ရှိပါတယ်။ ဒီတော့ သိပ္ပံနည်းကျ ရှင်းပြလို့ရပါတယ်။

သို့ပေမယ့် ရှင်းပြလို့မရတဲ့ ကိစ္စတွေလည်း ရှိနေပြန်ပါတယ်။ ၁၉၅၄ ခုနှစ်တုန်းက အီတလီက ဘောလုံးပွဲတစ်ခုမှာ UFO တစ်စင်းပျံသန်းလာတာကို တစ်ကွင်းလုံးက ပရိသတ်သောင်းချီပြီး မြင်လိုက်ရပါတယ်။ ဘောလုံးပွဲတောင် ခဏရပ်သွားတယ်လို့ ဆိုပါတယ်။ တော်တော်များများကတော့ “ဥ” လိုခပ်ချွန်ချွန်အရာတစ်ခု ကောင်းကင်ပေါ်ကနေ ဆင်းလာတယ်လို့ ပြောကြပါတယ်။ ဒါက Case တစ်ခုကို ပြောပြတာပါ။ ဒီလိုပဲ ရှင်းမရသေးတဲ့ Case တွေကျန်ပါသေးတယ်။

ပြင်သစ်က UFO Research လုပ်တဲ့အဖွဲ့တစ်ခုကတော့ UFO တွေ့တယ်လို့ပြောတဲ့ Case တွေရဲ့ ၃.၅% ဟာ ဘာကြောင့်မှန်း ဖြေရှင်းလို့မရသေးဘူးလို့ ဆိုပါတယ်။

အရင်က ထင်ခဲ့ကြတာတော့ အမေရိကန်တို့၊ ဆိုဗီယက်တို့က နည်းပညာတွေ တိုးတက်အောင် ကြိတ်လုပ်နေပြီး စမ်းသပ်နေတာပေါ့။ ဒါပေမယ့် အမေရိကန်က UFO တွေကို လေ့လာဖို့ Project ပေါင်း ၁၂ ခုကို ငွေထောက်ပံ့ပေးခဲ့ပါတယ်။ UK ကလည်း UFO တွေကို လျှို့ဝှက်လေ့လာဖို့ Project ၂ခု လုပ်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယမ် မပြိုခွဲခင်တုန်းက ဆိုဗီယက်တွေဟာလည်း Project ၁ခုကို Fund ထုတ်ပေးခဲ့ပါတယ်။

သူတို့တွေလေ့လာမှုတွေအရ နောက်ဆုံးပိတ် Conclude လုပ်လိုက်တာကတော့ UFO တွေရှိတာ အမှန်ပါပဲ။ ဒါပေမယ့် ရန်လိုတာမျိုးတော့ မရှိဘူးလို့ ပြောကြပါတယ်။
နောက်တစ်ချက်က UFO တွေဟာ ကမ္ဘာက ဟုတ်ချင်မှဟုတ်မယ်… ဒါပေမယ့် သူတို့ဟာ ဂြိုလ်သားတွေဖြစ်နေဦးတော့ လူတွေနဲ့ ဆက်သွယ်ဖို့ စိတ်မဝင်စားဘူးလို့ ဆိုကြပါတယ်။
တချို့ကလည်း UFO တွေဟာ ရူပဗေဒရဲ့ဥပဒေသတွေကို ကျော်လွန်ပြီးပျံသန်းနိုင်အောင် လူတွေဖန်တီးထားတာလို့ ပြောကြပါတယ်။
ဘယ်လိုတွေပြောနေပြောနေ… ပညာရှင်တွေကတော့ UFO ထဲမှာ ဂြိုလ်သားတွေပါတယ်လို့ မပြောကြပါဘူး

ဒါဟာ အရင်က ကိစ္စပါ။ NASA ရဲ့သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ ရှုတ်ထွေးမှုတွေ စတင်လာပါတယ်။ အမေရိကန်ရဲ့ ဒီမိုကရက်တွေနဲ့ ရီပါဗလစ်ကန်တွေဟာ UFO ကိစ္စကို Seriously ကိုင်တွယ်ဖို့ သဘောတူထားကြပါတယ်။

NASA ရဲ့ Report ကို အကျဉ်းပြောပြချင်ပါတယ်။ “Data တွေက Limited ဖြစ်တယ်… လူတွေပြောတာတွေမှာ မကိုက်ညီမှုတွေရှိနေတယ်။ UAP တွေ့တယ်လို့ ပြောတဲ့အချို့ Case တွေဟာ လူတွေရဲ့ထင်ယောင်ထင်မှား ဖြစ်မှုဖြစ်နိုင်တယ်။
UAP တွေဟာ အမေရိကန်လေကြောင်းပျံသန်းမှုတွေအတွက် အန္တရာယ်ပဲ။ ဒါ့အပြင် National Security ကိုလည်း စိန်ခေါ်နေတယ်။
တချို့ UAP တွေဟာ တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေ လွှတ်တင်ထားတာ ဖြစ်နိုင်တယ်။”

ဒီတော့ UFO တွေရှိတာသေချာပေမယ့် ဘယ်သူပိုင်ဆိုင်တာလဲဆိုတာ ဝေခွဲမရသေးတဲ့ အနေအထားဖြစ်နေပါတယ်။ UFO Research လို့အပေါ်မှာ ပြောခဲ့ပေမယ့် သူတို့လေ့လာတဲ့နည်းလမ်းတွေဟာ သိပ္ပံနည်းမကျဘဲ Pseudoscience ဆန်တယ်လို့ ဝေဖန်ကြတာတွေလည်း ရှိပါတယ်။

Milky Way Galaxy မှာတင် လူတွေနေလို့ရလောက်မယ့် ကမ္ဘာနဲ့တူတဲ့ဂြိုလ်ပေါင်း သန်း ၃၀၀ လောက်ရှိပါတယ်။ ဒီတော့ လူတွေအပြင် အခြားသက်ရှိတွေ ရှိကောင်းရှိနိုင်တယ်ဆိုတာ ငြင်းမရပါဘူး။

ဒီအကြောင်းကို ဆက်ဖတ်ချင်ရင် အောက်က Link ကိုဝင်လိုက်ပါ။

စကြဝဠာက အကျယ်ကြီးဆိုရင် ဂြိုလ်သားတွေဘယ်မှာလဲ?
https://ouo.io/YZewKM

ကျွန်တော်တို့အနေနဲ့ ခုချိန်မှာ ပြောလို့ရတာက UFO တွေတကယ်ရှိပါတယ်။ ဒါပေမယ့် ဂြိုလ်သားတွေရှိနေတယ်ဆိုတာ ကံသေကံမ မပြောနိုင်ပါဘူး။ နောက်ပိုင်းမှာတော့ သတင်းတစ်ခုခု ထူးလာကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started